အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
Chapter 67
ရှချန်းချန်းသည် “Galaxy Girls” သို့ ရောက်ရှိလာခဲ့ရုံသာမက အလွန်တည်ကြည်လှပလွန်းသည့် ဝတ်စုံကိုလည်း ဝတ်ဆင်ခဲ့သည်။
သူမသည် D brand ၏ ဆောင်ဦးရာသီဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ အရပ်မှာ 1.75မီတာရှည်၍ ခြေတံသွယ်သွယ်လေးများရှိပြီး စွဲမက်စရာကောင်းလှသည့် ခန္ဓာကိုယ်အချိုးအစား ရှိဖြင်းကြောင့် အလွန်အမင်းပင် ရင်သပ်ရှုမောဖွယ်ကောင်းလှလေသည်။
“ ဝိုးးး ဝိုးးး ဝိုးးးး”
ဖန်းရော့ရော့၏ အေးစက်နေသော အကြည့်များထဲ၌ မရေမတွက်နိုင်သော ကြယ်ကလေးများ တောက်ပလာခဲ့သည်။
“သူက အရမ်းလှတာပဲ ငါ သူ့ကို အရမ်းချစ်နေပြီ၊ အရင်တုန်းက ဒီပြည်တွင်း အနုပညာလောကမှာ ဒီလောက်ချောတဲ့ idolတွေ ဘာလို့ မရှိရတာလဲ”
“မင်းပိုပြီး ရည်မှန်းချက်ကြီးကြီးထားလို့မရဘူးလား”
စုန့်ယွီနင်သည် ပြုံးလိုက်ပြီး စကားလုံးများမှာ သူ၏ သွားကြားထဲမှ ထွက်လာခဲ့သည်။
“သူက အသာဖြူတာရယ်၊ မျက်လုံးဝိုင်းတာရယ်၊ နှာတံစင်းတာရယ် ၊မျက်နှာပိုသေးတာရယ်၊ ခါးပိုသေးတာရယ်၊ ခြေတံပိုရှည်တာရယ်ပဲ ရှိတာလေ၊ ဒီလို အားသာချက် နည်းနည်းလေးရှိတာနဲ့ပဲ နင်က သူ့ကို ကြွေနေပြီလား”
ဖန်းရော့ရော့ : ???
ဖန်းရော့ရော့သည် စုန့်ယွီနင်အား ဘေးတိုက်အနေအထားဖြင့် စိုက်ကြည့်လိုက်သည်။
“ကျဲရေ ခုနက ပြောလိုက်တဲ့စကားကို ပြန်နားထောင်ချင်သေးလား၊ သူ့ကိုကြွေနေတာက ကျွန်မလား ကျဲလား မသဲကွဲတော့ဘူး”
စုန့်ယွီနင်သည် ခံပြင်းသွားကာ သူမ၏ မျက်နှာမှာလည်း နီရဲသွားခဲ့သည်။
ရှချန်းချန်း၏ ကြည့်ကောင်းလှသော ဝတ်စုံကြောင့် မှင်သက်သွားခဲ့ကြသည််မှာ စုန့်ယွီနင်နှင့် ဖန်းရော့ရော့တို့သာမက ပွဲတွင်ရှိနေကြသော အမျိုးသမီး idolများအပြင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ကြည့်ရှုသူများကိုလည်း ဖမ်းစားနိုင်ခဲ့လေသည်။
[ အရင်က ချန်းကျဲကို မတန်ဘူးလို့ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်၊ ချန်းကျဲသာ ဒီလိုမျက်နှာလေးနဲ့ ဝက်သတ်တဲ့ပုံစံသရုပ်ဖော်ပြမယ်ဆိုရင်တောင် ဆက်ကြည့်ဖို့ ဆန္ဒရှိတယ်]
[ ငါက ချောတဲ့မျက်နှာရှိတဲ့သူတွေကို ဘက်လိုက်တက်တဲ့သူပါ၊ ရွှီချဲရေ တောင်းပန်ပါတယ်နော်၊ ငါသူ့ကို မိနစ်ပိုင်းလေးအတွင်း ကြွေသွားပြီ]
[ ကျဲရေ boy bandအဖြစ်သာ ပွဲဦးထွက်လိုက်ပါ့လား၊ ဒီလောက် ချောမောနေမှုနဲ့ဆိုရင် ယောကျာ်းလေးတွေတောင် သူ့ကို မမှီနိုင်တော့ဘူး]
...
ရှချန်းချန်းသည် အပြုံးတစ်ပွင့်ပန်ဆင်ထားကာ သူမ၏ ဘေးတစ်ဝိုက်တွင်ရှိနေသော ပြိုင်ပွဲဝင်များအား နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
စနစ်သည် “Galaxy Girls” အတွက် အမျိုးမျိုးသော စာရင်းများကို ပြန်လည်စစ်ဆေးပြီးနောက် စိတ်အားထက်သန်စွာဖြင့် တင်ပြလာခဲ့သည်။
“Host ရေ ရှင်းခုံက မင်း ဒီရှိုးမှာ ပါဝင်မဲ့အကြောင်းကို လျှို့ဝှက်ပြီး ဖြန့်လိုက်ကတည်းက “Galaxy Girls” ရဲ့ ကျော်ကြားမှုက မြင့်တက်လာခဲ့ပြီးသားပါ၊ ပြီးတော့ မင်းရဲ့ အဆိုနဲ့အကနဲ့ပတ်သတ်ပြီး တမင်တကာ မကောင်းတဲ့အချက်တွေကို ဖြန့်လိုက်တော့ ပိုပြီး လူပြောများလာတော့တာပဲ၊ အခုဆိုရင် မင်းက အကျော်ကြားဆုံး ပုံရိပ်တစ်ခုအနေနဲ့ထွက်ပေါ်လာခဲ့ရပြီ ဒီရေပန်းစားမှုတွေက ပိုပြီးတောင် မြှင့်တက်လာသေးတယ်”
“Galaxy Girls”သည် online ရသစုံရှိုးသာဖြစ်ပြီး ကုန်ကျစရိတ်အနည်းငယ်သာ သုံးထားသည့် online ရှိုးတစ်ခုဖြစ်သောကြောင့် ထိုအရာမှာ အတော်လေး ကောင်းမွန်နေခဲ့သည်။
သို့သော် ပိုမိုကျယ်ပြန်သည့် စျေးကွက်များ အထူးသဖြင့် onlineပေါ်မှ TV ရှိုးများနှင့် နှိုင်းယှဉ်ကြည့်ပါက ရလဒ်များမှာ အထင်ကြီးလောက်စရာမရှိပေ။
သို့သော်လည်း ရှချန်းချန်း၏ စန်းပွင့်သွားပြီးနောက် “Galaxy Girls” သည် “သာယာရိုးရှင်းသောဘဝ”၏ ကျော်ကြားမှုထက် ပိုသာလွန်သွားခဲ့သည်။
“လူကြည့်များလေလေ အာရုံစူးစိုက်ခံမှု များလေလေပဲ” ဟု ရှချန်းချန်းသည် သူ၏စိတ်ထဲမှ စနစ်ကို ပြန်ဖြေလိုက်လေသည်။
“အဲဒါဆိုရင် သူတို့တကယ်လို့ Starry Skyက ပြိုင်ပွဲဝင်တွေကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင်တောင် အခွင့်အရေးက ပိုနည်းသွားပြီ”
ရှချန်းချန်းသည် သူမ၏ မျက်လုံးအား ဝှေ့ကြည့်လိုက်ပြီး မနီးမဝေးတွင် ရှိနေသော ရှလုလုကို စိုက်ကြည့်နေခဲ့သည်။
ရှလုလုသည် ရှချန်းချန်း၏ အကြည့်အား သတိထားမိသွားသည့်ပုံပေါ်ကာ သူမအား နူးနူးညံ့ညံ့မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်လေသည်။
ထိုမိန်းကလေးသည် ရိုးသားဖြူစင်စွာဖြင့် ပြုံးပြခဲ့ပြီး ဤရှိုးတွင် ပါဝင်ရန်နှင့် ပန်းခင်းထားသည့် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန်အတွက်သာ အာရုံစူးစိုက်ထားနေခဲ့လေသည်။
ရှချန်းချန်း၏ မျက်လုံးများမှာ အေးဆေးတည်ငြိမ်နေလေသည်။
ယခုတစ်ခေါက်တွင် သူမထပ်၍ နောက်မကျတော့ပေ။
ရှချန်းချန်းသည် အခြား Starry Sky ပြိုင်ပွဲဝင်များနှင့် အတူတူ ရပ်စကားပြောရန်အတွက် ရှလုလုထံသို့ လမ်းလျှောက်သွားခဲ့လေသည်။
သူမ စုန့်ယွီနင်ဘေးမှ ဖြတ်သွားသည့်အချိန်တွင် သူ့နောက်ကျောမှာ ရုတ်တရက် အတွန်းခံလိုက်ရသည်။
ရှချန်းချန်းသည် ဟန်ချက်ပျက်သွားပြီး ရှေ့သို့ လဲကျမလိုဖြစ်သွားခဲ့သည်။ သူ့ အနီးအနားမှာရှိသည့် ခြံစည်းရိုးကိုလှမ်းကိုင်ပြီး ဟန်ချက်ညီအောင် ပြန်ထိန်းလိုက်သော်လည်း အနောက်တွင်ရှိနေသော စုန့်ယွီနင်၏ ပုံစံကို ပြေးမြင်လိုက်ပြီး သူမ မျက်လုံးများက တောက်ပသွားကာ တစ်ခဏအတွင်း မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
“အားး”
ရှချန်းချန်းသည် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ အနာတရဖြစ်သွာရသော ဒူးအား ပွတ်သပ်နေလေသည်။
သူမသည် စုန့်ယွီနင်အား ဖြူစင်ရိုးသားသည့်ပုံစံဖြင့် ကြည့်လိုက်လေသည်။
“စုန့်ယွီနင် ရှင်ဘာလို့ ကျွန်မကိုတွန်းတာလဲ”
[ စုန့်ယွီနင်က ရှချန်းချန်းကို တွန်းလိုက်တာလား]
[ ငါမမြင်လိုက်ဘူး ဒါပေမဲ့ စုန့်ယွီနင်ဘေးနားကနေ ချန်းကျဲဖြတ်သွားပြီးတော့ လဲကျသွားတာပဲ]
[တကယ်တမ်းတော့ စုန့်ယွီနင်က ရှချန်းချန်းကို နည်းနည်းလေး မနာလိုနေတဲ့ပုံပဲ၊ သူတကယ်ကြီးတွန်းလိုက်တာများလား]
စုန့်ယွီနင်မှာ တွေဝေသွားခဲ့သည်။
သူမသည် မတ်တပ်ရပ်၍ ဖန်းရော့ရော့နှင့် စကားပြောနေသည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်၏။
သူ ရှချန်းချန်းကို ထိမိလိုက်မိတာလား။
ရှချန်းချန်းက သူ့ဟာသူ လဲကျသွားတာ မဟုတ်ဘူးလား။
စုန့်ယွီနင်သည် ထိုအကြောင်းအား ငြင်းဆန်ရန်လုပ်မည်ကြံသော်လည်း သူမသည် ရှချန်းချန်း၏ လက်ဖက်စိမ်းအသံကို ကြားလိုက်ရလေသည်။
“ကျွန်မ ရှင့်ကို အပြစ်တစ်ခုခုများလုပ်ခဲ့မိတာလား၊ ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံရတာလဲ”
စုန့်ယွီနင်:???
ကယ်ကြပါဦး ဒီအမျိုးသမီးက ဘယ်လိုတောင် လက်ဖက်စိမ်း ဆန်နေရတာလဲ။ သူ နူးညံ့သိမ်မွေ့တဲ့ပုံစံ ဟန်ဆောင်တာထက်တောင် ပိုပြီး လက်ဖက်စိမ်းနေသေးတယ်။
စုန့်ယွီနင်သည် သူမ၏စိတ်ထဲမှ မျက်လုံးလှိမ့်လိုက်လေသည်။
သူမသည် ဤအစီအစဉ်၌ ရှချန်းချန်းပါဝင်သည်ကို မပျော်ရွှင်သော်လည်း သူမသည် အရည်အချင်းနှင့် ပြိုင်ဆိုင်တက်သူ ဖြစ်သည်။
ဘာလို့ သူများကို ဒီလိုတွန်းပြီး ရွံစရာကောင်းတဲ့လုပ်ရပ်တွေကို သုံးနေမှာလဲ။
စုန့်ယွီနင်၏ စိတ်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နေသော်လည်း ကင်မရာရှေ့၌ သူမ ပုံရိပ်ကို ထိန်းသိမ်းလိုက်ကာ ညှင်သာစွာဖြင့် ပြောလာခဲ့သည်။
“အို ရှချန်းချန်းရေ၊ ကျွန်မ ရှင့်ကို မတော်တဆ တိုက်မိသွားတာပါ၊ တောင်းပန်ပါတယ်နော် ဒါပေမဲ့ ရှင့်ရဲ့ ကိုယ်ခံအားက သိပ်မကောင်းဘူးထင်တယ်နော် နည်းနည်းလေးတိုက်မိတာနဲ့တင် မြေကြီးပေါ်လဲကျသွားရတာနဲ့ ရှင်ဘယ်လိုများ အက က မလဲ”
“အို ဒါက မဟုတ်သေးပါဘူး”
စုန့်ယွီနင်သည် တစ်ခုခုအား လေးလေးနက်နက်စဉ်းစားနေသည့် အမူအရာဖြင့် ပြောလာခဲ့သည်။
“ဪ ဒါနဲ့၊ ကျွန်မ ရှင့်ရဲ့ အက ကနေတဲ့ ဗီဒီယိုကို ကြည့်ပြီးသွားပြီ၊ အဲဒါက အက ကနေတာနဲ့ မတူဘဲ ဝက်သတ်နေတဲ့အကနဲ့ ပိုတူနေတာ မဟုတ်လား”
[ အို နင်နင်က အရမ်းရက်စက်တာပဲ]
သို့သော် ထိုအရာမှာ အမှန်တရားဖြစ်သည်။
ရှချန်းချန်း၏ အကသည် ဖော်ပြရန်ပင်လျှင် ခက်ခဲလှ၏။
ဘေးတစ်ဝိုက်တွင် ရှိနေကြသည့် ပြိုင်ပွဲဝင်များထံမှ ရယ်သံများထွက်လာခဲ့သည်။
“ရှချန်းချန်းရဲ့ ရုပ်ရည်က အတော်ကြည့်ကောင်းပေမဲ့ သူ့ရဲ့ အဆိုနဲ့အက ကတော့ အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်”
“Girl groupsတွေက idolတွေကိုပဲရွေးတာ ရုပ်ကိုကြည့်ရွေးတာမဟုတ်ဘူး”
“ဒီလို ကိုယ်ခံအားနဲ့ ဆက်ပြီး ကချင်နေတာလား”
“onlineပေါ်မှာ ပျံ့နေတဲ့ သူ့ရဲ့ လေ့ကျင့်ရေး ဗီဒီယိုတွေထဲက သူဘယ်လို ကထားတာလဲဆိုတာတွေ မေ့ကုန်ကြပြီလား”
“ခုနတုန်းက ရှချန်းချန်းက စုန့်ယွီနင်ကို ရန်စနေတယ်လို့မထင်ဘူးလား၊ သူလဲကျတာနဲ့ပဲ တန်တယ်”
...
ပြိုင်ပွဲဝင်များသည် ရှချန်းချန်း၏ အလှတရားတွင် သဘောကျနစ်မြောနေရင်းမှ အသိစိတ်ပြန်ဝင်လာကာ ထိုသဘောကျမှုများနေရာတွင် လှောင်ပြောင်သည့်အရာများ အစားထိုးဝင်လာခဲ့သည်။
လူအများသည် ရှချန်းချန်း၏ဘေးနားတွင် ပတ်ပတ်လည် ဝိုင်းနေခဲ့သည်။ သူမသည် လူအုပ်ကြီး၏ အလယ်တွင် ရှိနေခဲ့ပြီး အထီးကျန်နေကာ အကူအညီမဲ့နေသည့်အပြင် မကျေမနပ်ဖြစ်၍ တွေဝေနေလေသည်။
ထိုအချိန်၌ ရွှီချဲသည် စိတ်ဆိုးနေသည့် မျက်နှာဖြင့် ပြိုင်ပွဲဝင်များစုဝေးနေသည့် လူအုပ်ကြီးကို တွန်းဖယ်ကာ ရှချန်းချန်းထံသို့ တည့်တည့်မတ်မတ်လျှောက်လာခဲ့သည်။
သူသည် ရှချန်းချန်းအား ကူ၍ ထူပေးလိုက်ပြီး စိတ်ပူနေသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။
“ချန်းချန်း အဆင်ပြေရဲ့လား”
သူ၏ အကြည့်များမှာ နူးညံ့နေသော်လည်း ခန့်မှန်းရခက်သည့် အရာများ ပါဝင်နေသည်။
ရှချန်းချန်းသည် ရွှီချဲအား မြင်လိုက်ရသည့်အခါ၌ နားလည်သွားခဲ့သည်။
သူမသည့် မကျေနပ်သည့် ပုံစံဖြင့် မျက်လွှာချထားလိုက်လေသည်။
“ကျေးဇူးပါ၊ ကျေးဇူးပါနော်”
ရွှီချဲ၏ မျက်နှာပေါ်၌ ဝမ်းနည်းနေသည့် အရိပ်အယောင်များဖြင့် ပြည့်နေခဲ့သည်။
သူသည် စုန့်ယွီနင်အား ရုတ်တရက် စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း အေးစက်နေလေသည်။
“ယွီနင် မင်းဘာလို့ ချန်းချန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တွန်းလိုက်တာလဲ၊ ဒါက လွန်သွားပြီ”
စုန့်ယွီနင်: ???
စုန့်ယွီနင်သည်လည်း မကျေမနပ်ဖြစ်သွားခဲ့သည်။
“ရွှီလောင်ရှီး၊ ကျွန်မကို သူ့ကို ရည်ရွယ်ချက်ရှိရှိ တွန်းလိုက်တယ်လို့ ဘယ်လိုမြင်လိုက်တာလဲ၊ သူ့ကို ဘယ်သူတွန်းလိုက်မှန်းတောင် ကျွန်မ မသိဘူး”
ရွှီချဲမှာ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
“ယွီနင် ဒီပြိုင်ပွဲမှာ ရှချန်းချန်းပါလာလို့ မင်း မပျော်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ မင်း သူ့ကို ဒီလို မဆက်ဆံသင့်ဘူး၊ ချန်းချန်းက ဒီ girl group မှာ ပါဖို့ အရမ်း ဖိအားများနေတာလေ၊ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက အစီအစဉ်မှာ အတူတူပါဝင်နေကြတာပဲကို အဆင်ပြေပြေလေး နေလို့မရဘူးလား”
သူမ၏ ပရိတ်သတ်များအရှေ့တွင် နူးညံ့ချိုသာသောမျက်နှာလေး အမြဲပြသတက်သော စုန့်ယွီနင်သည် ထိုစကားများကို ကြားလိုက်ရသည့်အခါ၌ မျက်နှာပျက်လုနီးပါးပင် ဖြစ်သွားလေသည်။
ရွှီလောင်ရှီး ဒီအကြောင်းကို နည်းနည်းလောက် စုံစမ်းလိုက်ပါဦးလား။
ရှင်ကပဲ တစ်ခြားသူတွေနဲ့ အဆင်ပြေအောင် အနေချင်ဆုံးတစ်ယောက်ပဲ မဟုတ်ဘူးလား။
အပေါက်ဆိုးတဲ့ ရှချန်းချန်းလိုသာ ဆက်ဆံလ်ိုက်ချင်တော့တယ်။
သို့သော်လည်း ထိုနေရာ၌ ကင်မရာများ ရှိနေသေးသောကြောင့် စုန့်ယွီနင်သည် သူမ၏ စိတ်ထဲ၌ မကျေမနပ်မှုများကို သိမ်းထားလိုက်ပြီး ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့သည့် မျက်နှာပုံစံဖြင့်သာ နေလိုက်လေသည်။
[ ချန်းကျဲကို ရွှီချဲကာကွယ်ပေးလိုက်တဲ့ မြင်ကွင်းက ငါ့ကို နည်းနည်းဟက်ထ်ိသွားစေတာပဲ]
[ ဟားဟားဟား ရွှီချဲက စုန့်ယွီနင်ကို ဆူနေတဲ့အချိန်မှာ ချန်းကျဲက အချစ်တွေပြည့်နေတဲ့အကြည့်နဲ့ ရွှီချဲကို တိတ်တိတ်လေးလှမ်းကြည့်နေတာကို ငါမြင်လိုက်တယ်]
[ ချန်းကျဲက ရွှီချဲကြောင့် ဒီကိုရောက်လာတယ်လို့ ရုတ်တရက်ခံစားလိုက်ရတယ်၊ အဲဒါက ဟုတ်လောက်တယ်မလား]
[ ကောလဟာလသတင်းတွေအရတော့ ချန်းကျဲက ရွှီချဲနဲ့ အရင်သီးသန့်တွေ့ပြီးမှ ဒီကိုရောက်လာတာတဲ့ ]
[ ငါနားလည်သွားပြီ ငါနားလည်သွားပြီ ]
...
ထို့နောက် ဒါရိုက်တာကျန်းသည် training camp တံခါးကို ဖွင့်လိုက်ပြီး ပြိုင်ပွဲဝင်များအား Galaxy Girls မိသားစုဝင်အဖြစ် ကြိုဆိုလိုက်လေသည်။
စုန့်ယွီနင်သည် ထိုနေရာတွင် ဆက်မနေနိုင်တော့၍ ကင်မရာဘက်ကို ကျောပေးကာ ရှချန်းချန်းအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။
ထို့နောက် စုန့်ယွီနင်သည် သူမ၏ နူးညံ့သိမ်မွေ့သော idolမျက်နှာအား ချက်ချင်းပင် ပြောင်းလဲလိုက်ပြီး ဖန်းရော့ရော့၏ လက်မောင်းကိုဆွဲကာ training camp ထဲသို့ ဒေါသတကြီးဖြင့် ဝင်သွားလေသည်။
ရွှီချဲသည် ရှချန်းချန်း၏ လက်အား ကိုင်ထားကာ ချိုသာသည့်အပြုံးဖြင့် ပြောလာခဲ့သည်။
“ဘာမှစိတ်မပူနဲ့နော်၊ အခုချိန်ကစပြီး ရှိုးတစ်လျှောက်လုံး မင်းကို ဂရုစိုက်ပေးမယ်”
ရှချန်းချန်း၏ ပါးများမှာ ချက်ချင်းပင် နီရဲသွားခဲ့ပြီး “ကျေးဇူးတင်ပါတယ်” ဟု ပြောလာခဲ့သည်။
“မင်းနဲ့ ကျွန်တော့်ကြားမှာ ကျေးဇူးတင်စကားပြောဖို့ မလိုပါဘူး”
ရှချန်းချန်း၏ မျက်နှာမှာ ပို၍ နီရဲလာခဲ့သည်။
ရွှီချဲသည် အခမ်းအနားတွင် ကြေညာကိစ္စများ ပြောရန် လိုအပ်နေသေးသောကြောင့် ရှချန်းချန်းသည် အခြား ပြိုင်ပွဲဝင်များနှင့်အတူ training campထဲသို့ လိုက်သွားခဲ့လေသည်။
သို့သော် သူမ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးတိုင်း နောက်ကိုလှည့်ကာ ရွှီချဲအား ခိုးခိုးကြည့်လိုက်လေသည်။
ရွှီချဲသည် သူမအား မမြင်နိုင်တော့သည့်နေရာ ရောက်သွားသောအခါမှသာ ရှချန်းချန်းသည် သူမ၏ မျက်နှာပေါ်မှ အပြုံးများကို ဖယ်ချလိုက်ပြီး မလိုအပ်သည့် စိတ်ခံစားချက်များကိုလည်း ဖယ်ထုတ်လိုက်လေသည်။
စနစ်သည် မချီးကျူးဘဲ မနေနိုင်သောကြောင့် ထွက်လာလေတော့သည်။
“ငါ မင်းကို အရမ်းလေးစားနေပြီ၊ တိဟောက် clubက ကျန်းရှောက်လား ၊ Sailing club က ဟွိုက်ယန်လား ဒါမှမဟုတ် အခု ရွှီချဲလား၊ ဘယ်သူပဲဖြစ်ဖြစ် မင်းက လူယုတ်မာတွေရဲ့ လက်ထဲကိုရောက်သွားပြီး နစ်နာတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ တကယ်ကို ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာပဲ၊ ငါသာ ရုပ်ရှင်အဖွဲ့အစည်းရဲ့ ဥက္ကဌဆိုရင် Hostကို ရွှေတံဆိပ် သုံးခု သေချာပေါက် ပေးမှာ”
ရှချန်းချန်းသည် သရော်သလိုဖြင့် ရီလိုက်ပြီး သူမ၏ အသံမှာ ထေ့ငေါ့သည့် စကားများ ပါနေလေသည်။
“ရွှီချဲက ငါနဲ့ ပြိုင်ပွဲဝင်တွေကြားက ဆက်ဆံရေးကို ရှုပ်ထွေးအောင်လုပ်ပြီး သူက ကြားထဲကနေ ဝင်ကယ်ပေးတဲ့ သူရဲကောင်းကြီးလုပ်ချင်တာလေ၊ ဒီလောက်တောင် ကြီးကျယ်တဲ့ပြသာနာကြီးကို ဖန်တီးချင်နေတာပဲ၊ တကယ်လို့ ငါသာ ဝင်ပြီး သရုပ်မဆောင်ပေးရင် သူကြိုးစားသမျှ အလကားဖြစ်သွားတော့မှာပေါ့”
စနစ်မှာ တွေဝေသွားခဲ့လေသည်။
“သူက မင်းကို ဦးစားပေးချင်နေတာမဟုတ်လား၊ ဘာလို့ သူက ဒီလောက်တောင် အားထုတ်စရာလိုလို့လဲ”
“မန်နေဂျာတွေက သူတို့မလုပ်ချင်တဲ့ကိစ္စတွေဆို အနုပညာရှင်တွေကို ဘယ်လိုဖိအားပေးလဲဆိုတာ မသိဘူးလား”
စနစ်မှာ မှင်သက်သွားခဲ့သည်။
မန်နေဂျာတစ်ယောက်သည် သူတို့မလုပ်ချင်သည့် ကိစ္စများအား အနုပညာရှင်များကို ဖိအားပေး၍ လုပ်ခိုင်းသည့် နည်းလမ်းမှာ နှစ်မျိုးရှိလေသည်။
သူတို့အား ငွေအရင်းအနှီးများနှင့် မြူဆွယ်ခြင်း ဒါမှမဟုတ် အာဏာသုံး၍ လုပ်ခိုင်းခြင်းပင် ဖြစ်သည်။
ရင်းနှီးမြုပ်နှံမှုများဖြင့် ရှချန်းချန်းအား ဆွဲဆောင်ရန် ခက်ခဲသောကြောင့် သူတို့သည် အာဏာပြ၍ ခြိမ်းခြောက်သည့် နည်းလမ်းကိုသာ အသုံးပြုကြမည်ဖြစ်သည်။
စကားလုံးကြမ်းကြမ်းဖြင့် ပြောရလျှင် လူအား ပြန်ပေးဆွဲ၍ အဝတ်မပါသည့်ပုံများကို ရိုက်ကူး၍ သူမကို ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်၊
သို့မဟုတ် ရှချန်းချန်းကို လိင်ပိုင်ဆိုင်ရာ မြူဆွယ်ရန်အတွက် ယောကျာ်းတစ်ယောက်ကိုရှာကာ HD ဓာတ်ပုံများ ရိုက်ကူး၍ သူမကို ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။
အနုပညာရှင်အသစ်ကလေးများအတွက် ပထမနည်းလမ်းမှာ ရိုးရှင်းလှသည်။
သို့သော် ရှချန်းချန်းကဲ့သို့ အနုပညာရှင်တစ်ယောက်အတွက် ဒုတိယနည်းလမ်းမှာ ပို၍ စိတ်ချရလေသည်။
ရှချန်းချန်း၏ HD ပုံများဖြင့် ဆိုလျှင် သူမအား ထိန်းချုပ်ရလွယ်ကူမည်ဖြစ်သည်။
“အဲဒါကြောင့်ပဲ လုလုနဲ့ တစ်ခြားသူတွေက အဲလို အကတွေ ကခဲ့ကြတာလေ”
စနစ်မှာ ရုတ်တရက် နားလည်သွားခဲ့သည်။
“ဘာလို့လဲဆိုတော့ ရှင်းခုံက သူတို့အပေါ်မှာ မကောင်းတာတွေလုပ်ထားတဲ့ သက်သေတွေရှိနေလို့ပဲ”
ရှချန်းချန်းသည် နက်ရှိုင်းသည့် အသံအနေအထားဖြင့် ပြောလာခဲ့သည်။
“ဖူယန်ရုန်နဲ့ ဟုန့်ပေါ်ချောင်ကို ဆက်သွယ်လိုက် ပြီးတော့ အဲနှစ်ယောက်ကို စောင့်ကြည့်ခိုင်းထားလိုက်ဦး၊ နောက်ပြီး ရွှီချဲရဲ့ ပြသာနာကိုလည်း စစ်ဆေးခိုင်းပေးဦးနော်၊ အဖြေတစ်ချို့ ရလာမယ်လို့တော့ ထင်တယ်”
“ပြသာနာမရှိပါဘူး Host၊ နောက်ထပ် ဘာဆက်လုပ်ဦးမှာလဲ”
စနစ်မှ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
ရှချန်းချန်းသည် သူမ၏အရှေ့တွင်ရှိသော studio တံခါးကို ကြည့်၍ မရိုးသားသည့်အပြုံးဖြင့် ပြုံးလိုက်လေသည်။
“ဒီလောက်ကောင်းတဲ့ girl group audition ကို သူတို့က ရှုပ်ထွေးအောင်လုပ်ပစ်တာပဲလေ ငါက ပြန်ရှင်းပေးရတော့မှာပေါ့၊ ငါဒီမှာ အများကြီး ရင်းထားရတာ၊ ‘ Galaxy Girls’ က ငွေတွေအများကြီး ရှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက် ရှချန်းချန်းသည် studio ထဲသို့ ဝင်သွားခဲ့သည်။
Studio ထဲတွင် ကင်မရာ တစ်ဒါဇင်လောက် တပ်ဆင်ထားပြီး ဓာတ်ပုံဆရာများသည် ကင်မရာမှန်ဘီလူးများကို ထိန်းချုပ်ထားကာ စင်ပေါ်သို့ ပထမဆုံးအကြိမ်တက်လာသည့် ပြိုင်ပွဲဝင်များ၏ ပျော်ရွှင်နေသည့်ပုံများကို ရိုက်ကူးထားလေသည်။
ကြည့်ရှုသူများသည် ထိုင်ခုံတစ်ရာကျော်ပေါ်တွင် နေရာယူထားပြီး အထူးခုံနံပါတ်တစ်ကို ထိပ်ဆုံးတွင်ထားကာ ကျန်သည့် ခုံများကို အစဉ်လိုက် စီထားခဲ့သည်။
Studio ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ပြီးနောက် ပရိတ်သတ်များသည် စိတ်အားထက်သန်စွာဖြင့် မှတ်ချက်များ ရေးတင်ကြတော့သည်။
[ ဝိုး ဝိုး ဝိုး ! Studio က အရမ်းလှတာပဲ ]
[ ငါတော့ ဒီထိုင်ခုံ အထူးခုံနံပါတ်တစ်ကို သဘောကျတယ်၊ အဲဒါက တကယ့် ဘုရင်တစ်ယောက်လို ခံစားရတယ် ]
[နင်နင် ထိပ်ဆုံးက နေရာကိုယူလိုက်တော့၊ အဲဒါက မင်းနဲ့ အထိုက်တန်ဆုံးပဲ ]
[ တကယ်တမ်းကျ ချန်းကျဲက ပိုပြီး သင့်တော်တယ်လို့ ထင်တာပဲ၊ ဘာပဲဖြစ်ဖြစ် အခု သူက အကျော်ကြားဆုံးပဲလေ ]
[ girl group နာမည်အကြီးဆုံး လူကို ရွေးတာမဟုတ်ဘူး၊ အရည်အချင်းက်ိုပဲ ကြည့်ပြီး ရွေးတာ ]
[ဘာလို့ ငြင်းနေကြတာလဲ၊ ဘယ်သူက အဲမှာ ထိုင်ချင်နေတာလဲသာ ပြောလိုက်တော့ ]
[ အခုထိုင်တာကတော့ အဆင်ပြေပေမဲ့ အဆုံးထိ ထိုင်သွားနိုင်တဲ့သူကတော့ တကယ် စစ်မှန်တဲ့ အရည်အချင်း ရှိတဲ့သူပဲ ]
...
Studio ထဲ၌ ပြိုင်ပွဲဝင်များ၏ ဖုန်းများကို သိမ်းဆည်းထားခြင်းကြောင့် online ပေါ်မှ မှတ်ချက်များအား မမြင်ရစေရန် တားဆီးထားသလို ဖြစ်နေလေသည်။
တစ်ချို့မှာ သူတို့၏ထိုင်ခုံများကို ယူပြီးပြီဖြစ်သော်လည်း ကျန်နေသည့်သူများသည် မည်သည့်ထိုင်ခုံမှာ အကောင်းဆုံးဖြစ်ကြောင်းကို ဆုံးဖြတ်ရန်အတွက် ရုန်းကန်လှုပ်ရှားနေကြသည်။
Studio ထဲသို့ ရှချန်းချန်းဝင်လာသည့်အချိန်၌ ပြိုင်ပွဲဝင်များအားလုံးသည် သတိလက်လွတ်ဖြင့် သူမအား ကြည့်လိုက်ကြပြီး သူမသည် ထိုထိုင်ခုံအား သေချာပေါက်ယူမည်ဟု တွက်ချက်ထားခဲ့ကြသည်။
ရှချန်းချန်းသည်လည်း မည်သည့်နေရာတွင်ထိုင်ရမည်ကို စဉ်းစားနေလေသည်။ မိန်းကလေးတစ်ယောက်သည် သူမအနားသို့ ချဉ်းကပ်လာခဲ့ပြီး တိုးတိုးလေး ပြောလာခဲ့သည်။
“ကျွန်မအထင်တော့ ရှင်က ထိပ်ဆုံးက နံပါတ်တစ်နေရာနဲ့ အသင့်တော်ဆုံးပဲ”
ရှချန်းချန်းသည် သူမ၏ခေါင်းအား စောင်းလိုက်ပြီးနောက် ချဉ်းကပ်လာသည့် မိန်းကလေးကို မြင်လိုက်ရလေသည်။
သူမ၏ အသွင်အပြင်မှာ နူးညံ့သိမ်မွေ့ပြီး ကြည့်ကောင်းသည့်အပြင် သူမ၏မျက်နှာမှာလည်း ဓာတ်ပုံစားသည့် ပုံစံမျိုးဖြစ်သည်။
“ချင်းမော့ပါ”
ထိုမိန်းကလေးသည် သူမကိုယ်သူမ မိတ်ဆက်လာခဲ့သည်။
“ရှလောင်ရှီး၊ ကျွန်မက Star အနုပညာကုမ္ပဏီက အနုပညာရှင်တစ်ယောက်ပါ ပြီးတော့ ရှင့်လိုပဲ သရုပ်ဆောင်တစ်ယောက်ပဲလေ”
idol အရည်အချင်းများ ပြသရသည့် ရှိုးတွင်း မိမိကိုယ်ကို သရုပ်ဆောင်ဟု ပြောရခြင်းမှာ ထူးဆန်းနေသည်ဟု ခံစားနေရလေသည်။
သို့သော် ချင်းမော့သည် ထိုအရာကို ဂရုမစိုက်သည့်အပြင် ရှချန်းချန်းအနားသို့ ပို၍နီးကပ်စွာ ကပ်လာခဲ့သည်။
“ရှလောင်ရှီး၊ ရှင်ဒီမှာ ပါဝင်တာက ကောင်းတယ်လို့ ကျွန်မထင်တယ်၊ idol ဒါမှမဟုတ် သရုပ်ဆောင်တွေပဲဖြစ်ဖြစ် နောက်ဆုံးကျရင် အားလုံးက သရုပ်ဆောင်ကြရမှာပဲ မဟုတ်ဘူးလား ၊ သူတို့ကတော့ သူတို့ပွဲဦးထွက်နေရာကို လာပြီး ခိုးတယ်လို့ပြောနေကြတာ ဒါပေမဲ့ သူတို့ပွဲဦးထွက်ပြီး ကျွန်မတို့ရဲ့ အလုပ်တွေကို ခိုးတာကျရော ဘာလို့မပြောကြတာလဲ”
ချင်းမော့သည် အနီးနားတွင်ရှိသော စုန့်ယွီနင်နှင့်အခြားသူများကိုကြည့်ကာ ပြောလာခဲ့သည်။
“ရှင်က စရိုက်ဆန်ဆန်ပြုမူနေတက်ပြီးတော့ လူကောင်းပုံစံ ဖမ်းနေသေးတာလား၊ ဘယ်လိုတောင် ကြောင်သူတော်ဆန်လိုက်သလဲ”
“ဒါဆို ရှင်ကရော idol တစ်ယောက် မဖြစ်ချင်ဘူးလား”
ရှချန်းချန်းမှ အေးဆေးတည်ငြိမ်စွာဖြင့် မေးလာခဲ့သည်။
“ဟုတ်တယ် ကျွန်မ ဒီရှိုးကို ဘာလို့ပါဝင်တာလဲဆိုတော့ ကျွန်မထပ်ပြီး နာမည်ကြီးချင်လို့လေ”
ချင်းမော့သည် သူမ၏ဆံပင်ကို ခါရမ်း၍ ပြောလိုက်သည်။
“ရသစုံရှိုးတွေမှာ ပါဝင်တာက ကိုယ့်ရဲ့အောင်မြင်ကျော်ကြားမှုကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ၊ ဒါပေမဲ့ ကျော်ကြားတဲ့ ရှိုးတွေက ပထမတန်းနဲ့ ဒုတိယတန်း အနုပညာရှင်တွေကိုပဲ ဖိတ်ကြတာ ကျွန်မက အဲထဲမပါဘူးလေ၊ ဒုတိယ အကောင်းဆုံး နည်းလမ်းကတော့ ကျွန်မ ဒီလို အရည်အချင်းပြရတဲ့ ရှိုးတွေမှာ ပါဝင်တာမျိုရပေါ့”
ရှချန်းချန်းသည် သဘောတူကာ သူမ၏ခေါင်းကို ငြိမ့်လိုက်လေသည်။
ချင်းမော့ ပြောသည့်အရာများမှာ အမှန်တရားပင် ဖြစ်သည်။ Galaxy series တွင် ပါဝင်ခဲ့ကြသည့် တတိယတန်းနှင့် စတုတ္ထတန်း သရုပ်ဆောင် အများစုတွင် ဤကဲ့သို့ စိတ်ဓာတ်များ ရှိကြသည်။
ထိုအရည်အချင်းပြရှိုးများသည် ပြိုင်ပွဲဝင်များအား ပိုက်ဆံမပေးသော်လည်း အဆင့်သတ်မှတ်ချက်များမရှိပေ။
အကယ်၍ ဤရှိုးသည် နာမည်တစ်ခုရရှိသွားပါက သူတို့သည် အကျိုးအမြတ်ရရှိမည်ဟု အာမခံထားခဲ့သည်။
“အဲအကြောင်းကို ထပ်မပြောဘဲနေရအောင်” ဟု ပြောကာ ချင်းမော့သည် ထပ်၍ ခေါင်းစဉ်တစ်ခုပြောင်းလိုက်လေသည်။
“ရှလောင်ရှီး၊ ရှင် အဲထိပ်ဆုံးက ခုံမှာ ထိုင်မှာလား”
ရှချန်းချန်းသည် ပြန်ဖြေရန်လုပ်နေသည့်အချိန်မှာပင် စုန့်ယွီနင်၏ နူးညံ့သောဟန်ဆောင်ထားသော်လည်း ခနဲ့သည့် စကားသံမှာ သူမ၏ အနောက်မှ ရုတ်တရက် ထွက်လာခဲ့သည်။
“ထိပ်ဆုံးခုံမှာ ထိုင်လိုက်နော် ရှလောင်ရှီး၊ ရှင့်ကိုကြည့်ရတာ A အဆင့်ရမယ်လို့ ယုံကြည်ချက်ရှိနေသလိုပဲ၊ ဒါပေမဲ့လေ ရှင်တကယ်လို့ F အဆင့်ရပြီး ဒီမှာထိုင်နေရင်ကျတော့ နည်းနည်းလေး ရှက်စရာကောင်းနေမလားနော်”
“ဘာလို့လဲ” ဟု ရှချန်းချန်းမှ ဒေါသမထွက်ဘဲ အေးအေးဆေးဆေးဖြင့် မေးလာခဲ့သည်။
“တကယ်လို့ ကျွန်မ မထိုင်ရင် ရှင့်ကို ပေးထိုင်ရမှာလား၊ ရှင်ကရော ဒီထိပ်ဆုံးခုံမှာ ထိုင်ချင်တာလား”
စုန့်ယွီနင်မှာ ဒေါသထွက်သွားခဲ့သည်။
ရှချန်းချန်း၏ မေးခွန်းကြောင့် သူမမှာ အဖြေဖြေရန် ခက်ခဲသွားခဲ့သည်။
အကယ်၍ သူမသည် “ ဟုတ်တယ်” လို့ ဖြေလိုက်လျှင် သူမ၏ နူးညံ့ဖြူစင်သည့် ကိုက်ညီတော့မည်မဟုတ်ပေ။ သူမသည် “ မဟုတ်ဘူး” ဟု ဖြေလိုက်လျှင်လည်း ထိုအရာမှာ သူမတကယ်ဆိုလိုချင်သည့်အရာမဟုတ်ကြောင်းမှာ သိသာ ထင်ရှားနေလေသည်။
[ နင်နင် သဘောတူလိုက်ပါ၊ မင်း ပထမနေရာ ရမှာ သေချာတယ် ]
[ နင်နင်က နူးညံ့သိမ်မွေ့တဲ့ ပုံစံရှိတဲ့သူလေ၊ သူ အဲနေရာမှာ သေချာပေါက် ထိုင်မှာမဟုတ်ဘူး ]
[ ဒါဆိုရင် ရော့ရော့အဲနေရာမှာထိုင်လိုက်လေ၊ သူက အဲနေရာနဲ့အထိုက်တန်ဆုံးပဲလို့ ငါထင်တယ်]
[ နင်နင်အဲနေရာယူတာ ဘာဖြစ်လို့လဲ၊ သူဒီလောက်အရည်အချင်းရှိတာ မလုံလောက်ဘူးလား]
တိုက််ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့် ပရိတ်သတ်များမှာ အဆုံးမရှိတိုင်အောင်ပင် ငြင်းခုန်နေကြလေသည်။
စုန့်ယွီနင်သည် သူမ၏ ဘေးတစ်ဝိုက်တွင်ရှိသော ကင်မရာများကို စိုက်ကြည့်လိုက်လေသည်။
သူမသည် သူမ၏ ဂုဏ်သိက္ခာကို ပရိတ်သတ်များအရှေ့တွင် ကျဆင်းခံမည်မဟုတ်ပေ။
သို့သော်လည်း ရှချန်းချန်း၏ မာန်တက်နေသော မျက်နှာမှာ သူမသည် ထိပ်ဆုံးနေရာကို ရနိုင်မည်ဟု သေချာနေသည့် ပုံစံဖြစ်နေလေသည်။
စုန့်ယွီနင်သည် မပျော်နိုင်ဖြစ်သွားခဲ့သည်။
သူမ အလွန်ပင် ဒေါသထွက်နေခဲ့ပြီး အံကြိတ်၍ ခက်ထန်စွာဖြင့် ပြောလာခဲ့သည်။
“ကျွန်မ အဲနေရာမှာ ထိုင်ချင်တာ ဘာများမှားသွားလို့လဲ”
[ Fuck! နင်နင်ဒီလောက်ကြမ်းတမ်းတာကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ ]
[ ယုန်ဖြူလေးက ဒေါသထွက်နေပြီပဲ၊ ချစ်စရာကောင်းလိုက်တာ ဟားဟားဟား ]
သူမ၏ ဘေးနားတွင်ရှိသော ဖန်းရော့ရော့မှာ မျက်လုံးပြူးသွားခဲ့ပြီး စုန့်ယွီနင်၏ အကျီစကို ဆွဲလိုက်ကာ တိုးတိုးလေး ပြောလာခဲ့သည်။
“ကျဲကျဲရေ ကျဲကျဲ ရဲ့ ပုံရိပ်က ပျက်ဆီးနေပြီနော်”
“ပြိုင်ကြမယ်လေ”
စုန့်ယွီနင်သည် ရှချန်းချန်းအား စူးရှသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် တည်ကြည်ပြတ်သားစွာဖြင့် ပြောလာခဲ့သည်။
ရှချန်းချန်း မဖြေခင်တွင် ချူမော့မှာ မတ်တပ်ရပ်လာခဲ့သည်၊
“ဒါက မတရားဘူးလေ၊ စုန့်ယွီနင် ရှင်က ၂နှစ်ခွဲကျော်တောင် လေ့ကျင်ထားတာလေ၊ ချန်းချန်းက လေ့ကျင့်ထားတာ အများဆုံးမှ တစ်ပတ်ပဲရှိသေးတာ၊ သူဘယ်လိုလုပ် ရှင့်ကို ယှဉ်နိုင်မှာလဲ”
[ ဟုတ်တယ်နော် ဒီလိုပြိုင်တာက အရမ်းပြင်းထန်လွန်းတယ် ချန်းကျဲက သေချာပေါက် ရှုံးမှာပဲ ]
[ ရှချန်းချန်းက ရုပ်ရည်အရတော့ အဆင်ပြေပေမဲ့ အကမှာတော့ မပြေဘူးနော် ]
[ အဓိကအချက်ကတော့ စုန့်ယွီနင်က အက ကတဲ့နေရာမှာ အရမ်းတော်လွန်းတယ်၊ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး ]
စုန့်ယွီနင်သည် အချိန်ခဏတာ တုံ့ဆိုင်းနေခဲ့သည်။
“ဒါဆိုရင်လည်း ကြည့်ရှုသူတွေကိုပဲ မဲပေးခိုင်းရအောင်၊ ရှင်က ကျွန်မထက် ပိုပြီး နာမည်ကြီးတယ် ကျွန်မက ရှင့်ထက်ပိုပြီး လေ့ကျင့်ထားတဲ့သူပဲ၊ ဘယ်သူကမှ အားသာချက်မရှိတော့ဘူး၊ အနိုင်ရသွားတဲ့ သူက အထူးထိုင်ခုံမှာ ထိုင်ရမယ် ရှုံးတဲ့သူကတော့…”
စုန့်ယွီနင်သည် သူမ၏ခေါင်းကိုလှည့်ကာ အထူးထိုင်ခုံနံပါတ်တစ်ဘက်သို့ အခိုင်အမာဖြင့် လှမ်းကြည့်လိုက်လေသည်။
“ဒီစင်ပေါ်ကနေ ထွက်သွားရမယ် ဘယ်လိုလဲ”
ပြိုင်ပွဲဝင်များ အားလုံးများ အံ့ဩသင့်သွားခဲ့လေသည်။ သူတ်ို့သည် စုန့်ယွီနင်မှာ ဤမျှလောက်ကြီးမားသည့် အလောင်းအစားတစ်ခုလုပ်ရဲသည်ကို မယုံနိုင်ဖြစ်နေလေသည်။
[ စုန့်ယွီနင်က ရူးသွားပြီလား ]
[ နင်နင် အဲလိုမလုပ်နဲ့လေ၊ မင်းက ချန်းကျဲထက် ပိုပြီး တော်တယ်ဆိုတာ ငါတို့အကုန်လုံး သေချာပေါက် သိပါတယ် ဒါပေမဲ့ သူ့ရဲ့ကျော်ကြားမှုက အရမ်းမြင့်တယ် ]
[ စုန့်ယွီနင်က ရှုံးဖို့ များနေပြီလို့ ငါခံစားနေရတယ် ]
[ ပရိတ်သတ်တွေက ဘာမှဂရုမစိုက်ဘဲ သူတို့ရဲ့ ဖက်ထုပ်ပေါင်းလေးကိုပဲ အားပေးကြမှာ၊ သူတို့က သူတို့ရဲ့ ဖက်ထုပ်ပေါင်းလေး အကတော်တော် မတော်တော် ဘယ်လိုလုပ် အဲဒါကို ဂရုစိုက်ကြမှာလဲ ]
[ သွားပါပြီ၊ နင်နင်က ပြိုင်ပွဲကနေ ထွက်ရတော့မှာလားမသိဘူး၊ ပထမအဆင့်တောင် မစရသေးဘူး ဒီလို ပြသာနာအကြီးကြီးက ဖြစ်နေပြီ ]
ဖန်းရော့ရော့၏ အမူအရာမှာ မထူးခြားသော်လည်း သူမ၏ အနောက်တွင်ရှိသော တစ်စုံတစ်ယောက်သည် စုန့်ယွီနင်ကို လက်ဖြင့်တို့ကာ စိတ်ပူပန်စွာဖြင့် ပြောလာခဲ့သည်။
“ကျဲရေ ဒီလောက်ကြီးတဲ့ အလောင်းအစားကို လုပ်လိုက်တာလား၊ ကျဲရဲ့မျက်နှာအမူအရာက်ို ထိန်းပါဦး၊ ကျဲရဲ့ ပုံရိပ်က ပျက်စီးနေပြီ”
ဤအလောင်းအစားမှာ သူမ၏ အနာဂတ်အပေါ်မူတည်နေသည်ကို စုန့်ယွီနင် ကောင်းကောင်း သိသော်လည်း သူမသည် ကောင်းမွန်သည့် ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် နူးညံ့သည့်ပုံစံ ဟန်ဆောင်နေခဲ့ပြီး အမှန်တကယ်တွင် သူမသည် အတော်လေး တည့်တိုးပြောတက်သူဖြစ်သည်။
အဆိုးဆုံးအနေနဲ့ဆိုရင်တော့ သူ နောက်ထပ် ၂နှစ်စောင့်ပြီးရင် အဲပထမနေရာက သူ့အတွက်ပဲ။
စုန့်ယွီနင်သည် ထိပ်ဆုံးခုံနေရာအား စိုက်ကြည့်နေခဲ့သည်၊
နောက်၂နှစ်ကြာပြီးရင် အဲခုံက သေချာပေါက် သူ့ဟာဖြစ်လာမှာပဲ
“ဘာလဲ” ဟုပြောကာ စုန့်ယွီနင်သည် ရှချန်းချန်းအား ပြန်လှည့်ကြည့်လိုက်၍ ပြောလာသည်။
“ကျွန်မ ဒီလောက် အလောင်းအစား အကြီးကြီးလုပ်တာတောင် ရှင်က သတ္တိမရှိဘူးလား၊ တကယ်လို့ ရှင် ပြိုင်တာမှာအနိုင်ရရင်..”
“စုန့်ယွီနင် ရပ်လိုက်!”
ရွှီချဲ၏ မျက်နှာအမူအရာမှာ လေးနက်နေခဲ့ပြီး စုန့်ယွီနင်နှင့် ရှချန်းချန်းထံသို့ အမြန်လာခဲ့လေသည်။
သူရောက်လာတာနောက်ကျတော့ studio တစ်ခုလုံး ပွက်လောရိုက်နေလေပြီ ဖြစ်သည်။
ဘုရားစူးပါ၊ တကယ်လို့ အလောင်းအစားသာ ဖြစ်သွားခဲ့ရင် ရှချန်းချန်းက ဒီရှိုးမှာ ဆက်နေဖို့ ဖြစ်နိုင်ပါဦးမလား။
တကယ်လို့ သူ့ရဲ့ကျော်ကြားမှုကြောင့် စုန့်ယွီနင်ကို နိုင်သွားတယ်ဆိုရင်တောင်မှ သူက ကြည့်ရှုသူတွေရဲ့ ဝေဖန်ဆဲဆိုတာကို ခံရပြီးတော့ နောက်ဆုံးမှာ ဒီပြိုင်ပွဲကနေထွက်သွားရတော့မှာပဲလေ။
သူမသည် စုန့်ယွီနင်အား ရန်စခဲ့သည်မှာ အမှန်ပင်။
သူက စုန့်ယွီနင်ရဲ့ နူးညံ့ပြီး လက်ဖက်စိမ်းတဲ့ ပုံရိပ်ကို မြင်ပြီး သူ့ကို ဒေါသထွက်စေချင်တယ် ပြီးတော့ လူတိုင်းနဲ့ရှချန်းချန်းကို ပြသာနာဖြစ်အောင်မွှေပြီး အခက်တွေ့နေတဲ့ မိန်းကလေးကို ကယ်တဲ့ လူစွမ်းကောင်းတစ်ယောက် ဖြစ်ချင်နေတာလေ။
သူရဲ့ အပြင်ပန်း ပုံစံကတော့ နူးညံ့ပြီး အားနည်သလိုဖြစ်နေပေမဲ့ တကယ်တော့ အတွင်စိတ်က အရမ်းသန်မာတယ်ဆိုတာကို ဘယ်သူသိမှာလဲ။
“စုန့်ယွီနင်၊ လောင်းကစားကြောင့် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲက နုတ်ထွက်တာတွေက သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးနော်”
“ငါတို့အားလုံးက ဒီပြိုင်ပွဲကိုပါဝင်ဖို့ လာခဲ့ကြတာလေ၊ ဘာလို့ ဒီလောက်ရှက်စရာကောင်းတဲ့လုပ်ရပ်တွေ လုပ်နေရတာလဲ ပြီးတော့ ချန်းချန်းက တစ်ပတ်လောက်ပဲလေ့ကျင့်ရသေးတာ ဘယ်လိုလုပ် မင်းထက်သာနိုင်မှာလဲ၊ မင်းက ၂နှစ်ကျော်တောင် လေ့ကျင့်ထားတာပဲလေ” ဟု ရွှီချဲမှ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
“စုန့်ယွီနင်၊ ရှင်က အက ကျွမ်းတာနဲ့ပဲ အခုမှစသင်တဲ့သူတွေကို အပြစ်တင် ဝေဖန်နေတာပဲ” ဟု ချင်းမော့မှ ဝင်ပြောလာခဲ့သည်။
စုန့်ယွီနင်သည် စိတ်တိုစွာဖြင့် ရယ်လိုက်လေသည်။
“ဒါဆို ကောင်းကောင်းမကနိုင်တဲ့ နင်တို့က မှန်တယ်ပေါ့၊ girl group က အရည်အချင်းပေါ် အခြေခံပြီး ရွေးတာ မဟုတ်ဘူးလားထ ဘာလဲ အခုကျ ကျော်ကြားမှုအပေါ် အခြေခံပြီး ရွေးတာ ပြောင်းသွားပြီလား”
နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြသည့် များပြားလှသော ပြိုင်ပွဲဝင်များမှာလည်း မကျေမနပ်ဖြစ်လာခဲ့ကြသည်။
“အခုဖြစ်နေတဲ့ ယှဉ်ပြိုင်မှုစနစ်ပုံစံက ပိုအောင်မြင်လေ ပိုနေရာရလေပဲလားထ ဒီလိုက အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေအတွက် မတရားဘူးလေ”
“ဟုတ်တယ်ဟုတ်တယ်ထ အခုလက်ရှိစနစ်က အတွေ့အကြုံရှိတွေသူတွေက သုံးစားမရတဲ့သူတွေဖြစ်နေပြီး ဒါပေမဲ့ သရုပ်ဆောင်တွေ အင်တာနက်ပေါ်က လူကြိုက်များတဲ့ သူတွေကိုကျတော့ အကုန်နေရာပေးနေတာပဲ”
“ကောင်းပါပြီ” ဟု ရွှီချဲမှ အကူအညီမဲ့သည့်ပုံစံဖြင့် တောင်းတောင်းပန်ပန်ပြောလာခဲ့သည်။
“ဒါက ရှိုးအတွက် စည်းကမ်းချက်တွေပဲလေ၊ ကျွန်တော်ဘာမှ မတက်နိုင်တော့ဘူး”
“ရှင် ကျွန်မတို့ ရှလောင်ရှီးနဲ့ ဒီနေရာမှာ ဘာလို့ စိတ်လာဆိုးနေတာလဲ သတ္တိမရှိရင် ဝင်မပါနဲ့လေ” ဟု ချင်းမော့မှ မထီမဲ့မြင်သည့် ပုံစံဖြင့် ပြောလာခဲ့သည်။
“ နင် —!”
စုန့်ယွီနင်သည် အရမ်းဒေါသထွက်သွားပြီး ချင်းမော့အာ ရိုက်ပြစ်ချင်နေလသည်။
ဖန်းရော့ရော့သည် သူမအား အလျင်အမြန်ဆွဲပါ “ကျဲရေ ပုံရိပ်ထိန်းပါဦး ပုံရိပ်” ဟု အော်ပြောလိုက်လေသည်။
[ ဒီရှိုးရဲ့စနစ်က တကယ့်ကို ပရိယာယ်တစ်ခုပဲ ]
[ အမှန်ပဲ၊ ပိုပြီးကျော်ကြားလေလေ screen time ပိုရလေပဲ ၊ screen time ပိုရလေ ပိုပြီး နာမည်ကြီးလေပဲလေ ဒါက သံသရာလည်နေတာပဲ ]
[ ဒါပေမဲ့ အခြေခံအားဖြင့် “Galaxy Girls”က ရသစုံရှိုးတစ်ခုပဲလေ နာမည်အကြီးဆုံးသူက screen time ပိုရမှာပေါ့၊ ဒါက အခုခေတ်က idol dramaတွေလိုပဲလေ သူတို့က နာမည်ကြီးတဲ့ dramaတွေကိုပဲ အဓိကထားပြီးရှာကြတာ၊ ဘာလို့လဲဆိုတော့ နာမည်ကြီးလေ ပိုက်ဆံရှာရတာပိုကောင်းလေ မို့လို့လေ]
[ ဒီအတိုင်းဆိုရင် စျေးကွက်က ပျက်ဆီးနေပြီ နှစ်တွေအကြာကြီး လေ့ကျင့်ခဲ့တဲ့ ကောင်မလေးတွေ သနားပါတယ် ]
[ အို ဟုတ်တယ် အမှန်ပဲ၊ ကျွန်တော် ရှောင်ချန်းထုံ followထားတာ ၃နှစ်ရှိပြီ၊
သူက ဒီတစ်ကြိမ်တော့ ဒီရှိုးမှာပါပြီး နာမည်ကြီးတော့မယ်ဆိုပြီး ထင်နေတာလေ ဒါပေမဲ့ တကယ်တမ်းကျ အဓိက အပိုင်းတွေမှာ screen time နည်းနည်းပဲရမယ်လို့ ကျွန်တောင်တောင် မထင်ခဲ့ဘူး ]
“နောက်ဆုံးကျတော့ ဒါက ပရိုဂရမ်စနစ်နဲ့ ပြသာနာတွေပဲ ဒါဆို စည်းကမ်းတွေကို ဘယ်လိုပြောင်းကြမလဲ”
အမျိုးသမီးတစ်ဦး၏ ရှင်းလင်းပြတ်သားသော အသံတစ်ခုသည် ငြင်းခုံနေသည့်သူများကြားထဲသို့ ထွက်ပေါ်လာခဲ့ပြီး ထိုအသံမှာ studio တစ်ခုလုံးပျံ့နှံ့သွားခဲ့သည်။
သူမ၏ စကားလုံးများမှာ အရမ်း အံ့ဩစရာကောင်းနေသောကြောင့် အားလုံးမှာ မှင်သက်နေခဲ့ကြသည်။
အသံလာသည့် ဦးတည်ရာဘက်ကို ကြည့်လိုက်သည့်အခါ၌ သူတို့သည် ခုံနံပါတ် ၁၀၀ပေါ်ထိုင်၍ စပွန်ဆာပေးထားသော ဒိန်ချဉ်အား တစ်ဝက်လောက်သောက်ထားပြီး မေးခွန်းထုတ်လာသူကို မြင်လိုက်ရသည်။
ထိုသူမှာ ရှချန်းချန်းပင်။
လူတိုင်းသည် သူမအား အံ့ဩသင့်စွာဖြင့် ကြည့်နေခဲ့ကြပြီး သူမပြောလိုက်သည့် စကားအား မယုံနိုင် ဖြစ်နေခဲ့ကြသည်။
“ပရိုဂရမ်စနစ်မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုရင်တော့ သေချာပေါက် ပြောင်းလဲဖို့လိုတာပေါ့” ဟု ရှချန်းချန်းမှ ဖြေးဖြေးချင်း ထပ်ခါထပ်ခါပြောလာခဲ့သည်။
လူအုပ်ကြီးမှာ ပို၍တွေဝေကာ မှင်သက်နေခဲ့သည်။
ဘာတွေဖြစ်နေကြတာလဲ။
ချင်းမော့သည်လည်း မှင်သက်နေခဲ့သည်။
“ရှလောင်ရှီး၊ ရှင်ဘာတွေပြောနေလဲဆိုတာ သိသေးရဲ့လား”
“ဒါပေါ့ ကျွန်မသိတာပေါ့”
ရှချန်းချန်းသည် ချင်းမော့ဘက်သို့ လှည့်ကြည့်လိုက်၍ လေးလေးနက်နက်ပြောလာခဲ့သည်။
“လေ့ကျင့်နေတဲ့အချိန်မှာ ကောင်းကောင်းမကနိုင်တာက မှန်တယ်လို့ ပြောနေတာလား”
ချင်းမော့ : “ကျဲရေ ကျွန်မတို့က campမတူဘူးလေ၊ ဘာလို့ ကျွန်မနဲ့ ငြင်းနေတာလဲ”
ရှချန်းချန်းသည် ရွှီချဲအား ကြည့်၍ ပြောလိုက်လေသည်။
“ဒီပရိုဂရမ်က မိန်းကလေးအတွက် audition လုပ်တဲ့အချိန်မှာ အလုပ်အရမ်းကြိုးစားအားထုတ်ပြီး အကတော်တဲ့သူတွေကိုပဲ ပထမနေရာထားပြီး ထောက်ခံပေးရမှာမဟုတ်ဘူးလား၊ ကျွန်မလို တစ်ပတ် နှစ်ပတ်လောက်ပဲ လေ့ကျင့်ပြီး ဒီ နံပါတ်၁ နေရာမှာထိုင်နေတာကျ သိပ်ပြီး အကျိုးအကြောင်း မဆီလျော်ဘူးလားလို့”
ရွှီချဲ့: “ကိုယ်ဘာပြောတာလဲဆိုတာကို ပြန်ပြီး နားထောင်နိုင်ရဲ့လား၊ ဘာလို့ ကိုယ်ဟာကို ငြင်းခုံနေရတာလဲ”
စုန့်ယွီနင်မှာ စိတ်ရှုပ်သွားခဲ့သည်။
ပြိုင်ပွဲဝင်များ အားလုံးသည်လည်း စိတ်ရှုပ်ထွေးသွားကာ တွေဝေသွားခဲ့သည်။
ရွှီချဲသည် ဖြစ်နိုင်သမျှ အေးအေးဆေးဆေးဖြင့်သာ တုံ့ပြန်ခဲ့လေသည်။
“ချန်းချန်း ဒါ ပရိုဂရမ်စနစ်ပဲလို့ ကျွန်တော်ပြောခဲ့ပြီးပါပြီး၊ ပြသာနာမရှာပါနဲ့တော့”
ရှချန်းချန်း၏ မျက်နှာမှာ အနည်းငယ် မှောင်သွားခဲ့ပြီး ယခင်ကလို ပေါ့ပါးသည့် ပုံစံမျိုး မဟုတ်တော့ပေ။
“ကျွန်မပြောတယ်လေ၊ ပရိုဂရမ်စနစ်က မသင့်လျော်ဘူးဆိုရင် ပြောင်းသင့်တယ်လို့”
ချင်းမို : “ဒါပေမဲ့ လောင်ရှီးက ပြိုင်ပွဲဝင်တစ်ယောက်ပဲလေ၊ ဘယ်လိုလုပ် ပရိုဂရမ်စည်းကမ်းတွေကို ချိန်းနိုင်မှာလဲ”
“ကျွန်မက ပြိုင်ပွဲဝင်တစ်ယောက်လို ဘယ်သူပြောတာလဲ”
ရှချန်းချန်းသည် အေးအေးဆေးဆေးဖြင့် မတ်တပ်ရပ်လိုက်ပြီး လူများအားလုံးမြင်နိုင်ရန်အတွက် အလယ်တည့်တည့်နေရာတွင် ရပ်လိုက်လေသည်။
“ကျွန်မတောင်းပန်ပါတယ် ကျွန်မတစ်ခုပြောဖို့ မေ့သွားတာပါ၊ ကျွန်မက “Galaxy Girls” မှာ ပါဝင်ပြီး ပွဲဦးထွက်သွားမယ်ဆိုပြီး အင်တာနက်ပေါ်မှာ ကောလဟာလတွေပျံ့နေပါတယ် အဲဒါက အမှန်မဟုတ်ပါဘူး၊ ကျွန်မအရင်က ပြောပြဖို့ အခွင့်အရေး မရှိခဲ့လို့ပါ အခုတော့ ကျွန်မ ကြည့်ရှုသူအားလုံးကို ရှင်းရှင်းလင်းလင်းပြောချင်ပါတယ် ၊ကျွန်မ “Galaxy Girls”ကို ပါဝင်တာက ပြိုင်ပွဲတစ်ယောက်အနေနဲ့မဟုတ်ပါဘူး”
ရှချန်းချန်းသည် studio ထဲမှ တွေဝေမှင်သက်နေကြသော သူများအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကင်မရာဘက်ကိုလှည့်ကာ ပြုံးပြလိုက်လေသည်။
“ဒါပေမဲ့ ရင်းနှီးမြုပ်နှံသူတစ်ယောက်အနေနဲ့ ပါဝင်သွားမှာပါ”
Chapter 68
နေရာရှိ လူများအားလုံး မျက်လုံးများပြူးကာ အံ့အားသင့်သွားကြသည်။
[ငါနားကြားမှားတာလား]
[ပြိုင်ပွဲဝင်တစ်ယောက်က ရင်းနှီးမြှုပ်နှံသူဖြစ်သွားတာလား၊ ဒီလိုမျိုး အနုပညာလောကမှာ ဖြစ်ခဲ့ဖူးတာရှိလား]
[ရှိခဲ့ဖူးတယ်၊ မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ "ရှန်းကျယ်" ထဲမှာ ဒုတိယ အမျိုးသမီး ဇာတ်ပို့က ရင်းနှီးမြှုပ်နှံသူဖြစ်သွားခဲ့တာ]
[အပေါ်ကလူကို သတိပေးလိုက်မယ်၊ မူရင်း "ရှန်းကျယ်" ရဲ့ ဒုတိယအမျိုးသမီးဇာတ်ဆောင်က ချန်းကျဲပဲ]
လူတိုင်း အံ့အားသင့်နေစဉ် ဒါရိုက်တာကျန်းတစ်ယောက် ရှေ့သို့ ထွက်လာပြီး ရှချန်းချန်းအနီးသို့ ချဉ်းကပ်လာသည်။
"ဟုတ်ပါတယ် ဆရာမရှ မှန်တယ်၊ အင်တာနက်ပေါ်က ကောလာဟလတွေက မှားနေတာ သူက ပြိုင်ပွဲဝင်မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံသူပါ"
ဒါရိုက်တာကျန်းက ရှချန်းချန်းလက်ကို တုန်ယင်စွာ ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဆရာမရှရဲ့ ရန်ပုံငွေကြောင့် ကျေးဇူးတင်ပါတယ် ‘Galaxy Girls’ ပရောဂျက်က ချောချောမွေ့မွေ့ ဖြစ်နေပါပြီ”
စုန့်ယွီနင်တစ်ယောက် ခေါင်းနောက်သွားကာ ရုတ်တရက် ထအော်လိုက်သည်။
"ရင်းနှီးမြှုပ်နှံသူက ဘာလို့ ရှိုးမှာပါနေတာလဲ"
"ဘာလို့လဲဆိုတော့..."
ရှချန်းချန်းက အလေးထား၍ ပြောလိုက်သည်။
"ကျွန်မက အရမ်းနာမည်ကြီးလို့လေ"
စုန့်ယွီနင်:???
ပြိုင်ပွဲဝင်များ:???
"ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ကျွန်မ ဒီစင်မြင့်ပေါ် ပေါ်လာသင့်တာ မဟုတ်ပါဘူး"
ရှချန်းချန်းက နောင်တရသည့်ပုံစံဖြင့် ပြောသည်။
"ဒါပေမဲ့ ကျွန်မက တော်တော်နာမည်ကြီးတာကို တွေ့လိုက်ရတယ်၊ အင်တာနက်ပေါ် ကျွန်မက ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ သတင်းပြန့်ပြီးတဲ့နောက်ပိုင်း ‘Galaxy Girls’ ရဲ့ လူကြိုက်များမှုက ရသစုံရှိုးတွေရဲ့စာရင်းမှာ ထိပ်ဆုံးကို ရောက်သွားပြီး လတ်တလောကမှ ထိပ်ဆုံးမှာရှိခဲ့တဲ့ သာယာရိုးရှင်းသောဘဝ ကိုတောင် ကျော်တက်သွားတယ်၊ လူတိုင်းက ကျွန်မကို အရမ်းကြိုက်ကြမှတော့ ရှိုးကို ကျွန်မရဲ့ နာမည်ကြီးမှုကို အသုံးချခိုင်းလိုက်ပါမယ်လို့ ဆုံးဖြတ်လိုက်တယ်"
ရှချန်းချန်းက ကင်မရာကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့သူတွေလည်း ဒီကို ရောက်လာပြီဆိုမှတော့ လာကြည့်လိုက်ကြပါ၊ ကျွန်မတို့က အွန်လိုင်းရှိုးဖြစ်ပေမဲ့ အများကြီး ကြိုးစားထားကြတာ၊ မိန်းကလေး ၉၉ ယောက်ရှိတဲ့အတွက် အားလုံး သဘောကျမဲ့သူတစ်ယောက်တော့ ရှိမှာပဲလေ"
[ငါနားလည်ပြီ၊ တစ်ယောက်ယောက်က ချန်းကျဲကို အကျိုးယုတ်စေချင်လို့ သူ့ရဲ့အဆိုနဲ့အကကို မကောင်းသတင်းတွေ တမင်ဖြန့်ခဲ့တာဖြစ်ရမယ်၊ ချန်းကျဲက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ‘Galaxy Girls’ အတွက် အရှိန်မြှင့်တင်ဖို့ ဒါကို အသုံးပြုခဲ့တာပဲ]
[ချန်းကျဲက တော်တော် ဉာဏ်နီဉာဏ်နက်များတာပဲ]
[ဒါပေမဲ့ သူကောင်းကောင်းအသုံးချသွားတယ်၊ ငါက ချန်းကျဲကြောင့် ရောက်လာတာ၊ မိန်းကလေးအများစုက အရမ်းလှတာ တွေ့ရတော့ ဆက်နေပြီး ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ]
[ချန်းကျဲသာမရှိခဲ့ရင် တကယ်တမ်း ငါကြည့်ဖို့တောင် စိတ်ကူးမရှိဘူး ဒါပေမဲ့ အခုတော့ နည်းနည်းစိတ်ဝင်စားသွားပြီ၊ အနည်းဆုံးတော့ စတူဒီယိုထဲဝင်တဲ့ မိနစ်သုံးဆယ်အပိုင်းအထိကို အရမ်းကို ဒရမ်မာဆန်နေတာ ငါတော့ကြိုက်တယ်]
ရိုက်ကွင်း၌ရှိနေသည့် ပြိုင်ပွဲဝင်အချို့သည် ရှချန်းချန်း၏ စကားကို ကြားပြီးနောက် မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားကြကာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြသည်။
သူတို့သည် ရှချန်းချန်းကို စိတ်ကူးထဲမှ ရန်သူအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ရှိုးအတွက် သူမ၏ လူကြိုက်များမှုကို အသုံးချမည်ဟု မမျှော်လင့်ခဲ့ကြပေ။ အလုံးစုံခြုံ၍ ပြောရလျှင် သူတို့သည်လည်း သူမ၏ နာမည်ကြီးမှုကို အသုံးချရန်ပဲ မဟုတ်လား။
ပြိုင်ပွဲဝင်များသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိခဲ့သော်လည်း ရှချန်းချန်း၏ ပွဲထွက်လာမှုကြောင့် ရှိုး၏ လူကြိုက်များမှု အဆပေါင်းများစွာ မြင့်တက်လာသည်မှာ သံသယဖြစ်စရာမရှိပေ။
ဤအကြောင်းကို တွေးပြီးနောက် ရှချန်းချန်းကို ကြည့်နေကြသည့် သူတို့၏ မျက်လုံးများသည် ရန်လိုခြင်းမရှိတော့ဘဲ ကျေးဇူးတင်မှုအပြည့်နဲ့ ပြည့်နှက်နေခဲ့သည်။
ရှချန်းချန်းက ကင်မရာကို ကြည့်၍ ဆက်လက်ပြောကြားသည်။
"ကျွန်မဒီနေ့ ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ကိစ္စကို ရှင်းလင်းဖို့အတွက်ပဲ လာတာမဟုတ်ပါဘူး”
"ဒါရိုက်တာကျန်းနဲ့ ကျွန်မတို့ ဆွေးနွေးခဲ့ကြတာက ဒါဟာ မိန်းကလေးအဖွဲ့ ရွေးချယ်ရေး အစီအစဉ်ဖြစ်ပြီး ပြိုင်ပွဲဝင်တိုင်းအတွက် တရားမျှတမှုကို သေချာစေရပါမယ်၊ ဒါကြောင့် မူရင်းစည်းမျဉ်းတွေကို ပြောင်းလဲဖို့လည်း လိုပါတယ်”
"ကျွန်မ မှတ်မိပါသေးတယ်၊ ထန်ဝေ့လော့ ပထမပြိုင်ပွဲကို အနိုင်ရတုန်းက ‘'မင်း ပိုကြိုးစားလေ၊ ပိုကံကောင်းလေ' လို့ပြောခဲ့တယ်၊ ကျွန်မတို့ရဲ့ ရှိုးက ဒီစိတ်ခံစားချက်ကို ဖော်ညွှန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
"ဒါကြောင့် ကျွန်မတို့ရဲ့ ရှိုးက တိုက်ရိုက်နဲ့ မှတ်တမ်းတင်ထုတ်လွှင့်မှုပုံစံဖြစ်ပေမဲ့၊ ဒီနေ့ကစပြီး A အဆင့်အတွက် အကနဲ့ ကာရာအိုကေ စတူဒီယိုတွေကို တစ်ရက် ၂၄ နာရီ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီး၊ B အဆင့်ကို ၁၈ နာရီ၊ C အဆင့်ကို ၁၂ နာရီ၊ D အဆင့်ကို ၆ နာရီ ထုတ်လွှင့်မှာဖြစ်ပြီး ဒီအတိုင်းဘဲ ဆက်သွားမှာပါ၊ F အဆင့် သတ်မှတ်ခံရတဲ့ လေ့ကျင့်တဲ့ အခန်းအားလုံးမှာ တိုက်ရိုက် ဒါမှမဟုတ် မှတ်တမ်းတင်ထားတဲ့ ရိုက်ကူးမှုတွေ ရှိမှာမဟုတ်ပါဘူး၊ နောက်ဆုံး ပယ်ချမဲပေးမှုက အဆင့်သတ်မှတ်ချက်နဲ့ လူကြိုက်များမှုကို ပေါင်းပြီး ၅၀/၅၀ အချိုးကျ သတ်မှတ်ပါမယ်၊ သိပ်နာမည်မကြီးရင်တောင် အရည်အချင်းရှိပြီး လုံလုံလောက်လောက် ကြိုးစားရင် ရှိုးမှာ ဆက်ရှိနေဦးမှာပါ”
"ဒီရှိုးက နာမည်ကြီးပြိုင်ပွဲဝင်တွေကို အထူးအခွင့်အရေးပေးမှာမဟုတ်သလို၊ ကြိုးစားတဲ့ကလေးတွေကိုလည်း ချန်ထားခဲ့မှာ မဟုတ်ပါဘူး၊ ကျွန်မတို့က စစ်မှန်တဲ့ အိုင်ဒေါ အရည်အချင်းပြပြိုင်ပွဲတစ်ခုဖြစ်ချင်ပါတယ်၊ ဒါက သရုပ်ဆောင်တွေ ဒါမှမဟုတ် အင်တာနက်နာမည်ကြီးတွေအတွက် ခြေလှမ်းတစ်ရပ်မဟုတ်ပါဘူး"
ရှချန်းချန်း၏ နောက်ဆုံးစကားများနှင့်အတူ ပြိုင်ပွဲဝင်များက အားပေးမချီးကျူးဘဲ မနေနိုင်ကြပေ။
သူတို့သည် သူတို့၏ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများမှာ နာမည်ကြီးပြီးသား သရုပ်ဆောင်များနှင့် အင်တာနက်နာမည်ကြီးများလောက် အရေးပါမည်မဟုတ်ကြောင်း အစ၌ တွေးခဲ့ကြသော်လည်း ရှချန်းချန်း၏ စကားများသည် သူတို့အား တွန်းအားတစ်ခုဖြစ်စေခဲ့သည်။ ‘’Galaxy Girls' သည် သူတို့၏ ကိုယ်ရေးရာဇဝင်များကို ပြည့်စုံစေရန်နှင့် ဇာတ်ဝင်ခန်း တစ်ခန်းနှစ်ခန်းရိုက်ကူးရန်အတွက် ရသစုံရှိုးတစ်ခုမဟုတ်ဘဲ တောက်ပသည့် အနာဂတ်ကို အမှန်တကယ် ဦးဆောင်ပေးနိုင်သည့် အလားအလာရှိနေသည်ကို သိလိုက်ကြရသည်။
ယခင်က စွမ်းရည်ပြသည့်ရှိုးပွဲ အများအပြားတွင် ပါဝင်၍ ပြန်လာကြသည့် အိုင်ဒေါအချို့မှ မျက်ရည်တသွင်သွင်ကျနေကြ၏။ သူတို့သည် တကယ်တမ်း၌ သိသိသာသာ အရည်အချင်းရှိခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ရှိုးသည် အရည်အချင်းထက် နာမည်ကြီးမှုကို ဦးစားပေးခဲ့သည့်အတွက် သူတို့၌ ရိုက်ကူးရသည့်အခန်း အလွန်နည်းပါးခဲ့သည်။
နာမည်ကြီးမှု၏ ရှုထောင့်မှ သူတို့၏ ကြိုးစားအားထုတ်မှုများအားလုံးက အသုံးမဝင်တော့ပေ။
ဒီလိုမဖြစ်သင့်ဘူး၊ အရည်အချင်းမရှိရင် ဘယ်လိုလုပ်ပြီး ကြည်နူးစရာသီချင်းတွေကို သီဆိုနိုင်မှာလဲ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေမှုတစ်ခုကို ပေးစွမ်းနိုင်မှာလဲ။
ရှချန်းချန်း၏ မိန့်ခွန်းကို နားထောင်ကာ ဒါရိုက်တာ ကျန်းသည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ဤသည် သူဖန်တီးချင်ခဲ့သည့် အရည်အချင်းပြပွဲအမျိုးအစားဖြစ်ပြီး ဖန်တီးရခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။
သူသည် ဟန်နိုင်ငံ၌ လက်ထောက်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး အလားတူ အိုင်ဒေါဖွံ့ဖြိုးရေး အစီအစဉ်များ၌ ပါဝင်ခဲ့ဖူးသည်။
ဒါရိုက်တာကျန်းသည် လပေါင်းများစွာ မထင်ရှား မကျော်ကြားသည့် ပြိုင်ပွဲဝင်များ ကြိုးစားနေကြသည်ကို စိတ်အားထက်သန်စွာ ကြည့်ရှု၍ ချွေးများ အလွန်အကျွံပေးဆပ်ကာ
နောက်ဆုံး၌ စင်မြင့်၏ ထိပ်တစ်နေရာတွင် ရပ်၍ ဆုဖလားကို ကိုင်ဆောင်လျက် သူတို့၏ အိပ်မက်များကို အကောင်အထည်ဖော်သည်ကို တကယ်ချစ်မြတ်နိုးခဲ့သည်။
Galaxy စီးရီးသည် အခြားသူများအတွက် ရသစုံရှိုးတစ်ခု ဖြစ်နိုင်သော်လည်း သူ့အဖို့သည်တော့ ကလေးတိုင်းကို သူတို့၏ အိပ်မက်များအား အကောင်အထည်ဖော်နိုင်ရန်အတွက် ကူညီပေးနိုင်သည့် လှေကားတစ်ခုပင်ဖြစ်သည်။
ပထမပြိုင်ပွဲအတွင်း၌ သူသည် ထန်ဝေ့လော့၊ ရှုချယ်နှင့် အခြား နာမည်မရှိ ပြိုင်ပွဲဝင်များစွာ ကမ္ဘာသိ အောင်မြင်မှုရလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သူတို့သည် ကြိုးစားရုန်းကန်ကာ ထူးချွန်ခဲ့သည့်အတွက် ဤဂုဏ်ကျက်သရေကို ရထိုက်ကြသည်။
သို့သော် ဒုတိယနှင့် တတိယရာသီတွင် ရင်းနှီးမြှုပ်နှံမှုများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရှိုး၏ စည်းမျဉ်းများကို သြဇာလွှမ်းမိုးနိုင်ရန် အင်အားမရှိတော့ပေ။
သူသည် တဖြည်းဖြည်းဖြင့် ထုံထိုင်းသွားခဲ့သည်။
ထို့နောက် ယနေ့ ရှချန်းချန်း၏ စကားများသည် သူ့ ကိုယ်တွင်းရှိ မီးတောက်ကို ပြန်လည် ထွန်းညှိပေးခဲ့သည်။
သူ၏ မူရင်းရည်ရွယ်ချက်က မှန်ကန်သည်။ ဤကဲ့သို့ မိန်းကလေးအဖွဲ့ အရည်အချင်းပြပွဲဖြစ်သင့်သည်။ ယခင်ကဲ့သို့ အမှောင်ဖုံး၊ ရှုပ်ထွေးသည့် ရိုက်ကွင်းမျိုးမဟုတ်ပေ။
[ဟားဟားဟား၊ ငါ့ရဲ့ ချန်းကျဲနဲ့ ထိုက်တန်တယ် သူပြန်လာကတည်းက ငါ့ကို ဘယ်တုန်းကမှ စိတ်ပျက်အောင်မလုပ်ခဲ့ဘူး]
[အမှန်အတိုင်းပြောရရင် ငါက ဒီလိုမျိုး ရသစုံရှိုးဆို မကြည့်ဘူး၊ ဘာလို့လဲဆိုတော့ ပြိုင်ပွဲဝင်တွေက အရမ်းညံ့လို့ပဲ ချန်းကျဲက စည်းမျဉ်းတွေပြောင်းလိုက်တော့ ငါလည်း ပြန်စိတ်ဝင်စားလာပြီ]
[ဘယ်သူမှ အာရုံမထားကြဘူး ရှချန်းချန်းက တကယ်တော့ ရင်းနှီးမြှုပ်နှံသူဖြစ်နေတာ သူက အရမ်းချမ်းသာတာပဲ]
[အပေါ်ကလူက ချန်းကျဲ လင်းယွီဗီလာမှာ အိမ်ရောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လွဲချော်သွားတာဖြစ်ရမယ် ချန်းကျဲက အရမ်းချမ်းသာတာ]
[ငါ့ရဲ့ နာမည်မကြီးတဲ့ ပရိသတ်လေးကိုယ်စား ချန်းကျဲကို ကျေးဇူးတင်တယ်၊ ငါတို့ရဲ့ ပရိသတ်လေးကို အများကြီး ပိုမြင်ရတော့မယ်]
[ငါတို့ရဲ့လူလူကို အားပေးလိုက်ကြစို့ လူလူရဲ့အကက အမိုက်စားပဲ]
[နင်နင်က နာမည်ရဖို့လွယ်တယ်၊ နင်နင်က နာမည်မကြီးပေမဲ့ သူက အမိုက်စား အဆိုနဲ့ အက တော်တဲ့တစ်ယောက်ပဲ၊ ငါသူဖျော်ဖြေတာကြည့်ပြီးမှ ဒီလောကကို ရောက်လာတာ]
ပရိသတ်အားလုံးသည် စည်းမျဉ်းများ ပြောင်းလဲသွားသည့်အတွက် ပျော်ရွှင်နေကြဆဲပင်။ စင်မြင့်သည်လည်း အသင့်ဖြစ်နေပြီဖြစ်ရာ လင်းလက်သည့် အမျိုးသမီးလေးများသည် စင်မြင့်ပေါ်၌ နေရာယူဖို့အချိန်တန်ပြီဖြစ်သည်။
ရှချန်းချန်းနှင့် ဒါရိုက်တာကျန်းတို့သည် မည်သူမျှ သတိမထားမိခင် စင်ပေါ်မှ ထွက်သွားခဲ့ကြသည်။
ဒါရိုက်တာကျန်းသည် နောက်ထပ်ဖျော်ဖြေမှုအတွက် ပျော်ရွှင်စွာ ပြင်ဆင်နေပြီး ရှချန်းချန်းသည်တော့ ထွက်ခွာရန် စီစဉ်နေသည်။
သူမ စင်ပေါ်မှ ထွက်သွားချိန်တွင် စင်နှင့် မလှမ်းမကမ်း၌ ချင်းမော့အား အံ့အားသင့်သည့် မျက်နှာထားနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"မစ္စချင်း ဒီနေ့ကစပြီး ပိုကြိုးစားရတော့မယ်နော်"
ရှချန်းချန်းက နောက်ပြောင်လိုက်သည်။
"မဟုတ်ရင် မစ္စရဲ့နာမည်ကြီးမှုနဲ့တော့ တစ်ပွဲတိုးပဲရတော့မှာ"
ချင်းမော့က ရှက်ရွံ့သွားပြီး သိက္ခာရှိရှိဖြင့် ပြောလိုက်သည်။
"ဆရာမရှ၊ အထင်လွဲသွားပြီ၊ ကျွန်မက ဒီရှိုးမှာပါဝင်ပြီးမှတော့ အိုင်ဒေါ တစ်ယောက်အနေနဲ့ အလေးအနက်ထားရမှာပေါ့"
ရှချန်းချန်းက လှောင်ပြောင်လိုက်ကာ သူမ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အိုင်ဒေါ တစ်ယောက်အနေနဲ့ အလေးထားရမယ် ဟုတ်လား၊ ကျွန်မကို တံခါးမှာ တွန်းလိုက်တာ မစ္စချင်းဆိုတာ ကျွန်မ မသိဘူးလို့ မထင်ပါနဲ့"
ရှချန်းချန်းက သူမအား မထီမဲ့မြင် ပုံစံဖြင့် ကြည့်ကာ "မစ္စချင်းရဲ့ အကွက်ဆင်တာက အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်၊ ပြန်ပြီး လေ့ကျင့်သင့်တယ်" ဟု ပြောလိုက်သည်။
ချင်းမော့၏ မျက်လုံးများသည် အံ့အားသင့်မှုနှင့်အတူ ပြူးကျယ်လာခဲ့သည်။
သူမအား တွန်းလိုက်သူက သူမဆိုသည်ကို ရှချန်းချန်းတစ်ယောက် သိနေသည်ကို သိလိုက်ရသည်။
ရှချန်းချန်းက တမင်တကာ လိုက်ရောနေခဲ့တာက သူ့ရဲ့မျက်နှာဖုံးကို ဖော်ထုတ်ဖို့ပဲ။
ဒီမိန်းမက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲရတာလဲ။
ချင်းမော့ကက ဒေါသထွက်ကာ အံကြိတ်လိုက်သည်။ သို့သော် ခေါင်းကိုသာ လေးစားစွာ ငုံ့လိုက်ပြီး "ဆရာမရှ ကျွန်မနားလည်ပါပြီ၊ နောက်တစ်ခါ ထပ်မလုပ်ပါတော့ဘူး" ဟု ပြောလိုက်သည်။
ရှချန်းချန်းက ရှေ့သို့ ခြေလှမ်း နှစ်လှမ်းတိုးလိုက်ပြီး ပျော်ရွှင်နေသည့် မျက်နှာဖြင့် စုန့်ယွီနင်နှင့် အဖတ်မလုပ်သည့် ဖန်းရော့ရော့ကို တွေ့လိုက်ရသည်။
ဖန်းရော့ရော့က ရှချန်းချန်းကို သတိပြုမိပြီး စုန့်ယွီနင်ကို အမြန်ဆွဲ၍ တိုးညှင်းစွာ ပြောလိုက်သည်။
"အစ်မတို့ရေ၊ အစ်မတို့ရေ သူဌေးရောက်နေပြီ”
စုန့်ယွီနင်၏ ပျော်ရွှင်နေသည့် မျက်နှာက မှေးမှိန်သွားကာ အနည်းငယ် ရှက်ရွံ့သွားသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ရှချန်းချန်းနှင့် တစ်နေကုန်နီးပါး ရန်ဖြစ်ခဲ့ပြီး လူမှား ရန်ဖြစ်နေခဲ့သိုကို နောက်ဆုံး၌ သိလိုက်ရသည်။ ထို့နောက် သူမနှင့် ရှချန်းချန်း၏ ရန်ဖြစ်နေမှုအား တစ်နိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူ အများအပြား မြင်ခဲ့ကြသည်။ ယခုတွင် စုန့်ယွီနင်တစ်ယောက် မြေကြီးထဲ ကျွင်းတူးကာ ပုန်းချင်လောက်သည်အထိ ရှက်နေခဲ့သည်။
"မင်းတို့နှစ်ယောက် ဘာလို့ ဒီမှာရပ်နေကြသေးတာလဲ”
ရှချန်းချန်းက ပြုံးလိုက်သည်။
"နေရာတစ်ခု မယူရင် ထိပ်ဆုံးနေရာကို တခြားသူတစ်ယောက်က ယူသွားလိမ့်မယ်"
စုန့်ယွီနင်၏ မျက်နှာက နီရဲသွားပြီး ခေါင်းမာမာဖြင့် ပြောလိုက်သည်။
"နင်က ရင်းနှီးမြှုပ်နှံသူဖြစ်နေလို့ ငါက ကြောက်တယ်လို့ မထင်လိုက်နဲ့၊ ငါ့ရှိုးရဲ့ နာမည်ကြီးမှုကို ခိုးသွားလို့ နင်နဲ့ ရန်မဖြစ်ရသေးဘူး၊ နင် ပြိုင်ပွဲဝင်မဟုတ်ရင်တောင် ငါနင်နဲ့ အတူတူ အုပ်စုဖွဲ့မှာမဟုတ်ဘူး"
ဖန်းရော့ရော့တစ်ယောက် အလွန် အံ့သြသွားကာ ငိုတော့မည့်ဆဲဆဲတွင် ရုတ်တရက် စုန့်ယွီနင်၏ ခါးကို လှမ်းဆိတ်လိုက်ပြီး
"ကျဲ၊ ဘာလို့ဒီအချိန်မှာ ဒီလောက်မာနကြီးနေရတာလဲ၊ သူက ဘောစိအကြီးစားလေ"
"ဟုတ်တယ်"
ရှချန်းချန်းက စိတ်မဆိုးသော်လည်း စုန့်ယွီနင်ကို အားပေးလိုက်သည်။
"ဆက်လုပ်၊ ရှင့်ရဲ့နာမည်ကြီးမှုက အနာဂတ်မှာ ကျွန်မကို ကျော်လွန်သွားမယ်လို့ ယုံကြည်တယ်"
"ဒါတော့ သေချာတာပေါ့"
စုန့်ယွီနင်က ကျေနပ်နေသည့်ပုံစံဖြင့် ကျောကို မတ်မတ်ထားလိုက်သည်။
"နောက်က လှိုင်းတွေက ရှေ့ကလှိုင်းတွေကို တွန်းပို့ကြပြီး ရှေ့ကလှိုင်းတွေကတော့ ကမ်းခြေမှာ ပျောက်ဆုံးသွားကြတယ်"
ဖန်းရော့ရော့:? ? ?
ဖန်းရော့ရော့မှာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"ပြီးသွားပြီ သူရဲ့ ညီမလေးတွေ စရိုက်က ပြိုလဲသွားပြီ၊ အခုက ရှိုးရဲ့ရင်းနှီးမြှုပ်နှံသူတွေကို စော်ကားလိုက်တာဘဲ၊ သူတို့ ဒီရှိုးမှာ ပွဲဦးထွက်နိုင်သေးတာလား"
စတူဒီယိုထဲရှိ လေထု အပူချိန်တက်လာခဲ့သည်။ ရှချန်းချန်းသည် စင်နောက်ဖက်ကို ပရိယာယ်နှင့် ဆုတ်ခွာသွားပြီး ဒါရိုက်တာကျန်းနှင့်အတူ မော်နီတာများကို စစ်ဆေးလိုက်သည်။
မော်နီတာများပေါ်တွင် ပြိုင်ပွဲဝင်များသည် သူတို့၏ နေရာများကို ရွေးချယ်ပြီးသွားသည်ကို ပြသနေသည်။ စုန့်ယွီနင်နှင့် ဖန်းရော့ရော့တို့သည် ထိပ်ဆုံးနေရာများဖြစ်သည့် တစ်နှင့် နှစ်ကို ယူသွားကြသည်။ ကျန်ရစ်သည့် နေရာများအတွက် ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပြီး လူတိုင်းသည် ယုံကြည်မှုအပြည့်ရှိနေကြသည်။
ဒါရိုက်တာကျန်းသည် Weibo ၏ ခေတ်စားနေသည့် ရှာဖွေမှုများကို စစ်ဆေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ရှိုးက ခေတ်စားနေတဲ့ ရှာဖွေမှု သုံးခုမှာ ရောက်နေပြီ၊ နောက်ထပ် နှစ်ခုကို ထပ်ကြိုးစားပြီး ‘’သာယာရိုးရှင်းသောဘဝ’ ကို ထိပ်ဆုံးနေရာကနေ ဖြုတ်ချကြစို့"
ဒါရိုက်တာ၏ ထိုင်ခုံ၌ ထိုင်နေသည့် ရှချန်းချန်းသည် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"ဒါရိုက်တာကျန်း၊ ရှင်က အတော်ရည်မှန်းချက်ကြီးတာပဲ"
"ဟုတ်တာပေါ့၊ ဟိုအဘိုးကြီး ယွီထုံ (ဒါရိုက်တာယွီ) ကျုပ်ရှေ့မှာ နေ့တိုင်း ပုံကြီးချဲ့ပြောနေတာကို လက်မခံနိုင်ဘူး၊ သူတို့ရဲ့ ရသစုံရှိုးက အကောင်းဆုံးလို့ ဘယ်သူကပြောတာလဲ၊ အကောင်းဆုံး ရသစုံရှိုးက ကျွန်တော်တို့ဟာပဲ"
ရှချန်းချန်းက စဉ်းစားလိုက်သည်။ "သာယာရိုးရှင်းသောဘဝ" နှင့် "Galaxy Girls" နှစ်ခုလုံးသည် တျန်းရှန့်၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ ကွာခြားချက်မှာ ပထမတစ်ခုသည် သူမမှာ မယားပါသမီးဖြစ်နေသဖြင့် စီမံခန့်ခွဲမှု၌ ပါဝင်မှုမရှိခဲ့ပေ။ ဒုတိယတစ်ခု၌ သူမသည် သမီးအရင်းဖြစ်သဖြင့် သူမကိုယ်တိုင်ပါဝင်ပြီး လူကြိုက်များမှုအားလုံးကို အကျိုးခံစားခွင့်ရခဲ့သည်။ ရှချန်းချန်းက သဘောတူညီစွာ ခေါင်းငြိမ့်လိုက်သည်။
"မှန်တယ် ကျွန်မတို့က အကောင်းဆုံး ရသစုံရှိုးပဲ"
စနစ်: "..."
စတူဒီယိုထဲရှိ ပြိုင်ပွဲဝင်အားလုံး နေရာယူပြီးသွားကြသည်နှင့် ရုတ်တရက် မီးများအားလုံး ပိတ်သွားကာ စတူဒီယိုတစ်ခုလုံး အမှောင်ကျသွားလေသည်။
ပြိုင်ပွဲဝင်များက လုံးဝအံ့အားသင့်သွားကြသည်။
ဘာဖြစ်သွားတာလဲ ဒီလောက်ကြီးတဲ့ စတူဒီယိုကြီးထဲ ပထမဆုံးရိုက်ကူးတဲ့နေ့မှာ မီးပျက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူးနော်။
ဤအချိန်၌ စင်မြင့်ပေါ်တွင် ရုတ်တရက် အဖြူရောင် မီးလုံးအလင်းတန်းတစ်ခု ထိုးကျလာပြီး ငွေရောင်ဘော်ကြယ်လေးများသည် အဖြူရောင်အလင်းထဲ၌ လွင့်ပျံလာကာ ကျိုးပဲ့၊ မှုန်ဝါးသည့် အလှတစ်မျိုးကို ဖန်တီးနေခဲ့သည်။
ကောင်လေးသည် မြေပြင်ပေါ်၌ ဒူးတစ်ဝက်ထောက်ထိုင်နေပြီး ရိုးရှင်းသည့် အဖြူရောင်ရှပ်အင်္ကျီနှင့် ၁.၈ မီတာအရှည်ရှိသည့် သူ၏ ခြေထောက်များကို ပေါ်လွင်စေသော ဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားသည်။
မီးများက ထိုသူ့နောက်ကို အနီးကပ်လိုက်နေပြီး သူသည် ပြိုင်ပွဲဝင်များကို ကျောခိုင်းထားရာမှ ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။
ပြိုင်ပွဲဝင်များက အသက်ရှူရပ်သွားကာ သူတို့ရှေ့ရှိ အမျိုးသားကို စိတ်ဝင်တစားကြည့်နေကြသည်။
ဂီတသံထွက်ပေါ်လာသည်နှင့်အမျှ စင်ပတ်လည်မှ ရွှေရောင်မီးပန်းများစွာသည် ရုတ်တရက် ပန်းထွက်လာပြီး ကြယ်များဖြင့် ပြည့်နှက်နေခဲ့ကာ အလွန်လှပနေခဲ့သည်။
ထိုအချိန်၌ ကောင်လေးသည်လည်း လှည့်လိုက်ပြီး ဂီတနှင့်အတူ စည်းချက်အညီ လှုပ်ရှားလိုက်သည်။
ပြိုင်ပွဲဝင်အားလုံး၏ မျက်လုံးများ ပြူးကျယ်လာပြီး အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
"အား! ထန်ဝေ့လော့ ထန်ဝေ့လော့”
ရေခဲတုံး ဖန်းရော့ရော့သည် ဦးစွာ စိတ်လွတ်သွားပြီး နေရာမှ ခုန်ထွက်၍ အော်ဟစ်လိုက်သည်။
"လော့လော့ ကျွန်မက ရှင့်ရဲ့မိန်းမပါ ဒီမှာ၊ ဒီမှာ!!”
အခြားပြိုင်ပွဲဝင်များသည် ဖန်းရော့ရော့၏ ဇာတ်ကောင် ပျက်ယွင်းမှုကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"တကယ် ထန်ဝေ့လော့ပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ချောနေရတာလဲ"
"နှစ်နှစ်ကြာ ဖျော်ဖြေခဲ့တာ မရှိတာတောင် အခု စင်ပေါ်ရှိနေတဲ့ပုံစံက သေနိုင်လောက်တယ်"
"အဲကြွက်သားတွေနဲ့ သွယ်လိုက်တဲ့ ခါးလေးတွေကို ဟီးဟီး လျက်ခွင့်ပြုပါ"
"အရမ်းချောတာပဲ ဘုရားရေ၊ ငါ့ဘဝတစ်သက်တာမှာ ငါ့ကောကော ကနေတာကို မြင်ရပြီ"
ထန်ဝေ့လော့သည် စင်မြင့်ပေါ်၌ စိတ်လွတ်လက်လွတ် ကနေပြီး ပြိုင်ပွဲဝင်အားလုံး၏ မျက်လုံးများကို စိတ်လှုပ်ရှားမှုများဖြင့် တောက်ပစေခဲ့သည်။
တစ်ချိန်တည်းတွင် စတူဒီယိုထဲမှ နက်ရှိုင်းကာ စွဲမက်ဖွယ်ကောင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ နောက်ထပ် မီးလုံးတစ်လုံးသည် နံပါတ် ၁ နေရာ၏ နောက်ကို ထွန်းလင်းလာပြီး ကျင်ရိဖန်သည် မထင်မှတ်ဘဲ စင်ပေါ်သို့ ရောက်လာခဲ့သည်။
"အား ဖန်ဖန် ဖန်ဖန်!! သူ့ရဲ့ သီချင်းတွေကို အရမ်းချစ်တာ"
"ဒီသီချင်းက တကယ်တော့ မူရင်းသီချင်းပဲ၊ အရင်က ငါဘာလို့ မကြားဖူးတာလဲ မအံ့ဩတော့ဘူး၊ အရမ်းကောင်းတာပဲ"
"ဖန်ဖန်နဲ့ လော့လော့တို့နှစ်ယောက်ပေါင်းပြီး ဖျော်ဖြေတာက လုံးဝအံ့မခန်းပဲ"
…
စတူဒီယိုထဲရှိ ပြိုင်ပွဲဝင်များသည် စိတ်လှုပ်ရှားနေကြပြီး တိုက်ရိုက်ထုတ်လွှင့်အား ကြည့်ရှုသူများသည်လည်း ရူးမတတ် မှတ်ချက်များ ရေးသားနေကြသည်။
[Galaxy Girls က အရမ်းမိုက်တာပဲ၊ ထန်ဝေ့လော့နဲ့ ကျင်ရိဖန်ကို သူတို့ရဲ့ဆရာတွေအဖြစ် ဖိတ်ခဲ့တာ၊ ရှုချယ်တောင် မယှဉ်နိုင်တော့ဘူး]
[ထန်ဝေ့လော့က တကယ်ပဲ နှစ်နှစ်လုံး လုံးဝမကခဲ့တာရော ဟုတ်ရဲ့လား ဒီအကက လုံးဝ အံ့မခန်းပဲ၊ သူက တစ်နှစ်တာရဲ့ ထိပ်တန်းဖျော်ဖြေသူဖြစ်ဖို့ ထိုက်တန်တယ်]
[ဒီနှစ်ယောက်အတူတူဖျော်ဖြေတာကို မြင်တော့ ပိုပြီးသင့်တော်တဲ့ ဆရာတွေကို တကယ်မစဉ်းစားနိုင်တော့ဘူး၊ Galaxy Girls က အံ့မခန်းပဲ]
[ချန်းကျဲက တကယ် ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်ထားတာပဲ၊ ဝိုး ဒါတွေက ငါ့ရဲ့အကြိုက်ဆုံး အနုပညာရှင်တွေချည်းပဲ၊ ငါအပတ်တိုင်း သေချာကို ကြည့်မှာ]
စင်မြင့်နောက်ကွယ်၌ ဒါရိုက်တာကျန်းနှင့် အခြားသူများသည်လည်း ထန်ဝေ့လော့နှင့် ကျင်ရိဖန်တို့၏ ဖျော်ဖြေမှုကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။
ဒီနှစ်ယောက် အခုလို ကောင်းကောင်း တွဲလုပ်သွားမယ်လို့ မထင်ထားခဲ့ဘူး။
ဒီအပိုင်းတစ်ခုတည်းကိုပဲ အွန်လိုင်းပေါ်တင်လိုက်ရင် အနည်းဆုံး လူကြိုက်များမှု သုံးခုလောက်ရမှာ သေချာတယ်။
#ကျင်ရိဖန်၏ သီချင်းအသစ်#
#ထန်ဝေ့လော့၏ ပြန်လည် ပွဲထွက်မှု#
#ကျင်ရိဖန်နှင့် ထန်ဝေ့လော့တို့၏ ပူးပေါင်းမှု#
ဟဲဟဲဟဲ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ လိမ်ညာသူများကို ဖော်ထုတ်သူကိုသာ ပြောလိုက်ရင်တော့ ဒီအံ့မခန်း ဈေးကွက်ရှာဖွေရေးအကောင့်က retweet လုပ်ပြီး ပိုပျံ့သွားအောင် ကူညီပေးနိုင်လိမ့်မယ်။
ရှချန်းချန်းက မော်နီတာကို စိုက်ကြည့်နေပြီး သူမ၏ မျက်နှာက တည်ငြိမ်နေသည်။ နိုင်ငံတစ်နိုင်ငံကို အမိန့်ပေးနေသည့် သူတစ်ယောက်ကဲ့သို့ တောင့်တင်းသည့် ကျောက်တုံးတစ်တုံးလိုပင်။
သို့သော် သူမစိတ်ထဲရှိ အပြစ်ကင်းစင်သည် စနစ်သည်တော့ ပေါက်ကွဲနေလေပြီ။
"အား လော့ကောရဲ့ ဗိုက်ကြွက်သားတွေ မြင်လိုက်ရတယ်၊ ဟီးဟီး လျက်ခွင့်ပေးပါ"
"ဖန်ကောရဲ့ သီချင်းဆိုသံ ဘယ်လိုလုပ် ဒီလောက်ကောင်းနေရတာလဲ၊ ဝူး ဝူး သူ့ကို အခန်းငယ်လေးထဲ ထည့်ပိတ်ပြီး ငါတစ်ယောက်တည်းကိုပဲ သီချင်းဆိုပြခိုင်းချင်တယ်"
ရှချန်းချန်း၏ မျက်ခွံများင တုန်လှုပ်သွားပြီး သူမသည် နားထင်ကို စကားမပြောနိုင်ဘဲ ပွတ်သပ်လိုက်သည်။
"တုန်ကျီ နင့်ရဲ့စိတ်ကူးက အရမ်းအန္တရာယ်များတယ်"
"ဟဲဟဲဟဲ ငါက အိုင်ဒေါကို အားပေးချင်ရုံသက်သက်ပါ"
"ဒါပေမဲ့ နင် ရှဲ့ကျစ်ရှင်းရဲ့ ပုံတွေကို ခိုးရိုက်ပြီး တင်တဲ့ အကောင့်လေးတစ်အကောင့် ဖွင့်ထားတာကို ငါမှတ်မိတယ်"
ရှချန်းချန်းက သူမ၏ မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။
"ရှဲ့ကျစ်ရှင်းရဲ့ ပရိသတ် တစ်ယောက်လည်းလုပ်တယ် ပြီးတော့ တခြားသူကိုလည်း အားပေးရဲတယ်၊ သူ့ရဲ့ ပရိသတ်တွေက နင့်ကို ဆွဲဆုတ်မှာ မကြောက်ဘူးလား"
စနစ်က စိတ်ဆိုးသွားကာ "ငါ အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာကို အပြစ်မတင်နဲ့လေ၊ အဓိကအကြောင်းအရင်းက ကောကောတွေက အရမ်းချောနေလို့ပဲ"
ထို့နောက် စနစ်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်
"ဗီလိန်ကြီးလည်း ချောတယ်၊ ဖန်ကောလည်း ချောတယ်၊ လော့ကောလည်း ချောတယ် ငါဘယ်လိုရွေးချယ်ရမလဲ"
ရှချန်းချန်းတစ်ယောက် သေချာ နားထောင်ပြီး စနစ်က မည်သူ့ကို ရွေးမည်ကို တကယ် စိတ်ဝင်စားနေခဲ့သည်။
ယင်းအစား စနစ်က ယုံကြည်မှုအပြည့်ဖြင့် ငြင်းခုံလိုက်သည်။
"ကလေးတွေသာ ရွေးချယ်စရာမေးခွန်းတွေကို ဖြေကြတာ လူကြီးတွေကတော့ အကုန်လုံးကို လိုချင်တာပေါ့"
ရှချန်းချန်း: ???
စနစ်က ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဘာလုပ်နေတာလဲ၊ မင်း ငါ့နောက် တစ်နေကုန် လိုက်ပြီး ငါ့ကို အခမဲ့ အလုပ်သမားတစ်ယောက်လို သဘောထားနေတာ အရမ်းပျင်းလို့ သေတော့မယ်၊ ဒါမှမဟုတ် မင်း အိုင်ဒေါတွေကို အားပေးပြီး စိတ်တက်ကြွနေတာလား၊ ငါလည်း အိုင်ဒေါတွေကို အားပေးချင်တယ်"
"ဟုတ်ပြီ၊ ဟုတ်ပြီ"
ရှချန်းချန်းက စနစ်ကို ချစ်ခင်သည်။
"အိုင်ဒေါတွေကို အားပေးချင်ရင် အားပေးလိုက် ငါမတားနိုင်ပါဘူး"
စနစ်က လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။
"ဟဲဟဲဟဲ ဒါပေမဲ့ အခမဲ့ အိုင်ဒေါတွေကို အားပေးတာက မသင့်တော်ဘူး၊ သူတို့ကို အားပေးပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ချင်တယ်"
ရှချန်းချန်း: "အေးပါ၊ အေးပါ ဝယ်ချင်ရင် ရောင်းလိုက်"
သူမက ဘယ်လိုပဲဖြစ်ဖြစ် ချမ်းသာပါတယ်။
ရှချန်းချန်းက ရုတ်တရက် သတိထားမိပြီး မဝံ့မရဲ မေးမြန်းလိုက်သည်။
"နင်က ဘယ်လို ကုန်ပစ္စည်းတွေ ဝယ်ခဲ့တာလဲ"
*
ရှဲ့ကျစ်ရှင်းသည် ရှဲ့အုပ်စုရှိ အမှုဆောင်အရာရှိများနှင့် အစည်းအဝေးလုပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ဖုန်းတစ်လုံးမြည်လာပြီး အစည်းအဝေးခန်းထဲ၌ ဖုန်းမြည်သံက ပဲ့တင်ထပ်သွားသည်။
လူတိုင်းက ရှဲ့ကျစ်ရှင်းကို အာရုံစိုက်ကြည့်နေကြပြီး စင်ပေါ်၌ powerpoint presentation တင်ဆက်နေသည့် ဝန်ထမ်းပင် ရပ်တန့်သွားသည်။
ရှဲ့ကျစ်ရှင်းက သူ၏ ဖုန်းကို တည်ငြိမ်စွာ ဖွင့်လိုက်ပြီး မက်ဆေ့ခ်ျတစ်ခုက သူ၏ မျက်လုံးထဲသို့ ရောက်လာသည်။
[ကျင်ရိဖန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ လူပုံစံခေါင်းအုံး ရောက်ပြီ၊ 1:1 အချိုးအစား ဖန်ဖန်ရုပ် အိုင်ဒေါက ဖက်ထားသလို နွေးထွေးမှုကို ညတိုင်းခံစားရပါစေ]
ရှဲ့ကျစ်ရှင်း: "...?"
ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ၊ ဘယ်လိုဖြစ်လို သူ့ဖုန်းပေါ်မှာ ဒီလိုထူးဆန်းတဲ့ မက်ဆေ့ခ်ျ ရောက်နေတာလဲ။
သူ မှားဖွင့်မိတာ ဖြစ်ရမယ်။
ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဖုန်းကိုပိတ်ကာ ပြန်ဖွင့်လိုက်သည်။
[ထန်ဝေ့လော့ရဲ့ ကိုယ်တစ်ပိုင်းပုံ ရောက်ပြီ၊ ဗိုက်ကြွက်သားအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ ရေသူမမျဉ်းကြောင်းတွေက မင်းကို အမျိုးသားဟော်မုန်းပင်လယ်ထဲ နှစ်မြှုပ်စေလိမ့်မယ်]
ရှဲ့ကျစ်ရှင်း: “....”
[ရှဲ့ကျစ်ရှင်း x ကျင်ရိဖန် အဖုံးအထူဖြင့် စာအုပ် ရောက်ပြီ၊ ညီအစ်ကိုလို နားလည်ရခက်တဲ့ တားမြစ်ထားတဲ့အချစ်၊ စွဲမြဲတဲ့ အနမ်းတွေ၊ ဖုံးကွယ်မထားတဲ့ ခန္ဓာ၊ မင်းဝယ်သင့်တယ်]
ရှဲ့ကျစ်ရှင်း: ???
ရှဲ့ကျစ်ရှင်းသည် သူ၏ ရွှေအနားကွပ်မျက်မှန်ကို တပ်လိုက်ပြီး သူ၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နေခဲ့သည်။
ဒါ ဘယ်က ထူးဆန်းတဲ့ဟာတွေလဲ။ သူ ဘယ်တုန်းကမှ ဒါတွေ မဝယ်ဖူးပါဘူး။
ထို့ကြောင့် ရှဲ့ကျစ်ရှင်းသည် မက်ဆေ့ခ်ျ ပို့သည့် သူအား စစ်ဆေးလိုက်သည်။ ယင်းမက်ဆေ့ခ်ျများသည် ရှချန်းချန်းအား သူပေးခဲ့သည့် အကန့်အသတ်မရှိ သုံးစွဲနိုင်သည့် Black Card သုံးစွဲမှု အကြောင်းကြားစာများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဝယ်ယူသူမှာ ရှချန်းချန်းဖြစ်သည်။
ရှဲ့ကျစ်ရှင်းက တိတ်ဆိတ်သွားသည်။
စတူဒီယိုသည်တော့ လှုပ်ရှားမှုများဖြင့် ဆူညံလျက်ပင်။ ရိုက်ကွင်းတွင်လည်းကောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုခန်းမထဲတွင်လည်းကောင်း ပေါက်ကွဲနေခဲ့သည်။
ရှချန်းချန်း၏ ဖုန်းက မြည်လာသည်။ ဖုန်းနံပါတ်ကိုကြည့်လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။
"ဒါရိုက်တာကျန်း၊ ကျွန်မ လုပ်စရာရှိသေးလို့ ခဏလောက်ထွက်လိုက်ဦးမယ်"
ဒါရိုက်တာကျန်းသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ လူကြိုက်များမှုတက်လာသဖြင့် ပျော်ရွှင်နေဆဲပင်။ သူသည် ပေါ့ပါးစွာဖြင့် "မြန်မြန်သွားပြီး မြန်မြန်ပြန်လာ၊ ပထမစင်မြင့်က စတော့မယ်" ဟု ပြောလိုက်သည်။
"ဟုတ်"
ရှချန်းချန်းက လျှောက်လမ်းကို ရောက်လာပြီး သူမအား မက်ဆေ့ခ်ျပို့ခဲ့သည့်သူ ရှုချယ်ကို တွေ့လိုက်ရသည်။
ရှုချယ်၏ ချောမောလှပသည့် မျက်နှာသည် ထိုင်းမှိုင်းနေခဲ့ပြီး နွေးထွေးသည့် အမျိုးသားနတ်ဘုရား၏ ခံစားချက်မရှိတော့ပေ။
ရှချန်းချန်း၏ ပြိုင်ပွဲဝင်မှ ရင်းနှီးမြှုပ်နှံသူဖြစ်သွားသည့် အသွင်ပြောင်းလဲမှုသည် သူ့အား ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားကာ အကြီးအကျယ် တုန်လှုပ်စေခဲ့သည်မှာ အသိအသာပင်။
"ချန်းချန်း"
ရှုချယ်တစ်ယောက် အမျက်ဒေါသများဖြင့် ပြည့်နေခဲ့သော်လည်း သူ၏ လေသံကို ဖြည်းဖြည်းချင်းပြောလိုက်သည်။
"မင်း ရုတ်တရက် ရင်းနှီးမြှုပ်နှံသူဖြစ်သွားတာက ငါ့အတွက် အရမ်းခက်ခဲစေတယ်၊ မင်း ကုမ္ပဏီနဲ့ စာချုပ်ရှိနေတာကို မေ့သွားပြီလား"
"ဆရာရှု၊ ကျွန်မ ဘာမှမတတ်နိုင်ဘူး"
ရှချန်းချန်းက သက်ပြင်းချလိုက်သည်။
"ဒီကာလအတွင်း ကျွန်မရဲ့ လေ့ကျင့်ရေး ဗီဒီယိုတွေကို ဘယ်သူက ဖော်ထုတ်လိုက်လဲ မသိဘူးထ ကျွန်မ အင်တာနက်ပေါ်မှာ ဘယ်လောက် အဆဲခံနေရလဲ ရှင်မမြင်ဘူးလား၊ ကျွန်မ ဒီအခြေအနေမျိုးနဲ့ ရှိုးမှာ ဘယ်လိုပါရမှာလဲ"
"ကုမ္ပဏီက မကောင်းတဲ့ကိစ္စတွေကို ဖြေရှင်းပေးပါလိမ့်မယ်"
ရှုချယ်က အမြန်ရှင်းပြလိုက်သည်။
"မင်းဘက်က ကုမ္ပဏီကို အချိန်ပေးရမယ်"
"အဲဒါက ကျွန်မအချိန်ရှိမရှိပေါ် မူတည်တယ်"
ရှချန်းချန်းက သူမ၏ လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။
“ခုနက ဟိုမိန်းမယုတ် စုန်ယွီနင်ကို ကြည့်လိုက်ဦး သူက ကျွန်မနဲ့တောင် ပြိုင်ချင်သေးတယ်၊ ကျွန်မက လူကြိုက်များမှုမဲမှာ သူ့ကို အနိုင်ရရင်တောင်၊ အင်တာနက်အသုံးပြုသူတွေရဲ့ အဆဲခံရမှာပဲ”
"ဆရာ ရှု၊ ကုမ္ပဏီက ကျွန်မကို အရာရာတိုင်းမှာ စဉ်းစားပေးတယ်လို့ မပြောခဲ့ဘူးလား၊ ဒီလိုအခြေအနေမျိုးနဲ့တောင် ကျွန်မကို ပြိုင်ပွဲဝင်ဖြစ်ဖို့ တွန်းအားပေးနေတုန်းပဲ၊ ကျွန်မကို ဖျက်ဆီးချင်တာလား ဒါမှမဟုတ် ကူညီချင်တာလား၊ ကျွန်မတို့ရဲ့စာချုပ်က ပြီးတော့မှာမလို့ ကုမ္ပဏီက ကျွန်မကို ပျက်စီးအောင်လုပ်ပြီး စာချုပ်သက်တမ်းတိုးစေချင်တာလား"
ရှုချယ်က အံ့အားသင့်သွားသည်။
“ကုမ္ပဏီက မင်းကို အမြဲစဉ်းစားပေးတာပေါ့၊ သူတို့ မင်းကို ပြိုင်ပွဲဝင်ဖြစ်စေချင်တာက ကူညီချင်လို့ဖြစ်ရမယ်၊ မင်းရဲ့လူကြိုက်များမှုကို နောက်တစ်ဆင့်တက်စေချင်လို့၊ ဒါကနေ ဒီလို ပြောင်းလဲမှုတွေဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့လို့ပါ"
"ဟုတ်တယ်၊ အဲဒါတွေက မမျှော်လင့်ထားတဲ့အရာတွေ၊ ဘယ်သူမှ ကြိုမသိနိုင်ခဲ့ဘူး"
ရှချန်းချန်းက ကြယ်များကို ဂရုစိုက်သည့်ပုံစံနှင့် ပြောလိုက်သည်။
"ဒါကြောင့် ကျွန်မကလည်း စကားနည်းတဲ့လူတစ်ယောက်ပါ၊ ဒီလှုပ်ရှားမှုက ကျွန်မရဲ့ဂုဏ်သိက္ခာကို ကယ်တင်ခဲ့ရုံတင်မကဘူး ကျွန်မရဲ့လူကြိုက်များမှုကိုပါ တိုးစေခဲ့တယ်၊ အနာဂတ်မှာ H မိသားစု၊ D မိသားစု၊ A မိသားစုက ကျွန်မကို သဘောကျပြီး ကြော်ငြာပေးကောင်း ပေးလိမ့်မယ်၊ ဆရာ ရှုချယ် ကျွန်မပြောတာမှန်တယ်မလား"
ရှုချယ်၏ ရင်ထဲ၌ မုန်းတီးမှုများဖြင့် ယားယံနေခဲ့သည်။
မင်းက ကုမ္ပဏီရဲ့လိုအပ်ချက်တွေကို လိုက်နာရုံတင်မကဘဲ အခုတော့ ဒီအရည်အသွေးမြင့်ရင်းမြစ်တွေကို ကုမ္ပဏီကနေ လုယူချင်နေတာလား။ ဒီအဆင့်မြင့် ကြော်ငြာတွေ တကယ်ရှိရင်တောင် ဒါတွေက ငါ့အတွက်ဖြစ်ပြီး မင်းကို ငါမပေးနိုင်ပါဘူး။
သို့သော် ရှုချယ်က ရှချန်းချန်းကို ပြန်မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် နူးညံ့စွာ အတင်းအကျပ်ပြုံးပြပြီး သွားများကြားမှ စကားတစ်ခွန်းတည်းကို ထုတ်ပြောလိုက်သည်။
"ဟုတ်ပြီ"
ခရီးလမ်းက ဝေးလံကာ ဤမိန်းမငယ်လေးကို သူထိန်းချုပ်၍ မရနိုင်သည်ကို မယုံကြည်ခဲ့ပေ။
Star Entertainment ၏ အစည်းအဝေးခန်းထဲရှိ ပရိုဂျက်တာဖန်သားပြင်ပေါ်တွင် "Galaxy Girls" ၏ ပထမစင်မြင့်ကို ထုတ်လွှင့်နေပြီး ပုံ၌ ရှချန်းချန်းသည် ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ကြေညာသည့် နေရာ၌ ရပ်နေခဲ့သည်။
ဝူရှင်းဘန့်သည် မျက်နှာပြင်ပေါ်ရှိ မိန်းကလေးကို ကြည့်ကာ သူ၏ မျက်နှာသည် ဖြူဖျော့စွာဖြင့် အပြာရောင်သို့ ပြောင်းသွားသည်။ သူ့ရင်ရှိ ဒေါသကို ထိန်းချုပ်၍ အရှေ့၌ မတ်တပ်ရပ်နေသည့် အမျိုးသမီးဝတ်စုံ ဝတ်ထားသော ချန်ချင်းကို ယဉ်ကျေးသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
"မစ္စတာချန်း၊ ချန်းချန်းက ကုမ္ပဏီရဲ့ အနုပညာရှင် တစ်ယောက်ပါ၊ ကုမ္ပဏီက သူ့အတွက် ရင်းမြစ်တွေကို စီစဉ်ပေးခဲ့တာ ဒါပေမဲ့ သူက ရင်းနှီးမြှုပ်နှံသူဖြစ်သွားတယ်၊ ဒါက စာချုပ်ချိုးဖောက်မှုပဲ"
ချန်ချင်းသည် သူ၏ ရွှေအနားကွပ်မျက်မှန်ကို တပ်လိုက်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် မျက်နှာထားဖြင့်
“ဟုတ်ပါတယ်၊ ဒါက စာချုပ်ချိုးဖောက်မှုဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါကြောင့် ဒီနေ့ ကျွန်တော်က မစ္စရှ ကိုယ်စား စာချုပ်ချိုးဖောက်မှုကိစ္စတွေကို ကိုင်တွယ်ဖို့ လာခဲ့တာပါ၊ မစ္စတာဝူ ကျွန်တော် ရှင်းရှင်းဘဲပြောပါရစေ၊ ကျွန်တော်တို့ကို ကိန်းဂဏန်းတစ်ခု သတ်မှတ်ပေးလိုက်ပါ၊ တရားရုံးလည်းသွားစရာ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားဘက်က မစ္စရှရဲ့ မကောင်းတဲ့သတင်းတွေ အကုန်လုံးကိုလည်း မရှင်းရသေးဘူး၊ ခင်ဗျားသာ တရားရုံးသွားရရင် ခင်ဗျားအတွက် အခြေအနေ သိပ်ဟန်မဲ့ပုံမပေါ်ဘူးလို့ ကျွန်တော်ထင်တယ်၊ ဟုတ်တယ်မလား"
ဝူရှင်းဘန့်၏ မျက်နှာမှာ ပို၍ မှောင်မိုက်လာခဲ့သည်။
ချန်ချင်းက စာချုပ်မူကြမ်းတစ်ခုကို ဝူရှင်းဘန့်ရှေ့သို့ တိုးပေးလိုက်သည်။
"မစ္စတာဝူ၊ စာချုပ်ရပ်စဲရေး သဘောတူညီချက်ကို ရေးပြီးပါပြီ ကြည့်လိုက်ပါ"
ဝူရှင်းဘန့်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်ကာ စာချုပ်ကို ပြန်၍ တွန်းလိုက်သည်။
"ချန်းလူ ခင်ဗျား ဘာတွေပြောနေတာလဲ၊ ချန်းချန်းက အစတည်းက ရှိုးမှာပါဝင်ဖို့ သဘောတူခဲ့တာကို ကျွန်တော်သိပါတယ် ဒါပေမဲ့ ပါပါရာဇီတွေရဲ့ မကောင်းတဲ့သတင်းတွေကို မခံနိုင်လို့ အခြေအနေအရ ဒီလိုလုပ်ခဲ့တာပါ၊ ဒါကြောင့် သူဒီလိုလုပ်တာကို နားလည်ပါတယ်၊ ကုမ္ပဏီက သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး"
"ဪ"
ချန်ချင်းက မျက်ခုံးပင့်လိုက်သည်။
"ဒါဆို မစ္စတာဝူ၊ ခင်ဗျား စာချုပ်ကို ရပ်စဲချင်တာမဟုတ်ဘူးလား၊ မစ္စရှက ပျက်စီးဆုံးရှုံးမှု လျော်ကြေးက ဘယ်လောက်ပဲဖြစ်ဖြစ် လက်ခံမယ်လို့ ပြောပါတယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက သေချာပေါက် ချန်းချန်းရဲ့အမှားမဟုတ်ပါဘူး၊ ကျွန်တော်တို့က အခုထိ အလုပ်အတူတူကောင်းကောင်းလုပ်နေဆဲပါ"
ဝူရှင်းဘန့်က ပြုံးလိုက်သည်။
"ချန်းချန်းက ကျွန်တော်တို့ Starry Sky ရဲ့ အနုပညာရှင် တစ်ယောက်အမြဲဖြစ်နေမှာပါ၊ ဒါကြောင့် သူလုပ်တဲ့ အရာတိုင်းကို ကျွန်တော် သေချာပေါက် ထောက်ခံပေးမှာပါ"
နှစ်ယောက်သည် သူတို့၏ ဟန်ဆောင်ပန်ဆောင် ငြင်းခုန်မှုကို ခေတ္တခဏ ဆက်၍ လုပ်နေခဲ့သည်။ နောက်ဆုံး၌ ချန်ချင်းသည် စာချုပ်ကို ပြန်ယူလိုက်ပြီး ဝူရှင်းဘန့်ကို ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်၍ Starry Sky မှ ထွက်ခွာသွားသည်။
ချန်ချင်းသည် Starry Sky ၏ ဝင်ပေါက်မှ ထွက်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရှချန်းချန်းအား ဖုန်းခေါ်လိုက်သည်။
"မစ္စရှဘမစ္စရဲ့ခန့်မှန်းချက်က မှန်ပါတယ်၊ Starry Sky က တကယ်ပဲ စာချုပ်ကို ရပ်စဲဖို့ မရဲဘူး သေချာပေါက် နောက်ထပ် အစီအစဉ်တွေ ရှိဦးမှာ"
ရှချန်းချန်း၏ သာမန်အသံသည် ဖုန်း၏ တစ်ဖက်မှ ပဲ့တင်ထပ်လာသည်။
"ကျွန်မမှာ Starry Sky နဲ့ စာချုပ်သက်တမ်း နှစ်လပဲ ကျန်တော့တယ်၊ သူတို့က ကျွန်မကို ဆက်ထိန်းထားဖို့ ကြိုးစားမှာ သေချာပေါက်ပဲ ဒါပေမဲ့ Starry Sky က နှစ်လထပ်တိုးနိုင်မလားဆိုတာတော့ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး ချန်ချင်း၊ ဒီတစ်ခေါက် ကျွန်မအတွက် အချိန်ပေးပြီး လာပေးလို့ ကျေးဇူးတင်ပါတယ်"
ချန်ချင်းက ပြုံးလိုက်သည်။
"မစ္စတာရှ ပေးတဲ့ဈေးကို ကျွန်တော် အရမ်းကျေနပ်ပါတယ်၊ ဒါကြောင့် မခဲယဥ်းပါဘူး"
အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်များသည် အထပ်မြင့်အဆောက်အအုံ၏ ကျယ်ပြန့်ကြည်လင်သည့် မှန်ထဲ၌ ရောင်ပြန်ဟပ်နေလေသည်။
Starry Sky အဆောက်အအုံ၏ ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသည့် ပြတင်းပေါက်ရှေ၌ မတ်တပ်ရပ်နေသည့် ဝူရှင်းဘန့်သည် မြေပြင်ပေါ်ရှိ ချန်ချင်း၏ သေးငယ်သည့်ပုံရိပ်ကို စိုက်ကြည့်လျက် မကျေနပ်မှုများ တိုးလာခဲ့သည်။
သူ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ ခေါ်ဆိုသူ၏ နံပါတ်မှာ "မစ္စတာ လော့" ဖြစ်၏။
ဝူရှင်းဘန့်က သူ့မျက်နှာပေါ်ရှိ ဒေါသကို အမြန်ထိန်းချုပ်၍ သူ၏ လေသံက လေးစားမှုအပြည့်ဖြင့် ဖုန်းကို သေချာဖြေလိုက်သည်။
"မစ္စတာ လော့"
"ဒီအမှားက ကျွန်တော့်အမှားပဲ"
အသံနက်နက်ဖြင့် အသက်လေးဆယ်ခန့်ရှိသည့် အမျိုးသားတစ်ဦးက တစ်ဖက်မှ ပြောလိုက်ပြီး သူ့၏ လေသံက နှိမ့်ချကာ ယဉ်ကျေးနေသည်။
"ဒါရိုက်တာကျန်းက ရှချန်းချန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ဖုံးကွယ်ထားတာကို ကူညီခဲ့တယ်၊ သူ ‘Galaxy Girls’ မှာ ရင်းနှီးမြှုပ်နှံခဲ့တာကို ခုမှသိရတာ၊ ကျွန်တော့်စာချုပ်ကို ချိုးဖောက်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုလျော်ကြေးကို ဒါရိုက်တာကျန်းကိုတောင် ကူပေးခဲ့တယ်တဲ့"
ဝူရှင်းဘန့်က ရှုပ်ထွေးသွားသည်။
"ရှချန်းချန်းက လူကြိုက်များလာပြန်ရင်တောင် သူ့မှာ ဘယ်ရင်းမြစ်မှ မရသေးဘူး၊ ဘယ်လိုလုပ် ဒီလောက်ချမ်းသာနေရတာလဲ"
မစ္စတာ လော့: "ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ ရှချန်းချန်းက ရှမိသားစုရဲ့ အမွေခံ၊ ရှအဖွဲ့ရဲ့ ရှယ်ယာ ၂၉% ကို အမွေဆက်ခံထားတယ်၊ လက်ရှိ ရှအုပ်စုရဲ့ ဥက္ကဋ္ဌက ရှချန်းချန်းရဲ့ အစ်ကိုဝမ်းကွဲ ရှထျန်းဟွာဖြစ်နေလို့ ဒီသတင်းကို ဖုံးဖိထားခဲ့တာ၊ လူနည်းစုပဲ ဒီအကြောင်းကိုသိပြီး ချမ်းသာတဲ့အသိုင်းအဝိုင်းမှာတောင် မသိကြဘူး"
ဝူရှင်းဘန့်၏ မျက်လုံးများက မယုံနိုင်အောင် ပြူးကျယ်သွားသည်။
"ရှအုပ်စုရဲ့ ရှယ်ယာက ၂၉% တောင်လား"
ဘယ်လောက်တောင် ကြီးမားတဲ့ကိန်းဂဏန်းလဲ။
ကံကောင်းစွာဖြင့် သူတို့သည် ရှချန်းချန်းနှင့် တစ်ခုမျှ မလုပ်ဆောင်ရသေးပေ။ မဟုတ်လျှင် သူမ၏ ငွေကြေးအရင်းအမြစ်များနှင့် တခြားသူဌေးများနှင့် ယှဉ်လျှင် ဘာမှမဟုတ်သည့် သူတစ်ယောက် ဖြစ်နေလောက်ပြီ။ သူမကို ထိန်းချုပ်ဖို့ဆိုသည်က ဝေးသေးသည်။
"ဒီတစ်ခါတော့ အချိန်မီ ဆုံးဖြတ်လိုက်တယ်"
မစ္စတာလော့က ဆက်ပြောသည်။
“ရှချန်းချန်းကို ကောင်းကောင်းဆက်ဆံလိုက်ပါ၊ စာချုပ်သက်တမ်းတိုးလို့ရရင် တိုးလိုက်၊ မဟုတ်ရင် မေ့လိုက်တော့"
ဝူရှင်းဘန့်က ချက်ချင်းခေါင်းငြိမ့်လိုက်သည်။ ယခု၌ ရှချန်းချန်းသည် မည်သူမည်ဝါဖြစ်ကြောင်း အစစ်အမှန်ကို သိသွားပြီဖြစ်ရာ သတ္တိ ဆယ်ခု၊ ရှစ်ခုရှိလျှင်တောင် မလုပ်ရဲတော့ပေ။
"ဒါဆို မစ္စတာလော့ဆီမှာ တခြားညွှန်ကြားချက်တွေ ရှိသေးလား"
"'Galaxy Girls' မှာ ငါ နောက်ဆို ဝင်စွက်ဖက်လို့မရတော့ဘူး၊ ဒါကြောင့် ငါတို့ရဲ့အစီအစဉ်ကို ရှေ့ရွေ့ရမယ်"
မစ္စတာလော့က စကားစရပ်လိုက်ပြီး သူ၏ အသံက အနည်းငယ် အေးစက်သွားသည်။
“ဒီညက သူဌေးတွေအတွက် ကုန်ပစ္စည်းတချို့ကို ရွေးချယ်ဖို့ အချိန်ကောင်းပဲ၊ နောက်နှစ်ရက်အတွင်း ကျွန်တော်တို့ စလို့ရပြီ”