← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

Chapter 73

ညနက်ချိန်သို့ ရောက်ရှိလာခဲ့သည်။

မည်သည့်ဒေသမှ တိုးဝေ့လာသည်ဟု မသိရသော လေလှိုင်းကလေးများသည် ပင်လယ်ရေလှိုင်းများနှင့် ရိုက်ခက်ကာ အမှောင်ထုထဲရှ်ိ တိမ်စိုင်များအား အဝေးသို့ လွှင့်စေနေသည်။ ကြယ်များဖြင့် ပြည့်နက်နေသော ကောင်းကင်သည် လှိုင်းထနေသော ပင်လယ်ပေါ်သို့ တလက်လက် ထနေသော ရွှေပုလဲလေးများ ဖြန့်ချထားသကဲ့သို့ ပုံရိပ်ထင်နေသည်။

အပျော်စီးသင်္ဘောပေါ်တွင် ရှချန်းချန်း နှင့် ရှဲ့ကျစ်ရင်းတို့သည် သူတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရဲများအား ပြောပြပြီးနောက် နှာခေါင်းစည်းများတပ်ဆင်ကာ သင်္ဘောပေါ်မှ ဆင်းရန် အသင့်ဖြစ်နေကြသည်။သို့သော် မှတ်တမ်းတင်ရန် ရဲစခန်းသို့ တစ်ဖန် ပြန်သွားရန် လိုသေးသည်။

သူတို့နှစ်ဦး သင်္ဘောပေါ်မှအဆင်း လှေကား၌ လမ်းလျှောက်နေစဉ် ရုတ်တရက် ရှချန်းချန်းထံသို့ ကုံသန်းထံမှ ဖုန်းဝင်လာခဲ့သည်။

ရှဲ့ကျစ်ရင်းသည် ရှချန်းချန်းတွင် အခြား အရေးကိစ္စရှိသည်ကို မြင်လိုက်ရသောအခါ လူကြီးလူကောင်းပီသစွာဖြင့် သင်္ဘော၏ အခြားတစ်ဖက်ခြမ်းသို့ ရှောင်ပေးခဲ့သည်။

ရှချန်းချန်း ဖုန်းကိုင်ပြီးနောက် အပျော်သဘောဖြင့်

"မီနာ မင်းက အခုချိန်ဆို ရွှီချဲ ကမ်းခြေမှာ ဖမ်းခံရတဲ့အကြောင်း တိုက်ရိုက်ထုတ်လွှင့်နေသင့်တာ မဟုတ်လား၊ ငါ့ကို ဖုန်းဆက်ဖို့ အချိန်ရှိသေးတယ်ပေါ့"

တစ်ဖက်မှ ကုံသန်းသည် ယုံကြည်မှုရှ်ိရှိဖြင့် ချေပပြောဆိုလိုက်သည်။

"ငါက ထိပ်တန်း marketing account ပိုင်ရှင်ဆိုတော့ သတင်းရဖို့အတွက် ကိုယ်တိုင်လိုက် ထောက်လှမ်းနေစရာ မလိုဘူးလေ ၊ ငါ့မှာ စတူဒီယိုရှိတာ သိတယ်ဟုတ် ၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ကိစ္စနဲ့ ပက်သပ်ပြီး သူတို့ကိုင်တွယ်ဖြေရှင်းမှာပေါ့ ၊ ငါက ကြီးကျပ်ပေးယုံပဲ "

" အို ဒါကို မေ့ထားလိုက်ဦး ကိုယ့်လူ၊ ငါ့မှာ အရေးကြီးကိစ္စတစ်ခု ပြောစရာ ရှိတယ် "

ကုံသန်း အသံနှိမ့်ချလိုက်သည်။

"ငါ ခုနကတင် မင်းရဲ့ လျှို့ဝှက်ချက်တွေ ပြောခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တာ၊ မင်း အပျော်စီး သ‌င်္ဘောပေါ်မှာ ရှိနေခဲ့တာတော့ မဟုတ်ပါဘူးနော်၊ ရှိနေခဲ့တာလား”

ရှလုလုနှင့်အခြားသူများ ရွှီချဲအမှုအတွက် ထွက်ဆိုချက်ပြုပြီးနောက် ၊ သ‌င်္ဘောပေါ်တွင် အတူ လိုက်ပါလာခဲ့သော မိန်းကလေး ၈ ယောက် ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များလည်း ဖော်ထုတ်ခံခဲ့ရသည်။

အင်တာနက်သုံးစွဲသူများ မှတ်ချက်ပေးကြပုံမှာ ထိုမိန်းကလေး ရှစ်ဦးသည် "ရလိမ်ညာမှုများကို ဖော်ထုတ်သူ " နှင့် ဆက်သွယ်၍ မကောင်းမှုအား ပူးပေါင်းဖော်ထုတ်ခဲ့ကြသည်ဟု ဖြစ်သည်။

သို့သော် ကုံသန်းစိတ်ထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိနေသည်။

အပြည့်အဝ အရွယ်မရောက်သေးသော ထိုမိန်းကလေးများသည် သတိ အမျှော်အမြင် ကြီးစွာဖြင့် ဖုန်းများအား ဖွက်ကာ မှတ်တမ်းတင်ထားနိုင်ခဲ့သည် ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

ရှချန်းချန်း ဝန်ထမ်းတစ်ဦးပုံစံ ဟန်ဆောင်ကာ သင်္ဘောပေါ်သို့ ထပ်မံ ခိုးဝင်သွားခြင်း ဖြစ်နိုင်သည်။

" အိုး၊ အဲဒါက.. "

ရှချန်းချန်းသည် သင်္ဘောလက်ရန်းအား မှီကာ ပင်လယ်ဘက်သို့ မျက်နှာမူလျက်

"ငါ ဖန်းရော့ရော့ အယောင်ဆောင်ပြီး ဘတ်စ်ကားပေါ် တက်ရအောင် လုပ်ခဲ့တာ ၊ ငါလည်း ရွှီချဲ မတော်မတရားလုပ်တာ ခံခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ပါပဲ ၊ ဘာပြသနာ ရှိလို့လဲ "

ကုံသန်း ...

" ဟုတ်နေတယ်မလား ၊ ငါကြိုသိနေခဲ့တယ် "

ကုံသန်း စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။

" ဒါဆို မင်း သင်္ဘောပေါ်က ဆင်းရင် သတိထားနော် ၊ ရိုးရိုးသားသား ပြောရရင် လတ်တလောမှာ လူတွေက မင်းအကြောင်းကိုပဲ ငါ့ကိုမေးနေတာ ၊ ငါ့လိုမျိုး ‌အဖိုးအခ ယူပြီး ဆားဗစ်ပေးတဲ့ marketing account အတွက် ဖော်ထုတ်ခံလိုက်ရတာက ပြသနာမရှိပေမဲ့ ၊ မင်းက အခုတစ်လော တကယ် သတင်းကြီးတွေကိုပဲ ဖော်ထုတ်ပြနေတာ ဆိုတော့ မင်းကို ပစ်မှတ်ထားနေကြမှာ လုံးဝ သေချာတယ် ၊ အထူးသဖြင့် ရွှီချဲ ကိစ္စပဲ ၊ ဒီကိစ္စရဲ့ သက်ရောက်မှုက တော်ယုံတန်ယုံမဟုတ်ဘူး နော်"

ထိုစကား ကြားရသည်နှင့် တစ်ပြိုင်နက် ရှချန်းချန်း မျက်မှောက်ကြုတ် သွားသည်။

ကုံသန်း၏ စိုးရိမ်မှုကို သူမ နားလည်သည်။

ရွှီကျဲ နှင့် ဝူရှင်းဘန်းတို့ အဖမ်းခံထားရသော်လည်း ဤကိစ္စကို နှစ်ယောက်တည်း စီစဉ်ခဲ့ခြင်းမဖြစ်နိုင်။ နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ယောက် ရှိနေနိုင်သည်။

အင်တာနက်ပေါ်တွင် လိမ်ညာသူများကို ဖော်ထုတ်သူနှင့် ပတ်သက်၍ မှန်းဆချက်ဆောင်းပါးများ အမြောက်အများ ပေါ်ပေါက်လာခဲ့သည်။ လိမ်ညာသူများကို ဖော်ထုတ်သူ အကောင့်မှ ဖော်ထုတ်သည့်အကြောင်းအရာများသည် တော်ရုံတန်ရုံ မဟုတ်သည့်အပြင် နယ်ပယ်စုံလင်သောကြောင့် လူအများစုက လိမ်ညာသူများကို ဖော်ထုတ်သူ အကောင့်သည် အဖွဲ့တစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ယခုထိတိုင် ရှချန်းချန်းသည် လိမ်ညာသူများကို ဖော်ထုတ်သူ ၏ နောက်ကွယ်မှ အကောင့်ပိုင်ရှင်ဖြစ်သည်ဟု အဆိုပြုထားသော ကောမန့်များ မရှိသေးသော်လည်း အားလုံးနီးပါးသည် အနုပညာရှင်ဘဝမှ ယာယီအနားယူထားသည့် ရှချန်းချန်းနှင့် ထိုအကောင့် နည်းတစ်မျိုးမျိုးဖြင့် ဆက်စပ်နေပုံရသည်ဟု ခန့်မှန်းနေကြသည်။

ကျိကျင်းဟန် ၊ ချန်မင်ကျယ် မှစ၍ ယဲ့ရှီဝမ် အဆုံး ရှချန်းချန်း၏ ပါဝင်မှုသည် လိမ်ညာမှုများကို ဖော်ထုတ်သူ၏ ထုတ်ဖော်ပြသမှုများတွင် အမြဲလိုလို ပါဝင်နေခဲ့သည်။

ထို့အပြင် so far no post မှ ရှချန်းချန်းသည်လည်း ရွှီချဲ၏ လိင်အမြတ်ထုတ်မှု ကိစ္စနှင့် ပက်သပ်နေခဲ့လျှင် နောက်ကွယ်မှ ကြိုးကိုင်သူသည် ရှချန်းချန်းပင် ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ရှချန်းချန်းသည် mask တပ်ထားကာ ဖန်းရော့ရော့ အဖြစ် ဟန်ဆောင်ရန် တပ်ဆင်ထားခဲ့သော ဆံပင်တုအား ရွှီချဲ ဆွဲချွတ်ခဲ့သဖြင့် သူမ၏ လှိုင်းတွန့်နေသော ဆံပင်များသည် လေထဲတွင် လွင့်မျောနေသည်။

သူမသည် အနီးအနားရှိ သတင်းထောက်များ၊ ပါပါရာဇီများနှင့် ပရိသတ်များ စုရုံးနေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ သူတို့သည် စုန့်ယွီနင် နှင့် အခြားသူများကို ဝိုင်းရံထားကြသည်။

လက်ရှိအချိန်တွင် ရဲနှင့် Galaxy Girls ထုတ်လုပ်ရေးအဖွဲ့မှလွဲ၍ မည်သူမှ သားကောင်အားလုံး၏ စာရင်းအား မသိရှိကြသေးပေ။

ရှချန်းချန်း သည် တစ်စုံတစ်ရာ ရုတ်တရက် သတိရသကဲ့သို့ ဖြစ်ကာ နှုတ်ခမ်းထောင့်တွင် ဗီလိန်‌ဆန်သော အပြုံးတစ်ချက်နှင့် မြန်မြန်ဆန်ဆန် ဖုန်း ကောက်ကိုင်လိုက်သည်။ ကုံသန်း နှင့် ဖုန်းပြောနေဆဲပင် ဖြစ်သည်။

" မီနာ မင်းအခု အခင်းဖြစ်နေတဲ့နေရာမှာလား "

"ဟုတ်တယ် ဟုတ်တယ် "

ကုံသန်း မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေကြားခဲ့သည်။

"လိုအပ်တာမှန်သမျှ ငါ့ကိုပြောပါ ၊ တတ်နိုင်သမျှ အကုန်လုံးကူညီမယ် "

ရှချန်းချန်း၏ မျက်လုံးများသည် မြေခွေးကဲ့သို့ မှန်းဆ၍မရနိုင်သော ဉာဏ်နီဉာဏ်နက် များဖြင့် တောက်ပလာသည်။

"ဒါဆို မင်းကို ဇာတ်လမ်း တစ်ပုဒ် ဖန်တီးစေချင်တယ် ၊ မင်းရဲ့ အကောင့်ကို သတင်းခေါင်းစဉ်တွေ မှာ ပြည့်နေစေရုံသာမက ငါ့ကိုလည်း ဒီကိစ္စတွေကနေ ကင်းစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့ "

အွန်လိုင်းပေါ်တွင် လိမ်ညာမှုများကို ဖော်ထုတ်သူသည် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ရန် ကြိုးစားသည့် သူဌေးကြီးများစွာ၏ အကြောင်း ရွှီချဲ နှင့် Star Entertainment တို့သည် ၎င်းတို့၏ အနုပညာရှင်များအား လိင်ကုန်ကူးသူများအဖြစ် အသုံးချခဲ့သည့် အရှက်တကွဲ အကျိုးနည်းကိစ္စတို့ကို ဖော်ထုတ်ခဲ့သည်။ ပြည်သူလူထုသည် မကောင်းမှုအား တိုက်ဖျက်နိုင်ခဲ့ခြင်းကြောင့် ဝမ်းသာနေကြသော်လည်း ရှင်းမပြနိုင်သော အသေးစိတ်အချက်အလက်များ ကျန်ရှိနေဆဲဖြစ်သည်။

ဥပမာ- ရွှီချဲ က မိန်းကလေးတွေကို မူးယစ်ဆေး တိုက်ခဲ့တယ်ဆိုရင် သူတို့ဘယ်လိုလုပ် လွတ်မြောက်သွားကြတာလဲ။ ဘယ်သူက သူတို့ကို လွတ်အောင်ကူညီခဲ့တာလဲ။ ဘယ်သူက ရဲခေါ်ခဲ့တာလဲ။ ဘယ်သူက လိမ်ညာမှုများကို ဖော်ထုတ်သူ ဆီ ဆက်သွယ်ပြီး ဖြစ်ရပ်ကို တိုက်ရိုက်ထုတ်လွှင့်ခိုင်းခဲ့တာလဲ။

ဤကိစ္စနှင့်ပတ်သက်၍ မဖြေရှင်းနိုင်သေးသော မေးခွန်းများ အများအပြားရှိနေဆဲဖြစ်သည်။

သတင်းဦး ရယူလိုသော ပါပါရာဇီများသည် အခင်းဖြစ်ပွားရာ နေရာသို့ အပြေးလာကြသော်လည်း ရွှီချဲ သည် သင်္ဘောပေါ်တွင် အကျယ်ချုပ်ဖြင့်ရှိနေဆဲဖြစ်ပြီး ရဲများသည် သတင်းအချက်အလက်များနှင့်ပက်သပ်၍ ထုတ်ပြန်ခြင်း မရှိသေးပေ။

ရဲမှ မှုခင်းအမှန်တရားအား ထုတ်ပြန်မည်မှာ သေချာသော်လည်း ပါပါရာဇီနှင့် သတင်းထောက်များ၏ တည်ရှိမှု ဆိုသည်မှာ တရားဝင်ထုတ်ပြန်ချက် မတိုင်မီ ပထမဦးစွာ သတင်း ရယူနိုင်ခြင်း မဟုတ်ပါလား။ ထုတ်ပြန်ချက်ကို စောင့်မည်ဆိုပါက သူတို့၏ တည်ရှိမှုအဓိပ္ပာယ်မှာ အဘယ်သို့ ဖြစ်သွားမည်နည်း ။

ကြည့်ရှုသူများ စိတ်လှုပ်ရှားနေကြသည်။ ပထမဆုံးသတင်း သာလျှင် အလတ်ဆတ်ဆုံးနှင့် အရသာအရှိဆုံးဖြစ်သည် ။

သတင်းထောက်များနှင့် ပါပါရာဇီများသည် သူတို့၏ ကင်မရာများကို Starry Sky Girls နှင့် အခြားသူများအပေါ် စူးစိုက်ထားကြသည်။ ထိုမိန်းကလေးများသည် သားကောင်များဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည့်အတွက် သင်္ဘောပေါ်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပြတ်များကို မျှဝေပေးရမည့်အခြေ‌အနေအား ရှောင်လွှဲ၍ မရပေ။

Starry Sky Girls အဖွဲ့ဝင်အချို့ ဘတ်စ်ကားပေါ်သို့ တက်ကာ အနားယူရန် ပြင်ဆင်နေချိန်တွင် သတင်းထောက်များ ဝိုင်းရံလာကာ သူတို့အား စိတ်ရှုပ်စေခဲ့သည်။

စုန့်ယွီနင် မှလွဲ၍ Star Girls Group ရှိ အခြားမိန်းကလေးများအားလုံးသည် အသစ်စက်စက်များဖြစ်ကြသည်။ ထိုမိန်းကလေးများတွင် Weibo ပရိသတ် ၁၀၀,၀၀၀ ရှိပြီး ၉၉,၀၀၀ မှာ ကုမ္ပဏီမှ ဝယ်ယူထားခြင်းဖြစ်သည်။ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ကင်မရာမီးချောင်းများ၊ မရေမတွက်နိုင်သော မိုက်ကရိုဖုန်းများ ရှေ့သို့ရောက်လာသည်ကို ရင်ဆိုင်ရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြသည်။

သတင်းထောက်များနှင့် ပါပါရာဇီများ ပြေးလာမည်ကို အမျိုးသမီးရဲအရာရှိမှာ ခန့်မှန်းထားခြင်းမရှိခဲ့ပေ။ ရဲအရာရှိ အချို့သည် နေရာတစ်ခုတွင် အစီအစဉ်တကျရှိစေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စုန့်ယွီနင် တစ်ယောက်သာ အတန်ငယ် စိတ်တည်ငြိမ်နေခဲ့သည်။ သူမသည် အနည်းငယ် နာမည်ကြီးပြီးသားဖြစ်ကာ အင်တာဗျူးများ မကြာခဏ လက်ခံရလေ့ရှိသည်။ ထို့ကြောင့် သူမသည် စိတ်တည်ငြိမ်စွာဖြင့် အခြားညီအစ်မများရှေ့တွင် ရပ်တည်ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းသည့် အင်တာဗျူးတစ်ခုသာဖြစ်သည်။

သူမသည် လမ်းတစ်ဝက်တွင် ချင်းမော့ ကြောင့် သတိလစ်နေခဲ့သော်လည်း တစ်လျှောက်လုံး ရှချန်းချန်းနောက်မှ လိုက်ခဲ့သည့်အတွက် ဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့သည်။

ကုံသန်း သည် ချက်ချင်းပင် စုန့်ယွီနင်ရှေ့သို့ မိုက်ကရိုဖုန်းအား ကပ်ထားလိုက်သည်။

“မစ္စ စုန့်ယွီနင်၊ ခုနက ရဲက ဒီမှုခင်းကို ဖြေရှင်းနိုင်သွားတာဟာ မင်းရဲ့ကျေးဇူးကြောင့်လို့ ပြောခဲ့တယ်၊ ရွှီချဲ ရဲ့ အကြံအစည်ကို အချိန်မှီသိပြီး အချိုရည်သောက်ဟန်ဆောင်တယ်၊ ရွှီချဲ နဲ့ တခြားပြန်ပေးဆွဲသူတွေကြားမှာ ပုန်းခိုနေခဲ့တယ်၊ ပြီးတော့ တကယ့်အချိန်မှာ မင်းကို ကိုယ်လုံးတီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ရာဇဝတ်သားနှစ်ယောက်ကို ပန်းအိုးနဲ့ ရိုက်ချခဲ့တယ်ဆိုတာ အမှန်ပဲလား"

စုန့်ယွီနင် : "??"

စုန့်ယွီနင် ၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

ဒီ Marketing Account က သူမအကြောင်းပြောနေတာလား။ ဘာကြောင့် သူမ မှတ်မိတာနဲ့ လုံးဝကွဲလွဲနေရတာလဲ။

စုန့်ယွီနင် ငြင်းဆန်ရန် ပြုစဉ် အနီးရှိ ပါပါရာဇီများ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများဖြင့် တောက်ပလျက်ရှိသည်။

"နင်နင် အရမ်းအံ့သြစရာကောင်းတာပဲ"

"သူမကအမျိုးသမီးအဖွဲ့ရဲ့ ထိပ်တန်း ကချေသည်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်၊ သူမရဲ့ လှုပ်ရှားမှုတွေက အရမ်းကျွမ်းကျင်တာပဲ ”

"သူမက ရာဇဝတ်သား နှစ်ယောက်ကို သတိလစ်အောင်ပဲလုပ်ခဲ့တာ၊ ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲ၊ စိတ်မပူနဲ့ ညီမလေး”

စုန့်ယွီနင် : "???"

စုန့်ယွီနင် ၏ ခေါင်းထဲတွင် မေးခွန်းများ ပိုမိုပြည့်လျှံလာခဲ့သည်။

ဒီပါပါရာဇီတွေ ဘာတွေပြောနေကြတာလဲ၊ ငါ ဘယ်တုန်းက ဒီလိုအရာတွေ လုပ်ဖူးလို့လဲ၊း။

အနီးအနားရှိ ရှလုလု နှင့် အခြားသူများသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သည် လူများအားလုံးကို ကယ်တင်ရန် ရှချန်းချန်း နှင့် စုန့်ယွီနင်တို့ အတူတကွလာခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိကြသည်။ ရဲများနှင့် သတင်းထောက်များသည် အဘယ်ကြောင့် ရှချန်းချန်းအား တမင်သက်သက် လျစ်လျူရှုထားကြသနည်း။

ရှလုလု ခေါင်းမော့ကြည့်လိုက်သောအခါ သင်္ဘောပေါ်မှ တစ်စုံတစ်ဦး ဆင်းလာသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးမှ အမျိုးသမီးသည် အလွန်မည်းနက်သော လေကာ၀တ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာအများစုကို maskနှင့် အနက်ရောင်ဦးထုပ်ဆောင်းကာ ဖုံးကွယ်ထားသည်။

ထိုအမျိုးသမီးမှာ ရှချန်းချန်း ဖြစ်သည်။

ရှလုလု ချက်ချင်း သဘောပေါက်သွားသည်။

စုန့်ယွီနင်မှာမူ ရှုတ်ထွေးနေဆဲဖြစ်ကာ ရှလုလုသည် စကားဖြတ်ဝင်ပြောလာသည်။

"ဟုတ်တယ် ၊ နင်နင် ကျေးဇူးပါပဲနော် ငါအရှုံးပေးလုနီးပါးဖြစ်နေခဲ့တာ ၊ ငါဘဝတော့ ဒီမှာပဲ အဆုံးသတ်ပြီလို့ ထင်ခဲ့တာ ဒါပေမဲ့ နင်နင် နင်ငါ့ကို ကယ်ဖို့ ရောက်လာခဲ့တယ် ကျေးဇူးအရမ်းတင်ပါတယ်”

ရှလုလုသည် စုန့်ယွီနင်၏ လက်မောင်းအား ချစ်မြတ်နိးဟန်ပြကာ ကိုင်လိုက်သည်၊

“နင်နင် နင်က ငါ့အပေါ် အရမ်းကောင်းတာပဲ "

စုန့်ယွီနင် : "မဟုတ်သေးပါဘူး”

ဒီသတင်းထောက်တွေ ဒီကိစ္စကို အထင်လွဲနေတာက လက်ခံပေးလို့ရသေးတယ် ၊ သူတို့နားမလည်တာက သဘာဝကျတယ်၊ ဒါပေမဲ့ ရှလုလု ကရော ဘာကြောင့် မဟုတ်မတရားတွေ ထ ပြောနေရတာလဲ။

စုန့်ယွီနင် ၏ မျက်လုံးများတွင် ရှုတ်ထွေးမှုများဝန်းရံနေသည်။

"ငါဘာကြောင့် မင်းကိုကယ်တင်ဖို့လာတာလဲ ဒါက ငါနဲ့..."

"နင်..နင်တစ်ယောက်တည်းလာခဲ့တာ"

ရှလုလု ကြားဖြတ်ပြောကာ အလေးပေးပြောဆိုနေသည်။

“နင်နင်က တကယ့်ကို အံ့သြစရာကောင်းလွန်းတယ် ၊ သူက ဒီလိုအန္တရာယ်ရှိတဲ့အခြေအနေကို မကြောက်ဘူး ၊ နင်နင်သာ မရှိရင် ငါတို့အားလုံး ခုချိန်ဆို သေကုန်လောက်ပြီ”

"ဟင်"

စုန့်ယွီနင် ၏ မျက်နှာအမူအရာသည် မြေအောက်ရထားပေါ်တွင် ဖုန်းစစ်ဆေးနေသော လူကြီးတစ်ဦးနှင့် တူနေပြီဖြစ်သည်။

အနီးနားရှိ အခြား မိန်းကလေးများသည် ရှုပ်ထွေးနေကြသော်လည်း သူတို့၏ အဖွဲ့ခေါင်းဆောင် ပြောသည့်စကားအား ကြားပြီးနောက် ပါဝင်ပြောဆိုလာကြသည။

“ဟုတ်တယ် ဟုတ်တယ်၊ နင်နင်၊ ရှင်က ကျွန်မတို့ကို ကယ်တင်ဖို့လာခဲ့တာ "

"ရွှီချဲရဲ့ လက်ထောက်နှစ်ယောက်ကို ရှင်က ပုလင်းနဲ့ရိုက်ပြီး သတိလစ်အောင်လုပ်ခဲ့တာမလို့ သူတို့လိုက်လာနိုင်မှာမဟုတ်ဘူး ဆိုပြီး ရှင်ကိုယ်တိုင် ကျွန်မတို့ကို စိတ်မပူဖို့ပြောခဲ့တာ”

"နင်နင် နင်ငါတို့ကို ကယ်ဖို့ လာတုန်းက နင့်ရဲ့ပုံစံက အရမ်းမိုက်နေတာပဲ၊ ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေနေသလိုပဲ အရမ်းမိုက်တယ် "

"နောက်ပိုင်းမှာ ရွှီချဲ မိသွားခဲ့ပေမဲ့ နင်နင်က သူ့ရဲ့အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့တယ်၊ သူ့ရဲ့ထွက်ဆိုချက်ကို “ လိမ်ညာမှုများကို ဖော်ထုတ်သူ” ဆီကိုတောင် ပို့ပေးခဲ့သေးတယ် ၊ နင်နင် ရှင်က အရမ်းတော်တာပဲ”

စုန့်ယွီနင် : ???

အခြားသော မိန်းကလေးများ၏ ချီးကျူးမှုများသည် စုန့်ယွီနင်အား ပို၍ပင် ရှုတ်ထွေးစေခဲ့သည်။ သူမ၏ မှတ်ဉာဏ်သည် ထိုကဲ့သို့ မဟုတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သို့သော် တစ်ဦးတည်း၏ မှတ်ဉာဏ်အား လူခြောက်ဦး၏ မှတ်ဉာဏ်နှင့် နှိုင်းယှဉ်လျှင် လူခြောက်ဦး မှားယွင်းနိုင်ခြေမရှိဟု မှတ်ယူနိုင်သည်။

ထို့ကြောင့် သူမသာ မှားယွင်းနေခြင်းဖြစ်သည်။

သူမ၏ မှတ်ဉာဏ်သည် အမြဲတမ်းတော့ ကောင်းမွန်ခဲ့သည်မဟုတ်ပေ။

ကုံသန်း ဆက်လက် ပြောဆိုလာသည်။

“မစ္စစုန့်ယွီနင်၊ လူတိုင်းကဒီလိုပြောနေကြတာဆ်ိုတော့ ဒါကအမှန်ပဲဖြစ်မယ် "

အခြား ပါပါရာဇီတစ်ဦးသည်လည်း စကားဝင်ပြောလာ၏။

"ဟုတ်တယ်၊ ဟုတ်တယ်၊ နင်နင် မင်း ရွှီချဲကိုဘယ်လိုလှည့်စားခဲ့တာလဲ မျှဝေပေးနိုင်မလား၊ သူ့ကိုမင်းဘယ်လိုလုပ်ပြီး အရာအားလုံး ဝန်ခံအောင် လုပ်ခဲ့တာလဲ "

စုန့်ယွီနင် ၏ မျက်နှာတွင် ရှက်ကြောက်စိတ်နှင့် မသက်မသာဖြစ်နေသော အမူအရာပေါ်လွင်နေသည်။ စဉ်းစားပြီးနောက် မရဲတရဲနှင့် ပြောလိုက်သည်။

"ရွှီချဲ သိသွားတော့ ကျွန်မ တမင်တကာ သူ့ကိုဖျားယောင်းခဲ့တာ "

"ဟုတ်တယ်၊ ဟုတ်တယ် Recording ထဲကအတိုင်းပဲ ၊ ဆက်ပြောပြပေးပါ”

စုန့်ယွီနင် အနည်းငယ် ရဲရင့်လာသည်။

"ပြီးတော့ သူ့ကို အငိုက်ဖမ်းပြီး အမှန်အတိုင်းပြောလာအောင် လှည့်စားခဲ့တာ၊ အိုခေ အသေးစိတ်ကတော့ Recording ထဲမှာရှိတဲ့အတိုင်းပါပဲ၊ ရှင်တို့ကြားပြီးသားပဲ ဟုတ်တယ်နော်"

"ဒါပဲကွ"

ကုံသန်း လက်ခုပ်တီးကာ ဦးဆောင်သည်။

“မစ္စ စုန့်ယွီနင် မင်းတကယ့်ကို အံ့သြဖို့ကောင်းတာပဲ "

“နင်နင် မင်းကအရမ်းတော်တာပဲ၊ ဒီလိုမျိုး အကြံဉာဏ်ကောင်းတွေ စဉ်းစားတတ်တယ်၊ ဒီနှစ်ရဲ့ Draft မှာ 3A ရဖို့ထိုက်တန်တယ် "

“ နင်နင်၊ မင်းက ပြိုင်ပွဲဝင်တွေကိုသာမက ရွှီချဲ လက်ထဲမှာရှိတဲ့ တခြားအရာတွေကိုပါ ကယ်တင်ခဲ့တာပဲ "

"နင်နင် မင်းက အကောင်းဆုံးပဲ”

...

စုန့်ယွီနင်သည် ပတ်ဝန်းကျင်မှ လူများ၏ ချီးကျူးမှုများအား နားထောင်လျက် သူမ၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ ပြည့်နေသော်လည်း ပျော်ရွှင်စွာ ပြုံးရယ်နေမိသည်။

အိုး... ဒီလိုချီးကျူးခံရတဲ့ ခံစားချက်က ဘယ်လောက်တောင် ကောင်းလိုက်သလဲ၊ ဘာလိုလုပ်ရမလဲ။

သူမက အရမ်းမိုက်တယ် လူအများကြီးကို ကယ်တင်နိုင်ခဲ့တယ်။

သူမက အရမ်း စိတ်ထားမြင့်မြတ်တာပဲ။

စုန့်ယွီနင် သည် စက္ကန့်အနည်းငယ်ကြာ ဝမ်းသာပျော်ရွှင်နေမိ သော်လည်း ရုတ်တရက် သူမ၏ လက်ချောင်းထိပ်တွင် စူးရှသောနာကျင်မှုတစ်ခု ခံစားလိုက်ရသည်။

လက်ချောင်းထိပ်များသည် ကျိုးပဲ့နေသော ဖန်အပိုင်းအစတစ်ခုနှင့် ပွတ်တိုက်မိသကဲ့သို့ ရှိနေကာ အနည်းငယ်နက်နက်ရှိုင်းရှိုင်း ရှထားပြီး ပါးလွှာသော သွေးအလွှာတစ်ခု စိမ့်ထွက်နေသည်။

စုန့်ယွီနင်၏ မှတ်ဉာဏ်သည် ချက်ချင်းပင် တစ်နာရီထက် မကသော အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အခန်းတံခါးသည် ဘဲလ်သံမြည်ကာ ဖွင့်လှစ်ခံခဲ့ရပြီး ရှချန်းချန်းသည် မတွန့်ဆုတ်ဘဲ ဖွင့်လိုက်သည်။ သူမသည် အနီးအနားရှိ စားပွဲပေါ်မှ ဖန်ပန်းအိုးကို ကိုင်ယူကာ ဝင်ရောက်လာသော လက်ထောက်ယောက်ျား၏ ဦးခေါင်းပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

သူမ၏ လှုပ်ရှားမှုများသည် အလွန်မြန်ဆန်‌နေခဲ့ပြီး စုန့်ယွီနင်မှာမူ အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ လွှင့်ပျံလာသော ဖန်စများသည် သူမ‌ပေါ်မှ ဖြတ်ကာ သူမ၏ လက်ချောင်းထိပ်တွင် အသေးစား ရှရာတစ်ခု ဖြစ်စေခဲ့သည်။

ဒဏ်ရာသည် အလွန်သေးငယ်သောကြောင့် စုန့်ယွီနင်သည် အလွန်တင်းမာနေသော အခြေအနေတွင် နာရန်မေ့နေခဲ့သည်။

သို့သော် ဒဏ်ရာ၏ တည်ရှိမှုကြောင့် အတိတ်နှင့် အနာဂတ်တို့သည် သူမ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။

စုန့်ယွီနင်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ကျယ်လာသည်။

ဘယ်လိုတောင် ကလိမ်ကကျစ်ကျတဲ့ ကယ်ဆယ်မှုကြီးလဲ။ အဲဒါ ရှချန်းချန်းကိုယ်တိုင် လက်ထောက်ယောက်ျား နှစ်ယောက်ကို သတိလစ်အောင်လုပ်ခဲ့တာ။ သူမရဲ့ နည်းစနစ်တွေက သပ်ရပ်ပြီး အဆင်ပြေတဲ့အပြင် ဓားစာခံကို လှည့်ကွက်သုံးပြီး လိမ်တဲ့နေရာမှာလည်း တော်တာပဲ။

စုန့်ယွီနင် သည် အမှန်တရားအား ပြောပြရန် ပြင်နေစဉ် ခေါင်းမော့ကြည့်မိရာ မဝေးသော နေရာတွင် ရှချန်းချန်းအား မြင်လိုက်ရသည်။

သူမသည် အမည်းရောင် လေကာဝတ်စုံကို အကြပ်အတည်း ဝတ်ဆင်ထားသဖြင့် သူမ၏ မျက်နှာအမူအရာအား လုံးဝမြင်တွေ့နိုင်ခြင်းမရှိပေ။ သူမ လက်ထဲရှိ ထက်ဝက်ကျိုးပဲ့နေသော ဖန်ပန်းအိုးအား မြင်ရသောအခါ စုန့်ယွီနင်သည် ဤအရာမှာ အိပ်မက်မဟုတ်ကြောင်း သတိဝင်လာခဲ့သည်။

စုန့်ယွီနင် ထိတ်လန့်သွားခဲ့ပြီး ကျောပြင်တွင် ချမ်းစိမ့်ကာ ကြက်သ်ိန်းထလာသည်။

သူမ အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။

သူမရှေ့ရှိ ပါပါရာဇီများသည် အမှန်တရားများ သိရှိပြီး ဖြစ်ကာ သူမအား လှည့်စားနေကြခြင်းဖြစ်သည်။

ရှချန်းချန်းသည် သူမအား ခြိမ်းခြောက်နေခြင်းဖြစ်သည်။ သူမ၏တည်ရှိမှုအား မဖော်ပြရန် ခြိမ်းခြောက်နေခြင်းဖြစ်သည်။

သူမသည် “ လိမ်ညာသူများကို ဖော်ထုတ်သူ” ဖြစ်ကြောင်း အခြားသူများ မသိရှိစေရန်၊ သိရှိခြင်းမှ ကာကွယ်ရန် သူမအား ခြိမ်းခြောက်နေခြင်းဖြစ်သည်။

သူမပြောပြခဲ့မည်ဆိုလျှင် သူမဘဝ အဆုံးသတ်သွားမှာ အသေအချာပင်။

ရှချန်းချန်း၏ ကျွမ်းကျင်မှုများသည် သူမ၏ သေးငယ်သောဦးခေါင်းအား အလွယ်တကူ ခွဲပြစ်နိုင်သည်မှာ ပြောစရာပင်မလိုပေ။ “လိမ်ညာသူများကို ဖော်ထုတ်သူ” အကောင့်မှ ပြောသည့် မည်သည့်အရာမဆို သူမအား စွဲချပြစ်နိုင်သည်။

သူမသည် လေ့ကျင့်သင်ကြားနေဆဲ လူငယ်တစ်ဦးသာဖြစ်သည်၊ မူးယစ်ဆေးတိုက်ခံခဲ့ရသည်၊ ပြန်ပေးဆွဲခံခဲ့ရပြီး မုဒိမ်းမှုကျူးလွန်ခြင်းခံခဲ့ရဖူးသည်၊ ယခု ဤအရာအားလုံးကို ကြုံတွေ့နေရသည်။

သတင်းထောက်တစ်ဦးသည် စုန့်ယွီနင် ၏ မျက်နှာအမူအရာ မူမမှန်ကြောင်း သတိထားမိကာ မေးမြန်းလိုက်သည်၊

“မစ္စ စုန့်၊ မင်းရဲ့မျက်နှာအမူအရာက မူမမှန်ဘူး၊ ဒီဖြစ်ရပ်နောက်ကွယ်မှာ နောက်ထပ်ဇာတ်လမ်း ထပ်ရှိသေးတာလား"

စုန့်ယွီနင်၏ နှလုံးသားသည် နာကျင်လာပြီး ငိုချင်သော်လည်း မျက်ရည်မကျနိုင်ခဲ့ပေ။

"မရှိပါဘူး၊ ဒါတွေအားလုံးကို ကျွန်မဖြေရှင်းခဲ့တာ၊ ကျွန်မပါကျွန်မပါ၊ အားလုံး ကျွန်မ လုပ်ခဲ့တာ”

ကုံသန်း သည် အင်တာဗျူးရလဒ်အား အလွန်ကျေနပ်ကာ သူအကျဉ်းချုံးထားသော "အမှန်တရား" အား အွန်လိုင်းပေါ်တွင် မြန်မြန်ဆန်ဆန် ဖြန့်ဝေခဲ့သည်။

ဆောင်းပါးသည် စုန့်ယွီနင် ဉာဏ်ရည်ဉာဏ်သွေးနှင့် သတ္တိကို ချီးကျူးဂုဏ်ပြုကာ သူမအား အမျိုးသမီးအဖွဲ့၏ ဇာတ်လိုက်အဖြစ် သရုပ်ဖော်ခဲ့သည်။ သင်္ဘောပေါ်ရှိ စုန့်ယွီနင်သည် သူမ အတွင်းရေးမှူးအကူအညီနှင့် “လိမ်ညာသူများကို ဖော်ထုတ်သူ”၏ ပြင်ပပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အခင်းဖြစ်ပွားရာ နေရာရှိ မိန်းကလေးအားလုံးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

[နင်နင် လုပ်သွားတာ အရမ်းကောင်းတယ်၊ နင်နင်နဲ့ ကျီကျီကို ကျေးဇူးတင်ပါတယ်]

[နင်နင်က နူးညံ့သိမ်မွေ့ပုံရပေမဲ့ အတွင်းမှာ ဒီလောက်သန်မာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး]

[ငါတို့နင်နင်က အရမ်းသန်မာတာပဲ ဟုတ်တယ်မလား၊ အမျိုးသမီးအဖွဲ့ မှာ အရင်က သရုပ်ဆောင်တွေက အနိုင်ကျင့်ခံခဲ့တယ်၊ ဒါပေမဲ့အခု သူမက ရဲရင့်စွာထွက်ပေါ်လာခဲ့တယ်]

[ဒီနှစ် Galaxy Girls က မိန်းကလေးတိုင်းကို ကြိုက်တယ်၊ ကောင်မလေးတွေ မထိခိုက်ပဲ လေ့ကျင့်မှုပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်]

လိမ်ညာသူများကို ဖော်ထုတ်သူ နှင့် စုန့်ယွီနင်တို့အား ချီးကျူးဂုဏ်ပြုသော မှတ်ချက်များအလယ်တွင် ကွဲပြားသော မှတ်ချက်များလည်း ပေါ်ပေါက်လာခဲ့သည်။

[အစောပိုင်းရိုက်ကူးမှုတုန်းက မိန်းကလေးလေ မှုန်ဝါးနေပေမဲ့ သူက ခုခံခြင်းမရှိဘဲ ယောက်ျားဆီကိုချဉ်းကပ်နေတာကို သတိထားမိကြလား ]

[အဲပုံက ချင်းမော့ဆိုတာ သေချာတယ်၊ ငါသူ့ကို အကြာကြီး လိုက်စောင့်ကြည့်နေခဲ့တာ ၊ အနုပညာသတင်းထောက် မီနာ ရဲ့ သတင်းအချက်အလက်အရ သူမက လုံးဝသတိလစ်နေတာမဟုတ်လောက်ဘူး]

[နင်နင်ကို ချင်းမော့က ရိုက်ခဲ့တာ၊ အဲကိစ္စက ချင်းမော့ အတင်းအကျပ် ခိုင်းစေခံရတာမဟုတ်ဘူး၊ သူဆန္ဒအလျောက်လုပ်ခဲ့တာ]

[ညီအစ်မတွေ ဖုန်းပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုကိုသိရတုန်းက စိတ်သက်သာရာရကြတာ အံ့သြစရာမရှိဘူး၊ ဒါပေမဲ့ ချင်းမော့ တစ်ယောက်တည်းကပဲ ကြောက်ရွံ့ပြီး အော်ဟစ်နေတာ]

[သူကြောက်နေတာလေ၊ အမှန်တရားပေါ်ထွက်မှာကိုလည်း ကြောက်နေတယ်]

[ကိုယ်က ခန္ဓာကိုယ်နဲ့ပဲ ထိပ်ကိုရောက်မယ်ထင်ရင် ပြည့်တန်ဆာအလုပ် ပြောင်းလုပ်ပါလား]

[ပြည့်တန်ဆာနဲ့ ဘာကွာလဲ၊ သူက အရည်အချင်းရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို အရင်ကတည်းက နှိမ့်ချပြောဆိုခဲ့တယ်၊ သူ့ကိုယ်ပိုင်စွမ်းရည်တွေအကြောင်းကျ ဘာရှိလို့လဲ]

[သူ သရုပ်ဆောင်တဲ့ စကေးကလည်း ဆိုးရွားတယ်]

[သူချက်ချင်းနှုတ်ထွက်သင့်တယ်၊ သူ့လိုမိန်းကလေးမျိုး မမြင်ချင်တော့ဘူး]

...

ချင်းမော့သည် မိနီဘတ်စ်ကားပေါ်တွင်သာ နေပြီး ဆင်းရန်မဝံ့ရဲခဲ့ပေ။

သူမ၏ မျက်လုံးများသည် အနည်းငယ်နီရဲနေပြီး ပခုံးများသည်လည်း ထိန်းချုပ်မရဘဲ တုန်ရီနေခဲ့သည်။

ဘတ်စ်ကားပေါ်မတက်မီ ရဲအရာရှိသည် လူတိုင်း၏ဖုန်းများကို ပြန်ပေးခဲ့သည်။ ချင်းမော့သည် ၎င်းတို့အား ကြည့်ရှုရန် မဝံ့ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အင်တာနက်ပေါ်တွင် သူမအား ကျိန်ဆဲနေကြသည်ကို ကြည့်စရာမလိုဘဲ သိရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။

သူမ တန်ဖိုးမထားသောအရာအား စတေးခြင်းဖြင့် သူမ၏အလုပ်အကိုင်တိုးတက်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤသို့ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ဘာကြောင့်လဲ။

သူမသည် အောင်မြင်မှုအား လိုချင်မိခြင်းသာဖြစ်ပြီး ဤမျှခက်ခဲရသည်မှာ အဘယ်ကြောင့်နည်း။

စုန့်ယွီနင် နှင့် အခြားသူများ အင်တာဗျူးပြီးဆုံးသွားသောအခါ မိနီဘတ်စ်ကားသို့ ပြန်လာခဲ့ကြသည်။ ဘတ်စ်ကားပေါ်တွင် သူတို့သည် ချင်းမော့မှာ ခေါင်းတစ်ခြမ်းစောင်းဥ အဖွဲ့အား ကျောခိုင်းထားပြီး ငေးငိုင် ငိုကြွေးနေသည်ကို သတိထားမိကြသည်။

လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။ မည်သူမျှ စကားမပြောကြသော်လည်း ချင်းမော့အား လွတ်ထားပေးခြင်းဖြင့် သူတို့ကြားတွင် ကွဲပြားခြားနားသော အတားအဆီးတစ်ခု ဖန်တီးခဲ့ကြသည်။

"နင်တို့အားလုံး ငါ့ကို မကြိုက်တာ ငါသိတယ်၊ ပြောစမ်းပါ”

ချင်းမော့သည် Starry Sky Girls Group မှ မိန်းကလေးများ သူမအား တမင်ရှောင်ကြဉ်နေသည်ကို သတိထားမိသောကြောင့် စိတ်ဆိုးဒေါသထွက်နေခဲ့သည်။ သို့သော် သူမ၏ အားကောင်းသောအသံထဲတွင် မျက်ရည်များ ပါဝင်နေခဲ့သည်။

"ငါ နာမည်ကြီးချင်တာ၊ ကျော်ကြားချင်တာ ဒါမှားနေလား ၊ နင်တို့အားလုံးလည်း ဒါကိုလိုချင်ကြတာပဲ မဟုတ်လား ငါတို့အားလုံး နာမည်ကြီးချင်ကြတယ်၊ ကျော်ကြားချင်ကြတယ် ဘယ်သူက ဘယ်သူ့ထက်မြင့်မြတ်နေလို့လဲ”

"နာမည်ကြီးချင်တာ၊ ကျော်ကြားချင်တာမှာ မမှားပါဘူး"

ရှလုလု အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်။

"ငါတို့အားလုံးမှာ အိပ်မက်တွေရှိတယ်၊ ဒါပေမဲ့ အခြားသူတွေကို ထိခိုက်အောင်လုပ်ပြီး အောင်မြင်မှုရယူတာမျိုးတော့ မလုပ်ဘူး”

"ငါက ဘယ်လိုလုပ်ပြီး အခြားသူတွေကို ထိခိုက်အောင်လုပ်မှာလဲ..."

ချင်းမော့ ငြင်းဆိုရန် ကြိုးစားသော်လည်း စုန့်ယွီနင်၏ နဖူးပေါ်ရှိ ပတ်တီးအား မြင်လိုက်ရသည်။ သင်္ဘောပေါ်တွင် စုန့်ယွီနင်အား ပြင်းပြင်းထန်ထန်ရိုက်မိကာ သတိလစ်သွားစေခဲ့ကြောင်း အကောင်းဆုံး သက်သေ အထောက်အထားဖြစ်သည်။

စုန့်ယွီနင် သူမအား ကယ်တင်ရန် ရောက်ရှိလာခဲ့သော်လည်း သူမသည် စုန့်ယွီနင်၏ ဦးခေါင်းအား ရိုက်ခဲ့မိသည်။

မမြင်ရသော စည်းမျဉ်းစည်းကမ်းများသည် ဖျော်ဖြေရေးလောက၌ မရှား‌ပါးပေ။

ထုတ်လုပ်မှုတစ်ခုရှိ သရုပ်ဆောင်အချို့သည် ရင်းနှီးမြှုပ်နှံသူများ၏ ရည်းစားများလည်း ဖြစ်နေတတ်သည်။ နောက်ဆုံးတွင် ငွေပေးချေခဲ့ကြပြီး တစ်စုံတစ်ဦးအား ထည့်သွင်းခြင်းသည်လည်း နားလည်နိုင်သောကိစ္စ ဖြစ်သည်။ ထိုအရာသည် အမျိုးသားစာမေးပွဲမဟုတ်သောကြောင့် မမျှမတဖြစ်နေနိုင်သည်။

လူတိုင်းသိကြသည့် အရာ ဖြစ်သောကြောင့် ထိုအရာအား အထူးတလည် ဖော်ထုတ်မည်မဟုတ်ပေ။

သို့သော် မည်သို့ပင်အောင်မြင်စေကာမူ အခြားသူများ ထိခိုက်စေခြင်းဖြင့် အောင်မြင်မှု မယူသင့်ပေ။

ချင်းမော့သည် မက်တပ်ရပ်ကာ ရှလုလုနှင့် အခြားသူများအား ရင်ဆိုင်ခဲ့သော်လည်း ယခုအခါတွင် သူမ၏ကျောရိုးသည် ပျော့ခွေသွားပြီး ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့သည်။

“ချင်းမော မင်းဒီလိုခံရတာ ဖြစ်သင့်တယ်”

Star Entertainmentမှာ ပျောက်ကွယ်သွားလေပြီ။

အနာဂတ်တွင် မည်သည့်ကုမ္ပဏီကမျှ သူမနှင့် လက်မှတ်ရေးထိုးရန် မဝံ့ကြတော့ပေ။

ချင်းမော့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးမျာအား ပိတ်လိုက်သည်။

ဤအကြိမ်တွင်တော့ သူမ အဆုံးသတ်သွားတော့မည်ဟု သိနေခဲ့သည်။

ထိုအတောအတွင်း ရွှီချဲသည် သင်္ဘောပေါ်ရှိ မှုခင်းများအား ဝန်ခံခဲ့ပြီး ရဲများမှ ထိုသူတို့အား ဖော်ထုတ်ခဲ့သည်။ သူသည် ယခုကဲ့သို့ စိတ်ဓာတ်ကျခြင်း မရှိခဲ့ဖူးပေ။ကြေကွဲဖွယ်ခွေးတစ်ကောင်၏ပုံစံဖြင့် ခေါင်းငုံ့နေခဲ့သည်။

တစ်ချိန်က လူကြိုက်များသော အိုင်ဒေါသည် ယခုအခါ သံဆူးကြိုးဖြင့်ချည်နှောင်ထားသော အကျဉ်းသားတစ်ဦးဖြစ်လာခဲ့သည်။ ရွှီချဲသည် ခေါင်းမော့ကြည့်ရန်ပင် မဝံ့ရဲခဲ့ပေ။ သူ့ပတ်ဝန်းကျင်တွင် ကင်မရာမီးချောင်းများ လျှပ်တစ်ပြက်ထွန်းညှိခဲ့သော်လည်း ရွှီချဲသည် မည်သူများ ကြည့်နေသည်ကို မြင်နိုင်ခြင်းမရှိဘဲ ခေါင်းပင် မဖော်ရဲတော့ချေ။

ခေါင်းငုံ့လျက် လမ်းလျှောက်နေစဉ် မဝေးလှသောနေရာတွင် မိန်းကလေးတစ်ဦး၏လက်ထဲမှ ပန်ကာတစ်ခုး မြင်တွေ့လိုက်ရသည်။

ထိုပန်ကာပေါ်တွင် သူ၏ပုံ ကပ်ထားလေသည်။

ဤအခိုက်အတန့်တွင်း၌ပင် သူ့အား နှစ်သက်သူရှိနေသေးသည်လား။

တစ်စုံတစ်ယောက်သည် သူ့အား ကာကွယ်နေသေးသလား။

ရွှီချဲ ၏ အေးစက်နေသော နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ခံစားရပြီး နွေးသောစမ်းရေတစ်ခု စီးဆင်းနေသကဲ့သို့ ခံစားရသည်။ သူသည် ခေါင်းမော့ကာ စိတ်လှုပ်ရှားလာသည်။

သို့သော် ထိုမိန်းကလေးသည် သူ့အားမြင်ချိန်တွင် ပန်ကာကို သူ့ထံသို့ ပစ်ချလိုက်သည်

" ရွှီချဲ ရှင့်ကို ကျွန်မအရမ်းစိတ်ပျက်တယ်"

ပန်ကာ၏ ချွန်ထက်သောအစွန်းသည် ရွှီချဲ ၏ ပါးပြင်ပေါ်မှ ဖြတ်သန်းသွားပြီး သွေးစင်တစ်စကျန်ရစ်စေခဲ့သည်။

ထို့နောက် အရာဝတ္ထုအမျိုးမျိုးဖြင့် ရွှီချဲအား ပစ်ပေါက်ကြသည်။ ဆိုင်းဘုတ်များ၊ ပန်ကာများ၊ ရေသေတ္တာများ...

ပရိသတ်များသည် လက်ထဲရှိ မည်သည့်အရာကိုမဆို သူ့အားရိုက်ရန် အသုံးပြုကြသည်။

"ရွှီချဲ နင်က တကယ့်အမှိုက်သရိုက်ပဲ"

"ငါမင်းကို နှစ်နှစ်ကြာကြိုက်နေခဲ့တာ၊ မင်းက ငါ့ရဲ့အသည်းကို ခွေးဆီပစ်ချသလိုဆက်ဆံလိုက်တာပဲ မင်းနဲ့မထိုက်တန်ဘူး”

"ထောင်ထဲမှာပဲနေပါ၊ ထွက်ပြီးဘယ်သူ့ကိုမှ ထပ် မထိခိုက်ပါစေနဲ့"

...

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပရိသတ်များသည် ကျိန်ဆဲသံများအော်ဟစ်ကာ ပစ္စည်းများပစ်ချနေကြပြီး အခင်းဖြစ်ပွားရာနေရာလည်း ရှုပ်ထွေးသွားခဲ့သည်။ အနီးအနားတွင် ရပ်နေသော ရဲအရာရှိ အချို့သည် ချက်ချင်းစုရုံးကာ အစီအစဉ်တကျရှိစေရန် ထိန်းသိမ်းခဲ့ကြသည်။

ရွှီချဲသည်လည်း အံ့အားသင့်သွားခဲ့သည်။

ဤသို့ မဖြစ်သင့်ပေ။

သူသည် စည်ကားနေသော အနာဂတ်ကြယ်တစ်ပွင့်၊ ပြည်တွင်းဖျော်ဖြေရေးလောက၏ နံပါတ်တစ် အိုင်ဒေါဖြစ်ပြီး မိန်းကလေးတိုင်း သူ့အား နှစ်သက်ကြသည်။

ဒီလိုမဖြစ်သင့်ဘူး။ ငါ့ကို ဒီလို ဆက်ဆံရမှာမဟုတ်ဘူး။

ရှချန်းချန်းသာ မရှိခဲ့ရင်၊ ရှချန်းချန်း မရှိခဲ့ရင်၊ သူ အခုအချိန် အဆင့်တစ်ခုအထိ ရောက်နေနေလောက်ပြီမလား။

ရွှီချဲ ၏ မျက်လုံးများတွင် ပြင်းထန်သောအမုန်းတရားများ လည်ပတ်နေခဲ့သည်။ သူ၏ အကြည့်များကို ဓားအဖြစ်သို့ ပြောင်းလဲနိုင်ပါက ရှချန်းချန်းအား အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်မည်ဖြစ်သည်။

လူအုပ်ကြားမှတစ်ဆင့် ရွှီချဲ သည် မဝေးလှသောနေရာ တစ်နေရာတွင် ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားသော လူတစ်ယောက်အား သတိထားမိခဲ့သည်။

ချောင်ချောင်ချိချိရှိသော အနက်ရောင် ကုတ်အင်္ကျီသည် သူမ၏ နူးညံ့သိမ်မွေ့သော ကွေးညွှတ်မှုများကို ဖုံးကွယ်ထားသော်လည်း သူမသည် ကျက်သရေရှိပြီး အစစ်အမှန် အလှတရားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရှိရသည်။

ထိုလူမှာ မိနီဘတ်စ်ကားဘေးတွင် ရပ်နေသော ရှချန်းချန်း ပင်ဖြစ်သည်။

ရွှီချဲ၏ ပြင်းထန်သော အမျက်ဒေါသသည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ လူနှစ်ဦးသည် မီတာ နှစ်ဆယ်ကျော်ခွာနေပြီး အမျက်ဒေါသဖြင့် အမြင်မှုန်ဝါးကာ သူ၏စိတ်သည် လုံးဝထိန်းချုပ်မရခဲ့ပေ။ သူသည် သူ့ဘေးရှိ စုံထောက်အား တွန်းဖယ်လိုက်ပြီး လက်ထိခတ်ထားသော လက်များဖြင့် စုံထောက်၏ ခါဘေးရှိ သေနတ်ကို ဆုပ်ကိုင်လိုက်သည်။ သေနတ်အား မြန်ဆန်စွာ ပစ်ခတ်လိုက်သည်။

ပရိသတ်များ၏ ဆူညံမှုကြောင့် အစီအစဉ်တကျရှိစေရန် ထိန်းသိမ်းနေသော စုံထောက်သည် ရွှီချဲ၏ တိုက်ခိုက်မှုအား မျှော်လင့်မထားခဲ့ပေ။ သို့သော် နှစ်ပေါင်းများစွာ ကျွမ်းကျင်မှုကြောင့် သေနတ်အား တင်းတင်းကျပ်ကျပ်ကိုင်ထားခံ့ပြီး လုယူခြင်းမှ တားဆီးနိုင်ခဲ့သည်။

ရွှီချဲသည် ထို့နောက် သေနတ်အား ရှာဖွေကာ ရှချန်းချန်းအား ပစ်မှတ်ထားလိုက်သည်

"ရှချန်းချန်း မင်းကိုငါသတ်မယ်!! သတ်မယ်!”

သေနတ်သံသည် ဆိပ်ကမ်းတွင် ညဉ့်ကို ထိုးဖောက်ကာ ရှချန်းချန်း ထံသို့ တိုက်ရိုက်ပစ်ခတ်လိုက်သည်။

မည်သူမျှ ပြင်ဆင်ထားခြင်းမရှိပေ။

ပရိသတ်များမဟုတ်၊ ရဲများမဟုတ်၊ သေချာပေါက် ရှချန်းချန်းလည်း မဟုတ်ပေ။

ရွှီချဲ၏ သေနတ်မှ မီးပွားများထွက်သည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှချန်းချန်း ၏ ဦးနှောက်သည် သူမတွင် စနစ်နှင့်အတူ သန်းပေါင်း ငါးဆယ်ကျော် ဂုဏ်သတင်းရှိနေသေးသည်ဟူသော အချက်အား သတိရသွားခဲ့သည့်။ သီအိုရီအရ သူမအား ဆယ့်သုံးနှစ် အသက်ရှင်ခွင့် ပေးဦးမည်ဖြစ်သည်။

သို့သော် ထိုသို့ အမှန်တကယ်ဖြစ်နိုင်ခြေမရှိပေ။

သီအိုရီသည် အမြဲတမ်း လက်တွေ့နှင့် မညီညွတ်ပေ။

ရှချန်းချန်း အရှုံးပေးရန် အဆင်သင့် ဖြစ်နေစဉ် ရုတ်တရက် လူတစ်ယောက်သည် သူမရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာကာ သူမအား တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။

သေနတ်နှုတ်ခမ်းဝမှ မီးပွားများပေါက်ကွဲသည့်အခိုက် သေနတ်သံကြားရသည့်အချိန်တွင် သူသည် မတွန့်ဆုတ်ဘဲ ရှေ့ဆုံးမှ ပြေးဝင်လာခဲ့သည်။

မီးခိုးနံ့သည် သူမ၏အာရုံခံစားမှုအား ဝင်ရောက်စီးနင်းကာ ခြေလက်အစိတ်အပိုင်းတိုင်းသို့ စိမ့်ဝင်သွားခဲ့သည်။ အမျိုးသား၏ မှောင်မိုက်သော မျက်လုံးများတွင် နက်ရှိုင်းသော နူးညံ့မှုရှိပြီး သူ့အကြည့်များသည် ခိုင်မာသည်။

ထိုအခိုက်အတန့်တွင် ရှချန်းချန်း ၏ မျက်လုံးများမှ မျက်ရည်များ ကျလာသည်။

စိတ်ပျက်စရာအနည်းငယ်သာရှိခဲ့သော သူမ၏နှလုံးသားသည် အမှောင်နှင့် စိတ်ပျက်ခြင်းတို့ဖြင့် အပြည့်အဝလွှမ်းမိုးခံလိုက်ရသည်။

ရှချန်းချန်း၏ နားလည်မှုအရ လူများတွင် စိတ်ခံစားမှုမရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်ခံစားမှုများ ပေါ်ပေါက်လာသောအခါ အားနည်းချက်တစ်ခု ရှိလာသောကြောင့်ဖြစ်သည်။

ရှချန်းချန်းသည် ယခင်က သူမတွင် အားနည်းချက်မရှိကြောင်း သိရှိခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူမအဖို့ အားနည်းချက်ရှိလာခဲ့သည်။

ဆိပ်ကမ်းတစ်လျှောက် သေနတ်သံနှစ်ကြိမ် အဆက်မပြတ် ထွက်လာခဲ့သည်။ စုံထောက်များသည် ရွှီချဲအား ချက်ချင်းထိန်းသိမ်းကာ မြေပြင်ပေါ်သို့ ဖိထားပြီး လက်နက်များ ပြန်လည်သိမ်းယူခဲ့ကြသည်။

အခင်းဖြစ်ပွားရာ နယ်မြေ ရှုပ်ထွေးသွားခဲ့ပြီး လူအုပ်သည် အော်ဟစ်သံများဖြင့် လုံးထွေး သွားသည်။ ကျန်ရှိနေသော ရဲအရာရှိများသည် အမြန် အစီအစဉ်တကျ ဖြစ်အောင် ပြန်လည်ပြင်ဆင်ကာ လူအုပ်များ ဗရမ်းဗတာ ဖြစ်ခြင်းမှ ကာကွယ်ခဲ့ကြသည်။

ရှချန်းချန်း၏ နှလုံးသားသည် သေမင်း၏လက်ထဲတွင် ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ခံစားရသည်။

အသံများ တုန်ယင်လာသည် စကားပြောချင်သော်လည်း လည်ချောင်းများ ခြောက်သွေ့ကာ ပြောမထွက်နိုင်ဖြစ်လာသည်။

"ရှဲ့ကျစ်ရှင်း..."

ရှဲ့ကျစ်ရှင်းသည် သူ၏ ကျယ်ပြန့်သောလက်ဖြင့် ရှချန်းချန်း ပါးကို နူးညံ့စွာပွတ်သပ်နေသည်။ maskဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏နွေးထွေးမှုအား ခံစားရနိုင်ဆဲဖြစ်သည်။

သူသည် အေးဆေးတည်ငြိမ်စွာနှင့်

"ကိုယ် အဆင်ပြေတယ် "

ရွိီချဲ၏ ညံ့ဖျင်းသောသေနတ်ပစ်မှုနှင့် စုံထောက်များ၏အတားအဆီးတို့ကြောင့် နောက်ဆုံးတွင် သေနတ်နှစ်ချက်စလုံးသည် လေထဲသို့သာ ပစ်ခတ်ခဲ့ရပြီး မည်သူ့ကိုမျှ ဒဏ်ရာမရစေခဲ့ပေ။

သို့သော် ရှချန်းချန်း သည် စိုးရိမ်နေဆဲဖြစ်သည်။ သူမသည် ရှဲ့ကျစ်ရှင်း အား သုံးလေးကြိမ်စစ်ဆေးပြီး သူ့ခန္ဓာကိုယ်တွင် ကျည်ဆန်ခေါင်းမရှိကြောင်း သေချာစေပြီးမှသာ သက်ပြင်းချမိခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် သူ့အပေါ် ဤမျှစိတ်ဝင်စားသော ရှချန်းချန်းအား ကြည့်ကာ သူ၏မျက်လုံးများတွင် ဝမ်းသာ မှုများဖြင့် ပြည့်လျှံနေခဲ့သည်။ သူသည် သူမအား ပွေ့ဖက်လိုက်သည်။

"ကိုယ် အဆင်ပြေတယ်၊ ချန်းချန်း ကိုယ် တကယ်အဆင်ပြေတယ်”

နွေးထွေးသော ပွေ့ဖက်မှုသည် ရှချန်းချန်းအား လွှမ်းခြုံထားသည်။ သူမသည် ဘေးကင်းသော ဆိပ်ကမ်းသို့ ရောက်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏နှလုံးသားအား ဆုပ်ကိုင်ထားသော ကြောက်ရွံ့မှုသည် ပျောက်ကွယ်သွားခဲ့လေ၏။ သို့သော် ရှဲ့ကျစ်ရှင်း သူမအား ဤမျှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသောအခါ ရှချန်းချန်း သည် သူမ၏နှလုံးခုန်သံ ပိုမိုမြန်ဆန်နေသည်ကို ခံစားလိုက်ရ၏။

သူမ၏ အခုန်မြန်နေသော နှလုံးသားအား ပုံမှန်ခုန်နှုန်းအတိုင်း ပြန်ခုန်ရန်မှာ မလွယ်ကူတော့ဟု ထင်နေရသည်။

Chapter 74

လိမ်ညာသူများကိုဖော်ထုတ်သူ၏ အရှုပ်အထွေးမှာ ဖျော်ဖြေရေးနယ်ပယ်ကိုသာမက တရုတ်နိုင်ငံတစ်နိုင်ငံလုံးအား လန့်ဖြန့်သွားစေခဲ့သည်။ ဝေ့ပေါ်တွက် ဆွေးနွေးမှုများဖြင့်လွှမ်းမိုးထားကာ ဖိုရပ်တစ်ခုလုံးတွင် ထိုကိစ္စနှင့်သက်ဆိုင်သည့်ခေါင်းစဥ်များနှင့် ပြည့်နှက်နေလေသည်။

လူစိတ်ဝင်စားမှုများတဲ့သူများသည် လိမ်ညာသူများကိုဖော်ထုတ်သူကိစ္စ၏ screenshot များအား ပြလည်မျှဝေခဲ့ကြပြီး ပါဝင်သည့်ရှစ်ဦးလုံးအတွက် ပြစ်ဒါဏ်ချမှတ်ရန်အတွက် တောင်းဆိုနေကြကာ ရွှီချဲနှင့်ဝူရှင်းဘန့်သည်လည်း အပါဝင်ပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်ကြီးများသည် အဆိုပါကိစ္စအားအလွန်ပင်အလေးအနက်ထားကာ ပြည်တွင်းအစည်းအဝေးကို ညတွင်းချင်းပင် ကျင်းပခဲ့သည်။ တရားဝင်ဝေ့ပေါ်အကောင့်မှာလည်း အဆိုပါကြေညာချက်အားထုတ်ပြန်ခဲ့ပြီး ထိုကိစ္စအားသေချာစုံစမ်းစစ်ဆေးရန် ကျန်းချန်သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်လေသည်။

ကျန်းချန်၏အကြီးပိုင်းခေါင်းဆောင်များသည် ထိတ်လန့်တုန်လှုပ်သွားကာ အခြေအနေတစ်ခုလုံးမှာ ညတွင်းချင်းလုံးဝပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် ရှချန်းချန်းမှာမူ ရဲစခန်းတွင်ရှောင်လွှဲချက် ပေးနေရလေသည်။ စစ်ဆေးရေးအားတာဝန်ယူထားရသည့် အရာရှိနှစ်ဦးမှာ တင်းဟုအမည်ရသည့် အမျိုးသမီးရဲအရာရှိတစ်ဦးနှင့် မှတ်တမ်းရေးသည့် အရန်ရဲအရာရှိတစ်ဦးပင်ဖြစ်သည်။

အရာရှိတင်းသည်အလွန်ပင်ဖော်ရွေလေသည်။ ရှောင်လွှဲချက်အားယူပြီးနောက် ရှချန်းချန်းသည် အခြားမိန်းကလေးများအကြောင်းကို မေးမြန်းခဲ့ပြီး အရာရှိတင်းမှာ တိကျသည့်အချက်အလက်များပေးခဲ့လေသည်။

“ကျွန်မတို့လုပ်ဖော်ကိုင်ဖက်တွေ ရွှီချဲကို စစ်ဆေးမေးမြန်းခဲ့တုန်းက သူပြောတာက ဒါကဘော့စ်ကိုတွေ့တဲ့ပထမဆုံးအကြိမ်မလို့ မိန်းကလေးတွေကို ဆေးခတ်ခဲ့တာလို့ ပြောပါတယ်၊ သူတို့တွေက ကောင်မလေးတွေ စိတ်ပြောင်းသွားပြီး လမ်းမှာ အမှတ်အသားတွေချန်ခဲ့မှာစိုးတာနဲ့ သူတို့ရဲ့အစီအစဥ်ကိုဖျက်လိုက်ပြီး လမ်းမှာသတိလစ်သွားအောင် လုပ်လိုက်ကြတာပါ”

“ဒီမိန်းကလေးတွေအားလုံးက အသစ်တွေပါ ပြီးတော့ ဘော့စ်တွေနဲ့မတွေ့ဖူးကြသေးပါဘူး၊ ရှင်းခုံကသူတို့ကိုအများဆုံးအနေနဲ့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့အကတွေပဲ ကခိုင်းဖူးတာပါ၊ မင်းစိုးရိမ်နေတဲ့အရာတွေ ဘာမှမဖြစ်သွားသေးပါဘူး”

ရှချန်းချန်းသည် စိတ်သက်သာရာရရသွားသကဲ့သို့ သက်ပြင်းရှည်ကြီး ချလိုက်ကာ စားပွဲအားဆုပ်ကိုင်ထားသည့် သူမ၏အားမှာလည်း အနည်းငယ်ဖြေလျော့သွားလေသည်။

“နောက်ထပ်တစ်ခုက”

အရာရှိတင်းသည်အသက်ပြင်းပြင်းရှူလိုက်ကာ သူမ၏အမူအယာမှာလေးနက်သွားလေသည်။

“မစ္စရှရဲ့အကောင့် လိမ်ညာသူများကိုဖော်ထုတ်သူမှာ လွန်ခဲ့တဲ့လအနည်းငယ်က ခိုးကြောင်ခိုးဝှက်ကိစ္စတစ်ခုကို ဖော်ထုတ်ခဲ့တာကို မှတ်မိသေးလား”

ရှချန်းချန်း၏မျက်နှာအမူအယာမှာအနည်းငယ်ပြောင်းသွားကာ

“အရာရှိပြောနေတာက ချန်မင်ကျယ်ရဲ့ကိစ္စလား”

အရာရှိတင်းခေါင်းညိတ်လိုက်သည်။

“ဒီအမှုနှစ်ခုက အတော်လေးဆင်တူပြီးတော့ ချန်မင်ကျယ်နဲ့ရွှီချဲရဲ့ အိမ်ကနေရတဲ့ ဖောက်သည်စာရင်းတွေကလည်းထပ်နေပါတယ်”

ပို၍အရေးကြီးသည်မှာ လင်ရှီချန်သည်လည်း ထိုနေ့တွင်ဆေးခတ်ခံလိုက်ရကာ ထိုဆေးမှာ ရှလုလုနှင့်အခြားသူများ ယနေ့ညအခတ်ခံရသည့်ဆေးနှင့်အတူတူပင်ဖြစ်သည်။

“ကျွန်မတို့တွေ ဒီအမှုနှစ်ခုရဲ့နောက်ကွယ်က ကြိုးကိုင်သူ အတူတူပဲဖြစ်မယ်လို့ သံသယရှိမိပါတယ်”

[T/N - ချန်မင်ကျယ်က ပထမဆုံး ဖရဲသီးလေ၊ မှတ်မိတယ်မလား]

ရှချန်းချန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤကိစ္စမှာ သူမတွေ့ရှိထားသည်ထက် ပို၍ရှိသေးသည်ဟု သံသယရှိမိသော်ညား ဆက်နွယ်မှုတွေမှာ ထိုမျှအထိကျယ်ပြန့်လာမည်ဟု မထင်ထားခဲ့ပေ။

အရာရှိတင်းမှ ဆက်ပြောလေသည်။

“မင်းရဲ့အကောင့်က ချုပ်ကိုင်သူကိုနှစ်ကြိမ်တိတိ ဖော်ထုတ်ခဲ့ပြီးပြီ၊ ပြီးတော့ ကျွန်မအထင်အရဆိုရင် သူတို့တွေ မင်းကိုစောင့်ကြည့်နေကြလောက်ပြီ၊ အင်တာနက်သုံးစွဲသူတွေက ရှင်းခုံကမိန်းကလေးနဲ့ စုန့်ယွီနင်က ခံရသူဖြစ်မယ်လို့ခန့်မှန်းထားကြပေမဲ့ သူတို့တွေ မင်းကိုမဖော်ထုတ်နိုင်ကြသေးဘူး၊ ရဲတွေနဲ့တိုင်ပင်ပြီးတဲ့နောက် သူတို့တွေ သတင်းအချက်အလက် ထုတ်ပြန်တဲ့အခါကျရင် မင်းနာမည်ကိုဖယ်ထားဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်”

ဤရဲများ၏ဆုံးဖြတ်ချက်မှာ ရှချန်းချန်းအားကာကွယ်ဖို့ရည်ရွယ်ထားခြင်းဖြစ်ကာ ချုပ်ကိုင်သူထံမှ သံသယဖြစ်ခြင်းမှ တားဆီးထားခြင်းဖြစ်လေသည်။ ရှချန်းချန်းသည်နဂိုက ရဲစခန်းတွင်အမှန်တရားအား လာပြောပြသည်ကို မိသွားမည်ကို စိတ်ပူမိပါသော်ညား ရဲဝန်ထမ်းများသည် ထိုအရာပါ ထည့်သွင်းစဥ်းစားပေးမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကျေးဇူးအများကြီးတင်ပါတယ်”

ရှချန်းချန်းသည် ရိုးသားစွာပြောလိုက်လေသည်။

“မဟုတ်တာ”

ရဲအရာရှိတင်းသည် အားနာစွာပြောလိုက်လေသည်။

“လိမ်ညာသူများကိုဖော်ထုတ်သူက ကျွန်မတို့ကို ကူညီခဲ့တာပဲ၊ ကျွန်မတို့ မင်းကို ဘယ်လိုကျေးဇူးတင်ရမယ်ကိုမသိပါဘူး၊ ဘယ်လိုဖြစ်လို့ ကျွန်မတို့ရဲတွေက မင်းအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်ပါ့မလဲ”

“ပြီးတော့”

အရာရှိတင်းသည် ရှချန်းချန်းဆီသို့တိုးကပ်သွားကာ တိုးတိုးလေးပြောလိုက်လေသည်။

“ကျွန်မ မင်း သတင်းတွေ ဖော်ထုတ်တာကို ကြည့်ရတာကြိုက်တယ်လေ၊ အဲဒါတွေကအရမ်းကိုအမိုက်စားတွေပဲ အထူးသဖြင့် ဖန်ဖန်သတင်းပဲ၊ မင်းပိုပြီးတော့ဖော်ထုတ်သင့်တယ် ကျွန်မသူ့ကိုအရမ်းကြိုက်တာ”

ရှချန်းချန်းသည်ပြုံးလိုက်သည်။ ဤသည်မှာသူမ၏ ဝမ်းကွဲလေးပင်ဖြစ်သည်။

“ကိစ္စမရှိပါဘူး”

“ပြီးတော့ နောက်ထပ်ရှိသေးတယ်”

အရာရှိတင်းသည် သူမ၏မှတ်စုစာအုပ်အားထုတ်လိုက်ကာ လိပ်စာကဒ်တစ်ခုအားထုတ်လိုက်သည်။

“ဒါက ကျွန်မဆရာရဲ့လိပ်စာကဒ်ပါ၊ သူက ဒီနေ့ပိုင်ချန်မှာ တစ်ယောက်ယောက်ကို လိုက်ဖမ်းနေရတာကြောင့်မလို့ ပြန်မလာနိုင်သေးတာပါ၊ သူက သူ့မှာမေးခွန်းမေးစရာတွေ အများကြီးကျန်သေးတယ်လို့ ပြောတယ်၊ ပြီးတော့ သူကျန်းချန်ကိုပြန်လာတဲ့အခါကျရင် မင်းကိုလူကိုယ်တိုင် လာတွေ့ပါလိမ့်မယ်”

ရှချန်းချန်းသည် စိတ်ရှုပ်နေသည့်ပုံပေါက်သည်။ သူမသည် အရာရှိတင်းကို သူမသိသမျှအရာအားလုံး ပြောပြပေးပြီးဖြစ်သည်။ အကယ်၍ သူသာသူမကို ထပ်မေးခဲ့လျှင် အခြားသတင်းအချက်အလက်များအား ထပ်မံမပြောပြနိုင်လောက်တော့ပေ။

အရာရှိတင်းသည် ရှချန်းချန်း၏စိတ်ရှုပ်ထွေးသွားသည့် အမူအယာအားမြင်သွားကာ ရှင်းပြလိုက်သည်။

“ကျွန်မရဲ့ဆရာက မင်းရဲ့အမေကားမတော်တဆအမှုကို တာဝန်ယူထားတဲ့သူပါ၊ သူပြောတာက ဒီကိစ္စနှစ်ခုကမင်းအမေရဲ့ သေဆုံးမှုနဲ့ဆက်နွယ်နေတယ်တဲ့”

ရှချန်းချန်းသည်လန့်ဖြန့်သွားကာ အရာရှိတင်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

အရာရှိတင်းသည် ရှချန်းချန်းအားရဲစခန်းမှ ခေါ်ထုတ်ခဲ့သည်။

တံခါးဝနှင့် အဝေးတွင် “Galaxy Girls”အမှတ်တံဆိပ်ပါရှိသည့် ဆိုင်းဘုတ်ပါသော ဘတ်စ်ကားတစ်စီးအား ရဲစခန်းရှေ့တွင်ရပ်ထားသည်ကိုတွေ့လိုက်ရသည်။

ဒါရိုက်တာကျန်းသည် ပရိုဂရမ်အဖွဲ့သားများ၏ကားအား လူများလာကြိုရန်ရဲစခန်းသို့ ကိုယ်တိုင်ကိုယ်ကျယူဆောင်လာခဲ့သည်။ ဖန်းရော့ရော့သည် သူ၏ဘေးတွင်ရပ်နေကာ စုန့်ယွီနင်အားစောင့်နေခြင်းဖြစ်နိုင်လေသည်။

ဟုန့်ပေါင်ချောင်သည်လည်း သူတို့နှင့်အတူရှိနေလေသည်။

ဟုန့်ပေါ်ချောင်သည် ရှချန်းချန်းအားမြင်လိုက်ချိန်တွင် ချက်ချင်းပင်သူမထံသို့လာခဲ့ပြီး သူ၏မျက်လုံးများထဲမှာ လေးစားမှုများနှင့်ပြည့်နက်နေကာ တီးတိုးပြောလိုက်လေသည်။

“ဒါရိုက်တာရှ ကျွန်တော်အခုလေး တင်လေ့ကျင့်ရေးစခန်းကိုသွားပြီးတော့ ဖန်းရော့ရော့ကိုလွှတ်ပေးခဲ့ပါတယ်၊ ဒါရိုက်တာကျန်းနဲ့တခြားသူတွေက ဒါရိုက်တာရွှီချဲရဲ့ကားထဲမှာရှိနေခဲ့တာကို မသိကြပါဘူး၊ အဲဒါကြောင့် ကျွန်တော် သန့်ရှင်းရေးအမျိုးသမီးက သော့ကိုဖျက်ဆီးပစ်ပြီးတော့ ဖန်းရော့ရော့ကို အိပ်ဆောင်ထဲမှာသော့ခတ်ထားခဲ့တယ်လို့ ပြောထားပါတယ်၊ ဘာမှပြဿနာ မရှိလာလောက်ပါဘူး”

ရှချန်းချန်းသည် စိတ်ကျေနပ်ကာခေါင်းညိတ်လိုက်သည်။ ဟုန့်ပေါ်ချောင်သည်သူ၏အလုပ်အားသေချာလုပ်ခဲ့ကာ သူမ စိတ်သက်သာရာရသွားလေသည်။

တစ်ဖက်ရှိ ဒါရိုက်တာကျန်းနှင့်ဖန်းရော့ရော့မှာမူ စိတ်ပူပင်နေကြကာ မိန်းကလေးခုနစ်ဦးလုံး ဘေးကင်းလုံခြုံသည်ကို တွေ့လိုက်ရမှစိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အားချလိုက်နိုင်လေသည်။

ဒါရိုက်တာကျန်းသည် အဖေအိုကြီးတစ်ဦးကဲ့သို့ပွစိပွစိပြောနေလေသည်။

“မင်းတို့တွေ ငါ့ရဲ့ရှိုးမှာပါဝင်ဖို့အတွက် စာချုပ်ချုပ်ခဲ့ကြတာလေ၊ တကယ်လိုတစ်ခုခုသာဖြစ်သွားခဲ့ရင် ငါမင်းတို့ရဲ့ မိဘတွေကိုဘယ်လိုရှင်းပြရမှာလဲ၊ တော်သေးတာပေါ့ ဘာမှမဖြစ်သွားတာ၊ အို ပြီးတော့နောင်တစ်ချိန်မှာ ဒီလိုအဖြစ်အပျက်မျိုးထပ်ကြုံရရင် ငါ့ကိုပြောပြလို့ရပါတယ်”

ကောင်မလေးများသည် တစ်ညလုံးလှုပ်ရှားနေရရ၍ အလွန်ပင်ပင်ပန်းနေကြသော်ညား ဒါရိုက်တာကျန်း၏ စိုးရိမ်မှုအား ကြားချိန်တွင်မူ နွေးထွေးမှုကို ခံစားနေရဆဲဖြစ်ကာ နာခံစွာပြန်ဖြေကြလေသည်။

ဒါရိုက်တာကျန်းသည် မိန်းကလေးများကို ကားပေါ်သို့တက်ခိုင်းလိုက်ပြီးနောက် ခေါင်းလှည့်လိုက်ချိန်တွင် ရှချန်းချန်းသည် သူတို့ထံသို့ဦးတည်လာနေခြင်းအား တွေ့သွားသောကြောင့် အံ့အားသင့်သွားပြီး

“ရှောင်ရှ လောင်ရှီးကရော ဒီကိုဘာလို့ရောက်နေတာလဲ”

“အို ကျွန်မကရင်းနှီးမြုပ်နှံသူလေ”

ရှချန်းချနိးသည် အဓိပ္ပါယ်မရှိသည့်အရာအား အတည်ပေါက်ကြီးပြောလိုက်ကာ

“ကျွန်မရင်းနှီးမြုပ်နှံထားတဲ့ရှိုးက နာမည်ကြီးရှာဖွေမှုစာရင်းထဲမှာ ဝင်နေပြီးတော့ ပြိုင်ပွဲဝင်တွေကလည်း ရဲစခန်းကိုခေါ်သွားခံနေရတာလေ၊ သေချာပေါက် ကျွန်မတစ်ချက်လောက်လာကြည့်ပြီးတော့ ဂရုစိုက်ပေးရဦးမှာပေါ့”

ဒါရိုက်တာကျန်းနှင့်ဖန်းရော့ရော့မှာ ထိုစကားအားကြားပြီးနောက် လေးစားအားကျမှုများနှင့်ပြည့်နှက်သွားခဲ့သည်။

ရှလောင်ရှီးသည် ရှိုး၏ရေပန်းစားမှုအားမြှင့်တင်ရန်အတွက် သူ့ကိုယ်ပိုင်ကျော်ကြားမှုအားစတေးရုံသာမက သူမသည် ညနက်မှာပင်လူများအားကယ်တင်ဖို့ရာ အစီအစဥ်သို့လာခဲ့လေသည်။ သူမသည် အစီအစဥ်၏အဖွဲ့သားများအား အမှန်တကယ်ပင်ဂရုစိုက်လေသည်။

ဖျော်ဖြေရေးနယ်ပယ်အတွင်းက အသိစိတ်အရှိဆုံးရင်းနှီးမြုပ်နှံသူတစ်ဦးပဲ။

စုန့်ယွီနင်တွင် မေးခွန်းသင်္ကေတများနှင့်ပြည့်နှက်နေလေသည်။

ဘာလဲဟ၊ ရှချန်းချန်း နင် ငါနဲ့အတူ သင်္ဘောပေါ်မှာ အဖမ်းခံခဲ့ရတာအသေအချာပဲလေ။ ပြီးတော့ ငါတို့တွေ ရဲစခန်းမှရှောင်လွှဲချက်ပေးဖို့အတွက် မီနီဘတ်စ်အတူစီးလာခဲ့တာလေ ဟုတ်ပြီလား။ နင် ငါ့ရဲ့စစ်ဆေးမေးမြန်းတဲ့အခန်းဘေးမှာ ရှိနေတာကို မမြင်ဘူးလို့ထင်မနေနဲ့။

စုန့်ယွီနင်သည် ပြန်လည်ချေပခါနီးတွင် Star မိန်းကလေးအဖွဲ့ပြိုင်ပွဲဝင်များ၏ အသံများထွက်လာခဲ့သည်။

“ဟုတ်တယ် ဟုတ်တယ်၊ ရှလောင်ရှီးက ကျွန်မတို့ကိုစိတ်ပူနေတာ အဲဒါကြောင့်ကျွန်မတို့ကိုလာကြိုပေးတာပဲ”

“အဲလိုပဲဖြစ်မှာပေါ့ ရှလောင်ရှီးက ငါတို့ကိုတကယ်ဂရုစိုက်တာပဲ”

“ရှလောင်ရှီးကသေချာပေါက် ရဲစခန်းထဲကနေလာခဲ့တာမဟုတ်ဘူး၊ သူအပြင်ကနေပြီးတော့ ငါတို့ကို ကြိုဖို့လာခဲ့တာပဲ”

စုန့်ယွီနင်: “.....”

စုန့်ယွီနင်၏မျက်နှာမှာ နာကြည်းမှုများနှင့်ပြည့်နှက်နေလေသည်။

ရှချန်းချန်းသည် ပြိုင်ပွဲဝင်များအား လာဘ်ထိုးထားမည်မှာ အသေအချာပင်ဖြစ်၍ ၎င်းတို့သည်သူမအတွက်ပြောပေးနေကြခြင်းဖြစ်လေသည်။ အမှန်မှာထိုကဲ့သို့လုံးဝမဟုတ်ပေ။

ဒီတစ်ဖွဲ့လုံးကလိမ်နေကြတာ။

စုန့်ယွီနင်သည် သူမ၏နှုတ်ခမ်းအား စိတ်မကျေနပ်စွာဖြင့်တွန့်လိုက်ပြီး ညင်သာစွာညည်းတွားလိုက်သည်။

“ဒီမှာ နင့်ကိုလာကြိုဖို့ကားလည်းမရှိဘူး၊ ဘာဖြစ်လို့ တစ်ယောက်ယောက်ကိုကယ်ဖို့အတွက် ရဲစခန်းကိုလာရတာလဲ၊ ရှင်းပါတယ်”

သူမစကားပြီးဆုံးအောင်မပြောနိုင်ခင်မှာပင် စုန့်ယွီနင်သည် သူမအားရှချန်းချန်းညင်သာစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်မှာပင် သူမ၏ပုံစံမှာပြောင်းသွားကာ ချက်ချင်းပင်လိမ္မာရေးခြားရှိသည့် မျက်နှာအဖြစ်သို့ပြောင်းသွားလေသည်။

“သေချာပေါက်ရဲစခန်းကို တစ်ယောက်ယောက်ကို ကယ်ဖို့အတွက်လာခဲ့တာ ရှင်းနေတာပဲ၊ ရှလောင်ရှီး လောင်ရှီးက တကယ့်ကိုတွေးပေးတတ်တာပဲ၊ ချစ်တယ်နော် အသဲ အသဲ”

ဖန်းရော့ရော့သည် ထိုမြင်ကွင်းကြောင့်ဆွံ့အ,သွားခဲ့သည်။ စုန့်ယွီနင်၏အင်္ကျီအစအားဆွဲကာ သူမ မျက်လုံးဖြင့်အချက်ပြလိုက်လေသည်။

ဖန်းရော့ရော့: “အစ်မရေ ဘာတွေဖြစ်နေတာလဲ၊ အစ်မကရှချန်းချန်းကို မကြိုက်ဆုံးသူပဲမဟုတ်ဘူးလား၊ အပြင်သွားလိုက်ပြီးတော့ ဘယ်လိုဖြစ်လို့ သူမရဲ့ရူးသွပ်နေတဲ့ပရိတ်သတ် ဖြစ်သွားရတာလဲ”

စုန့်ယွီနင်၏မျက်နှာမှာ နာကြည်းမှုများနှင့်ပြည့်နေကာ သူမသည်ဖန်းရော့ရော့အားကြည့်လိုက်လေသည်။

စုန့်ယွီနင်: “နင်နားမလည်ပါဘူး၊ ငါ အဲသင်္ဘောပေါ်မှာဘာတွေကြုံခဲ့ရလဲ ဆိုတာကို နင် တွေးတောင်တွေးမိမှာမဟုတ်ဘူး”

ရှချန်းချန်းသည် ရယ်မောရုံမှတစ်ပါးမတတ်နိုင်ကာ လက်လှမ်းလိုက်ပြီး စုန့်ယွီနင်၏ပါးလေးအား ညင်သာစွာ ညှစ်လိုက်လေသည်။

“ငါတို့ရဲ့နင်နင်လေးက အချိုသာဆုံးပဲ”

စုန့်ယွီနင်သည် အတင်းပြုံးထားရသည့်အပြုံးကြီးဖြင့် ပြောလိုက်သည်။

“ကျေးဇူးပါ”

ဒါရိုက်တာကျန်းနှင့် ဖန်းရော့ရော့၏သံသယများအား ဖယ်ရှားပြီးနောက် ရှချန်းချန်းသည်လှည့်ကာ ဒါရိုက်တာကျန်းအားညွှန်ကြားလိုက်သည်။

“ချင်းမော့က နောက်ဆုတ်သွားပြီ ပြီးတော့ ကျန်တဲ့ပြိုင်ပွဲဝင်တွေအားလုံးက ဒီမှာပဲ၊ ကျေးဇူးပြုပြီး သူတို့ကို ရိုက်ကူးရေးအဖွဲ့ဆီပြန်ပို့ပေးလိုက်ပါ၊ ဒီနေ့ည အဖြစ်အပျက်ကြောင့်မလို့ “Happy Weekend” ကိုတော့ ယာယီရပ်ထားပြီးတော့ “Galaxy Girls” ကိုတော့ ဆက်လက်ရိုက်ကူးသွားပါ၊ ဒါရိုက်တာကျန်း မစ္စတာဟုန်က Galaxy Series ရဲ့နောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆက်တာဝန်ယူသွားမှာပါ၊ ရင်းနှီးမြုပ်နှံမှုအကြောင်းပဲဖြစ်ဖြစ် ထုတ်လုပ်ရေးအကြောင်းပဲဖြစ်ဖြစ် သူနဲ့ဆက်သွယ်နိုင်ပါတယ်”

ဒါရိုက်တာကျန်းသည် နားလည်စွာဖြင့်ခေါင်းညိတ်လိုက်သည်။ အမှန်တကယ် ရှချန်းချန်း ရင်းနှီးမြုပ်နှံသည့် စာချုပ် ချုပ်ချိန်တွင် တျန်းရှန့်၏နာမည်အောက်တွင် ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ကာ ထိုကိစ္စမှာဘယ်သောအခါမှ လူသိရှင်းကြားမဖြစ်ခဲ့ပေ။ ဒါရိုက်တာကျန်းသည် ရှချန်းချန်းမည်ကဲ့သို့တျန်းရှန့်၏ ဥက္ကဋ္ဌဖြစ်လာသည်ကိုမသိသော်ညား သူမမှာ ပိုက်ဆံထုတ်ပေးနေသည့်သူဖြစ်ပြီး သူမ၏ ရာထူးမှာလည်း သူ့အတွက်အရေးမပါပေ။

ဒါရိုက်တာကျန်း: “ဒီနှစ်ရက်အတွင်းထိတွေ့မှုတွေကြောင့်မလို့ “Galaxy Girls” ကအခုတလောမှာ အတော်လေးရေပန်းစားနေပါတယ်၊ “သာယာရိုးရှင်းသောဘဝ” ကို အတော်လေးကျော်သွားပါပြီ၊ တော်တော်များများကတော့ အပျော်စီးသင်္ဘောပေါ်ကလိင်ပိုင်းဆိုင်ရာ မတော်တဆမှုကြောင့်မလို့ ရေပန်းစားသွားတာလည်းပါပါတယ်၊ အဲဒါကြောင့်ပြောင်းလဲမှုနှုန်းက အတော်လေးမြင့်မားမှာမဟုတ်ပေမဲ့ အဲဒါကရှိုးကိုမြင်ကြတဲ့ နှုန်းကိုပိုပြီးမြှင့်ပေးနိုင် ပြီးတော့ ကြေညာတဲ့သူအနည်းငယ်ကို ဆွဲဆောင်နိုင်မှာပါ”

ရှချန်းချန်းသည်အားပေးလိုက်သည်။

“ဒါကအစလည်းကောင်းပြီး ကျော်ကြားမှုကလည်း မြင့်နေတဲ့အတွက်ကြောင့်မလို့ အားလုံးပဲ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရအောင်”

လူတိုင်းသည် ဝမ်းသာသွားကြသည်။ ရှိုးသည်ရိုက်ကူးပြီးနောက် အဆင်မပြေမှုများစွာရှိခဲ့သော်ညား အဆုံးသတ်သည်ကောင်းမွန်ခဲ့သည်။

အရာအားလုံးအားရှင်းပြပြီးနောက် ကောင်မလေးများသည် ထုတ်လုပ်ရေးအဖွဲ့၏ဘတ်စ်ပေါ်သို့တက်ဖို့ပြင်လိုက်ကြကာ ထွက်ခွာသွားခဲ့ကြသည်။

ရှလုလုသည် နောက်ဆုံးထွက်ခွာသွားခဲ့သူဖြစ်သည်။ မထွက်ခွာခင်တွင် သူမသည်ရှချန်းချန်းဆီသို့ အလျင်အမြန်သွားခဲ့သည်။

သူမ၏မျက်နှာမှာအနည်းငယ်နီမြန်းနေကာ သူမသတ္တိအားစုစည်း၍ ရှချန်းချန်းအားပြောလိုက်သည်။

“ရှောင်ရှ ကျွန်မလောင်ရှီကို ကျဲလို့ခေါ်လို့ရမလား”

ရှချန်းချန်းမှာလန့်ဖြန့်သွားကာ သူမ၏အပြုံးမှာအေးခဲသွားခဲ့သည်။

ရှလုလုသည်လျင်မြန်စွာရှင်းပြခဲ့သည်။

“အဲဒါက ကျွန်မတို့နာမည်တွေကဆင်တူလို့ပါ၊ ကျွန်မအမေပြောတာက ကျွန်မ ကျဲရနိုင်ခဲ့သေးတယ်တဲ့ ဒါပေမဲ့ မတော်တဆတစ်ချို့ကြောင့်မလို့ သူမက မမွေးလာခဲ့ဘူးတဲ့၊ ကျွန်မကတော့လောင်ရှီးက ကျွန်မရဲ့ကျဲနဲ့ အတော်လေးတူတယ်လို့ထင်တယ်”

ရှလုလု၏စကားလုံးများမှာ ရှုပ်ထွေးနေပြီး သူမစကားလုံးများအား ရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။ သူမသည် သူမလက်အား တင်းကြပ်စွာဆုပ်ထားကာ သူမ၏လက်သည်းများသည် လက်ဖဝါးထဲသို့စိုက်ဝင်နေပြီး သတိထား၍ပြောလိုက်သည်။

“ရှလောင်ရှီး ကျွန်မခေါ်လို့ရမလား”

ရှချန်းချန်းသည် သူမအားကြည့်လိုက်သည်။ လေသည် ရဲစခန်းအဝင်ဝအားဖြတ်တိုက်သွားကာ အဝါရောင်ပြောင်းနေကာ ခြောက်သွေ့နေသည့် ဆောင်းဦးအရွက်များသည်လည်း သူမတို့၏ပုခုံးပေါ်လို့ကြွေကျလာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ရှချန်းချန်းသည်ထပ်မံပြုံးလိုက်သည်။

“ရတာပေါ့”

ရှလုလုသည်စိတ်လှုပ်ရှားနေသော်ညား ထိုအခိုက်အတန့်တွင် အပြုံးတစ်ခုပျံ့လွင့်လာလေသည်။

“ကျယ်ကျဲ ကျေးဇူးပါ”

သူမသည်ရှချန်းချန်းအား ပျော်ရွှင်စွာကြည့်လိုက်ကာ သူမ၏ကြည်လင်သည့်မျက်လုံးများထဲတွင် သူမကလေးဘဝမှတ်ဥာဏ်ထဲရှိ ကလေးများ မျက်လုံးနှင့်တဖြည်းဖြည်း ပေါင်းစည်းသွားခဲ့သည်။ သူမ၏မျက်လုံးများသည် ကြောက်ရွံ့မှုများ သို့မဟုတ် ငရဲကဲ့သို့အခက်အခဲများ နှင့်မပြည့်နေတော့ပေ။ ထိုအစား မျှော်လင့်ချက်များ ပိုမိုတောက်ပသည့် အနာဂတ်အား မျှော်လင့်မှုများနှင့်ပြည့်နေခဲ့သည်။

“ကျယ်ကျဲ ကျေးဇူးပါ”

ဘတ်စ်ကားပေါ်ရှိ အခြားမိန်းကလေးများသည်လည်းထိုအရာအားကြားကာ အကုန်လုံးရှေ့သို့တိုးလာကြလေသည်။

“ခေါင်းဆောင် ခေါင်းဆောင်အတော်လေးအကြံကြီးတာပဲ၊ ကျွန်မလည်း ရှလောင်ရှီးကို ကျဲလို့ခေါ်ချင်တယ်လေ”

“အား ကျွန်မဒီလိုအခွင့်ရေးကောင်းကြီးကို လက်လွတ်ခံလို့မဖြစ်ဘူး၊ ရှလောင်ရှီး လောင်ရှီး နောက်ထပ် ညီမလေးတစ်ယောက်လိုချင်သေးလား”

“ကျယ်ကျဲ ကျွန်မလည်းညီမလေးလုပ်ပေးနိုင်ပါတယ်၊ ကျဲ ကျဲ ကျဲ”

“ကျွန်မရောပဲ ကျဲရှ၊ ပြီးတော့ ကျွန်မက ချိုချိုသာသာလေးတွေလည်း ပြောတတ်တယ်”

ကောင်မလေးများသည် သူတို့၏ခေါင်းအားထုတ်ထားကြကာ ရှချန်းချန်းအား တကျီကျီနှင့်ပြောနေကြလေသည်။

ရှချန်းချန်း၏မျက်လုံးများသည် သူတို့၏အသံအားနားထောင်နေရင်းနှင့်ပင် မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့သည်။ သူမမျက်လုံးထဲတွင် မျက်ရည်များဝဲလာပါသော်ညား မငိုချလိုက်ရဲပေ။

ဘတ်စ်ကားထွက်သွားပြီးသည့်တိုင် ကောင်မလေးများသည်ရှချန်းချန်းအား အနောက်ခုံမှတစ်ဆင့် လက်များဝှေ့ယမ်းပြနေကြဆဲဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် မလှမ်းမကမ်းမှအနားကပ်လာကာ သူမဘေးတွင်ရပ်လိုက်ပြီး သူမ၏ လက်အားတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ရှချန်းချန်းသည် မျက်ရည်များမကျအောင် ထိန်းထားလိုက်ပြီး သူမ၏အသံမှာ တုန်ယင်နေလေသည်။

“ရှဲ့ကျစ်ရှင်း ကျွန်မဒီတစ်ခေါက်တော့နောက်မကျသွားဘူးမလား”

ရှဲ့ကျစ်ရှင်းသည် သူ၏လက်အားရှချန်းချန်း၏ပုခုံးပေါ်သို့တင်လိုက်ကာ ညင်သာစွာတီးတိုးပြောလေသည်။

“ဒီတစ်ခေါက် မင်းတကယ် ကောင်းကောင်းလုပ်ခဲ့တာပါ”

ထိုအခိုက်အတန့်တွင် ရှချန်းချန်းသည် သူမ၏မျက်ရည်များအား ဆက်မထိန်းနိုင်တော့ဘဲ မျက်ရည်များသည်မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့သည်။

ဤသည်မှာ အလွန်ပင်နောက်ကျနေပြီဖြစ်သည်။ ဒါရိုက်တာကျဲနှင့် အခြားမိန်းကလေးများအား တွေ့ပြီးနောက် ရှဲ့ကျစ်ရှင်းသည် ကားဆရာမာအား ခေါ်ကာ အိမ်သို့ပြန်ဖို့ရာပြင်ဆင်လေသည်။

Roll Royce ကားသည်၎င်းတို့နှစ်ဦးဘေး၌ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် ရှချန်းချန်းသည် သူမအမူအယာအားပြောင်းလိုက်ပြီး သူမ၏မျက်နှာပေါ်ရှိမျက်ရည်များကို ဘာမှမဖြစ်ထားသကဲ့သို့ သေချာသုတ်လိုက်လေသည်။

“ယွီလင်ယွမ်ကို နောက်မှပြန်ကြရအောင်”

ရှချန်းချန်းပြောလိုက်သည်။

“ကျွန်မ တခြားနေရာသွားချင်သေးတယ်”

နာရီဝက်ကြာပြီးနောက် Rolls-Royce ကားသည်ကိုယ်ပိုင်ဆိပ်ကမ်းတွင် ရပ်တန့်သွားခဲ့သည်။

ထိုနေရာတွင် မီးအလင်းရောင်များမရှိကာ လုံးဝမဲမှောင်နေခဲ့သည်။

ဤသည်မှာ ရှဲ့ကျစ်ရှင်းနာမည်အောက်ရှိ ဆိပ်ကမ်းတစ်ခုဖြစ်သည်။ မဝေးသည့်နေရာရှိ ဇိမ်ခံအပျော်စီးသင်္ဘောမှာ သူရှချန်းချန်းအားပို့ဖူးသည့် သင်္ဘောပင်ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည်ကားပေါ်မှဆင်းလာကာ ဘေးဘီသို့ကြည့်လိုက်သည်။

“ကိုယ် ဆိပ်ကမ်းမန်နေဂျာကို ဖုန်းခေါ်ပြီးတော့ မီးတွေဖွင့်ဖို့ပြောလိုက်မယ်”

သူ့အနောက်ရှိ ရှချန်းချန်းသည် ရုတ်တရက် ရှဲ့ကျစ်ရှင်း၏အင်္ကျီစအား ဆွဲလိုက်သည်။

“ရှဲ့ကျစ်ရှင်း ကျွန်မရှင့်ကိုမေးစရာရှိတယ်”

ရှဲ့ကျစ်ရှင်းသည် အနောက်ဘက်သို့ဖြေးညှင်းစွာလှည့်လာခဲ့သည်။

ရှချန်းချန်း၏ညွှန်ကြားချက်အား ရပြီးနောက် ဆရာမာသည်ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ မှောင်မဲနေသည့် ဆိပ်ကမ်းတွင် ရှချန်းချန်းနှင့်ရှဲ့ကျစ်ရှင်းသာကျန်ခဲ့သည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအားကြည့်လိုက်ကာ သူမ၏မျက်လုံးများသည် အမှောင်ထုနှင့်ပေါင်းစပ်လိုက်သကဲ့သို့ တဖြည်းဖြည်းမှိန်သွားလေသည်။

ရှချန်းချန်းသည် သူ့အား အလွန်အရေးကြီးသည့်အရာတစ်ခုပြောတော့မည်ဟု ရှဲ့ကျစ်ရှင်း၏ မသိစိတ်မှခံစားလိုက်ရပြီး သူသည် မလွယ်ကူလောက်ဟုသာ ခံစားလိုက်ရသည်။

အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ရှချန်းချန်းစကားစပြောခဲ့သည်။

“ရှဲ့ကျစ်ရှင်း ရှင်ဘာလို့သင်္ဘောပေါ်တက်ခဲ့တာလဲ”

ရှဲ့ကျစ်ရှင်းသည် သတိလွတ်သွားကာ အံ့အားသင့်သွားခဲ့သည်။

ရှချန်းချန်းသည်မော့ကြည့်လိုက်ကာ ရှဲ့ကျစ်ရှင်းအားတည်ငြိမ်စွာကြည့်နေလေသည်။

“ရွှီချဲရဲ့အပျော်စီးသင်္ဘောက သာမာန်အပျော်စီးသင်္ဘောတွေလိုမျိုး မဟုတ်ဘူး၊ ရှင်ဘာလို့ အဲကိုရောက်နေတာလဲ၊ ရှင်က ဘာလို့ပိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်နေတာလဲ”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဤအရာအားမေးချင်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားကာ အလျင်အမြန်ရှင်းပြလေသည်။

“ကိုယ် အဲဒါတွေကို စိတ်ဝင်စားလို့မဟုတ်ပါဘူး၊ အဲဒါက လော့ဟိန်လို့ခေါ်တဲ့ ရှင်းခုံရဲ့အရင်ကဒါရိုက်တစ်ယောက်ပါ၊ သူက ကိုယ်နဲ့ပူးပေါင်းချင်တာပေမဲ့ ကိုယ်လက်မခံခဲ့ဘူးလေ၊ ဒီည ကိုယ်ကျန်းချန်မှာစီးပွားရေးဖိုရမ် တစ်ခုတက်ပြီးတော့ လော့ဟိန်ကိုတွေ့ခဲ့တာ၊ ကိုယ် သူဆိပ်ကမ်းအကြောင်းပြောနေတာကို ကြားခဲ့တယ်လေ၊ ပြီးတော့ ဖူယန်ရုန်က ကိုယ့်ကိုယ် မင်းဆိပ်ကမ်းကိုသွားတယ်လို့ ပြောဖူးတာကို သတိရသွားလို့ ကိုယ်လည်းလိုက်မယ်လို့ပြောခဲ့တာ”

ရှဲ့ကျစ်ရှင်းထိုမျှ စကားအမြန်ကြီးပြောသည်ကို ရှချန်းချန်း ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ အလျင်အမြန်ရှင်းပြနိုင်ဖို့ရာအတွက် သူသည် အလျင်အမြန်ပြော၍ အသက်တစ်ရှိုက်မှာပင် အပြီးပြောလိုက်ခြင်းဖြစ်လေသည်။ သို့သော်ညား သူ၏အဆုတ်စွမ်းရည်မှာကောင်းမွန်သည်ဖြစ်ကာ အသက်ရှူမဝပင်မဖြစ်ပေ။

“ကိုယ်တကယ် အရင်တုန်းက အဲကိစ္စကြောင့်တကယ်မဟုတ်ပါဘူး”

ရှဲ့ကျစ်ရှင်းသည် သူစကားပြောသည့် အရှိန်အားလျှော့လိုက်ကာ ထပ်မံပြောလိုက်သည်။

ရှချန်းချန်းသည် ရယ်မောလိုက်ကာ နောက်ပြောင်လိုက်သည်။

“ရှင် ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ၊ ကျွန်မက ဒီအတိုင်း ရှင်ရောဘာလို့ရောက်လာတာလဲ ဆိုတာကိုသိချင်လို့ပါ၊ ရှင်ကရွှီချဲနဲ့ တစ်ဖွဲတည်းမဟုတ်ဘူးဆိုတာကို ကျွန်မသေချာသိပါတယ်”

“ကိုယ်စိုးရိမ်လို့ပါ”

ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် ပြောစရာစကားပျောက်သွားလေသည်။

“ရှင် ကျွန်မသဝန်တိုမှာ စိုးရိမ်လို့လား”

ရှချန်းချန်းသည် ဆက်ပြောပေးလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် သူ့မျက်လုံးများအား ပင့်လိုက်ကာ ရှချန်းချန်းအားကြည့်လိုက်ပြီး နက်မှောင်သည့် သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များနှင့်ပြည့်နှက်နေကာ ကားလုံးတစ်လုံးချင်းစီအား ရှင်းလင်းစွာပြောလိုက်သည်။

“မင်းသဝန်တိုမှာလား”

ရှချန်းချန်းသည် လန့်ဖြန်သွားကာ တစ်ခဏမျှတွေးပြီးနောက် သူမခေါင်းအားခါလိုက်သည်။

“မတိုလောက်ဘူး”

ထိုအခိုက်အတန့်တွင် ရှဲ့ကျစ်ရှင်း၏ လေးလံသည့်မျက်လုံးများမှာ ဦးတည်ရာပျောက်ဆုံးသွားသကဲ့သို့ပင်ဖြစ်ကာ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်များနှင့်မျှော်မှန်းချက်များမှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။

သို့ပေမဲ့ နောက်တစ်ခဏတွင် ရှချန်းချန်းသည်ခိုင်မာစွာရှင်းလင်းလိုက်လေသည်။

“ကျွန်မ သဝန်တိုမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို အင်ပါယာသစ်တောဥယျာဥ်ရဲ့ မှောင်မဲပြီးတော့ ကျဉ်းတဲ့အခန်းလေးထဲမှာ ပိတ်လှောင်ထားလိုက်မှာ၊ ရှင့်ကို ဘယ်ကိုမှသွားခွင့်ပြုမှာမဟုတ်ဘူး၊ ရှင်က ကျွန်မတစ်ဦးတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်မှာ”

ရှဲ့ကျစ်ရှင်း: “...”

သူသည်ရှချန်းချန်းအား မတုံ့ပြန်နိုင်ပဲ ထိုတိုင်းသာစိုက်ကြည့်နေလေသည်။ ဖြစ်ပျက်နေသည့်အရာများအား သူသဘောပေါက်သွားချိန်တွင်မူ သူ့လည်စေ့မှာလှုပ်ရှားသွားပြီး ဝမ်းဗိုက်အောက်ပိုင်းမှာပူလောင်လာလာသည်။

လည်ချောင်းမှာလည်းယားယံလာကာ သူ၏နှလုံးသားထဲမှ ဆုံးရှုံးမှုနှင့်လစ်ဟာနေမှုများမှာ တဖြည်းဖြည်းပြည့်နှက်သွားခဲ့သည်။

မှောင်မိုက်နေသည့်ဆိပ်ကမ်းသည် ရုတ်တရက်လင်းလက်သွားကာ အပျော်စီးသင်္ဘောပေါ်မှာ ဒရုန်းပေါင်းရာချီပျံထွက်လာကာ ရယ်စရာကောင်းသည့်ပုံစံများဖြစ်သည့် ဖားချဥ်ပြုတ်ဟင်း၊ ငါးပြုတ်ဟင်း၊ သုံးလွှာပါသည့်ကိတ်မုန့်တို့အား ပုံဖော်ကြလေသည်။

ရှဲ့ကျစ်ရှင်းမှာ ရယ်မောလိုက်သည်။

“ကိုယ်အိုင်တီအဖွဲ့ကို နောက်ဆုံးအကြိမ် ဒရုန်းပရိုဂရမ်ရေးဖို့ပြောတုန်းက ကိုယ်မင်းဒါကိုလုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ အို မဟုတ်ဘူး မင်းရဲ့ ဟက်ကာသူငယ်ချင်းကရော ဒီလိုလုပ်နိုင်တာလား”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ဟက်ကာသူငယ်ချင်းအား တစ်ခါမျှ မတွေ့ဖူးပေ၊ သို့သော်ညား အကြောင်းအရင်းတစ်ချို့ကြောင့် ထိုဟက်ကာသူငယ်ချင်းသည် ရန်သူမဟုတ်ဟု ခံစားရကာ သူ့ကို သိပ်၍သတိကြီးကြီးမထားမိပေ။

“သူလည်း လုပ်နိုင်တယ်”

ရှချန်းချန်းပြောလိုက်သည်။

“ပြီးတော့ သူပုံဖော်တဲ့ စကားလုံးတွေအားလုံးက ကျွန်မရှင့်ကိုပြောချင်နေတဲ့ဟာတွေပဲ”

ရှချန်းချန်းစကားပြောပြီးသွားချိန်တွင် ဒရုန်းမီးများသည် ရုတ်တရက်ပျောက်သွားကာ ကောင်းကင်ကြီးသည်လုံးဝမှောင်မိုက်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် တစ်ရာကျော်လောက်ရှိမည့် ဒရုန်းများသည်ရုတ်တရက် မီးလင်းလာကာ ညအမှောင်အားဆန့်ကျင်နေရင်း စာလုံးခြောက်လုံးမှာ ထင်ထင်ရှားရှားပေါ်နေလေသည်။

“ကျွန်မ ရှင့်ကို ချစ်တယ်”

ရှဲ့ကျစ်ရှင်း၏အမူအယာမှာ အေးခဲသွားခဲ့သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်တွင် ဟိန်ထျန်းနှင့်ကျန်းချန် ပင်လယ်အော်ကြားရှိဆိပ်ကမ်းတစ်ခု၌ သူသည် တစ်ရာကျော်လောက်ရှိမည့်ဒရုန်းများအား အသုံးပြုကာ စကားလုံးလေးလုံးအား ပုံဖော်ရန်အတွက်အသုံးပြုခဲ့လေသည်။

“ကိုယ် မင်းကို ချစ်တယ်”

ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကျန်းချန်ဆိပ်ကမ်း၌ ရှချန်းချန်းသည်လည်း ဆင်တူသည့်စကားလုံးအား ပုံဖော်ရန်အတွက် ဒရုန်းရာကျော်အားအသုံးပြုခဲ့သည်။

“ကျွန်မလည်း ရှင့်ကို ချစ်တယ်”

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏လက်အားကိုင်လိုက်ကာ ရှက်ရွံ့စွာဖြင့် သူမ ခေါင်းအားငုံ့ထားလေသည်။

“ရှဲ့ကျစ်ရှင်း အကြောင်းအရင်းတစ်ချို့ကြောင့် ကျွန်မက တစ်ခြားသူတွေထက် ပိုနှေးတယ်၊ ကျွန်မရှင့်ကို သဘောကျတယ်ဆိုတာကို ကျွန်မသိပေမဲ့ အဲဒါက ရှင်ကျွန်မအပေါ်ကို အရမ်းကောင်းနေလို့လို့ပဲ ထင်ခဲ့တာ”

“ဒါပေမဲ့ အခုလေးတင် ဆိပ်ကမ်းမှာ ရွှီချဲရဲ့ သေနတ်က ကျွန်မကိုပစ်တော့မဲ့အချိန်မှာ၊ ကျွန်မရဲ့ ရှင့်အပေါ်မှာရှိနေတဲ့ ခံစားချက်တွေက ရှင့်ရဲ့ ကြင်နာမှုတွေထက် ပိုတယ်ဆိုတာကို သဘောပေါက်သွားခဲ့တာပဲ”

ရှချန်းချန်းသည် မော့ကြည့်လိုက်ကာ ရှဲ့ကျစ်ရှင်းအား လေးနက်စွာကြည့်လိုက်သည်။

“သေနတ်က ကျွန်မကိုချိန်ထားတုန်းက ကျွန်မ မကြောက်ခဲ့ဘူး၊ ဒါပေမဲ့ ရှင်ကျွန်မရှေ့မှာ ရပ်လိုက်တဲ့အချိန် ကျွန်မ ဘာကအကြောက်တရားလဲဆိုတာကို နားလည်သွားခဲ့တာ”

“အဲဒါကြောင့် ကျွန်မထင်တာထက်ပိုပြီး ရှင်က ကျွန်မအတွက် ပိုအရေးကြီးတယ်လို့ထင်မိတယ်၊ ကျွန်မ ရှင့်ကိုမစောင့်စေချင်ဘူး”

ရှချန်းချန်း နောက်ဆုံးစကား ပြောမပြီးခင်မှာပင် ရှဲ့ကျစ်ရှင်းသည် သူမလက်ကောက်ဝတ်မှတစ်ဆင့် သူ့ဘက်ပါအောင်ဆွဲယူ၍ သူမအား သူ့လက်မောင်းကြားထဲသို့ ဆွဲသွင်းလိုက်သည်။

သူ၏နှုတ်ခမ်းမှာ နူးညံ့သည့်နေရာလေးအားဖုံးအုပ်သွားသည်။ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏နောက်စေ့အားကိုင်ထားကာ သူမကို ချစ်ခြင်းအပြည့်ဖြင့် နမ်းလိုက်လေသည်။

သစ်ကြားပိုးခေါက်အနံ့မှာ သူတို့၏အာရုံအား တိုက်စားလာခဲ့သည်။ သူ့နှုတ်ခမ်းများမှာ သိမ်မွေ့နူးညံ့သည်မှာထင်ရှားသော်ညား သူဝင်ရောက်လာချိန်တွင် အရိုင်းဆန်လေသည်။

တံတွေးများဝင်ရောက်လာမှုသည် ရှချန်းချန်း၏ ခြေထောက်များအား အားနည်းသွားစေခဲ့သည်။ ရှဲ့ကျစ်ရှင်းသည် သူမ၏သေးသွယ်သည့်ခါးလေးအား အခြားလက်တစ်ဖက်ဖြင့်ထိန်းကိုင်ထားကာ သူမကို သူ့ကိုယ်အထဲသို့ ဖိသွင်းနေသကဲ့သို့ပင်ဖြစ်သည်။

ကျွန်မ ရှင့်ကိုအကြာကြီးမစောင့်စေချင်ဘူး၊ ဘာလို့ဆို ကျွန်မလည်း ရှင့်ကိုသဘောကျလို့ပဲ။

လှိုင်းများတဟုန်ဟုန် ထိုးတက်လာခဲ့သည်။

ကြယ်များနှင့်ပြည့်နေသည့်ညချမ်းမှာ ရုတ်တရက် မိုးခြိမ်းသံထွက်ပေါ်လာခဲ့သည်။ ရွေ့လျားနေသည့် မိုးတိမ်များမှာ ၎င်းတို့၏အပျော်စီးသင်္ဘောပေါ်ရှိ ရူးသွပ်မှုအား အလိုမကျပုံရကာ သူတို့၏ခန္ဓာကိုယ်မှာချွေးများနှင့်ရွှဲနစ်နေပြီး တစ်ဦးနှင့်တစ်ဦး မမှတ်မိနိုင်လောက်သည်အထိပင်ဖြစ်သည်။

ဆိပ်ကမ်းအနီးရှိ နေထိုင်သူတစ်ဦးသည် ဒရုန်းများနှင့်ဝန်ခံမှုအား တွေ့လိုက်ကာ ဓါတ်ပုံရိုက်ယူ၍ လိုင်းပေါ်သို့တင်ခဲ့သည်။

အစပိုင်းတွင် အင်တာနက်သုံးစွဲသူများသည် ဤသည်မှာ သူတို့၏ခံစားချက်များကို ဖော်ပြရန်အတွက် ပျော်စရာနည်းလမ်းတစ်ခုဟုထင်ခဲ့ကြသည်။

သို့ပေမဲ့ မကြာခင်မှာပင် ထိုပို့စ်သည် ဒေတာများစွာဖြစ်သွားကာ နှလုံးသားအချစ်ဇာတ်လမ်း ဘလော့ဂါ လင်လူထံသို့ရောက်သွားခဲ့သည်။

လင်လူသည် ထိုစကားလုံးခြောက်လုံးအားမြင်၍ သူမဆိပ်ကမ်းတွင်မြင်ခဲ့သည့် ဒရုန်းဖြင့်ဖွင့်ဟဝန်ခံချက်အား ချက်ချင်းပင်တွေးမိသွားလေသည်။

နှစ်ကြိမ်လုံးတွင် စာလုံးဖောင့်သည် လက်ရေးစာပုံစံဖြစ်ကာ စီးပွားဖြစ်ဖောင့် သို့မဟုတ် တူညီသောဖောင့်များမဟုတ်ပေ။ စကားပြောတစ်ခုနှင့်ချိတ်ဆက်မှု ဤသည်မှာ ယခင်ကဝန်ခံချက်အား အဖြေပြန်ပေးသည့်စာဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

လင်လူသည် ထိုပို့စ်အားချက်ချင်းပင် မှတ်ချက်ပြန်ပေးကာ အပျော်စီးသင်္ဘော CP ဆက်ဆံရေးအနေနှင့်ပါ ထပ်တိုးထည့်ထားခဲ့သည်။

[အား အပျော်စီးသင်္ဘော CP၊ ဆက်ဆံရေးကနောက်ထပ်ရှိနေသေးတယ်]

[ဆိပ်ကမ်းမှာနောက်ထပ်ဖွင့်ပြောတာပဲ၊ ဒါကမိန်းကလေးဘက်က ပေးတဲ့အဖြေပဲနေမယ်]

[ငါရဲ့ CP ကတကယ်ပဲ]

[လူယုတ်မှာရွှီချဲရဲ့ ရွံ့စရာကိစ္စတွေ တစ်ညလုံးကြားထားတာ နောက်ဆုံးတော့ငါလည်း ချိုတာလေးတွေမြင်နိုင်ခဲ့ပြီ၊ အပျော်စီးသင်္ဘော CP]

[အပျော်စီးသင်္ဘော CP၊ မင်းတို့ဒီမှတ်ချက်ကိုတွေ့ကြပြီလား အခုမင်းတို့ရဲ့ဆက်ဆံရေးကို အင်တာနက်တစ်ခွင်ကသိနေပြီ၊ မင်းတို့တွေအဆုံးသတ်မှာ လက်မထပ်သွားဖို့က လွယ်တော့မယ်မထင်ဘူးနော်]

[ငါမင်္ဂလာဆောင်အတွက် ပြားငါးဆယ်လက်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး အခုပဲလက်ထပ်ပေးကြပါ၊ ဒါကအရမ်းကိုချိုတာပဲ]

ပင်လယ်ပြင်ကိုထိန်လင်းစေသည့် အာရုဏ်ဦးအလင်းရောင်ကြောင့် ဆိပ်ကမ်းပေါ်ရှိ မိုးတိမ်များသည် နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့သည်။ ရှချန်းချန်းသည် သူမ၏ အရိုးများတစ်စစီပြုတ်ထွက်သွားမလို ခံစားလိုက်ရသည်။ သူမသည် ရှဲ့ကျစ်ရှင်း၏ရင်ခွင်ထဲသို့တိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

***

မနက်ခင်းအစောပိုင်းသည် အဖြူရောင်အပိုင်းများမပါသည့် ကြက်ဥအနှစ်ကဲ့သို့ပင်ဖြစ်ကာ ပင်လယ်ပြင်ပေါ်တွင် ရွှေအပိုင်းအစများပြန့်ကျဲနေသည့်ပုံပေါ်ပြီး ဆောင်းဦးမနက်ခင်းတွင် တောက်ပကာစီးဆင်းနေလေသည်။ ရှချန်းချန်းနိုးထလာချိန်တွင် ထိုရွှေအပိုင်းအစများသည် ကျူရှူးနယ်မြေကဲ့သို့ လင်းထိန်နေလေသည်။

သူမ၏မျက်လုံးအား ငိုက်မျဥ်းစွာဖွင့်ကြည့်လိုက်ကာ ရှဲ့ကျစ်ရှင်းသည် အိပ်ရာပေါ်တွင်ထိုင်နေသည်ကို မြင်လိုက်ရပြီး အီမေးလ်အားအကြောင်းပြန်နေပုံရသည်။

သူသည်အင်္ကျီမဝတ်ထားကာ ချောမွေ့ကာမာကျောသည့် ကြီးမားသည့် ဂျုံရောင်ကြွက်သားများရှိသည့်နေရာအား အထင်အရှားပေါ်လွင်နေစေပြီး အမြင်အာရုံအားအလွန်ပင် သက်ရောက်မှုရှိလေသည်။

ရှချန်းချန်း၏မျက်နှာမှာ နီမြန်းသွားကာ သူမသည်အနည်းငယ်ရှက်ရွံ့စွာဖြင့် စောင်ထဲသို့ပြန်ဝင်သွားခဲ့သည်။ သူမခန္ဓာကိုယ်ပေါ်တွင် မနေ့ညက ရှဲ့ကျစ်ရှင်း ကျေးဇူးကြောင့်ရှိနေသည့် အနီရောင်ဇီးသီးပွင့်များကြောင့် သူမ၏အခြေအနေမှာ ပို၍အဆင်ပြေသွားခြင်းတော့မဟုတ်ပေ။

မနေ့ည၌ အဓိပ္ပါယ်မရှိသည့်ဖြစ်ရပ်အားတွေးရင်း ရှချန်းချန်း၏မျက်နှာမှာ ပို၍ပင်နီရဲလာခဲ့သည်။ ရှဲ့ကျစ်ရှင်းသည် သူမ၏နှာခေါင်းထိပ်လေးအားထိလိုက်ကာ

“မင်း အိပ်နေတာအတော်လေးကြာနေပြီ၊ မင်း နောက်ဆုံးတော့နိုးလာခဲ့ပြီပဲ”

“အဲဒါရှင့်အမှားကြောင့်လေ”

ရှချန်းချန်းသည် ညင်သာစွာညည်းတွားလိုက်သည်။

“ရှင်ကျွန်မကို အကြာကြီးနှိပ်စက်ခဲ့တာလေ”

ရှဲ့ကျစ်ရှင်းသည် ပြုံးစိစိလုပ်ကာ

“ကိုယ့်အပြစ်ပါကွာ၊ ကိုယ့်အပြစ်ပါ ဟုတ်ပါလား”

“ရှင်အလုပ်သွားမလို့လား”

ရှချန်းချန်းသည်အချိန်အားကြည့်လိုက်ကာ ဆယ်နာရီပင်ထိုးပြီးဖြစ်သည်။ ဤသည်မှာ သူမရှဲ့ကျစ်ရှင်းနှင့်အိပ်ရာတစ်ခုတည်းတွင် အတူနိးထလာရခြင်းမဟုတ်သော်ညား ဤသည်မှာ သူမနိုးလာချိန်တွင် ရှဲ့ကျစ်ရှင်းရှိနေသေးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

“မင်းပင်ပန်းနေသေးရင် ထပ်အိပ်လိုက်ပါဦး၊ ကိုယ်ကုမ္ပဏီကိုသွားပြီးတော့ လုပ်စရာကိစ္စတစ်ချို့ရှိလို့ပါ”

ရှဲ့ကျစ်ရှင်းမတ်တပ်ရပ်လိုက်ကာ ကြွက်သားများနှင့်ပြည့်နေသည့် သူ့ခန္ဓာကိုယ်မှာ ပို၍ပေါ်လွင်လာပြီး ကြွက်သားရှစ်ခုနှင့် ထူးခြားသည့်ခန္ဓာကိုယ်လိုင်းပုံစံအား ပေါ်လွင်စေသည်။

အရမ်းချောတာပဲ၊ ငါ့ရဲ့ယောက်ျားက တကယ့်ကိုချောတာပဲ။

ရှဲ့ကျစ်ရှင်းသည် လှည့်လိုက်ကာ ရှချန်းချန်း၏ ခေါင်းအားညင်သာစွာပွတ်သပ်လိုက်သည်။

“ကောင်းကောင်းနေနော်၊ လှဲပြီးတော့နည်းနည်းလေးထပ်အိပ်လိုက်ဦး၊ ကိုယ်ဆရာရှူကို ခဏနေကျရင် မင်းကို အိမ်ပြန်ပို့ဖို့ခေါ်ထားပေးမယ်”

ရှချန်းချန်းသည် နာခံစွာခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ လောင်ကုန်း”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ်တန့်သွားသည်။ သူသည် သူမသူ့အား လောင်ကုန်း ဟုခေါ်သည်ကိုအကြိမ်ပေါင်းများစွာကြားဖူးသော်ညား ဤတစ်ကြိမ်တွင်သာ ထိုနာမ်စားမှာ နားထဲတွင် ကြည်နူးသွားစေသည်ဟု သူထင်လေသည်။

ရှချန်းချန်းသည် နောက်ထပ်တစ်ရေးအိပ်လိုက်ကာ သူမနိုးလာချိန်တွင် နေ့လယ်ဆယ်နှစ်နာရီပင်ထိုးသွားပြီဖြစ်သည်။ ကောင်းကင်ကြီးသည် ကြည်လင်နေကာ ပင်လယ်ကြီးသည်လည်း တောက်ပနေပြီး ပင်လယ်ဇင်ရော်များသည်လည်း လွတ်လပ်စွာပျံသန်းနေကြသည်။

အပျော်စီးသင်္ဘော၏ အလုပ်သမားများမှာ နေ့လယ်စာအားပြင်ဆင်ထားပေးပြီးဖြစ်ကာ ရှချန်းချန်းသည်လည်း အိမ်သို့မပြန်ခင်ကုန်းပတ်ပေါ်တွင် စားဖို့ရာရည်ရွယ်ထားသော်ညား ဆရာရှူသည် ရုတ်တရက်အပျော်စီးသင်္ဘောပေါ်တက်လာပြီး သူမအားတလေးတစားဖြင့်နှုတ်ဆက်ခဲ့သည်။

“မဒမ်၊ အရာရှိကျောက်လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မဒမ့်ကိုရှာနေပါတယ်”

မနေ့က အရာရှိတင်း နှုတ်ဆက်စကားပြောချိန်တွင် သူမဆရာ၏ မျိုးရိုးနာမည်မှာကျောက်ဟု ပြောသွားလေသည်။ မိနစ်အနည်းငယ်အကြာတွင် ဆရာရှူသည် အရာရှိကျောက်နှင့်အရာရှိတင်းအား ကုန်းပတ်ပေါ်သို့ဦးဆောင်ခေါ်လာခဲ့သည်။

အရာရှိကျောက်သည် အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ကာ လေးနက်သည့်အမူအယာရှိလေသည်။ ထိတ်လန့်စရာကောင်းသည့် အမာရွတ်တစ်ခုသည် သူ၏နားရွတ်မှလည်ပင်းအထိရှိနေကာ သူအားထိုအရာနှင့်နေသားကျအောင်ကြည့်ဖို့ရာ ခက်ခဲလေသည်။

ရှချန်းချန်းသည် သူတို့နှစ်ဦးစလုံးအား ယဥ်ကျေးစွာဖြင့်ခေါင်းညိတ်ပြလိုက်လေသည်။

“အရာရှိကျောက်၊ အရာရှိတင်း ကျေးဇူးပြုပြီးထိုင်ကြပါ၊ နေ့လယ်စာရောားပြီးကြပြီလား၊ အရာရှိတို့ကျွန်မနဲ့အတူ တစ်ခုခုစားချင်ကြသေးလား”

“မစားတော့ပါဘူး”

အရာရှိကျောက်နှင့် အရာရှိတင်းသည်နေရာယူလိုက်ကြသည်။ အရာရှိကျောက်သည် လေးနက်စွာဖြင့်ပြောလိုက်သည်။

“မစ္စရှ ကျွန်တော်မှာ မစ္စရှကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပြောစရာရှိလို့ မစ္စရှဆီလာခဲ့တာပါ”

ရှချန်းချန်းသည် အရာရှိကျောက်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

“ကျေးဇူးပြုပြီး ဆက်ပြောပါ”

“ရှောင်တင်းက မစ္စကိုပြောပြီးသားလို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်က မစ္စရဲ့အမေကားမတော်တဆမှုရဲ့ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ပါ၊ ကျွန်တော်ရဲ့မျိုးရိုးနာမည်က ကျောက်ပါ”

ရှချန်းချန်းသည် အရာရှိကျောက်နှင့်အရာရှိတင်းနှစ်ဦးစလုံးအား တာဟုန်ပေါင်တစ်ခွက်စီ ထည့်ပေးလိုက်သည်။

“အရာရှိတင်းပြောတာတော့ အခုလတ်တလောက လိင်ပိုင်းဆိုင်ရာအမှုနှစ်ခုလုံးက ကျွန်မ အမေကားမတော်တဆမှုနဲ့ ဆက်နွယ်နေတယ်လို့ပြောပါတယ်၊ ဒါပေမဲ့ ကျွန်မ သိပ်တော့နားမလည်သေးဘူး၊ ဘယ်လိုလုပ် ဒီအမှုနှစ်ခုကဆက်စပ်နေတာလဲ”

အရာရှိတင်းသည် သူမ၏ တာဟုန်ပေါင်အားတစ်ကျိုက်သောက်လိုက်ချိန်တွင် အရာရှိကျန်းမှာမူ လုံးဝစိတ်ဝင်စားပုံမပြကာ သူ၏မျက်နှာမှာလေးနက်နေဆဲဖြစ်သည်။

“မောပန်းနွမ်းနယ်နေတုန်းမှာ ကားမောင်းနှင်မှုကြောင့်မလို့ မစ္စအမေက ကားမတော်တဆမှုနဲ့ သေဆုံးသွားတာကို မစ္စသိမယ်ထင်ပါတယ်၊ ယဥ်ထိန်းရဲတွေကလည်း ဒါက ဒီအတိုင်းမတော်တဆမှုလို့ပဲ သတ်မှတ်ထားကြပါတယ်”

“ဒါပေမဲ့ ကျွန်တော်တို့တွေ မစ္စအမေရဲ့သွေးထဲက တစ်ချို့ဓါတ်တွေက ကျွန်တော်တို့ ပုံမှန်လူတွေနဲ့မတူပဲ အတော်လေးမြင့်နေတာကို တွေ့လိုက်ရပါတယ်၊ အဲအချိန်တုန်းက ကျွန်တော်တို့ ရဲတွေက ဘာကြောင့် အဲလိုဖြစ်တယ်ဆိုတာကို မသိခဲ့ကြပါဘူး”

“လွန်ခဲ့တဲ့ လအနည်းငယ်မတိုင်ခင်အထိပေါ့၊ ကျွန်တော်တို့တွေ ချန်မင်ကျယ်ကိုဖမ်းဆီးခဲ့ပြီး မစ္စလင်ရှီချန်ကို ရှောင်လွှဲချက်ယူဖို့အတွက်ရှာခဲ့တုန်းက ကျွန်တော်တို့တွေသူမရဲ့ သွေးစစ်ဆေးချက်ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ သူမရဲ့သွေးစစ်ချက်တွေက မစ္စအမေရဲ့သွေးစစ်ချက်ရလဒ်နဲ့ အတော်လေးဆင်တူနေတာကို တွေ့ခဲ့ရပါတယ်”

ရှချန်းချန်သည်အေးခဲသွားကာ တစ်စုံတစ်ခုအားချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

သူမ၏တုံ့ပြန်မှုအားကြည့်၍ အရာရှိကျောက်သည်လည်း ရှချန်းချန်းခန့်မှန်းမိသွားသည်ကို ခန့်မှန်းမိသွားလေသည်။

“အရာရှိပြောတာ မှန်တယ်”

အရာရှိကျောက်သည် ပန်းရောင်ဆေးလုံးတစ်လုံးအား စားပွဲပေါ်တင်လိုက်ကာ

“လင်ရှီချန်သတိလစ်သွားတဲ့အချိန်တုန်းက သောက်ခဲ့တဲ့ဆေးနဲ့၊ Galaxy Girls အဖွဲ့သောက်ခဲ့တဲ့ဆေးတွေက မစ္စအမေ သောက်ခဲ့တဲ့ဆေးတွေနဲ့ တူတူပဲဖြစ်လောက်မယ်”

အရာရှိကျောက်သည် ရှချန်းချန်းအားကြည့်လိုက်ကာ တစ်လုံးချင်းစီပြောလိုက်သည်။

“မစ္စအမေရဲ့သေဆုံးမှုက လုံးဝမတော်တဆမှုမဟုတ်ဘူး၊ အဲဒါက လူသတ်မှုပဲ”

All Chapters