← Chapters

အဆုံးစီရင်မှု မြင်ကွင်းရှေ့ရှိ အကောင်းနှင့်အဆိုး

Vol. 21 Ch. 207

အဆုံးစီရင်မှု မြင်ကွင်းရှေ့ရှိ အကောင်းနှင့်အဆိုး

Vol. 21 Ch. 207

အသက်သုံးဆယ်ကျော်ထဲ ရောက်ရှိနေသည့် ကျောက်ကျင်းချွမ်သည် ရှစ်ဆယ်ခုနှစ်ဖွားဖြစ်၏။

ဤသို့သော စားစရာမျိုးကို သူလည်း ယခင်က စားခဲ့ဖူးပါသည်။

“ ညီကိုကျောက် …” ဝမ်တဲ့ချွမ်က ပြုံးလျက် “ ဒေါက်တာချန်က ဆေးလို့ ပြောရင် ဆေးပဲပေါ့ ညီရာ … မင်းက ဘာတွေ အတွေးနက်နေတာ ….”

“ မြန်မြန် ပိုက်ဆံပေးလိုက်တော့ …”

ဝမ်တဲ့ချွမ်ကား ဟန်ကျိုးမြို့၌ နာမည်ကြီး လူသိများသည့် တိုင်ကွန်းကြီး ဖြစ်၏။ ထိုသူကိုယ်၌ကပင် ပြောလာခဲ့ပြီ ဖြစ်ရာ ကျောက်ကျင်းချွမ်လည်း တုံ့ဆိုင်းမနေတော့ပေ။

ချက်ချင်းပဲ ဖုန်းထုတ်၍ ချန်ယွီ့ထံသို့ ယွမ်တစ်သိန်း လွှဲပေးလိုက်သည်။

“ တစ်နေ့ သုံးကြိမ် ၊ ၂၁ ရက်တိတိနော်….”

ချန်ယွီ့ ကျောက်ကျင်းချွမ်ကို ထပ်မံ၍ သတိပေးလိုက်သည်။

“ တစ်ရက်လည်း မပိုစေနဲ့ ၊ တစ်ရက်လည်း မလိုစေနဲ့ ….”

“ ကောင်းပြီ ဒေါက်တာချန် … ငါ့အဖေ ပြန်သက်သာသွားတဲ့ အခါကျရင် လူကိုယ်တိုင်ရောက်လာပြီး ကျေးဇူးတင်ဖို့ လာလည်ပါဦးမယ် …”

သူ့ဖခင်၏ အခြေအနေကို စိုးရိမ်ပူပန်သောကြောင့် ကျောက်ကျင်းချွမ်သည် အချိန်ကြာမြင့်စွာ မနေဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ကျောက်ကျင်းချွမ်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း ဝမ်တဲ့ချွမ်က စိတ်ခံစားချက်များနှင့်ပြောလိုက်၏။

“ ဒီနေ့ခေတ်ကြီးမှာ သူ့လို သိတတ်တဲ့ သားမျိုးက ရှားမှရှားသွားပြီ …”

“ ဥက္ကဌဝမ် … နောက်တောင်ကျနေပြီ …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များလည်း ပြန်ပြီး အနားမယူတော့ဘူးလား ….”

ထွက်ခွာတော့မည့် ဝမ်တဲ့ချွမ်မှာ သူ လေလံပွဲ၌ ဝယ်ယူထားသည့် အရာကို အမှတ်ရတော့ “ ဒေါက်တာချန် .. ငါ … မနက်ဖြန်ကျရင် ဘဏ္ဍာရေး ဌာနကို လေလံပွဲကျင်းပသူတွေ အကောင့်ထဲ ငွေလွှဲခိုင်းလိုက်မယ် … ပစ္စည်းတွေ ပို့ပေးလာတဲ့ အချိန်ကျရင် မင်းဆီ ငါကိုယ်တိုင် ယူလာခဲ့ပေးမယ် …”

“ အလျင်မလိုပါဘူး … ခင်များ သင့်လျော်မယ်ထင်သလိုသာ လုပ်ပါ …”

ဝမ်တဲ့ချွမ်ထံသို့ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီးနောက် ချန်ယွီ့ သူ့ဆေးခန်းထဲသို့ ပြန်ရောက်ကာ ကိုယ်လက်သန့်စင်ပြီး သွားတိုက်လိုက်သည်။

ယနေ့ညတွင်တော့ သူ တော်တော်များများ ရရှိခဲ့၏။

ဦးဆုံးအနေနှင့် လေလံပွဲမှ သူ လိုချင်သည့် အရာများကို ရရှိခဲ့သည်။

၎င်းတို့အနက် ချန်ယွီ့အား ပျော်ရွှင်စေဆုံးကတော့ သက်တမ်း နှစ် ၂၀၀ ဂျင်ဆင်းရိုင်းပင်။

များပြားလှသည့် ကုသိုလ်များနှင့် ကံကောင်းမှုတို့အား စုဆောင်း၍ အစောပိုင်း အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ အချိန်မရွေး ထိုးဖောက်နိုင်နေလေပြီ။

ရေရာ သေချာသည့် အဆင့်တက်ရောက်မှု ရှိစေရေးအတွက် ချန်ယွီ့ ကုန်ကြမ်း တစ်ချို့ ရှာဖွေ၍ အစီအရင် တစ်ခု တည်ဆောက်ပြီး အဆင့်တက်ရောက်မှု အတွက် ခက်ခဲမှုကို လျှော့ချဖို့ စဉ်းစားထားသည်။ ထိုအတွက် ဆေးအမယ်များနှင့် သူ၏ ကျင့်ကြံမှုကို တိုးမြင့်ဖို့ နည်းလမ်းများကိုလည်း စဉ်းစားထားပြီး ဖြစ်၏။

“ ဝီးဝေါ် ဝီးဝေါ် ဝီးဝေါ် ….”

အချိန်မည်မျှကြာအောင် အိပ်စက်မိခဲ့မိမှန်းမသိ။ သတိပေး အချက်ပြသံများကြောင့် ချန်ယွီ့ အိပ်ရာမှ ရုတ်တရက် နိုးထလာခဲ့သည်။

ဘေးရှိ ဖုန်းကို ယူကြည့်လိုက်တော့ မနက် ၆ နာရီခွဲမျှသာ ရှိသေးလေသည်။

အပြင်ဘက်ရှိ ဆူညံသံများက နားထဲသို့ စူးရှစွာ ထိုးခွင်းဝင်ရောက်နေပြီး ရဲကားနှင့် လူနာတင်ယာဉ်အသံများကဲ့သို့ အလျင်လိုနေဟန် ရ၏။

သိချင်စိတ် ပြင်းပြစွာဖြင့် ချန်ယွီ့ ဒုတိယထပ် ပြတင်းပေါ်အနားသို့ နောက်လာခဲ့သည်။

လိုက်ကာကို ဆွဲတင်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တော့ သူ့ရှေ့မှာပဲ မီးသတ်ကား သုံးစင်းက လျင်မြန်သည့် အရှိန်ဖြင့် ဖြတ်သန်းသွားခဲ့၏။

မနက်စောစော အိပ်ရာထလေ့ရှိကြသည့် မြို့သူမြို့သားများကလည်း မီးသတ်ကားများနောက် လိုက်ပါသွားကြလေသည်။

“ ဘာဖြစ်လို့ပါလိမ့် …”

ပဟေဠိဖြစ်စွာ ခံစားနေရရင်း … ချန်ယွီ့ အောက်သို့ ဆင်းပြီး တစ်ချက်ကြည့်ဖို့ရာ ဆုံးဖြတ်လိုက်သည်။

အဝတ်အစားလဲပြီးနောက် ဆိုင်တံခါးကို ဖွင့်၍ လမ်းမထက်သို့ တက်လာခဲ့၏။

အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း ချန်ယွီ့ မျက်မှောင်ကြုတ်မိသွားခဲ့သည်။

မြစ်လမ်းနှင့် မီတာ နှစ်ရာအကွာတွင် ဆောက်လုပ်ပြီးစီးခြင်း မရှိသေးသည့် စီးပွားဖြစ် အဆောက်အဦး တစ်လုံး ရှိ၏။

၎င်း၏ ခေါင်မိုးထပ်တွင် မိမိကိုယ်ကို အဆုံးစီရင်ချင်နေသည့် မိန်းမငယ်လေး တစ်ဦး ရှိနေသည်။

သာမန်လူများက ထိုမျှ အလှမ်းဝေးသည့် အကွာအဝေးသို့ မမြင်နိုင်သော်လည်းပဲ ကျင့်ကြံသူ ဖြစ်လာပြီး နောက်ပိုင်းတွင် ထိုမျှ အကွာအဝေးလောက်ကတော့ ချန်ယွီ့အတွက် ပါမွှားလေးပဲ ဖြစ်၏။

အမျိုးသမီးက ခေါင်းမိုးထိပ်တွင် ငူငူငိုင်ငိုင်ကြီး ဖြစ်နေသည်။ သူမ၏ မျက်နှာက အသက်မပါတော့ဘဲ ဘဝကို မည်သည့်ရည်မှန်းချက်တို့မျှ မရှိ၊ အချည်းနှီး ရှင်သန်နေရသူကဲ့သို့ ဖြစ်နေခဲ့သည်။

မီးသတ်ကား သုံးစင်းက အဆောက်အဦးနားသို့ လျင်မြန်စွာ ထိုးရပ်လာခဲ့ပြီး အသက်ကယ် လေအိတ်ကူရှင်ကို သူမ ပြုတ်ကျလောက်မည့် နေရာ၌ ချခင်းထားလိုက်သည်။

လူနာတင်ယာဉ်တစ်စင်းကလည်း အနီးအနားတွင် အဆင်သင့် စောင့်ဆိုင်းနေသည်။

ရာနှင့်ချီသည့် ကြည့်ရှုသူတို့က အောက်တွင် စုဝေး၍ ခေါင်မိုးထိပ်ရှိ မိန်းကလေးအား မော့ကြည့်နေကြသည်။

“ မိန်းကလေး …. လောကကြီးထဲ မကျော်ဖြတ်နိုင်တဲ့ အခက်အခဲ အတားအဆီးဆိုတာ မရှိဘူး … ကိုယ့်မိဘတွေကို ပြန်စဉ်းစား ၊ ကိုယ့်ဆွေမျိုးနဲ့ သူငယ်ချင်းတွေကို ပြန်တွေးကြည့်ဦး …”

“ ကျေးဇူးပြုပြီး ဆင်းလာခဲ့ပါ … မင်းမှာ တစ်ခုခု မကျေနပ်တာရှိရင်လည်း ငါတို့ကို ပြောပြလို့ရတယ် …”

ဆံပင်အဖြူရောင်နှင့် လူအိုကြီးက တုတ်ကောက်ကို အမှီသဟဲပြုရင်း မိန်းမငယ်လေးအား ရူးမိုက်သည့် အရာတို့ မပြုလုပ်မိရန် အကြံပေးနေခဲ့သည်။

“ ထားလိုက်စမ်းပါ အဘိုးကြီးရာ .. သူသာ ခုန်ချချင်တယ်ဆိုရင် အစောကြီးကတည်းက ခုန်ချပြီးရောပေါ့ … သူ့မှာ သတ္တိမရှိပါဘူး …”

“ သူသာ တကယ်ပဲ သတ်သေချင်တယ်ဆိုရင် အချိန်ဆွဲနေမှာတောင် မဟုတ်ဘူး … ဒီတိုင်း နာမည်ကြီးအောင် ရှိုးလုပ်နေတာပါ ….”

“ ဟေ့ .. မြန်မြန်ခုန်ချလိုက် … ငါ ဒီမှာ ဖမ်းထားပေးမယ် …”

“ ဒီနေ့ခေတ်ကြီးမှာ လူငယ်တွေက နာမည်ကြီးဖို့ဆို ဘာမဆို လုပ်ရဲကြတယ် … နာမည်ကြီးဖို့ နည်းတစ်နည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုပြီး ခြိမ်းခြောက်တာပဲ …”

“ တောက် ကွာ … အလုပ်က နောက်ကျတော့မယ် … ခုန်ချတာ ကြည့်ချင်လို့ပါဆို အခုထိ ခုန်လည်း မချသေးဘူး ….”

“ ဖြန်း …”

“ ဘယ်ကောင်တုန်းကွ ….”

အလုပ်နောက်ကျတော့မည်ဟု ညည်းတွားနေသည့် အမျိုးသားမှာ ပါးရိုက်ခံလိုက်ရ၍ မျက်နှာတစ်ခြမ်းမှာ ယောင်ကိုင်းသွားခဲ့သည်။

ဟားဟားဟား …

လမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် လူငယ်တစ်ဦးက အူတက်အောင် ရယ်မောနေမိသည်။

အဘိုးကြီးမှာ ဒေါသထွက်လွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူက ဒေါသတကြီးနှင့် “ မင်းတို့မှာ လူသားဆန်စိတ်ဆိုတာ မရှိကြဘူးလားကွ … ကောင်မလေးက အခက်အခဲတစ်ခုခုနဲ့ ကြုံနေရလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်နေတာ … ဘယ်သူက အလကားနေရင်း အလကား သေချင်မှာလဲ …”

“ သူ့လုပ်ရပ်ကို မဖျောင်းဖျချင် နေလို့ရတယ် … ဒါပေမယ့် လူကိုတော့ မပြက်ရယ်နဲ့ … သူများ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ ပျော်ဖို့ကောင်းတဲ့ ကိစ္စလို့များ မင်းတို့ကောင်တွေ ထင်နေလား …”

“ မင်းတို့ကောင်တွေက သွေးအေးတဲ့ သားရိုင်းကောင် တစ်သိုက်ပဲ …”

“ ကျုပ် … ကျုပ် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လို့ပါ …” အားပါးတရ ရယ်မောနေသည့် လူငယ်လးက ကြောက်ကြောက်လန့်လန့်နှင့် ပြောလိုက်ပြီး “ ကျုပ် မျက်နှာကို မထိန်းချုပ်နိုင်ဘူး .. ဒီတိုင်း ရယ်ချင်တာပဲ သိတယ် …”

“ ငိုးပဲ … ဘယ်ကောင်လဲ ငါ့ကို ထပ်လာရိုက်နေတာလဲကွ … မင်းအဘွားပဲ …”

အနီရောင် လက်ဝါးရာကြီးက အမျိုးသား၏ အခြားမျက်နှာ တစ်ဖက်ခြမ်းတွင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။

လူအုပ်နောက်ကွယ်တွင်တော့ ချန်ယွီ့၏ လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းမှာ အတူစုစည်းနေလျက် ရှိသည်။

မိန်းကလေးကို အဆောက်အဦးပေါ်က ခုန်ချဖို့ ကျိန်ဆဲနေသည့် ရိုင်းစိုင်းသည့် လခစား အလုပ်သမားက ဆန်းကြယ်သည့် အင်အားတစ်ရပ်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး နံရံနှင့် မျက်နှာနှင့် တိုက်မိသွားခဲ့သည်။

လူများ ဝိုင်းဝန်းထူပေးကြည့် အချိန်၌ သွား သုံးလေးချောင်းခန့် ကျွတ်သွားခဲ့လေပြီ။

ပါးစပ်ထဲတွင်လည်း သွေးများ ပြည့်နှက်နေပြီး သူ့ သွင်ပြင်က အတော်လေးကို ကြောက်ခမန်းလိလိပင်။

သက်ပြင်းချလျက် ၊ ချန်ယွီ့ အဆောက်အဦး တည့်တည့်သို့ ထွက်လာခဲ့၏။

နှုတ်ညစ်ပတ်သည့် လူတစ်ချို့ကို တိတ်တိတ်လေး သင်ခန်းစာပေးခဲ့သော်လည်း အနှီ သင်ခန်းစာပေးမှုက ပျှမ်းမျှ အခြေအနေကိုတော့ မပြောင်းလဲနိုင်ပါချေ။

ဖြတ်သွားဖြတ်လာအများအပြားက ရယ်ရယ်မောမောနှင့် စကားတွေပြောနေကြပြီး အဆောက်အဦးပေါ်မှ ခုန်ချဖို့ လုပ်နေသည့် မိန်းမငယ်လေးအား ဝေဖန်နေကြဆဲပင်။

လူတော်တော်များများကလည်း ကိုယ်စီ ဖုန်းများထုတ်၍ ဓာတ်ပုံနှင့် ဗွီဒီယိုများရိုက်ကာ သူတို့၏ ဝီချက်မိုးမန့်များ ၊ သို့မဟုတ် ပလတ်ဖောင်းတစ်ခုခုတွင် တင်ဖို့ ဟန်ပြင်နေကြသည်။

လူသားများ၏ အဆိုးနှင့်အကောင်းဘက်ခြမ်းများကို ဤနေရာ၌ ထင်းလင်းရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

ချန်ယွီ့ သူတို့ကို သင်ခန်းစာတစ်ခု ပေးနိုင်သော်လည်း သန္ဓေဗီဇကိုတော့ ပြောင်းလဲပေးနိုင်မှာ မဟုတ်ချေ။

“ အောက်ဆင်းပြီး မီးသတ်ကို ပြောလိုက် … သူတို့ကို သတ်လာပြီး ဒီသံတံခါးကို ဖျက်စီးပေးစမ်းပါလို့ …”

ရဲအရာရှိတစ်ချို့မှာ ထိပ်ဆုံးထပ်ရှိ သံတံခါးကြောင့် ခေါင်မိုးထိပ်သို့ မတက်နိုင်ဘဲ ဖြစ်နေသည်။

မိန်းမငယ်လေးက အတွင်းဘက်မှနေ၍ လော့ခ်ချထားခဲ့၏။

သူတို့အားလုံး၏ ခွန်အားများကို အသုံးပြုသည့်တိုင် သံတံခါးကို မထွင်းဖောက်နိုင်ဘဲ ဖြစ်နေလေသည်။

“ ဟေ့ကောင် … မင်းဘာလာလုပ်တာလဲ … ထွက်သွားစမ်း … ဒီမှာ လာမရှုပ်နဲ့ …”

ရဲအရာရှိတော်တော်များများမှာ စိုးရိမ်ပူပန်မှုကြောင့် ချွေးစေးများထွက်နေကြပြီး သူတို့အနက် တစ်ယောက်က ချန်ယွီ့ကို မြင်တော့ အောက်ထပ်က စပ်စုပွဲကြည့်သူတစ်ဦးဟု အမှတ်မှားသွားခဲ့သည်။

ထို့ကြောင့် မြင်သည်နှင့် ချက်ချင်းပဲ ကြမ်းကြမ်းတမ်းတမ်းနှင့် ထွက်သွားဖို့ အော်ငေါက်လိုက်၏။

“ ဒီကို ပွဲကြည့်ဖို့ ရောက်လာတာ မဟုတ်ဘူး …” ချန်ယွီ့ ဂရုမစိုက်သည့် မျက်နှာဖြင့် ပြောလိုက်ပြီး “ ကျုပ်က သူ့ကို ကယ်ပေးဖို့လာခဲ့တာ … ဒီတံခါးကို ကျုပ် ဖွင့်ပေးနိုင်တယ် …”

ဤစကားကြားတော့ ရဲအရာရှိက ခေတ္တ အေးခဲသွားခဲ့ပြီး ချန်ယွီ့အား ထူးဆန်းသည့်မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။

ဒီကောင်က လက်ဗလာနဲ့ပါ … ဧကန္တ တံခါးသော့က သူ့ဆီမှာများလား …

ဆောက်လုပ်ရေး တာဝန်ခံက လာတဲ့လမ်းမှာရောက်နေပြီလို့ ပြောတယ် … ယုတ္တိကျကျပြောကြေးလို ဒီလောက် အမြန်ကြီး ရောက်လာဖို့က မဖြစ်နိုင်ဘူး …

လူတိုင်း နားမလည်နိုင် ဖြစ်နေချိန်မှာပဲ ချန်ယွီ့က တံခါးဝသို့ ရောက်နှင့်နေပြီ ဖြစ်၏။

မိန်းမငယ်လးက တံခါးကို အတွင်းထဲမှနေ၍ သော့ခတ်ထားသည်ကို ကြည့်ပါက သူမအား လာကယ်စေချင်ပုံ မပေါ်သည်ကို သိနိုင်သည်။

ဤသည်ကို ကြည့်ခြင်းအာဖြင့် မိန်းမငယ်လေးက သေဆုံးဖို့ရာအတွက် ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း မြင်တွေ့နိုင်လေသည်။

အရေးပေါ် အခြေအနေ ဖြစ်နေသဖြင့် ချန်ယွီ့က သူ့ဝိဉာဏ်ချီများကို လှည့်ပတ်လိုက်ပြီး လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

“ ဝုန်း …”

ခိုင်မာသည့် သံတံခါးကြီးက ကျယ်လောင်စွာ မြည်ဟိန်းပြီး ပျက်စီးသွားခဲ့သည်။

“ အောင်မယ်လေး ဗုဒ္ဓေါ … မင်း မင်း ဘယ်လိုလုပ်လိုက်တာလဲ …”

“ ငါ့ညီ … မင်းက အားကောင်းလှချည်လား … ရှောင်လင်ကျောင်းထွက်များလား …”

“ သိပြီ … သူ အခုလေးတင် သုံးသွားတာက ဒဏ္ဍာရီလာ ချီစွမ်းအင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား …”

“ ရှောင်ဝမ် … မင်း အခုတလော ဂျူတီခန်းထဲမှာ ရှန်းရှဝတ္ထုတွေချည်း ဖတ်နေတာမလား … သွားပြီး စာလုံးရေ သုံးထောင်ပါတဲ့ ကိုယ့်ကိုယ်ကို သုံးသပ်တဲ့စာ ရေးစမ်း …”

“ အာ … မဟုတ် ခေါင်းဆောင် … ကျွန်တော်ဆိုလိုချင်တဲ့ သဘောက … ဒီလူကြီးမင်းက သိပ်သန်မာတာပဲလို့ ….”

ရဲအရာရှိများအနက် အကြီးဆုံးတစ်ဦးက သူ၏ လက်အောက်ငယ်သားကို စူးစိုက်ကြည့်လိုက်သည်။

မည်သူကမျှ ဤကဲ့သို့ ရယ်ချင်စရာကောင်းလောက်သည့် ခွန်အားမျိုး မရှိနိုင်ပေ။

All Chapters