အစာကွင်းဆက်ရဲ့ ထိပ်ဆုံး
Vol. 22 Ch. 220
“ ဟယ်လို ဒေါက်တာချန် … ဟယ်လို အားလုံး … ကျွန်မက အားဟွေ့ပါ … အခုက ကျောင်းမှာ ဝေယျာဝစ္စ လာလုပ်တာပါ ….”
“ အရင်က စိတ်ကျရောဂါကို အတော်လေး ခံစားခံခဲ့ရတယ် .. ကျောင်းကို လာပြီး ဝေယျာဝစ္စတွေ လာလုပ်ကတည်းက လူကလည်း ပြန်ကောင်းလာရုံတင်မကဘူး … အကောင်းမြင်စိတ်တွေ များလာပြီး ရွှင်ပြတက်ကြွလာတယ် …”
“ ရှင် ဆရာတော်ကို သံသယ မဝင်သင့်ဘူး ….”
“ ဆရာတော်က တကယ့်ကို ကြည်ညိုဖို့ကောင်းတာ … သတ္တဝါအားလုံးအပေါ်မှာလည်း ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံရှိတယ် …”
“ ကျွန်မ ကြားတာ ရှင်တို့က ဆရာတော်ကို သံသယဝင်ပြီး ကျွန်မတို့ တိရစ္ဆာန်လွှတ်တဲ့ လုပ်ရပ်ကိုလည်း သဘောမကျဘူးဆို …”
“ ကျွန်မတို့ အခုလုပ်နေတာတွေ အကုန်လုံးက လောကကြီး ပိုကောင်းလာစေဖို့ပါပဲ …”
၎င်းနောက် ချက်ချင်းပဲ အားဟွေ့က ကြည့်ရှုသူများအားလုံး ကြက်သေသေသွားစေလောက်သည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
သူတို့တွေ ယခုလို တိရစ္ဆာန်များ ဆက်တိုက် လွှတ်နေရသည့် အကြောင်းပြချက်က လူသားများ၏ လောဘကြောင့်ဆိုပင်။
အကယ်၍ ဝယ်သူနှင့် ရောင်းသူ မရှိဘူးဆိုပါက သတ်ဖြတ်မှုတို့လည်း ရှိလာမှာ မဟုတ်တော့ချေ။
လူသားများ၏ လျှာတစ်ဖျားတွင် နှစ်သက်မှုရလိုသည့်အတွက် နေ့တိုင်းနေ့ မရေမတွက်နိုင်သည့် တိရစ္ဆာန်များက အသတ်ခံရပြီး စားပွဲပေါ်ရောက်နေရသည်။
အားဟွေ့က လူတိုင်းကို တိရစ္ဆာန်လွှတ်သည့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ရုံမျှမက လူတိုင်းကို သားသတ်လွတ် စားဖို့အတွက်လည်း တောင်းဆိုလာသည်။
ပို၍ ပို၍ များပြားသည့် လူတို့ သားသတ်လွတ် စားလာသည်နှင့် တိရစ္ဆာန်လေးများ အသတ်ခံရသည့် အရေအတွက်ကလည်း သိသိသာသာ နည်းပါးလာလိမ့်မည်။
လူသားများအားလုံး အသားစားခြင်းကို ရပ်တန့်လိုက်မည်ဆိုပါက လောကကြီးလည်း သဟဇာတဖြစ်၍ ပိုမိုလှပလာမည်။
အသားစားခြင်းက သတ်ဖြတ်ခြင်း၏ ကံအကျိုးဆက်ကို ခံရရုံမျှမက လူ၏စိတ်ကိုလည်း ရန်လိုလာစေသည်။
ကမ္ဘာလောကကြီး ပရမ်းပတာ ဖြစ်နေရခြင်း အကြောင်းအရင်းက ရန်လိုမှုကြောင့် ဖြစ်၏။
“ ကျွန်မ လူတိုင်းကို တောင်းဆိုချင်ပါတယ် … တကယ်လို့ ကျွန်မတို့က ပိုကောင်းတဲ့ လောကကြီးကို လိုချင်တယ်ဆိုရင် လူတိုင်းက ကိုယ့်တာဝန်ကိုယ် ကျေဖို့ လိုအပ်တယ် …”
“ လျစ်လျူမရှုထားကြပါနဲ့ … မိမိကနေ အရင်ဦးဆုံး စတင်ပါ … ကျွန်မတို့ရဲ့ တိရစ္ဆာန်လွှတ်မယ့်ပွဲမှာ ပါဝင်ပြီး အသားစားတာကို ရှောင်ကြဉ်ကြပါစို့နော်….”
“ ကြောက်ဖို့ကောင်းတဲ့ ကံအကျိုးဆက်တွေကို ရှောင်ရှားဖို့အတွက် အသားစားတာကို ရပ်တန့်ကြမယ် …”
“ လူတိုင်းပဲ … ကျေးဇူးပြုပြီး အသက်တွေကို လေးစားကြပါ … တခြားသက်ရှိ သတ္တဝါတွေရဲ့ အသက်ရှင်သန်ခွင့်ကို အလေးထားပေးကြပါ ….”
ထိုသို့ ပြောပြီးနောက် အားဟွေ့က အတည်ပေါက်ကြီး ဒူးထောက်ချလာသည်။
သူမက ကွန်ပျူတာစခရင်သို့ ဦးခိုက်လိုက်၏။
ပညာတတ်သည့် ကြည့်ရှုသူများကတော့ ဤမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေမိကြသည်။
ဒါ ဘာတွေ ဖြစ်နေတာလဲ …
လူလိမ်အိုကြီး ထွက်သွားပြီးတော့ လူလိမ်ငယ်လေး ရောက်လာတယ် …
မြင်ရသလောက် ပြောရမယ်ဆိုရင် ဒီမိန်းကလေးက လူလိမ်ကောင်ရဲ့ ဦးနှောက်ဆေးခြင်းကို ခံထားရပုံပဲ …
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ရှိတုန်းက တိရစ္ဆာန်လွှတ်တဲ့ လုပ်ရပ်က မှန်ကန်ကြောင်းပဲ ခုခံပြောဆိုသွားခဲ့တာ … အခု ဒီကောင်မလေး ရောက်လာတော့မှ အခြေအနေက ပိုပြီးတောင် ရှုပ်ထွေးလာသလိုပဲ …
သူက လူတိုင်းကို သူတို့ရဲ့ အခုလို လုပ်ရပ်ကို ထောက်ခံဖို့ အလိုရှိနေရုံတင်မကဘူး … ကြည့်ရှုသူတွေကိုလည်း အသားစားတာ ရပ်တန့်စေချင်နေတယ် …
အဲ့စောက်မြည်းကတုံးက အားဟွေ့ကို ဘယ်လိုဆေးတွေ တိုက်ထားလို့ပါလိမ့် …
ဘယ်လိုဖြစ်ပြီးတော့များ ဒီလို အခြေအနေမျိုး ရောက်တဲ့အထိတောင် ဦးနှောက်ဆေးခံထားရတာ …
“ အသက်တွေကို လေးစားဖို့ ဟုတ်လား …. ငါ့ ပန်းကန်ထဲက အသားတွေ အကုန်လုံးကို ကုန်အောင်စားတာက ငါ့ရဲ့လေးစားမှုပဲ ….”
“ ဟင်းသီးဟင်းရွက်တွေလည်း မစားနဲ့ … သူတို့လည်း သက်ရှိအုပ်စုထဲ ပါတယ် …”
“ ငါက အသားမစားဘူး… သူတို့ကို လွတ်လပ်စေချင်တယ် … ငါလုပ်တဲ့အတိုင်း လိုက်လုပ်ရုံတင်မကဘူး … ငါ မစားသလို မင်းလည်း မစားနဲ့ … ဝါး … တကယ့်ကို သူတော်ကောင်းကြီးပါလားကွ …”
“ သူတော်ကောင်းဆိုတဲ့ စကားလုံးက သူ့လက်ထဲမှာ သိက္ခာကျရပြီ …”
“ ငါတို့ ဘိုးဘေးတွေက အစာကွင်းဆက်ရဲ့ ထိပ်ဆုံးရောက်အောင် နှစ်ပေါင်း သန်းနဲ့ချီ ကြိုးပမ်းခဲ့ရတာကွ … အခု မင်းက ငါတို့ကို သားသတ်လွတ်ဘဝ ပြန်သွားဖို့ ပြောနေတယ်ပေါ့ …”
“ ငါ့ကို အသားမစားချင်ရင် ငါမင်းကို စားလို့ရမလား ညီမလေး ဟီးဟီးဟီး …”
“ အစတုန်းကတော့ ဒီည ပင်လယ်စာ ဟော့ပေါ့ စားရင် ကောင်းမလား စဉ်းစားရခက်နေတာ အခုတော့ ကျေးဇူးနော် မိန်းကလေး … မင်းကြောင့်နဲ့ ငါ့ဆုံးဖြတ်ချက်တွေ ခိုင်မာသွားပြီ … အခုပဲ ဖုန်းဆက်ပြီး စားပွဲကြိုမှာထားလိုက်တော့မယ် …”
အားဟွေ့၏ ဒူးထောက်ချမှုက ကြည့်ရှုသူများကို လုံးဝ ရူးသွပ်သွားစေခဲ့သည်။
ထရိုး ဟုတ်ဟုတ် မဟုတ်မဟုတ် ၊ အကုန်လုံးက သူမ၏ မိုက်မဲမှုအပေါ် လှောင်ပြောင်နေခဲ့ကြသည်။
လူသားများက နှစ်ပေါင်း သန်းနဲ့ချီ ကြိုးပမ်းရဲ့ အစာကွင်းဆက်၏ ထိပ်ဆုံးသို့ တက်ရောက်နိုင်ခဲ့သည်။
သူတို့တွင် အသိဉာဏ်ရည်ဟူသည့် လက်ဆောင် ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံးကို ဖိနှိပ်ထားနိုင်လေသည်။
လူသားတို့ ယခုလို ပြုလုပ်ခဲ့သည်က သားသတ်လွတ်သမားများ ဖြစ်လာဖို့ မဟုတ်သလို အနှီ ပေါက်ကရများ နားထောင်ဖို့လည်း မဟုတ်ပေ။
ကြည့်ရှုသူများက တိရစ္ဆာန်လွှတ်သည့် လုပ်ရပ်ကို မကန့်ကွက်သော်လည်း ဦးနှောက်အသိဉာဏ်မဲ့ လွှတ်ခြင်းကိုတော့ လက်မခံလိုပေ။
အကယ်လို့ အဆိပ်ရှိမြွေများနှင့် မိကျောင်းခေါင်းတိုငါးများကို လွှတ်ပေးခြင်းက အကုသိုလ် မဖြစ်ဘူးဆိုရင် ဘာဖြစ်မှာ …
သားသတ်လွတ်သမား ဖြစ်လာဖို့ကတော့ …
စားခြင်း ၊ မစားခြင်းက မိမိ၏ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်သည်။ လောကကြီး ပရမ်းပတာ ဖြစ်နေမှုကို အသားစားသူများအပေါ် ပုံချသည်က လုံးဝ မဖြစ်သင့်ပေ။
ထို့ကြောင့် လူတိုင်း စိတ်အနှောင့်အယှက် ဖြစ်နေမိ၏။
“ ဟင်း ….”
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ချန်ယွီ့ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။
“ မိန်းကလေး … [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က မင်းရဲ့ စိတ်ကျရောဂါကို ကုသပေးခဲ့တယ်လို့ တကယ်ပဲ ထင်နေတာလား ….”
“ ကျွန်မ အထက်တန်းတုန်းက မိဘတွေက ကျွန်မကို စာကလွဲပြီး တခြား ဘာမှမလုပ်ခိုင်းခဲ့ဘူး ….” အားဟွေ့က မတ်တပ်ရပ်လိုက်ပြီး “ သူတို့ရဲ့ တင်းကြပ်တဲ့ ချုပ်ချယ်မှုအောက်မှာ ကျွန်မရဲ့ အမှတ်တွေ ကောင်းလာတယ် … ဒါပေမယ့် စိတ်ဓာတ်ကတော့ တစ်နေ့ထက်တစ်နေ့ အောက်ဆုံးရောက်လာတယ် ….”
“ ကျွန်မ တက္ကသိုလ်ဝင်ခွင့်ရကြောင်း ပြန်စာ လက်ခံရရှိတဲ့နေ့မှာပဲ အိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လုပ်ခဲ့တယ် ….”
“ ကျွန်မ မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီးသွားပြီ … ဒီတော့ လောကကြီးထဲကနေ ထွက်သွားရမယ့် အချိန်ကျပြီ …”
“ လောကကြီးမှာ ကျွန်မအတွက် ဆက်ပြီး ရှင်သန်လောက်စရာ မရှိတဲ့အတွက် ကျွန်မ ထွက်သွားချင်တယ် …”
“ အဲ့အချိန်မှာ ကျွန်မမွေးထားတဲ့ ခွေးက သတိထားမိသွားပြီး အကျယ်ကြီး ဟောင်တော့ ကျွန်မ မိဘတွေရဲ့ အာရုံကို ဆွဲဆောင်သွားတယ် …”
“ အဲ့မှာ ကျွန်မ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လုပ်နေတာ တွေ့သွားခဲ့ပြီး ဆေးရုံပို့ခံလိုက်ရတာပဲ ….”
“ စစ်ဆေးကြည့်တော့ ကျွန်မမှာ စိတ်ကျရောဂါ ရှိနေတယ် …”
“ ဒုတိယတစ်ကြိမ် ဆေးရုံသွားတဲ့အချိန်မှာ ဆေးရုံက တာဝန်ရှိသူတွေနဲ့ စကားများငြင်းခုန်နေတဲ့ ဆရာတော်ကို တွေ့ခဲ့ရတယ်…”
“ ဆရာတော်ရဲ့ စကားလုံးတွေက အင်မတန် ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရတယ် … အဲ့ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ဘဲ သူနဲ့ စကားတွေ ပြောမိတယ် …”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် သူမ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ပြန်မြင်ယောင်မိတော့ အားဟွေ့သည် မပြုံးဘဲ မနေနိုင်ပေ။
အကယ်၍ သူမသာ ဆရာတော်နှင့် မတွေ့ခဲ့ဘူးဆိုပါက ယခုအချိန်လောက်ဆို သေဆုံးပြီး ဖြစ်လောက်၏။
ဤစကားကြားတော့ ချန်ယွီ့ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့တော့သည်။
ချန်ယွီ့၏ အမူအရာကို မြင်တော့ ကြည့်ရှုသူများက တစ်နေရာရာတွင် အတင်းအဖျင်း တစ်ခုခုကတော့ ရှိနေပြီဖြစ်ကြောင်း သတိထားမိသွားကြ၏။
ကွန်းမန့်တွေ တစ်ခုပြီးတစ်ခု တက်လာရင်း ချန်ယွီ့အား [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အဘယ်ကြောင့် ဆေးရုံ တာဝန်ရှိသူများနှင့် ငြင်းခုန်နေရသလဲဆိုတာကို မေးမြန်းလာခဲ့ကြသည်။
သူက အားဟွေ့ကို ဦးနှောက်ဆေးဖို့ ဘာစကားတွေ ပြောခဲ့တာလဲ …
“ သူ သွားခဲ့တဲ့ ဆေးရုံက ဒေသတွင်း ဆေးတက္ကသိုလ်နဲ့ ချိတ်ထားတဲ့ ဆေးရုံပဲ … “ ချန်ယွီ့ ပြုံးလျက် ပြောလိုက်ပြီး “ လူနာကိုတွေကို ကုသဖို့နဲ့ အသက်တွေ ကယ်တင်ပေးတာအပြင် ဆေးရုံက သိပ္ပံသုတေသန အမျိုးမျိုးကိုလည်း စူးစမ်းရှာဖွေတယ် ….”
“ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဆေးရုံရဲ့ တာဝန်ခံကို သွားရှာပြီး ဓာတ်ခွဲခန်းထဲမှာ သုံးနေတဲ့ စမ်းသပ်ခံ ကြွက်တွေကို ဝယ်ချင်ကြောင်း ပြောတယ်လေ …”
“ ရည်ရွယ်ချက်ကတော့ … သိတဲ့အတိုင်း လွှတ်ပေးဖို့ပေါ့ ….”
ကြည့်ရှုသူများမှာ အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
အဆိပ်ရှိ မြွေများနှင့် မိကျောင်းခေါင်းတိုငါးများကို လွှတ်ပေးသည်ကပင် အတော်လေး ထူးဆန်းနေလေပြီ။
ဒါကို [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဓာတ်ခွဲခန်းရှိ စမ်းသပ်ခံကြွက်များအား အတည်ကြီး လွှတ်ပေးချင်နေသည်တဲ့လော။
ဆေးရုံက သဘောတူမှသာလျှင် ထူးဆန်းနေလိမ့်မည်။
မိကျောင်းခေါင်းတိုငါးများနှင့် အဆိပ်ရှိမြွေများ လွှတ်ပေးခြင်းက ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဆိုလျှင် ဓာတ်ခွဲခန်း စမ်းသပ်ခံ ကြွက်များကို လွှတ်ပေးခြင်းက လူသားများအားလုံးအတွက် သေစေနိုင်လောက်သည့် ကပ်ဘေးကြီးကို အစပျိုးမိသည်အထိ ဖြစ်သွားနိုင်လေသည်။
ဆေးရုံ၏ ဓာတ်ခွဲခန်းက အနှီ စမ်းသပ်ခံကြွက်များအပေါ် မည်သည့်အရာတို့ စမ်းသပ်ထားကြောင်း မည်သူကမျှ သိရှိကြမှာ မဟုတ်ပေ။
အကယ်၍ အခြားသော တိရစ္ဆာန်များက စားသုံးမိခဲ့လျှင် ဗီဇဆင့်ကဲပြောင်းလဲမှုတို့ ဖြစ်ပေါ်လာနိုင်ပြီး အနှီ တိရစ္ဆာန်ကို လူသားများက စားသုံးမိမည်ဆိုပါက ….
ကမ္ဘာပျက်မည့် မြင်ကွင်းပင်။
ကမ္ဘာပျက်ခေတ်က အသင့်စောင့်လို့ ကြိုနေပေမည်။
“ ငါ့ကောင်တို့ … [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က တိရစ္ဆာန်တွေ လွှတ်ပေးနေတာ မဟုတ်ဘဲ လျှို့ဝှက်တဲ့ ယစ်ပူဇော်မှုတွေ လုပ်နေတာရော မဖြစ်နိုင်ဘူး …”
“ ယစ်ပူဇော်တာ ဟုတ်လား ….”
“ တစ်ချို့လူတွေက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]လို ဆရာယောင်ကိုကျတော့ ယုံကြည်ကြပြီး ငါက ချင်ရှစ်ဟွမ်ပါ ဆိုတာကျတော့ မယုံကြဘူး …”
( ချင်ရှစ်ဟွမ် - ချင်မင်းဆက်ရဲ့ ပထမဦးဆုံးသော ဧကရာဇ်၊ ချင်ဧကရာဇ်ပဲ ဆိုပါတော့။)
“ အရင် နှစ်ရက်တုန်းက ရေလှောင်ကန်မှာ ငါးသွားဖမ်းတုန်းက ငါ ဘာမှားဖမ်းမိခဲ့တယ်ထင်လဲ … မှန်းကြည့်စမ်း … သောက်ရမ်းလှတဲ့ Koi ငါးတွေကွ …”
“ ဟားဟား ... မင်းတော့ ကံကောင်းမှု အနှုတ် ၁၀၀ ဖြစ်ပြီ ... “
“ ညီကိုတို့ … ငါ ကြီးပွားမယ့် နည်းတစ်ခု စဉ်းစားမိပြီ … အဲ့ ဘုန်းကြီးကျောင်း ဝင်ပေါက်ဝမှာ ငါးသွားရောင်းကွာ … သူတို့တွေ ငါးဝယ်တဲ့အထိစောင့် … ပြီးရင် သူတို့ ငါးလွှတ်တဲ့နေရာ လိုက်သွားပြီး ပြန်ဖမ်း … ပြီးရင် အဲ့ကျောင်းမှာ ပြန်သွားရင်း … ဒီလိုသာဆို အမြတ်တွေ မနည်းမနော ရမှာနော်… နောက်တစ်ကြိမ် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က ကိုယ့်လူတို့ ဖြစ်လာနိုင်တယ် ….”
“ စောက်ကျိုးနည်း … အယ်လ်ဂိုရစ်သမ်ကလည်း ကြမ်းလိုက်တာ … အခု ငါ့ကို ဆင်ခြေဖုံးမှာ ထရပ်ကားကြီးနဲ့ ကြောင်တွေ သွားပစ်တဲ့ ဗွီဒီယိုတွေ စပြနေပြီ ….”
အမျိုးမျိုးသော ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့က လည်ချောင်း တစ်ချက်ရှင်းရင်း ပြောလိုက်သည်။ “ မိန်းကလေး … မင်းက အဲ့ဒီကောင်းမှုဆိုတဲ့ အရာက မင်းရဲ့ စိတ်ကျရောဂါကို ကုသပေးတယ်လို့ ထင်နေတယ် … ဒါပေမယ့် တကယ်တော့ ဒီတိုင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်း တစ်မျိုးသပ်သပ်လေးပဲ ….
“ စိတ်ပညာအရဆိုရင် ဒါကို Placebo လို့ခေါ်တယ် …”
( placebo - ရောဂါမရှိဘဲ ရှိနေတယ်လို့ စိတ်စွဲနေသူကို ပေးတဲ့ဆေး၊ အာနိသင်မရှိတဲ့ဆေး၊ နောက်တစ်နည်းက ချွေးသိပ်ပေးတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်၊ စိတ်ကို လှည့်စားလိုက်တာပေါ့ဗျာ။ )
စာစဉ် (၂၂) ပြီး၏။