← Chapters

လူသတ်သမားရဲ့ တည်နေရာကို ခန့်မှန်းမရခြင်း

Vol. 21 Ch. 201

လူသတ်သမားရဲ့ တည်နေရာကို ခန့်မှန်းမရခြင်း

Vol. 21 Ch. 201

ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ

ဘာသာပြန် - ထွန်းလင်းအောင်

စာစဉ် (၂၁)

များမကြာမီ ရဲကား အမြောက်အများက ခြံဝန်းအနီးနားတွင် ရပ်တန့်လာခဲ့ကြသည်။

လီချန်ကျွင်းက သူ့လူများကို ဦးဆောင်ခေါ်လာခဲ့ပြီး ကျင်းထဲ၌ ပျံ့ကျဲနေသည့် အရိုးအစအနများကို တစ်ချက်ကြည့်ရှုလိုက်၏။ ချက်ချင်းပဲ ဤသည်က လူသတ် အလောင်းဖျောက်မှု တစ်ခု ဖြစ်ရမည်ဟု မှန်းဆလိုက်၏။

ပုံမှန်ဆိုပါက ထိတ်လန့်နေသည့် လူသတ်သမားသည် မြုပ်နှံရန် အလျင်လိုနေသည့် အချိန်၌ အဝတ်အစားတို့အား ချွတ်ပစ်ဖို့ကို တွေးတောနိုင်မှာ မဟုတ်ချေ။

ယခုမူကား ကျင်းထဲ၌ အဖြူရောင် အရိုးအစအနတို့ကိုသာလျှင် မြင်တွေ့နေရ၏။

မည်သည့်နေရာတွင်မှ ချည်ထည်အင်္ကျီ အစအနကို မြင်တွေ့ရခြင်း မရှိပေ။ ဤသည်က လူသတ်သမားသည် နစ်နာသူ - သူ (သို့မဟုတ်) သူမ၏ အင်္ကျီ အဝတ်အစားများကို ချွတ်ပစ်ပြီး အလောင်းကို ရက်စက်စွာ ဖျက်စီးပစ်ခဲ့သည်။

အရိုးပေါ်ရှိ ခြစ်ရာအမှတ်တို့က သူ၏ ယူဆချက် မှန်ကန်ကြောင်းကို သက်သေပြနေလေသည်။

“ ဒေါက်တာချန် … မင်းမှာ ဘာသဲလွန်စတွေ ရှိလဲ …”

“ ကပ္ပတိန်လီ … “ ချန်ယွီ့က ညင်သာစွာပြုံး၍ “ ခင်များ မှားနေပြီ ထင်တယ် …”

“ သဲလွန်စရှာပြီး လူသတ်သမားကို ဖမ်းဆီးဖို့က ရဲတွေရဲ့ အလုပ်မဟုတ်ဘူးလား …”

“ ကျွန်တော်က ခွေးဝါကြီး တစ်ကောင်ရဲ့ ပါးစပ်ထဲမှာ လူအရိုး ကိုက်ထားတာ မြင်လို့ သိချင်စိတ်နဲ့ နေရာခေါ်ပြဖို့ တောင်းဆိုခဲ့ရုံလေးတင်ပါပဲ …”

“ ဒေါက်တာချန် … အသက်တစ်ချောင်းက ချိန်ခွင်လျှာပေါ် ရှိနေတာနော်… ငါ့ကို မနောက်ပါနဲ့ …”

“ မင်းရဲ့ အစွမ်းအစတွေကို ငါ မသိဘဲ နေပါ့မလား … ကျေးဇူးပြုပြီး ဒီလူသတ်မှုကို သုံးသပ်ပေးပါဦးကွာ ….” လီချန်ကျွင်းက ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။

သာမန်လူတစ်ယောက်က ခွေးတစ်ကောင်၏ ပါးစပ်ထဲ၌ အရိုးကိုက်ထားသည်ကို မြင်‌တွေ့ပါက ထွေထူးစဉ်းစားနေမှာ မဟုတ်ချေ။

လူသားအရိုးလော၊ အခြား အရိုးလော ဆိုတာကို ခွဲခြားသုံးသပ်ဖို့က ပိုလို့ပင် မဖြစ်နိုင်ချေ။

အကယ်၍ ချန်ယွီ့၏ အကူအညီကြောင့်သာ မဟုတ်ဘူးဆိုပါက ယခင် လူသတ်မှုများကို လွယ်လင့်တကူ ဖြေရှင်းနိုင်ဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ချန်ယွီ့က ညင်သာသည့်အပြုံးကို လှစ်ဟာပြလာတာ မြင်တော့ လီချန်ကျွင်းက အလျင်စလို ဖြည့်စွက်ပြောလိုက်၏။ “ တိုင်ပင်ဆွေးနွေးခကို ခဏနေကျရင် မင်းဆီ လွှဲပေးလိုက်မယ် ….”

“ ငွေရေးကြေးရေးက အရေးမကြီးပါဘူး …” ချန်ယွီ့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ကပ္ပတိန်လီက ကျွန်တော့်ကို ကူညီစေချင်နေတယ်ဆိုမှတော့ ကျွန်တော်လည်း စကားတစ်ခွန်း၊ နှစ်ခွန်း ပြောပေးရတာပေါ့ …”

လီချန်ကျွင်းမှာ အပျော်လွန်သွားခဲ့ပြီး အသံသွင်းသည့် ဖောင်တိန်ကို ချက်ချင်းပဲ ဖွင့်လိုက်သည်။

သူ့လက်အောက်ငယ်သား တစ်ဦးကိုလည်း ချန်ယွီ့၏ စကားလုံးတို့ လိုက်ပါရေးမှတ်ထားရန် အမိန့်ပေးလိုက်သေးသည်။

အခြားဘက်ခြမ်းတွင်တော့ မှုခင်းဆေးဆရာဝန်က အရိုးကို ဆန်းစစ်ဖို့ရာ လုပ်ဆောင်နေသည်။

“ သေသွားတဲ့လူ သေဆုံးသွားခဲ့တဲ့ အချိန်က နှစ် ၂၀ ကျော်ကြာပြီ …” ချန်ယွီ့ အေးအေးလူလူ ပြောလိုက်ပြီး “ ဒီနေ့ တွေ့လိုက်ရတယ်ဆိုတာ တိုက်ဆိုင်မှု သပ်သပ်ပဲ …”

“ သေချာ လေ့ကျင့်ပေးထားတဲ့ ရဲခွေးတွေတောင် ဘာမူမမှန်တာမှ သတိထားမိမှာ မဟုတ်ဘူး … လမ်းဘေးခွေးဆိုလို့ကတော့ ပြောမနေနဲ့တော့ ….”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က လူတိုင်းကို ကျင်းဘက်ခြမ်းသို့ ခေါ်သွားပြီး မြေပြင်ကို သူ့ခြေထောက်နှင့် နင်းပြလိုက်သည်။

“ လူတိုင်းပဲ တစ်ချက်ကြည့်ကြပါ … ဒီနေရာမှာ ရှိတဲ့ မြေက အတော်လေး ပျော့ပျောင်းနေတယ် … ပြောချင်တာ မိုးရေအဝသောက်ထားရတဲ့ မြေလို့ ဆိုလိုတာပဲ …”

“ လူသတ်သမားက ပထမဆုံးအကြိမ် ကျူးလွန်တဲ့လူ ဖြစ်ရမယ် … ဘာလို့ဆို အလောင်းကို ဖျက်ပြီးတာနဲ့ ရိုးရိုးရှင်းရှင်း မြေမြုပ်ရုံ မြုပ်လိုက်တာကြောင့်ပဲ … ကျင်းအနက်က တိမ်လွန်းနေတယ် …”

“ မိုးအကြီးအကျယ်ရွာလာပြီးတော့ အရိုးတစ်ချောင်းက ရွှံ့ထဲကနေ ထွက်ပေါ်လာတယ် …”

“ အစာရှာနေတဲ့ ခွေးဝါကြီးက ဒီနားကနေ ဖြတ်သွားတစ်ခိုက် အနံ့ရပြီး တူးဖော်မိသွားတာပဲ …”

လီချန်ကျွင်းက ခေါင်းတဆတ်ဆတ် ညိမ့်လိုက်၏။

လွန်ခဲ့သော နှစ်ရက်ခန့်က ဟန်ကျိုးမြို့တွင် မိုးအကြီးအကျယ် ရွာသွန်းခဲ့တာက အမှန်ပဲ ဖြစ်၏။

မိုးက တစ်ရက်နှင့် တစ်ည မပြတ်ရွာသွန်းခဲ့ပြီး မြို့ပင် ရေကြီးလုနီးပါး ဖြစ်သွားခဲ့သည်။

“ နောက်တော့ရော ဒေါက်တာချန် …”

လီချန်ကျွင်း မေးမြန်းလိုက်၏။

သူ့တွင် လုံလောက်သည့် သဲလွန်စတို့ ရှိသရွေ့ လူသတ်သမားကို မိနစ်ပိုင်းလေး အတွင်း ဖမ်းလိုက်၍ရသည်။

“ လူသတ်သမားက စုစုပေါင်း နှစ်ယောက် ….” ချန်ယွီ့ ပြောလိုက်ပြီး “ တစ်ယောက်က လူငယ် ၊ တစ်ယောက်က သက်ကြီးပိုင်း …”

“ ဒေါက်တာချန် … မင်းက အဲ့တာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ …”

အရိုးကို ဆန်းစစ်နေသည့် မှုခင်းဆေးဆရာဝန်က သံသယ အပြည့်ဖြင့် မေးမြန်းလိုက်၏။

သူသည် မကြာခဏဆိုသလို လီချန်ကျွင်းက ချန်ယွီ့၏ အစွမ်းအစတို့အား ချီးမြင့်မြှောက်စား ပြောဆိုသည်ကို ကြားဖူးခဲ့သည်။

သို့ပေမယ့်လည်း မှုခင်းဆေးဆရာဝန်ကတော့ လီချန်ကျွင်း ချဲ့ကားပြောဆိုနေသည်ဟုသာ မြင်မိ၏။

မြေကြီး၏ နူးညံ့ပျော့ပျောင်းနေမှုအပေါ် အခြေခံ၍ ဤနေရာသည် မိုးရေ အကြီးအကျယ် သွန်းလောင်ခြင်းကို ခံထားရသည့် နေရာဖြစ်နိုင်ကြောင်း ယူဆနိုင်သည်။ ထို့ကြောင့်လည်း လမ်းဘေးခွေးတစ်ကောင်က အရိုးများကို ရှာတွေ့သွားခြင်း ဖြစ်၏။

ဤသည်က လောဂျစ်ကျသည်။

ရာဇဝတ်မှု စုံစမ်းသည့် အတွေ့အကြုံ ရင့်ကျက်သည့် စုံထောက်တို့က တူညီသည့် ကောက်ချက်ကို ချမှတ်ဖို့ရာအတွက် အချိန်အနည်းငယ်မျှသာ လိုသည်။

သို့ပေမယ့်လည်း ချန်ယွီ့၏ နောက်ဆက်တွဲ စကားတို့ကတော့ အနည်းငယ် ယုတ္တိ မဆန်လွန်းသွားပြီ ဖြစ်၏။

လူသတ်သမားက နှစ်ယောက်ပါဆိုပြီး ဘယ်လိုတောင် သေချာနိုင်နေရတာ …

ပြီးတော့ ပြောသေးတယ် …၊ တစ်ယောက်က လူငယ်လေး … နောက်တစ်ယောက်က လူကြီးပိုင်းဆိုပဲ …

ချန်ယွီ့က အတိတ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်ပြီး တွက်ချက်နိုင်တယ်ဆိုတာက တကယ်ပဲလား ..

“ ဒေါက်တာ …” ချန်ယွီ့က ရွှင်ပြသည့် အပြုံးဖြင့် “ ခင်များရဲ့ ဘယ်ဘက်ခြမ်းမှာ ခေါက်ဆွဲခြောက်ထုပ် ရှိတယ်မဟုတ်လား …”

မှုခင်းဆရာဝန်က မသိလိုက်ပါဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်မိလိုက်သည်။

တကယ်လည်း ကျင်းဘေးတွင် ခေါက်ဆွဲခြောက်ထုပ် အခွံတစ်ခု ရှိနေသည်။

“ ကျုပ် ငယ်ငယ်တုန်းက ဒီခေါက်ဆွဲခြောက်ထုပ်ကို စားဖူးတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ အခု ဒီတံဆိပ်ကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး … မထုတ်တော့တာ ကြာပြီ …”

“ တကယ်လို့ ဒီ ခေါက်ဆွဲခြောက်ထုပ်က အလောင်းနဲ့ အနီးအနားမှာ ထွက်ပေါ်လာတယ်ဆိုရင် … ဒါက ဘာကို ပြောချင်နေတာလို့ ထင်လဲ ….”

“ လူသတ်သမားက အလောင်းကို မမြုပ်ခင် ခေါက်ဆွဲခြောက်စားခဲ့တယ် … ပြီးတာနဲ့ ကျင်းထဲကို အလောင်းနဲ့အတူ ထည့်မြုပ်လိုက်တယ် ….” လီချန်ကျွင်း၏ နှုတ်မှ လွှတ်ခနဲ ထွက်လာခဲ့၏။

ခေါင်းညိတ်လျက် ချန်ယွီ့ စကားဆက်သည်။ “ ဒီရဲ့ ခေါက်ဆွဲခြောက်ထုပ်က လူငယ်နဲ့ ကလေးတွေကြားမှာ အတော်လေး ဈေးကွက်ကောင်းတယ် …”

“ သူ့ရဲ့ အရသာက ကြွပ်ကြွပ်ရွရွလေးနဲ့ ဘယ်လိုစားကောင်းမှန်းကို မသိတာ …”

“ အဲ့တုန်းကဆို အခု အစပ်ချောင်းတွေလိုကို ရေပန်းစားခဲ့တဲ့ ဘရန်းပဲ …”

“ လူသတ်သမားတွေထဲ တစ်ယောက်က လူငယ်လေး ဖြစ်တယ် … ဘာလို့ဆို သူက ဒီရဲ့ ခေါက်ဆွဲခြောက်ကို စားရတာ နှစ်သက်လို့ပဲ … အစားကို ကောင်းကောင်းစားတဲ့ အလေ့အကျင့် မရှိဘူး …”

“ မရှိတဲ့အတွက်ကြောင့် အဆီပမာဏ မျှတမှု မရှိဘဲ လူငယ်ရဲ့ ခန္ဓာကိုယ်က အတော်လေး ဝဖိုင့်နေမယ် …”

“ တခြား လူသတ်သမားကတော့ ဒီအိမ်ပိုင်ရှင်ပဲ ….”

“ သူက လူငယ်လေးရဲ့ ဖခင်လည်း ဟုတ်တယ် ….”

“ နစ်နာသူ သေဆုံးသွားတဲ့ အချိန်က ညနေခင်း သုံးနာရီဝန်းကျင်လောက်မှာပဲ ..”

“ သေသွားတဲ့ လူက လူငယ်လေးနဲ့ သိပြီး အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိတယ် ….”

“ သူ သေမယ့်နေ့မှာပဲ ဒီမှာနေသွားခဲ့ပြီး ညနေခင်းပိုင်းမှာ အသတ်ခံလိုက်ရတယ်….”

“ နစ်နာသူကို သတ်ပြီးတော့ ပိုင်ရှင်နဲ့ သူ့သားက အလောင်းကို ကျင်းထဲ မြုပ်ပြီး ညတွင်းချင်း ထွက်ပြေးသွားခဲ့တယ် … ဒီရဲ့ခြံဝန်းလေးကလည်း အဲ့ဒီအချိန်ကတည်းက စွန့်ပစ်ခံလိုက်ရတာ အခုထိပဲ….”

“ အံ့ဩစရာပဲ … သိပ်ကို အံ့ဩဖို့ကောင်းလွန်းတယ် ….”

လီချန်ကျွင်းက ဦးဆောင်ပြီး လက်ခုပ်လက်ဝါးတီးလိုက်သည်။

အခြားသော အသင်းဝင်များကလည်း အချင်းချင်း ကြည့်၍ ခေါင်းဆောင်လုပ်သည့်အတိုင်း လိုက်ပါ လက်ခုပ်တီးကြသည်။

ဒါက အမှုကို ဆန်းစစ်နေတာလား .. ဒါမှမဟုတ် ဗေဒင်ဟောပြောနေတာလား …

သိပ်ကို အသေးစိတ် ကျလွန်းတယ် …

မှုခင်းဆေးဆရာဝန်သည် ချန်ယွီ့ကို သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် ကြောက်လန့် အံ့အားသင့်စွာ ကြည့်ရှုနေမိသည်။

သာမန် မျက်လုံးခေါက်ဆွဲခြောက် အခွံလေး တစ်ထုပ် ၊ ပျံ့ကျဲနေတဲ့ ဒါဇင်ချီတဲ့ အရိုးတွေကို ကြည့်ပြီး သဲလွန်စတွေ ဒီလောက်အများကြီး ဆွဲထုတ်နိုင်နေတယ် …

အခြေအမြစ် မရှိဘူးဆိုပေမယ့် ကပ္ပတိန်လီရဲ့ မျက်နှာထက်မှာက ယုံကြည်တဲ့ အပြုံးတွေ ပြည့်နှက်လို့ …..

ချန်ယွီ့ပြောတာတွေအကုန်လုံးက တစ်လုံးမကျန် အမှန်တွေချည်း ဖြစ်နေတဲ့အတိုင်းပဲ …

“ အဲ့လူသတ်သမားနှစ်ယောက်က အခု ဘယ်မှာလဲတဲ့ ….” လီချန်ကျွင်းက အလျင်စလို မေးမြန်းလိုက်သည်။

ချန်ယွီ့ လက်ချောင်းများအား ချိုးရေတွက်ရင်း မျက်လုံးတို့ မှေးကျဉ်းသွားခဲ့သည်။

“ ကျွန်တော် မသိဘူး ….”

“ ဟမ် …”

လီချန်ကျွင်း မျက်နှာထက်ရှိ အပြုံးက အေးခဲသွားခဲ့ပြီး မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။ “ ဒေါက်တာချန် … မင်းငါ့ကို လာနောက်နေတာလား … ဒီလောကကြီးထဲ မင်းမသိတဲ့အရာ‌ ရှိသေးလို့လားဟ….”

“ ကျွန်တော်က နတ်ဘုရားမှ မဟုတ်တာ … မသိတဲ့အရာတွေ ရှိတယ်ဆိုတာ ဆန်းလို့လား ….”

ချန်ယွီ့ ပခုံးတွန့်ပြလိုက်၏။

“ ဒါတွေထားပါ … ခင်များတို့ကို ယေဘုယျအခြေအနေအကြောင်း သုံးသပ်ပေးပြီးသွားပြီ … ကျန်တာ ခင်များတို့အပိုင်းပဲ ….”

မထွက်ခွာမီ ချန်ယွီ့က ခွေးဝါကြီးအား အမှတ်ရသွားခဲ့၏။

လီချန်ကျွင်းကို ၎င်းအတွက် အရသာရှိသည့် အစားအသောက်တစ်ချို့ ပြင်ဆင်ပေးဖို့ရာ တောင်းဆိုလိုက်သည်။ သူ့ဘက်က သုံးနပ်စာ အကြွေးတင်ထားလေသည်။

“ ပြဿနာမရှိဘူး … ငါနဲ့လွှဲထားလိုက် …. “

လီချန်ကျွင်းက သူ့ အသင်းသားတစ်ဦးကို လှမ်းခေါ်လိုက်ပြီး ခွေးဝါကြီးအား အစားအသောက် တစ်ချို့ စီစဉ်ပေးရန် မိန့်ကြားလိုက်သည်။

“ ဒေါက်တာချန် … ဒီနားလေးမှာ တက္ကစီငှားလို့ မလွယ်ဘူး … ငါ မင်းကို ပြန်လိုက်ပို့ပေးရဦးမလား …”

“ ရတယ် … လူသတ်သမားကို ရှာတွေ့ဖို့က လွယ်တာမဟုတ်ဘူး … ဒီတော့ ခင်များလည်း အချိန်တစ်ခုလောက်တော့ အလုပ်များနေမှာပဲ ….”

ချန်ယွီ့ စကားလုံးများထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တို့ ရှိနေသည်ကို အာရုံခံမိတော့ လီချန်ကျွင်းက ဘေးဘယ်ညာကို အခြေအနေတစ်ချက် ကြည့်ကာ အသံနိမ့်ပြီး မေးလိုက်၏။ “ အဲ့ဒီ သားအဖကလည်း ဒီလောကကြီးထဲက တစ်စိတ်တစ်ပိုင်းပဲလား ….”

“ ကျွန်တော်လည်း သေချာမသိဘူး …”

ချန်ယွီ့ ခေါင်းယမ်းလိုက်ပြီး လီချန်ကျွင်းကို သူ့အား လိုက်ပို့ပေးဖို့ မလိုအပ်ကြောင်း လက်ဟန်ပြလိုက်၏။

လူသတ်သမားများတွင် လှည့်ကွက်တစ်ချို့ ရှိမရှိကို ချန်ယွီ့ မသိသော်ငြားလည်း သူ နှစ်ခုတော့ သေချာသိ၏။

ပထမ တစ်ခုကတော့ … ထိုနှစ်ယောက်၏ တည်နေရာအတိအကျကို ရှာဖွေ မဖော်ထုတ်နိုင်သဖြင့် ၎င်းတို့နှစ်ဦး၏ သူတို့၏ အရှိန်အဝါများကို သိုဝှက်ထားခြင်း ဖြစ်ရမည်။

ဒုတိယကတော့ …. ခြံဝန်းအနီးတစ်ဝိုက်တွင် မကျေမချမ်းဖြစ်သည့် အရှိန်အဝါတို့အား မြင်တွေ့ရခြင်း မရှိပေ။

အကယ်၍ နစ်နာသူက တရားမမျှတစွာ သေဆုံးသွားခဲ့လျှင် အနီးနားတစ်ဝိုက်၌ မကျေမချမ်း အော်ရာတို့ ရှိနေမည်မှာ ကျိန်းသေပေါက်ပင်။

ဤအချင်းအရာနှစ်ခုက ယခု လူသတ်မှုသည် ထူးဆန်းသည့် လူသတ်မှုဖြစ်ကြောင်းကို ညွှန်ပြနေလေသည်။

All Chapters