← Chapters

မျောက်မင်းမနေနိုင် ချိုချဉ်

Vol. 21 Ch. 206

မျောက်မင်းမနေနိုင် ချိုချဉ်

Vol. 21 Ch. 206

ကုတင်အိပ်ရာဘက်သို့ လျှောက်လှမ်းသွားရင်း ချန်ယွီ့က ပြုံးလျက် “ အဘိုး … ကျုပ်တို့ ပြောတာတွေ ခင်များ ကြားတယ်မလား ….”

“ ခင်များက ဆယ်စုနှစ်နဲ့ ချီပြီး အဆိပ်ရှိတဲ့မှိုတွေ စားခဲ့တော့ အဘိုးရဲ့ ခန္ဓာထဲမှာ အဆိပ်ပမာဏက အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်နေပြီ ….”

“ အဘိုး အဲ့ဒီ စားတဲ့အကျင့်ကို လုံးဝ ဖျောက်ဖျက်ဖို့ စိတ်ဆုံးဖြတ်ပြီးသားလား ….”

ဤစကားကြားတော့ ကုတင်ပေါ် လဲလျောင်းနေသည့် အကြီးအကဲကျောက်က အခက်တွေ့နေသည့် အမူအရာဖြင့်

“ ငါကြိုးစားပေးလို့ရတယ် ဒေါက်တာချန် … ဒါပေမယ့် အာမတော့ မခံပေးနိုင်ဘူး ….”

“ အဖေ … ခင်များ အဲ့မှိုတွေ ထပ်မစားပါနဲ့တော့ဗျာ …”

“ ကျုပ်တောင်းပန်နေတာပါ …” ကျောက်ကျင်းချွမ်က မျက်ရည်များ စီးကျလာပြီး လည်ချောင်းသံကြီးဖြင့် ပြောလိုက်သည်။ “ အဖေစားချင်တာ မှန်သမျှ ကျုပ် ဖြည့်ဆည်းပေးနိုင်တယ် … ဒါပေမယ့် အဲ့မှိုတွေတော့ ထပ်မစားပါနဲ့တော့ဗျာ …”

“ သား … မင်းက သိတတ်တဲ့သားမှန်း အဖေသိတယ် … အဖေမင်းကို ပြဿနာ မပေးချင်ဘူး …”

“ ဒါပေမယ့် … ဒါပေမယ့် အဖေမှ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တာ ….”

အကြီးအကဲကျောက်က နာကျင်စွာဖြင့် မျက်လုံးများကို စုံမှိတ်လိုက်သည်။

ငယ်စဉ်တုန်းက မိသားစု ဘ၀ အခြေအနေမှာ အင်မတန် ခက်ခဲခဲ့၏။

နှစ်တိုင်းနှစ် ခြံထွက်ရိက္ခာတို့က သူတို့ မိသားစုအဖို့ ကိုးလသီတင်းစာမျှသာ ဖူလုံသည်။

အစားအသောက် ပြတ်လပ်သည့် အချိန်များ၌ မိသားစုက အခြားသော အရာများကို စားသောက်ရသည်။

သူ အများဆုံး စားသောက်သည့်အရာကတော့ မှိုရိုင်းများ ဖြစ်၏။

နောက်ပိုင်း၌ မိသားစု စီးပွားရေး အခြေအနေက တစ်နေ့တစ်ခြား ကောင်းမွန်လာသော်လည်း အကြီးအကဲကျောက်၏ ထမင်းစားပွဲတွင်တော့ မှိုတို့က အမြဲ ပြည့်နှက်နေလျက်ပင်။

အကယ်၍ မှိုမစားဘူးဆိုပါက စိတ်ထဲ တစ်မျိုးလိုနေသလိုပင်။

သူ မှိုရိုင်းများ စားသောက်လာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာပြီ ဖြစ်၏။

စွဲလမ်းမှုက အသွေးထဲ အသားထဲထိကို ရောက်နှင့်နေလေပြီ။

ထို့ကြောင့် အကြီးအကဲကျောက်က ယခုတစ်ကြိမ် သားဖြစ်သူနှင့် တစ်ခြားတစ်နေရာသို့ ပြောင်းရွေ့လာသည့်အချိန် မှိုအိတ်အနည်းငယ်ခန့်ကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။

မှိုရိုင်းများက အဆိပ်ရှိလား မရှိလား ဆိုတာကိုလည်း သူ လုံးဝ ဂရုမစိုက်။ သူတို့ဇာတိထုံးစံအရ မှိုရိုင်းများကို သေချာ ဂရုတစိုက် မချက်ပြုတ်၍သာ အဆိပ်သင့်ရခြင်းပင်။

အတွ့အကြုံရင့်ကျက်နေသည့် ဒေသခံတို့က အဆိပ်သင့်သည့် ဖြစ်ရပ်မျိုး ဖြစ်လာခဲ့မှာ မဟုတ်ချေ။

“ သား … မင်းအခု ကြီးပြင်းလာပြီ … အလုပ်အကိုင် ကောင်းကောင်း တစ်ခုလည်း ရှိနေပြီ … အဖေ့မှာ ဘာနောင်တရစရာမှ မရှိတော့ဘူး….”

“ မင်း အဖေ့ကို သွားခွင့်ပေးလိုက်ပါတော့ …”

အကြီးအကဲကျောက်က သူ့သားကို ဝန်ထုပ်ဝန်ထိုး မဖြစ်စေလိုပေ။ သို့ပေမယ့် ဆယ်စုနှစ်များစွာကြာအောင် စွဲလမ်းစားသောက်လာသည့် အစားအသောက်အပေါ် ယတိပြတ် စွန့်လွှတ်လိုက်ပါမည်ဟုလည်း အာမ မခံပေးနိုင်ချေ။

ချန်ယွီ့ စကားကို သူလည်း နားလည်သည်။ ချန်ယွီ့က ဤတစ်ကြိမ် သူ့အား ကူညီပေးလိုက်နိုင်သော်လည်း နောက်တစ်ကြိမ်တွင်တော့ ကူညီပေးနိုင်မှာ မဟုတ်ချေ။

အရေးကြီးဆုံးကတော့ မှိုရိုင်းများအား နှစ်ခြိုက်သည့် သူ၏ အကျင့်ကို ဖျောက်ဖျက်ပစ်နိုင်မလားဆိုတာပင်။ အကယ်၍ သူက မစွန့်လွှတ်နိုင်ခဲ့ဘူးဆိုပါက အချည်းနှီးသာလျှင် ဖြစ်သွားလိမ့်မည်။

သူ့သားက ယခု အရွယ်ရောက် ကြီးပြင်းလာပြီ ဖြစ်ပြီး မြင့်မားသည့် ဝင်ငွေနှင့် အဆင့်အတန်းရှိသည့် အလုပ်တစ်ခုလည်း ရှိသည်။

သူ ယခုအချိန် ထွက်ခွာသွားခဲ့လျှင်ပင် ကွယ်လွန်သွားသည့် သူ့ဇနီးနှင့် ကျောက်မိသားစု၏ ဘိုးဘေးများကို ဂုဏ်ယူဝင့်ကြွားစွာ မျက်နှာပြနိုင်သည်။

“ ဒေါက်တာချန် .. ကျေးဇူးပြုပြီး နည်းလမ်းရှာပေးပါဦးကွာ … ငါ … ငါ … အဖေငါ့ကို ထားသွားမှာ မကြည့်ရက်လို့ပါ …. "

ကျောက်ကျင်းချွမ်က ဒူးထောက်ချပြီး တောင်းပန်လိုက်သည်။

ချန်ယွီ့က လက်ဆန့်တန်း၍ ကျောက်ကျင်းချွမ်၏ ကိုယ်ကို ထိန်းထားပေးလိုက်ပြီး “ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခင်များရဲ့ အဖေက ပြီးခဲ့တဲ့ အတိတ်ကို လွမ်းဆွေးတသဿဖြစ်နေတဲ့ စိတ်စွဲလမ်းမှုပဲ …”

“ ဟင် … ဘာကို ပြောချင်တာလဲ ဒေါက်တာချန် …”

“ စိတ်စွဲလမ်းမှုဆိုတာက တစ်စုံတစ်ခုအပေါ် စိတ်ပိုင်းဆိုင်ရာအရ အချိန်အကြာကြီး မှီခိုမှုကို ဆိုလိုတယ် …”

ချန်ယွီ့ ရှင်းပြလိုက်ပြီး “ ခင်များရဲ့ အဖေက မှိုရိုင်းတွေ စားရတာကို နှစ်သက်တယ် … ဒီတော့ ခင်များလည်း အရင်က အဲ့မှိုတွေ စားဖူးလောက်မှာပေါ့ ဟုတ်တယ်မလား …”

“ နည်းနည်းပါးပါးပေါ့ …” ‌ကျောက်ကျင်းချွမ် ခေါင်းညိတ်လိုက်သည်။

“ မဟုတ်မှလွဲရော မှိုရိုင်းတွေကို အချိန်တစ်ခုလောက် စွဲပြီး စားတဲ့နောက်မှာ မစားရ မနေနိုင်တဲ့အထိ စွဲလမ်းသွားတာများလား ….”

“ အဲ့လို မဟုတ်ဘူး …”

“ တောင်ပေါ်မှာ ပေါက်တဲ့ မှိုရိုင်းတွေက ခန္ဓာကိုယ်ကို မစားရမနေနိုင်တဲ့အထိ စွဲလမ်းမှုကို မဖြစ်စေဘူး …” ချန်ယွီ့ လက်ဝှေ့ယမ်းလိုက်ပြီး “ ခင်များအဖေရဲ့ စိတ်စွဲလမ်းမှုက မှိုရိုင်းတွေကို ဆယ်စုနှစ်နဲ့ချီပြီး စားခဲ့တာကြောင့်ပဲ ….”

“ သူ ငယ်ငယ်တုန်းက မှိုရိုင်းတွေကို ဖြည့်စွက် စားစရာအနေနဲ့ စားသုံးခဲ့တယ် … နောက်ပိုင်းမှာ တစ်နေ့ သုံးနပ် မစားရမနေနိုင်တဲ့ အမယ်တစ်ခု အနေနဲ့ ဖြစ်လာခဲ့တယ် …”

“ ဒါက စိတ်စွဲလမ်းမှုပဲ …”

“ မှိုရိုင်းတွေကို စားသုံးတာက သူ့ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလိုတောင် ဖြစ်လာနေပြီ … စွန့်လွှတ်လိုက်ဖို့က အင်မတန် ခဲယဉ်းတယ် …”

ချန်ယွီ့သည် ကျောက်ကျင်းချွမ်အား မှိုရိုင်းများက ဆေးလိပ်နှင့် အရက်များကဲ့သို့ လူ၏ ခန္ဓာကိုယ်ကို မစွဲလမ်းစေကြောင်း ရှင်းပြလိုက်သည်။

သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုက ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းစေသည်ထက်ပင် ပို၍ ပြဿနာများလှ၏။

“ မင်းပြောတာကို ငါ သိပ်တော့ နားမလည်ဘူး ဒေါက်တာချန် .. ငါ ဘာလုပ်သင့်လဲဆိုတာပဲ ပြောပြပေးပါလား ….”

“ ငါ့အဖေကို ကုသပေးပြီး သူ ဒီအကျင့်ဆိုးကို စွန့်လွှတ်နိုင်မယ် ဆိုသရွေ့ ဘာပဲဖြစ်ဖြစ် ကတိပေးတယ် …”

“ ဆရာဝန် တစ်ယောက်အနေနဲ့ လူနာအတွက် မျှော်လင့်ချက် နည်းနည်းလေးပဲ ရှိတယ်ဆိုရင်တောင် ကျုပ် လက်မလျှော့ပါဘူး …” ချန်ယွီ့က အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်ပြီး “ ကျုပ်ရဲ့ ဆေးခန်းမှာ ခင်များအဖေရဲ့ လက်ရှိ စိတ်စွဲလမ်းမှု ရောဂါအတွက် သင့်လျော်မယ့် ဆေးတစ်မျိုး ရှိတယ် …”

“ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျုပ်နဲ့လိုက်ခဲ့ …”

“ အဲ့ဒါက အရင်ဆုံး သူ့ရဲ့ စိတ်စွဲလမ်းမှုရောဂါကို ပပျောက်စေမယ် … ပြီးမှပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို ကုသမယ့်အကြောင်း ဆက်ပြောကြတာပေါ့ ….”

“ ရတယ် ရတယ် … ငါ အဆင်ပြေတယ် … အခု သွားကြမယ်လေ ….”

ကျောက်ကျင်းချွမ်က အလျင်အမြန် ခွန်းတုံ့ပြန်လိုက်သည်။

“ ခဏလေး … ကျုပ် စကားမဆုံးသေးဘူး …”

“ ကျုပ်ရဲ့ ဆေးက သာမန်ဆေးတွေနဲ့ မတူဘူး …” ချန်ယွီ့ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ ကန့်သတ်တားမြစ်ထားတဲ့ အရာတွေ အများကြီး ရှိတယ် ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က လက်သုံးချောင်း ဆန့်တန်း၍ “ ပထမ တစ်ချက် …၊ ကျုပ်ပေးတဲ့ ဆေးကို သောက်နေချိန်မှာ ဆေးဆေးချင်း ဓာတ်မတည့်မှုတွေ မဖြစ်ပေါ်လာစေရေးအတွက် ခင်များအဖေက တခြားဆေးတွေကို သောက်လို့ မရဘူး …”

“ ဒုတိယတစ်ချက် …၊ ခင်များ သူ့ကို ကျွေးတဲ့ အစားအသောက်တွေက ပေါ့ပါးပြီး အစာကြေလွယ်တာမျိုး ဖြစ်ရမယ် … ပြီးတော့ ခင်များအဖေကို မှိုစွပ်ပြုတ်လေး နည်းနည်းလောက် တိုက်လိုက်ပါမယ်လို့ တွေးတောင်မတွေးနဲ့ … ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်တာနဲ့ အရင် ကြိုးပမ်းခဲ့တာတွေ အကုန်လုံး သဲထဲရေသွန်ပဲ …”

ကျောက်ကျင်းချွမ် ဆက်တိုက် ခေါင်းညိတ်လိုက်သည်။

ချန်ယွီ့ ပြောသွားသည်များအား နှလုံးသားထဲ တံဆိပ်ခတ်နှိပ်ထားသည့်နှယ် မှတ်သားထားလေသည်။

“ တတိယ စည်းမျဉ်းကတော့ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဆေးကို တစ်နေ့သုံးကြိမ် ၂၁ ရက်တိတိ စွဲပြီး သောက်ရမယ် … သောက်တာကို လုံးဝ မရပ်လိုက်ရဘူး … တစ်ကြိမ်လေး ဆိုရင်တောင်မှနော်…”

“ တစ်ခါလေး လွဲမှားချော်မှား ဖြစ်တာနဲ့ ကျုပ်တို့ အရင် ကြိုးပမ်းထားတာတွေ အကုန် အလကားဖြစ်သွားလိမ့်မယ် ….”

“ နားလည်ပြီ … အခုချက်ချင်း ဆေးသွားယူကြစို့ …”

ကျောက်ကျင်းချွမ် အလျင်အမြန် ပြောဆိုလိုက်သည်။

“ ဆေးသောက်နေတဲ့အချိန်မှာ ခင်များရဲ့ အဖေက အမျိုးမျိုး အဖုံဖုံ ရုန်းကန်ပြီး ငြင်းဆန်လာနိုင်တယ် … ကျိန်ဆဲတာ ၊ ဒါမှမဟုတ် တောင်းပန်တာ ၊ ဒါပေမယ့် ခင်များ လုံးဝလုံးဝ စိတ်ပျော့လို့ မရဘူးနော်… ခင်များရဲ့ အဖေမှာက စိတ်စွဲလမ်းမှုကို တောင့်ခံနိုင်တဲ့ အင်အားမျိုး မရှိဘူး … ဒီတော့ ခင်များက သူ့ကို ကူညီပေးရမယ် …”

ချန်ယွီ့၏ သတိပေးစကားကို ကြားတော့ ကျောက်ကျင်းချွမ် အာမခံလိုက်သည်။ “ ငါ မနက်ဖြန် သူဌေးကို ဖုန်းဆက်ပြီး ခွင့်တစ်လတိုင်လိုက်မယ် … အိမ်မှာနေပြီး ငါ့အဖေကို ဂရုစိုက်ပေးမယ် … ဒါဆိုရင် ဆေးသောက်တဲ့ အလုပ်ကို သူ ဖျက်လိုဖျက်စီး လုပ်နိုင်မှာ မဟုတ်တော့ဘူး …”

“ ငါ့အဖေကို ဘယ်မှိုမှလည်း မစားစေရဘူး …”

“ ဒေါက်တာက ရောဂါကိုပဲ ကုသပေးနိုင်မယ် …” ချန်ယွီ့ သတိပေးလိုက်ပြီး “ လူနာ ရှင်သန်နိုင်တာ မရှင်သန်နိုင်တာက လူနာ မိသားစုဝင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ်မှာလည်း အများကြီး မူတည်နေသေးတယ် ….”

“ ကျုပ် အခုလေးတင် ပြောသွားတဲ့ တားမြစ်ချက် သုံးရပ်ကို အမှတ်ရပါ … အဲ့ထဲ တစ်ချက်ကိုမှ မဖောက်ဖျက်မိစေနဲ့ …”

“ ဟုတ် ဟုတ် … သဘောပေါက်ပါတယ် ဒေါက်တာချန် …”

ပြီးသည့်နောက် ကျောက်ကျင်းချွမ်က အိမ်အကူများအား ခေါ်၍ သူ့အဖေအား‌ သေချာစောင့်ကြည့်ထားရန် ညွှန်ကြားလိုက်သည်။

သူ ပြန်မရောက်မီ အချိန်အထိ အိမ်အကူများအား ဘယ်ကိုမှ မသွားကြဖို့ မှာကြားထားလိုက်၏။

မီးဖိုချောင်စတိုခန်းထဲတွင် သူ့အ‌ဖေ ဇာတိက ဝယ်ယူလာခဲ့သည့် မှိုများ ပြည့်နှက်နေအောင် ရှိနေပြီး … ထိုအရာများကိုတော့ ကျောက်ကျင်းချွမ် အိမ်ပြန်ရောက်သည့်အချိန်ကျမှ ဖျက်စီးပစ်ဖို့ ဆုံးဖြတ်လိုက်၏။

တစ်နာရီကျော်ကြာပြီးနောက် ကားနှစ်စင်းက စိတ်ကျန်းမာရေး ဆေးခန်း ဝင်ပေါက်ဝသို့ ရောက်ရှိလာသည်။

ချန်ယွီ့ အထဲသို့ ဝင်သွား၏။

ပြန်ထွက်လာသည့် အချိန်၌ ချိုချဉ်ဘူးတစ်ခုက သူ့လက်ထဲပါလာသည်။

ချန်ယွီ့လက်ထဲရှိ ပစ္စည်းကို မြင်တော့ ကျောက်ကျင်းချွမ်၏ ဦးခေါင်းထဲတွင် မေးခွန်းသင်္ကေတတို့ ပြည့်နှက်သွားခဲ့သည်။

“ ဒေါက်တာချန် … မင်းမှားများ ယူလာမိသေးလား … ဒါက မျောက်မင်းမနေနိုင် ချိုချဉ်မဟုတ်လား …”

“ မဟုတ်ဘူး … ဒါ အဆိပ်ပြယ်ဆေးပဲ …”

“ ခင်များ မျက်လုံးထဲမှာတော့ ဒါက ချိုချဉ်တစ်ဘူးလို့ ဖြစ်ကောင်းဖြစ်နေမှာပေါ့ …” ချန်ယွီ့က အလျင်မလိုဘဲ မနှေးမမြန် လေသံဖြင့် ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ဒါက အဆိပ်ပြယ်စေပြီး ရောဂါကို ကုသပေးတဲ့ ဆေးတစ်မျိုးပဲ ….”

“ ချိုချဉ်တွေက အဆိပ်ပြယ်စေပြီး ရောဂါကို ကုသပေးနိုင်တယ် ဟုတ်လား …”

ကျောက်ကျင်းချွမ်က ချန်ယွီ့လက်ထဲရှိ မျောက်မင်းမနေနိုင် ချိုချဉ်ကို လှမ်းယူလိုက်သည်။ သူ ၎င်းကို အထက်အောက် ဘယ်ညာ ဘက်ပေါင်းစုံမှ သေချာနေအောင် ကြည့်သည်။

သူ ဘယ်လိုပဲ ကြည့်နေပါစေ၊ ဤသည်က ဤအတိုင်း ချိုချဉ်ဘူးမျှသာ ဖြစ်၏။

ဘူး၏ ရှေ့ဘက်ခြမ်းတွင် ‘ မျောက်မင်းမနေနိုင် ချိုချဉ်’ ဟု စာလုံးအကြီးစားဖြင့် ရေးသားထားပြီး ၎င်းဘေးဘက်ခြမ်းတွင် မျောက်မင်းကာတွန်းပုံကို ကပ်ထားလေသည်။

အောက်တွင်လည်း စာလုံးအသေးဖြင့် ရေးသားသေး၏။

နွယ်ချိုနှင့် လိမ္မော်အရသာ။

သတ်တမ်းကုန်ဆုံးရက်က နှစ်လအတွင်းဖြစ်၏။

All Chapters