ပရဟိတ လေလံပွဲကလည်း စီးပွားရေးပဲ
Vol. 21 Ch. 202
သို့ပေမယ့် အကယ်၍ အနှီ သားအဖနှစ်ဦးကသာ ဆန်းကြယ်ဂိုဏ်း၏ ပညာရပ် နည်းစနစ်တို့ကို တတ်မြောက်ထားသူများ ဖြစ်နေမည်ဆိုပါက လူကို လောကကြီးထဲမှ ခြေရာလက်ရာ မကျန်ရစ်ပါဘဲ ပျောက်သွားစေနိုင်မည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိသည်။
အလောင်းကို ကျင်းထဲထည့်မြုပ်သည်က လုံခြုံစိတ်ချရခြင်း မရှိသကဲ့သို့ ဂယ်ပေါက်တို့ကလည်း များစွာ ရှိနေသည်။
ဟန်ကျိုးမြို့က နိုင်ငံတွင်း ပထမ အဆင့်မြို့တော်ကြီး တစ်ခုဖြစ်ပြီး မြေတစ်လက်မချင်းစီတိုင်းက တန်ဖိုးကြီးလှ၏။
တကယ်လို့ တစ်နေ့ကျ ဖြိုဖျက်မယ့် စီမံကိန်းနဲ့ ကြုံလာရင် ဘယ်လိုလုပ်မှာ …
သူတို့ မြုပ်နှံထားတဲ့ အရိုးတွေက အချိန်မရွေး ဖော်ထုတ်လိုက်ခံရမှာလေ …
သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကို ကြည့်ရသလောက်ကတော့ ဆန်းကြယ်ဂိုဏ်းအဖွဲ့ဝင်တွေ ဖြစ်မယ့်ပုံလည်း မပေါ်ဘူး …
ဒါပေမယ့် …. သူတို့ရဲ့ တည်နေရာ ဘယ်မှာရှိလဲဆိုတာကို မဖော်ထုတ်နိုင်ဘူးဆိုတာကတော့ အတော်လေး သံသယဖြစ်ဖို့ ကောင်းတယ် …
“ ကလင် ကလင် ကလင် ….”
လမ်းတစ်ဝက်တွင် သူ့ဖုန်းက ရုတ်ချည်း အသံမြည်လာသည်။
ဝမ်တဲ့ချွမ်၏ ဖုန်းဖြစ်နေတာကို မြင်တော့ ချန်ယွီ့ သာမန်လျှံကာပဲ ဖုန်းကို ကိုင်လိုက်သည်။
“ ဒေါက်တာချန် … မင်း ဒီည အချိန်ရလား မသိဘူး ….”
“ ရတယ်ဆိုရင် လေလံပွဲတစ်ခုတက်ဖို့ ဖိတ်ချင်လို့ပါ …”
ဖုန်းထဲ၌ ဝမ်တဲ့ချွမ်သည် သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းအောင် ပြုလုပ်ထား၏။
မကြာသေးမီ အချိန်က ချန်ယွီ့သည် ဝမ်တဲ့ချွမ်အား ရှားပါးပစ္စည်းတစ်ချို့ ရှာဖွေပေးရန်အတွက် အကူအညီတောင်းထား၏။
ဖုန်းရွှေ ပညာရပ်ကို နည်းနည်းပါးပါး တီးမိခေါက်မိရှိသည့် ဝမ်တဲ့ချွမ်သည် ချန်ယွီ့ သူ့အား ရှာဖွေစေချင်သည့် ပစ္စည်းများက ဝိဉာဏ်နှင့်ဆိုင်သည့် ပစ္စည်းကိရိယာတို့ပြုလုပ်ရန်အတွက် အရည်အသွေးမြင့်ကုန်ကြမ်းများ ဖြစ်နေသည်ကို အံ့အားသင့်စွာ သိရှိလိုက်ရလေသည်။
ချန်ယွီ့က ထိုပစ္စည်းများကို အများအပြား ထုတ်လုပ်ချင်နေသည်ဖြစ်ကြောင်း ဝမ်တဲ့ချွမ် ခန့်မှန်း ကြည့်လိုက်၏။
ယနေ့ည လေလံပွဲတွင် ရှားပါးသည့် ကုန်ကြမ်းပစ္စည်းတို့ အများအပြား ရှိနေမှာကို သူ ကြိုတင်၍ သတင်းရထားခဲ့သည်။
နောက်ဆုံး ပစ္စည်းက နှစ် ၂၀၀ ကျော် ဂျင်ဆင်းဖြစ်၏။
ဤလေလံပွဲကို ချန်ယွီ့ စိတ်ဝင်စားမှာ ဖြစ်ကြောင်း ဝမ်တဲ့ချွမ် ကျိန်းသေနေသည်။
“ ကျုပ် အခု အိမ်ပြန်နေတာ … ခဏနေကျရင် ဆေးခန်းမှာ ကျုပ်ကို လာကြိုလိုက် …”
လေလံပွဲ မြင်ကွင်းများကို နိုဗယ်များနှင့် တီဗွီဇာတ်လမ်းများထဲတွင် အကြိမ်ပေါင်းများစွာ မြင်ဖူးသည့်အတွက် တကယ့်အပြင်လက်တွေ့ရှိ လေလံပွဲက မည်သို့ ဖြစ်မည်ကို အတော်လေး စိတ်ဝင်စားနေမိသည်။
ထို့ပြင် ယခု လေလံပွဲ၌ ပေါ်ထွက်လာမည့် ပစ္စည်းအများအပြားကလည်း ချန်ယွီ့ စိတ်ဝင်စားနေသည့် အရာများ ဖြစ်နေသည်။
ထို့ကြောင့် ဝမ်တဲ့ချွမ်၏ ဖိတ်ကြားမှုကို ချက်ချင်းပဲ လက်ခံလိုက်တော့သည်။
ညခုနစ်နာရီ။
ဝမ်တဲ့ချွမ်က ကားကို ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်လာပြီး ချန်ယွီ့ကို ကြို၍ မြို့ထဲရှိ private clubhouse တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လေလံပွဲကို ဤနေရာ၌ ကျင်းပမှာဖြစ်ပြီး တက်ရောက်သူတို့က ၎င်းတို့နှင့်အတူ အဖော် တစ်ဦးစ၊ နှစ်ဦးစ ခေါ်လာ၍ရသည်။
လေလံပွဲတွင် ပါဝင်ရန်အတွက် များပြားလှသည့် ငွေပမာဏကို ပေးချေရမှာ ဖြစ်သည့်အတွက် တက်ရောက်သူတို့က ယွမ် နှစ်သန်းကို ကြိုတင်၍လည်း စရံပေးထားရသေးသည်။
“ ဒေါက်တာချန် .. မင်း တစ်ခုခု လိုချင်တာရှိရင် ငါ့ကို ကြိုပြော … ငါ ဝယ်ပေးမယ် …”
ဤစကားကြားတော့ ချန်ယွီ့က အပြုံးမမည်သည့် အပြုံးဖြင့် “ ဥက္ကဌဝမ် … ခင်များ ကျုပ်ကို တောင်းဆိုချင်တာ ရှိလို့လား ….”
“ အထင်လွဲနေပါပြီ … ငါက အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူး … ဒီတိုင်း … ပစ္စည်းတွေကို ကျပန်း ဝယ်နေမှာထက် မင်းလိုအပ်မယ့်ဟာကို ဝယ်လိုက်တာက ပိုပြီး ထိရောက်တယ်လေ …”
ဝမ်တဲ့ချွမ်မှာ ချန်ယွီ့ အမေးကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။
လေလံပွဲက ပရဟိတ လေလံပွဲ ဖြစ်ပြီး ရရှိသည့် လေလံကြေးများကို ပရဟိတ ရန်ပုံငွေအဖြစ် ထားရှိသွားမှာ ဖြစ်သည်။
ယင်းငွေကြေးတို့အား ကျောင်းမတက်နိုင်သည့် ကလေးများအား ကူညီခြင်းနှင့် နွမ်းပါးပြီး တိုးတက်မှု ခေါင်းပါးသည့် ကျေးလက်ဧရိယာများ၌ ကူညီအသုံးချသွားမှာ ဖြစ်သည်။
ချန်ယွီ့က ဝမ်တဲ့ချွမ်ကို ကောင်းမှု များများလုပ်ပြီး ကုသိုလ်များ စုဆောင်းရန် အကြံပြုစဉ်ကတည်းက ဟန်ကျိုးတွင် ဝမ်တဲ့ချွမ် မတက်ရောက်သည့် ပရဟိတပွဲဟူ၍ မရှိတော့ပေ။
တစ်လကျော်အတွင်းမှာပဲ ဝမ်တဲ့ချွမ်သည် ဟန်ကျိုးမြို့၏ ပရဟိတ အသိုင်းအဝိုင်းတွင် ရက်ရောသည့် ပရဟိတသမား တစ်ဦး ဖြစ်လာလေသည်။
“ ဆိုတော့ ခင်များက အဲ့လို စဉ်းစားနေတယ်ပေါ့ … ဟားဟားဟား …”
ချန်ယွီ့မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့၏။
စီးပွားရေးသမားဆိုတဲ့ အတိုင်းပါပဲ …
တစ်ကွက်ချင်းစီတိုင်းကို သေချာ ဂရုတစိုက်နဲ့ ရွေ့လျားနေတော့တာပဲ …
ပရဟိတပွဲတွေ အကြိမ်ကြိမ် တက်ရောက်ခြင်းကတစ်ဆင့် နာမည်ဂုဏ်သတင်းကို ရရှိပြီး တစ်ချိန်တည်းမှာ ကောင်းမှုနဲ့ ကုသိုလ်တွေ ရနိုင်မယ်…
တစ်ဖက်မှာကျ ချန်ယွီ့ လိုချင်တဲ့ ပစ္စည်းတွေကို ဝယ်ပေးပြီး သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကိုလည်း တိုးပွားစေနိုင်မယ် ….
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ …
ကောင်းလိုက်တဲ့ အစီအစဉ်ပဲ …
များမကြာမီ ကားက ကလပ်ဟောက်စ်၏ ကားပါကင်တွင် ထိုးရပ်လိုက်၏။
ည ၇ နာရီ ၄၀ ရှိပြီ ဖြစ်ပြီး ကားပါကင်၌ အမျိုးမျိုးသော ဇိမ်ခံကားတို့ ပြည့်နှက်နေသည်။
တံခါးဖွင့်ပေးသူ နှစ်ဦးက သွက်သွက်ကလေး ပြေးလာပြီး တံခါးနှစ်ဖက်ကို ရိုသေစွာ ဖွင့်ပေးလာခဲ့၏။
သူတို့၏ အထောက်အထားများကို အတည်ပြုပြီးနောက် တံခါးစောင့်က အထဲ ခန်းမထဲသို့ ဦးဆောင်ခေါ်လာခဲ့ပေးသည်။
နောက်ဆုံးမိနစ်တွင် တစ်ချို့သော ပြင်ဆင်မှုတို့ ပြုလုပ်ပြီးနောက် ခန်းမသည်လည်း အလယ်တွင် ထိုင်ခုံဒါဇင်နှင့်ချီ ချထားသည့် ယာယီ လေလံစတိတ်စင် တစ်ခု ဖြစ်လာသည်။
“ နိုင်ငံခြားသားတွေ အတော်လေး များတယ်နော်….”
ချန်ယွီ့ အံ့အားသင့်နေမိသည်။ လေလံပွဲက သူစိတ်ကူးထားသည်နှင့် ကွဲလွဲနေသည်။
မိမိတို့နိုင်ငံသား တစ်စိတ်တစ်ပိုင်းအပြင် တက်ရောက်သူ အများစုက နိုင်ငံခြားသားများ ဖြစ်နေကြ၏။
မတူညီသည့် အသားအရောင် ၊ အသက်အရွယ်၊ လိင်ကွဲပြားမှု … စသည်ဖြင့် စုံလင်နေအောင် ရှိ၏။
“ ဒီနေ့ ထွက်ပေါ်မယ့် ပစ္စည်းတော်တော်များများက ရှေးဟောင်း ပစ္စည်းတွေလေ …”
ဝမ်တဲ့ချွမ် မိတ်ဆက်ပေးလိုက်သည်။
“ နိုင်ငံခြားမှာက ငါတို့ နိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းတာ နာမည်ကြီးတယ် … နိုင်ငံခြားသားတွေက ဒါမျိုး လေလံပွဲကို ကြိုက်မှာ ကျိန်းသေပေါက်ပဲလေ …”
ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချန်ယွီ့လည်း ဝမ်တဲ့ချွမ်နောက်သို့ လိုက်ပါ၍ ဟောခန်းမအလယ်တွင် ဝင်ထိုင်လိုက်သည်။
လေလံပွဲက ရှစ်နာရီတွင် တရားဝင် စတင်သည်။
ရိုးရာဝတ်စုံနှင့် ဒေါက်ဖိနပ်ကို စီးနင်းထားသည့် အမျိုးသမီးတစ်ဦးက လင်ဗန်းတစ်ချပ်ကို စင်မြင့်ထက်သို့ ကျော့ရှင်းစွာလမ်းလျှောက်ရင်း သယ်ဆောင်လာခဲ့သည်။
လေလံမှူးက လင်ဗန်းကို အုပ်ထားသည့် အလွှာအား ဖယ်ရှားလိုက်သောအခါ ပုလင်းတစ်လုံးက ထွက်ပေါ်လာသည်။
ထို့နောက် ကျယ်လောင်သည့် အသံဖြင့် စတင် မိတ်ဆက်ပေး၏။
အရင်ဦးစွာ ဤပုလင်းက ချင်မင်းဆက်ခေတ်မှ ထိပ်တန်းအဆင့် အရည်အသွေးရှိသည့် ပုလင်းတစ်လုံးဖြစ်ကြောင်း ချီးမွမ်းပြောဆိုသည်။
ပြုလုပ်ထားသည့် လက်မှုပညာရပ်က လက်ဝင်လှပြီး တမူထူးခြားကာ စဉ့်ရည်သုတ်ထားသည့် နည်းစနစ်သည်လည်း သမိုင်းတို့ထဲ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။
လက်မှုပညာရပ်ပင်ဖြစ်စေ၊ ပုံပန်းသွင်ပြင်အရပဲ ဖြစ်စေ၊ ဒါမှမဟုတ် စဉ့်ရည်သုတ်ထားသည့် ပညာရပ်ကြောင့် ဖြစ်စေ၊ ဆိုလိုသည်က ဤပုလင်းသည် ရှားပါးတန်ဖိုးကြီးသည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်းကို ဖော်ညွှန်းနေသည်။
ဤမျှ ပြီးပြည့်စုံသည့် ပုလင်းတစ်လုံးကို ဖြစ်မြောက်စေရန်အတွက် အချိန်ကိုက်၊ နေရာကိုက်နှင့် ပြုလုပ်သူ၏ ကြိုးပမ်းမှုတို့က မရှိမဖြစ်ပင်။
“ ဒီပုလင်းရဲ့ ကြမ်းခင်း လေလံဈေးက ယွမ် ၂ သိန်းပါ … တစ်ခါလေလံဆွဲရင် ၂ သောင်းအောက် လျှော့နည်းလို့မရပါဘူး …”
“ ကဲ … ဂုဏ်သရေရှိ ဧည့်သည်တော်များအနေနဲ့ တက်တက်ကြွကြွ လေလံဆွဲပေးကြဖို့ ကြိုဆိုအပ်ပါတယ်ခင်ဗျာ ….”
စင်အောက်ရှိ ချန်ယွီ့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း တအံ့တအား ဖြစ်နေမိသည်။
လေလံမှူးက ချင်မင်းဆက် အလယ်ခေတ်က ပုလင်းလေးတစ်လုံးကို ရှားပါးပြီး ထူးခြားသည့် ပစ္စည်းအဖြစ် မြှောက်ပင့် ပြောဆိုနေသည်။
မသိသည့်လူများဆိုပါက ဤသည်အား နိုင်ငံရတနာဟုပင် အထင်မှားသွားနိုင်သည်။
“ ဒေါက်တာချန် … မင်းက ဒီလေလံမှူး လွန်လွန်ကြူးကြူးတွေ ပြောနေတယ်လို့ ထင်နေတာမလား …” ဝမ်တဲ့ချွမ်က ပြုံးလျက် မေးလိုက်သည်။
“ လွန်ကြူးတယ်လို့တော့ ကျုပ်မပြောလိုပါဘူး …” ချန်ယွီ့ ခါးသက်စွာ ပြုံးလျက် “ ဒီတိုင်း နည်းနည်း လက်တွေ့မကျရုံပါပဲ ….”
ချန်ယွီ့ သိထားသည်များအရ ထိုသို့သော ပုလင်များကို အရေအတွက် များစွာ ထုတ်လုပ်ထားသည်။
နန်းတွင်းသုံး ပုလင်းများပင်လျှင် ရှားပါး ပစ္စည်း မဟုတ်မည်မှာ ကျိန်းသေသည်။
“ အကုန်လုံးက စီးပွားရေးပဲလေ ….”
“ ဒီလေလံပွဲကနေ ရတဲ့ ငွေကြေးကို ပရဟိတ အတွက် သုံးမှာဆိုပေမယ့် လေလံပွဲကျင်းပသူတွေက သူတို့ရဲ့ ဗိုက်ဟောင်းလောင်းတွေနဲ့ ပရဟိတ ဘယ်လုပ်လိမ့်မှာ ….”
“ ရလာတဲ့ ငွေစုစုပေါင်းရဲ့ ပမာဏတစ်ခုကို ကော်မရှင်ကြေးအနေနဲ့ ယူတယ် ….”
“ လေလံမှူးက ပစ္စည်းကို မြှောက်ပင့်ပြောလေလေ၊ လေလံဆွဲသူတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်လေလေ …”
“ အဲ့မှာ တက်ရောက်လာတဲ့ ဧည့်သည်အများကြီးက လေလံဆွဲကြတော့မှာ …”
“ တစ်ချက်ကြည့်လိုက် ဒေါက်တာချန် ..”
“ တစ်ချို့ဧည့်သည်တွေက စောနလေးတင် ငြီးငွေ့တဲ့ မျက်နှာအမူအရာတွေနဲ့ ဖြစ်နေတာ အခု မတက်ကြွနေကြဘူးလား ….”
ချန်ယွီ့ မျက်လုံးကစားပြီး ဘယ်ညာတစ်ချက် ကြည့်လိုက်တော့ အခြေအနေက တကယ်လည်း ဝမ်တဲ့ချွမ် ပြောသည့်အတိုင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဘေးနှစ်ဖက်ခြမ်းတွင် ထိုင်နေသည့် ဧည့်သည်တော်များက ငယ်ရွယ်သည့် သူဌေးသားလေးများပင်။
လေလံပွဲ စတင်ချိန်၌ ထိုသူတို့က သူတို့၏ ဖုန်းများကို ဆော့နေ၍ ဖြစ်စေ၊ သို့မဟုတ် စိတ်မဝင်စားသည့် အမူအရာတို့ ပြနေကြသည်။
ယခုမူကား အကုန်လုံးက ကြက်သွေးထိုးခံထားရသကဲ့သို့ တက်တက်ကြွကြွတွေ ဖြစ်ကုန်လေသည်။
အားလုံးက စီးပွားရေးပဲဆိုတာ တကယ်မှန်ပုံရသည်။
ပရဟိတ လေလံပွဲပင်လျှင် ပိုများပြားသည့် အကျိုးအမြတ်တို့ ရရှိရေးအတွက် အရှိန်တင် လှုံ့ဆော်ပေးဖို့ လိုအပ်၏။
အဆုံး၌ ထိုပုလင်းလေး တစ်လုံးကို သူဌေးသားတစ်ဦးက ယွမ် ၄၈၀,၀၀၀ ဖြင့် အနိုင်ရသွားခဲ့လေသည်။
“ ဘာလို့ အဲ့လောက်နည်းတာ …”
“ လူတွေ ဒီလောက်အများကြီး တက်တက်ကြွကြွနဲ့ လေလံဆွဲနေကြတာတောင် နောက်ဆုံးဈေးက ယွမ် ငါးသိန်းတောင် မကျော်ဘူးပေါ့ ….” ချန်ယွီ့ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ အရင်တုန်းက ကျုပ် နိုဗယ်တွေ ဖတ်တုန်းကဆို အဲ့ထဲမှာ တစ်ခုခု လေလံဆွဲပြီဆိုလျှင် အနည်းဆုံး သန်းဂဏန်းကစတာတွေချည်းပဲ … သန်း ၁၀၀ ဆိုရင်တောင် မထူးဆန်းဘူးရယ် …”
ဝမ်တဲ့ချွမ်မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့ပြီး “ ဒေါက်တာချန်ရာ … နိုဗယ်ကနိုဗယ် ၊ လက်တွေ့က လက်တွေ့ပဲလေ …. လက်တွေ့မှာ ငွေရှာဖို့ လွယ်မှမလွယ်တာ ဘယ်သူတွေက တရားလွန် ဈေးအများကြီး ပေးမှာလဲ ….”
“ ငါလည်း အားရင် နိုဗယ်တွေ ဖတ်လေ့ရှိတယ် …”
“ လေလံပွဲတစ်ခုမှာ ယွမ် ဘီလီယမ်နဲ့ချီ သုံးပြီး လေလံပစ် ပြိုင်ဆိုင်ကြတဲ့ ဇာတ်ကွက်တွေမြင်ရင် တကယ့်ကို ရယ်သေပဲ …”