မိမိစိတ်ကျေနပ်မှုအတွက် ငါးရောင်စပ် မြွေပွေး လွှတ်ပေးခြင်း
Vol. 22 Ch. 218
နောက်ခံကို ကြည့်ရသလောက်ကတော့ သူ့ကြည့်ရသည်မှာ ကျောင်းတိုက် တစ်ခုခု၏ ဆရာတော် တစ်ပါး ဖြစ်ဟန်ပင်။
သူ့အွန်လိုင်းနာမည်က [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]ဟူ၍ပင်။
“ အော်မီထော်ဖော …”
ဆရာတော်က မျက်နှာထက်တွင် ကြင်နာတတ်သည့် အပြုံးဖြင့် ဗုဒ္ဓဆုတောင်းစကားကို ရွှတ်ဆိုလိုက်သည်။
“ ဒီရဲ့လူနာ … ကျုပ် ဘာများ ကူညီပေးရမလဲ ….”
ချန်ယွီ့ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် သာမန်လျှံကာပဲ ဆိုလိုက်သည်။
“ အိမ်း …. ဒီနွမ်းပါးတဲ့ ဘုန်းကြီးက ဒကာတော်ကို ကယ်တင်ပေးချင်လို့ပဲ ….”
သူပြောလိုက်သည့်အခိုက်အတန့်မှာပဲ ကြည့်ရှုသူများက ကျယ်လောင်စွာ ရယ်မောလာခဲ့ကြသည်။
ဘာတွေ ဖြစ်နေတာတုန်းဟ …
ဒီဘုန်းကြီးက စားပွဲလှန်ပြီး ချန်ယွီ့ကို ပြန်ကုသပေးတော့မလို့လား …
ကြည့်ရှုသူ အဟောင်းများက ချန်ယွီ့သည် စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦး ဆိုသည်ထက် အနာဂတ်ကို ခန့်မှန်းနိုင်သည့် ကံကြမ္မာဟောပြောသူ တစ်ဦး ဖြစ်ကြောင်းကို သိထားကြသည်။
ဝဖိုင့်ဖိုင့် ဘုန်းကြီးက ကံကြမ္မာဖတ်ကြားသူကို ကယ်တင်ပေးမယ် ဟုတ်လား … ဒါ ဘယ်လို ဇာတ်ညွှန်းမျိုးလဲ …
“ လူနာက ကျုပ်ကို ဘယ်လိုကယ်တင်မှာ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြန်မေးလိုက်သည်။
တည်ကြည်လေးနက်သည့်အမူအရာဖြင့် ဆရာတော်က “ ဒကာတော်ချန် … မင်းက တခြားလူတွေရဲ့ အတိတ်ကို အကြိမ်ပေါင်းများစွာ ဖော်ထုတ်ခဲ့ပြီးပြီ … ကံတရားရဲ့ ရိုက်ခတ်မှုကို မင်းမသိဘူးလား …”
“ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် မင်းအတွက် ကပ်ဘေးဒုက္ခတွေ ရောက်လာလိမ့်မယ် ….”
“ မင်း ဒီလမ်းကြောင်းပေါ် ဆက်လျှောက်နေမှာကို ကိုယ်တော် မကြည့်ရက်ဘူး …. မင်းကို ဒုက္ခပင်လယ်ထဲကနေ ကိုယ်တော် ကယ်တင်ပေးမယ် …”
ဤစကားကြားတော့ ကြည့်ရှုသူများက ကြက်သေသေသွားခဲ့ကြ၏။
များပြားလှသည့် ကွန်းမန့်တို့ ထွက်ပေါ်လာသည်။
“ ညီကိုတို့ … ဒီဘုန်းကြီးက ပြဿနာရှာဖို့ ရောက်လာတယ်ဆိုပြီး ငါ ဘာကြောင့် ခံစားနေရတာပါလိမ့် ….”
“ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစမ်းပါ … ‘ပါလိမ့်’ဆိုတာကြီးကို ပြန်ဖြုတ်လိုက် …”
“ ဒီဘုန်းကြီးက နာမည်ကြီးချင်လို့ ဒေါက်တာချန်ဆီ ရောက်လာတယ်ဆိုတာ ကျိန်းသေတယ် …”
“ ချီးကွာ … အကုန်လုံးက ဒေါက်တာချန်ကို အခွင့်ကောင်းယူချင်နေတော့တာပဲ …. ဘုန်းကြီးတွေတောင် ဒီလောက်ထိ ပကာသန မက်လိမ့်မယ်လို့ ထင်မထားဘူး …”
“ ဘုန်းကြီး ဖြစ်တော့ဘာဖြစ်လို့ … သာမန်လူဆို ဘုန်းကြီး ဖြစ်ချင်တာတောင် မဖြစ်နိုင်တဲ့ဟာ ….”
“ ကိုယ်တော်တို့ကျောင်းတိုက်က ကိုရင်တစ်ပါး အလိုရှိပါတယ် … လိုအပ်ချက်ကတော့ အသက် ၃၅ နှစ်အောက် ဖြစ်ရမယ် … မာစတာ ဘွဲ့နဲ့ အထက်ဖြစ်ရမယ် … ပြီးတော့ နိုင်ငံခြား ဘာသာစကား သုံးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ရမယ် … ရုပ်ရည်ပါ ပြေပြစ်မယ်ဆိုရင် အကောင်းဆုံးပေါ့... ”
“ ဟေ့လူ … ခင်များအလိုရှိတာ ကိုရင်ဆိုတာရော ဟုတ်ရဲ့လား …”
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]၏ နှုတ်ခမ်းထောင့်စွန်းတို့ မသိမသာ လှုပ်ခတ်သွားခဲ့၏။
“ ဟင်း ….”
ဆရာတော်က သက်ပြင်း အရှည်တစ်ချက် ချလိုက်ပြီး ကရုဏာထားသည့် လေသံဖြင့် “ ဒကာတော်ချန် … အရှေ့က အမျိုးသမီးနဲ့ ယောက္ခမကြားက ကိုယ်ရေးကိုယ်တာ ကိစ္စကို ဖော်ထုတ်လိုက်တာက မင်းအတွက် မဟာအကြီးကို ကျူးလွန်လိုက်တာပဲ ….”
“ လူကြီးက မှားယွင်းတာ တစ်ခုခု လုပ်မိတယ်ဆိုရင်တောင် ကိုယ်တွေက နားလည်ပေးသင့်တယ် …”
“ ရှေးလူကြီးတွေ ပြောတာ မကြားဖူးဘူးလား … လူကြီးတွေရှေ့မှာ အသံကျယ်ကျယ်တောင် မပြောရဘူးလေ …”
“ ဒီတစ်ကြိမ် မင်းလုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ အရင် အတိတ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေပေါင်းပြီး နောင်ကျရင် ကျိန်းသေပေါက် ဝဋ်ပြန်လည်လာမှာပဲ …”
“ ကျုပ် ဝဋ်လည်တာ မလည်တာကို ခင်များ စိုးရိမ်စရာ မလိုပါဘူး …” ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်ပြီး “ ဒါပေမယ့် ခင်များရဲ့ ဝဋ်ကတော့ ရောက်လာတော့မှာနော်…”
“ ဒီနွမ်းပါးတဲ့ ဘုန်းကြီးရဲ့ စကားတွေက အမှန်တရားတွေ ဖြစ်တာကြောင့်မို့ နားဝင်ခါးတယ် … ဒကာတော်ချန် မနှစ်သက်ဘူးဆိုလည်း အဆင်ပြေတယ် …”
“ ဒါပေမယ့် မင်း ဒါမျိုး နောက်တစ်ကြိမ် ထပ်မလုပ်သင့်တော့ဘူး … မဟုတ်ရင် ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေပါ ထိခိုက်လာလိမ့်မယ်…”
“ ဒီရဲ့လူနာ ….” ချန်ယွီ့က စကားကို ဖြတ်ပြောလိုက်ပြီး “ ခင်များ အခုတလော မခံမရပ်နိုင်အောင် ယားယံတဲ့ ခံစားချက်မျိုး ဖြစ်နေတယ်မလား ….”
“ ဟမ် ….”
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]မှာ ကြက်သေသေသွားခဲ့သည်။
“ ခင်များမှာ စိတ်ရောဂါ ရှိနေရုံတင် မကဘူး … ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလည်းရှိနေတယ် …”
“ ကျုပ် ကုသပေးရမလား …”
ချန်ယွီ့ မေးလိုက်၏။
“ အော်မီထော်ဖော …. ဒီရဲ့ နွမ်းပါးတဲ့ ဘုန်းကြီးက ဗုဒ္ဓကို နေ့တိုင်း ဆည်းကပ်ကိုးကွယ်တယ် … ဗုဒ္ဓရဲ့ ကောင်းချီးနဲ့ နာမကျန်းမှုက ငါ့ဆီ ရောက်လာဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ] လက်ဖဝါးနှစ်ခုကို အတူ ပူးကပ်ပြီး မျက်လွှာချလျက် ဆိုလိုက်သည်။
“ ခင်များက ဗုဒ္ဓကို နေ့တိုင်းနေ့ ဆည်းကပ်တယ်ဆိုရင် ကျမ်းစာ တစ်ပိုဒ်နှစ်ပိုဒ်လောက် ရွတ်ပြပေးမလား … ကျုပ်လည်း ဗုဒ္ဓဘာသာရဲ့ ကြီးကျယ်လေးနက်မှုတွေကို ခံစားလို့ရတာပေါ့ ….”
ချန်ယွီ့က ပျော်စေပြက်စေ အမူအရာဖြင့် ဆိုလိုက်၏။
“ ကောင်းပြီ … ဒကာတော်ချန်က နားထောင်ချင်တယ်ဆိုမှတော့ ဒီနွမ်းပါးတဲ့ဘုန်းကြီးကလည်း ရွတ်ပြရတာပေါ့….”
ပြောပြီးနောက် [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]က မျက်လုံးမှိတ်လိုက်ပြီး တစ်စုံတစ်ရာကို စတင် ရေရွတ်နေတော့သည်။
“ ဟမ်… ဒီလိုကျတော့လည်း တကယ့်ဘုန်းကြီး အစစ်နဲ့ တူသားကွ …”
“ သူက ဘုရားစာရွတ်နေတာလား သီချင်းဆိုနေတာလား မသဲကွဲလို့ … အသံက ဘာလို့ ထူးဆန်းနေလဲ မသိဘူး …”
“ သံစဉ်က နည်းနည်း နားယဉ်နေသလိုပဲ …”
“ ငါလည်း တူတူပဲ … အရင်က တစ်နေနေရာမှာ ကြားဖူးတယ်နဲ့တူတယ် ….”
“ ပျော်ပျော်နေတတ်တဲ့ သိုးလေး၊ လှပတဲ့ သိုးလေး ၊ ငါ့ကို သာမန် သိုးလေးတစ်ကောင်လို့ မထင်လိုက်နဲ့ …. 🎶🎶 ဟ နေဦး … ဒီဘုန်းကြီးက ကာတွန်းဇာတ်ဝင်ခန်းသီချင်းကို ရွတ်နေတာဟ ….”
“ ငါလည်း ဘုရားစာ ရွတ်တတ်တယ် … နားထောင်၊ ရှောင်လင်ကွန်ဖူးကမိုက် … ဟီ့... ဟား … ငါ့မှာ စိန်ခြေထောက်နဲ့ သံမဏိခေါင်းရှိ …. ဟီ့... ဟား ... ”
“ ကံကောင်းပြီး အသက်ရှည်စေမယ့် သီချင်းလေးပေါ့ ….”
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]ကတော့ မျက်လွှာကို ချလျက် ဘုရားစာကို ဆက်လက် ရွတ်ဖတ်ပူဇော်နေလျက် ရှိသည်။
ကြည့်ရှုသူများကတော့ ရယ်ရလွန်း၍ ရူးတော့မတတ် ဖြစ်နေကြသည်။
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]က တကယ့် ဘုန်းကြီး အစစ်နဲ့ တူသော်လည်းပဲ တကယ့်တကယ်တွင်တော့ ကာတွန်း ဇာတ်ဝင်ခန်းသီချင်းကို သီဆိုနေခြင်းပင်။
သီချင်းဆိုပြီးနောက် [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]က မျက်လုံးပြန်ဖွင့်လာပြီး “ ဒကာတော်ချန် … ဗုဒ္ဓဘာသာက မင်းအတွက် အမြဲတမ်း တံခါးဖွင့်ပေးထားပါတယ် … လောကကြီးထဲ လမ်းမှန်လျှောက်ဖို့ နောက်ကျတဲ့လူဆိုတာ ဘယ်သူမှ မရှိဘူး …”
“ ခဏလေး …”
ချန်ယွီ့က [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]ကို ကြားဖြတ်ပြောလိုက်ပြီး “ ခင်များ ဆေးကုဖို့ မလိုအပ်တာ သေချာလား …”
“ ဒီ နွမ်းပါးတဲ့ ဘုန်းကြီးမှာ ဗုဒ္ဓရဲ့ ကောင်းချီးတွေ ရှိတယ် … ကိုယ်တော့်ကို စိတ်ပူပေးဖို့ မလိုပါဘူး ဒကာတော်ချန် …”
“ ဗုဒ္ဓက ခင်များကို ထောင်ကလွတ်အောင် ရှေ့နေလိုက်ပေးနိုင်မှာ မဟုတ်ဘူးနော်…”
“ ခင်များ သိပ်မကြာခင်တုန်းက တိရစ္ဆာန် တော်တော်များများကို လွတ်ပေးခဲ့ဖူးတယ် ဟုတ်တယ်မလား …” ချန်ယွီ့က အေးစက်စက် ရယ်မောလျက် မေးလိုက်သည်။
“ မင်း ဘယ်လိုလုပ်ပြီး သိနေတာလဲ …”
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]မှာ ရှော့ခ်ရသွားခဲ့သည်။
သူ ပုံမှန် အများဆုံး လုပ်လေ့ လုပ်ထ ရှိသည်က ဖမ်းထားသည့် တိရစ္ဆာန်များကို ပြန်လွှတ်ပေးခြင်းပင်။
“ ကျုပ်က ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်လေ …”ချန်ယွီ့ ပြောလိုက်ပြီး “ တခြားလူနဲ့ စကားတွေပြောပြီး လူနာရဲ့ မျက်နှာအမူအရာကနေတစ်ဆင့် သူတို့ အရင်က ဘာလုပ်ခဲ့လဲဆိုတာကို ခန့်မှန်းနိုင်တယ် ….”
“ ခင်များကိုယ်ခင်များ ဘုန်းကြီးလို့ ကင်ပွန်းတပ်ထားက နည်းနည်းချဲ့ကားလွန်းတယ် …”
“ အရင်သုံးနှစ်တုန်းက ခင်များ ရုတ်တရက် အကြံစိတ်ကူးပေါက်လာပြီး ဆင်ခြေဖုံးက အိမ်တစ်လုံးကို ဝယ်တယ် … ပြီးတော့ အဲ့အိမ်ကို ဘုန်းကြီးကျောင်း လုပ်လိုက်တယ် ….”
“ ခင်များက သပိတ် ၊ သင်္ကန်းနဲ့ ဗုဒ္ဓရုပ်ထုနဲ့ တခြား ပစ္စည်းတွေလည်း ဝယ်ခဲ့သေးတယ် ….”
“ ခင်များကိုယ်ခင်များ နာမည်ကြီးဖို့အတွက်ဆိုပြီး တိရစ္ဆာန်လွှတ်ပေးတဲ့ လှုပ်ရှားမှုတော်တော်များထဲမှာတောင် ဝင်ပါခဲ့သေးတယ် ….”
“ သိပ်မကြာခင်တုန်းက ခင်များ … အမျိုးသား ၊ အမျိုးသမီး နဲ့ ကလေးတွေကို မြွေဖမ်းသမားဆီကနေ ငါးရောင်စပ်မြွေပွေးတွေ ဝယ်ဖို့ ခေါ်သွားတယ် …”
“ ခင်များက အဲ့ကောင်တွေကို ဘုန်းကြီးကျောင်းနဲ့ မနီးမဝေးမှာ ရှိတဲ့ ရုက္ခဗေဒဥယျာဉ်ထဲ လွှတ်ပေးခဲ့တယ် ….”
ချန်ယွီ့ စကားအနည်းငယ်မျှသာ ပြောရသေးသော်လည်း သူ့ ပရိသတ်များကတော့ ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
“ ခွေးမသား … ဥယျာဉ်ထဲမှာ အဆိပ်ရှိတဲ့ မြွေတွေ အများကြီး ပေါ်လာခဲ့တာ မဆန်းတော့ပါဘူး … လက်စသတ်တော့ ခင်များကြောင့်ကိုး ….”
“ ငါလည်း ကြားဖူးတယ် … အရင် တစ်လလောက်တုန်းကထင်တယ် … ရေပန်းစား ရှာဖွေမှု စာရင်းထဲတောင် ဝင်သွားလိုက်သေးတယ်လေ …”
“ ဖမ်းထားတဲ့ တိရစ္ဆာန်တွေကို လွှတ်ပေးလိုက်တယ် ဟုတ်လား … အဲ့ဒီအစား ခင်များရဲ့ ပိုက်ဆံတွေ ၊ ရွှေချောင်းတွကိုကျ ဘာလို့ မစွန့်ကျဲလိုက်လဲ …”
“ အဲ့လို တိရစ္ဆာန် လွှတ်ပေးတဲ့လူ အများစုက ကိုယ့်စိတ်အာသာပြေဖို့အတွက် လုပ်နေကြတာချည်းပဲ …”
“ အဲ့လူတွေက ဒီတိုင်း အားယားနေကြတာ … တကယ်လို့ သူတို့ကို သုံးရက်လောက်ပဲ ငတ်ခိုင်းကြည့်ပါလား … အဲ့တိရစ္ဆာန်တွေကိုတောင် အစိမ်းလိုက် မျိုပါလိမ့်ဦးမယ် ….”
“ တစ်ခါ ငါ သွားမျှားတုန်က အပေါ်ဘက်ကနေ ငါးတွေ လွှတ်ပေးတယ် … ပြီးရင် အောက်ဘက်ကနေ ငါးတွေ ပြန်ဖမ်းတယ် … ပြီးပြည့်စုံတဲ့ သံသရာစက်ဝန်း လည်ပတ်ပုံပဲ ….”
“ နှုတ်ကသာ အော်မီထော်ဖော်(မေတ္တာရှင် ဗုဒ္ဓ)လို့ တဖွဖွ ရွတ်နေတာ သူက တကယ်ရော မေတ္တာရှိရဲ့လားလို့ သံသယဝင်မိတယ် ….”
လှောင်ပြောင်နေကြသည့် ကြည့်ရှုသူများအပြင် ငါးရောင်စပ် မြွေပွေးက မည်မျှ အဆိပ်ပြင်းကြောင်း ရှင်းပြနေသူများလည်း ရှိသည်။
မြွေကိုက်ခံရသည်နှင့် ချက်ချင်း ဖြေဆေးမထိုးဘူးဆိုပါက အဆိပ်၏ ပြင်းထန်မှုက ခန္ဓာကိုယ်ကို ဖျက်စီးသွားနိုင်သည်။
ယင်းက အင်မတန် အန္တရာယ်များ၏။ မြွေနားတစ်ဝိုက်ရှိသည်ကပင် အတော်လေး စိုးရိမ်ရလေသည်။
အခြားသူများက လိုင်စင်မဲ့ စီးပွားရေးလုပ်နေချိန်တွင် [ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]ကတော့ လိုင်စင်မဲ့ ဘုန်းကြီးကျောင်း ထောင်နေသည်။
ကြည့်ရှုသူများက ထိုကဲ့သို့ မြင်မိကြ၏။
ထိုသူက ဘုန်းကြီး မဟုတ်ဘဲ ဘုန်းကြီးကျောင်းဆောက်၍ တိရစ္ဆာန် လွှတ်ပေးသည့် စီးပွားရေးကို လုပ်ကိုင်နေသူပင်။
သူတို့အားလုံး စခရင်မှတစ်ဆင့် အနှီ အတုအယောင် ဘုန်းကြီးအား ပါးဖြတ်ရိုက်ပစ်ချင်နေကြသည်။
အရင်လက တစ်ခုသောနေ့တွင် … ရုက္ခဗေဒဥယျာဉ်၌ အတော်လေးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့၏။
ထိုနေရာသို့ သွားရောက်လည်ပတ်ကြသည့် မြို့သူ မြို့သား အများအပြားမှာ မြွေကိုက်ခံလိုက်ရလေသည်။
သနားစရာ အကောင်းဆုံးကတော့ လက်ထပ်ခါနီး လူငယ်စုံတွဲတစ်တွဲပင်။
ပျော်ပျော်ရွှင်ရွှင်နှင့် မင်္ဂလာဓာတ်ပုံ ရိုက်နေချိန်တွင် ငါးရောင်စပ်မြွေတစ်ကောင်က မြက်ခင်းပေါ်မှ ခုန်ပေါက်လာပြီး သူတို့နှစ်ဦးအား ကိုက်ပစ်လိုက်၏။
နှစ်ယောက်လုံးမှာ လဲလျောင်းရင်းဖြင့် ဆေးရုံရောက်သွားခဲ့ရသည်။
“ လူသားနဲ့ တိရစ္ဆာန်တွေက ဒီလောကကြီးထဲမှာ အတူယှဉ်တွဲနေထိုင်ကြတယ် … မြွေပွေးတွေလည်း ထို့အတူပဲ ….”
“ လူသားတွေ နေတဲ့နေရာမှာ တိရစ္ဆာန်လည်း နေထိုင်ပိုင်ခွင့်ရှိတယ် ….”
[ဒုက္ခအပေါင်းမှ ကယ်တင်ပေးမည့် ဆရာတော် ]က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“ ခင်များ လွှတ်ပေးလိုက်တဲ့ တိရစ္ဆာန်တွေက မြွေလေးနည်းနည်းပါးပါးတင်ပဲ မဟုတ်ဘူး …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ခင်များနဲ့ စာရင်းရှင်းချင်နေကြမယ့် ဒေသခံ မြို့သူ မြို့သားတွေ တော်တော်များများ ရှိနေမယ်လို့ ထင်တယ် …”
ချန်ယွီ့က လက်မြှောက်၍ လက်ချောင်းများအား ချိုးလိုက်သည်။
“ ခန့်မှန်းကြည့်ရသလောက်ဆိုရင် ခင်များကို ရိုက်နှက်ချင်နေတဲ့ လူအရေအတွက်က သုံးလေးရာကျော်တယ် …”