လူအများကို ဒေါသထွက်သွားစေခဲ့တဲ့ တောင်းဆိုမှုတစ်ခု
Vol. 21 Ch. 210
“ လောလောဆယ် ဘာမှ မမေးသေးနဲ့ … “ ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ ငါပြောတဲ့ အတိုင်းသာလုပ် ….”
“ မင်းရဲ့ ဆွေမျိုးသားချင်းတွေဆီ အရင်ဖုန်းဆက်ပြီး ပိုက်ဆံကို ဘယ်လိုမျိုး အရစ်ကျ ဆပ်ပါ့မယ်ဆိုတဲ့ အကြောင်း ပြောပြလိုက် …”
“ သဘောတူညီမှု စာချုပ်မှာ လက်မှတ်ထိုး ၊ ပြီးရင် အိမ်မှာ မိဘတွေနဲ့အတူ ရက်နည်းနည်းနေပေး ၊ အဲ့တာတွေပြီးမှ မင်း အဲ့စက်ရုံမှာ အလုပ်သွားလုပ်ချည် ….”
“ တစ်နှစ်နောက်ပိုင်းကျရင် အရာအားလုံး ပြောင်းလဲသွားလိမ့်မယ် …”
ဆိုင်ပိုင်ရှင်ကို ခေါ်ပြီး မနက်စာအတွက် ပိုက်ဆံရှင်းပြီးနောက် ချန်ယွီ့ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသည့် ချန်ယွီ့၏ နောက်ကျောပုံရိပ်ကို ကြည့်ရင်း စုန့်ဝေ့ တစ်ကိုယ်လုံး ဟာလာဟင်းလင်း ဖြစ်နေသည့်နှယ် ခံစားနေရသည်။
“ ဟယ် … နာမည် မေးဖို့ မေ့သွားတယ် …”
စုန့်ဝေ့ ရုတ်တရက်ဆိုသလို သူမ တစ်ချိန်လုံး ချန်ယွီ့နှင့် စကားတွေ ပြောနေခဲ့ပါသော်လည်း နာမည် ဘယ်လိုခေါ်လဲဆိုတာကိုတော့ မေးမြန်းဖို့ မေ့လျော့နေခဲ့မိသည်။
ထိုလူငယ်လေး၏ နာမည်က မည်သူ ဖြစ်မလဲဆိုတာကို သူမ အတော်လေး သိချင်နေခဲ့မိ၏။
ချန်ယွီ့ နောက်သို့ ပြေးလိုက်သွားချိန်၌ ချန်ယွီ့မှာ မည်သည့်နေရာသို့ ပျောက်မှန်းမသိ၊ ပျောက်ကွယ်သွားခဲ့လေသည်။
တစ်နေရာ၌။
ချန်ယွီ့ ဆေးခန်းသို့ ပြန်ရောက်လာခဲ့ပြီးနောက် လက်ဖက်ခြောက် အကျန် တစ်ချို့ ရှာတွေ့သဖြင့် ရေနွေးကြမ်းဖောက်ပြီး တစ်ခွက်ငှဲ့လိုက်သည်။
တစ်နှစ်ကြာပြီးနောက်တွင် စုန့်ဝေ့၏ ကံကြမ္မာက ပြောင်းလဲသွားလိမ့်မည်။
အကယ်၍ ယခု ကပ်ဘေးကို မကျော်လွှားနိုင်ဘူးဆိုပါက အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ဤနှစ်ပိုင်းတွင် သူမက အသေးစား ပြဿနာလေး များစွာကိုလည်း ရင်ဆိုင်ရကိန်း ရှိလေသည်။
စုန့်ဝေ့က သန်မာသည့် နှလုံးထားဖြင့် ဆွဲဆောင်မှုကို လွန်ဆန်နိုင်သရွေ့ ကောင်းခြင်းတို့က မကြာမီ ရောက်ရှိလာလိမ့်မည်။
အကယ်၍ တူညီသည့် ဖြစ်ရပ်မျိုးက နောက်တစ်ကြိမ် ပြန်ဖြစ်ခဲ့မည်ဆိုလျှင် စုန့်ဝေ့သည် အမှန်တကယ် သေဖို့ကံပါလာသူ တစ်ဦးအဖြစ်သာ မှတ်ယူရပေတော့မည်။
နေ့လည်စာ စားသောက်ပြီးနောက် ချန်ယွီ့ သူ့စားပွဲသို့ လျှောက်လာခဲ့ပြီး ကွန်ပျူတာကို ဖွင့်၍ ချာနယ်ထဲသို့ ဝင်ရောက်လိုက်၏။
ချန်ယွီ့ လိုင်းတက်လာသည်နှင့် သူ့ အခန်းထဲရှိ ကြည့်ရှုသူ အရေအတွက်ကလည်း တစ်ဟုန်ထိုး တက်လာသည်။
အချိန်တိုအတွင်းမှာပဲ ကြည့်ရှုသူ အရေအတွက်က တစ်သန်းကျော်သွားခဲ့၏။
မွန်းလွဲပိုင်းတွင် လိုက်စထွင်း လွှင့်နေကြသည့် တိုက်ရိုက်ထုတ်လွှင့်သူတို့မှာ ဤအချင်းအရာကိုမြင်တော့ မနာလို ရှုစိမ့်မှုကြောင့် မျက်နှာများ စိမ်းကုန်ကြသည်။
ချန်ယွီ့က ဟူယွီပလတ်ဖောင်း၌ သမာရိုးကျ မဖြစ်ဆုံး စထွင်မာ ဖြစ်၏။
ရေရာတိကျသည့် လိုက်စထွင်း အချိန်ဇယားလည်း မရှိသလို ၊ တစ်ခါတစ်ရံ မနက်ခင်း၊ တစ်ခါတစ်ရံ ညနေခင်း။ ချန်ယွီ့ ဘယ်အချိန် ပေါ်လာမလဲဆိုတာကို မည်သူကမျှ တိတိကျကျ မခန့်မှန်းနိုင်ကြပေ။
သို့ပေမယ့် သူ လိုက်စထွင်း စတင်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် အခြားလိုက်စထွင်းခန်းများထဲရှိ ကြည့်ရှုသူ အရေအတွက်က သိသိသာသာကို လျော့နည်းသွားသည်။
ချန်ယွီ့ စုပ်ယူသွားခဲ့သည့် သူတို့၏ ကြည့်ရှုသူ အရေအတွက်က ရေတွက်လို့ပင် မနိုင်ချေ။
ထို့ကြောင့် ကြည်ရှုသူ တစ်ချို့တစ်လေက ဤသို့သော အဖြစ်မျိုးကို မကြုံတွေ့စေရန်အတွက် မနက် အရုဏ်တက် အချိန်တွင် လိုက်စထွင်း လွှင့်ကုန်ကြသည်။
“ ဟယ်လို … ငါ့ရဲ့ ကြည့်ရှုသူတို့ ….”
ချန်ယွီ့က သူ့ပရိသတ်များအား လက်ဝှေ့ယမ်းပြလိုက်သည်။
“ ဒေါက်တာချန် … ငါ စင်ဂယ်ဖြစ်နေတာ နှစ် ၃၀ ရှိပြီ … ပြင်းထန်တဲ့ စိတ်ဝေဒနာကိုလည်း ခံစားနေရတယ် …”
“ ငါအိမ်ပြန်ပြီး မိဘတွေကို သူတို့တွေက ဖုံးကွယ်ထားတဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်နေမလားဆိုပြီး မေးတော့ ငါ့မိဘတွေ ငါ့ကို ရွာသာကြီး ပို့လုနီးပါးပဲ ….”
“ ကျုပ် ဘိုင်ပြတ်နေတယ်ဗျာ … ဘာလုပ်ရင် ကောင်းမလဲ …”
“ ငါ့ကောင်တို့ ၊ ခန့်မှန်းကြည့်ကြစမ်း … ဒီနေ့ရော သေနတ်ပြောင်းဝတည့်တည့် ပြေးဝင်လာမယ့် hater တွေ ရှိလောက်ဦးမလား …”
“ သူတို့က hater တွေကွ … စောက်ရူးတွေ မဟုတ်ဘူး ….”
“ အရင်တစ်ခါတုန်းက အဲ့တစ်ယောက် ဒေါက်တာချန်ကြောင့် အမှောက်သိပ်ခံလိုက်ရတာ ငါ့အထင် ဘယ်လို Hater ကမှ ချန်ယွီ့နဲ့ စကားမပြောရဲလောက်တော့ဘူး ထင်တယ် …”
စခရင်ထက်ရှိ ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ရယ်မောမိသွားခဲ့သည်။ “ လူတိုင်းပဲ … အဆင်သင့် ပြင်ထားကြ … ဒီက ဟုန်ပေါင်းတွေ လွှတ်ပေးတော့မှာနော်…”
သူ့စကားဆုံးသည်နှင့် မရေမတွက်နိုင်သည့် ကွန်းမန့်များက စခရင်ထက် ထွက်ပေါ်လာခဲ့သည်။
“ အားသစ် အင်သစ် အပြည့်ပဲ …”
“ ကိုယ်က မရူးဘူးဆိုရင် ဟုန်ပေါင်း မဖမ်းနဲ့ … မဟုတ်ရင် မင်းရူးသွားလိမ့်မယ် …”
“ မင်းမှာ တခြား ဖုံးကွယ်ထားတဲ့ အကြံအစည်တွေ ရှိနေရင်လည်း မယူနဲ့ ….”
“ ချက်ချင်း ဝဋ်လိုက်တာက ဒေါက်တာချန်ရဲ့ လိုက်စထွင်းခန်းထဲမှာ သာမန်လိုမျိုးတောင် ဖြစ်လာနေပြီ … ဒီနေ့တော့ ကံဆိုးတဲ့သူတွေ မရှိကြပါစေနဲ့လို့ မျှော်လင့်ရတာပဲ ….”
“ အူတက် …”
“ ဟားဟား တကယ့်ကို အူတက်နေပြီ ….”
ရယ်မောနေစဉ်မှာပဲ ယွမ်တစ်ရာတန် ဟုန်ပေါင်းက ဗလာကျင်းသွားခဲ့သည်။
“ ကဲ … ကျေးဇူးပြုပြီး ငါတို့ရဲ့ ပထမဦးဆုံး လူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”
ကိုယ်ဝန်ဆောင် မိခင် အဝတ်အစားနှင့် ချစ်ဖို့ကောင်းသည့် အသက်နှစ်ဆယ်ကျော် မိန်းမငယ်လေးတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာသည်။
အမျိုးသမီး၏ အွန်လိုင်းနာမည်က [အိမ်က ချစ်စရာ ကလေးလေး ] ဟူ၍ပင်။ သူမ၏ မျက်နှာထက်တွင် ရွှင်ပြသည့် အပြုံးပန်းတို့က ဝေဆာနေသည်။
“ ဟယ်လို ဒေါက်တာချန် … ရှင်နဲ့ စကားပြောခွင့်ရတာ ဂုဏ်ယူမိပါတယ် …”
[အိမ်က ချစ်စရာ ကလေးလေး ]၏ အသံက အင်မတန် နားဝင်ပီယံရှိသည်။
အွန်လိုင်း နှာဘူးတစ်သိုက်၏ မျက်လုံးတို့က သူတို့၏ မျက်လုံးအိမ်များထဲက ပြုတ်ထွက်တော့မည့်နှယ် ပြူးကျယ်လာသည်။
“ ဟယ်လို လူနာ …” ချန်ယွီ့လည်း ပြုံးလျက် နှုတ်ခွန်းဆက်လိုက်ပြီး “ ငါ ဘယ်လို ကူညီပေးရမလဲ …”
“ ဟုတ်သား ဒေါက်တာချန် … ကျွန်မ အခု ကိုယ်ဝန်ခြောက်လ ရှိနေပြီ … ဗိုက်ထဲက ကလေးလေးက သားသားလေးလား ၊ မီးမီးလေးလားဆိုတာ အကဲဖြတ်ပေးပါလားဟင် …”
သူမ ထိုစကားပြောလိုက်သည်နှင့် ကျည်ဆံမျက်နှာပြင်ထက်၌ ကွန်းမန့်တို့ တသီတတန်းကြီး ထွက်ပေါ်လာခဲ့သည်။
မင်းတို့ကောင်တွေ ဘာလို့ စော်မရလဲ သိလား … ဘာလို့ဆို သူက မွေးတောင် မွေးမလာသေးလို့ပဲ …
“ မိခင်တစ်ယောက်ဖြစ်ပြီး ကိုယ့်သားသမီးကို ဘယ်လိုတောင် လိင်ခွဲခြားနေရတာ …”
“ ဒါ ဘယ်လိုမေးခွန်းမျိုး မေးလိုက်တာလဲ အဲ့တာ … မိန်းကလေးတွေ ဘယ်လောက်တောင် ရှားပါးနေလဲဆိုတာ မင်း မသိဘူးလားကွ …”
“ မိန်းကလေး … မင်း ဒါတော့ လွန်သွားပြီ … ကျန်းမာသန်စွမ်းတဲ့ ကလေးလေး မွေးဖွားနိုင်ဖို့က အဓိကပဲ မဟုတ်လား …”
“ ဘာလို့ မေးတာ … ကလေးရဲ့ လိင်က အရေးကြီး ကိစ္စလားကွ ဟမ် ….”
“ ငါ့လုပ်ဖော်ကိုင်ဖက်လည်း သူ့အတိုင်းပဲ … သူ့ဗိုက်ထဲက ကလေးက ယောက်ျားလေးဆိုတာ အတည်ပြုလိုက်နိုင်တော့ မိသားစုထဲ အနေအထားက တည်ငြိမ်သွားတယ် …”
“ ရှီး … လောင်းကစား ဆန်လိုက်တာ ….”
“ မိသားစုထဲ ကိုယ့်အနေအထားကို ထိန်းသိမ်းဖို့အတွက် သားလေးမွေးပေးမှ ဖြစ်မယ်ဆိုတဲ့ ကိုယ့်အခြေအနေကို သိပ် သနားဖို့ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို မထင်ဘူးလား …”
“ ဟုတ်တယ် … အဲ့လိုအိမ်မျိုးမှာ ဆက်ပြီး နေစရာ လိုလို့လား …”
“ ‘သား’ပဲ လိုချင်ကြတဲ့ ကလေးမိဘတွေ တစ်သက်လုံး ကလေးမမွေးနိုင်ပါစေနဲ့ ….”
[အိမ်က ချစ်စရာ ကလေးလေး ]၏ အလှကို ငမ်းနေကြသည့် အလွန်နည်းပါးသည့် ကြည့်ရှုသူများကလွဲ၍ ကျန်သည့် ကွန်းမန့်များထဲတွင် မကျေမချမ်းဖြစ်မှုတို့ ကြီးစိုးနေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့နိုင်ငံသည် ရင်သွေး၏ လိင်ကို ခွဲခြားနိုင်သည့် စက်အား တားမြစ်ပိတ်ပင်ခဲ့သည်။
ယခုအချိန်၌ ကြည့်ရှုသူအများစုက [အိမ်က ချစ်စရာ ကလေးလေး ]ကို hater တစ်ယောက်အဖြစ် မှတ်ယူနေကြ၏။
သူမက ကလေးလိင်ခွဲခြားပေးမှုဆိုသည့် ခေါင်းစဉ်ကို အသုံးပြုပြီး ချန်ယွီ့အား အပုပ်ရည်တွေ လောင်းချချင်နေသည်။
အကယ်၍ ချန်ယွီ့ကသာ ကလေး၏ လိင် မည်သည်မည်ဝါ ဖြစ်ကြောင်း ပြောပြလိုက်မည်ဆိုပါက ဥပဒေကို ချိုးဖောက်မိသွားမှာ ဖြစ်သည်။
အကယ်၍ ချန်ယွီ့က ဘာမျှ မပြောဘူးဆိုပါကလည်း haterများက အနှီအကြောင်းပြချက်ကို အစွဲပြုပြီး အမျိုးမျိုး တိုက်ခိုက်လာကြမှာ ဖြစ်သည်။
“ လူတိုင်းပဲ … ရှင်တို့တွေ ကျွန်မကို အထင်လွဲနေကြပြီ .. ကျွန်မက ဒေါက်တာချန်ကို မုန်းတီးတဲ့ဖန် မဟုတ်ပါဘူး … ပြီးတော့ ယောက်ျားလေး၊ မိန်းကလေး အလေးပေးတဲ့ အတွေးတွေလည်း မရှိဘူး …”
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုပြီးနောက် [အိမ်က ချစ်စရာ ကလေးလေး ]သည် အလျင်စလို ရှင်းပြလိုက်ရသည်။
သူမ ဗိုက်ထဲရှိ ရင်သွေးလေးက ယောက်ျားလေး၊ မိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်း သိလိုသည်က လိင်ခွဲခြားဆက်ဆံမှုနှင့် လားလားမျှ မသက်ဆိုင်ချေ။
သူမက ချန်ယွီ့ကို တိုက်ခိုက်ဖို့အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့တာလည်း မဟုတ်ပေ။
ရင်သွေးက ယောက်ျားလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ၊ သူမက ကလေးကို ညီတူမျှတူပဲ မေတ္တာများအားလုံးပေးပြီး ပျိုးထောင်ပေးသွားမှာ ဖြစ်၏။
“ ဒေါက်တာချန် … ကျွန်မ မိုးနတ်မင်းကို သက်သေထားပြီး ကျိန်ရဲတယ် … ကျွန်မမှာ ရှင့်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူး ….”
[အိမ်က ချစ်စရာ ကလေးလေး ]၏ ဖြေရှင်းချက်က ကြည့်ရှုသူများ၏ ဝေဖန်စကားတို့အား အသံမတိတ်သွားစေခဲ့ပေ။
မည်သို့ပင်ဆိုစေ ၊ မုန်းတီးသည့်ဖန်က မိမိကိုယ်ကို မုန်းတီးသည့်ဖန်ဖြစ်ကြောင်း ဝန်ခံပါမည်လော။
ရာဇဝတ်သား တစ်ဦးကလည်း သူ မှားယွင်းစွာ လုပ်မိသည်ဟု ဝန်မခံသကဲ့သို့ပင်။
[အိမ်က ချစ်စရာ ကလေးလေး ]မှာ စိုးရိမ်ကြောင့်ကြလွန်း၍ ငိုချင်းချလုမတတ် ဖြစ်နေခဲ့မိပြီး သူမ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် ကျိန်ဆိုနေခဲ့သည်။
သူမ၏ ခင်ပွန်း ၊ သူမ၏ ယောက္ခမ၊ ခမည်းခမက်တို့အားလုံးက ပညာတတ် လူတန်းစားများ ဖြစ်ကြသည်။
မိသားစုတွင် ‘သားကိုမှ၊ သမီးကိုမှ’ ဟူ၍ ဘက်လိုက်ခြင်းမျိုး မရှိပေ။
သားသားဖြစ်စေ၊ မီးမီး ဖြစ်စေ၊ အကုန်လုံးက ကောင်းကင်၏ လက်ဆောင်များ ဖြစ်၏။
“ မင်းက ဗိုက်ထဲမှာ ရှိနေတဲ့ ကလေး ယောက်ျားလေးလား ၊ မိန်းကလေးလား စိတ်မဝင်စားဘူးဆိုမှတော့ ကလေးရဲ့ လိင်က ဘာလဲဆိုပြီး ဘာလို့ မေးလာနေသေးလဲ …” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးခွန်းထုတ်လိုက်သည်။
[အိမ်က ချစ်စရာ ကလေးလေး ]သည် ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် “ ကျွန်မရဲ့ ယောက်ျားက သိပ်မကြာခင်တုန်းက အိမ်အသစ်တစ်လုံး ဝယ်ခဲ့တယ်လေ …”
“ အိမ်ကို ပြင်ဆင်မွန်းမံတာက ပြီးလုပြီးခင် ဖြစ်နေပြီ … ကလေးအခန်းကိုပဲ မလုပ်ရသေးတာ …”
“ ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလားဆိုတာ မသိရတော့ အခန်းဒီဇိုင်းကို ဘယ်လိုလုပ်ပေးရမလဲ မသိဘူး ဖြစ်နေတာလေ …”
“ အင်း …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ တကယ်လို့ မင်းက အိမ်အခန်း အတွင်းပိုင်း ဒီဇိုင်းအတွက် ကလေးရဲ့ လိင်ကို သိချင်နေတာ ဆိုရင်တော့ မင်း မေးစရာမလိုတော့ဘူးလို့ ထင်တယ် …”
“ ဒေါက်တာချန် … ရှင်က ကျွန်မ မေးခွန်းကို ဖြေဖို့ ငြင်းဆန်လိုက်တာလား …”
[အိမ်က ချစ်စရာ ကလေးလေး ]က ဂရုတစိုက်နှင့် မေးမြန်းလိုက်၏။
“ မင်းရဲ့ မေးခွန်းကို ဖြေဖို့ ငြင်းဆန်းနေတာ မဟုတ်ဘူး … ပြီးတော့ တစ်ခါတည်း ပြောပြလိုက်မယ် … ကလေးအခန်းကိုလည်း လုပ်ဖို့ မလိုတော့ဘူး …”
“ ဟင် … ဘာလို့ ….”
[အိမ်က ချစ်စရာ ကလေးလေး ]က ကြောင်အမ်းလျက် မေးမြန်းလိုက်၏။
“ မင်းဗိုက်ထဲက ကလေးက အပြင်ကိုတောင် ထွက်မလာနိုင်မှာကို စိုးရိမ်မိတယ် …”
ချန်ယွီ့က ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်သည်။
ဤစကားကြားတော့ [အိမ်က ချစ်စရာ ကလေးလေး ]၏ အမူအရာသည် တုန်လှုပ်သွားခဲ့ပြီး စိတ်ထဲ မသက်မသာ ဖြစ်လာသည်။
အကယ်၍ သူမ အဓိပ္ပာယ်ကောက်မမှားဘူးဆိုပါက .. ချန်ယွီ့ ဆိုလိုသည့်အတိုင်းဆိုလျှင် သူမက ကိုယ်ဝန်ပျက်ကျသွားဖို့ ရာခိုင်နှုန်း များနေသည်။
စာစဉ် (၂၁)ပြီး၏။