← Chapters

ကံကြမ္မာပြောင်းလဲရန်အတွက် တစ်နှစ်အချိန်

Vol. 21 Ch. 209

ကံကြမ္မာပြောင်းလဲရန်အတွက် တစ်နှစ်အချိန်

Vol. 21 Ch. 209

စုန့်ဝေ့ ကြက်သေသေသွားခဲ့သည်။

သူမ၏ လုပ်ဖော်ကိုင်ဖက်က သူမကို သတိပေးခဲ့ဖူး၏။ လောင်းကြေး အသေးလေးများက စိတ်နှလုံးအတွက် ‌ဆေးဖက်၀င်ပြီး အကြီးစား လောင်းကြေးများကတော့ ခန္ဒာကိုယ်ကို ဘေးဥပါဒ်ဖြစ်စေသည် ဟူ၍ပင်။

သူမကိုပင် တစ်ကြိမ်လျှင် ၃၀၀ မှ ၅၀၀ အထိသာလျှင် ကြေးထိုးသင့်ကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့လေသည်။

ယွမ်ငါးထောင် နောက်ပိုင်းတွင် လောင်းကြေးများအား ဆီလျော်စွာ လျော့ချသင့်၏။

တစ်ချီတည်းနှင့် သုံးလေးကြိမ်ခန့် ဆက်တိုက်ရှုံးနေပြီဆိုပါက သူမ၏ အနိုင်ရငွေများကို ချက်ချင်း ပြန်ထုတ်သင့်၏။ ဆက်တိုက် ရှုံးနိမ့်ခြင်းသည် ၀က်ဘ်ဆိုဒ်က ၎င်းစိုက်ပျိုးထားသည့် အရာများကို စတင်ရိတ်သိမ်းနေခြင်းပင်။

အကယ်၍ လောင်းကြေးဆက်တင်နေဦးမည်ဆိုပါက လုံး၀ကို အဖြူထည်ဆန်သည့် လူတစ်ယောက်အဖြစ် မှတ်ယူခံရလိမ့်မည်။

" မင်းအခု မှတ်မိသွားပြီမလား ... " ချန်ယွီ့ ဂရုမစိုက်သည့် အမူအရာဖြင့် မေးမြန်းလိုက်ပြီး " မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က မင်းကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူး... မင်းက စာရိတ္တလည်း ‌‌‌‌ကောင်းတယ် ... သူ့အပေါ်လည်း ဂရုတစိုက် ရှိပေးလို့ မုန့်ဖိုးသုံးရအောင်ဆိုပြီး ဝေမျှခဲ့ပေးတာ ..."

" မင်းကတော့ သတိပေးထားပါလျက်နဲ့ ထောင်ချောက်ထဲကို တည့်တည့်ကြီး ခုန်ဆင်းသွားတယ် ... နိုင်နေတဲ့ အချိန်မှာတော့ ဘုရားသခင်က ကိုယ့်ဘက်ရှိနေတယ်ထင်ပြီး ရှုံးသွားတဲ့အချိန်ကျ ကိုယ့်ရဲ့ အတွေ့အကြုံ မလောက်ငှမှုကြောင့်လို့ ထင်တယ် ... "

" ‌မင်း အခုလို ဘ၀မျိုးရောက်ရတာ လောဘကြောင့်ပဲ ... "

စုန့်ဝေ့၏ မျက်နှာ အစိမ်းရောင် ပြောင်းသွားခဲ့သည်။

သူမ၏ ခြေထောက်များကို ရွေ့လျားနိုင်ခြင်း မရှိ‌ဘူးဆိုပါက ယခုချက်ချင်းပဲ ခုန်ချမိလိုက်မှာ ဖြစ်၏။

သူမ လုပ်ဖော်ကိုင်ဖက်က သူမကို ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ သို့သော် သူမကတော့ အရာအားလုံးကို လျစ်လျူရှုထားခဲ့မိ၏။

ယွမ်သောင်းဂဏန်း အနည်းငယ် အနိုင်ရပြီးနောက်တွင် စုန်ဝေ့မှာ စတင်ဆက်တိုက် ရှုံးနိမ့်လာသည်။

ထိုစဉ်အချိန်က သူမ၏ မျက်၀န်းတို့မှာ လောင်းကစားကြောင့် ရဲရဲနီနေခဲ့ပြီး ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်၏ သတိပေးစကားတို့ကလည်း မိုင်‌ပေါင်းများစွာ ဝေးကွာသည်အထိ လွင့်ပစ်ခံလိုက်ရ၏။ သူမ၏ စုငွေများအားလုံးကို ထုတ်ပြီး အကြွေး၀ယ်ကတ်မျိုးစုံက ‌ရနိုင်သမျှ ငွေများအားလုံးကို ထုတ်ယူခဲ့သည်။

လောင်းကစားလုပ်သည့် ဆယ်ကြိမ်တွင် ကိုးကြိမ်က အရှုံးဟူသည့် ဆိုရိုးစကားမှာ သူမထံတွင် ကွက်ကွက်ကွင်းကွင်းကြီး ဖြစ်ပေါ်နေသည်။

ရှုံးနိမ့်သွားသည်များအား ပြန်လည်ရယူရန်အတွက် အရင်ဦးစွာ သူမ မိဘများ၏ ပင်စင်လစာကို ထုတ်သုံးဖို့ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် သူငယ်ချင်းများ၊ ဆွေမျိုးများထံက ပိုက်ဆံများ ရနိုင်သလောက် ချေးယူခဲ့၏။

ဘဏ်၊ ဆွေမျိုးများနှင့် သူငယ်ချင်းတို့က သူမ၏ အိမ်ဖုန်းသို့ ဆက်သွယ်လာခဲ့ကြပြီး သူမ၏ လောင်းကစား စွဲလမ်းမှုကိုလည်း မည်သို့မျှ ဖုံးကွယ်၍ မရတော့ချေ။

မိဘများ၏ ရင်နာနာနှင့် မေးလာသည့် မေးခွန်းနှင့် ပတ်ဝန်းကျင် အိမ်နီးနားချင်းများ၏ အေးစက်သည့် သဘောထားနှင့် ရင်ဆိုင်ရတော့ စုန့်ဝေ့သည် များပြားလှသည့် အကြွေးများအား ကိုင်တွယ်နိုင်ခြင်း မရှိတော့ပေ။

“ သေခြင်းတရားကို ရွေးချယ်မယ့်အစား တခြား ရွေးချယ်စရာ လမ်းကြောင်း ရှိနေတယ်လို့ ငါပြောမယ်ဆိုရင်ကာ …” ချန်ယွီ့ မေးမြန်းလိုက်ပြီး “ အဲ့လိုဆိုရင်တောင်မှ မင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်သေးလား ….”

“ နောက်ထပ် လမ်းကြောင်းတစ်ခု ဟုတ်လား ….”

စုန့်ဝေ့က ရေရွတ်လိုက်ပြီး မိမိကိုယ်ကို ပြက်ရယ်ပြုသည့်နှယ် ဟားတိုက်ရယ်မောလိုက်သည်။

သူမက မိဘများ၏ ပင်စင်ငွေကို ဗလာကျင်းသည်အထိ ဖြုန်းတီးခဲ့ပြီး ဆွေမျိုးများ၊ ဘဏ်များနှင့် မိတ်ဆွေများထံက ယွမ် တစ်သန်းနီးပါးကို ချေးယူခဲ့သည်။

အခြားရွေးချယ်စရာတစ်ခုဆိုသည်မှာ မည်သို့ ရှိနိုင်လိမ့်မည်နည်း။

“ တကယ်လို့ မင်းသေသွားခဲ့မယ်ဆိုရင်တောင် မင်းတင်ထားတဲ့ အကြွေးတွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး … ကိုယ်သေသွားတာနဲ့ အကြွေးတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာက မင်းရဲ့ တစ်ဖက်သတ်ဆန်တဲ့ အတွေးသပ်သပ်ပဲ …”

“ အကြွေးရှင်တွေက မင်းရဲ့အိမ်ကို လေလံဆွဲဖို့ တရားရုံးဆီ လျှောက်ထားမယ် … မင်းရဲ့ အကြွေးတွေကို ဆပ်ပေးဖို့အတွက် မင်း မိဘတွေရဲ့ အရိုးအိုကြီးတွေက အပြင်ထွက်ပြီး ရရာအလုပ် လုပ်ကိုင်ရမယ် …”

“ သူတို့ အဲ့လိုဘဝမျိုး ဖြစ်လာမှာကို မင်း တကယ်ပဲ ကြည့်ရက်နိုင်မှာလား ….”

ချန်ယွီ့၏ မေးခွန်းက သူမ၏ အရှိုက်တည့်တည့်ကို ထိမှန်သွားခဲ့သည်။

“ ကျွန်မလည်း မဖြစ်ချင်ပါဘူး ဒါပေမယ့် …” စုန့်ဝေ့က ကြေကွဲဝမ်းနည်းစွာဖြင့် အသံပြုလိုက်ပြီး “ ဒါပေမယ့် ကျွန်မက ဘာများ တတ်နိုင်ဦးမှာမို့လို့ …”

“ တစ်ခု ရှိတယ် …”

ချန်ယွီ့က စုန့်ဝေ့၏ စကားကို ကြားဖြတ်ပြောလိုက်ပြီး သူ စောနက ပြောခဲ့သည့် စကားလုံးကိုပဲ တစ်ဖန်ပြန်ပြောလိုက်သည်။

စုန့်ဝေ့တွင် အဆုံးစီရင်မည့် လမ်းကို ရွေးချယ်မည့်အစား အခြား ရွေးချယ်စရာ တစ်ခု ရှိသေး။

“ တကယ်လို့ မင်း မိဘတွေနဲ့ နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်ချင်တယ်ဆိုရင် ငါ အခု ပြောတဲ့ အတိုင်းလုပ် ….”

“ ရှင် တကယ်ပဲ ကျွန်မကို ဒုတိယနည်းလမ်း ပြပေးနိုင်မှာလား ….”

စုန့်ဝေ့ အနည်းငယ် သံသယ ဖြစ်နေမိသည်။

“ မင်းနဲ့ငါနဲ့ဆိုတာ ဘာမှမပတ်သတ်တဲ့လူတွေ … ဒီတော့ မင်းကို လိမ်စရာ အကြောင်းလည်း မရှိဘူး … ပြီးတော့ မင်း သေတာရှင်တာကလည်း ငါနဲ့ ဘာမှမဆိုင်ဘူး … ငါက ဒီတိုင်း အိုနေတဲ့ မင်းမိဘတွေကို အိမ်ခြေယာမဲ့ဘဝ မရောက်စေချင်ရုံသပ်သပ်ပဲ …”

ချန်ယွီ့က စုန့်ဝေ့ကို ဖုန်းထုတ်ပြီး ပြောလိုက်ပြီး စိတ်ပူနေသည့် မိဘများထံ သူမ လုံခြုံသည့်အကြောင်း သတင်းပါးဖို့ ပြောလိုက်သည်။

ဖုန်းခေါ်ဆိုပြီးနောက် သူနှင့် အတူ တစ်နေရာလိုက်ခဲ့ဖို့ လိုသည်။

ထိုအချိန်အခိုက်အတန့်၌ စုန့်ဝေ့သည် သူမ၏ ခြေထောက်များက တစ်ဖန် ပြန်ရွေ့လျားနိုင်ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

“ ရွေးချယ်မှုက အခု မင်းလက်ထဲမှာပဲ … တကယ်လို့ မင်းက သေဖို့ပဲ ခေါင်းမာနေမယ်ဆိုရင် ရှေ့ကို ခြေတစ်လှမ်းတိုးလို့ရတယ် … မင်း ဒီလောကကြီးထဲကနေ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ် ….”

“ ငါ့ကို ယုံကြည်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ မင်းရဲ့ဖုန်းကို ထုတ်ပြီး မိဘတွေဆီ ဖုန်းဆက်လိုက် ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ရဲအရာရှိများထံ လျှောက်လှမ်းသွားလိုက်သည်။

“ မင်းက ဒေါက်တာချန် ဖြစ်ရမယ် ဟုတ်တယ်မလား …” စီနီယာ ရဲအရာရှိ တစ်ဦးက မေးမြန်းလိုက်သည်။

“ ကပ္ပတိန်လီ ခင်များကို ပြောပြထားတာလား …” ချန်ယွီ့ ညင်သာစွာပြုံးပြီး မေးလိုက်၏။

“ မင်းကို တူနေပါတယ် အောက်မေ့နေတာ … ကြည့်လေလေ ၊ ကပ္ပတိန်လီ ပြောပြောနေတဲ့ ဒေါက်တာချန်နဲ့ တူလေလေပဲ …”

“ ဟုတ်ပါပြီ …”

“ အခု ဒီမိန်းကလေးက ကိုယ့်ကိုယ်ကို အဆုံးစီရင်တော့မှာ မဟုတ်ဘူး …” ချန်ယွီ့က ပြုံးလျက် “ ကျုပ် ခဏနေကျရင် သူ့ကို တစ်နေရာခေါ်သွားဖို့ စီစဉ်ထားတယ် … ကျေးဇူးပြုပြီး ကျုပ်အတွက် အဆင်ပြေအောင် စီစဉ်ပေးပါဦး ….”

“ ရတယ် ရတယ် ပြဿနာ မရှိဘူး ….”

ရဲအရာရှိက ခေါင်းညိတ်လိုက်သည်။

အလုပ်သဘောအရ ဆက်စပ်နေသည့် အတွက် ၊ လီချန်ကျွင်းသည် သူတို့ ခရိုင်သို့ ကိစ္စတစ်ချို့ ကိုင်တွယ်ရန်အတွက် ရောက်လာလေ့ရှိသည်။

လီချန်ကျွင်း ရင်ဘက်ရှိ ကြောင်နက် စတစ်ကာကို မြင်တွေ့တော့ လူတိုင်းလည်း စပ်စုချင်စိတ်ဖြင့် ၎င်း၏ မူလကို မေးမြန်းကြတော့သည်။

လီချန်ကျွင်းက ချန်ယွီ့ကို လောကကြီးထဲ အတုမရှိသူ တစ်ဦးအထိကို အမွှန်းတင်လုနီးပါး ချီးမွမ်းခဲ့၏။

ချန်ယွီ့၏ ဇာတ်လမ်းများကို ကြိမ်ဖန်များစွာ နားထောင်ခဲ့ပြီးနောက်တွင် လူတိုင်းက သူ့အပေါ် ရင်းနှီးသယောင် ဖြစ်လာသည်။

ထို့ကြောင့် ချန်ယွီ့ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်၌ သူတို့စိတ်ထဲ ရင်းနှီးဆက်စပ်မှုကို ချက်ချင်းပဲ ခံစားလိုက်ရတော့သည်။

ရဲအရာရှိများကို နှုတ်ဆက်ပြီးသည်နှင့် ချန်ယွီ့က ဝင်ပေါက်ဝ၌ မတ်တပ်ရပ်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။

မိနစ် အနည်းငယ်ကြာပြီးနောက် စုန့်ဝေ့က ဖုန်းချ၍ ချန်ယွီ့နှင့်အတူ အနီးနားရှိ မနက်စာဆိုင်သို့ ရောက်လာသည်။

မနက်ခင်း ရှစ်နာရီကျော် အချိန်ဖြစ်ပြီး ဆိုင်က အတော်လေးလည်း လူကျနေသည်။

ချန်ယွီ့က ဆန်ပြုတ်တစ်ပွဲနှင့် ပေါက်စီတစ်ခြင်း မှာယူလိုက်ပြီး ထိုအရာတို့အား မိန်းမငယ်လေးရှေ့သို့ တွန်းပို့ပေးလိုက်သည်။

“ မင်းက မသေချင်ဘူးဆိုမှတော့ ဒါတွေ အရင်စားလိုက် …”

“ ကျေးဇူးတင်ပါတယ်….”

စုန့်ဝေ့က သူမရှေ့ရှိ မနက်စာကို အငမ်းမရ စားသောက်နေခဲ့သည်။

ချန်ယွီ့ သက်ပြင်းချလိုက်၏။

စုန့်ဝေ့ကြည့်ရသည်မှာ မနက်စာကို အချိန်အတော်ကြာသည်အထိ ကောင်းကောင်းမွန်မွန် မစားသောက်ဖြစ်ခဲ့ဟန်ပင်။

ခေတ္တကြာပြီးနောက် စုန့်ဝေ့က ရှေ့၌ ရှိနေသည်များအားလုံးကို ပြောင်စင်အောင် စားပြီးသွားခဲ့သည်။ နှုတ်ခမ်းထောင့်စွန်းကို သုတ်ရင်း မေးလိုက်၏။ “ ဒေါက်တာ … ရှင့်မှာ ကျွန်မကို ဒီ အကျပ်အတည်းထဲက ရုန်းထွက်နိုင်အောင် လုပ်ပေးမယ့် ဘယ်လိုနည်းလမ်းမျိုးလဲ ရှိတာ ….”

“ မင်း ခဏနေ မိဘအိမ်ပြန်ရောက်တဲ့အခါကျရင် အကြွေးရှင်တွေဆီ ဖုန်းခေါ်လိုက် …”

“ သူတို့ကို မင်း ဘယ်လိုမျိုး အရစ်ကျ ပေးဆပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောပြ ၊ ပြီးရင် ပုံမှန်အတိုင်း ပေးချေဖို့ သဘောတူညီမှု စာချုပ်မှာ လက်မှတ်ရေးထိုးရမယ် ….”

“ ကိုယ့် တစ်လစာ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းကို လတိုင်း သူတို့ဆီ အရစ်ကျပေးရမယ် …”

“ သူတို့ သဘောတူမှာ မဟုတ်ဘူး …”

စုန့်ဝေ့ တစ်ခါက သူမ၏ အကြွေးရှင်များနှင့် စကားပြောခဲ့ဖူးသည်။ အချိန်အနည်းငယ်ပေးဖို့ ဒူးထောက်တောင်းပန်သည်အထိပင်။ သူမ၏ အသွေးအသားနှင့် ကျောက်ကပ်ကို ရောင်းထုတ်ရလျှင်ပင် ငွေကို ကျိန်းသေပေါက် ပြန်ဆပ်သွားမှာ ဖြစ်၏။

သို့ပေမယ့်မည်း မည်သည့် အကြွေးရှင်ကမျှ သူမကို အချိန်ပေးဖို့ရာ ဆန္ဒမရှိကြပေ။

မည်သို့ပင်ဆိုစေကာမူ ၊ လောင်းကစားသမားတစ်ဦး၏ စကားကို မည်သူကရော ယုံကြည်နိုင်ကြလိမ့်မည်နည်း.

“ အတိတ်က အတိတ် ၊ လက်ရှိက လက်ရှိပဲ …”

“ ဒီတစ်ခါတော့ သူတို့ သဘောတူကြလိမ့်မယ် ….”

“ မင်း အဆောက်အဦးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ဖို့ လုပ်နေတဲ့ မြင်ကွင်းကို မရေမတွက်နိုင်တဲ့ လူတွေက မှတ်တမ်းရိုက်ကူးထားကြတယ် …” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ အခုချိန် အွန်လိုင်းပေါ်မှာ တောမီးလောင်သလို ပျံ့နှံ့နေလောက်ပြီ …”

“ တကယ်လို့ မင်းသေသွားခဲ့ရင် သူတို့ ပိုက်ဆံတွေလည်း လစ်မှာပဲ ….”

“ မင်းမိဘတွေကလည်း ငယ်တော့တာ မဟုတ်ဘူး … ဒီလူတွေကလည်း မင်းမိဘတွေ ငွေကို အကုန်လုံး ပြန်ဆပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး …”

“ မင်း ချောင်ပိတ်ခံရလို့ အဆုံးစီရင်လိုက်တဲ့အခါ သူတို့ ချေးငှားပေးထားတဲ့ ငွေသန်းဂဏန်းကလည်း အလဟဿ ဖြစ်သွားလိမ့်မယ် …”

ထိုသို့ပြောပြီးနောက် ချန်ယွိ့က စုန့်ဝေ့၏ ဖုန်းကိုတောင်းလိုက်သည်။

လိပ်စာတစ်ခုကို သူ ရိုက်ထည့်လိုက်၏။

“ ဒါက ဘယ်နေရာလဲ ဒေါက်တာ ….”

ချန်ယွီ့ ရိုက်ထည့်လိုက်သည့် လိပ်စာကို စုန့်ဝေ့ ရေးတေးတေး မှတ်မိသလောက်ကတော့ ဆင်ခြေဖုံး စက်ရုံခရိုင် တစ်ခု ဖြစ်ပုံရ၏။

“ ဒီလိပ်စာအတိုင်း သွားပြီး စက်ရုံကိုရှာ …” ချန်ယွီ့ ရှင်းပြလိုက်ပြီး “ စက်ရုံက အခု အလုပ်သမားတွေ ခေါ်နေတယ် … မင်းအဲ့မှာ တစ်နှစ် အလုပ်လုပ်တာနဲ့ မင်းရဲ့ ကံကြမ္မာကလဲ ပြောင်းလဲသွားမယ် …”

တစ်နှစ်မျှ အလုပ်လုပ်ပြီးနောက်တွင် စုန့်ဝေ့က သူမ၏ အကြွေးရှင်များအပေါ် တင်ကျန်နေသည့် အကြွေးများအား ဆပ်နိုင်ရုံတင်မက ၊ မိဘများကိုလည်း တင့်တောင်းတင့်တယ် ထားနိုင်လာလိမ့်မည်။

“ အဲ့လောက်ရိုးရှင်းတယ်ပေါ့ …”

စုန့်ဝေ့ မယုံကြည်နိုင် ဖြစ်သွားခဲ့မိသည်။

စက်ရုံ အလုပ်သမား တစ်ယောက် အဖြစ်ကို သူမ လက်ခံနိုင်သည်။ မည်သို့ပင်ဆိုစေ စုန့်ဝေ့ လောလောလတ်လတ် အလိုအပ်ဆုံး၌ ပိုက်ဆံဖြစ်၏။

သို့ပေမယ့် … ချန်ယွီ့က တစ်နှစ်အလုပ်လုပ်ပြီးနောက်တွင် သူမ၏ ကံကြမ္မာက ပြောင်းလဲသွားမည်ဆိုတာကိုတော့ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေမိသည်။

တစ်နှစ်ကြာပြီးသွားရင် သူမရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် ဘာက ဖြစ်လာမှာလဲ …

All Chapters