နောက်ဆုံးသော လေလံပစ္စည်းအပေါ် စိတ်ပျက်မှု
Vol. 21 Ch. 203
လူကုံထံတို့က စိတ်အလိုကို လိုက်လေ့ရှိကြသော်လည်း ရူးနှမ်းနေသူများတော့ မဟုတ်ကြပေ။
ဤကဲ့သို့ အဆင့်အတန်းမြင့်သည့် လေလံပွဲသို့ တက်ရောက်နိုင်သူတိုင်းက ၎င်းတို့၏ နယ်ပယ်ကိုယ်စီ၌ ကျွမ်းကျင်သူများ ဖြစ်ကြပြီး မဟုတ်ခဲ့လျှင်ပင် ၎င်းတို့နှင့်အတူ ကျွမ်းကျင်သူတို့အား ခေါ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့်လည်းပဲ လေလံပွဲက တက်ရောက်သူတို့အား ၎င်းတို့နှင့်အတူ ကိုယ်ရေးကိုယ်တာအရ လူ အနည်းငယ် ခေါ်ဆောင်လာခွင့်ကို ခွင့်ပြုပေးထားခြင်းပင်။
ထိုသူတို့က ဈေးနှုန်းထိန်းချုပ်သည့် နေရာ၌ အင်မတန် သတိကြီးကြ၏။
ပစ္စည်းတစ်မျိုး ထွက်ပေါ်လာသည့် အချိန်တိုင်း ၎င်းတို့က မျှော်မှန်း ဈေးနှုန်းကို သတ်မှတ်ထားပြီး ဖြစ်သည်။
အမှန်တကယ် ကြိုက်နှစ်သက်ခြင်း မရှိသရွေ့ကတော့ ဈေးနှုန်းကို လက်လွှတ်စပယ် မြင့်တင်ပေးမှာ မဟုတ်ချေ။
ချန်ယွီ့ပြောခဲ့သည့်အတိုင်းပဲ … ကမ္ဘာတစ်ဝန်းတွင် စောနကကဲ့သို့ ပုလင်းများက ပေါများစွာ ရှိ၏။
ပုလင်းတစ်လုံးက မည်မျှပင် ကောင်းမွန်နေစေကာမူ ၊ ဈေးနှုန်းကို မမှုပါဘဲ လေလံပစ်ဖို့ကတော့ မဖြစ်နိုင်ပေ။
နိုဗယ်များထဲတွင်တော့ ချမ်းသာသည့် လူငယ်သခင်လေးတို့က ၎င်းတို့၏ မျက်နှာအတွက် ပစ္စည်းများအပေါ် ငွေကြေးမြောက်များစွာ သုံးစွဲ၍ ယှဉ်ပြိုင်ကြသည်။
တကယ့်လက်တွေ့တွင်လည်း ထိုသို့သော မြင်ကွင်းမျိုးက ဖြစ်လေ့ဖြစ်ထ မရှိဟု မဆိုနိုင်သော်ငြား အင်မတန် ရှားပါးပါသည်။
ပုလင်းလေးတစ်လုံးကို ယွမ်သန်းနဲ့ချီပေးပြီး ဝယ်ယူဖို့အတွက်ကတော့ ….
ခေါင်းကို မြည်းကန်ခံထားရသူသာလျှင် ထိုသို့ လုပ်ဝံ့လိမ့်မည်။
ချန်ယွီ့ နားလည်သဘောပေါက်သွားခဲ့၏။
များမကြာမီ၌ ဒုတိယ ပစ္စည်းတစ်ခုကို အလှလေးတစ်ဦးကပဲ စင်မြင့်ထက်သို့ သယ်ဆောင်လာခဲ့ပေး၏။
ယင်းက လှပစွာ ပြုလုပ်ထားသည့် သက်တံရောင် စဉ့်ရည်သုတ် ခွက်အသေးလေး တစ်လုံး ဖြစ်၏။
အလင်းတန်းများအောက်၌ သက်တံရောင် ခွက်ကလေးက တလက်လက်တောက်ပသည့် အရောင်တို့ ထုတ်လွှင့်နေလေသည်။
လေလံမှူးက ယင်းပစ္စည်းကို ရတနာတစ်ခုနှယ် စတင်ပြီး မိတ်ဆက်ပေးတော့၏။
“ ဧည့်ပရိသတ်ကြီးတို့ … ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြပါ … ဒီသက်တံခွက်လေးပေါ်က ပုံစံတွေက အတော်လေး ထူးခြားပြီးမှ လက်ရာကလည်း အင်မတန် ပြောင်မြောက်တဲ့ လက်ရာပါပဲ …”
“ အသေးစိတ်ကျကျနဲ့ သေချာလေး ပြုလုပ်ထားတာကို အားလုံးပဲ မြင်မိကြမှာပါ … ပုံစံကနုပ်တွေက အဲ့ခေတ်အဲ့အခါရဲ့ မနိမ့်ကျတဲ့ လက်မှုပညာရပ်ကို ကိုယ်စားပြုနေပါတယ် … ”
ယခင် အတိုင်းပဲ လေလံမှူးက သက်တံရောင် ခွက်လေးအား ချီးမွမ်းပြောဆိုသည်။
သူ့စကားဆုံးသည့်အချိန်၌ လေလံမှူးက အနှီးသက်တံရောင်ခွက်လေးကို ဗုဒ္ဓဘာသာ၏ ရတနာခုနစ်ပါး ကျောက်စိမ်းခွက်နှင့်ပင် ခိုင်းနှိုင်းသွားခဲ့၏။
ယင်းခွက်တွင် ကောင်းသော လက္ခဏာရပ်တို့ စုစည်းနေပြီး မိမိ၏ နေအိမ်ကို ကာကွယ်ရန် သို့မဟုတ် ကံကောင်းစေရန်အတွက်လည်း အသုံးပြုနိုင်သည်။
ရှားပါးပြီး ထည်ဝါသည့် ပစ္စည်းတစ်ခု ဖြစ်၏။
ပြုလုပ်ရသည့် အခက်အခဲများနှင့် ကုန်ကြမ်းပစ္စည်းတို့ကြောင့် ဤသက်တံခွက်လေးကို ရှေးခေတ်ရှေးအခါက တန်ဖိုးမဖြတ်နိုင်သည့် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
မင်းညီမင်းမင်းသားများ၊ စစ်သူကြီးများ၊ အရှင်မင်းမြတ်များ၊ ဒါမှမဟုတ် … ဘွဲ့ရသူရဲကောင်းတို့သာလျှင် တစ်ခွက်တစ်လေ ပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။
“ ဥက္ကဌဝမ် … ဘာလို့ သက်တံခွက်ရဲ့ ကြမ်းခင်းဈေးက ဟိုပုလင်းထက်တောင် ဈေးနည်းနေတာလဲတဲ့ ….”
လေလံမှူးမှာ နှုတ်မြွက်ရေးရာတွင် ကျွမ်းကျင်လွန်းလှ၍ ချန်ယွီ့ပင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
သို့ပေမယ့် ကြမ်းခင်းဈေးက ယွမ် တစ်သိန်းပဲ ရှိတာကိုမြင်တော့ ချန်ယွီ့မှာ အနည်းနှင့်အများတော့ ကြောင်အမ်းမိသွားလေသည်။
“ ဒါက ဒီလိုလေ ဒေါက်တာချန် … ဒီဖန်ခွက်က ရှေးခေတ်အခါတုန်းကဆိုရင် အတော်လေးကို အဆင့်အတန်းမြင့်တဲ့ ဇိမ်ခံအထက်တန်းစား ပစ္စည်းဆိုတာ မှန်တယ် …” ဝမ်တဲ့ချွမ် ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ဒီနေ့ခေတ်ကြီးမှာတော့ အဲ့လောက်ကြီး တန်ဖိုးမရှိတော့ဘူးလေ…”
“ ဈေးကွက်က အသိအမှတ်ပြုမှု သိပ်မရှိဘူး …”
“ နောက်ပြီး … ဒီခွက်ကို လုပ်ခဲ့တာက အရင် နှစ်တစ်ရာကျော်လောက်တုန်းကပဲ …”
“ အကြောင်းအရင်း အမျိုးမျိုးကြောင့်မလို့ သူ့ဈေးနှုန်းက အဲ့လောက်ထိ များနိုင်မှာ မဟုတ်ဘူး ….”
ဝမ်တဲ့ချွမ်၏ စကားလုံးက လျင်မြန်စွာပဲ သက်သေပြလာခဲ့သည်။
လေလံဆွဲမှုက ငါးမိနစ်မျှ ကြာမြင့်ခဲ့ပြီး ဈေးနှုန်းက တစ်သိန်းမှ နှစ်သိန်းခွဲအထိမျှသာ မြင့်တက်ခဲ့၏။
ထိုနောက်ပိုင်းတွင်တော့ အင်မတန် နည်းပါးသည့် လူအရေအတွက်တို့ကသာ ဝင်ရောက် လေလံဆွဲကြ၏။
ချန်ယွီ့ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဝမ်တဲ့ချွမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဝမ်တဲ့ချွမ်က သူ၏ လေလံဆွဲသည့် ကတ်ကို မြင့်၍ ပြောလိုက်၏။ “ ၂၆၀,၀၀၀ “
သူ ထိုစကားပြောလိုက်သည်နှင့် နောက်ထပ် မည်သူကမျှ ဈေးထပ်မလိုက်လာကြတော့ချေ။
ချန်ယွီ့ ဤပစ္စည်းကို စိတ်ဝင်စားသည်က အဓိကကတော့ သူ့ကုန်ကြမ်း ပစ္စည်းကြောင့်ဖြစ်၏။
စဉ့်ရည်သုတ်ထားသည့် ဖန်ခွက်၊ ကျောက်စိမ်း၊ သန္တာကျောက်၊ ရွှေနှင့် ငွေတို့က ဗုဒ္ဓဘာသာ၌ ရတနာခုနစ်ပါး ပစ္စည်းများ ဖြစ်သည်။
ဖန်ထည်ကိုယ်၌ကပင် ဝိဉာဏ်ချီ စွမ်းအင် အတိုင်းအတာ ပမာဏတစ်ခုအထိ ပါဝင်နေသဖြင့် ဝိဉာဏ်ရေးရာနှင့် ဆက်စပ်သည့် ပစ္စည်းများပြုလုပ်ရာတွင် အသုံးချဖို့က မဆိုးသည့် ရွေးချယ်မှု တစ်ခု ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ သူ ဇာတ်လမ်းတစ်ခုကို ပြန်လည်မြင်ယောင်မိသောကြောင့် ဖြစ်၏။
အနောက်ဘက်သို့ ခရီးသွားခြင်းမှတ်တမ်း၌ ရှားဝူကျင့်က ကောင်းကင်ဘုံ စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဖန်ခွက်တစ်လုံးကို မတော်တဆ ခွဲခဲ့မိ၏။
ယင်းကလည်း ယခုလို ဖန်ခွက်မျိုးပင်။
လေလံပွဲက အချိန်နှစ်နာရီကျော်သည်အထိ ကြာမြင့်လာသည်။
ဤအတောအတွင်း ပစ္စည်းအမျိုးအစားပေါင်း ၃၀ ကျော်ခန့်က အသီးသီး ထွက်ပေါ်လာခ့၏။
သက်တံခွက်အပြင် ချန်ယွီ့က အခြားသော ပစ္စည်းသုံးခုကိုလည်း ဝယ်ယူခဲ့၏။
ဆေးခန်းသို့ ပြန်ရောက်ပြီးနောက် ၎င်းတို့ထဲက ဝိဉာဏ်ချီစွမ်းအင်များ ဖြည့်စွက်ရင်း အဆောင်လက်ဖွဲ့ပစ္စည်းအဖြစ် အသုံးပြုဖို့ရာ ရည်မှန်းထား၏။
လေလံပွဲ ပြီးဆုံးရန် အချိန် နီးကပ်လာသည်နှင့်အမျှ နောက်ဆုံးပစ္စည်းကလည်း စင်မြင့်ထက်သို့ ရောက်ရှိလာသည်။
သက်တမ်း နှစ် ၂၀၀ ကျော် ဂျင်ဆင်းရိုင်းပင်။
ကြမ်းခင်းဈေးက ၁.၅သန်း ဖြစ်၏။
စင်ပေါ်ရောက်နေသည့် ဂျင်ဆင်းရိုင်းကို ကြည့်ရင်း ဝမ်တဲ့ချွမ်၏ အမူအရာက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“ ဂျင်ဆင်းမှာ ပြဿနာ တစ်ခုခု ရှိနေလို့လား ….” ချန်ယွီ့ မေးလိုက်သည်။
“ အင်း …. ဂျင်ဆင်းရဲ့ အရည်အသွေးကို ကြီးကြီးမားမား ထိခိုက်စေမယ့် ပြဿနာ အကြီးကြီး တစ်ခု ရှိနေတယ် ….” ဝမ်တဲ့ချွမ် ခေါင်းညိတ်လိုက်သည်။
“ အပြစ်အနာအဆာရှိတော့ ဆေးစွမ်းကလည်း တစ်ဝက်ကျော်လောက်ကို လျော့ကျသွားတယ် …”
“ ၁.၅ သန်းဆိုတာ တန်ကိုမတန်တာ ….”
၂၁ ရာစုထဲသို့ ရောက်ရှိနေပြီး ဖြစ်သော်ငြားလည်း တိုင်းရင်းဆေးဖက်ဝင်အပင်တို့အပေါ် ဝယ်လိုအားကတော့ တိုးပွားလာနေဆဲပင်။
တိုင်းရင်းဆေးဖက်ဝင် အပင်နယ်ပယ်က ရွှေခေတ်ကို ရောက်နေသည့် အချိန်ကာလဟု ပြောဆိုလျှင်ပင် မှားလိမ့်မည် မထင်ပေ။
ထိုအနက် လူကြိုက်အများဆုံးကတော့ ဂျင်ဆင်းရိုင်းပဲ ဖြစ်၏။
စီးပွားရေး တိုးချဲ့ရန်အတွက် နိုင်ငံက သဘာဝပတ်ဝန်းကျင်တော်တော်များများကို ဖျက်စီးပစ်ခဲ့ရသည်။ ယင်းက ဂျင်ဆင်းရိုင်းများ၏ ပေါက်ရောက်ကြီးထွားနှုန်းအပေါ် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှု ရှိခဲ့၏။
၎င်းအပြင် ဝယ်လိုအားကလည်း မြင့်မားနေသည့်အတွက် ဈေးကွက်တွင် ဂျင်ဆင်းရိုင်းများက မြင်သာသည့် အမြန်နှုန်းဖြင့်ပင် လျော့နည်းလာနေသည်။
မနှစ်တုန်းက ဝမ်တဲ့ချွမ်၏ ဆေးဖက်ဝင်အပင် ကုမ္ပဏီသည် ဂျင်ဆင်းရိုင်း ပေါင် ၅၀ မျှသာ ဝယ်ယူနိုင်ခဲ့သည်။
သက်တမ်း နှစ် ၂၀၀ ရှိသည့် ဂျင်ဆင်းရိုင်းက လိုအပ်နေသူတို့အား ရူးသွပ်သွားစေဖို့ လုံလောက်၏။
သို့ပေမယ့် ဝမ်တဲ့ချွမ်မှာမူ ၎င်း၏ အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၌ အကြီးအကျယ် စိတ်ပျက်သွားခဲ့ရသည်။
ဂျင်ဆင်း၏ အမြစ်က ပြီးပြည့်စုံမှုမရှိဘဲ အခြေအနေက အတော်လေး ပြင်းထန်လှ၏။ ခိုင်းနှိုင်းပြီးပြောရမည်ဆိုပါက အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာ ရှိနေသည့် ပြိုင်ကား အင်ဂျင်ကဲ့သို့ပင်။
မောင်းနှင်၍ ရနေသော်လည်းပဲ ၎င်း၏ စွမ်းဆောင်ရည်ကတော့ အဆင့်တစ်ခုလောက်အထိကို ကျဆင်းသွား၏။
ဂျင်ဆင်းမြစ်များ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည်က ၎င်း၏ တန်ဖိုးနှင့် အစွမ်းသက်ရောက်မှုက သုံးပုံနှစ်ပုံခန့်မျှ လျော့နည်းသွားစေသည်။ နှမြောစရာပင်။
“ ဒေါက်တာချန် … ဒီဂျင်ဆင်းက တန်ကြေးမရှိတော့ဘူး … သွာကြစို့ …”
ဝမ်တဲ့ချွမ် အကြံပြုလိုက်သည်။
“ ခဏလေး …”
ချန်ယွီ့ အကြည့်မလွှဲဘဲ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေခဲ့သည်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာ စာအုပ်တွင် စိတ်ဝိဉာဏ်ပစ္စည်း တစ်ခုချင်းစီတိုင်းကို အသေးစိတ် မိတ်ဆက်ပေးထားသည့် အခန်း ရှိ၏။
အနှစ် ငါးဆယ်ကျော်သည့် ဂျင်ဆင်းများအားလုံးတွင် ဝိဉာဏ်ချီစွမ်းအင်တို့ ရှိနေပြီး … ဤဂျင်းဆင်းရိုင်းထဲရှိ ဝိဉာဏ်ချီစွမ်းအင်တို့က ပျောက်ရှသွားခဲ့ပြီလား ဆိုတာကို ချန်ယွီ့ အရင်ဆုံး အတည်ပြုဖို့ လိုသည်။
အကယ်၍ ကျန်ရစ်နေဦးမည်ဆိုပါက ၎င်း၏ အမြစ်များ၌ ပြဿနာ ရှိနေလျှင်ပင် ချန်ယွီ့ ပိုက်ဆံသုံးပြီး ဝယ်ဖို့ရာ ဆန္ဒရှိသည်။
အကယ်၍ ပျောက်ဆုံးနေပြီးသား ဖြစ်မည်ဆိုလျှင်တော့ …
အလကား လာပေးခဲ့လျှင်ပင် လက်ခံလိမ့်မှာ မဟုတ်ချေ။
တက်ရောက်လာကြသည့် ဧည့်သည်တော်များထဲတွင် ကျွမ်းကျင်သူတို့ကလည်း အများအပြား ပါဝင်သည်။
ဂျင်ဆင်းက ထိခိုက်ထားသည်ကို သတိပြုမိတော့ သူတို့ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုတို့က ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ရှသွားခဲ့ကြတော့သည်။
စက္ကန့်များ ကုန်လွန်လာခဲ့ပြီး သုံးမိနစ် ကြာလာပြီးသည့်တိုင် လေလံဆွဲသူ တစ်ဦးမျှ ထွက်ပေါ်မလာချေ။
လေလံမှူးမှာ ကူကယ်ရာမဲ့နေခဲ့၏။
အတွေ့အကြုံရင့်ကျက်သည့် လေလံမှူး တစ်ယောက်အနေဖြင့် သူသည် ရှားပါး ရတနာမျိုးစုံကို တွေ့ဖူးခဲ့၏။
ငါးပိုင်း ပိုင်းခြင်းကို ခံထားရသည့် နှစ် ၁၀၀ ဂျင်ဆင်းကိုပင် သူ လေလံတင်ခဲ့ပေးဖူးသည်။
ထို့ကြောင့် ဂျင်ဆင်းက ထိခိုက်ထားသည်ကို သူ့အတွက် ပြောဖို့ မခက်ခဲချေ။
သို့ပေမယ့် အခြားနည်းလမ်းကား မရှိ။ ၎င်း၏ ပိုင်ရှင်က ကြမ်းခင်းဈေးကို ၁.၅ သန်းဟု သတ်မှတ်ထားသည်။ ထိုသူက ဂျင်ဆင်းရိုင်း၏ ပြဿနာကို ကျော်ခွပြီး ၎င်း၏ သက်တမ်းအကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့၏။
ယခင်က နှစ် ၂၀၀ ကျော် ဂျင်ဆင်းရိုင်းကို သုံးသန်းကျော်ဖြင့် ရောင်းချခဲ့ဖူးကြောင်းပင် ပြောဆိုနေခဲ့သေး၏။
“ ၁.၇ သန်း …”
တစ်မိနစ်ခန့်ကြာပြီးနောက်တွင် လူတစ်ဦးက လေလံပေးလာသည်။
ချက်ချင်းဆိုသလို လူတိုင်း၏ အကြည့်က ထိုသူထံသို့ ကျရောက်သွားခဲ့သည်။
လေလံပစ်သူက အသက် လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်၏။
သူက လေလံပွဲခန်းမ၏ ရှေ့ဆုံးတန်း၌ ထိုင်နေသည်။ သက်လတ်ပိုင်း အမျိုးသားမှာ လူအုပ်ကြီး၏ ထူးဆန်းသည့် အကြည့်များကို လျစ်လျူရှုထားဟန်ရ၏။
“ ဒေါက်တာချန် … တစ်ယောက်ယောက်ကတော့ ဈေးစခေါ်နေပြီ …”
“ ခေါ်လိုက် …”
“ အိုကေလေ ..”
ခေါ်လိုက် ဆိုသည့် စကားလုံးကိုကြားတော့ ဝမ်တဲ့ချွမ်လည်း ကူကယ်ရာမဲ့စွာဖြင့် လေလံကတ်ကို မြှောက်၍ ၁.၉ သန်းဟု အော်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသားက ဝမ်တဲ့ချွမ်ကို လှည့်ကြည့်လာခဲ့ပြီး ကတ်ကို တစ်ဖန်မြှောက်လိုက်သည်။
သူက ဈေးကို နောက်ထပ် ယွမ် နှစ်သိန်းပိုပေးလိုက်၏။
အနာအဆာရှိသည်မှာ သိသာလှပြီး တစ်စုံတစ်ယောက်က ယင်းကို လေလံဆွဲသည်ကပင် အတော်လေး ရှားပါးလှပြီ ဖြစ်ရာ မည်သို့သောသူကများ အဘယ်ကြောင့် ပို၍ ဈေးမြင့်ပြီး ပေးလာခဲ့ရသနည်း။