← Chapters

မဖြစ်နိုင်တဲ့ ကိုယ်ဝန်ပျက်ကျမှု

Vol. 22 Ch. 211

မဖြစ်နိုင်တဲ့ ကိုယ်ဝန်ပျက်ကျမှု

Vol. 22 Ch. 211

ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ

ဘာသာပြန် - ထွန်းလင်းအောင်

စာစဉ် (၂၂)

ကြည့်ရှုသူများက မတူညီသည့် အမြင်ကိုယ်စီနှင့် ဖြစ်နေကြပြီး ကိုယ်ရေးကိုယ်တာ တိုက်ခိုက်သူများလည်း ကင်းမဲ့မနေပေ။

[အိမ်က ချစ်စရာကလေးလေး] ထို ကွန်းမန့်များကို မြင်တော့ သူမ၏ အမူအရာမှာ မပျော်မရွှင် ဖြစ်သွားခဲ့၏။

မိခင် တစ်ယောက်အတွက် သူမ၏ ကလေးထက်ပို၍ အရေးကြီးသည့် အရာ မရှိပေ။

“ ဒေါက်တာချန် … ကျွန်မနဲ့ ကျွန်မ အမျိုးသား နှစ်ယောက်လုံးက ကျန်းမာတဲ့လူတွေပါပဲ … မွေးလာမယ့် ကျွန်မတို့နှစ်ယောက်ရဲ့ ကလးကလည်း ကျန်းမာနေသင့်တာ မဟုတ်ဘူးလား ….”

“ အချိန်တစ်ခုကြာတိုင်း ဆေးရုံမှာ ရင်သွေးရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေလည်း ပုံမှန်လုပ်တယ် … ရလဒ်က ပုံမှန်တွေချည်းပါပဲ ….”

“ ကျွန်မ ကိုယ်ဝန်ရလာပြီးတော့ ယောက္ခမနဲ့ ခင်ပွန်းက အိမ်အလုပ်တွေ အကုန်လုံးကို ခွဲဝေပြီး တာဝန်ယူပေးတယ် … နေ့တိုင်းနေ့ ကျွန်မမှာ ဘာလုပ်စရာမှတောင် မရှိဘူး ….”

“ ကျွန်မ လမ်းလျှောက်ရင်း ရုတ်တရက် ချော်လဲမှာစိုးလို့ဆိုပြီး အိမ်က ကြမ်းခင်းမှာ ကော်ဇောတောင် ခင်းပေးထားသေးတယ် …”

“ ကျွန်မ အပြင်ထွက်ရင်လည်း တစ်ယောက်ယောက်က အမြဲတမ်း ကျွန်မနဲ့အတူ အဖော်လိုက်ပေးတယ် … ဘယ်လိုအကြောင်းကြောင့်နဲ့ ကိုယ်ဝန်ပျက်ကျမလဲဆိုတာကို ကျွန်မ တကယ်ပဲ စဉ်းစားလို့ကို မပေါက်ဘူး …”

[အိမ်က ချစ်စရာကလေးလေး]ပြောသည့် စကားလုံးတိုင်းက အမှန်တရားများ ဖြစ်သည်။

သူမ ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သိရှိသွားသည်နှင့် သူမ၏ မိသားစုက ချက်ချင်းပဲ သူမကို နိုင်ငံရတနာအလား အလေးပေး ဆက်ဆံလာကြသည်။

ခင်ပွန်းနှင့် ယောက္ခမက သူမအပေါ် ဂရုအစိုက်ဆုံး ဖြစ်ပြီး နိုင်ငံက ပန်ဒါများအား ကာကွယ်သည့်နည်းတူ သူမအား ကာကွယ်ပေးခဲ့ကြသည်။

ကြည့်ရှုသူများကတော့ ချန်ယွီ့၏ ရှင်းပြချက်ကို နားစွင့်နေရင်း အသက်ပင်ဝဝ မရှူဝံ့ ဖြစ်နေကြ၏။

“ အလျင်စလို ဆုံးဖြတ်ချက်တွေ မချပါနဲ့ဦး ဒီရဲ့လူနာ …” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်ပြီး “ မင်း ငါ့စကားတွေကို အထင်လွဲနေပြီ … ကလေးက မွေးလာနိုင်မှာတောင် မဟုတ်ဘူးလို့ ပြောခဲ့တုန်းက ရုတ်တရက် ကိုယ်ဝန်ပျက်ကျသွားလိမ့်မယ်လို့ မဆိုလိုခဲ့ဘူးလေ ….”

“ ဒါဆိုရင် ရှင်က ဘာကို ပြောချင်နေတာ …”

[အိမ်က ချစ်စရာကလေးလေး]သည် အနည်းငယ် မသာမယာ ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။

“ မင်းကိုယ်တိုင်က ကလေးကို မမွေးလာခင် ဖျက်ချပစ်မှာကြောင့်ပဲ ….” ချန်ယွီ့ သက်ပြင်းချလျက် ဆိုလိုက်သည်။

“ မဖြစ်နိုင်တာ …”

[အိမ်က ချစ်စရာကလေးလေး]က သေချာနေသည့် လေသံဖြင့် “ ကျွန်မရဲ့ ကလေးလေးက ကောင်းကင်ရဲ့ ဆုလဒ်ပဲ … ကျွန်မလည်ပင်းပေါ် ဓားထောက်ထားမယ်ဆိုရင်တောင် ကလေးကို လုံးဝ ဖျက်မချဘူး ….”

“ ဒီကလေးက ကျွန်မရဲ့ အသက်သွေးကြောပဲ … သူ့ကို တွေ့ရဖို့တောင် မစောင့်နိုင်တော့တာကို ဖျက်ဖျပစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”

“ မင်းပြောနေတာကို ငါယုံတယ် ...” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် တခြားရှုထောင့်က ကြည့်ကြည့်မယ်ဆိုရင် … ၊ ဥပမာ ကလေးမှာ မွေးရာပါ ရောဂါ တစ်မျိုးမျိုး ရှိနေတာမျိုးတို့ဆို မင်းက သူ့ကို ဒီလောကကြီးထဲ ဝင်လာခွင့် ပေးနိုင်ဦးမှာလား ….”

သူ ဤစကား ပြောလိုက်သည်နှင့် ကြက်သေသေသွားသည့် အမူအရာက [အိမ်က ချစ်စရာကလေးလေး]၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

ကြည့်ရှုသူများကလည်း ကြက်သေသေသွားခဲ့ကြသည်။

“ မဟုတ်တာ … မဖြစ်နိုင်တာ … ဒါမျိုး လုံးဝ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ….”

[အိမ်က ချစ်စရာကလေးလေး]က သူမ၏ ခေါင်းကို စိတ်ပျက်လက်ပျက်ဖြစ်စွာ ခါယမ်းလိုက်သည်။

သူမ၏ ကလေးတွင် မည်သည့် ပြဿနာမျှ မရှိနိုင်ပေ။

“ ကျွန်မ ရင်သွေးရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ဒီလောက်အများကြီး လုပ်ထားတာ အကြိမ်တိုင်းရဲ့ ရလဒ်တွေကလည်း ပုံမှန်ပါပဲ ….”

“ ကျွန်မရဲ့ ကလေးမှာ မွေးရာပါ ရောဂါ မရှိနိုင်ဘူး … ဒါလုံးဝ မဖြစ်နိုင်ဘူး ….”

[အိမ်က ချစ်စရာကလေးလေး]သည် မတ်တပ်ရပ်ပြီး ကွန်ပျူတာရှေ့က ထွက်ခွာသွားခဲ့၏။ ထို့နောက် အိပ်ခန်းအံဆွဲထဲက စာရွက်စာတမ်း တစ်ထပ်ကြီးနှင့်အတူ ပြန်ရောက်လာသည်။

ကွန်ပျူတာသို့ ဓာတ်ပုံရိုက်ပြီးနောက် သူမက ချန်ယွီ့ကို ဓာတ်ပုံများအား တစ်ခုချင်းစီ ပြသလိုက်သည်။

စစ်ဆေးမှု ရလဒ်မှတ်တမ်းတွင် ကလေး၏ အနေအထားက ပုံမှန်ပဲ ဖြစ်ပြီး သူမ၏ အခြေအနေကလည်း အင်မတန် ကောင်းမွန်နေသည်။

စာရွက် ထောင့်စွန်းရှိ ဆရာဝန်၏ လက်မှတ်ကို မြင်တော့ ချန်ယွီ့ ပြောလိုက်သည်။

“ မင်းကို ကျန်းမာရေးစစ်ဆေးပေးတာ ၊ လက်မှတ်ထိုးပေးတာတွေက မင်းရဲ့ ယောက္ခမပဲ မဟုတ်လား …”

“ ရှင် ဘယ်လိုလုပ် သိနေတာလဲ …”

[အိမ်က ချစ်စရာကလေးလေး]သည် နှုတ်က လွှတ်ခနဲ မေးမြန်းမိသွားခဲ့၏။

တကယ်လည်း သူမကို စစ်ဆေးပေးသည့်လူက သူမခင်ပွန်း၏ မိခင်ကလွဲ၍ အခြားသူ မဟုတ်ပေ။

ခင်ပွန်းနှင့် သူ၏ မိသားစုက ပညာတတ်မိသားစုဝင်များ ဖြစ်ကြ၏။

ခမည်းခမက်က တက္ကသိုလ် ပါမောက္ခဖြစ်ပြီး ယောက္ခကတော့ ဆေးရုံ၏ သားဖွားမီးယပ် ဌာန ဒါရိုက်တာ ဖြစ်လေသည်။

[အိမ်က ချစ်စရာကလေးလေး]၏ ခင်ပွန်းဖြစ်သူကတော့ သုတေသန ဌာနတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

လက်ပိုက်လျက် ချန်ယွီ့ မနှေးမမြန် လေသံဖြင့် ဆက်ပြီး ပြောသည်။ “ ခဏနေကျလို့ မင်းရဲ့ ယောက္ခမ အလုပ်ဆင်းလာတဲ့ အချိန်ကျရင် တစ်အိမ်လုံးကို မင်းရဲ့ ကလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေပါတယ်ဆိုပြီး ပြောပြလိမ့်မယ် …”

“ ပြီးတော့ အတော်လေး ပြင်းထန်တဲ့ အမျိုးအစားပဲ ….”

“ တကယ်လို့ မွေးဖွားလိုက်မယ်ဆိုရင် မင်းရဲ့ ကလေးက နှလုံးခွဲစိတ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမယ် … ပြီးတော့ အောင်မြင်မှုနှုန်းက အတော်လေးလည်း နိမ့်တယ် …”

“ ဆေးဖိုး ကုန်ကျစရိတ်ကလည်း သန်းဂဏန်းပဲ … ပြီးတော့ ကလေးက လူလားမြောက်တဲ့အထိ အသက်ရှင်နိုင်ဖို့ဆိုတာ အင်မတန် ခဲယဉ်းတယ် ….”

“ အဲ့လို မဟုတ်ဘူး … အဲ့လို မဟုတ်ဘူး .. ကျွန်မရဲ့ ကလေးက ကျန်းမာတဲ့ကလေး … မွေးရာပါ နှလုံးရောဂါ ရှိနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

[အိမ်က ချစ်စရာကလေးလေး]သည် အတော်လေး ထိတ်လန့်တုန်လှုပ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အနှီ စကားတို့က ချန်ယွီ့နှုတ်မှ ထွက်လာသည့် အတွက်ကြောင့် ဖြစ်၏။

အကယ်၍ အခြားသူ တစ်ဦးတစ်ယောက် ဖြစ်မည်ဆိုပါက သူမ ပြန်လည်ငြင်းခုန်ဆဲဆိုတုံ့ပြန်နေမှာ မဟုတ်ဘဲ ပလတ်ဖောင်းသို့ ရီပို့တင်လိုက်မည်သာ။

သူမ၏ ယောက္ခက သားဖွားမီးယပ် ဌာန၏ ဒါရိုက်တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စစ်ဆေးမှုတွင် အတွေ့အကြုံ ရင့်ကျက်ဆုံး ဖြစ်သည်။

သူမ ပထမလပိုင်း ကိုယ်ဝန်စရှိစဉ်ကလည်း ယောက္ခမဖြစ်သူကသာ ကူညီစစ်ဆေးပေးခဲ့သာ ဖြစ်၏။

အကယ်၍ ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေသည်ဆိုပါက သူမ၏ ယောက္ခမ သတိမထားမိဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ မျက်စိလျှမ်းသောကြောင့်ဟု အပြစ်တင်မည်ဆိုလျှင်လည်း ဤသည်က တစ်ကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်ပေ။ အကြိမ်ကြိမ် ဖြစ်၏။

“ လူနာ … ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ ….”

“ မင်းက ဒီကိစ္စကို လောလောဆယ် လက်သင့်ခံနိုင်သေးဦးမှာ မဟုတ်ဘူးဆိုတော့ တခြား တစ်ခုကို ပြောကြတာပေါ့ ….”

“ အခု ငါမင်းကို မင်းရဲ့ မိသားစု အကြောင်း နည်းနည်းမေးမယ် … မင်း ငါမေးတဲ့ မေးခွန်းတွေကို ဖြေဖို့ဆန္ဒရှိလား ….” ချန်ယွီ့က ကြင်နာတတ်သည့် ဆရာဝန်ကြီး တစ်ဦး၏ အမူအရာဖြင့် မေးမြန်းလိုက်သည်။

[အိမ်က ချစ်စရာကလေးလေး]က မျက်မှောင်ကြုတ်မိသွားခဲ့ပြီး သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်၏။

သူမ ကိုယ်ဝန်ရှိပါပြီဆိုကတည်းက [အိမ်က ချစ်စရာကလေးလေး]သည် ချန်ယွီ့၏ လိုက်စထွင်းအဟောင်းများကို ကြည့်ရင်း အပန်းဖြေလေ့ရှိသည်။

ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များနှင့် ရောက်ရှိလာသူပဲ ဖြစ်စေ၊ ဒါမှမဟုတ် မှားယွင်းသည့် အရာတစ်ခုခုကို ပြုလုပ်ထားသူများပဲ ဖြစ်စေ၊ ချန်ယွီ့၏ လိုက်စထွင်းထဲ၌ ၎င်းတို့၏ အရောင်ကာလာ အစစ်အမှန်တို့ ပေါ်ပေါက်လာရစမြဲ ဖြစ်၏။ သူမသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း တခစ်ခစ် အားပါးတရ ရယ်မောလေ့ရှိသည်။

ချန်ယွီ့၏ လိုက်စထွင်းကို အကြိမ်များစွာ ကြည့်ပြီးသည့်နောက် ချန်ယွီ့၏ အစွမ်းအစတို့အား သူမ ကောင်းစွာ နားလည်နေလေပြီ။

ချန်ယွီ့က ပေါက်ကရများ ပြောဆိုမည့်သူ မဟုတ်ကြောင်းကို သိရှိနေခဲ့သည်။

သို့ပေမယ့်လည်း တစ်နေ့ … သူမက ပစ်မှတ်သားကောင် ဖြစ်လာလိမ့်မည်လို့တော့ အိပ်မက်မမက်ခဲ့ဖူးပေ။

ချန်ယွီ့လိုက်စထွင်းထဲသို့ ဝင်ရောက်၍ ကလေးက သားသားလေးလား၊ မီးမီးလေးလား ဆိုတာကို မေးမြန်းရင်း အိမ်၏ ဒီဇိုင်းပုံစံကို ဆုံးဖြတ်ဖို့ ရည်မှန်းထားခဲ့ပေမယ့် … ချန်ယွီ့၏ ဖော်ထုတ်လာမှုက အင်မတန် ရှော့ခ်ရဖွယ်ရာ ကောင်းနေပြီး သူမ၏ ကလေးမှာ အပြင်လောကသို့ပင် ရောက်ရှိလာမှာ မဟုတ်ဟူ၍ တွက်ချက်ပြခဲ့သည်။

သူမ၏ ကလေး၌ပင် မွေးရာပါ နှလုံးရောဂါ ရှိနေသည်ဟု ဆိုနေလိုက်သေး၏။

ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်ရသလောက်တော့ ဤသည်က သူမအား စမ်းသပ် စစ်ဆေးပေးသည့် ယောက္ခဖြစ်သူနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေသလိုပင် ။

[အိမ်က ချစ်စရာကလေးလေး] သူမ တွေးတောလေလေ၊ ပို၍ စိုးရိမ်ကြောင့်ကြလာလေလေ ဖြစ်ပြီး ဦးနှောက်ဆဲလ်များ လောင်ကျွမ်းလွန်း၍ ခြောက်ခမ်းလုနီးပါး ဖြစ်လာခဲ့၏။

ခေတ္တကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် [အိမ်က ချစ်စရာကလေးလေး]က မရေရာသည့် အသံဖြင့် အတည်ပြုပေးလိုက်သည်။ “ မေးပါ ဒေါက်တာချန် … ရှင် မေးသမျှကို ကျွန်မ အမှန်အတိုင်း တတ်နိုင်သလောက် ဖြေပေးမယ် ….”

“ ကောင်းပြီလေ ….” ချန်ယွီ့ခေါင်းညိတ်လိုက်ပြီး “ တကယ်လို့ ငါထင်တာမမှားဘူးဆိုရင် မင်းနဲ့ မင်းယောက္ခမရဲ့ ဆက်ဆံရေးက သိပ်ပြီး အဆင်မပြေလှဘူး ဟုတ်တယ်မလား …”

[အိမ်က ချစ်စရာကလေးလေး]၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ကျွန်မနဲ့ ယောက္ခမရဲ့ ဆက်ဆံရေးက တကယ်လည်း သိပ်မကောင်းလှဘူး ….”

“ သူ ပြောပုံအရဆိုရင် ကျွန်မရဲ့ အမျိုးသားက သူနဲ့ ဆိုရှယ် အဆင့်အတန်းချင်း တူတဲ့ လူနဲ့ပဲ လက်ထပ်ခဲ့သင့်တာ … ကျွန်မလို သာမန်ဘွဲ့ရ မိန်းကလေးမျိုး မဟုတ်ဘဲနဲ့လေ …”

ကနေဦးတွင် သူမ၏ ယောက္ခမက သူမအပေါ် သဘောမတွေ့လှပေ။ သူမတို့ လင်မယားကို ခွဲဖို့အတွက် တစ်ကြိမ်ထက်မက ကြိုးပမ်းခဲ့ဖူး၏။

ကံကောင်းစွာဖြင့် သူမ၏ ခင်ပွန်းက သူမကလွဲပြီး အခြားမည်သူ့ကိုမျှ လက်မထပ်လိုခဲ့၍ပင်။ သူမနှင့် လမ်းခွဲရမည်ဟူသော မိဘများ၏ စီစဉ်မှုကို နားမထာင်ခဲ့ပေ။

ခင်ပွန်းဖြစ်သူ၏ ခေါင်းမာတင်းခံနေမှုအောက်၌ ခင်ပွန်းဖြစ်သူ၏ မိဘများသည်လည်း ဖြည်းဖြည်းချင်း ကူကယ်ရာမဲ့လာခဲ့သည်။

သူမတို့နှစ်ဦး လက်ထပ်ပြီးနောက်တွင်တော့ ခမည်းခမက်၏ သူမအပေါ် သဘောထားကတော့ တော်တော်များများ ပြောင်းလဲသွားခဲ့သည်။

သူမကို မြင်တွေ့သည့်အချိန်တိုင်း၌ ပြုံးပြလေ့ရှိပြီး စိတ်နေသဘောထားကလည်း အတော်လေး ကောင်းမွန်လာခဲ့သည်။ မိသားစုဝင်တစ်ယောက်အဖြစ် လက်ခံလိုက်ပုံရ၏။

သို့ပေမယ့် ယောက္ခမကတော့ ထိုသို့မဟုတ်။ သူမအား မုန်းဆဲ၊ မုန်းမြဲပင်။

မျက်နှာချင်းဆိုင် တွေ့သည်နှင့် [အိမ်က ချစ်စရာကလေးလေး]၏ ယောက္ခမက နည်းလမ်းအမျိုးမျိုးသုံးပြီး သူမအား ပြဿနာရှာလေ့ရှိသည်။

အိမ်ထောင်အစပိုင်းတွင် ရှေ့တစ်လှမ်းတိုးဖို့ ရည်မှန်းချက်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်ပြီး ယောက္ခမဖြစ်သူ၏ ရိုင်းပြသည့် စော်ကားမှုများအား ကြံ့ကြံ့ခံ သည်းခံခဲ့သည်။

သူမ ကိုယ်ဝန်မရမီ နှစ်လအလို၌ ၊ ယောက္ခမဖြစ်သူက ပို၍ ပို၍ လွန်ကြူးသည့် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများကို အသုံးပြုလာလေသည်။

ယခင် သည်းခံခဲ့သည်များအား လုံလောက်ပြီဟု ထင်သဖြင့် [အိမ်က ချစ်စရာကလေးလေး]သည်လည်း ယောက္ခမနှင့် ပြန်ပြီး ရန်တွေ့တော့သည်။

ထိုသို့သော အခြေအနေက [အိမ်က ချစ်စရာကလေးလေး] ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း မသိခင် အချိန်အထိ ဖြစ်၏။

ကိုယ်၀န်ရှိပြီး နောက်တွင်တော့ သူမ၏ ယောက္ခမမှာ မတူညီသည့် လူတစ်ယောက် ဖြစ်သွားသည့်ပုံပင်။

သူမအား နေ့တိုင်းနေ့ သာကြောင်း၊မာကြောင်းများ မေးမြန်းပြီး [အိမ်က ချစ်စရာကလေးလေး]လိုချင်သည့်အရာများကိုလည်း ယောက္ခမဖြစ်သူက ချက်ချင်းပဲ ဖြည့်ဆည်းပေးလေ့ရှိသည်။

“ ကျွန်မ သဘောပေါက်ပြီ …”

ထိုအချိန်၌ [အိမ်က ချစ်စရာကလေးလေး]က ရုတ်ချည်း မြည်တမ်းလိုက်ပြီး “ ကျွန်မရဲ့ ယောက္ခမက ကျွန်မအပေါ် လက်စားချေနေတာ ဟုတ်တယ်မလား ….”

“ ဟုတ်တယ် … အဲ့လိုပဲ ဖြစ်ရမယ် … သူ ကျွန်မအပေါ် လက်စားချေနေတာ …”

သူမ ထိုစကားပြောလိုက်သည်နှင့် များပြားလှသည့် မေးခွန်းသင်္ကေတတို့က လိုက်စထွင်းခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

All Chapters