အမျိုးသမီးတွေက အားနည်းတယ်၊ ဒါပေမယ့် မိခင်တွေကတော့ သန်မာတယ်
Vol. 20 Ch. 199
ရွှီကျား ကြက်သေသေသွားခဲ့၏။ သူမ၏ အမြင်များလည်း ပြိုလဲသွားခဲ့ရလေသည်။
သူမရဲ့ ခင်ပွန်းက တကယ်ပဲ ဝမ်းကွဲရဲ့ ခင်ပွန်း ဖြစ်နေတယ် …
ဝမ်းကွဲက ကလေးမမွေးနိုင်တော့ သူ့ယောက်ျားနဲ့ သူမကို လက်ထပ်ခိုင်းခဲ့တယ် …
သူမက ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားပေးပြီးတော့ ဝမ်းကွဲက ယောက်ျားဖြစ်သူကို နည်းလမ်းရှာပြီး သူမနဲ့ ကွာရှင်းခိုင်းဖို့ နည်းလမ်းရှာနေတယ်ပေါ့ …
ပြီးတော့ ကလေး အုပ်ထိန်းခွင့် မယူအောင်ကိုလည်း သူမကို ဖျောင်းဖျလိမ့်ဦးမယ် …
အောင်မယ်လေး ဘုရားရေ … ဒါက သူမရဲ့ ဆွေမျိုးပဲလား ၊ ဒါမှမဟုတ် ရန်သူလား …
ရွှီကျား၏ အတွေးတစ်ခုလုံး ကပြောင်းကပြန်တွေ ဖြစ်နေမိတော့သည်။
ကျိုးခဲ့ရှင်းသည်လည်း ထို့အတူပင်။
“ ကျားကျားက နူးညံ့တဲ့ အကျင့်စရိုက် ရှိတယ်ဆိုတိုင်းနဲ့ ဒင်းတို့က လူကို အရူးလိုမျိုး ဆက်ဆံလို့ရပြီ ထင်နေလား မသိဘူး … အဲ့လို လူမဆန်တဲ့ဟာတွေ လောကကြီးထဲ ဘာလို့ ရှိနေကြသေးလဲ …”
ကျိုးခဲ့ရှင်းမှာ ဒေါမာန်အပြည့်နှင့် ဖြစ်နေမိခဲ့သည်။
ဤစုံတွဲက ရက်စက်သည့် နေရာ၌ အခြားသူများထက်ပင် သာလွန်လှ၏။ အောက်တန်းအကျဆုံး စုံတွဲဟု ဆိုလျှင်ပင် ချဲ့ကားရာ ရောက်လိမ့်မည် မထင်ပေ။
ရွှီကျား၏ ကိုယ်လုံးလေးမှာ တသိမ့်သိမ့်တုန်ယင်သွားခဲ့ပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေမိ၏။
မည်သို့ပင်ဆိုစေကာမူ … အမှန်တရားကို သူမ လက်သင့်မခံနိုင်ပေ။
သူမကို အမြဲတစေ အလိုလိုက်နေခဲ့တဲ့ ခင်ပွန်းက တခြား ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ မကောင်းတဲ့ကောင် တစ်ယောက် ဖြစ်နေတယ်တဲ့လား …
သူမရဲ့ ဝမ်းကွဲကလည်း သူမရဲ့ဗိုက်ကို ငှားပြီး ကလေးမွေးခိုင်းမယ့် ရက်စက်တဲ့ အကြံအစည်နဲ့ လူစားမျိုး ဖြစ်နေမယ်ဆိုတာ ယုံဖို့တောင် အခက်ရယ် …
“ ကျားကျားရယ် … နင် မငိုစမ်းနဲ့ … ဒင်းတို့လို လူစားမျိုးအတွက်နဲ့ ကိုယ့်မျက်ရည်ကျတယ်ဆိုတာ မတန်ဘူး …”
ကျိုးခဲ့ရှင်းက ရွှီကျားကို ဖက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ ဒေါက်တာချန် … ကျွန်မတို့အခု ဘာလုပ်သင့်လဲ ….”
“ အဲ့ မကောင်းတဲ့ဟာနှစ်ယောက်ကို သူတို့ရဲ့ အကြံအစည်တွေ အောင်မြင်သွားခွင့် ပြုလိုက်လို့ မရဘူးနော်… သူတို့ လုပ်ခဲ့တာတွေအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမယ် …”
ကျိုးခဲ့ရှင်းက မခံမရပ်နိုင် ဖြစ်စွာ ပြောလိုက်သည်။
အကယ်၍ သူမက ၎င်းတို့ကို ဖျက်စီးပစ်ဖို့ မစွမ်းသာခဲ့လျှင်ပင် တရားတော့ စွဲပစ်ရလိမ့်မည်။ အိမ်ထောင်ဖက်ရှိနေပါလျက်နှင့် အခြားတစ်ယောက်နှင့် လက်ထပ်ခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးလုံးကို ထောင်ချပစ်သင့်၏။
ရွှီကျားကို တစ်ချက် ကြည့်ရင်း ချန်ယွီ့ ရှုပ်ထွေးနေသည့် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ မင်းရဲ့ ခံစားချက်တွေကို ငါ ကောင်းကောင်းကြီး နားလည်တယ် … ဒါပေမယ့် ဒီကိစ္စက ကိုင်တွယ်ရ နည်းနည်း ခက်တယ် …”
“ ပြဿနာက မင်းရဲ့ ဝမ်းကွဲနဲ့ ခင်ပွန်းက ကွာရှင်းပြီးသား ဖြစ်နေတာပဲ …”
“ သူတို့ရဲ့ အိမ်ထောင်ရေးကလည်း တရားဝင်ပြီး ဘယ်လို ဥပဒေမျိုးကိုမှ ချိုးဖောက်မနေဘူး …”
“ ငါတို့ တတ်နိုင်တာ ဘာမှ မရှိဘူး ….”
ကျိုးခဲ့ရှင်းမှာ လွယ်လင့်တကူ လက်မလျှော့လိုသေးပေ။
သူမ ဂျူနီယာ အထက်တန်းတုန်းက ရွှီကျားမှာ ပျော့တိပျော့ဖတ် အကျင့်စရိုက်နှင့် အားနည်းသည့် ကောင်မလေး တစ်ဦးမျှသာ ဖြစ်၏။
အခြားသူများနှင့် ရန်ဖြစ်စကားများခြင်းလည်း မရှိခဲ့ဖူးသကဲ့သို့ အခြားသူများက သူမကို အနိုင်ကျင့်လာခဲ့လျှင်ပင် နှုတ်ပိတ်ပြီး သည်းခံနေခဲ့သူ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသွားသည့်တိုင် ရွှီကျား၏ အကျင့်စရိုက်က မပြောင်းလဲဘဲ ရှိနေလိမ့်မည်ဟု ကျိုးခဲ့ရှင်း မျှော်လင့်မထားခဲ့ပါချေ။
ရွှီကျား၏ ဝမ်းကွဲက ကျားကျား၏ ထိုအကျင့်စရိုက်ကို ကောင်းစွာ နားလည်၍ အခွင့်ကောင်းယူခဲ့ခြင်းပင်။
“ ဒေါက်တာချန် …” ရွှီကျားက နှာသံဖြင့် “ ကျွန်မ စိတ်တွေ အခု အရမ်း ရှုပ်ထွေးနေတယ် … ဘာမှလည်း မစဉ်းစားနိုင်တော့ဘူး … ကျွန်မ အခုချိန်မှာ ဘာလုပ်သင့်လဲဟင် ….”
“ ငါ့မှာ ဖြေရှင်းနည်းလမ်း နှစ်ခု ရှိတယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဖြေကြား၍ “ ပထမက … ဝမ်းကွဲဖြစ်သူရဲ့ အကြံဉာဏ်အတိုင်း မင်းရဲ့ ခင်ပွန်းနဲ့ ကွာရှင်းပေးလိုက်ဖို့ပဲ … ပြီးရင် ကလေးကိုလည်း သူတို့လက်ထဲ ထည့်ပေးလိုက်ရမယ် …”
“ ပြီးရင် အဲ့လို ဝမ်းနည်းဖို့ကောင်းတဲ့ နေရာကနေ ထွက်သွားပြီး ဒီရဲ့ အတိတ်ကို မေ့ပျောက်ပစ်ရမယ် … ဘဝအသစ် ပြန်စရမယ် …”
ကျိုးခဲ့ရှင်း သက်ပြင်းချလိုက်၏။ ရွှီကျားက ဤနည်းလမ်းကို လက်သင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေသောကြောင့်ပင်။
ခင်ပွန်းဖြစ်သူအပေါ် တွယ်တာသည့် သံယောဇဉ်ကို လျစ်လျူရှုထားလျှင်ပင် သူမ၏ ကလေးကို လက်လျှော့လိုက်ရမည်ဆိုသည့် အကြံဉာဏ်တစ်ခုတည်းကပင် ဤနည်းလမ်းအပေါ် လက်လျှော့လိုက်ဖို့ရာ လုံလောက်နေပြီး ဖြစ်သည်။
ကလေးက မိခင်၏ နှလုံးသည်းပွတ်ဖြစ်ပြီး မိခင်ကောင်း ပီသသူတို့မည်သည် မိမိတို့၏ ရင်သွေးအား မည်သို့သော အခြေအနေတွင်မျှ စွန့်ပစ်ကြလိမ့်မှာ မဟုတ်ပေ။
ထင်မှတ်ထားသည့်အတိုင်းပဲ ရွှီကျားက ချန်ယွီ့၏ ပထမနည်းလမ်းကို ငြင်းပယ်လာသည်။
ကလေးကို လက်လျှော့လိုက်ရမည့်အစား တရားအမှုကိုပဲ ရင်ဆိုင်ပစ်လိုက်မည်။
“ ဒေါက်တာချန် … ရှင် အခုလိုတွေ ပြောနေတာက ကျွန်မကောင်းဖို့အတွက်ဆိုတာ ကျွန်မ နားလည်တယ် ..”
“ ဒါပေမယ့် ကလေးက ကျွန်မကို ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ … သားအမိ ဆက်ဆံရေးကို ကျွန်မက ဆန္ဒရှိလို့ဆိုတာနဲ့ပဲ စွန့်ပစ်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
ရွှီကျားက မျက်ရည်သုတ်ရင်း ပြောလိုက်ပြီး “ တကယ်လို့ ကျွန်မ သူတို့နဲ့ ရင်ဆိုင်ပြီး တရားစွဲမယ်ဆိုရင် ကလေးအုပ်ထိန်းခွင့်ကို ပိုင်ဆိုင်နိုင်မှာလားဟင် ….”
“ ဒါပေါ့ … ဒါကတော့ ပြောနေစရာတောင် လိုသေးလို့လား ” ချန်ယွီ့ မဆိုင်းမတွ ဖြေဆိုလိုက်၏။
“ ကျားကျား … နင် သေချာလေး စဉ်းစားဆုံးဖြတ်နော်….”
ကျိုးခဲ့ရှင်းသည် သူမ၏ အတန်းဖော်ဟောင်းကို ကလေးအုပ်ထိန်းခွင့်အား မဆုံးရှုံးစေချင်ပေ။
သို့ပေမယ့်လည်း …
အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည့် ရွှီကျားတစ်ယောက် ကူဖော်လောင်ဖက် မရှိပါဘဲ ဘေးတွင် ကလေးတစ်ယောက် ထားရှိဖို့က ….
သူမမှာ နေ့တိုင်းနေ့ အလုပ်တက်ပြီး ကလေးကိုလည်း ပြုစုစောင့်ရှောက်ပေးရဦးမည်။ သူမ၏ ဘဝမှာ ဆယ်ဆမက ခက်ခဲလာနိုင်သည်။
“ ခဲ့ရှင်း …. နင်ငါ့ကို ဖျောင်းဖျဖို့ မလိုဘူး … ငါ သူနဲ့ ကွာရှင်းပြီး ကလေးအုပ်ထိန်းခွင့်ရဖို့ တရားရုံးမှာ တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီ….”
ရွှီကျား၏ အမူအရာမှာ စိတ်ပိုင်းဖြတ်ပြီးထားသည့်နှယ် ဖြစ်နေသည်။
သူမ၏ ရင်သွေးလေးအတွက် ၊ သူမ ဘာကိုမဆို လက်လျှော့ဖို့ရာ ဆန္ဒရှိသည်။
ဘယ်လိုတွေပဲ ဖြစ်နေပါစေ၊ သူမ၏ ရင်သွေးလေးကတော့ အနှီ ကောက်ကျစ်သည့် စုံတွဲလက်ထဲသို့ မကျရောက်စေရပေ။
ကျန်းမာသန်စွမ်းသည့် ကလေးတစ်ယောက် ရရှိဖို့ရာအတွက် ထိုနှစ်ယောက်က ကောက်ကျစ်သည့် နည်းပရိယာယ်များကို အသုံးပြုခဲ့၏။
အကယ်၍ သူမ၏ ရင်သွေးလေးသာ ထိုသူများ၏ ပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းရမည် ဆိုပါက ဘဝတစ်ခုလုံးပင် ပျက်စီးသွားနိုင်သည်။
ကျိုးခဲ့ရှင်းမှာ စာနာစိတ်ရော ဒေါသစိတ်ပါ တစ်ပြိုင်တည်း ဖြစ်ပေါ်နေမိသည်။
ပုံမှန်ဆိုပါက အမျိုးသမီးတစ်ယောက်သည် အမျိုးသားတစ်ဦး၏ ကာကွယ်ပေးမှုကို လိုအပ်သည့် အားနည်းသည့် လူသားတစ်ဦး ဖြစ်၏။ သို့ပေမယ့် မိခင်များကတော့ ဆန့်ကျင်ဘက်ပင်။
ရွှီကျား လုပ်ဆောင်နိုင်မှာကို သူမ ယုံကြည်နေသည်။
သို့ပေမယ့်လည်း …
စိတ်ထားကောင်းသည့် လူသားတို့မှာ အဘယ်ကြောင့် စိတ်နှလုံးသား ယုတ်ညံ့သူတို့၏ ဒုက္ခပေးခြင်းကို ခံစားနေရသနည်း။
ဤသည်က ဝဋ်ကြွေးပင်လော။
ဤလောဂျစ်က မျှတမှုရော ရှိ၏လော။
သို့ပေမယ့် ရွှီကျားမှာ မကောင်းသည့် ကိစ္စရပ်များကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးလေရာ အဘယ်ကြောင့် ယခုလိုတွေ လာဖြစ်နေရသနည်း။
ဤအကြောင်းတွေးတောမိတော့ ကျိုးခဲ့ရှင်းက ရုတ်တရက်ဆိုသလို ချန်ယွီ့စကားမဆုံးသေးသည်အား သတိရမိသွားခဲ့သည်။
“ ဒေါက်တာချန် … ရှင်ပြောသွားခဲ့တာ နည်းလမ်းနှစ်မျိုး ရှိတယ်လို့နော်… အခု ပထမ နည်းလမ်းအကြောင်း ပြောပြီးသွားပြီဆိုတော့ ဒုတိယနည်းလမ်းက ဘယ်လိုမျိုးလဲ ….”
“ လူနာကိုယ်တိုင်က ဒုတိယနည်းလမ်းအကြောင်းကို ပြောပြီးနေပြီ …” ချန်ယွီ့ ခါးသက်စွာ ပြုံးလျက် “ ကွာရှင်းပြီး ကလေးအုပ်ထိန်းခွင့်အတွက် တိုက်ခိုက်ဖို့ပဲ …”
“ ဟင် … ဒါလေးပဲလား ….”
ကျိုးခဲ့ရှင်း စိတ်ပျက်သွားခဲ့ရ၏။
ချန်ယွီ့၏ ဒုတိယနည်းလမ်းက ရွှီကျားအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ရဦ မျှော်လင့်နေပါသော်ငြားလည်း အသုံးမဝင် ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
ချန်ယွီ့ ညင်သာစွာ ပြုံးလျက် မေးလိုက်သ်ည။ “ ဒီရဲ့လူနာ … သိပ်မကြာခင်တုန်းက မင်းရဲ့ အမျိုးသား ကြွေပန်းအိုး တစ်လုံးကို အိမ်ယူလာခဲ့သေးတယ်မလား ….”
“ အမ် … ဟုတ်တယ် … လမ်းဘေးဆိုင်ကနေ ယွမ် ၅၀နဲ့ ဝယ်လာခဲ့တာ ဆိုပဲ …” ရွှီကျားက ပြန်မြင်ယောင်ရင်း ပြောလိုက်၏။
“ ကြည့်ကောင်းတာနဲ့ အိမ်မှာ အလှထားဖို့ဆိုပြီး ဝယ်လာခဲ့လိုက်တာ ….”
“ အဲ့တာက သာမန် ကြွေပန်းအိုးမဟုတ်ဘဲ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေတယ်လို့ ငါ ပြောပြမယ်ဆိုရင်ကော …” ချန်ယွီ့ ညင်သာစွာပြုံးလျက် ပြောလိုက်ပြီး “ တကယ်တော့ မင်းရဲ့ အမျိုးသားက အဲ့ကြွေပန်းအိုးကို ယွမ်ငါးသန်းနဲ့ ပေးဝယ်ခဲ့တာ ….”
“ ယွမ်ငါးသန်း ဟုတ်လား ….”
ရွှီကျား ရှော့ခ်ရသွားခဲ့သည်။
“ သူက ဒီတိုင်း တစ်လ ယွမ်တစ်သောင်းကျော်လေးပဲ ရတဲ့ သာမန် အရာရှိလေးပဲလေ …”
“ ကျွန်မတို့ လက်မထပ်ခင်တုန်းက အိမ်သစ်ဝယ်ဖို့ဆိုပြီး စုထားတဲ့ငွေတွေ အကုန်သုံးပစ်လိုက်တာကို ရှေးဟောင်းပစ္စည်းဝယ်ဖို့ ပိုက်ဆံ ဘယ်နားက ရလာမှာလဲ ….”
“ ဟုတ်တာပေါ့ … သူ့မှာတော့ ပိုက်ဆံ ဘယ်ရှိမှာ …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ပန်းအိုးဝယ်ဖို့ ငွေက ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကနေ လာတာ …”
“ သူက အများပိုင် ရန်ပုံငွေတွေကို ပန်းအိုးဝယ်ဖို့ အလွဲသုံးစားလုပ်ခဲ့တယ်ပေါ့ ….”
ကျိုးခဲ့ရှင်းက အံ့အားတကြီး မြည်တမ်းလိုက်မိ၏။
ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်ပြောသည်။ “ မင်းရဲ့ ဝမ်းကွဲက သမိုင်းပြတိုက်တစ်ခုမှာ အလုပ်လုပ်တာ ဟုတ်တယ်နော်…. “
“ အွန်း .. ဝမ်းကွဲက ပြတိုက်မှာ ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းပေးရတဲ့သူလေ ….” ရွှီကျားပြောလိုက်သည်။
“ မှန်တယ် …”
“ သူ့ရဲ့ အားလပ်ချိန်တွေမှာ မင်းရဲ့ ဝမ်းကွဲက ရှေးဟောင်းပစ္စည်း စုဆောင်းရတာကို နှစ်သက်တဲ့ လူချမ်းသာတွေရဲ့ ပစ္စည်းတွေကို အချိန်ပိုင်းအလုပ်အနေနဲ့လည်း ထိန်းသိမ်းပေးသေးတယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ အားလပ်ရက်တစ်ခုမှာ မင်းရဲ့ ဝမ်းကွဲက နာမည်ကြီး လူချမ်းသာတစ်ဦးရဲ့ အိမ်ကို ပစ္စည်းတွေ ပြန်ပြင်ပေးဖို့ သွားခဲ့တယ် … အဲ့မှာ ကြွေရည်သုတ် အပြာနဲ့အဖြူ ကြွေပန်းအိုးတစ်လုံးက အဲ့လူရဲ့ အိမ်မှာ ရှိနေတာကို သွားပြီး မြင်လိုက်ရတယ် …”
( ဒီအလုပ်က ဥပမာ လက်ရေးလှစာလုံးတို့ ၊ ပန်းချီတို့ဆို သူ့မူရင်းလက်ရာမပျက်ပဲ အောက်ခံ အသစ်မှာ ပြန်ပြီး ခပ်နှိပ်ပေးရတာမျိုးလေ၊ ကျနော် တစ်ခါတော့ မြင်ဖူးတယ် ၊ အသေးစိတ်တော့ မမှတ်မိတော့ဘူးရယ် )
“ အပြာနဲ့အဖြူ ကြွေထည်က မူရင်းမှာ စုံလိုက်ထွက်ထားတာ … သမိုင်းအကြောင်းအရာ တစ်ချို့ကြောင့် အပြာနဲ့ အဖြူ ပန်းအိုးစုံတွဲက တစ်စုံတစ်ယောက်ရဲ့ ခွဲခြင်းကို ခံလိုက်ရတယ် ….”
“ လူချမ်းသာကြီးက သူ့မိတ်ဆွေကို တကယ်လို့ တစ်ယောက်ယောက်ကသာ တခြား ကြွေပန်းအိုးတစ်လုံးကို တွေ့ခဲ့မယ်ဆိုရင် ယွမ် သန်း ၃၀ ပေးပြီး ဝယ်မယ်လို့ ပြောခဲ့တယ် …”
“ ဒေါက်တာချန် … ခဏလေး ….”
ရွှီကျားက သူမ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး တုံ့ဆိုင်းနေသည့် လေသံဖြင့် “ မဟုတ်မှလွဲရော ….”
“ ဟုတ်တယ် …”
“ မင်းဝမ်းကွဲရဲ့ စရိုက်က သိပ်ကောင်းနေတာမျိုး မဟုတ်ပေမယ့် သူ့ကံကတော့ တော်တော်လေး ကောင်းတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ၂ နှစ်လောက်ကြာတော့ ဒေသတွင်းက စုဆောင်းသူ တစ်ယောက်ဆီမှာ အဲ့ဒီ ပန်းအိုးကို သွားတွေ့ခဲ့တယ်လေ …”
“ အဲ့ဒီ စုဆောင်းသူက ဗိုက်နည်းနည်းနာနေတော့ ပန်းအိုးကို ငွေသား ငါးသန်းနဲ့ ရောင်းဖို့ ကမ်းလှမ်းတယ် …”
ဤစကားကြားတော့ ကျိုးခဲ့ရှင်း နားလည်သဘောပေါက်သွားခဲ့သည်။
ရွှီကျား၏ ဝမ်းကွဲက ယွမ်ငါးသန်းကို မည်သို့မျှ တတ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူမ၏ အရင်ခင်ပွန်းဟောင်းထံသို့ အပူကပ်ခဲ့တာ ဖြစ်ရမည်။
ခင်ပွန်းဟောင်း၏ အလုပ်သဘောသဘာဝကို အသုံးချ၍ အများပိုင် ရန်ပုံငွေကို အလွဲသုံးစားလုပ်ပြီး ရှေးဟောင်း ကြွေပန်းအိုးကို ဝယ်ယူခဲ့၏။
“ အလဲအလှယ် လုပ်မှာက နောက်သုံးရက်နေရင်လို့ သတ်မှတ်ထားတယ် …” ချန်ယွီ့ ဆက်ပြီးပြော၏။ “ ငွေလွှဲပြီး ဒုတိယနေ့က ကုမ္ပဏီ စာရင်းစစ်မယ့်နေ့ပဲ ….”
ကျိုးခဲ့ရှင်း၏ ဦးနှောက်ထဲတွင် ဉာဏ်ကွန့်မြူးမှု အပိုင်းအစတို့ ဖျတ်ခနဲ လင်းလက်လာသည်။