အနိုင်ကျင့်တာကို ဘာလို့ သည်းခံနေလဲ
Vol. 22 Ch. 217
“ ယောက်ျား … ဒေါက်တာချန်က ကျွန်မကို အဲ့လိုပဲ ပြောပြတယ် … လိုက်စထွင်းခန်းထဲက သန်းနဲ့ချီတဲ့ကြည့်ရှုသူတွေလည်း အဲ့တာကို သက်သေပြပေးနိုင်တယ် …”
“ ဒေါက်တာချန်က ရှင့်အမေ ပြောမယ့်အရာကို ကြိုတင် ခန့်မှန်းပြီးသား ….”
“ ရှင် ကျွန်မကို မယုံဘူးဆိုရင် လူတိုင်းကို မေးကြည့်လို့ရတယ် …”
လိုက်စထွင်း ကြည့်ရှုသူများအားလုံးက သူတို့၏ ကွန်းမန့်များကို ပေးပို့လာကြရင်း [အိမ်က ချစ်စရာ ကလေးလေး]၏ ပြောစကားတို့က မှန်ကန်ကြောင်းကို သက်သေပြလာခဲ့ကြသည်။
တင်းရှန်း၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။
[အိမ်က ချစ်စရာ ကလေးလေး] ကိုယ်ဝန်ရှိနေစဉ်အတောအတွင်း တင်းရှန်းသည် ချန်ယွီ့၏ လိုက်စထွင်းများကို သူမနှင့်အတူ ကြည့်ရှုလေ့ရှိသည်။
[အိမ်က ချစ်စရာ ကလေးလေး]အတိုင်းပဲ သူသည်လည်း ချန်ယွီ့၏ အစွမ်းအစကို ယုံကြည်လေသည်။
သို့ပေမယ့်လည်း အကယ်၍ သူသာ ချန်ယွီ့ကို ယုံကြည်လိုက်မည်ဆိုပါက မိမိ၏ မိခင်သည် ထိုမျှ ကောက်ကျစ်ယုတ်မာသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သက်သေပြသလို ဖြစ်သွားလိမ့်မည်။
“ ဒေါက်တာချန် … ငါ …..”
တင်းရှန်းက ချန်ယွီ့ ပြောသည်ကို နားဖြင့် ကိုယ်တိုင်ကိုယ်ကျ နားထောင်ချင်ပါသော်လည်း နှုတ်က ပြောမထွက် ဖြစ်နေခဲ့သည်။
“ ညီကို … မင်း ကိုယ့်မိန်းမကိုယ် တကယ်ချစ်တယ်ဆိုရင် အဲ့အိမ်ထဲက ခေါ်ပြီး ထွက်သွားလိုက်တော့ …”
“ မင်းမိန်းမရဲ့ အသက်က အခု မင်းလက်ထဲမှာ ရှိနေပြီ ….”
“ သံသယ ဖြစ်နေစရာမလိုဘူး … မင်းရဲ့ မာတာမိခင်က အဲ့လောက်ထိကို ရက်စက်တယ် ….”
“ မင်းမိန်းမက သဘောကောင်းတယ်ပြောရမယ် … ငါသာဆိုလို့ကတော့ အဲ့လောက်တောင် ဆိုးတဲ့ယောက္ခမျိုးကို ဆေးရုံ အရောက်ပို့ပြီး တစ်သက်လုံး ဝှီးချဲပေါ်ပဲ ထိုင်ခိုင်းလိုက်မယ် …”
ကြည့်ရှုသူများက တင်းရှန်းတို့ လင်မယားနှစ်ယောက်ကို အိမ်အသစ်ထံသို့ အမြန်ပြောင်းရွေ့သင့်ကြောင်း အကြံပေးနေကြသည်။
နောင်လည်း မကြာခဏ လာရောက်လည်ပတ်ခြင်းအား ရှောင်ကြဉ်သင့်လေသည်။
ထို့ပြင် သောင်းနှင့်ချီသည့် ကွန်းမန့်တို့ကလည်း [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမကို ဝေဖန်ကျိန်ဆဲနေခဲ့ကြ၏။
“ ဟယ်လို … မင်းက လူနာရဲ့ အမျိုးသားဖြစ်မယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ တစ်ချို့ ကိစ္စရပ်တွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုတာ လိုတယ် …”
“ မင်းဘက်က အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်မယ်ဆိုတာ ငါယုံတယ် …”
“ သား … နင် အဲ့လူပြောတာကို မယုံနဲ့ … သူ ပေါက်ကရတွေ ပြောနေတာ …”
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက ဒေါသဖြစ်နေလျက် ရှိသည်။
“ သူနဲ့ အဲ့လူလိမ်မက ကြံရာပါတွေ …. သူတို့ လိမ်တာ မခံနဲ့….”
[အိမ်က ချစ်စရာ ကလေးလေး]က နောက်သို့ လှည့်ပြီး တံတွေးထွေးလိုက်၏။ “ ကျွန်မနဲ့ ဒေါက်တာချန်က ကြံရာပါတွေ ဟုတ်လား … ဒါဆို ကျွန်မဘက်မှာ ရှိနေတဲ့ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေကျတော့ရော …..”
“ ကျွန်မမှာသာ သန်းနဲ့ချီတဲ့လူတွေကို စကားနားထောင်အောင် လုပ်နိုင်တဲ့ အစွမ်းအစ ရှိနေလို့ကတော့ ရှင့်ရဲ့ သောက်ချီးထုပ်တွေကို နေ့တိုင်းနေ့ သည်းခံနေမယ်လို့ ထင်လား ….”
“ အရှုံးပေးလိုက်တော့ စုန်းမအိုကြီး … ရှင့်ရဲ့ကောက်ကျစ်ယုတ်မာမှုတွေကို ဒေါက်တာချန်က အကုန် ဖော်ထုတ်ပြီးသွားပြီ …”
“ ကျွန်မယောက်ျားက ကျွန်မအတွက် တရားမျှတမှုကို မရှာပေးဘူးဆိုရင်တောင် ကြည့်ရှုသူတွေကတော့ ကျွန်မကို ကျိန်းသေပေါက် ကူညီမှာပဲ …”
[အိမ်က ချစ်စရာ ကလေးလေး]သည် လိုက်စထွင်းဆုံးသည်နှင့် သူ့ယောက္ခမ၏ လုပ်ရပ်တို့က အင်တာနက်တစ်ခွင် ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကြောင်း သိရှိနေခဲ့သည်။
လူအများ၏ ဝေဖန်မှုဖိအားနှင့် ရင်ဆိုင်ရမည်ဆိုပါက သူမ ယောက္ခမ အလုပ်လုပ်နေသည့် ဆေးရုံသည်လည်း စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်လာမှာ ကျိန်းသေသည်။
စက်ချို့ယွင်းမှုကြောင့်ဟု အကြောင်းပြချက်ပေးသည်က ပြဿနာကို ဖြေရှင်းဖို့ လုံလောက်မှာ မဟုတ်ချေ။
တင်းရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။
သူ့အမေက [အိမ်က ချစ်စရာ ကလေးလေး]ကို မနှစ်သက်မှန်း သိထားသော်လည်းပဲ နှစ်ယောက်လုံးအတွက် သူက မျှမျှတတသာ နေသည်။
မိခင်ဖြစ်သူ၏ စီစဉ်မှုကို မနာခံရုံမျှနှင့် သူ့အမေက ဤမျှ ရက်စက်သည့် နည်းလမ်းဖြင့် မိန်းမဖြစ်သူအပေါ် လက်စားချေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
ဘုရားရေ …. ငါ့အမေ ဘယ်တုန်းကစပြီး ဒီလောက်ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာတာလဲ …
တင်းကျန်းကော်၏ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ပြီး မျက်နှာအမူအရာတွင်လည်း မယုံကြည်နိုင်မှု ၊ တုန်လှုပ်အံ့အားသင့်မှုတို့က တစ်ခုချင်းစီ ဖြစ်ပေါ်နေသည်။
သူ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် သူ့မိန်းမတွင် ဤသို့သော မျက်နှာဘက်ခြမ်းမျိုး ရှိနေလိမ့်မည်ဟု တကယ်ကို ထင်မှတ်မထားခဲ့ချေ။
“ သား ငါ ….”
“ ရပြီ အမေ … အမေ ဘာမှမပြောနဲ့တော့ ….”
တင်းရှန်းက သူ့မျက်နှာသူ ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး “ ဒေါက်တာချန် ကျွန်တော့်ကို မလိမ်ဘူးဆိုတာ သားယုံတယ် … ပြီးတော့ ကြည့်ရှုသူတွေက အမှန်ပြောနေတာကိုလည်း သားယုံတယ် …”
“ အမေက ကျွန်တော့်ရဲ့ အမေ … ကျွန်တော်အမေ့ကို တရားဆွဲရက်တဲ့အထိ အသည်းမမာနိုင်ဘူး … ရိုက်နှက်ဖို့ ၊ ကျိန်ဆဲဖို့ဆိုတာကတော့ ပြောမနေနဲ့တော့ …”
“ ဒီကိစ္စ ဒီမှာတင်ပြီးပြီ … ကျွန်တော်တို့ လင်မယား အထုပ်အပိုးပြင်ပြီး တခြား အိမ်မှာ သွားနေတော့မယ် …”
“ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ဘဝလေးနဲ့ အနာဂတ်ကို ဒီထက်ပိုပြီး မနှောင့်ယှက်ပါနဲ့တော့ ….”
“ ကလေးရဲ့ ရောဂါကိုလည်း ကျွန်တော်တို့ ကိုယ့်ဘာကိုယ် နည်းလမ်းရှာပြီး ကုသလိုက်မယ် …”
“ အမေ့ပိုက်ဆံ တစ်ပြားမှ မယူဘူး … ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးလေးကို ဒီထက်ပိုပြီး မဖျက်စီးချင်ပါနဲ့တော့ …”
“ အမေ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ကျွန်တော်တို့ သားအမိတွေ သေခန်းပြတ် ဖြစ်သွားရလိမ့်မယ် … ကျွန်တော့်ကို ရက်စက်တယ်လို့တော့ မဆိုပါနဲ့ ….”
“ သား … နင် ဒီလိုလုပ်လို့ မရဘူး … ငါနင့်ကို မွေးပေးခဲ့တာ … ငါ မွေးပေးလို့ နင်လူဖြစ်လာတာ … နင်ကိုယ့်အမေကို ဒီလို စွန့်ပစ်လို့ မရဘူး …”
သူမက တင်းရှန်း၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ အမေ အဲ့လိုမျိုးတွေ မလုပ်ခဲ့ဘူး … ဒါတွေ အကုန် စွပ်စွဲနေတာ … အမေ့ကို သူတို့ အပုပ်ချနေကြတာ ….”
တင်းရှန်း၏ မိခင်က ငိုကြွေးတောင်းပန်နေခဲ့သည်။ သို့ပေမယ့် တင်းရှန်းမှာမူကား မတုန်မလှုပ် ရှိနေသည်။
[အိမ်က ချစ်စရာ ကလေးလေး] ပြောခဲ့သည့်အတိုင်း …
သူမက ချန်ယွီ့ကို လာဘ်ထိုးနိုင်စေဦးတော့ … သန်းနှင့်ချီသည့် ကြည့်ရှုသူများကိုတော့ လာဘ်ထိုးနိုင်မှာ မဟုတ်ချေ။
သန်းနှင့်ချီသည့် ကြည့်ရှုသူများကို လူတစ်ယောက်အား ယိုးစွပ်ဖို့ တောင်းဆိုသည်က စိတ်ကူးယဉ်သပ်သပ်မျှသာ ဖြစ်၏။
ယင်းက မဖြစ်နိုင်ပေ။
“ အမေ နောင်ကျ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ ….”
တင်းရှန်းက သူ့လက်ကို ဖြုတ်ချလိုက်ပြီး [အိမ်က ချစ်စရာ ကလေးလေး]ကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
လင်မယားနှစ်ယောက်က အချင်းချင်း ကြည့်၍ အခန်းထဲကနေ ထွက်ခွာသွားခဲ့ကြလေသည်။
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက အိမ်ကြမ်းပြင်တွင် ထိုင်ချလျက် မျက်နှာကို လက်ဝါးအပ်လျက် ငိုကြွေးနေတော့သည်။
တစ်ချိန်က သူမဘက်ကနေ ရပ်တည်ပေးခဲ့သည့် အိမ်နီးချင်းများသည် [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမကို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်ကြ၏။
ချွေးမနှင့် ယောက္ခမတို့ မတည့်သည်မှာ သာမန်မျှသာ။ အိမ်ထောင်စု ဆယ်ခုတွင် ခြောက်ခုလောက်က ချွေးမနှင့် ယောက္ခမက ပနံမသင့်ကြပေ။ သို့ပေမယ့် သူမ၏ လုပ်ရပ်ကတော့ အင်မတန် လွန်ကြူးသွားခဲ့လေပြီ ။
“ အားလုံးကို ရှက်စရာတွေ မြင်စေမိပြီ … ကျေးဇူးပြုပြီး ပြန်ကြပါတော့ …”
တင်းကျန်းကော်က သက်ပြင်းချရင်း အိမ်နီးချင်းများအား ကောင်းကောင်းမွန်မွန် နှင်လွှတ်လိုက်၏။
ခေတ္တကြာပြီးနောက် [အိမ်က ချစ်စရာ ကလေးလေး]နှင့် တင်းရှန်းတို့က အထုပ်အပိုးများပြင်ပြီး တစ်ချက် နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့ကြသည်။
“ သား …. အမေ့ဆီ ပြန်လာခဲ့ပါ ….”
ဘန်း …
တံခါးပိတ်တံ မြည်ဟည်းသွားခဲ့ပြီး [အိမ်က ချစ်စရာ ကလေးလေး]၏ မျက်နှာမှာမူ တဒင်္ဂအတွင်း၌ သရဲတစ်ကောင်နှယ် ကြောက်မက်ဖွယ်ကောင်းသည့် သွင်ပြင်သို့ ပြောင်းလဲသွားခဲ့၏။
“ ဒါတွေ အကုန် နင့်ကြောင့် … ဒါတွေ အကုန်လုံး နင့်ကြောင့် … နင်တို့အားလုံးကို သတ်ပစ်မယ် …”
အကယ်၍ သူမသားကပင် သူမကို ဂရုမစိုက်တော့ဘူးဆိုပါက ခင်ပွန်းဖြစ်သူသည်လည်း သူမနှင့်အတူ ဆက်ပြီး နေချင်တော့မှာ မဟုတ်ပေ။
ယောက္ခမဖြစ်သူက ထိုင်ခုံကို ဆွဲပြီး ကွန်ပျူတာစခရင်အား ပြင်းပြင်းထန်ထန် လွှဲရိုက်ပစ်လိုက်သည်။
ဘုန်း …
ကွန်ပျူတာ ဖန်သားပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့၏။
ခေါ်ဆိုမှုသည်လည်း အဆုံးသတ်သွားခဲ့သည်။
“ ကောင်းကင်က စက်ဆုပ်ဖို့ကောင်းတဲ့လူတွေကို အပြစ်ပေးလိမ့်မယ် ….”
“ [အိမ်က ချစ်စရာ ကလေးလေး]က တကယ် သန်မာတဲ့ အမျိုးသမီးတစ်ယောက်ပဲ .. ငါတောင် သူ့ကို ကြွေမိတော့မလို့ …”
“ အပြင်မှာ [အိမ်က ချစ်စရာ ကလေးလေး]လို မိန်းကလေးတွေ အများကြီးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ …”
“ ငါတို့ကို မိဘတွေ မွေးပေးထားတာ သူများတွေ ကိုယ့်ကို အနိုင်ကျင့်လာတဲ့အချိန် သည်းခံနေဖို့ မဟုတ်ဘူး ….”
“ အမှန်ပဲ …. ကိုယ့်ဘက်က ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်သင့်တယ် ….”
“ [အိမ်က ချစ်စရာ ကလေးလေး]ရဲ့ ယောက်ျားက လူကောင်းတစ်ယောက် ဆိုပေမယ့် သူက သားကောင်းတစ်ယောက်တော့ မဟုတ်ဘူး … ကိုယ့်အမေကို ဘယ်လိုတောင် စွန့်ပစ်ရက်နိုင်ရတာ ….”
“ ဟေ့ … ဘယ်ဆေးရုံက ဒီလို အူကြောင်ကြောင်ကောင်ကို မွေးပေးလိုက်တာလဲကွ … မောင်းထုတ်လိုက်စမ်း ... ”
“ မင်းလည်း အိမ်ထောင်ကျပြီး အဲ့လို ယောက္ခမမျိုးနဲ့ ကြုံမှ သိမယ် … “
ပထမဦးဆုံးတစ်ယောက် တိုင်ပင်ဆွေးနွေးမှုအပြီး …. ကြည့်ရှုသူများက ရန်ပွဲနှင့် မိသားစုတွင်း ဒရာမာကို ကြည့်ရှုလိုက်ရသည့်အတွက် သူတို့အားလုံး အင်မတန် ပျော်ရွှင်နေကြသည်။
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမဘက်က ရပ်တည်ပေးနေကြသည့် အနှီ ငနဲများကိုတော့ ကြည့်ရှုသူများက ဆွမ်းကြီး ဝိုင်းလောင်းပေးနေကြလေသည်။
ထိုလူများမှာ များပြားလှသည့် ကွန်းမန့်တို့ကြား ခေါင်းမဖော်ဝံ့လောက်အောင် ပျောက်ရှသွားခဲ့ကြတော့သည်။
သာမန်ကြည့်ရှုသူများ၏ မျက်လုံးထဲ၌ [အိမ်က ချစ်စရာ ကလေးလေး] ယောက္ခမဖြစ်သူကို သင်ခန်းစာပေးသည့် ကိစ္စက မည်သို့မျှ မှားယွင်းမနေပေ။
လူငယ်မျိုးဆက်တို့က ကိုယ့်ထက် သက်ကြီးဝါကြီး ပုဂ္ဂိုလ်များကို လေးစားသမှု ရှိသင့်သော်လည်း အသက်ကြီးသူတိုင်း လေးစားမှုနှင့် ထိုက်တန်သူများ မဟုတ်ကြပေ။
လူလူချင်းကို တစ်ဖက်က အသက်ကြီးသည်ဟူသော အရှိန်အဝါကြောင့်နှင့်ပဲ ၎င်းပြုသမျှ၊ အနိုင်ကျင့်သမျှအား သည်းခံနေရမည်တဲ့လော။
တုံးအသူများသာ သည်းခံကြလိမ့်မည်။
ဒေါက်တာ တစ်ယောက်ဖြစ်နေလင့်ကစား [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမတွင် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်သိက္ခာကို နည်းနည်းလေးမျှပင် လေးစားလိုက်နာခြင်း မရှိပေ။
ထိုအစား သူမက တတ်ကျွမ်းသည့် အရည်အချင်းနှင့် ရာထူးကို အသုံးချ၍ ချွေးမဖြစ်သူကိုပင် လက်စားချေချင်ခဲ့၏။
ထိုသို့သော လူများက အသက်ရှင်နေစဉ်တွင် ကမ္ဘာကြီးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး သေဆုံးသွားချိန်၌လည်း မြေနေရာဖြုန်းတီးမှုသာ ဖြစ်စေမည်။
ကမ္ဘာကြီးထဲက အငွေ့ပျံပျောက်ကွယ်သွားဖို့ အသင့်ဆုံးဖြစ်၏။
“ ကဲ ရပြီ လူတိုင်းပဲ တော်ကြတော့ … နောက်လူနာတစ်ယောက်ကို ဖိတ်ခေါ်လိုက်ကြရအောင် ….”
ချန်ယွီ့က သူ့စားပွဲကို လက်ဖြင့် ခေါက်လိုက်သည်။
“ အို … ဒီလိုမျိုး ကော့စ်ပလေးတွေကလည်း ဒီဘက်ခေတ်မှာ ရေပန်းစားနေတာလားဟ …”
“ သူက တကယ့် ဘုန်းကြီး အစစ်လား …”
“ ဟာ … ဟျောင့်တွေ … ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ဘုန်းကြီးတွေတောင် ကြည့်နေကြပြီလားဟ …”
“ သူ့ရဲ့ ပုကွကွအရပ်နဲ့ ဝဖိုင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်တာနဲ့ ဒါ ကျောင်းမှာ ရာထူးကြီးကြီး ရထားတဲ့ ကိုယ်တော်မှန်း သိသာတယ် …”
“ ဆရာတော် … ခင်များရဲ့ ကျောင်းက စာရင်းဝင်ဖို့ စီစဉ်ထားသေးလား … စတော့လက်ကျန်တွေရော ရှိသေးလား … ရှိရင် ရှယ်ယာနည်းနည်းလောက် ဝယ်ချင်လို့ ….”
“ အော်မီထော်ဖော … ဗုဒ္ဓက လူချမ်းသာတွေကိုပဲ ကယ်တင်တယ် … ဆင်းရဲတဲ့ကောင်တွေကတော့ မင်းတို့ရဲ့ ဝဋ်ကြွေးမို့ ခံကြပေဦးတော့ …”
ယခုလေးတင် မိသားစုတွင်း ဒရာမာကို ကြည့်ရှုခံစားပြီး အနားယူနေကြသည့် ကြည့်ရှုသူတို့မှာ စခရင်ထက်တွင် ထွက်ပေါ်လာသည့် ဒုတိယမြောက်လူနာ၏ သွင်ပန်းသဏ္ဌာန်ကြောင့် အံ့အားသင့်သွားခဲ့၏။
ထိုသူက သင်္ကန်းကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီး တစ်ယောက်ဖြစ်ပြီး သူ့လည်ပင်း၌ ပုတီးကုံးကြီး တစ်ခုကိုလည်း ချိတ်ဆွဲထားသည်။