← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

Chapter 69

“Galaxy Girls”သည်အလွန်အောင်မြင်ခဲ့လေသည်။ ဤသည်မှာ အွန်လိုင်းရသစုံရှိုးတစ်ခုသာဖြစ်ပြီး ပထမအဆင့်ပင်မပါဝင်သေးသော်ညား ထိုရှိုးသည် strawberry video platform တွင်ကြည့်ရှူသူ တစ်သောင်းကျော်သွားခဲ့ပြီဖြစ်သည်။

platform သည် ပြိုင်ပွဲဝင်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုများပါရှိသည့် သီးသန့်စာမျက်နှာတစ်ခုပင် ဖန်တီးခဲ့သည်။

ပြိုင်ပွဲဝင် ကိုးဆယ်ကိုးယောက်၏ ပထမဆုံးစင်မြင့်ဖျော်ဖြေမှုမှာ ဆက်လက်ကျင်းပနေဆဲဖြစ်သည်။

စုန့်ယွီနင်နှင့်ဖန်းရော့ရော့တို့ စင်မြင့်ပေါ်ရောက်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်များနှင့် အွန်လိုင်းစကားပြောချက်များမှ အော်သံများထွက်ပေါ်လာခဲ့သည်။

မီးအလင်းရောင်များနှင့်သီချင်းသံများစတင်လာသည်နှင့် တစ်ပြိုင်နက် အဖြူရောင်နှင့်အနက်ရောင်ရှိသည့် ဆန့်ကျင်ဘက်အသွင်အပြင်နှစ်ခုမှာ နတ်သမီးတစ်ပါးနှင့်ရှူရာတစ်ပါး အလင်းရောင်နှင့်ဆန့်ကျင်ဘက်သို့ လျှောက်လာနေကြပုံပေါ်လေသည်။ သူတို့၏စည်းချက်ကျကျ ကခုန်မှုများနှင့် နူးညံ့ကာ အေးစက်သည့် သီချင်းဆိုသံများမှာ ရောယှက်နေကြကာ အထွက်အထိပ်သို့ရောက်ရှိနေကြသည့် ပုံရိပ်နှစ်ခု၏ကွာခြားမှုအား ပေါ်လွင်နေစေသည်။

[အား!! ငါ့ရဲ့နင်နင်က ငါ့ကိုဘယ်တုန်းကမှစိတ်မပျက်စေဘူး၊ အရမ်းမိုက်တာပဲ]

[ငါမယုံနိုင်ဘူး၊ နင်နင်ကပုံမှန်ဆိုရင်အရမ်းသိမ်မွေ့တာ ဒါပေမဲ့ သူ အကကို အင်အားအပြည့်နဲ့ကတာပဲ]

[ရော့ရော့အားတင်းထား အားတင်ထား၊ ငါ ဒီမြင့်မြတ်ပြီးမိမိုက်လွန်းတဲ့ကျဲကို ချစ်လိုက်တာ အရမ်းမိုက်တာပဲ]

ဖျော်ဖြေမှုပြီးသွားသော်ညား လူအုပ်ကြီးမှာထိုအခိုက်အတန့်တွင် နှစ်မြုပ်နေဆဲဖြစ်သည်။

အဆင့်များကြေညာချိန်တွင်မူ ဖန်းရော့ရော့သည် စုန့်ယွီနင်၏လက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူမကိုယ်သူမအားပေးနေလေသည်။

“ငါထိန်းထားရမယ် ငါထိန်းထားရမယ်၊ ဘယ်လိုအဆင့်မျိုးပဲရရ ငါ့ရဲ့ပရိတ်သတ်တွေရှေ့မှာ ငါ့ပုံရိပ်ကိုမကျသွားစေရဘူး”

ထန်ဝေ့လော့သည် သူတို့၏ A အဆင့်ရမှတ်များအားပြလိုက်ကာ ချီးကျူးလိုက်လေသည်။

“မင်း က တာ အရမ်းကောင်းတယ်၊ မင်းကသေချာပေါက် ပွဲဦးထွက် မိန်းကလေးအဖွဲ့ထဲမှာပါဖို့ ထိုက်တန်ပါတယ်”

အမူအယာမဲ့နေသည့်ပုံပေါက်သည့် ဖန်းရော့ရော့သည် ရုတ်တရက်စိတ်လှုပ်ရှားစွာဖြင့် ခုန်လိုက်ပြီး စုန့်ယွီနင်အား တင်းတင်းကြပ်ကြပ်ဖက်လိုက်လေသည်။

“အား နင်နင်၊ ဝေ့လော့ကောက ငါ ကတာ ကောင်းတယ် ပြီးတော့ ပွဲဦးထွက်မိန်းကလေးအဖွဲ့ထဲမှာ ပါဖို့ထိုက်တန်တယ်ဆိုပြီး ပြောလိုက်တာမလား၊ အား သူအရမ်းချောမောပြီးတော့ သိမ်မွေ့တာပဲ ငါအရမ်းစွဲလမ်းနေပြီ၊ ငါသူ့ကိုနံရံပေါ်တွန်းပြီးတော့ နမ်းပစ်ချင်တယ်၊ တအားကိုနမ်းပစ်ချင်တယ်”

ထန်ဝေ့လော့:???

ပြိုင်ပွဲဝင်များ:???

စုန့်ယွီနင်၏ ပြုံးနေသည့်အမူအရာမှာ ရုတ်တရက်အေးခဲသွားကာ မိုက်ခရိုဖုန်းအားကိုင်ထားသည့် သူမ၏လက်မှာလည်း မတည်မငြိမ်ဖြစ်လာလေသည်။ သူမသည်အပြံးတစ်ခုအား အတင်းအကြပ်ပြုံးလိုက်ပြီးနောက် စကားပြောလိုက်လေသည်။

“ညီအစ်မရေ နင်ရဲ့ပုံရိပ်ကိုဖျက်စီးတာကထားပါဦး၊ ဘာဖြစ်လို့ နင်ရဲ့ပရိတ်သတ်ဘဝတုန်းက ပြောခဲ့တဲ့ ရွံ့စရာကောင်းတဲ့ဟာတွေကို ပြောနေရတာလဲ”

ဖန်းရော့ရော့သည် သူမ မည်သည့်အရာများပြောခဲ့သည်ကိုသတိထားမိသွားလေသည်။ သူမဘေးဘီသို့ကြည့်လိုက်သောအခါတွင် ပြိုင်ပွဲဝင်များအားလုံးသည် သူမအား ကြည့်၍ ရယ်မောနေကြသည်ကို တွေ့လိုက်ရလေသည်။

သူမသည် အလွန်ပင်ရှက်သွားပြီး ထိုနေရာ၌ပင် ကြွင်းတူး၍ ဝင်ပုန်းချင်သွားလေသည်။

လူအများရှေ့၌ ဖွင့်ပြောင်းခံလိုက်ရသည့် ထန်ဝေ့လော့၏နားရွက်များမှာနီရဲလာလေသည်။ သူတိုးတိုးလေးပြောလိုက်လေသည်။

“ကျွန်တော်တို့က အိုင်ဒေါတွေလေ၊ ချစ်ကြိုက်လို့မရဘူး”

“ဝိုးဝိုးဝိုး”

သူ၏မိမိုက်မှုအား ပြန်လည်ထိန်းထားသည့် ဖန်းရော့ရော့မှာ ထပ်မံလွတ်ထွက်သွားလေသည်။ သူမသည် စုန့်ယွီနင်၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်လေသည်။

“သူက ငါတို့တွေ ချစ်ကြိုက်လို့မရနိုင်ဘူးဆိုတာကို ပြောနေတာတောင်မှ ချစ်ဖို့ကောင်းနေတုန်းပဲ၊ ငါဘယ်လိုလုပ်ရမလဲ သူက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ငါသူ့ကိုအရမ်းချစ်တာပဲ”

စုန့်ယွီနင်: “.....”

သူကချစ်စရာကောင်းပါတယ်။ အရမ်းချစ်စရာကောင်းတာလည်း သိပါတယ်။ ဒါပေမဲ့နင်ငါ့လက်ကိုဘာလို့ဆွဲဆိတ်နေရတာလဲ။ ပြီးတော့ အကြမ်းပတမ်းဆွဲဆိတ်နေသေးတယ်။ အဲဒါကနာတယ်နော်။

[ဟားဟားဟား ငါဖန်းရော့ရော့ကို နားလည်ပေးနိုင်ပါတယ်၊ ဒါပေါ့သူ့ အိုင်ဒေါကို မြင်တဲ့အချိန် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ နူးညံ့မှုကိုတောင် ထားပစ်ခဲ့လိုက်တာပဲ]

[ဒါက ငါ့အိုင်ဒေါကို မြင်လိုက်ရင် ငါဖြစ်သွားမဲ့ ပုံစံပဲ]

[ရော့ရော့က သူ့ရဲ့ မြင့်မြတ်ပြီးမိမိုက်တဲ့ ပုံစံရှိပေမဲ့လည်း သူက ပရိတ်သတ်တစ်ယောက်ပဲ၊ အခုတော့ ကောင်မလေးတွေနဲ့ တူတာတစ်ခုရှိသွားပြီ]

ဖန်းရော့ရော့၏ ဇာတ်ကောင်ပျက်စီးသွားသည့် အပိုင်းမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။

ထို့နောက် နောက်ထပ်ပြိုင်ပွဲဝင်အနည်းငယ်မှာစင်ပေါ်သို့ ဖျော်ဖြေရန်တက်လာခဲ့ကြလေသည်။ သူတို့တွင် စင်မြင့်အတွေ့အကြုံမရှိခြင်းကြောင့် B အဆင့်ကိုသာရရှိခဲ့လေသည်။

မကြားခင်မှာပင် ချင်းမော့ စင်ပေါ်သို့ တက်ရမည့်အလှည့်ကို ရောက်လာလေသည်။

ချင်းမော့သည် အိုင်ဒေါတစ်ဦးမဟုတ်ပေ။ သူမသည်ဟိန်ထျန်းတွင် ရိုက်ကူးရေးလုပ်ရန် အချိန်အတော်ကြာအလုပ်များနေခဲ့ပြီး ဤနှစ်ရက်အတွင်းကျန်းချန်သို့ ယခုရှိူးအား ပါဝင်ရန်သာလာခဲ့လေသည်။ သူမသည် သူမ၏ ပထမဆုံးဖျော်ဖြေမှုအတွက် ပြင်ဆင်ရန်အချိန်မရှိခဲ့ပေ။

ကင်မရာရှေသို့ ရောက်ချိန်တွင် သူမသည် သီချင်းတစ်ပုဒ်ကို အလျင်စလိုဆိုလိုက်ကာ စိတ်မပါလက်မပါဖြင့် က ကွက် အနည်းငယ်ကိုသာ ဖျော်ဖြေသွားခဲ့လေသည်။

[အခုချင်းမော့ဆိုတာက သရုပ်ဆောင်မလား ငါသူသရုပ်ဆောင်ခဲ့တဲ့ သာ့ထန်ဆိုတဲ့ ဘလော့ဂါဇာတ်ကောင်က အတော်လေးနာမည်ကြီးသွားတာကို မှတ်မိသေးတယ်]

[ဒါပေမဲ့ သူ့ရဲ့ပထမဆုံးဖျော်ဖြေမှုကြီးက အရမ်းစိတ်မပါလက်မပါဖြစ်လွန်းတယ်၊ ဒါက ဘယ်လိုကကွက်မျိုးလဲ]

[အဲမှာ တခြားသရုပ်ဆောင် မင်းသမီးတွေလည်း ရှိသေးတယ်၊ သူတို့တွေက သေချာအလေးထားပြီး ပြင်ဆင်လာကြတယ်ဆိုတာ ငါခံစားမိတယ်၊ အနည်းဆုံးတော့ အက က အတော်လေးညီညာတယ်၊ အခုဒီချင်းမော့ကဘာလုပ်နေတာလဲ၊ အေရိုးဗစ်အကလား]

[ကျေးဇူးပြုပြီး အေရိုးဗစ်အကကိုမစော်ကားပါနဲ့၊ ကျေးဇူးတင်ပါတယ်]

(N/- အေရိုးဗစ် အက ဆိုတာ မနက်စောစော ထ ကတဲ့ ကျန်းမာရေ အက ကို ပြောချင်တာပါ )

အံ့ဩစရာမရှိစွာဖြင့် ကျင်ရိဖန်နှင့်ထန်ဝေ့လော့နှစ်ဦးစလုံးမှာ F အဆင့်ပေးခဲ့ကြလေသည်။

ရွှီချဲ၏အလှည့်ရောက်ချိန်တွင် ရွှီချဲသည် နှစ်စက္ကန့်မျှတုံ့ဆိုင်းသွားလေသည်။ ချင်းမော့သည် starry sky ၏အနုပညာရှင်တစ်ဦးဖြစ်ကာ သူမအား “Galaxy Girls” ထဲသို့ထည့်သွင်းရခြင်းမှာ သူမကို တောက်ပစေချင်သောကြောင့်သာ ဖြစ်သည်။ သို့ပေမဲ့ ရွှီချဲသာ သူမအား Fအဆင့်ပေးလိုက်ပါလျှင် ချင်းမော့သည် ရိုက်ကွက်များရမည်မဟုတ်သည့်အပြင် “Galaxy Girls”သို့လာရသည့်ခရီးစဥ်မှာလည်း အချည်းနှီးပင် ဖြစ်သွားပေလိမ့်မည်။

ရွှီချဲသည် သူ၏ လည်ချောင်းအား ရှင်းလိုက်ကာ မှတ်ချက်ပေးလိုက်လေသည်။

“ငါကတော့ ချင်းမော့ရဲ့ ဖျော်ဖြေမှုက အတော်လေးကောင်းတယ်လို့ထင်တာပဲ၊ အထူးသဖြင့် သူမရဲ့သီချင်းဆိုတာပဲ၊ အဲဒါကအရမ်း”

“မဟုတ်သေးဘူး မဟုတ်သေးဘူး မဟုတ်သေးဘူး”

ကျင်ရိဖန်သည် ရွှီချဲအား ချက်ချင်းပင် ဖြတ်ပြောလိုက်လေသည်။

“ဘယ်လိုလု ပ်ဒီလိုဖျော်ဖြေမှုမျိုးကို ကောင်းတယ်လို့ ပြောရဲရတာလဲ၊ မစ္စတာရွှီသာ ဒီလိုမှတ်ချက်မျိုးကို ပေးချင်နေတယ်ဆိုရင်တော့ ကျွန်တော်ကတော့ မစ္စတာရွှီ ပရိုဂျုဆာနဲ့PD တစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိရဲ့လား ဆိုတာကို သံသယ ဖြစ်မိတယ်”

ရွှီချဲသည်အလျင်အမြန်ရှင်းပြလေသည်။

“ကျွန်တော်ပြောချင်တာက သူမဖျော်ဖြေမသွားတာ အရမ်းကောင်းတယ်လို့ ပြောချင်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူမရဲ့ သီချင်းကထူးခြားတယ်လေ’

“အဲမှာ ထူးခြားတာရှိလို့လား”

ကျင်ရိဖန်ထပ်မံဖြတ်ပြောလိုက်ကာ မေးထောက်ထားပြီး သေချာတွေးတောနေလေသည်။

“ရွှီလောင်ရှီး လောင်ရှီး ကန်းနေပြီး နားလေးနေတာမဟုတ်ရင် လောင်ရှီးက လုံလုံလောက်လောက် မသန်မာသေးတာပဲ၊ အို ပြီးတော့ လောင်ရှီး Galaxy Series ထဲမှာ ပါတုန်းကလည်း ဒုတိယနေရာပဲ ရခဲ့တာမလား ထန်ကောကို မနိုင်ခဲ့ဘူးလေ၊ ဒါပေမဲ့ တကယ်လို့ လောင်ရှီး အအောင်ပေးလိုက်ချင်တယ် ဆိုရင်လည်း ကျွန်တော်ပြောနိုင်တာကတော့ ကျစ် ကျစ် နှစ်နှစ်တောင်ရှိနေပြီကို တကယ်ပဲ ဘာမှမတိုးတက်လာတာပါ့လား၊ အမြဲတမ်း ဒုတိယနေရာမှာပဲ”

ရွှီချဲ ထိုစကားများအားကြားပြီးသောအခါတွင် သူ၏ နဖူးပေါ်ရှိသွေးကြောများပင်ပေါ်လာခဲ့သည်။

မကြာသေးမီ နှစ်များအတွင်းတွင် လူများသည် သူ့အား ထန်ဝေ့လော့ကိုမကျော်နိုင်သည့် ဒုတိယ အကောင်းဆုံးဟု ပြောသည့်အချိန်ကို သူအမုန်းဆုံးပင်ဖြစ်သည်။

ပုံမှန်အားဖြင့် လွန်ခဲ့သည့်နှစ်နှစ် ထန်ဝေ့လော့ နာမည်ပျက်ကာ ဤနယ်ပယ်အတွင်းမှ အနားယူသွားချိန်တွင်မူ မည်သူမျှ ထိုအကြောင်းအား မပြောရဲကြသော်ညား ကျင်ရိဖန်သည် သူ၏အတိတ်အား ထိုကဲ့သို့ဖော်ထုတ်လိုက်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

[ကျင်ရိဖန်က တကယ်ပဲ ငါ့ကို ရယ်သေအောင်လုပ်နေတာပဲ၊ သူ အဲဒါကို ကြားလိုက်တုန်းက ရွှီချဲရဲ့ မျက်နှာကြီး အစိမ်းရောင်ကို ပြောင်းသွားတော့တာပဲ]

[ငါအခုတလောရှိုးမှာ ကျင်ရိဖန်ကို ကြည့်ရတာ တကယ်ကြိုက်တယ် ဟုတ်တယ်မလား၊ သူက သူ့ရဲ့မိမိုက်ပြီးတော့ အမူအယာကင်းမဲ့တဲ့ နတ်ဘုရားပုံစံကို ကြေညာတာ အရမ်းတော်ခဲ့တာ၊ ဒါပေမဲ့ အခုတော့သူအဲဒါကိုဆက်မလုပ်တော့ဘူး]

[ရိဖန်ပြောတာမှန်တယ်၊ ရွှီချဲ တကယ်ပဲချင်းမော့ကို အောင်မှတ်ပေးမှာမဟုတ်ဘူး ဟုတ်တယ်မလား၊ ချင်းမော့ရဲ့ဖျော်ဖြေမှုက အခုသူ့ရဲ့မှတ်ချက်အပေါ်မှာမူတည်နေပြီ]

[ငါတို့ရဲ့ချဲချဲက အင်အားကို အတော်လေးအလေးထားတယ်၊ ပြီးတော့ သူသေချာပေါက် အောင်မှတ်ပေးမှာမဟုတ်ဘူး]

လူအားလုံးသည် ရွှီချဲအားစိုက်ကြည့်နေကာ ရိုက်ကူးရေးသမားများပင်လျှင် သူတို့၏ကင်မရာအား သူ့ထံသို့ ချိန်ထားကြလေသည်။ ရွှီချဲသည်မတတ်နိုင်စွာဖြင့်သူပြတော့မည့် B အဆင့်ကဒ်အားချလိုက်ရကာ F အဆင့်ကဒ်နှင့် အစားထိုးလိုက်လေသည်။

ချင်းမော့သည် F သုံးလုံးအား မြင်လိုက်ရချိန်တွင် မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူမ၏ ရှိုးပွဲတစ်လျှောက် တိုးတက်လာမည့် အိမ်မက်မှာ ကြေမွသွားခဲ့သည်။

ရှချန်းချန်းသည် စင်နောက်ရှိ မော်နီတာအားကြည့်နေလေသည်။ သူမသည် ပရိုဂရမ်၏ အချိန်ဇယားအားလှန်လှောလိုက်လေသည်။ ယခုမှာ ညသန်းခေါင်အားကျော်သွားပြန်ဖြစ်ကာ ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုမှာလည်း တစ်ဝက်ကျော်ကျော် ပြီးသွားပြီဖြစ်သည်။ ယနေ့ရိုက်ကူးရေးအား မနက်ဖြန်အထိ ဆက်လက်ရိုက်ကူးမည်ဖြစ်သည်။

နောက်ထပ်ဖျော်ဖြေမှုမှာ Starry Sky မိန်းကလေးအဖွဲ့ပင်ဖြစ်သည်။

ရှချန်းချန်းသည်သမ်းလိုက်ကာ ရှလုလု၏ဖျော်ဖြေမှုအားစောင့်ရန်ပြင်လိုက်လေသည်။ သူမ၏အနောက်ဘက်ရှိ ဒါရိုက်တာကျန်းမှာ သူမ ပခုံးအား ရုတ်တရက်ပုတ်လိုက်ပြီး သူ့အမူအယာမှာ လေးနက်နေလေသည်။

“ရှလောင်ရှီး ရှလောင်ရှီး တစ်ချက်လောက် အရင်ကြည့်ပေးရမဲ့ အရာလေးရှိတယ်”

သူသည် ရှချန်းချန်းအာ းတက်ဘလက်ကမ်းပေးလိုက်လေသည်။

“ဒါက starry sky မိန်းကလေးအဖွဲ့ရဲ့ လွန်ခဲ့တဲ့အစမ်းလေ့ကျင့်တုန်းက ဖျော်ဖြေခဲ့တဲ့အကပါ၊ ကျွန်တော် သူတို့ကို က,ကွက်ပြောင်းချင်လားလို့မေးခဲ့ပေမဲ့ အသင်းခေါင်းဆောင် ရှလုလုက ဒီတစ်ခုကိုပဲ ဆက်က,ဖို့ပြောခဲ့ပါတယ်”

ဖန်းသားပြင်ပေါ်ရှိ အကသမားများမှာ အရည်အချင်းရှိသည့်အပြင် သူတို့၏လှုပ်ရှားမှုများမှာ ညီညာပြီးစည်းချက်ညီကြလေသည်။

သို့သော်ညား သူတို့၏လှုပ်ရှားမှုများမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံရနိုင်သည့်ပုံ စံများစွာပါလေသည်။ အထူးသဖြင့် သံပြိုင်အပိုင်းရှိ လှုပ်ရှားမှုများမှာ အလွန်ပင်ထင်ရှားလေသည်။

နားနေခန်းခန်းထဲရှိ မိန်းကလေးခြောက်ဦးမှာ ကြမ်းပြင်မှ မျက်နှာကျက်အထိ အပြည့်ရှိနေသည့်မှန်ရှေ့၌ သူတို့၏ က,ကွက်များအား လေ့ကျင့်နေကြဆဲဖြစ်သည်။ သူတို့ရှချန်းချန်းနှင့်ဒါရိုက်တာကျန်း ဝင်လာခြင်းကို မြင်ချိန်တွင်မူ သူတို့အားလုံး တစ်တန်းတည်းမတ်တပ်ရပ်လိုက်ကြလေသည်။

ရှချန်းချန်းသည် ပြိုင်ပွဲဝင်များ၏ ဝတ်စားပုံကိုကြည့်လိုက်လေသည်။ ဤသည်မှာသူမ Star Entertainment ၏ အကစတူဒီယို၌ တွေ့ဖူးသည့်အဝတ်အစားများပင်ဖြစ်သည်။ ရင်ဘတ်နေရာတွင်မူ အများအပြားဖော်ထားကာ ရင်ဘတ်ကြားနေရာအား ရှင်းလင်းစွာပင်မြင်နေရလေသည်။

ရှချန်းချန်းမေးလိုက်သည်။

“မင်းတို့တွေ အစမ်းလေ့ကျင့်တုန်းက ဒီအက ကို က ချင်တယ် ဆိုတာသေချာရဲ့လား”

မိန်းကလေးများမှာတိတ်ဆိတ်နေကာ တစ်ဦးကိုတစ်ဦးမဝံ့မရဲကြည့်ကာ ခေါင်းငုံ့နေကြလေသည်။

နောက်ဆုံးတွင်တော့ သူမတို့သည် သဘောတူညီချက်ရသွားပုံရကာ မည်သူမျှစကားမပြောကြပေ။

“တကယ်လို့ မင်းတို့တွေမကချင်ဘူးဆိုရင် ငါ့ကိုပြောလို့ရပါတယ်”

ရှချန်းချန်းသည်သူမ၏အသံအားနိမ့်ကာပြောလိုက်လေသည်။

“ဒီရှိုးမှာ ဘယ်သူကမှ မင်းတို့ကို အတင်းအကြပ်မလုပ်ပါဘူး”

မိန်းကလေးများသည် သူတို့ ခေါင်းအားငုံ့ထားကြလေသည်။ ဤသည်မှာ သူမတို့၏အမှား မဟုတ်ခြင်းမှာ ရှင်းလင်းနေသော်ညား ယခုအခိုက်အတန့်တွင်မူ မည်သူမှ သူတို့၏ခေါင်းအားမမော့ရဲကြပေ။

အားလုံးတိတ်ဆိတ်နေကြသည်ကိုတွေ့၍ ရှလုလုသည်နောက်ဆုံးတွင်တော့ရှေသို့တိုးလာခဲ့လေသည်။

“ရှလောင်ရှီး အက,က ကုမ္ပဏီကပြင်ဆင်ပေးထားတာပါ၊ ကျွန်မတို့ က,ကြရမှာပါ”

“ငါ မင်းကို ပြောပြီးပြီလေ၊ မင်းက အခုဒီကိုရောက်နေပြီဆိုကတည်းက..”

ရှချန်းချန်း ဆက်ပြောလိုက်သည်။

“တကယ်လို့ မင်းတို့ဒီအကကို မက,ချင်ဘူးဆိုရင် မင်းတို့ပြောင်းလိုက်လို့ရတယ်၊ ငါ starry sky နဲ့ညှိနှိုင်းလိုက်မယ်”

ပြိုင်ပွဲဝင်များ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ တဖျပ်ဖျပ်တောက်ပလာပြီး တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေသည်။ သို့ပေမဲ့ ထိုအခြေအနေမှာ တစ်ခဏမျှသာဖြစ်ပြီး သူတို့၏အမူအယာမှာ မူလကစိတ်ပျက်နေသည့် အမူအယာများ ပြန်ဖြစ်သွားကြကာ သူတို့၏ ခေါင်းကို ဆက်တိုက်ခါယမ်းနေကြလေသည်။

ရှလုလု: “ရှလောင်ရှီး နောက်ကျသွားပြီ”

သူမ၏အသံမှာရှိုက်သံများနှင့်ရောနေကာ

“အရမ်းနောက်ကျသွားပြီ”

သူမတို့ ဤအကအား က,ရန်အတင်းအကြပ် ဖိအားပေးခံရချိန်တွင် သူမတို့သည် ချောက်ထဲသို့ ဆွဲချခံလိုက်ရပြီးဖြစ်သည်။ ယခုအချိန်တွင် အမှန်ပြန်ပြင်ဖို့ရာမှာ နောက်ကျသွားပြီဖြစ်သည်။

အလွန်နောက်ကျသွားပြီဖြစ်သည်။

ရှချန်းချန်းမျက်မှောင်ကြုတ်သွားကာ သူမ၏ ရင်ဘတ်ထဲတွင်မူ ချဥ်စူး၍ မသက်မသာခံစားချက်ကြီးတစ်ခု တိုးဝင်လာလေသည်။

စတိတ်စင် ပြင်ဆင်သူများမှာ အလျင်အမြန်ရောက်လာကာ

“ရှလောင်ရှီးနဲ့ ဒါရိုက်တာကျန်း၊ ခုနတုန်းက အဖွဲရဲ့ဖျော်ဖြေမှုကပြီးသွားပါပြီ၊ အခု starry Sky အဖွဲ့ကိုစင်ပေါ်သွားခိုင်းဖို့ အချိန်ကျပါပြီ”

မိန်းကလေးများမှာ စင်ပေါ်သို့တက်ဖို့ရာ လုပ်လိုက်ကြသော်ညား ရှချန်းချန်းနှင့်ဒါရိုက်တာကျန်းမှာ ဝင်ပေါက်တွင်ရပ်နေကြပြီး သူမတို့၏လမ်းအားပိတ်ထားကြလေသည်။

များများစားစားမပြောကြပဲ သူမတို့သည်ရှ ချန်းချန်းနှင့်ဒါရိုက်တာကျန်းအား ရှောင်ကွင်းသွားကြပြီးနောက် တစ်ဦးပြီးတစ်ဦး ရှိုးပွဲ၏ပထမစင်မြင့်သို့ လျှောက်လှမ်းသွားကြလေသည်။

နားနေခန်းထဲတွင်မူ ရှချန်းချန်းနှင့်ဒါရိုက်တာကျန်းသာ ကျန်ခဲ့ကာ သူတို့နှစ်ဦးလုံးသည် စိတ်ဆင်းရဲနေကြပုံပေါက်လေသည်။

အချိန်အကြာတိတ်ဆိတ်မှုပြီးနောက် ဒါရိုက်တာကျန်းသည် ဝမ်းနည်းစွာပြောလိုက်သေည်။

“အရင်နှစ်က Starry Sky ကပြိုင်ပွဲဝင်တွေကလည်း ဒီလိုမျိုးပဲ၊ သူတို့တွေက သူတို့ရဲ့ကကွက်တွေကို မပြောင်းရဲကြဘူး၊ ဖြစ်နိုင်တာကတော့ Starry Sky ကိုက ဒီလိုမျိုးအထဲမှာ ပုပ်သိုးနေတာမျိုးပဲထင်တယ်”

ရှချန်းချန်းသည် ရှလုလုနှင့် အခြားသူများ ထွက်ခွာသွားကြသည့် ကျောပြင်အားကြည့်၍ ခေါင်းငြိမ့်လိုက်လေသည်။

“ဟုတ်တယ် အထဲမှာပုပ်သိုးနေတာပဲ”

အခုက အဲဒါကို ကိုင်တွယ်ဖို့အချိန်ရောက်ပြီ။

သူနားနေခန်းထဲမှထွက်လာပြီးနောက် ရှချန်းချန်းထံ ဟုန့်ပေါ်ချောင်၏ဖုန်းဝင်လာခဲ့လေသည်။

“ဒါရိုက်တာရှ ကျွန်တော်တို့ ရွှီချဲကိုအကြောင်းစုံစမ်းပြီးပါပြီ၊ သူကလွန်ခဲ့တဲ့နှစ်နှစ်တုန်းက Galaxy Series ကနေပွဲဦးထွက်ခဲ့ပြီးတော့ အစမှာတော့ သူကအတန်အသင့်ကျော်ကြားတဲ့ အိုင်ဒေါတစ်ယောက်ပါ၊ ထန်ဝေ့လော့အ နားယူပြီးတဲ့နောက်မှာတော့ သူက အရည်အချင်းရှိတဲ့သူ တစ်ယောက်ဖြစ်လာခဲ့ပြီးတော့ ပရိတ်သတ်တွေ အများကြီးဆီက အချစ်ခံခဲ့ရပြီး သူရဲ့ကျော်ကြားမှုကလည်း အဲအချိန်တုန်းက အတော်လေးမြင့်တက်ခဲ့ပါတယ်၊ ကျွန်တော် လောင်ရှီးကို အသေးစိတ်အချက်အလက်တွေ ပို့ထားပြီးပါပြီ”

ရှချန်းချန်းမေးလိုက်သည်။

“ရွှီချဲရဲ့ ချစ်ကြိုက်ခဲ့ဖူးတဲ့ကိစ္စတွေကကော”

ဟုန့်ပေါ်ချောင်ပြန်ဖြေလိုက်လေသည်။

“ကျွန်တော် အဲဒါလည်း လောင်ရှီးဆီပို့ပေးထားပါတယ်၊ လောင်ရှီး ထင်တာ မှန်ပါတယ်၊ ကျွန်တော်တို့တွေ အဲကနေစပြီး သဲလွန်စတစ်ချို့ဖော်ထုတ်နိုင်ခဲ့တယ်”

ရှချန်းချန်းသည် သူမ၏ အီးမေးလ်အား ဖွင့်လိုက်လေသည်။

အထဲမှာမူ ရွှီချဲ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အပြည့်အစုံပင်ဖြစ်သည်။ Baidu Encyclopedia ထဲမှစာမျက်နှာများနှင့်မတူပဲ ပထမစာမျက်နှာအနည်းငယ်မှာ သူ၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းနှင့် ဖုံးအုပ်ထားလေသည်။ ထို့အပြင် ဖူယန်ရုန်နှင့်ဟုန့်ပေါ်ချောင်တို့ ရှာဖွေထားသည့် လျို့ဝှက်ချက်များမှာပေါ်လာလေသည်။

(T/N Baidu ဆိုတာက တရုတ်မှာသုံးတဲ့ Goggle လို့ app မျိုးပါ)

အံ့အားသင့်စရာအကောင်းဆုံးတွေ့ရှိမှုမှာ ရွှီချဲ၏ အချစ်ရေးစိတ်ဝင်စားမှာမှာ တစ်ဒါဇင်ကျော်သည်ဆိုသည့် တင်ပြချက်ပင်ဖြစ်သည်။ အများစုမှာ Starry Sky PR ဌာနမှ ဖုံးကွက်ပေးထားကာ ဖူယန်ရုန်သည် Skynetအတည်ပြုစနစ်ဖြင့် သဲလွန်စတစ်ခုအား ဖော်ထုတ်နိုင်ခဲ့လေသည်။

ရွှီချဲ၏အချစ်ရေးပါတနာအများစုမှာ Starry Sky ရှိအနုပညာရှင်များဖြစ်ကာ “Galaxy Girls” ပထမအတွဲတွင်ပါဝင်ခဲ့ကြသည့် သူအများစုဖြစ်ပြီး ပွဲဦးထွက်ပြီးသားသူများဖြစ်လေသည်။ သူတို့သည် ယခုလက်ရှိတွင် ကောင်းမွန်စွာတိုးတက်နေကြပြီး ကောင်းမွန်သည့် အရင်းအမြစ်များရှိကြလေသည်။

“Galaxy Girls” ၏ပထမအတွဲတွင်ပါဝင်ခဲ့သည့် ပြိုင်ပွဲဝင်မိန်းကလေး အနည်းငယ်လည်းရှိကာ အတော်လေး အရည်အချင်းရှိကြသော်ညား အကြောင်းအရင်းတစ်ချို့ကြောင့် သူမတို့သည် ကောင်းမွန်စွာမတိုးတက်ခဲ့ကာ ရှိုးပြီးဆုံးသည်နှင့် ပျောက်ကွယ်သွားခဲ့ကြသည်။

“ကောင်းပြီ”

စနစ်သည်မတတ်နိုင်စွာဖြင့်ညီးညူးလိုက်လေသည်။

“ဟွိုက်ယန်က သူရဲ့ပရိတ်သတ်လေးယောက်နဲ့ တစ်ပြိုင်နက်ထည်းအတူအိပ်ခဲ့တာ ကျွန်တော်သူ့ကို အချိန်စီမံခန့်ခွံမှုရဲ့ ဆရာလို့ထင်ခဲ့တာ၊ သူ ဘယ်လိုတောင်လုပ်ခဲ့တာလဲ၊ “Galaxy Girls” ရဲ့ပထမအတွဲက သုံးလပဲကြာခဲ့တာလေ၊ သုံးလအတွင်းမှာ လူဒါဇင်နဲ့ချီပြီးတွဲခဲ့တာလား၊ သူမှာဖုံးကွယ်ထားတဲ့ ကိုယ်ပွားတွေဘာတွေများ ရှိလို့လား”

ရှချန်းချန်းသည်ခွဲခြမ်းစိတ်ဖြာလိုက်ကာ

“အဲဒါက တကယ်တော့ အဲလောက်ကြီးလုပ်ဖို့ ခက်တာမဟုတ်ပါဘူး၊ “Galaxy Girls” ရဲ့ပထမအတွဲမှာတုန်းက ဖုန်းတွေကိုင်ခွင့် ပြုပေးထားတယ်လေ၊ ဖူယန်ရုန် ပို့ပေးထားတဲ့အချိန်တွေကိုကြည့်လိုက်၊ အဲဆက်ဆံရေးတွေက ရိုက်ကူးနေတဲ့ အချိန်အတွင်းမှာပဲ အလုံပိတ်ရှိုး ပုံစံမျိုးဖြစ်တာကြောင့်မလို့ နည်းပြတွေနဲ့ ပြိုင်ပွဲဝင်တွေက နေ့တိုင်းအတူမရှိနိုင်ဘူး၊ အဲဒါကြောင့် ဒီချစ်ကြိုက်တဲ့ ဆက်ဆံရေးအများစုက အွန်လိုင်းပေါ်က ဆက်ဆံရေးတွေချည်းပဲ”

အွန်လိုင်းဆက်ဆံရေးမှာဆိုလျှင် တစ်ဘက်ကလူသည် လူသို့မဟုတ်ခွေးဖြစ်သည်ကို မည်သူမျှသေချာမပြောနိုင်ပေ။ အကယ်၍ရွှီချဲသာ သူ၏ chat အားစာပြန်ရန်အတွက် လူငှားရမ်းထားမည်ဆိုလျှင် ဒါဇင်ထက်ပိုသည့် မိန်းကလေးများအား တစ်ပြိုင်နက် တွဲဖို့ရာမဖြစ်နိုင်စရာမရှိပေ။

ရှချန်းချန်းသည် ချက်ချင်းပင် အခြားအတွေးတစ်ခုဝင်သွားလေသည်။

“အဲမိန်းကလေးတွေက လက်ထောက်ဝူရှင်းဘန့် ဆေးရုံကိုခေါ်လာခဲ့တဲ့ မိန်းကလေးတွေလား ဆိုတာကို မင်သဲ့ဆေးရုံက စောင့်ကြည့်ရေးကင်မရာ ပုံရိပ်တွေကနေတစ်ချက် စစ်ဆေးပေးပါဦး”

လက်ထောက်ဝူရှင်းဘန့် အမျိုးသမီးများအားသားဖွားမီယပ်ဌာနသို့ခေါ်လာချိန်တွင် သူသည် သူမတို့၏နာမည်အား စာရင်းမပေးခဲ့သည့်အပြင် VIP လမ်းကြောင်းအားအသုံးပြုခဲ့လေသည်။

စောင့်ကြည့်ရေးကင်မရာတွင်အကုန်မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်သည်။

“Host ငါအကုန်စစ်ဆေးပြီးပါပြီ၊ လက်ထောက် ဝူရှင်းဘန့် ဆေးရုံကို ခေါ်လာခဲ့တဲ့မိန်းကလေး အားလုံးက တကယ့်ကို ရွှီချဲရဲ့ကောလဟလသတင်းထွက်နေတဲ့ ကောင်မလေးတွေပါပဲ”

စနစ်၏အသံမှာစိတ်လှုပ်ရှားနေပြီးပြောလိုက်လေသည်။

“ပြီးတော့သူတို့သွားတဲ့ အချိန်တွေက ရွှီချဲရဲ့ ဆက်ဆံရေးတွေနဲ့ အချိန်ကလုံးဝကိုက်လုနီးပါးတွေပါပဲ”

“အဲခွေးကောင်ကတော့”

ရှချန်းချန်းသည် သူမ၏ ဖုန်းအား တင်းကြပ်စွာကိုင်လိုက်ရုံသာ တတ်နိုင်ပြီး အံကြိတ်လိုက်လေသည်။

ရှလုလုနောက်ကျသွားပြီလို့ပြောတာ အံ့ဩစရာမရှိတော့ပါဘူး။

Starry sky ၏မီးခိုးလုပ်ငန်းမှာ ကောင်းမွန်စွာတည်ဆောက်ထားပြီးဖြစ်သည်။

(N/ မီးခိုးလုပ်ငန်းဆိုတာကလေ နောက်ကွယ်ကနေ အဆက်အသွယ်တွေနဲ့ မကောင်းတာ လုပ်တာကို ပြောတာပါ )

သူမ ဝင်ရောက်စွက်ဖက်ရန်အတွက် အမှန်ပင်နောက်ကျနေပြီဖြစ်သည်။

“Host ငါ အခုပဲ ကျန်းချန်မှာ အနားယူထားတဲ့ သရုပ်ဆောင်တစ်ယောက်ရှိတယ် ဆိုတာကို ရှာတွေ့ထားပါတယ်၊ ငါတို့ သူမနဲ့စလိုက်ပြီးတော့ အတွင်းအချက်အလက်တွေ ပိုပြီးဖော်ထုတ်လို့ရမယ်လို့ထင်တယ်”

စနစ်ပြောလိုက်သည်။

“သူမက ပလပ်စတစ်ဆာဂျရီလုပ်တာမှာ အဆင်မပြေခဲ့လို့ အနားယူလိုက်ရတာပါ၊ သူမရဲ့နာမည်က ဝမ်လီနာပါ”

*

ကျန်းချန်ရှိ ပျက်စီးနေသည့်လမ်းကြားထဲ၌။

ကောင်းကင်ကြီးမှာ အုံ့မှိုင်းနေပြီး မှောင်မိုက်နေသည့်တိမ်တိုက်များမှာ တရွေ့ရွေ့သွားနေကာ နေအားဖုံးအုပ်ထားလေသည်။

ပျက်စီးနေသည့်လမ်းမှာ မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေလေသည်။

စားသောက်ဆိုင်ဟောင်းမှ အမှိုက်များသည် မြေပြင်ပေါ်တွင်စုပုံနေသည်။ ကောင်းမွန်သည့် ရေမြောင်းစနစ် မရှိသောကြောင့် ရေမြောင်းအနီးတွင် ရေများအိုင်နေကာ အနံအသက်များလည်း ထွက်နေလေသည်။

ဤသည်မှာ ကျန်းချန်ရှိ အဆင်းရဲဆုံးနေရာပင်ဖြစ်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် အဆောက်အပုံမှာ ဖြိုဖျက်ခြင်းခံလိုက်ရလေသည်။ ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် မြို့ပြစီမံကိန်းများ မရှိခြင်းကြောင့် ဤနေရာမှာ ဆယ်စုနှစ်များစွာ ယိုယွင်းနေခဲ့သည်။

လမ်းကြားမှာ တစ်ဒါဇင်မီတာအကွာတွင်မူ ပန်းရောင် အလင်းတန်းနှင့်တောက်ပနေသည့် အနှိပ်ခန်းအား တွေ့ရမည်ဖြစ်သည်။

ရံဖန်ရံခါတွင် လမ်းကြားထဲရှိ အမျိုးသမီးတစ်ဦး ၏ဆွဲဆောင်မှုရှိသော အသံမှာ ကြားရသူတိုင်း၏ အတွေးကမ္ဘာထဲသို့ ဝင်ရောက်လာနိုင်လေသည်။

အထဲတွင်မူ အမျိုးသားတစ်ဦးသ ည်ပက်လက်လှဲလျောင်းနေပြီး သူ၏အဆီတဝင်းဝင်းအသားမှာ အနည်းငယ်တုန်နေလေသည်။ သူ၏အရှေ့တွင် နံသာနံ့တစ်ခွက်အား ထွန်းညှိထားကာ အငွေ့များထွက်လာချိန်တွင် ကြည်နူးဖွယ်ရာကောင်းပြီး သက်သောင့်သက်သာရှိသောကြောင့် သူ့အားအိပ်ချင်လာစေသည်။

သူ့အနောက်၌ အမျိုးသမီးတစ်ဦးသည် ကျွမ်းကျင်လှသော အနှိပ်စွမ်းရည်နှင့်အတူ ထိုအမျိုးသား၏ ကျောပြင်အား ပြင်းပြင်းထန်ထန်နှိပ်နယ်နေလေသည်။ အဆီလွှာများသည် အထပ်အထပ်ဖြစ်နေကာ အမျိုးသမီး၏ လက်ချောင်းများကြားတွင် အလှိမ့်ခံနေရပြီး တစ်လွှာပြီးတစ်လွှာဖြန့် ခံနေရလေသည်။

ထိုအမျိုးသားမှာ သေချာစွာအနှိပ်ခံနေရလေသည်။

အမျိုးသမီးသည် သူ့ပုခုံးအားနှိပ်နယ်ပေးနေပြီး သူသည် ခေါင်းကို စောင်းလိုက်ကာ သူမ၏လက်များအား ရှူစားရန် လုပ်လိုက်လေသည်။

နှစ်ပေါင်းများစွာ ရေနှင့်ထိတွေ့လာရသည့် အမျိုးသမီး၏ နူးညံ့သည့်လက်မှာ ဖြူဖွေးနေခဲ့သည်။

သူမ၏ လက်ဖဝါးများကြားထဲတွင် ဆဲလ်သေများပေါ်လာကာ သူမ အရေပြားပေါ်သို့ ပွတ်တိုက်မှုသည်အနည်းငယ် အဆင်မပြေဖြစ်စေလေသည်။

သို့ပေမဲ့ အမျိုးသားမှာစိတ်ထဲမထားပေ။ ဤလက်များမှာ ဤနေရာတွင် အလုပ်လုပ်သော သူမြင်ဖူးသည့် အမျိုးသမီးအများစု၏လက်ထက်ပင် ပို၍လှလေသည်။ သူ မထိန်းနိုင်တော့ပဲ လက်ကို လှမ်းလိုက်ကာ အမျိုးသမီး၏ လက်အားဖမ်းဆွဲလိုက်ပြီး စိတ်အားထက်သန်စွာ ဆုပ်ကိုင်ထားလေသည်။

ထိုလှပသည့်လက်လေးအား ထိလိုက်ခြင်းဖြင့် ထိုအမျိုးသားသည် သူမ၏မျက်နှာမှာ မည်မျှထိလှပလောက်မည်ကို မတွေးမိဘဲ မနေနိုင်ပေ။

သူသည်အနောက်ဘက်သို့ တပ်မက်နေသည့် ပုံစံနှင့်လှည့်လိုက်ကာ အမျိုးသမီး၏ မျက်နှာအစစ်အမှန်အား မြင်ချင်နေလေသည်။

သူ့ ရှေ့တွင်မြင်လိုက်ရသည့်မြင်ကွင်းမှာ သူ့ကို ထိတ်လန့်သွားစေပြီး သူ၏ တပ်မက်မှုများသည်လည်း ပျောက်ကွယ်သွားလေသည်။

“ဘာကြီးလဲ”

ထိုအမျိုးသားသည် အနောက်ဘက်သို့လန့်ဖြန့်ကာ ခြေလှမ်းနှစ်လှမ်းမျှဆုတ်လိုက်ပြီး အမျိုးသမီး၏မျက်နှာအား လိုက်ညိုးထိုး၍ စတင်ဆဲဆိုလေသည်။

“ဒီလိုအရုပ်ဆိုးတဲ့သူကို ငါ့ကိုနှိပ်ပေးဖို့ ဘာလို့ ခေါ်လာရတာလဲ၊ ဒါကရွံစရာပဲ”

သူသည် မညီမညာပုံစံနှင့် ပြတ်ရှရာများရှိသည့် မျက်နှာအား မြင်လိုက်ရကာ ထိုမျက်နှာ၏ ကြွက်သားများမှာဖောင်းကြွနေပြီး မျက်နှာအစိတ်အပိုင်းများအား ပုံစံပြောင်းသွားစေလေသည်။ သူမ၏ပါးစပ်မှာ ဝက်အူချောင်းနှစ်ချောင်းကဲ့သို့ ထူထဲလှကာ သူ့အား အော့အန်ချင်စိတ်ဖြစ်လာစေလေသည်။

အနှိပ်ခန်းထဲရှိ အန်တီဟုန်မှာ အလျင်အမြန်ထွက်လာကာ

“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဘော့စ် သူကဒီတိုင်း အနှိပ်သမတစ်ယောက်ပါ၊ တကယ်လို့ သူဌေးကမျက်နှာလှလှလေးတွေကို ကြိုက်တယ်ဆိုရင် ကျွန်မ သူဌေးကိုတခြားသူတွေနဲ့ မိတ်ဆက်ပေးလို့ရပါတယ်၊ သူတို့တွေက အားလုံးလုပ်နိုင်ပါတယ်”

ထိုအမျိုးသားသည် “fuck” ဟုကြမ်းတမ်းစွာပြောကာ ထိုအမျိုးသမီးအား တမင်သက်သက်ပင်ရှောင်လိုက်ပြီး

“မေ့လိုက်တော့ မေ့လိုက်တော့၊ ဒီလိုမျက်နှာမျိုးကို မြင်လိုက်ရတာက ငါရဲ့ စိတ်အခြေအနေကို ပျက်စီးစေတယ်”

ထိုအမျိုးသားသည် အဝတ်များပြန်လည်ဝတ်ဆင်ကာ ဒေါသတကြီးထွက်သွားခဲ့သည်။ သူသည် စိတ်အခြေအနေ မကောင်းနေသောကြောင့် ပိုက်ဆံပင် ပေးချေမသွားခဲ့ပေ။

အမျိုးသမီးသည် သူ၏ပင်ပန်းနေသည့်ခန္ဓာကိုယ်ဖြင့် ကောင်တာသို့ ဝင်ခွင့်ဖောင်အား လက်မှတ်ထိုးရန်အတွက် လေးလံစွာ တရွေ့ရွေ့ ရွှေ့လာခဲ့သည်။

အန်တီဟုန်သည် သူမအား အနောက်မှကြည့်နေပြီး သက်ပြင်းရှည်ကြီးအား ချလိုက်လေသည်။

ထိုအမျိုးသမီးတွင် ကောင်းမွန်သည့် ခန္ဓာကိုယ်ပုံစံရှိကာ ကောင်းမွန်သည့် ဖွဲ့စည်းပုံရှိလေသည်။ အကအား နှစ်ပေါင်းများစွာလေ့ကျင့်ပြီးနောက် သူမ၏ ကိုယ်ပေါ်တွင်အဆီပင်မရှိပေ။

ထိုကဲ့သို့လှပသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသော်ညား ပလပ်စတစ်ဆာဂျရီ မတော်တဆကြောင့်ဖြစ်သွားသည့် ထိုကဲ့သို့ မျက်နှာမျိုးနှင့်တွဲနေရသည်မှာ သနားစရာပင်ဖြစ်သည်။ ထိုမျက်နှာအား မြင်လိုက်သည့် မည်သူမဆို စိတ်မသက်မသာဖြစ်မည်ဖြစ်သည်။

အန်တီဟုန်မှ တွန်းအားပေးလိုက်လေသည်။

“လူနာ အန်တီကြားတာတော့ ပလပ်စတစ်ဆာဂျရီမအောင်မြင်တာက ပြန်ပြင်လို့ရတယ်ဆို၊ ဘာလို့ပြန်မပြင်တာလဲ”

ဝမ်လီနာသည် ရပ်သွားကာ သူမ၏ခေါင်းကို ခါလိုက်လေသည်။

“မလုပ်ဘူး ကျေးဇူးတင်ပါတယ်”

“အန်တီ မင်းကို ပိုက်ဆံချေးပေးနိုင်ပါတယ်”

အန်တီသည် ဟုန်ချော့ပြောလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ဆိုရင် မင်းဆာဂျရီလုပ်ပြီးရင် ပိုက်ဆံအများကြီးရှာနိုင်မယ်ဆိုတာ အာမခံရဲတယ်”

ဝမ်လီနာသည် အန်တီဟုန်ပြောချင်သည့် ပလပ်စတစ်ဆာဂျရီဆိုသည်မှာ လမ်းကြားလေးမှဆင်းသွားပြီး လိုင်စင်မဲ့ အလှပညာရှင်များမှာ သူမအား ထိုးဆေးပေးတာ အရေပြားအားပြုပြင်ပေးသည့် သူများအား ဆိုလိုကြောင်းသိလေသည်။

အကျိုးဆက်အနေနှင့် သူမ၏ မျက်နှာအား မပြုပြင်ပေးနိုင်ရုံသာမက ပို၍ပင် ကြောက်စရာကောင်းလာနိုင်လေသည်။

သူမ၏မျက်နှာ ထိခိုက်ထားပုံနှင့်ဆိုလျှင် ဒေါ်လာသန်းချီးမသုံးမချင်း ပြန်ပြင်ဖို့ရာမှာမဖြစ်နိုင်ပေ။

“အန်တီဟုန်၊ ကျွန်မမှာဒီနေ့လုပ်စရာလေးရှိလို့ ကျွန်မဒီနေ့အိမ်ကို အရင်ပြန်ဖြစ်မယ်ထင်တယ်”

ဝမ်လီနာပြောလိုက်ကာ ပလပ်စတစ်ဆာဂျရီ အကြောင်းအား ဆက်မပြောတော့ပေ။

“ကျွန်မ မနက်ဖြန်အစောလာခဲ့ပါ့မယ်”

ဝမ်လီနာသည် အနိပ်ခန်းမှထွက်လာခဲ့လေသည်။

သူမငှားရမ်းထားသည့် တိုက်ခန်းမှာ ဤနေရာနှင့်မဝေးသည့် ပျက်စီးယိုယွင်းနေသည့် မြေအောက်ခန်း အဆောက်အအုံသာဖြစ်သည်။

ဤနေရာသို့မရွေ့ပြောင်းခင်တွင် ဝမ်လီနာသည် ကျန်းချန်ကဲ့သို့ တရုတ်၏ဘဏ္ဍာရေးမြို့တော်ဟု တင်စားကြသည့်မြို့တွင် တစ်လယွမ်ခြောက်ရာနှင့် နေနိုင်သည့် စျေးပေါသည့် အိမ်များရှိမည်ဟုပင်မထင်ခဲ့ပေ။

ကောင်းကင်မှာ မဲမှောင်လာသည်နှင့်အမျှ လမ်းမှာလည်း ခြောက်ကပ်လာလေသည်။

ဝမ်လီနာသည် ရှည်လျားကာ ရွှံဗွက်များနှင့်ပြည့်နေသည့်လမ်းအား လျှောက်သွားပြီးနောက် သူမ၏အရှေ့တွင်မူ သူမတစ်လယွမ်ခြောက်ရာနှင့် ငှားရမ်းထားသည့် အိမ်ရှိနေလေသည်။

အမျိုးသမီးတစ်ဦးသည် တံခါးဝတွင်ရပ်နေကာ ရှေ့ပြန်နောက်ပြန် လျှောက်နေလေသည်။ သူမသည် သူမ၏တံခါးရှေ့တွင် တဝဲလည်လည်လုပ်နေသည်ဖြစ်ကာ သူမအား စောင့်နေခြင်းဖြစ်နိုင်လေသည်။

ဝမ်လီနာသည် လူများနှင့် မတွေ့ဆုံတော့သည်မှာ ကြာလှပြီဖြစ်ပြီး သူမသည် သူမ၏ပျက်စီးသွားသည့်မျက်နှာကိုသာ မြင်ချင်ကြလိမ့်မည်ဟု သူမသံသယရှိလေသည်။

သို့ပေမဲ့ သူမထိုအမျိုးသမီးအားမြင်လိုက်ချိန်တွင် သူမသည်မော့ကြည့်ကာ စက္ကန့်အနည်းငယ်မျှ ကြည့်နေမိလေသည်။

ထိုအမျိုးသမီး၏ မျက်နှာအစိတ်အပိုင်းများမှာ သာမန်ပင်ဖြစ်ကာ သာမန်မျက်နှာကျပုံစံမျိုးဖြစ်ပြီး ထူးထူးခြားခြားမရှိနေပေ။ သို့ပေမဲ့ သူမ၏မျက်နှာကြွက်သားများတွင်မူ အနည်းငယ်ထူးဆန်းနေကာ သူမ botox များစွာထိုးထားသကဲ့သို့ အနည်းငယ် တောင့်တင်းနေလေသည်။

ထိုအမျိုးသမီးသည်လည်း ဝမ်လီနာအားသတိပြုမိသွားကာ သူမ၏အနည်းငယ်တောင့်တင်းနေသည့်မျက်နှာမှ အပြုံးတစ်ခုပေါ်လာလေသည်။

“ဟယ်လို မစ္စဝမ် ကျွန်မခုနတုန်းက မစ္စကို အင်တာဗျူးဖို့အတွက် ဆက်သွယ်ခဲ့တဲ့သတင်းထောက်ပါ”

ထိုအမျိုးသမီးသည် ဝမ်လီနာထံသို့ သူမ၏လက်အား ဆန့်တန်းလိုက်လေသည်။

“ကျွန်မနာမည်က ရှချိုးချိုးပါ”

ဝမ်လီနာ၏ သတိထားမှုအား လျှော့ချရန်အတွက် ရှချန်းချန်းသည် မထွက်လာခင်တွင် ရုပ်ဖျက်မိတ်ကပ်များလိမ်းခဲ့ကာ လှပသည့်အစိတ်အပိုင်းများအား ဖုံးကွယ်ခဲ့လေသည်။

သို့ပေမဲ့ ဝမ်လီနာမှာ သူမအား သတိထားနေဆဲဖြစ်သည်။ သူမသည် ရှချန်းချန်းအား အပေါ်အောက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်လေသည်။

“ဒါက မင်းရဲ့ဒီကိုပထမဆုံးအကြိမ် ရောက်ဖူးတာလား”

ရှချန်းချန်းသည်ပဟေဠိဖြစ်သွားကာ ဝမ်လီနာ၏ အကြည့်နောက်လိုက်ရင်း သူမသည် သူမ၏လက်အားစိုက်ကြည့်နေသည်ကို သတိပြုမိသွားလေသည်။

လူတစ်ဦး၏ လက်မှာ သူတို့လုပ်ငန်း၏ အထင်ရှားဆုံးသော အစိတ်အပိုင်းပင်ဖြစ်သည်။ အထူးသဖြင့် ရှချန်းချန်းကဲ့သို့ပင်။ သိမ်မွေ့သွယ်လျကာ သူမ၏လက်သည်းအား ပြီးပြည့်စုံစွာခြယ်သထားပြီး အညစ်အကြေးကင်းလေသည်။

ဝမ်လီနာ၏ အရည်ကြည်ဖုထကာ အနည်းငယ်ယောင်နေသည့် လက်နှင့်ယှဥ်လျှင် အလွန်ပင်ကွာခြားနေသည့် ပုံပေါက်လေသည်။

“ဒါက ကျွန်မဒီကိုလာတဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”

ရှချန်းချန်းပုခုံးတွန့်လိုက်သည်။

“ကျွန်မ သတင်းထောက်လုပ်ခဲ့တုန်းက ဒီထက်ပိုဆိုးတဲ့ နေရာတွေတောင် ကျွန်မရောက်ဖူးသေးတယ်၊ ဒီနေ့ကတော့ နည်းနည်းအလျင်လိုနေလို့ပါ”

ရှချန်းချန်းသည် ဝမ်လီနာအားကြည့်လိုက်ပြီး သူမ၏ လေသံမှာ ရိုးသားသည့်ပုံပေါက်လေသည်။

“မစ္စဝမ် ကျွန်မ မစ္စကိုလိမ်ခဲ့မိတာ တောင်းပန်ပါတယ်၊ ကျွန်မ ဒီကို အင်တာဗျူးဖို့ လာခဲ့တာမဟုတ်ပါဘူး၊ ကျွန်မက ပါပါရာဇီတစ်ယောက်ပါ၊ မစ္စဆီမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ”

ဝမ်လီနာသည် ရှချန်းချန်းအားစိုက်ကြည့်နေကာ သူမ၏ မျက်လုံးသေများတွင် ရှားပါးသည့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။ နောက်တစ်ခဏတွင် သူမသည် အသိစိတ်ပြန်ဝင်သွားကာ မဲ့ပြုံးပြုံးလိုက်လေသည်။

“မင်းကို ပြောပြတာက ဘာမှအသုံးမဝင်ဘူး၊ မင်းက ချမ်းသာတယ်ဆိုတာကို ငါမြင်နိုင်ပါတယ်၊ ဒါပေမဲ့ ပိုက်ဆံက သူတို့ကို တိုက်ခိုက်ဖို့အတွက် မလုံလောက်ဘူး၊ ငါလက်လျှော့လိုက်ပြီ ပြန်တော့”

ဝမ်လီနာသည် ထိုသို့ပြောပြီးနောက် တံခါးဖွင့်ရန်အတွက် သူမ၏သော့အား ထုတ်နေလေသည်။ ဝမ်လီနာသည် နှစ်ကြိမ်လောက်ဆွဲထုတ်ပြီးနောက် သော့အား ဖွင့် လိုက်လေသည်။ သူမသည် တံခါးအားတွန်းဖွင့်လိုက်ကာ အခန်းထဲသို့ ဝင်တော့မည်ဖြစ်သည်။

“အခုတောင် ဆိုးရွားနေပြီးသားပဲကို ဘာလို့ တစ်ခါလောက် မကြိုးစားကြည့်ချင်ရတာလဲ”

ရှချန်းချန်းရုတ်တရက်ပြောလိုက်လေသည်။

“ဒီတစ်ခါတော့ အလုပ်ဖြစ်နိုင်တာပဲလေ”

ဝမ်လီနာသည်ရပ်သွားကာ သူမ၏ အနောက်ရှိ ရှချန်းချန်းအားလှည့်မကြည့်ခဲ့ပေ။ သို့ပေမဲ့ သူမ၏ပုခုံးများမှာ တုန်ယင်နေကာ တံခါးလက်ကိုင်အား ကိုင်ထားသည့် သူမ၏လက်များမှာလည်း အလွန်ပင်တင်းကြပ်နေလေသည်။

ရှချန်းချန်း၏စကားများသည် သူမ၏ နားထဲတွင်တဝဲလည်လည်ဖြစ်နေကာ

“ဘာလို့ မကြိုးစားကြည့်ရမှာလဲ၊ ဘာလို့ မကြိုးစားကြည့်ရမှာလဲ”

“မင်းအဲဒါကို ခံစားဖူးလို့လား”

ဝမ်လီနာရုတ်တရက်မေးလိုက်လေသည်။

“မင်းမရေတွက်နိုင်အောင် အသနားခံဖူးလား၊ တရားခွင်မရေတွက်နိုင်အောင် ဝင်ဖူးလား ပြီးတော့ နောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ အကြိမ်ပြောင်းများစွာတွေးဖူးလား၊ နောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ အဆင့်မြင့်အရာရှိတွေက မင်းအတွက် တရားမျှတမှုကိုရှာပေးမယ်လို့ရော စိတ်ကူးယဥ်ဖူးလား၊ ဒါပေမဲ့ တစ်နေ့မှာတော့မင်းက

တရားရုံးရဲ့အပြင်ဘက်မှာ ဒူးထောက်ပြီး မင်းတရားစွဲဆိုထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့အချိန်မှာ မင်းကို နာကျင်အောင်လုပ်ခဲ့တဲ့ သူတွေက ရယ်မောစကားပြောနေကြပြီးတော့ ဝင်လာကြတာကို မြင်ဖူးလို့လား”

“မင်းအဲခံစားချက်ကိုသိလို့လား၊ ခံရတဲ့သူက အကူအညီအတွက် ဒူးထောက်ပြီးတောင်းဆိုနေရတဲ့ အချိန်မှာ ပြစ်မှူကျူးလွန်သူတွေက မင်းသူတို့ကို တရားစွဲဆိုထားတဲ့နေရာကို ဘယ်သူမှမရှိသလို ထွက်လိုက်ဝင်လိုက် လုပ်နေတာကိုမြင်ဖူးလား”

ဝမ်လီနာ၏အသံမှာ ဝမ်းနည်းမှုများ၊ ခါးသီးမှုများနှင့်ပြည့်နေကာ ကျဥ်းမြောင်းသည့် လမ်းကြားထဲတွင် ပဲ့တင်သံများထွက်နေလေသည်။

“အဲဲဒါကြောင့် ငါက ဘယ်လိုလုပ် သူတို့ကို အနိုင်ယူနိုင်ပါ့မလဲ၊ သူတို့တွေကတစ်ဖွဲ့တည်းပဲလေ”

ဝမ်လီနာပြောပြီးသွားချိန်တွင် မျက်ရည်များ စီးကျလုနီးပါးပင်ဖြစ်သည်။ သူမသည် သော့အား အလျင်အမြန်ထုတ်လိုက်ကာ ငှားရမ်းထားသည့် တိုက်ခန်းထဲတွင် ဝကိပုန်းလိုက်လေသည်။

ရှချန်းချန်းသည် လျင်မြန်စွာအရှေ့သို့တိုးလိုက်ကာ ပိတ်ခါနီးဖြစ်နေသည့် တံခါးကြားထဲသို့ သူမ၏ခြေထောက်အား ထည့်၍ တားလိုက်လေသည်။

လေးလံသည့် တံခါးမှာပိတ်သွားကာ ရှချန်းချန်းသည်လည်း နာကျင်စွာရှုံ့မဲ့သွားလေသည်။

သို့ပေမဲ့ ဝမ်လီနာမှာအံ့ဩသွားကာ သူမ၏ မျက်နှာမှာမူ ပုံမှန်ပင်ဖြစ်သည်။

“ငါမင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ၊ မင်းဘာလို့ ငါ့ကို လိုက်နှောင့်ယှက်နေသေးတာလဲ”

“တကယ်လို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်…”

ရှချန်းချန်းသည် အံကြိတ်ကာ နာကျင်မှုအား တောင့်ခံလိုက်ရင်း

“ဘာဖြစ်လို့ တိတ်တဆိတ် တိုင်ကြားစာတွေ ရေးနေရသေးတာလဲ”

ဝမ်လီနာ၏မျက်လုံးများမှာ ချက်ချင်းပင်ပြူးကျယ်သွားကာ သူမ အော်လိုက်လေသည်။

“မင်းဘယ်လိုလုပ် သိတာလဲ”

သူမ ချက်ချင်းပင်သဘောပေါက်သွားကာ သူမ၏ အသံမှာပို၍ပင်တုန်ယင်လာပြီး အကူအညီမဲ့လာလေသည်။

“ငါရေးခဲ့တဲ့ စာတွေအကုန်လုံး ဖျက်ချခံလိုက်ရတာလား”

ရှချန်းချန်းခေါင်းငြိမ့်လိုက်သည်။

ဝမ်လီနာသည် အင်တာနက်ပေါ်တွင် တိုင်ကြားစာများရေးခဲ့သော်ညား ထိုစာများအား မမြင်နိုင်ခင်ပင် ဖျက်ချခံလိုက်ရလေသည်။

ဝမ်လီနာသည် အံကြိတ်လိုက်လေသည်။ သူမသည် ထိုအရာများမှာ သူမထင်ထားသည်ထက် ပို၍ပိုရွားနေမည်ဟုမထင်ထားခဲ့ပေ။

“ကျွန်မ ရှင်တိုင်ကြားစာတွေ ပို့နေသေးတယ်ဆိုတာကိုသိတယ်၊ အဲဒါကြောင့် ကျွန်မမှာလည်းကိစ္စရှိတယ်လို့ဆိုလိုတာပဲ၊ ဘာပဲဖြစ်ဖြစ် ရှင်လည်း အဆုံးအစွန်ထိ အရှုံးမပေးသေးဘူးမလား၊ ဘာဖြစ်လို့ ကျွန်မနဲ့အတူ ထပ်ပြီးမကြိုးစားကြည့်ရမှာလဲ”

ရှချန်းချန်း၏လေသံမှာ အလွန်ပင်လေးနက်နေကာ

“အဲဒါကြောင့် ထပ်ကြိုးစားကြည့်ပါ”

ဝမ်လီနာသည် ရှချန်းချန်းအား ကြည့်လိုက်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

အလွန်ပင်ကြာသွားကာ ရှချန်းချန်းပင်လျှင် သူမအရှုံးပေးလိုက်သည်ဟုထင်သွားချိန်တွင် ဝမ်လီနာသည် ရုတ်တရက်တံခါးအားဖွင့်လိုက်ပြီး ပြောလိုက်လေသည်။

“ဝင်ခဲ့ပါ”

Chapter 70

အငှားတိုက်ခန်းလေးမှာ အခြေခံပရိဘောခများသာ ရှိသော်လည်း ရှုပ်ပွနေခဲ့သည်။

ပစ္စည်းများမှာ ပျံ့ကျဲနေခဲ့ပြီး တိုက်ခန်းအတွင်းတွင် အသုံးမဝင်သော ပစ္စည်းများဖြင့် ပြည့်ကျပ်နေကာ အိပ်ခန်းတစ်ခန်း နှင့် ခုတင် တစ်လုံးသာ ရှိသည်။ ကြမ်းပြင်ပေါ်တွင်လည်း အမျိုးမျိုးသော ပစ္စည်းများဖြင့် ရှုပ်ပွနေပြီး လူတစ်ယောက် ထိုင်ရန်ပင် နေရာပင်မရှိချေ။

ဝမ်လီနာသည် အခန်းအတွင်းသို့ဝင်လာခဲ့ပြီးနောက် နေရာတစ်ခုအား အ‌တန်အသင့် ရှင်းလင်းလိုက်ပြီး ခုတင်ပေါ်ရှိ အဝတ်များအား ဘေးတစ်ဖက်သို့ တွန်းပို့လိုက်လေ၏။

“ထိုင်ပါဦး”

“ကျေးဇူးပါ”

ရှချန်းချန်းသည် ခုတင်ဘေးတွင် ထိုင်လိုက်သည်။

ဝမ်လီနာသည် ရေတစ်ခွက်ခပ်လာကာ ကို့ယို့ကားယားဖြင့် ရှချန်းချန်းအားပေးပြီးနောက် သူမ ဘေးတွင် ဝင်ထိုင်လေ၏။

သူမ၏ မျက်လုံးများမှာ နီရဲနေပြီး အသံတိုးတိုးဖြင့်

“တကယ်တော့ ငါ့ ပတ်ဝန်းကျင်က သိပ်ကို မထင်မရှားဖြစ်လွန်းတယ်၊ ဒါတောင် မင်းက ငါ့ကို ရှာတွေ့တယ်ဆိုတော့ တော်တော် စုံစမ်းထားတဲ့ပုံပဲ”

ရှချန်းချန်း ခေါင်းငြိမ့်လိုက်၏။ ဝမ်လီနာ၏ နေရာအကျဉ်းချုပ်မှာ ဟုန့်ပေါ်ချောင် ပေးခဲ့သော အချက်အလက်များထဲတွင် ပါဝင်နေပြီးသားဖြစ်သည်။

Starry Sky ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသော လေ့ကျင့်သင်ယူနေဆဲ တက်သစ်စအနုပညာရှင်တစ်ဦး ဖြစ်သည့်အပြင် "Galaxy girl season 1” တွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ရှိုးပွဲအတွင်း ရွှီချဲနှင့် ကောလဟာလများ ထွက်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ အမြန်ဆုံး ဖြေရှင်းပေးခဲ့သည်။

ရှချန်းချန်း : "ရွှီချဲက အခြားမိန်းကလေးတွေနဲ့လည်း ကောလဟာလတွေ သတင်းထွက်နေခဲ့တာ၊ အဲအချိန်တုန်းက မသင်္ကာ မဖြစ်ခဲ့ဖူးဘူးလား”

ဝမ်လီနာက ခေါင်းခါလိုက်သည်။

"ငါတို့ အားလုံး လေ့ကျင့်ရေးစခန်းမှာ အတူရှိနေခဲ့တာ၊ သူက PD ဆိုတော့ တစ်ခြားပြိုင်ပွဲဝင်တွေကို လမ်းညွှန်ရင်း နည်းပြလုပ်ပေးတာက ပုံမှန်ပဲ၊ သူကိုယ်တိုင်ကလည်း ရှိုးပွဲကာလအတွင်းမှာ သိပ်ပြီး ရင်းရင်းနှီးနှီး မနေဖို့ သတိပေးခဲ့တာ၊ သတင်းထောက် တွေ သိသွားခဲ့ရင် နှစ်ယောက်စလုံးအတွက် အကျိုးမရှိဘူးဆိုပြီးတော့လေ ၊ ဒါကြောင့်လည်း ငါ သူ့စကားကို ယုံခဲ့တာ”

“ဒါပေမဲ့ ငါတို့ အတူ အိပ်ပြီးတဲ့နောက်ပိုင်းမှာ သူက ငါ့ကို တစ်ခြားသူတွေကိုပါ ပြုစုပေးဖို့ အတင်းခိုင်းခဲ့တယ်၊ ပြီးတော့ သူတို့ရှေ့မှာ အဲလို ရှက်စရာကောင်းတဲ့ အကတွေ ကပြဖို့ပါ ခိုင်းခဲ့တယ်၊ အဲချိန်ကျမှ သိလိုက်ရတာက ငါ လှည့်စားခံလိုက်ရပြီ ဆိုတာပဲ "

ဝမ်လီနာ‌၏ အသံထဲတွင် ဝမ်းနည်းမှုကို အတိုင်းသားမြင်နေရသည်။ သူမ၏ ပါးပြင်ပေါ်တွင် ပဲစေ့အရွယ်အစားလောက်ရှိသည့် မျက်ရည်များ စီးကျနေသည်။

"ငါမ သူနဲ့ အတူနေခဲ့တာ၊ အတူ အိပ်ခဲ့တာတွေက သူ့ကိုတကယ်ပဲ သဘောကျမိခဲ့လို့ပါ ၊ ဒါပေမဲ့ ငါ့ရဲ့အိပ်ရာပေါ်က ပုံတွေကိုသုံးပြီး ငါ့ကို ချိန်းခြောက်ခဲ့တယ်"

"အဲဓာတ်ပုံတွေသာ လက်လွတ်စပယ် ပြန့်သွားခဲ့ရင် ငါဘဝပျက်သွားမှာကို သိနေခဲ့တယ်"

ဝမ်လီနာသည် ဒူးနှစ်ဖက်ကြားသို့ ခေါင်းငိုက်ချလိုက်ပြီး တိတ်တဆိတ် ငိုကြွေးနေသည်။

ရှချန်းချန်းသည် တိတ်တဆိတ် နားထောင်နေခဲ့ပြီး ဝမ်လီနာအား ကြားဖြတ်ပြောခြင်း မရှိခဲ့ချေ။

ဝမ်လီနာသည် အကျပ်ကိုင်ခံရခြင်းကြောင့် နစ်နာခဲ့ရသော မိန်းကလေးများထဲမှ တစ်ဦးပင်ဖြစ်သည်။

အခြားယောကျာ်းများအား ပြုစုပေးရန် ဖိအားပေးခံရပြီးနောက်မှသာ Galaxy girl တွင် သူမကဲ့သို့ ဖိအားပေးခံရသသည့် သူများမှာ အနည်းဆုံး ဆယ်ယောက်ရှိသည်ကို ဝမ်လီနာ သိခဲ့ရသည်။

ရှင်းခုံသည် ဤလုပ်ငန်းအား စက်ရုံတစ်ခုကဲ့သို့ စနစ်တကျ ဖန်တီးထားခဲ့သည်။ ရွှီချဲသည် မျိုးစုံသော မိန်းကလေးများအား လာဘ်စားသော သူဌေးများထံ ပို့ပြီး ပြုစုစေခဲ့သည်။ ထိုသို့ ပြုလုပ်မှသာ Galaxy girl တွင် ပွဲဦးထွက် ပါဝင်ခွင့်ရမည်ဖြစ်ပြီး ရှင်းခုံ ပေးသည့် ကြော်ငြာရိုက်ကူးခြင်း နှင့် သရုပ်ဆောင်ကဲ့သို့ ပိုကောင်းသည့် အခွင့်အရေးများ ရရှိကြသည်။

များသောအားဖြင့် သူဌေးကြီးများအား စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးသည့် မိန်းကလေးများသည် ရှင်းခုံ၏ အနုပညာရှင်များပင် ဖြစ်တတ်ကြသည်။

သို့သော်လည်း Galaxy girl အားထုတ်လွှင့်နေစဉ် အတွင်းမှာပင် သူဌေးများသည် အခြားသော မိန်းကလေးများအား သဘောကျ ခေါ်ယူတတ်ကြသည်။

“မင်း သိတယ်မလား မိန်းမတစ်ရာက အရသာအမျိုးတစ်ရာ တဲ့ ၊ အဲလူတွေအတွက်ကတော့ မယားငယ် ရွေးနေသလိုပဲ ၊ မိန်းမ တစ်ယောက်ကို သူတို့လက်ညှိုးထိုးပြလိုက်တာနဲ့ ရွှီချဲက နည်းမျိုးစုံနဲ့ ရအောင် လုပ်ပေးတော့တာပဲ ၊ တချို့ကောင်တွေက ကြမ်းကြမ်းတမ်းတမ်းတွေလုပ်တော့ အကြိမ်တိုင်းလိုလို မိန်းကလေးတချို့ ဒဏ်ရာ ရတတ်ကြတယ် ၊ သူတို့ကို ဝူရှင်းဘန့်ရဲ့လက်ထောက်က မင်သဲ့ရဲ့ ဆေးရုံဆီ ခေါ်သွားပြီး ဆေးကုပေးတတ်တယ်”

“အဲမှာနေခဲ့ရတဲ့ လပိုင်းတွေက အိပ်မက်ဆိုးကြီးတစ်ခုလိုပဲ ၊ ငါတို့တွေ ပြန်ခုခံဖို့လည်း ကြိုးစားခဲ့ကြဖူးတယ် ၊ နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုယ် ညိုမဲစွဲအောင်ခံရင်း ထွက်ပြေးတာကလွဲရင် တခြားနည်းလမ်းမရှိတော့ဘူးဆိုတာ သိလိုက်ရတယ်”

ဝမ်လီနာသည် သူမဘဝလည်းပဲ ထိုနည်းတူစွာ ဖြတ်သန်းရမည်ဟု ထင်ခဲ့ဖူးသည်။ မျှော်လင့်မထားခဲ့သော ပလက်စတစ် ဆာဂျရီ မအောင်မြင်မှုတစ်ခုကြောင့် ထိုလမ်းပေါ်မှ ကန်ထုတ်ခံခဲ့ရသည်။

“အရင်တုန်းက ငါ့ကိုလည်း ငါ့ရဲ့ အဝတ်မပါတဲ့ပုံတွေကို ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ် ၊ အခုတော့ ငါ့ရဲ့အခြေအနေကိုကြည့်၊ ငါ့မျက်နှာ တစ်ခုလုံးပျက်စီးသွားပြီ ဘာတွေထပ်ပြီး စိုးရိမ်နေစရာလိုသေးလို့လဲ၊ ငါ လက်စားချေချင်တယ်၊ သူတို့က ငါ့ကို ငရဲရောက်အောင် တွန်းပို့ခဲ့တာ၊ ငါကလည်း သူတို့အားလုံးကို ငရဲထိ ဆွဲခေါ်သွားမှာ”

“ဒါပေမဲ့ ငါ လက်စားချေဖို့ ကြိုးစားတဲ့အချိန်တိုင်းမှာ သိလိုက်ရတာက ငါတစ်ယောက်တည်း ဘယ်လောက်တောင် အားနည်းလိုက်သလဲ”

ဝမ်လီနာသည် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကသာ တရားမျှတမှုဖြင့် သူမအား နှိပ်စက်ခဲ့ကြသူများကို အပြစ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။

နောက်ပိုင်း သူမသိလိုက်ရသည်မှာ

ဥပဒေဆိုတာ သူတို့ပါးစပ်ကထွက်တာ၊ သူတို့ကိုယ်သူတို့ အပြစ်ပေးအောင် ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရမှာလဲ။

ညသည် မှောင်သထပ် မှောင်မဲလာလေ၏။ နေမင်းအား ဖုံးလွမ်းသွားသည့် အမှောင်ထုထဲတွင် ကြယ်တစ်ပွင့်ကိုမျှ မမြင်ရပေ။ ဝမ်လီနာသည် တိုက်ခန်းထဲ၌ ငိုကြွေးနေဆဲပင်။

ရှချန်းချန်းသည် အပြင်ထွက်လာကာ အခန်းတံခါးအား ပိတ်လိုက်သည်။ သူမ လမ်းလျှောက်ကာ ထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်သည် အတိုင်းအတာ တစ်ခုထိ တိတ်ဆိတ်နေသည်။ အမူးသမားတစ်စု၏ အော်ဟစ်ဆဲဆိုသံများမှလွဲလျှင် ထွေထွေထူးထူး ဆူညံသံမရှိပေ။

ထိုလူများ၏ ဆဲဆိုသံများ မည်မျှပင် ကျယ်စေကာမူ ဝမ်လီနာ၏ ငိုကြွေးသံများအား ဖုံးလွှမ်းသွားနိုင်ခြင်း မရှိပဲ သူမ၏နားထဲ၌ ဝမ်လီနာ၏ငိုသံများ စွဲငြိကျန်ရစ်နေလေသည်။

Galaxy girl အစီစဉ် ရိုက်ကူးရေးမှာ ချောမွေ့စွာပင် ရှေ့ဆက်နေသည်။

ပထမဆုံး ပွဲဦးထွက် ဖျော်ဖြေမှုအပြီးတွင် ထုတ်လုပ်ရေးအဖွဲ့သည် ပြိုင်ပွဲဝင်များ ရရှိခဲ့သည့် အဆင့် သတ်မှတ်ချက်များအလိုက် နေရာထိုင်ခင်းများ သတ်မှတ်‌ပေးခဲ့ကြပြီး ထိုနေ့တစ်ရက်စာ သက်တောင့်သက်သာ အနားယူခွင့် ပေးခဲ့ကြသည်။

ထို့နောက် ထုတ်လုပ်သူအဖွဲ့သည် (productive team) ပြိုင်ပွဲဝင်များကို နောက်ခံ သီချင်းတေးသွားအား သင်ယူရန် အချိန် သုံးရက် ပေးခဲ့ပြီး ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုပုံစံပေါ်မူတည်၍ နောက်တစ်ဆင့် အကဲဖြတ်ခံရမည်ဖြစ်သည်။

ထိုသုံးရက်အတွင်းတွင် ဆရာသုံးဦးဖြင့်

ပြိုင်ပွဲဝင်များအား သင်ကြားပို့ချပြီးသွားမည်ဖြစ်ပြီး ကျင်ရိဖန်သည် အဆိုပိုင်း ၊ ထန်ဝေ့လော့ နှင့် ရွှီချဲ တို့သည် အကပိုင်း စသည်ဖြင့် ဖြစ်သည်။

သင်တန်း၏ ပထမဆုံးညတွင် ရွှီချဲသည် သူ့တပည့်များအား ချီးကျူးကာ မကြာမီအချိန်တွင်မှာပင် “ happy weekend” အစီစဉ် ရိုက်ကူးတော့မည်ဖြစ်ကြောင်း ကြောငြာလျက် ထူးချွန်သော ပြိုင်ပွဲဝင်တချို့အား ဖိတ်ကြားသွားမည်ဟု ပြောခဲ့သည်။

ထိုကဲ့သို့ ကြောငြာချက် ပြုလုပ်ခြင်း အပြုအမူမျိုး သင်တန်းတွင် ခွင့်ပြုထားသည်။

အကြောင်းရင်းမှာ သင်တန်းရှိ ပြိုင်ပွဲဝင်များ တခြားအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် အစီစဉ်အား ပြန်လည်ကြေညာရာရောက်ပြီး လူသိများလာစေနိုင်သောကြောင့်ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အရာဖြစ်၏။

အဆုံးတွင် ရွှီချဲသည် ချင်းမော့ အပါအဝင် Star group ရှိ လူအားလုံးနှင့် လတ်တလော လူအများကြားတွင် ရေပန်းစားနေသော စုန့်ယွီနင် နှင့် ဖန်းရော့ရော့ တို့အား ရွေးချယ်ခဲ့သည်။

ရွှီချဲပေးသော အခွင့်အလမ်းများသည် Star entertainment မှပေးသည့် မူပိုင် အခွင့်ရေးများဖြစ်သောကြောင့် Start ရှိ အနုပညာရှင်အားလုံးအား ခေါ်သွားခြင်းမှာ ပြသနာမရှ်ိချေ။

ဒါရိုက်တာကျန်းသည် ပြိုင်ပွဲဝင်များ တစ်ခြားအစီစဉ်တွက် သွားရသည်ကို သိသော်လည်း နားမလည်နိုင်ဖြစ်နေသည်။

“Happy weekend က မနက်ဖြန်မှ စ ရိုက်မှာမဟုတ်ဘူးလား၊ ဘာလို့ ဒီည ထွက်ကြမှာလဲ”

ရွှီချဲသည် ယဉ်ကျေးစွာဖြင့်

“ဒါရိုက်တာကျန်းရေ၊ ဒီည စောစောထွက်လိုက်ရင် ဟိုတယ်မှာ အနားယူလို့ရတော့ သူတို့အတွက်အ နားယူချိန်ရတာပေါ့၊ ဒီလိုဆို မနက်ဖြန် ရိုက်ကူးရေးလုပ်တဲ့အခါ ပုံကောင်းကောင်းရိုက်လို့ရမှာ၊ မနက်ဖြန်မှထွက်ရင် ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုမသိရဘူး အဲတော့စောစောထွက်တာက ပိုကောင်းပါတယ်”

ဒါရိုက်တာကျန်းသည် “ happy weekend ” အစီစဉ် လုပ်ငန်းများနှင့် သိပ်မရင်းနှီးသော်လည်း ထိုအစီအစဉ်သည် ဆယ်စုနှစ်ကျော်ကြာ လူကြိုက်များခဲ့သော ထိပ်တန်းဖျော်ဖြေရေး အစီစဉ်တစ်ခု ဖြစ်ကြောင်းသိထား၏။ ပြိုင်ပွဲဝင်များသည် ပရိသတ်ကြည့်ရှုနှုန်းကို မြှင့်တင်ပေးနိုင်ကြောင်း ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် ဒါရိုက်တာကျန်းသည် ချက်ချင်းဆိုသလိုပင် သဘောတူခဲ့သည်။

“ဆရာရွှီ၊ ဆရာ့မှာ အဆက်သွယ်ကောင်းတွေရှိတော့ ကျွန်တော့်ကိုလည်း အခွင့်ရေးရှိရင် ခေါ်ပါဦး ”

ရှချန်းချန်း တောက်ပသော အပြုံးများနှင့် စတူဒီယိုခန်းထဲသို့ ဝင်လာခဲ့သည်။

သူမသည် ရွှီချဲ ပြိုင်ပွဲဝင်များအား ဖျော်ဖြေရေး အစီအစဉ်တစ်ခုထံ ခေါ်သွားမည်ဟု မြို့ဟောင်းထဲမှ သတင်းရရှိခဲ့ပြီး သင်တန်းတဲ့သို့ အလျင်အမြန်မောင်းလာခဲ့ခြင်းဖြစ်သည်။

“ချန်းချန်း၊ မင်းသာ ဒီရှိုးမှာ ပြိုင်ပွဲဝင်တယောက်ဆိုရင် ငါ တကယ်ပဲ မင်းကိုခေါ်သွားမှာပါ ၊ ဒါပေမဲ့ မင်းက အခုဆို ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်နေပြီဆိုတော့…”

ရွှီချဲ က အနည်းငယ် စဉ်းစားဟန် ပြုလုပ်ပြီးနောက်

“ချန်းချန်း၊ နောက်တစ်ခါ အခွင့်အရေးရခဲ့ရင် မင်းကို တကယ်ခေါ်သွားမှာပါ ”

“ ဟုတ်တယ်”

ချင်းမော့သည် စကားဖြတ်ပြောလိုက်၏။

“ဆရာမ ရှ၊ ဆရာမက နာမည်ရပြီးသား အနုပညာရှင်တစ်ယောက်ဆိုတော့ ကျွန်မရဲ့ အခွင့်ရေးလေးတွေ လိုက်မယှဉ်ပါနဲ့၊ လူတွေကြားရင် ရှင့်ကို ပြောကြမှာစိုးလို့ပါ”

ရှချန်းချန်း မျက်နှာပေါ်ရှိ အပြုံးရိပ်ကလေးများမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ချင်းမော့အား အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ကာ သူမထံသို့ ချဉ်းကပ်သွားခဲ့သည်။

ချင်းမော့သည် ရှချန်းချန်း၏ စူးရှသောအကြည့်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး နောက်သို့ ခြေနှစ်လမ်းခန့် ဆုတ်သွားလေသည်။

ချင်းမော့သည် ရှချန်းချန်း သူမအနားသို့ ချဉ်းကပ်လာသည်ကို မမျှော်လင့်ထားသကဲ့သို့ ကြည့်နေခဲ့သည်။

ရှချန်းချန်း၏ နှုတ်ခမ်းများမှာ အနည်းငယ်မို့တက်လာပြီး ချင်းမော့၏ ပြိုင်ပွဲဝင်ဝတ်စုံအား ညင်သာစွာပွတ်သပ်လိုက်သည်။

“ချင်းမော့ ကျွန်မက မင်းရဲ့အခွင့်အလမ်းတွေကို လာခိုးနေတာလို့ တကယ်ပဲ ထင်နေတာလား ”

“ ကျွန်မ… ကျွန်မ…”

ချင်းမော့ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် မျက်နှာလွှဲကာ

“ ကျွန်မက စနေတာပါ”

ရွှီချဲသည် အလျင်အမြန် ဝင်ရောက်ဖြေရှင်းလာသည်။

“ချင်းမော့ မင်းဘယ်လိုပြောလိုက်တာလဲ၊ ချန်းချန်းက ဒီအစီအစဉ်မှာ ဆယ်သန်းလောက်ရင်းနှီးမြှုပ်နှံထားတာ ၊ သူမက အဲလောက်အခွင့်အရေးလေး ကို စိတ်ဝင်စားနေမယ် ထင်လား၊ သူမက ငါ မင်းတို့ကို သီးခြားဂရုမစိုက်နိုင်မှာ စိုးလို့ပါ နားလည်လား”

ရွှီချဲသည် ရှချန်းချန်း ဘက်သို့လှည့်ကာ နူးညံ့စွာဖြင့်

“ချန်းချန်း စိတ်မပူပါနဲ့၊ ငါ လူဆယ်ယောက်ခေါ်သွားမှာ မနက်ဖြန်ကြရင် အကုန်လုံးကို အဆင်ပြေပြေ ပြန်ခေါ်လာပေးမယ်၊ တစ်ယောက်မှ မပျောက်စေရပါဘူး”

ပြိုင်ပွဲဝင် မိန်းကလေးများသည် ပြင်ဆင်ရန်အတွက် သူတို့၏ အခန်းထဲသို့ ပြန်သွားကြသည်။

ရှချန်းချန်းသည် မိန်းကလေးများ ထိုအစီအစဉ်တွင် မပါဝင်အောင် တားဆီးသည်မှာ မဖြစ်သင့်သည့်ကို သိသော်လည်း မတားခဲ့လျှင် တစ်ခုခုဖြစ်တော့မည်မှာ သေချာနေသည်။

တစ်ခုခု ဖြစ်လာခဲ့မည်ဆိုလျှင် မဖြစ်ခင် ကြိုတင်ပြင်ဆင်ထားသည်မှာ ပိုကောင်းသည်။ ရှချန်းချန်းသည် ဖူယန်ရုန် နှင့် ဟုန့်ပေါ်ချောင်တို့အား ဆက်သွယ်ကာ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားသော ယဉ်အားလုံးကို စောင့်ကြည့်စေပြီး အရေးပေါ်အခြေအနေ ဖြစ်လာခဲ့လျှင် “Happy weekend” ထုတ်လုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့နောက် သူမသည် ရှလုလုနှင့် အခြားသူများကို စကားပြောရန် သူတို့၏ နားနေခန်းသို့ ပြေးသွားခဲ့သည်။ စုန့်ယွီနင် နှင့် အခြားသူများသည် ဤအခွင့်အလမ်းနှင့် ပတ်သက်၍ ဘာမှမသိကြသော်လည်း ရှလုလုမှာမူ အတွင်းသတင်းအချို့ သိလိမ့်မည်ဟု သူမထင်နေခဲ့သည်။

သို့သော် သူမနားနေခန်းသို့ ရောက်သောအခါ ဖန်းရော့ရော့ တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။

ဖန်းရော့ရော့က အံ့အားသင့်သွားပြီး

“ဆရာမရှ ဒီကိုဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”

“ရှလုလုနဲ့ တစ်ခြားသူတွေရော”

“တခြားအဖွဲ့ဝင်တွေက Starry Sky Girls group က လူတွေလား”

“အိုး သူတို့တွေ ခရီးဆောင်အိတ်တွေထုပ်ပြီး ထွက်သွားလိုက်တာ တော်တော်ကြာပြီ၊ ကျွန်မက ဓမ္မတာလာနေလို့ လစဉ်သုံးတွေ ပြန်လာယူတာ၊ ကျွန်မလည်း ခုပဲ သွားတော့မှာ ”

ဖန်းရော့ရော့သည် အဝတ်များ ခရီးဆောင်အိတ်ထဲသို့ စနစ်တကျ ထည့်လျက် ပြောလိုက်သည်။

ဖန်းရော့ရော့သည် လှပထက်မြက်သော ပုံရိပ်ဖြင့် အနုပညာလမ်းပေါ် စလျှောက်ခဲ့သူ ဖြစ်သည်။ အရပ် ၁.၇၃ မီတာရှိပြီး သပ်ရပ်သော ဆံပင်တိုနှင့် နောက်မှကြည့်လျှင် အလွန်ချောမောလှပသည်။

ရှချန်းချန်းသည် ဖန်းရော့ရော့၏ နောက်ကျောအား စိုက်ကြည့်ရင်း အတွေးထဲ နှစ်မြုပ်သွားခဲ့သည်။

မကြာမီအချိန်တွင် နားနေခန်းမှာ တံခါး သော့ခတ်သွားခံခဲ့ရသည်။ တံခါးလက်ကိုင်ပေါ်ရှိ သော့ခုံထဲသို့ သော့တစ်ချောင်း ထိုးသွင်းထားသော်လည်း သော့၏လက်ကိုင်ပိုင်းမှာ ကျိုးပဲ့နေခဲ့သည်။

ဖန်းရော့ရော့သည် နားနေခန်း တံခါးအား ဆူညံစွာ တဘုန်းဘုန်း ရိုက်နေလေသည်။

"ဟေး၊ ဟေး၊ ဟေး အပြင်မှာ လူရှိလား၊ အား... ဒီတံခါး ဘာလို့ ဖွင့်လို့မရတာလဲ ဟေ့၊ ဟေ့၊ ဟေ့!"

ကံကောင်းသည်မှာ လေ့ကျင့်ရေးစခန်း၏ အခန်းများတွင် ဆူညံသံများ ကြားခြင်း မဖြစ်စေရန် အသံကာစနစ် ကောင်းမွန်စွာပြုလုပ်ထားသည်။ သုံး ၊ ငါးမီတာခန့် နောက်သို့ဆုတ်လိုက်သည်နှင့် ဖန်းရော့ရော့၏ အော်ဟစ်သံများကို နောက်ထပ်မကြားရတော့ပေ။

ရှချန်းချန်းသည် ကျိုးပဲ့နေသော သော့လက်ကိုင်အား လွယ်လွယ်ကူကူပင် လွှင့်ပစ်လိုက်ပြီး ကျန်ရစ်ခဲ့သော သော့ခုံကို ကြည့်ကာ စိတ်ကျေနပ်သလို ခံစားရသည်။

"ဓမ္မတာလာတဲ့အခါ အခန်းထဲမှာပဲ နေသင့်တယ်၊ သကြားရည်လေး တစ်ခွက်ဖျော် ၊ ဇာတ်လမ်းတွဲတွေ သက်သက်သာသာ ထိုင်ကြည့်နေရမှာ၊ တုန်ကျီ ငါပြောတာ မှန်တယ်မလား "

စနစ် : "..."

မှန်တယ်မမှန်ဘူးက မင်းမှာ ပြောပိုင်ခွင့် ရှ်ိလို့လား။

လေ့ကျင့်ရေးစခန်း ဝင်ပေါက်တွင် ပြိုင်ပွဲဝင်များအား လေဆိပ်သို့ ပို့မည့် ဘတ်စ်ကား ရပ်နားလျက်ရှိသည်။

လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားမည်ဖြစ်သောကြောင့် ဒါရိုက်တာကျန်းသည် ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ပြိုင်ပွဲဝင်များအား မိုဘိုင်းဖုန်းများ ပြန်လည်ပေးအပ်ထားခဲ့သည်။

စုန့်ယွီနင်သည် လူဦးရေ ရေတွက်ကြည့်ရာ တစ်ဦး ပျောက်နေသည်ကို တွေ့ရှိခဲ့သည်။

"ဆရာ ရွှီ ၊ ရော့ရော့မှာ ကိစ္စတစ်ခုကို ရှိ‌နေလို့မှာ ဒါပေမယ့် သူခနနေရင် ရောက်ပါလိမ့်မယ်"

ရွှီချဲသည် လက်တွင်ပတ်ထား‌သော နာရီအား တစ်ချက်ကြည့်ကာ

"သူ့ကို မြန်မြန်လုပ်လို့ ပြောလိုက်စမ်း”

စုန့်ယွီနင် ခေါင်းညိတ်လျက် ဘတ်စ်ကား တံခါးဝတွင်ရပ်ကာ ဖန်းရော့ရော့အား စောင့်ဆိုင်းနေခဲ့သည်။

အနီးအနားမှ မီးခိုးရောင် စကတ်ဝတ်ထားသော လူတစ်ယောက်အား တွေ့လိုက်ရသည်။ သူမသည် သွယ်လျပြီး သပ်ရပ်သော ဆံပင်တိုရှိကာ အနည်းငယ် ခေါင်းငုံ့ထားပြီး မျက်နှာတွင် နှာခေါင်းစည်းတပ်ထားသည်။ သူမ၏ ပါးလွှာသော ဆံစများးနှင့်

အသက်ဝင်ပြီးစူးရှသော မျက်လုံးများအား ဖုံးကွယ်ထားသည်။

အနုပညာရှင်များသည် လျှို့ဝှက်ဓာတ်ပုံရိုက်ခံရခြင်းမှ ရှောင်ရှားရန် အပြင်ထွက်သည့်အခါ နှာခေါင်းစည်းတပ်လေ့ရှိသည်။ ထို့ကြောင့် စုန့်ယွီနင်အတွက် ဤအရာသည် လုံးဝထူးဆန်းနေခြင်း မရှိပေ။ စုန့်ယွီနင်သည် အသံကျယ်ကျယ်ဖြင့်

"ရော့ရော့! ဒီဘက်မှာ!”

ရှချန်းချန်းသည် စုန့်ယွီနင် အနားသို့ ချဉ်းကပ်လာခဲ့သည်။ စုန့်ယွီနင်သည် ခေါင်းငုံ့ထားကာ ခန္ဓာကိုယ်မအီမသာဖြစ်နေဟန် ပေါ်သည့် သူမကို သတိထားမိပြီး အသံခပ်နိမ့်နိမ့်ဖြင့် မေးလေ၏။

"ဓမ္မတာလာလို့ ဗိုက်အောင့်နေတာလား”

ရှချန်းချန်းသည် ခဏရပ်တန့်ပြီး ခေါင်းညိတ်လိုက်သည်။

စုန့်ယွီနင် ချက်ချင်းပင် အိတ်ထဲရှိ အကိုက်အခဲပျောက်ဆေး နှစ်လုံးထုတ်ယူလိုက်သည်။

"အရင်ဆုံး နှစ်လုံးသောက်လိုက်၊ 'Happy Weekend' မှာ ပါဝင်နိုင်ဖို့ အခွင့်အရေးက ရှားတယ်၊ လွတ်သွားရင် နောက်ထပ်အခွင့်အရေး ရဖို့ ခက်ခဲလိမ့်မယ်”

ရှချန်းချန်း ငြင်းဆန်ခြင်းမရှိဘဲ အကိုက်အခဲပျောက်ဆေး ယူသောက်ကာ ကားပေါ်သို့ တက်လိုက်သည်။

ကားအတွင်းတွင် မိန်းကလေးများသည် ရွှီချဲအနား၌ ဝိုင်းရံနေကြသည်။ ရွှီ့ချဲသည် နူးညံ့သောမျက်နှာအမူအရာဖြင့် သူ၏ ဖျော်ဖြေရေးအစီအစဉ် အတွေ့အကြုံများအား စိတ်ရှည်လက်ရှည် ပြန်လည်မျှဝေနေသည်။

ရွှီချဲသည် မိန်းကလေးများနှင့် စကားပြောနေစဉ် သူတို့ဘေးသို့ ဖြတ်လျှောက်လာသော ရှချန်းချန်းအား ရုတ်တရက် ခေါ်လိုက်သည်။

ရှချန်းချန်းမှာ ရင်တဒိန်းဒိန်းခုန်သွားပြီး စိုးရိမ်သွားခဲ့သည်။ အချိန် အလွန်နီးကပ်နေသောကြောင့် မျက်နှာအသေးစိတ် အလှပြင်ရန် အချိန် မရှိခဲ့ပေ။ သူမသည် ရိုးရိုးရှင်းရှင်းဖြင့် မျက်လုံးများ ရှည်လျားအောင် မျက်ခုံး‌မွှေးဆွဲပြီး ဆံပင်ဖြင့်ဖုံးကာ ဖန်းရောရော့၏ ပုံမှန် အေးဆေးတည်ငြိမ်သော ပုံသဏ္ဌန်ဖြင့် ဟန်ဆောင်နေခဲ့သည်။

သို့သော် ဆံပင်ခွဲကြည့်ပြီး အနီးကပ်ကြည့်မည်ဆိုလျှင် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားလိမ့်မည်။

"ရော့ရော့၊ မင်းကြည့်ရတာ အရမ်း မှိုင်နေတာပဲ ဘာဖြစ်လို့လဲ”

ရွှီချဲက ပြောကာဆိုကာနှင့် ရှချန်းချန်းထံသို့ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ရွှီချဲ့ လက်သည် ရှချန်းချန်း မျက်နှာနှင့် ထိလုနီးပါး နီးကပ်လာချိန်တွင် ရုတ်တရက် ရွှီချဲ၏ ဖုန်းမြည်လာခဲ့သည်။

ခေါ်ဆိုသူအမည်အား ကြည့်လိုက်သောအခါ၌ တစ်ခဏ အံ့အားသင့်သွားပြီး ချက်ချင်းပင် ရှချန်းချန်း မျက်နှာထံ ရောက်နေသော သူ၏လက်အား ရုပ်သိမ်းလိုက်သည်။

ထိုအချိန်တွင် ယာဉ်မောင်းမှ

"ဆရာရွှီ၊ အားလုံးရောက်ပြီလား"

"အင်း ရောက်ပြီ"

လူအားလုံးသည် သူတို့၏ ထိုင်ခုံများ၌ ပြန်လည်ထိုင်လိုက်ကြသည်။

ရွှီချဲသည် ဖန်းရောရော့အကြောင်း ဆက်လက် ဂရုမစိုက်တော့ဘဲ သူ၏ထိုင်ခုံတွင် ထိုင်လိုက်ကာ ဖုန်းကိုင်လျက် "ရှချန်းချန်း" ဟူသော ခေါ်ဆိုသူအမည်အား ကြည့်ရှုနေသည်။

သူ မျက်မှောင်ကြုတ်လျက် ဖုန်းကိုင်ရန် ပြင်လိုက်သည်။

သို့သော် တစ်ဖက်မှ ဖုန်းခေါ်ဆိုမှုအား ရပ်တန့်လိုက်လေသည်။

ရွှီချဲ၏ မျက်ခုံးများမှာ ပိုမိုကျုံ့လာခဲ့သည်။

ခဏကြာသောအခါ WeChat မှ မက်ဆေ့ ဝင်လာသည်။ ရှချန်းချန်းထံမှ ဖြစ်လေသည်။

“ဆရာ ရွှီ၊ ခုနက မှားနှိပ်မိသွားတာ တောင်းပန်ပါတယ်၊ ဆရာ့ကို အနှောက်အယှက် မဖြစ်မ်ိစေဘူးမလားနော်”

ရွှီချဲ မက်ဆေ့အား ကြည့်လျက် အနည်းငယ် စဉ်းစားဟန်ပြုကာ

“အဆင်ပြေပါတယ်”

မနီးမဝေးရှိ ရှချန်းချန်းသည် ရွှီချဲ၏ ပြန်ကြားချက်အား လက်ခံရရှိခဲ့သည်။

စနစ် : "မင်းက မမြင်ရပဲ ခလုတ်နှိပ်တာ တော်လိုက်တာ၊ မင်းဖုန်းကို အိတ်ထဲထည့်ထားတုန်းက ခလုတ်မှားနှိပ်မိမှာ ငါစိုးရိမ်နေတာ”

"ဒါပေါ့"

ရှချန်းချန်း စိတ်ထဲမှပြန်ဖြေလိုက်သည်။

"ငါ ဟိုဘက်ကနေ ဖြတ်လျှောက်လာတုန်းက သူမှန်ကနေ ငါ့ကို အကြိမ်ကြိမ်ကြည့်နေတာ သတိထားမိတယ်၊ ဒါကြောင့် စိတ်ချရအောင် သူ့ဖုန်းနံပါတ်ကို အရင်ဖွင့်ထားပြီး သူ ငါ့ကို ခေါ်မဲ့အချိန်ကို စောင့်နေတာ "

ဘတ်စ်ကားသည် လေဆိပ်သို့ ဦးတည်နေသည်။

လေ့ကျင့်ရေးစခန်းမှ လေဆိပ်သို့ ခရီးသည် နှစ်နာရီနီးပါး ကြာမြင့်လေသည်။ အစတွင် လူတိုင်း စိတ်လှုပ်ရှားနေကြသော်လည်း တဖြည်းဖြည်း အိပ်ငိုက်လာကြသည်။

ကားအတွင်းတွင် လေအေးပေးစက် အပြည့်ဖွင့်ထားပြီး လူတိုင်းအား အာခြောက်‌လာစေသည်။ အချိန်တစ်ခုကြာပြီးနောက် ရှချန်းချန်းသည် မျက်နှာ အနည်းငယ် ပူလာပြီး ထိုင်ခုံဘေးတွင် ထည့်ပေးထားသော အချိုရည်ဘူးအား ယူကာ သောက်ရန် ပြင်လိုက်သည်။

ရုတ်တရက် သူမသည် ဘူးအဝတွင် အပ်ချွန်အပေါက်ရာကလေးတစ်ခု ရှိနေသည်ကို သတိထားမိသွားသည်။

ရှချန်းချန်း သတိကပ်သွားပြီး ဘေးနားရှိ စုန့်ယွီနင်အား လှည့်ကြည့်လိုက်သည်။ စုန့်ယွီနင်သည် အချိုရည်နှစ်ငုံ သောက်ပြီးသားဖြစ်ကာ ဆက်သောက်နေဆဲဖြစ်သည်။

သူမသည် စုန့်ယွီနင်၏ အချိုရည်ဗူးအား ချက်ချင်းဆွဲယူကာ တီးတိုးပြောလိုက်သည်၊

"မသောက်နဲ့"

"ဘာလို့လဲ"

စုန့်ယွီနင်သည် ပြိုင်ပွဲဝင်အချို့ အိပ်ပျော်နေပြီဖြစ်ကြောင်း သတိထားမိကာ အသံနှိမ့်ချလိုက်သည်။

ရှချန်းချန်းမှာမူ စကားဆက်မပြောတော့ပေ။

"အပြင်မှာ သူများပေးတဲ့ အချိုရည်တွေကိုသောက်ရင် ဘူးအဖုံးကို မစစ်ဘူးလား"

စုန့်ယွီနင် ခေါင်းခါလျက် ရုတ်တရက် ခေါင်းမူးလာကာ မစဉ်းစားနိုင်တော့ဘဲ သူ့ရှေ့ရှိ "ဖန်းရောရော့" သည် ကိုယ်ခွဲများနှင့် ပုံရိပ်များစွာထပ်နေသည်။

"ရော့ရော့ နင်ကဘာလို့ သုံးယောက် ဖြစ်နေတာလဲ"

ထိုစကား ပြောပြီးနောက် စုန့်ယွီနင်သည် မျက်လုံးများ ပြာဝေသွားကာ ရှချန်းချန်း၏ လက်မောင်းထဲသို့ လဲကျသွားခဲ့သည်။

ရှချန်းချန်း - "...”

ဆောင်းဦးရာသီမှာ ခြောက်သွေ့နေသည်။ ကားအတွင်း၌ လေအေးပေးစက် အပြည့်ဖွင့်ထားလေ၏။

မိန်းကလေးအားလုံးမှာ အချိုရည်များ သောက်ပြီးနောက် အိပ်ပျော်သွားကြသည်။

ရှေ့ဆုံးတန်းမှ ရွှီချဲသည် ဖြည်းဖြည်းချင်း ထကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှချန်းချန်း အံကြိတ်ကာ စွန့်စားရန် ဆုံးဖြတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ဟန်ဆောင်သတိလစ်လျက် စုန့်ယွီနင်အပေါ်သို့ လှဲချလိုက်သည်။

ရွှီချဲသည် နောက်တန်းသို့ လှမ်းကြည့်လျက် မိန်းကလေးအားလုံး သတိလစ်နေသည်ကို တွေ့ရှိရသောအခါ အောင်ပွဲခံသည့် အပြုံးတစ်ချက်နှင့် ပြန်ထိုင်လိုက်သည်။

ဘတ်စ်ကားသည် ပင်းဟိုင် တွင် ရပ်သွားလေသည်။

ရွှီချဲသည် ကားပေါ်ရှိ လူဦးရေအား ရေတွက်နေစဉ် ဝူရှင်းဘန့်သည် အမျိုးသားလက်ထောက် နှစ်ဦးနှင့်အတူ ကားပေါ်သို့ တက်လာခဲ့သည်။

သူသည် ရှေ့ရှိ မိန်းကလေးများအား ကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။

“ကျွန်တော်တို့ ကုမ္ပဏီက မဟုတ်တဲ့ လူနှစ်ယောက်လား၊ အရမ်း စွန့်စားရာကျတယ် မထင်ဘူးလား”

"ရှချန်းချန်းက ထွက်သွားပြီ၊ မိန်းကလေးအသစ်တွေ မခေါ်လာရင် သူဌေးတွေက ဘယ်လိုလုပ်ပြီး ကျေနပ်မှာလဲ"

ရွှီချဲသည် ပဟေဠိဆန်စွာ ပြုံးရယ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါတို့လုပ်ငန်းမစခင် သူတို့ကို ဓာတ်ပုံတွေရိုက်ထားပြီး ထိန်းချုပ်ထားလိုက်ရုံပဲ၊ မိန်းကလေးတွေက ရှက်တတ်ကြတယ်လေ၊ သူတို့ရဲ့ စင်ကြယ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတယ်၊ ဘယ်သူ့ကိုမှ ပြောပြဖို့ ဝံ့ရဲကြတာမဟုတ်ဘူး"

ဝူရှင်းဘန့်သည် ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် ခေါင်းညိတ်သဘောတူခဲ့သည်။

ဤလုပ်ငန်းတွင် ဤကြာချိန်အထိ မည်သည့်ပြဿနာမျှ မကြုံရခြင်းမှာ မိန်းကလေးများ၏ ကြောက်ရွံ့တတ်သော သဘာဝအား နားလည်ထားသောကြောင့် ဖြစ်သည်။ သက်သေသာဓကများ လက်ဝယ်ရှိပါက ဖော်ထုတ်ခံရမည်ကို စိုးရွံ့တတ်ကြသည်။

"သူဌေးတွေ ရောက်ဖို့ နောက်ထပ်နာရီဝက်လောက် လိုသေးတယ်၊ ဒါကြောင့် အချိန်သိပ်မရှိဘူး "

ဝူရှင်းဘန့်သည် သူ၏ လက်ထောက်နှစ်ဦးဘက်သို့ လှည့်၍ ညွှန်ကြားခဲ့သည်။

“မိန်းကလေးတွေကို အခန်းထဲပို့လိုက်၊ အသစ်ရောက်လာတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို သေချာ ရိုက်ဖို့ မမေ့နဲ့ ”

“ဟုတ်ကဲ့ ဆရာ”

လက်ထောက်နှစ်ဦးသည် ချက်ချင်းပင် လုပ်ဆောင်ရန် စတင်လိုက်ကြသည်။ တစ်ဦးက မိန်းကလေးများ၏ ဖုန်းများကို သိမ်းဆည်းလျက် အခြားတစ်ဦးကမူ ထိုမိန်းကလေးများအား ခရီးသည်တင် သင်္ဘောပေါ်သို့ ပြောင်းရွေ့ရန် ပြင်ဆင်နေသည်။

စုန့်ယွီနင် နှင့် ဖန်းရော့ရော့တို့အား ကိုယ်လုံးတီးဓာတ်ပုံရိုက်မည့် သီးသန့်အခန်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။

တာဝန်ရှိသော လက်ထောက်ယောက်ျားသည် သူတို့နှစ်ဦးအား တစ်ချက် ကြည့်လိုက်သည်။ တစ်ယောက်မှာ ခန္ဓာကိုယ်အချိုးကျနသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီး၊ အခြားတစ်ယောက်မှာမူ ရင့်ကျက်၍ စိတ်ထက်သန်သောအသွင် ရှိသော်လည်း ရင်သားနည်းနည်းပြားနေသယောင်ရှိ၏။

လက်ထောက်ယောက်ျားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ရှချန်းချန်းအား ချန်ထားခဲ့ကာ စုန့်ယွီနင်အား အဝတ်ချွတ်ရန်ဟန်ပြင်လိုက်ပြီး ပထမဆုံးရိုက်ကူးရန် ပြင်ဆင်နေသည်။

သူသည် တဏှာစိတ်ပြည့်‌နေသော မျက်လုံးဖြင့် စုန့်ယွီနင်ထံ ချဉ်းကပ်သွားကာ တံတွေးမျိုချနေသည်။

စုန့်ယွီနင်သည် အသိစိတ်မရှိတော့ဘဲ အိပ်ရာပေါ်တွင်လဲနေပြီး မည်သို့ဖြစ်တော့မည်ကို မသိချေ။

လက်ထောက်ယောက်ျားသည် သူမကိုယ်ပေါ်ရှိ ပထမဆုံးကြယ်သီးအား ဖြုတ်လိုက်လေသည်။

ခဏအကြာတွင်…

လျှပ်တစ်ပြက်အရှိန်ဖြင့် ဆေးထိုးအပ်တစ်ချောင်းသည် လက်ထောက်ယောက်ျား၏ လည်ပင်းသို့ အထိုးခံလိုက်ရသည်။

လက်ထောက်ယောက်ျားမှာ အံ့အားသင့်ပြီး နောက်ပြန်လှည့်ကြည့်ချိန်တွင် ဆေးထိုးအပ်မှာ ဆွဲထုတ်ခံလိုက်၏။ လည်ပင်းတွင် စူးရှသောနာကျင်မှုသာ ကျန်ရစ်ခဲ့သည်။ လက်ထောက်ယောက်ျားသည်ငေးကြည့်ကာ ခုနကပင် သတိလစ်နေသော ရင်သားပြားသည့် အမျိုးသမီးသည် ယခုသူ့ရှေ့တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမ၏လက်ထဲတွင် ဆေးထိုးအပ်တစ်ချောင်းရှိနေသည်။

လက်ထောက်ယောက်ျားသည် လည်ပင်းကိုင်လျက် အသံတင်းတင်းဖြင့်

"မင်း ငါ့ကို ဘာထိုးလိုက်တာလဲ”

ရှချန်းချန်းက ပြုံးကာ

"ဘာမှမဟုတ်ပါဘူး၊ ရှင့်ကို ကောင်းကောင်း အိပ်ပျော်စေချင်လို့ပါ”

စကားလုံးများ ပြောလိုက်ပြီးသည်နှင့် တပြိုင်နက် "ဘန်း" ဟူသောအသံဖြင့် လက်ထောက်ယောက်ျားမှာ သတိလစ် လဲကျသွားခဲ့သည်။

ရှချန်းချန်းသည် သူမလက်ထဲရှိ ဆေးထိုးအပ်အား ကြည့်ကာ အတန်ငယ် စိတ်ကျေနပ်နေပုံရသည်။

“ကောင်းလိုက်တာ၊ ဒေါက်တာ မင်သဲ့ တီထွင်ထားတဲ့ ဒီပစ္စည်းက တော်တော်အသုံးဝင်တာပဲ”

စနစ် : "ဒါက သားကောင်ကို နှစ်နာရီပဲ သတိလစ်နေစေမှာ၊ သတိထားဦး "

ရှချန်းချန်းသည် ဆေးထိုးအပ်ကို လွှင့်ပစ်ကာ စုန့်ယွီနင်အား စစ်ဆေးရန် သွားခဲ့သည်။

"စုန့်ယွီနင်! စုန့်ယွီနင်!"

စုန့်ယွီနင်သည် ဝက်သေကဲ့သို့ အိပ်ပျော်နေခဲ့ပြီး ရှချန်းချန်း ဘယ်လိုခေါ်ခေါ် နိုးလာခြင်း မရှိပေ။

"ဒါထူးဆန်တယ်၊ သူ အဲအချိုရည်ကို နှစ်ငုံပဲသောက်တာပါ ဘယ်လိုလုပ်ပြီး ဒီလောက်‌ ပြင်းပြင်းထန်ထန် အိပ်ပျော်နေတာလဲ"

ရှချန်းချန်း ခဏစဉ်းစားပြီး သူ့maskအား ချွတ်ကာ စုန့်ယွီနင်၏နား နားသို့ ကပ်၍ တိုးတိုးပြောလိုက်သည်။၊

"စုန့်ယွီနင်၊ မထရင် မင်းရဲ့ထိပ်လေးကို ထိလိုက်မှာနော်"

စုန့်ယွီနင် ရုတ်တရက်နိုးလာပြီး

"ဒါ ဘယ်လိုလူလဲ၊ အဲဒါက ငါ့ဟာနော် တစ်ခြားဘယ်သူမှ ထိလို့မရဘူး"

ရှချန်းချန်း "..."

စုန့်ယွီနင် စိတ်ရှုပ်ထွေးသွားပြီး ဘေးနားမှ ရှချန်းချန်းအား လှည့်ကြည့်လိုက်သည်။

"ရှချန်းချန်းလား၊ 'Happy Weekend' ရိုက်ကူးရေးကို ငါတို့မသွားကြဘူးလား၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”

ရှချန်းချန်း အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။

"နင် နားမလည်သေးဘူးလား၊ ငါတို့ ပြန်ပေးဆွဲခံလိုက်ရတာ”

စုန့်ယွီနင်၏ မျက်လုံးများ ချက်ချင်းပင် ပြူးလာခဲ့သည်။ ထိုအခိုက်တွင် သတိလစ်လဲကျနေသော လက်ထောက်ယောက်ျားအား မြင်လိုက်ရပြီး လန့်သွားကာ အော်ဟစ်လိုက်မိသည်။

"ဒါ ဒါ ဘာဖြစ်နေတာလဲ"

"နင် ဘယ်လိုထင်လဲ"

ရှချန်းချန်းသည် လက်ထောက်၏ ကင်မရာအား လှန်လှောကြည့်ရင်း ပြန်ဖြေသည်။

"သူဒီလို မေ့လဲမနေရင် မေ့‌လဲနေတဲ့သူက ငါတို့ဖြစ်မှာပဲ"

စုန့်ယွီနင် တံတွေးမျိုချလိုက်သည်။

သူမသည် ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးပြီးဖြစ်သော၊ ယဉ်ကျေးမှုထွန်းကားကာ သဟဇာတဖြစ်သော နိုင်ငံတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး ဤကဲ့သို့သောအရာများသည် သတင်းစာများနှင့် ရုပ်မြင်သံကြားထဲတွင်သာ ဖြစ်ပျက်သည်ဟု အမြဲထင်ခဲ့သည်။ သို့သော် ယခုအခါ သူမကိုယ်တိုင် ကြုံတွေ့နေရသည်။

ကြောက်ရွံ့စိတ်ဖြင့် စုန့်ယွီနင်သည် ရှချန်းချန်းအနားသို့ နီးကပ်စွာ ကပ်လာခဲ့သည်။ သူမအား သိသိသာသာ မနှစ်သက်သော်လည်း နီးနီးကပ်ကပ် ကပ်နေရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

"အခုဘာလုပ်ကြမလဲ"

ရှချန်းချန်းသည် စကားပြန်ပြောခြင်းမရှိဘဲ ကင်မရာကိုသာ လှန်လှောနေသည်။ လက်ထောက်ယောက်ျားတွင် ဓာတ်ပုံရိုက်ရန် အချိန်မရသေးသော်လည်း ကင်မရာထဲတွင် အခြားသူများ၏ ဓာတ်ပုံများ ကျန်ရှိနေဆဲဖြစ်သည်။

စူးစမ်းလိုစိတ်ဖြင့် စုန့်ယွီနင်သည် ကြည့်ရှုရန် အနားသို့ ကိုင်းညွှတ်လာပြီး တုန်လှုပ်သွားခဲ့သည်။

"ဒါက ရှလုလုမဟုတ်လား"

"ဒီမိန်းကလေးကို ငါသိတယ် ဝမ်လီနာ၊ မနှစ်က ပြိုင်ပွဲဝင်တစ်ယောက်ပဲ"

"ဒါ၊ ဒါ၊ ဒါက Starry Sky girls group က အဆိုအကောင်းဆုံး တစ်ယောက်လေ၊ ဒါဆို..!"

...

ကင်မရာထဲတွင် မိန်းကလေးများ၏ အဆင်းပျက်နေသော ဓာတ်ပုံများဖြင့် ပြည့်နှက်နေပြီး Starry Sky မှ သူတို့အား ထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်‌သည်။

အဖြစ်အပျက်များအား မြင်လိုက်ရပြီးနောက် စုန့်ယွီနင်သည် ဘာဖြစ်နေသည်ကို နားလည်သွားပြီး ရှချန်းချန်းထံမှ ရှင်းပြချက် ထပ်၍ မလိုအပ်တော့ပေ။ သူမ၏ အသံသည် ငိုကြွေးသံဖြင့် ပိတ်ဆို့နေပြီး မျက်လုံးများ နီရဲလာသည်။

" ဒီကောင်တွေ ဒီလူတွေလုပ်တာ လူဆန်တဲ့ လုပ်ရက်လား၊ မဟုတ်ဘူး သူတို့က လုံးဝ အမှိုက်သရိုက်တွေပဲ "

"ကျန်တဲ့ တစ်ခြား မိန်းကလေးတွေကို သွားနှိုးသင့်တယ်မဟုတ်လား"

စုန့်ယွီနင်သည် ရှချန်းချန်းအား ထပ်မံမေးမြန်းခဲ့သည်။

"ငါတို့နှစ်ယောက်ပဲ အဖမ်းခံရတာတော့ မဟုတ်ဘူးမလား"

ရှချန်းချန်း ခေါင်းညိတ်ပြခဲ့သည်။

"ဒါပေမယ့် ငါတို့အားလုံးကို နှိုးလိုက်ရင်တောင် ထွက်ပြေးဖို့ခက်ဦးမှာ၊ မိန်းကလေး ကိုးယောက်ဆိုရင် အရမ်းသိသာတဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ် "

ရှချန်းချန်းသည် ယခင် လက်ထောက်ယောက်ျားအား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်မှာ သူမ၏ မြန်ဆန်သော တုံ့ပြန်မှုနှင့် ကိရိယာများ၏ အကူအညီကြောင့်ဖြစ်သည်။ မိန်းကလေး ရှစ်ယောက်အား ခေါင်းဆောင်ကာ ရွှီချဲနှင့် ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်သည်။

အခြား ပြဿနာတစ်ခုလည်း ရှိသေးသည်။

စုန့်ယွီနင်သည် ယခုအခါ သူမဘက်တွင်ရှိနေသော်လည်း ရှင်းခုံရှိ မိန်းကလေးအားလုံးသည် ဓာတ်ပုံရိုက်ထားခံရနိုင်သည်။ ရွှီချဲတွင် နောက်ထပ် သိမ်းဆည်းထားသော မိတ်ဆွေများ ရှိနေမည်မှာ သေချာသည်။ ထို ဓာတ်ပုံများကြောင့် မိန်းကလေးများ ရုတ်တရက် ဘက်ပြောင်းသွားမည်လား ဆိုသည်မှာ မပြောတတ်ပေ။

နှစ်ယောက်လုံး စိုးရိမ်နေကြစဉ် ရုတ်တရက် အပြင်ဘက်မှ အခြားယောက်ျားတစ်ဦး၏ အသံ ကြားလိုက်ရသည်။

"ဘာလို့ ဒီလောက်ကြာနေတာလဲ၊ ဘာဖြစ်လို့ စိတ်ထဲ ခံစားချက်မကောင်းနေတာလဲ"

စကားမဆုံးခင် အခန်းတံခါး ပွင့်လာသည်။ ရှချန်းချန်းနှင့် စုန့်ယွီနင်တို့တွင် ရှောင်ရန် အချိန်မရှိတော့ဘဲ ထို‌လူ ယခုအခြေနေအား မြင်တွေ့သွားမည့် အခြေအနေသို့ ရောက်ရှိလာလေသည်။

ရှချန်းချန်းသည် စွန့်စားလိုက်၏။

သူမဘေးနားရှိ စားပွဲပေါ်မှ ဖန်ပုလင်းအား ကောက်ယူကာ ထိုလူ တုံ့ပြန်ရန် အချိန်မရမီီ သူ့ခေါင်းအား ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်သည်။

ဖန်စများသည် ရေနှင့်အတူ မိုးပေါက်ကျသကဲ့သို့ ကျဆင်းလာသည်။ ရှချန်းချန်းသည် လျင်မြန်စွာပင် ထိုလူအား အခန်းထဲဆွဲသွင်းလိုက်ပြီး ကွဲထားသော ပုလင်းအကြွင်းအစများဖြင့် သူ၏ မျက်နှာကို ထပ်မံ ရိုက်ပြစ်လိုက်သည်။

" မလှုပ်နဲ့ ! "

ဖြစ်ရပ်အားလုံးသည် စက္ကန့်ပိုင်းအတွင်းတွင် ဖြစ်ပျက်သွားခဲ့သည်။ ထိုလူသည် ခေါင်း၌ စူးရှသောနာကျင်မှုကိုသာ ခံစားနေရပြီး သူ့ရှေ့တွင်ရှိနေသော ချွန်ထက်သည့် ဖန်ကွဲစအားကြည့်ကာ ကြောက်ရွံ့မိသွားသည်။

သူက တစ်ချက်တည်းနဲ့ ပြတ်ပြတ်သားသား ရိုက်ချပလိုက်တာ။ အဲကောင်သာ ပြောတဲ့အတိုင်း မလိုက်နာရင် တကယ် ထိုးချပစ်မဲ့ မိန်းမမျိုးပဲ။

အနားတွင် စုန့်ယွီနင်မှာ ငိုင်တိုင်တိုင်ဖြစ်နေသည်။

ထိုလူ တံခါးဖွင့်ဝင်လာချိန်တွင် သူမ ဘာမှမလုပ်နိုင်ခဲ့ချေ။ သို့သော် ရှချန်းချန်း၏ ချောမွေ့ လှသော လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ အံ့အားသင့်သဖြင့် အသံပင်မထွက်နိုင်တော့ပေ။

"ဘာတွေဖြစ်သွားတာလဲ၊ အစ်မ အစ်မက နာမည်ကြီး အနုပညာရှင် တစ်ယောက်မဟုတ်လား၊ အခုက ရိုက်ကွင်းမှာလား အစ်မရဲ့ ဟန်က အခုကတည်းက မူ မမှန်တော့ဘူး”

စုန့်ယွီနင်သည် စက်ယန္တရားကဲ့သို့ ခေါင်းလှည့်ကာ အခန်းထဲတွင် လဲကျနေသော လက်ထောက်ယောက်ျားအား ကြည့်လိုက်သည်။ သူမ သတိလစ်နေစဉ် ဤလက်ထောက်ယောက်ျားထံမှ မည်သည့်ညှဉ်းပန်းမှုမျိုး ခံခဲ့ရသည်ကို သူမ မသိခဲ့ပေ။

စုန့်ယွီနင်သည် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်သည်။

သူမအား မကောင်းသောသူများမှ ဖမ်းထားသည်မှာ သတင်းကောင်းနှင့် သတင်းဆိုး နှစ်မျိုးရှိသည်။

သတင်းကောင်းမှာ: ရှချန်းချန်းသည် ခုခံကာကွယ်ရေးတွင် ကျွမ်းကျင်ပြီး သူမနှင့် တစ်ဂိုဏ်းတည်းဖြစ်သည်။

သတင်းဆိုးမှာ: သူမသည် ရှချန်းချန်းနှင့် အကြိမ်ကြိမ် အခါခါ ပဋိပက္ခဖြစ်ခဲ့ဖူးပြီး

ရှချန်းချန်းသည် " ကမ်းခြေမှာ လှိုင်းခတ်ခံရပြီး သေမဲ့ကောင်မ” ဟုပင်ပြောဆိုခဲ့ဖူးသည်။ ရှချန်းချန်းသည် သူမ၏ ကိုယ်ရေးကိုယ်တာ အငြိုးအတွက် လက်စားချေမည်လား။

သူမ ခေါင်းအား ရှန်ချန်းချန်း ဖန်ပုလင်းဖြင့် ရိုက်လိုက်သည်ဟု မြင်ယောင်ကြည့်လျက် အကြောင်းပြချက်မရှိဘဲ မြေပြင်ပေါ် သတိလစ်နေသော လက်ထောက်ယောက်ျားအား လှည့်ကြည့်မိရာ စုန့်ယွီနင်တုန်လှုပ်သွားခဲ့သည်။

သူ အစမှာတင် ဘာလို့ ဒီလောက်တောင် ရိုက်ချပစ်လိုက်တာလဲ။ အကယ်၍ သူမက ပေါ်ပြူလာဖြစ်တာကို လိုချင်တာဆိုရင် ၊ တကယ် လုယူလိုက်မဲ့ သူမျိုးပဲလေ။ သူ့ ဘဝက ဘယ်လောက်တောင် အရေးကြီးလိုက်သလဲ။

"စုန့်ယွီနင်၊ နင် အဲမှာရပ်ပြီး ဘာလုပ်နေတာလဲ၊ အစတစ်စ ယူပြီး သူ့ကို ချည်ထားလိုက်၊ ငါတို့မှာအချိန်သိပ်မရှိတော့ဘူး မြန်မြန်လုပ်"

ရှချန်းချန်း စုန့်ယွီနင်အား နှစ်ကြိမ် သုံးကြိမ်ဆင့် ခေါ်မှသာ စုန့်ယွီနင် အသိစိတ် ဝင်လာသည်။ တုန်တုန်ရီရီဖြင့် သူမ၏ အိတ်ထဲမှ ရေချိုးခန်းဝတ်စုံ ချည်နှောင်ရန်ကြိုးများကို ရှာဖွေကာ ရှချန်းချန်းထံ ပေးလိုက်သည်။

ရှချန်းချန်းသည် လျင်မြန်စွာ လှုပ်ရှားကာ ထိုယောက်ျားအား ချည်နှောင်၍ အော်ဟစ်မရအောင် သူ၏ပါးစပ်ထဲသို့ ခြေသုတ်ပုဝါထည့်ထားလိုက်သည်။

ဤအရာအားလုံးကို မြင်တွေ့ရသော စုန့်ယွီနင်၏ မျက်နှာတွင် အံ့သြမှုများနှင့် ပြည့်နှက်နေသည်။ သူမသည် ကြိုးများနှင့် ခြေသုတ်ပုဝါအား ရှာဖွေရန် တာဝန်ရှိသော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

ရှချန်းချန်းသည် တစ်စုံတစ်ဦးအား သတ်ဖြတ်သည်ဆိုလျှင် သူမသည် ရှချန်းချန်းအား ကိုယ်တိုင် ဓား‌သွေး ပေးခဲ့သည့်အလား ခံစားရသည်။

ရှချန်းချန်းသည် ဤအသေးအဖွဲကိစ္စများအား ဂရုမစိုက်ခဲ့ပေ။ လက်ထောက်အမျိုးသားအား ချည်နှောင်ပြီးနောက်၊ သူမသည် လျင်မြန်စွာ လှုပ်ရှားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိအရာများအား လှန်လော ရှာဖွေရာ ပြိုင်ပွဲဝင်များ၏ ဆဲလ်ဖုန်းများ တွေ့ရှိခဲ့သည်။

လက်ထောက်ယောက်ျား : ???

လက်ထောက်ယောက်ျား : ငါတို့က ပြန်ပေးဆွဲသူတွေမဟုတ်ဘူးလား၊ ဒီ အစ်မက အဲလောက်ကျွမ်းကျင်တာလား။

"ဆဲလ်ဖုန်း!"

စုန့်ယွီနင်၏ မျက်လုံးများမှာ တောက်ပလာသည်။

"ရဲခေါ်ရအောင်"

ရှချန်းချန်းသည် ဖုန်းအား တစ်ချက် ကြည့်လိုက်ပြီး ခဏတစ်ဖြုတ် စဉ်းစားခဲ့သည်။ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသော သူမ၏ မျက်လုံးများထဲတွင် ရုတ်တရက် အလင်းတစ်ချက် လက်လာခဲ့သည်။

"ငါ ရဲကို ခေါ်မှာပါ၊ ဒါပေမဲ့..."

ရှချန်းချန်း လက်ထောက်‌ယောကျ်ားအား လှမ်းကြည့်လိုက်သည်။

သူ၏ လက်၊ ခြေများသည် ချည်နှောင်ခံထားရပြီး ပါးစပ်မှာ ပိတ်ဆို့ခံထားရကာ မျက်လုံးများသာ လှုပ်ရှားနိုင်သည်။ ရှချန်းချန်း၏ အကြည့်များအား မြင်လိုက်ရသောအခါ ကျောချမ်းသွားသည်။

ရှချန်းချန်းသည် ရွဲ့စောင်းကာ

"ရဲခေါ်တာလောက်က သူတို့အတွက် အရမ်းလွယ်လွန်းတယ်”

စုန့်ယွီနင်သည် ထိတ်လန့်တုန်လှုပ်နေသော လက်ထောက်ယောက်ျားလေးအား ကြည့်ပြီး‌ နောက် မဲ့ပြုံးပြုံနေသော ရှချန်းချန်းအား ကြည့်လိုက်သည်။

စုန့်ယွီနင်: "??”

မဟုတ်သေးပါဘူး ဟိုလူက တကယ်ပြန်ပေးဆွဲတဲ့သူ မကောင်းဆိုးဝါး။ အစ်မက ဘာလို့ ဒီလိုတွေပြောနေတာလဲ။ မသိရင် ငါတို့က ပြန်ပေးဆွဲသမားတွေ ကျနေတာပဲ။ ရူးကြောင်ကြောင်နိုင်လိုက်တာ ငါတို့ကမှ နစ်နာသူတွေပါလို့ အား။

စုန့်ယွီနင်သည် သတိကပ်ကာ

"ဆရာမ ရှ ၊ ရှင်က ဘယ်လို လုပ်ချင်တာလဲ "

ရှချန်းချန်းသည် သူမ၏ ဖုန်းအား ထုတ်လိုက်သည်။

ဝူရှင်းဘန့်၏ လူများသည် ဖန်ရောရော့၏ ဖုန်းအား သိမ်းယူထားသော်လည်း၊ ရှချန်းချန်းသည် သူမဖုန်းအား ဘရာစီယာအတွင်း ဝှက်ထားခဲ့ကာ ဖောင်းကြွနေသော ရင်ဘတ်အား ခန္ဓာကိုယ်နှင့် တင်းတင်းကျပ်ကျပ် ကပ််ထားခဲ့သောကြောင့် မည်သူမှ သတိမထားမိခဲ့ကြ‌ပေ။

စူးစမ်းလိုစိတ်ဖြင့် စုန့်ယွီနင် ခေါင်းထောင်ကြည့်လိုက်ရာ Weibo အကောင့်တစ်ခုကို တွေ့လိုက်ရသည်။

သူမ မျက်လုံး ပြူးသွားခဲ့သည်။

"လိမ်ညာသူများကို ဖော်ထုတ်သူ" ဆိုသော စာသားများသည် သူမအား မျက်လုံးပြာဝေသွားစေသည်။

စုန့်ယွီနင်: ???!!!

ဘာတွေ ဖြစ်သွားတာလဲ။

အင်တာနက်ပေါ်မှာ ဂယက်ထသွားအောင် လုပ်ခဲ့တဲ့ ၊ ဈေးကွက်ရှာတတ်တဲ့ "လိမ်ညာသူများကို ဖော်ထုတ်သူ" ဆိုတဲ့သူက တကယ်တော့ ရှချန်းချန်းတဲ့လား။

ဘုရားရေ ဘယ်လိုတွေတောင်လဲ။

ဒီနေ့ ပြန်ပေးဆွဲခံရတာနဲ့တင် မလုံလောက်သေးဘူးလား။ အခု ဒီလို ထိပ်တန်း လျှို့ဝှုက်ချက်ကြီးကိုပါ မြင်ရမှာလား။ ဒါက ငါ့လို လေ့ကျင့်ဆဲ လူငယ်တစ်ယောက် သိသင့်သိထိုက်တဲ့ အရာရော ဟုတ်လို့လား။

စုန့်ယွီနင် သူမ၏ အတွေးများအား ချက်ချင်းပြန်ရုပ်သိမ်းလိုက်ကာ အလန့်တကြား ပြောလိုက်သည်။

“ငါမမြင်ဘူး ငါဘာမှမမြင်လိုက်ဘူး”

ရှချန်းချန်းက ပြုံးရယ်၍ ပြန်ပြောလေသည်။

"နင်နင်၊ မင်းဘာမြင်လိုက်တာလဲ"

စုန့်ယွီနင်သည် ချက်ချင်းဆိုလိုပင် မျက်လုံးများအား လက်ဖြင့်အုပ်ကာ

“ဆရာမရှ ကျွန်မက မျက်စိကန်းနေတဲ့သူပါ၊ မကောင်းဆိုးဝါးတွေရဲ့ ပြန်ပေးဆွဲတာခံလိုက်ရတဲ့ သနားစရာလေးတစ်ယောက်ပါ၊ ကျွန်မ တကယ်မမြင်ဘူး တကယ် တကယ်!"

ဝူး ဝူး ဝူး။

ရှချန်းချန်း လက်ထောက်ယောက်ျားကို ရိုက်ချတာနဲ့ ပြန်ပေးဆွဲတဲ့သူကို လုပ်လိုက်တာ တွေကို မြင်တာက လက်ခံပေးလို့ ရသေးတယ်၊ ဒါပေမဲ့ အခု သူ့ရဲ့ လျှို့ဝှက်ချက်ကို တော့ မြင်လိုက်လို့ ဘယ်ရမှာလဲ။

ဒီနေ့ သူမအသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား။

ရှချန်းချန်းသည် ပြုံးပြကာ စုန့်ယွီနင်၏ ပခုံးအား ဖက်လိုက်သည်။

လက်ထောက်ယောက်ျားထံမှ ယူထားသော မိုဘိုင်းဖုန်းများအား ရှေ့တွင် စီတန်းလိုက်သည်။

"နင်နင် မြင်တာပဲမြင်ပါစေပေါ့၊ ငါတို့အတူတူ ဂိမ်းပွဲကြီးကြီးတစ်ခု ကစားကြရအောင် အိုကေ "

စုန့်ယွီနင် ငိုချင်သော်လည်း မျက်ရည်မကျနိုင်ခဲ့ပေ။

မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ၊ ပလိစ့်….။

All Chapters