← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

Chapter 77

ကျန်းချန်မြို့ရှ်ိ ကျင်ကျန်းမြစ်၏ ဘေးနှစ်ဖက်တွင် အမြင့်မားဆုံး အဆောက်အဦးများ စီတန်းလျက်ရှိသည်။

ထိုနေရာသည် မြို့၏ အထင်ရှားဆုံး CBD ဇုန်ဖြစ်သည့်အပြင် မြို့တော်၏ အမြင့်ဆုံး အဆောက်အဦးများ တည်ရှိရာ နေရာလည်းဖြစ်သည်။

မိုးမျှော်တိုက်ကြီးများသည် ကျယ်ပြန့်လှသော မြစ်ရေပြင်ကို မျက်နှာမူထားလျက်ရှ်ိကာ တိုက်ပိုင်ရှင်များအား အထူးကောင်းမွန် လှပသော မြင်ကွင်းဖြင့် စည်းစိမ်ခံစားမှုတစ်ခုအား ပေးစွမ်းနေသည်။

ရှယုံဒယ်သည် အဆောက်အဦး ဝယ်ယူစဉ်အချိန်က ဤရှူထောင့်အား ပျှမ်းမျှသဘောဖြင့်ဝယ်ယူခဲ့ပြီး ရှအုပ်စု၏ ဌာနချုပ်အဖြစ် သတ်မှတ်ခဲ့သည်။ အပေါ်ဆုံးထပ်ရှိ ဥက္ကဌရုံးခန်း၏ ဆည်းဆာအလှကြည့်ရှုရန် ကြမ်းပြင်မှ အမိုးအထိ မှန်အပြည့်တပ်ဆင်ထားသော နေရာ၌ ရပ်နေစဉ် ရှယုံဒယ် သာလွန်ကောင်းမွန်သော ခံစားချက်တစ်ခုအား ခံစားနေရသည်။

သို့သော် ယခုအခါ ဤအဆောက်အဦးထဲတွင် ရှယုံဒယ်အတွက် နေရာ မရှိတော့ပေ။ ယခုအချိန် ဥက္ကဌ ရုံးခန်းတွင် ထိုင်နေသူမှာ ရှထျန်ဟွာ ဖြစ်နေလေပြီ။

ထိုအကြောင်းအရာအား စဉ်းစားမိသောအခါ ရှယုံဒယ် နှဖူးတွန့်သွားခဲ့ပြီး ပို၍ပင် ဒေါသထွက်လာသည်။

ရှယုံဒယ်ကဲ့သို့ ချမ်းသာသော မွေးစားသားတစ်ဦးအတွက်မူ မစ္စတာရှ ထံမှ မွေးစားခြင်းခံရချိန်မှစ၍ တည်ငြိမ်စွာနေထိုင်ကာ ဓနအင်အား စုဆောင်းလာခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ရှအုပ်စု၏ ရှယ်ယာ 13 % ပိုင်ဆိုင်ထားပြီဖြစ်ပြီး ကုမ္ပဏီလေးအချို့နှင့် အခြားအိမ်ခြံမြေများကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်သည်။

ထိုမျှ ပိုင်ဆိုင်မှုများသည် ရှယုံဒယ်အား အနာဂတ်တွင် မယားငယ်များနှင့် ကလေးများရှိသည့်တိုင် ဇိမ်ခံပစ္စည်းများဖြင့် ပျော်ရွှင်စွာနေထိုင်ရန် လုံလောက်သော ပမာဏဖြစ်သည်မှာ သေချာသည်။

သို့သော် လောဘဆိုသည်မှာ လူ့သဘာဝဖြစ်၍ ရိုးရိုးသားသားနေထိုင်ခြင်းဆိုသည်မှာ ရှားပါသော ရတနာမျိုးဖြစ်သည်။

ရှယုံဒယ်သည် ရှအုပ်စု ကဲ့သို့သော ထိပ်တန်း သူဌေး ဥက္ကဌဖြစ်ရခြင်း၏ စိန်ခေါ်မှုများအား ခံစားဖူးပြီးသားဖြစ်သည်။

ရှယ်ယာပိုင်ရှင်အဖြစ် ရရှိသော အကျိုးခံစားခွင့်များကြောင့် ချမ်းသာနေသော်လည်း အလုပ်မလုပ်ရဘဲ ရည်မှန်းချက်ပျောက်နေသည့်ဘဝဖြစ်မည်က်ို မည်သို့ လက်ခံနိုင်မည်နည်း။

သူတွင် အရင်းအနှီးများ ရှိဆဲဖြစ်သည်။

ကြွယ်ဝသော အရင်းအမြစ်များနှင့် အဆက်အသွယ်များလည်း ရှိဆဲဖြစ်သည်။ ပြန်လည်ရုန်းထနိုင်ရန် လုံလောက်သော အရာများဖြစ်သည်။

သို့သော် အရာရာသည် အမြဲတမ်းအဆင်ပြေချောမွေ့နေသည်မဟုတ်။ ရှအုပ်စု၏ ဥက္ကဌအဖြစ်မှ ဖယ်ရှားခံရပြီးနောက် ရှယုံဒယ်သည် သူ၏အဆက်အသွေးများအား အသုံးချ၍ အလုပ်အကိုင် အခွင့်အလမ်းများကို ရှေ့ဆက်တိုးချင်ခဲ့သော်လည်း အကြိမ်ကြိမ်အခါခါ ဟန့်တားခံခဲ့ရသည်။

အစောပိုင်းတွင် ရှယုံဒယ်သည် သူ၏စီမံကိန်းသစ် လက်ခံမရရှိခဲ့ခြင်းသာဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း စုံစမ်းစစ်ဆေးကြည့်သောအခါ ရှထျန်ဟွာသည် သူ့အား ဟန့်တားနေခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။

ရှထျန်ဟွာသည် သူ့အား မျက်နှာချင်းမဆိုင် မတွေ့ခဲ့ဖူးပေ။

ထို့အပြင် ရှယုံဒယ်ထံသို့ လော့ဟိန်သည် လွန်ခဲ့သော၂ရက်ခန့်က ရုတ်တရက် လာရောက်တွေ့ဆုံခဲ့သည်။

တစ်ချိန်က အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့သူသည် ရှေ့မောက်သို့ ပေါ်လာသောအခါ လန့်သွားခဲ့ရသည်။

လော့ဟိန်သည် ရှအုပ်စု၏ ကုန်စည်ပို့ဆောင်ရေး အဆက်အသွယ် ကွန်ယက် လိုအပ်နေပြီး ထိုဖြစ်ရပ်ကို အသုံးချ၍ သူ့အား ခြိမ်းခြောက်ခဲ့သည်။

ရှယုံဒယ်သည် လော့ဟိန်လုပ်နေသော ကိစ္စများအား သိသဖြင့် လော့ဟိန်နှင့်ကင်းကွာရန် နှစ်ပေါင်းများစွာ နည်းမျိုးစုံကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ကြိုးပမ်းမှုများမှာ အချည်းနှီးပင်ဖြစ်ခဲ့ရသည်။

လော့ဟိန်သည် "ရှယုံဒယ် ၊ လိမ်ညာသူများကို ဖော်ထုတ်သူသာ ငါ့လုပ်ငန်းအကြောင်းတွေ မဖော်ထုတ်ခဲ့ရင် ငါ့ရဲ့ကျန်းချန်းမှာရှိနေတဲ့ ဩဇာညောင်းပုံမျိုးနဲ့ မင်းဆီကိုလာမယ်ထင်လား " ဟုမေးမြန်းခဲ့သည်။

သူသည် ရှယုံဒယ်အား အနည်းငယ်မထီမဲ့မြင်ပြုကာ ရှအုပ်စုနှင့် ပက်သပ်ရန် စိတ်ကူးပင်မရှိခဲ့ပေ။

လိမ်ညာသူများကို ဖော်ထုတ်သူ၊ ထပ်ပြီး လိမ်ညာသူများကို ဖော်ထုတ်သူပဲ။

ရှယုံဒယ်၏ စိတ်ထဲတွင် ထိုနာမည်အား အကြိမ်ရေ ထောင်ကျော်သည့်တိုင် ကျိန်ဆဲနေခဲ့သည်။

ဤအကောင့်‌ကြောင့်ပင် ရှအုပ်စု၏ ဥက္ကဋ္ဌရာထူး ဆုံးရှုံးစေခဲ့ပြီး ယခုအခါတွင်လည်း ဤအကောင့်ကြောင့်ပင် ခြိမ်းခြောက်ခံနေရသည်။

ဤအကောင့်နောက်ကွယ်ရှိ လူအား သိရှိပါက ဘယ်သောအခါမှ ခွင့်လွှတ်မည်မဟုတ်ပေ။

****

ရှအုပ်စု၏ ရုံးခန်း၌။

ရှထျန်ဟွာသည် သူ၏လက်ထောက်မှ စုစည်းတင်ပြသော ငွေကြေးဆိုင်ရာ အစီရင်ခံစာများကို ကြည့်ရှုနေပြီး သူ၏မျက်နှာအမူအရာမှာ ကြည်လင်ပြတ်သားကာ အပြည့်အဝ အာရုံစိုက်ထားပုံပေါ်သည်။

ထိုစဉ် အမျိုးသမီးအတွင်းရေးမှူးသည် သူ့အား ကြည့်ရှုပေးရန် ဝင်ရောက်လာပြီး ကော်ဖီတခွက် ငှဲ့ပေးခဲ့သည်။ ရှထျန်ဟွာ၏ အပြည့်အဝအာရုံစိုက်သော မျက်နှာအား တွေ့လိုက်ရသည့်အခါ သူမမျက်နှာတွင် ရှက်သွေးဖြာသွားခဲ့သည်။

ကုမ္ပဏီတွင် ရုတ်တရက် ဥက္ကဋ္ဌပြောင်းလဲသွားသောအခါ အစောပိုင်းတွင် လူတိုင်းသည် ဥက္ကဌအသစ်နှင့် လက်ရှိအဖွဲ့ဝန်ထမ်းများအား ထုတ်ပယ်ပြစ်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

သို့သော် ထင်မှတ်မထားသည်မှာ ဥက္ကဌသည် တစ်ကိုယ်တည်း ရောက်ရှိလာခြင်းဖြစ်သည်။ သူသည် ခွန်အားဗလနှင့် လျှို့ဝှက် ဆန်းကြယ်ဟန် ရှိသော်လည်း ယဉ်ကျေးသည်၊ မည်သူတစ်ဦးတစ်ယောက်မျှ ထုတ်ပယ်ခံရခြင်းမရှိ။ ထို့အပြင် အကောင်းဆုံးအချက်မှာ သူသည် ချောမောလေသည်။

ချောမောလှ‌ပတဲ့ ယောက်ျားတစ်ယောက်ကို များများကြည့်လေလေ အသက်ပိုရှည်လေလေပဲ။

အမျိုးသမီးအတွင်းရေးမှူးသည် ယခင်က အလုပ်သွားရသည်ကို မုန်းတီးခဲ့သော်လည်း ယခုအခါ ရှထျန်ဟွာကြောင့် အလုပ်လုပ်ရသည့် နေ့တိုင်းသည် ပို၍ ပျော်ရွှင်ဖွယ် ဖြစ်လာခဲ့သည်။

အထူးသဖြင့် ရှထျန်ဟွာ အလုပ်စားပွဲတွင် ကြိုးစားအားထုတ် လုပ်ကိုင်နေသည်ကို မြင်ရသောအခါ သူသည် အလွန်ချောမောလှသည်။

"မစ္စတာရှ ကျွန်မရဲ့ စာရွက်စာတမ်းတွေကို ကြည့်နေတာလားဟင် "

"အာ ၊ သူအရမ်း အာရုံစိုက်ကြည့်နေတာဆိုတော့ ငါ တစ်ညလုံး ဦးနှောက်ကုန်တဲ့ထိ လုပ်ခဲ့ရတဲ့ PowerPoint presentation ပဲ ဖြစ်ရမယ် "

"မဟုတ်သေးပါဘူး ၊ မစ္စတာရှ က ငါ့ရဲ့ ငွေကြေးဆိုင်ရာ အစိီရင်ခံစာတွေကို ကြည့်နေတာပဲ ၊ မကြာသေးခင်က ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေတွေ အရမ်းကောင်းနေတာ ၊ သူ့နှုတ်ခမ်းထောင့်လေးတွေကိုကြည့်လိုက်စမ်း သေသေချာချာလေးပြုံးနေတယ် "

ဥက္ကဋ္ဌရုံးခန်းအပြင်ဘက်တွင် အမျိုးသမီးဝန်ထမ်းများသည် ရှထျန်ဟွာအကြောင်း တီးတိုးပြောဆိုနေကြသည်။

အတွင်းဘက်တွင် ရှထျန်ဟွာသည် ကွန်ပျူတာတစ်လုံးနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နေသည်။ သူ၏ 27လက်မ fruit Mac ဖန်သားပြင်ပေါ်တွင် မျိုးစုံဖျော်ဖြေရေးအစီအစဉ်တစ်ခု ပြသလျက်ရှိသည်။

"Galaxy Girls"

ဖန်သားပြင်ပေါ်တွင် ရှချန်းချန်းနှင့် အခြားပြိုင်ပွဲဝင်များသည် သူတို့၏ ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အထားများကို ကြေညာခဲ့ကြသည်။ စဉ်အောက်ရှိ ပြိုင်ပွဲဝင်များသည် ဝမ်းမြောက်ဝမ်းသာစွာ အော်ဟစ်နေခဲ့ကြပြီး မှတ်ချက်များတွင် လက်ခုပ်သံများ ပဲ့တင်ထပ်နေခဲ့သည်။

ရှထျန်ဟွာ ၏ နှုတ်ခမ်းများသည် အပေါ်သို့ ကွင်းညွန့်သွားကာ အတွင်းမှ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်ထားသည်။

"အားးးးး ငါ့ညီမကို တီဗီအစီစဉ် ဖန်သားပြင်ပေါ်မှာ တွေ့ရတာ အရမ်းကောင်းတာပဲ ၊ သူမက အရမ်းချစ်စရာကောင်းလိုက်တာ "

" အရင်တစ်ခါတွေ့တုန်းက သူမရဲ့ ခေါင်းကို ပွတ်သပ်ဖို့ မရဲခဲ့ဘူး ၊ နောက်တစ်ခါဆိုရင်တော့ လုပ်ရမယ် "

" ဝိုးးး ငါ့ညီမက ကောင်းကွက်ရှာတတ်ပြီးတော့ ရင်းနှီးမြှုပ်နှံတတ်တယ် ၊ ကမ္ဘာ့ အကောင်းဆုံး ညီမလေးပဲ "

တံခါးခေါက်သံကြားလိုက်ရပြီးနောက် ရှထျန်ဟွာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေပုံအား ဖုံးကွယ်လိုက်သည်။ သူသည် ခလုတ်နှိပ်ကာ " Galaxy Girls " ၏ ပထမအပိုင်းသို့ ချုံ့ကြည့်လိုက်သည်။

အမျိုးသမီးအတွင်းရေးမှူးသည် ရှယုံဒယ်အား ရှုံးခန်းအတွင်းသို့ ခေါ်လာခဲ့သည်။

ရှယုံဒယ်အား မြင်လိုက်ရသောအခါ ရှထျန်ဟွာ၏ နှုတ်ခမ်းများသည် မထိန်းနိုင်တော့ဘဲ ချက်ချင်းဆိုသလို မဲ့ကျသွားသည်။ သူ၏မျက်နှာအမူအရာ ညှိုးနွမ်းသွားခဲ့သည်။

နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က ရှချန်းချန်းသည် ရှထျန်ဟွာအား ရှယုံဒယ်ကို လျန်အိန်းမှာ သူတို့၏ ဖခင်အရင်းမဟုတ်ကြောင်း မပြောရန် ထပ်ခါတလဲလဲ မှာခဲ့သည်။ သူမတွင် အခြားအကြံဉာဏ် ရှိရမည်။

ရှထျန်ဟွာသည် ရှချန်းချန်း ၏ ဆန္ဒအတိုင်း လိုက်နာနိုင်ခဲ့သည်။ သူသည် ရှယုံဒယ် အား ထိုင်ခိုင်းခဲ့ပြီး နှစ်ဦးသား ယဉ်ကျေးစွာ နှုတ်ဆက်စကား ပြောဆိုခဲ့ကြသည်။

ရှထျန်ဟွာသည် စိတ်မပူဘဲ ရှယုံဒယ် နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့စကားပြောနေခဲ့ပြီး ရံဖန်ရံခါ ရည်ရွယ်ချက်ရှိရှိ စကားအကြောင်းအရာ ပြောင်းလဲခဲ့သည်။

ရှယုံဒယ်သည် စိတ်လှုပ်ရှားနေခဲ့ကာ မထိန်းချုပ်နိုင်တော့ဘဲ သူ၏ရည်ရွယ်ချက်အား သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြခဲ့သည်။

"ထျန်ဟွာ၊ ဦးလာတာက ရှအုပ်စုရဲ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီနဲ့ ဆေးဝါးကုမ္ပဏီကို ဦးဆီ လွှဲပြောင်းပေးလို့ ရမလားဆိုတာ တိုင်ပင်ဖို့ပါ၊ ရှအမှုဆောင်လုပ်ငန်း နဲ့ ရှဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတို့က ဦး ဥက္ကဋ္ဌဖြစ်ပြီးမှ တည်ထောင်ခဲ့တာ၊ ဒါတွေအားလုံးက ဦးရဲ့ ချွေးစက်တွေပါ၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ်တည်ထောင်ခဲ့တဲ့ ကိုယ့်ကလေးတွေဆိုတော့ စိတ်ထဲမှာ သံယောဇဉ်လေးတွေရှိတာပေါ့ "

" ဦးရေ ၊ ဦးက အရမ်းယဉ်ကျေးလွန်း နေပါပြီ ၊ အဲဒါက ကုမ္ပဏီလေးနှစ်ခုပါပဲ "

ရှထျန်ဟွာသည် လက်ဖက်ရည် တစ်ငုံသောက်ကာ ဇိမ်ကျကျနှင့် ပြောလိုက်သည်။

"ဒါပေမဲ့ ဦး‌လည်း သိပါတယ်၊ ရှအမှုဆောင်လုပ်ငန်း နဲ့ ရှဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း က ကျန်းချန် မှာရှိတဲ့ အဓိကလုပ်ငန်းတွေပဲ၊ အထူးသဖြင့် ဆေးဝါးနယ်ပယ်မှာပေါ့၊ ရှအုပ်စုနဲ့ ယှဉ်ရင် ကျွန်တော်က သိပ်မကွာပါဘူး၊ ဒီအဓိကလုပ်ငန်းနှစ်ခုကို ဦးကိုပေးလိုက်ဖို့ ဘုတ်အဖွဲ့မှာရှိနေတဲ့ ဦးလေးတွေကတော့ သဘောတူလိမ့်မယ် မထင်ဘူး "

"မင်းကို သဘောတူပေးဖို့ ဦး ဘယ်လိုလုပ်ပေးရမလဲ "

ရှယုံဒယ် ပြုံးရယ်ကာ ပြောသည်။ သူသည် စိတ်လှုပ်ရှားနေပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်ကို တစ်စက်မျှမသောက်ဘဲ မျက်လုံးအဝိုင်းကြီးများဖြင့် ရှထျန်ဟွာအား စိုက်ကြည့်နေသည်။

"ကျွန်တော် ဦးလေးကို တစ်ပြားမှ မလျှော့ပေးဘူး”

ရှထျန်ဟွာ လက်ဖက်ရည်ခွက်အား ပေါ့ပေါ့ပါးပါးပင် ချလိုက်သည်။

" ဒီလိုဆိုရင်ရော၊ ‌ဦးလေးမှာ ရှအုပ်စုရဲ့စတော့ ၁၃% ရှိနေသေးတယ်ဆိုတာ ကျွန်တော် သိတယ်၊ အဲဒီ ၁၃% နဲ့ အလဲအလှယ်လုပ်မယ်ဆိုရင် ရှအမှုဆောင်လုပ်ငန်း နဲ့ ရှဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို ဦးလေးဆီ လွှဲပြောင်းပေးမယ် ဘယ်လိုလဲ "

ရှယုံဒယ်၏ မျက်ဆန်များ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။

ရှအုပ်စု၏ အမှန်တကယ်ကြွယ်ဝချမ်းသာမှုသည် အိမ်ခြံမြေတွင်ရှိသည်။ ရိုးရိုးလေးသာရှိသော အမှုဆောင်လုပ်ငန်းနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသည် စတော့ ၁၃% ၏တန်ဖိုးရှိမည်မဟုတ်ပေ။

"ထျန်ဟွာ၊ မင်းငါ့ကိုနောက်နေတာလား”

ရှယုံဒယ် ၏ အသံသည် တုန်ရီနေပြီး သူ၏မျက်နှာအမူအရာမှာ မငြိမ်မသက်ဖြစ်နေသည်။

"အမှုဆောင်လုပ်ငန်းနဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖို့ဆိုရင် စတော့ရဲ့ ၃% တောင် မပေးနိုင်ဘူး"

ရှထျန်ဟွာ ၏ လက်ချောင်းများသည် လက်ဖက်ရည်ခွက်၏အစွန်းအား နူးညံ့စွာပွတ်သပ်နေပြီး သူ၏မျက်နှာတွင် စိတ်မပူသောအပြုံးတစ်ခုရှိနေသည်။

"၁၃% တစ်ပြားမှမလျှော့ဘူး "

သူသည် စကားတစ်ခွန်းကိုသာ အတည်ပြုခဲ့ပြီး ရှယုံဒယ် အတွက် စျေးဆစ်ခွင့်ပင် မရှိစေခဲ့ပေ။

ရှယုံဒယ် အမျက်ထွက်နေပြီး ငြင်းဆန်ရန် အကြောင်းပြုနေစဉ် လော့ဟိန်၏ ခြိမ်းခြောက်မှုများ သူ၏နားထဲတွင် ပြန်လည် ကြား‌ယောင်လာသည်။

တစ်ဖက်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ စတော့ ၁၃% ဆုံးရှုံးမှုဖြစ်သည်။

ရှယုံဒယ် တွင် ရွေးချယ်စရာမရှိတော့ပေ။

ရှယုံဒယ် သည် နောက်ဆုံးတွင် စာချုပ်အား လက်မှတ်ရေးထိုးပြီး ထွက်ခွာသွားခဲ့သည်။

မိုးမျှော်တိုက်ရှိ ရုံးခန်းအတွင်း၊ ရှထျန်ဟွာ သည် ကြမ်းပြင်မှ မျက်နှာချက်အထိ အပြည့်ကာထားသောမှန် ရှေ့တွင် ရပ်ကာ အရာရှိကျောက် ထံသို့ ဖုန်းခေါ်ဆိုခဲ့သည်။

"အရာရှိကျောက် ၊ ရှယုံဒယ် က ရှအမှုဆောင်လုပ်ငန်း နဲ့ ရှဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို တောင်းဆိုဖို့ တကယ်ပဲ ငါ့ဆီ လာခဲ့တယ်၊ ကြည့်ရတာ မင်းရဲ့ခန့်မှန်းချက်က မှန်သွားတာပဲ၊ ရွှီချဲ နဲ့ လော့ဟိန် တို့က လိင်ကုန်ကူးမှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှုထက် ပိုပြီးနက်နဲတဲ့ နောက်ကွယ်မှာ ရှိနေနိုင်တယ်"

အရာရှိကျောက် : “အဲသူဌေးတွေက လော့ဟိန် အကြောင်း ထုတ်ပြောဖို့ ငြင်းနေကြတယ်၊ သူတို့မှာ ပိုဆိုးတဲ့ စိုးရိမ်စရာတွေ ရှိနေတယ်လို့ ထင်တယ်၊ ဒါကြောင့် ရဲတွေအနေနဲ့ သူတို့ရဲ့ တကယ့် လုပ်ငန်းကွင်းဆက်က မူးယစ်ဆေးထုတ်လုပ်မှုပဲလို့ ခန့်မှန်းထားတယ် ၊ မူးယစ်ဆေးတွေက ဇီဝနည်းပညာရဲ့ ဘေးထွက်ပစ္စည်းတွေပဲ”

"လောလောဆယ်၊ ငါတို့ရဲ့ စစ်ဆေးရေးမှူးတွေက ဒီလူတွေကို လိင်ကုန်ကူးမှုနဲ့ပဲ အပြစ်ပေးထားတယ် ၊ ဒါပေမဲ့ သက်သေတွေရှာပြီး သူတို့ရဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာကို ရှာတွေ့ရင် သူတို့သေဒဏ်ချမှတ်ခံရမယ်”

အရာရှိကျောက်သည် လော့ဟိန်၏ မူးယစ်ဆေး ထုတ်လုပ်ရေး စက်ရုံအား အကြွင်းမဲ့ရှာဖွေနေစဉ် တစ်ဖက်မှ ကျန်းချန်တွင် ဝမ်းမြောက်သံများ ပေါက်ကွဲထွက်နေသည်။

****

ထျန်ရှန်းသည် ဖန်စစ်ဟန်အား ကြိုဆိုရန် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ ဖန်စစ်ဟန် နှင့် ဟုန့်ပေါ်ချောင် တို့သည် များပြားလှသော မီဒီယာ သတင်းထောက်များရှေ့တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြသည်။

လူငယ်တစ်ဦးသည် ထရပ်လိုက်ပြီး ပြုံးရယ်ကာ ကြောင်သွားသော ဟိုပေါ်ချောင်အား လက်ဆွဲနှုတ်ဆက်ခဲ့သည်။

[မျှော်လင့်မထားဘဲ ဖန်စစ်ဟန် သည် နောက်ဆုံးတွင် ထျန်ရှန်းဘက် သို့ပါဝင်လာခဲ့သည်။ ထျန်ရှန်းသည် ဟန်ထျန်းထက်ပိုကာ နောက်တစ်ကြိမ် အောင်ပွဲခံခဲ့သည်]

ရှင်းခုံ ပြိုလဲပြီးနောက်၊ ထျန်ရှန်း သည် အကြီးမားဆုံး အနိုင်ရရှိသူဖြစ်သည်။ သူတို့သည် A-list အနုပညာရှင်နှစ်ဦးအား တစ်ချိန်တည်းမှာပင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

ထျန်ရှန်းသည် ဖန်စစ်ဟန် အား အဆင့်မြင့်စာချုပ်တစ်ခု ပေးအပ်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် အလွန်ရိုးသားဖြူစင်လေသည်။ ဟန်ထျန်းသည် ဖန်စစ်ဟန် အား အဆင့်မြင့်စာချုပ်ပေးနေသည်ဟု ဆိုသော်လည်း အမှန်တွင် ထျန်ရှန်း နှင့် ကွာခြားချက်မရှိပေ။

ထျန်ရှန်း၏ အမြင်သည် အလွန်ကြီးမားသည်။ ယခင်က ထိပ်တန်းနံပါတ် ၁ သာရှိခဲ့သော်လည်း လက်ရှိတွင် ကျင်ရိဖန် နှင့် ထန်ဝေ့လော့ တို့၏ တိုးတက်မှုအား ကြည့်လိုက်ပါ။ သူတို့သည် A-list အနုပညာရှင် ရှချန်းချန်း နှင့်လည်း ချုပ်ဆိုထားသည်။ ထျန်ရှန်း၏ အောင်မြင်မှုများသည် ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိလာပြီဖြစ်သည်။

[အား...အရမ်းပျော်တာပဲ။ ငါတို့ ဟန်ဟန် က ထျန်ရှန်း နဲ့ စာချုပ်ချုပ်သွားပြီ။ သူအနာဂတ်မှာ ပိုကောင်းတဲ့ အရင်းအမြစ်တွေ ရှိလာမှာ အသေအချာပဲ]

[ဟန်ဟန် ရဲ့နိုင်ငံတစ်ဝှမ်းလှည့်လည်မှုကို မျှော်လင့်နေပါပြီ]

[ဒါပေမဲ့ အမှန်ဆိုရင် ရှင်းခုံက အရမ်းယုတ်မာပြီး ရွှီချဲ ကလည်း ခြွင်းချက်မရှိယုတ်မာတာပဲ ၊ ဖန်စစ်ဟန် မှာ တကယ်ပဲ ညစ်ညမ်းမှုတွေ မရှိနိုင်ဘူးလား]

[အပေါ်ကလူတွေ ကောလဟာလ ဖြန့်တာရပ်နိုင်မလား၊ ငါတို့ အစ်ကိုကို ပြဿနာရှိတယ်လို့ပြောနေကြတာ မင်းတို့က သက်သေပြနိုင်လို့လား]

ဖန်စစ်ဟန်သည် ထျန်ရှန်း ၏ ကုမ္ပဏီအဆောက်အဦး၌ပင် စာချုပ် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့သည်။ ယနေ့ နေ့လယ် သူ့တွင် စီးပွားဖြစ် ဖျော်ဖြေမှုအတွက် ထပ်မံချုပ်ဆိုရန် ကြော်ငြာစာချုပ်ရှိပြီး ဖဲကြိုးဖြတ်ပွဲသို့လည်း တက်ရောက်ရဦးမည် ဖြစ်သည်။

အနားယူခန်းအတွင်း၊ ဖန်စစ်ဟန် သည် ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်အား ထည့်ထားပြီး စီးကရက်အဖျားတွင် မီးပွားငယ်လေးများ ထွက်ပေါ်နေသည်။

သူ့မျက်နှာအနေအထားသည် အတ္တဆန်သူ တစ်ယောက်ကဲ့သို့ရှိကာ ဆံပင်များအားကျစ်ဆံမီး တစ်ချောင်းစီ ကျစ်ထားပြီး ပန့်ခ်အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့် စီးကရက်သည် သူ၏ ယုတ်မာသော ပုံစံအား ပို၍ထင်ပေါ် နေစေသည်။

သူ့ရှေ့တွင် ပိန်လှီသော ယောက်ျားတစ်ယောက် ဒူးထောက်နေသည်၊၊ ထိုသူမှာ ဖန်စစ်ဟန် ၏ လက်ထောက် ချီယွီ ဖြစ်သည်။

ချီယွီသည် တက်ဘလက်တစ်ခုအား ဂရုတစိုက်ကိုင်ထားပြီး လူသားစက်ရုပ်တစ်ခုကဲ့သို့ စာမျက်နှာများ ဖြည်းဖြည်းချင်းလှန်ကာ ဖန်စစ်ဟန် အား ပြသနေသည်။

တက်ဘလက်ပေါ်တွင် ဖန်စစ်ဟန် ၏ မကြာသေးမီက စာချုပ်ဆိုင်ရာ သတင်းများ ပြသထားသည်။

ဖန်စစ်ဟန်သည် သတင်း ကြည့်ရှုပြီးနောက်

"ငါက ရွှီချီး နဲ့တူတယ်လို့ မင်းပြောတာလား ၊ ရွှီချီး အမျိုးသမီးတွေကို ရောင်းစားတဲ့ လူတစ်ယောက်၊ ငါနဲ့ယှဉ်ရင် ဘာမှဆိုစရာပါဘူး”

စီးကရက်သည် တစ်ဝက်ကျွမ်းနေပြီ ဖြစ်သည်။

ဖန်စစ်ဟန် ကြည့်လိုက်သည်နှင့် ချီယွီသည် တုန်လှုပ်နေသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်ချက် လျှပ်တစ်ပြက် ထွက်ပေါ်လာသော်လည်း တုန်ရီနေသော လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ ဖန်စစ်ဟန် သည် စီးကရက်ကို ချီယွီ၏ လက်ဝါးထဲသို့ ထိုးသွင်းပြီး မီးငြိမ်းသတ်လိုက်သည်။

လောင်ကျွမ်းနေသော မီးစမှ ရရှိသော နာကျင်မှုသည် ချီယွီ၏မျက်နှာအား ပျက်စေပြီး သူ့ မသိစိတ်သည် လက်အား ဆုတ်ယူလိုသော်လည်း ဖန်စစ်ဟန်၏ ကြမ်းတမ်းသော မျက်လုံးများအား မြင်လိုက်ရသောအခါ ချီယွီသည် အံကြိတ်သည်းခံကာ ထိန်းထားလိုက်ရသည်။

သူ၏ လက်ဝါးများသည် ယခုထက်တိုင် အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေပြီး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ထိုဒဏ်ရာများသည် သူ့ လက်ဝါးများမှတစ်ဆင့် သူ၏ လက်ရှည်အင်္ကျီအောက်ရှိ လက်မောင်းများအထိ ပျံ့နှံ့နေသည်။

လေထဲတွင် မီးကျွမ်းနံ့အနည်းငယ် ရှိနေသည်။ ချီယွီသည် မီးရှို့ဒဏ်ရာများကြောင့် သတိလစ်ချင်သလိုလို ရှိနေသည့်အပြင် သူ၏လည်ချောင်းသည် နာကျင်မှုကြောင့် လှုပ်ရှားချင်သော်လည်း ခေါင်းငုံ့ကာ တိတ်ဆိတ်စွာပင် နေနေသည်။

"မင်းကိုမေးနေတာ"

ဖန်စစ်ဟန် ၏မျက်နှာသည် သိသိသာသာ ချောမောနေသော်လည်း သူ၏မျက်လုံးများသည် ငရဲမှထွက်လာသော မြွေဆိုးကဲ့သို့ ဖြစ်နေသည်။

"ငါ့သတင်းတွေကို အရင်ကတည်းက ကိုင်တွယ်ဖို့ မင်းကို ပြောထားတယ် မဟုတ်လား၊ ဘာလို့လူတွေက ငါ့ကို ရွှီချဲ နဲ့တွဲပြီး ယှဉ်ထားတာတွေကို တွေ့နေရတာလဲ”

ချီယွီ တီးတိုးစွာဖြင့်

"ရေတပ်က မှတ်ချက်တွေကို ထိန်းချုပ်နေပြီးသားပါ၊ ဒါပေမဲ့ စိတ်မပါတဲ့ဖန်တွေ ရှိနေသေးတယ်”

ဖန်စစ်ဟန်သည် ချီယွီ၏ပါးအား တဖြောက်ဖြောက် အသံမြည်အောင် တစ်ချက်ပြီးတစ်ချက် ရိုက်နှက်နေသည်။

"ဒါ မင်း အလုပ်ကို ပြတ်ပြတ်သားသား မလုပ်တာကြောင့်ပဲ၊ ဒီမှတ်ချက်တွေက စိတ်ရှုပ်စရာကောင်းတယ်၊ ဖြတ်လျှောက်တွေက ငါ့မှာ ညစ်ပတ်မှုတွေရှိ တယ်လို့ ထင်သွားမှာကို နားလည်တယ်မလား ၊ ငါ မင်းကို လစာများကြီးပေးနေတာ မင်းက ငါ့အတွက် ဒီလိုမျိုး အလုပ်လုပ်တာလား"

ချီယွီ၏ ဖြူစင်သောမျက်နှာတွင် အနီရောင်လက်ရာများဖြင့် ဖုံးလွှမ်းသွားသည်။

"နောက်တစ်ခါဆို မင်းအတွက် သေချာ ပြတ်ပြတ်သားသား လုပ်ပါ့မယ်၊ နောက် ထပ်မဖြစ်စေရပါဘူး"

တံခါးခေါက်သံကြားလိုက်ရသည်။

ဖန်စစ်ဟန်၏ ကိုယ်စားလှယ် ဝမ်ရှင်း အနားယူခန်းထဲသို့ ဝင်ရောက်လာပြီး ချီယွီ ဒူးထောက်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ချီယွီအား ဆွဲထူလိုက်သည်။

"သတင်းထောက်တွေနဲ့ မီဒီယာတွေ မပြန်သေးဘူး၊ တစ်စုံတစ်ယောက်က မင်းရဲ့အခုလိုပုံစံကို မြင်သွားရင် ဘယ်လိုလုပ်မလဲ ၊ မင်းဒီလောကထဲ ဆက်မနေချင်တော့ဘူးလား"

ဝမ်ရှင်းသည် ဖန်စစ်ဟန်၏ လက်ထဲမှ တက်ဘလက်ကို အေးဆေးတည်ငြိမ်စွာ ယူပြီးနောက် ချီယွီလက်ပေါ်မှ စီးကရက်ပြာများအား ခါချလျက် ပြုံးရယ်ကာ

"စစ်ဟန်က မှတ်ချက်ဆိုးတွေ အများကြီးတွေ့ရတော့ စိတ်မကောင်းဖြစ်နေတာ သည်းခံပါဦးနော်"

ချွီယွီ ခေါင်းငုံ့ကာ စက်ရုပ်တရုတ်ကဲ့သို့ ခေါင်းညိတ်ပြီး ပြင်းပြင်းထန်ထန်ခေါင်းခါသည်။

"ငါ့အမှားပါ..."

"ထွက်သွား"

ချီယွီသည် တက်ဘလက်အား သိမ်းယူကာ အနားယူခန်းမှ အမြန်ထွက်သွားခဲ့သည်။

ဝမ်ရှင်းသည် နောက်ထပ် စီးကရက်တစ်လိပ် ကောက်ယူကာ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

"ငါပြောတာက မင်းအပြင်မှာ အေးအေးဆေးဆေးနေစမ်းပါ၊ ချီယွီက မင်း အကြောင်း အွန်လိုင်းမှာတင်လိုက်မှာကို မကြောက်ဘူးလား၊ ရှေ့မှာ မကြာခင်ကမှ နာမည်ပျက်ခဲ့တဲ့ အနုပညာရှင်တွေ အများကြီးရှိတယ် ၊ ရွှီချဲ အကြောင်း စဉ်းစားကြည့်စမ်းပါ”

"ဘာကိစ္စ ကြောက်ရမှာလဲ "

ဖန်စစ်ဟန် ထိုင်ခုံတွင် ပက်လက်လှန်ကာ ခြေထောက်များကို ကော်ဖီစားပွဲပေါ်သို့ တင်ထားပြီး ဖိနပ်များ စီးထားဆဲဖြစ်သည်။

"ချီယွီ ရဲ့အဖေ လောင်းကစားသမားက ငါ့ကို ဒေါ်လာသိန်းချီ အကြွေးတင်နေတာ၊ ငါသူ့ကိုနည်းနည်းပဲဆူလိုက်တာက ဘာကို ကြီးကြီးမားမားလဲ၊ ငါမရှိရင် သူ ငွေချေးသူတွေရဲ့လုပ်ကြံတာ ခံရမှာပဲ”

ဝမ်ရှင်းသည် ဖန်စစ်ဟန် ဘေးတွင် ထိုင်ကာ ဆိုဖာပေါ်ရှိ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများအား ပြင်ဆင်ရင်း

"ဒါဆိုရင်တော့ မင်းခဏလောက် ဤ

ဣန္ဒြေရရ နေသင့်တယ်”

"ထျန်ရှန်း က ငါတို့အဖွဲ့နဲ့ စာချုပ် ချုပ်ပြီးသွားပြီ၊ ဒါပေမဲ့ ဟုန့်ပေါ်ချောင် က မင်းကို ဘာအရင်းအမြစ်တွေမှ ပေးသေးတာ မဟုတ်ဘူး၊ ငါတို့ ထျန်ရှန်းနဲ့ တစ်ဖက်တည်းဖြစ်သွားရင် မင်းသတင်း‌ တွေထွက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေရှိ လာရင် ထျန်ရှန်းက သူ့ဂုဏ်သတင်းအတွက် မင်းကိုကာကွယ်ပေးမှာပဲ "

ဤသည်မှာ ဖန်စစ်ဟန် နှင့် ဝမ်ရှင်းတို့ လွန်ခဲ့သော အချိန်ပေါင်းများစွာကတည်းက ကြံစည်နေခဲ့သော အကြံအစည်ဖြစ်သည်။

မကြာသေးခင်က အွန်လိုင်းပေါ်တွင် နာမည်ပျက်ခဲ့ရသော အနုပညာရှင်များ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့သည် သာမန် နာမည်ပျက်များ မဟုတ်ဘဲ ကမ္ဘာမြေပြင်ကြီး လှုပ်ခတ်သွားသည်ထိ နာမည်ပျက်သွားသူများဖြစ်သည်။

ဖန်စစ်ဟန် ကောင်းကောင်းသိသည်။ သူ၏‌ နားခိုစရာ ပြိုလဲပါက ထိုလူများနှင့် ခြားနားမည်မဟုတ်ပေ။

ထို့ကြောင့် ထျန်ရှန်းအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပထမဦးစွာ၊ ထျန်ရှန်း တွင် သူ့အားကာကွယ်နိုင်ရန် လူမှုဆက်ဆံရေးအတွက် ငွေကြေး အလုံအလောက်ရှိသည်။ ဒုတိယအနေဖြင့် ထျန်ရှန်းသည် လိမ်ညာသူများကို ဖော်ထုတ်သူနှင့် ဆက်ဆံရေးကောင်းမွန်ဟန်ရှိပြီး လိမ်ညာသူများကို ဖော်ထုတ်သူမှ ကူညီခံရသော အနုပညာရှင်များစွာနှင့် စာချုပ်ချုပ်ဆိုထားသည်။

အနာဂတ်တွင် တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပျက်လာပါက လိမ်ညာသူများကို ဖော်ထုတ်သူသည် ထျန်ရှန်း နှင့် သူ့အတွက် မျက်နှာသာပေးမှု တစ်ခုခုတော့ ရနိုင်မည်လား။

ဤအကြောင်းကြောင့် ဒဏ်ငွေ ဒေါ်လာသန်း ၁၀၀ ပါသော စာချုပ်အား ချုပ်ဆိုရသည့်တိုင် ဖန်စစ်ဟန်သည် ထျန်ရှန်းကိုသာ ရွေးချယ်ခဲ့သည်။

"ငါသိတယ်၊ ငါသိတယ်"

ဖန်စစ်ဟန် စိတ်မရှည်သော အမူအရာဖြင့် တုံ့ပြန်ခဲ့သည်။

"နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်"

ဝမ်ရှင်း၏ မျက်နှာအမူအရာအနည်းငယ်မဲ့သွားပြီး အလေးနက်ထားပုံပေါ်သည်။

"ကုမ္ပဏီက မင်းကို လက်ထောက်တစ်ယောက် ထားပေးချင်နေတယ် ဒါပေမဲ့ ငါထင်တာတော့ စောင့်ကြည့်ခံရတဲ့သဘောနည်းနည်းပါလောက်တယ်၊ ဒါကြောင့် မင်းသတိထားသင့်တယ်"

ဆယ်မိနစ်ကြာသောအခါ ဟုန့်ပေါ်ချောင်သည် သူ၏လက်ထောက်အသစ်အား ခေါ်ဆောင်ကာ ဖန်စစ်ဟန်၏ အနားယူခန်းသို့ ရောက်ရှိလာခဲ့သည်။

လက်ထောက်အသစ်သည် အရပ် ၁.၇၅ မီတာခန့်ရှိသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် အလွန်လှပသည်မဟုတ်ဘဲ အညိုရောင် ဆံပင်ကောက်များရှိပြီး မျက်နှာတစ်ခုလုံးတွင် အစက်အပြောက်ငယ်များနှင့် အနက်ရောင်မျက်မှန် တပ်ဆင်ထားသည်။

"ဒီကလေးက ရှချိုးချိုး၊ ကုမ္ပဏီက စစ်ဟန် အတွက်ခန့်ပေးထားတဲ့ လက်ထောက်ပါ" ဟူ၍ ဟုန့်ပေါ်ချောင်မှ မိတ်ဆက်ပေးသည်။

ဝမ်ရှင်းသည် ဂုဏ်ပြုချီးမြှောက်ပုံ ပေါ်သည်။

"မစ္စတာဟုန့် က သိပ်စဉ်းစားတတ်တာပဲ၊ တကယ်တော့ စစ်ဟန် အတွက် လက်ထောက်တစ်ယောက်ဆို လုံလောက်ပါပြီ”

"စစ်ဟန်က ထိပ်တန်းအဆိုတော် တစ်ယောက်ပဲ၊ လက်ထောက်တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ"

ဟုန့်ပေါ်ချောင်က ဟန်ဆောင်ပန်ဆောင်နှင့် ပြောကာ အနားယူခန်းအား လှည့်ပတ်ကြည့်ရှုပြီး စီးကရက်အနံ့ အနည်းငယ်ရှူမိလိုက်သည်။

“ထျန်ရှန်းက အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဝင်ရောက် စွက်ဖက်တတ်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ပါပါရာဇီတွေက မင်းကို စီးကရက်သောက်တာ ရိုက်မိရင် မကောင်းဘူးနော်”

ဟုန့်ပေါ်ချောင်သည် သိသိသာသာပြုံးနေသော်လည်း သူ့အသံသည် အေးစက်နေပြီး အထူးသဖြင့် ဖန်စစ်ဟန်၏ ဂရုမစိုက်ဟန်အား အကဲခတ်မိသောအခါ သူ့မျက်လုံးများသည် ပို၍ပင် နက်ရှိုင်းလာသည်။

ဝမ်ရှင်းသည် ဖန်စစ်ဟန်အား အလျင်အမြန်ဆွဲထူကာ နှစ်ဦးသား ယဉ်ကျေးစွာဖြင့်၊

"သိပါတယ်၊ ပါပါရာဇီတွေကို ဘယ်တော့မှ ရိုက်ခွင့်မပေးပါဘူး”

ဟုန့်ပေါ်ချောင်သည် ဝမ်ရှင်းနှင့် အာမခံချက်များ အနည်းငယ် ထပ်မံပြင်ဆင်ပြီး‌နောက် စီးပွားဖြစ် ဖျော်ဖြေပွဲ အချိန်နီးကပ်လာသော‌ကြောင့် ထွက်ခွာသွားကာ "ရှချိုးချိုး" ၏အဝတ်အစားများကို ဝတ်ဆင်၍ ရုပ်ဖျက်ထားသော ရှချန်းချန်းအား ဖန်စစ်ဟန် နှင့်အတူ စီးပွားဖြစ်ဖျော်ဖြေပွဲ ကျင်းပမည့် စျေးဝယ်စင်တာသို့ လိုက်ပါစေခဲ့သည်။

လမ်းတစ်လျှောက်တွင် ဝမ်ရှင်း နှင့် ဖန်စစ်ဟန် တို့သည် ရှချန်းချန် အပေါ် အလွန်ယဉ်ကျေးကြသည်။ ရှချန်းချန်း သည်လည်း အလွန်တက်ကြွပြီး ဖန်စစ်ဟန် အား အဝတ်အစားများ သယ်ဆောင်ပေးခြင်း၊ လက်ဖက်ရည်ယူပေးခြင်းများ ပြုလုပ်ကာ လျင်မြန်ထက်မြက်သော လက်ထောက်တစ်ဦး၏ စရိုက်လက္ခဏာနှင့် အလွန်ကိုက်ညီ‌နေသည်။

နေ့လယ်ခင်းတွင် nanny ကားသည် ကျူရှန်း စျေးဝယ်စင်တာသို့ ရောက်ရှိခဲ့သည်။

မိတ်ကပ်ပြင်ဆင်ပြီးနောက် ဖန်စစ်ဟန် သည် ဇာတ်စင်ပေါ်တက်ကာ အစီစဉ်တင်ဆက်သူနှင့် အပြန်အလှန် မိတ်ဆက်ကြပြီး စင်ပတ်လည်တွင် ပရိသတ်များဖြင့် ပြည့်နှက်နေသည်။

လက်ထောက်ကလေး ရှချန်းချန်း သည် နောက်ဆုံးတွင် သက်ပြင်းချမိပြီး ကျူရှန်း ရင်ပြင် ဒုတိယထပ်ရှိ စျေးဝယ်စင်တာ၏ လက်ရန်းပေါ်လဲလျောင်းကာ ဖန်စစ်ဟန် ၏ဖျော်ဖြေမှုအား ကြည့်ရှုနေသည်။

စနစ်သည် အလွန် နားမလည်နိုင်ဖြစ်နေသည်။

“အစီစဉ်မှူး၊ မင်းက ဖန်စစ်ဟန် ကိုဖော်ထုတ်မယ်လို့ မနေ့ကပြောခဲ့တာ မဟုတ်လား၊ ဘာလို့ အခုအခါသူ့ကို ဒီလိုခမ်းနားစွာနဲ့ သီချင်းဆိုတာ ထိုင်ကြည့်နေရတာလဲ”

"ဒဏ်ကြေးငွေ သန်း ၁၀၀ ချုပ်ဆိုထားတာ မဟုတ်ဘူးလား”

ရှချန်းချန်း ရယ်မောလိုက်သည်၊

"သန်း ၁၀၀ ဆိုတာ လင်ယွီဗီလာ တစ်စုံစာပဲ၊ ပန်းရောင်မှတ်ချက်လေးတွေ ပို့တာနဲ့ဆို ဘယ်လိုချိုမြိန်လိုက်သလဲ"

စနစ်- "ထျန်ရှန်း က ဒီအချိန်မှာ ထိခိုက်သွားမှာလား"

"ပထမတန်း အနုပညာရှင်တွေ ပြိုလဲတာက အေဂျင်စီကို ထိခိုက်စေတယ်၊ ဒါပေမဲ့ အဓိကအကြောင်းရင်းက အေဂျင်စီက အနုပညာရှင်တွေကို အရင်းအမြစ်တွေ အများကြီးထည့်ထားလို့ပဲ ငါတို့က ဖန်စစ်ဟန် ဆီမှာ ဘာမှမထည့်ထားဘူး၊ ဒါကြောင့် သူ့ရဲ့ဂုဏ်သတင်းပြိုလဲတာက"

ရှချန်းချန်းသည် ဂရုမစိုက်ဘဲ ပခုံးခါလိုက်သည်၊

"ရှန်းကျယ်" နဲ့ "Galaxy Girls" မင်းမေ့သွားပြီလား၊

လူထုဆက်ဆံရေး ကောင်းမှ ဂုဏ်သတင်းပြိုလဲတာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်တာ ပြီးတော့ ငါစစ်ဆေးကြည့်ပြီးပြီ၊ ဖန်စစ်ဟန် က ပထမတန်းအနုပညာရှင်ပဲ၊ သူ့မှာ ကြော်ငြာစာချုပ်တွေနဲ့ ပြည့်နေတယ်၊ သူ့အစီအစဉ်က နောက်လ နှစ်လစာစီစဉ်ထားတယ်၊ ထျန်ရှန်း က သူ့အတွက် အရင်းအမြစ်တွေ စီစဉ်ပေးရင်တောင် အနည်းဆုံး နှစ်လလောက်ကြာမှာ ဒီကောင်ကို နှစ်လတိတိ ခုန်ပေါက်ခွင့်ပေးမှာတဲ့လား"

"ထျန်ရှန်း က ဖန်စစ်ဟန် အပေါ်မှာ ရင်းနှီးမြှုပ်နှံမှုမရှိရင်တောင် သူ့လုပ်ငန်းပျက်သွားရင် ဒဏ်ကြေးငွေတွေ ဆပ်ရမယ်မလား"

စနစ်သည် ရုတ်တရက်နားလည်သွားသည်။

“မင်းက သူ့ကိုဖော်ထုတ်ရုံတင်မကဘူး၊ သူ့ကိုပါချိုးနှိမ်ဖို့လား ၊ မင်းအရမ်း ကြမ်းတာပဲ၊ တကယ့် အမြတ်ကြီးစားသူပဲ”

ရှချန်းချန်း ရှက်ကြောက်နေဟန်ပြုကာ

"မင်းဒီလိုချီးမွမ်းနေရင် ငါရှက်လာပြီ"

စနစ်- "..."

ကျူရှန်းစင်တာရင်ပြင်သည် ဖန်စစ်ဟန် ၏ပရိသတ်များဖြင့် ပြည့်နှက်နေသည်။ ဖွင့်ပွဲမိတ်ဆက်ပြီးနောက် ဖန်စစ်ဟန် သည် နောက်ထပ် ရော့ဂ် ဂီတဖျော်ဖြေမှုတစ်ခုဖြင့် ဆက်လက် ဖျော်ဖြေခဲ့သည်။

တုံ့ပြန်မှုမှာ စိတ်အားထက်သန်စရာ ဖြစ်သည်။ ပရိသတ်များသည် သူတို့၏ အလင်းဘုတ်များအား ပြင်းပြင်းထန်ထန် လှုပ်ခတ်ကာ ဖန်စစ်ဟန် နှင့်အတူ ဂီတထဲသို့ နှစ်မြုပ်သွားခဲ့ကြသည်။

မျှမျှတတပြောရလျှင် ရှချန်းချန်း သည် ရော့ဂ်ဂီတ သိပ်မနားထောင်သော်လည်း ဖန်စစ်ဟန်၏ ရောဂ့် ဂီတသီချင်းများသည် စိတ်ရူးသွားလုနီးပါး အရူးအမူးဖြစ်သည့်အထိပင် စွမ်းဆောင်နိုင်ရည် ရှိသည်။

ဒါကတော့ ဒဏ္ဍာရီလိုပဲလား၊ ပါရမီရှင်တွေအားလုံးက စိတ်မနှံ့ကြတာလား။

သို့သော် နားထောင်ပြီးနောက် ရှချန်းချန်းသည် ထိုသီချင်းတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိသည်

သီချင်းမှာ တစ်ခုခုမဟုတ် တစ်စုံတစ်ယောက် မှားယွင်းနေဟန်ရှိသည်။

ရှချန်းချန်းသည် ဇာတ်စင်ပေါ်ရှိ ဖန်စစ်ဟန် သည် အနည်းငယ် တုန်ရီနေဟန်ရှိကာ တစ်ကိုယ်လုံး တင်းမာမှုဖြင့် ဖျားနာနေဟန်ရှိသည်ကို သတိထားမိသွားသည်။ သီချင်းတွင် နောက်ထပ် အပိုင်းတစ်ခုရှိ သေးသော်လည်း ဖန်စစ်ဟန် သည် နောက်ကွယ်ရှိ ဝမ်ရှင်း ထံသို့ မြန်မြန်မျက်စိမှိတ်ပြကာ ဂီတအား စောစီးစွာရပ်တန့်စေလိုက်သည်။

ဇာတ်စင်မှဆင်းပြီးနောက် ရှချန်းချန်း နှင့် ချီယွီ တို့သည် ချက်ချင်းပင် သူ့အား တွေ့ဆုံရန်သွားခဲ့ကြသည်။ ဖန်စစ်ဟန် သည် သူ့ကိုယ်သူ မည်သို့ ထိန်းထားခဲ့သည်ကို မသိရသော်လည်း နောက်ကွယ်သို့ လမ်းလျှောက်သည့် အခိုက်တွင် သူ့ခြေထောက်များသည် ရုတ်တရက်အားနည်းသွားပြီး မတ်တပ်ရပ်ရန် အနိုင်နိုင် ဖြစ်နေသည်။

ဝမ်ရှင်း သည် လျင်မြန်စွာ သူ့အားထိန်း ပေးခဲ့သည်။

ဝမ်ရှင်း နောက်ပြန်လှည့်ကြည့် လိုက်သောအခါ ရှချန်းချန်း၏ မျက်နှာသည် သံသယများဖြ င့်ပြည့်နှက်နေသည်ကို မြင်တွေ့ရသည်၊

"ဒါက နာတာရှည်ရောဂါပါ၊ စစ်ဟန် မှာ နှလုံးခုန်မြန်တဲ့ဝေဒနာ နည်းနည်းရှိတယ်၊ သူ အရမ်းစိတ်လှုပ်ရှားသွားရင် ဖြစ်တတ်တယ်"

ဟု အလျင်အမြန်ရှင်းပြခဲ့သည်။

"ဆေးရုံမသွားဘူးလား”

ရှချန်းချန်း စိုးရိမ်စွာမေးမြန်းခဲ့သည်။

"ဘာမှမဖြစ်ပါဘူး၊ ဟိုတယ်ကိုသွားပြီး ဆေးနှစ်ခွက်သောက်လိုက်ရုံပဲ "

ဝမ်ရှင်းသည် ယာဉ်မောင်းကို အရှိန်မြှင့်ခိုင်းကာ ဖန်စစ်ဟန်အား ဟိုတယ်သို့ အပြေးအလွှား ခေါ်ဆောင်လာခဲ့သည်။

အိပ်ရာထဲတွင် လဲနေသော်လည်း ဖန်စစ်ဟန် ၏အခြေအနေမှာ သိပ်မကောင်းလှပေ။ သူ၏ လည်ပင်းတွင် ချွေးများထွက်နေသည်။ ဝမ်ရှင်းသည် အကြောင်းပြချက်တစ်ခု ဖန်တီးကာ အဝတ်အစားများလဲပြီး ရှချန်းချန်းအား အမှုဆောင်၏ ဧည့်ခန်းသို့ မောင်းထုတ်လိုက်သည်။

အခန်းအတွင်း၊ ဖန်စစ်ဟန် သည် ရုတ်တရက် ချီယွီ၏လက်မောင်းအား ဆုပ်ကိုင်ကာ "ဆေးဘယ်မှာ ဆေးပေး" ဟု အာသီသရှိရှိပြောလိုက်သည်။

ချီယွီ တိုးတိုးတိတ်တိတ် ပြန်ပြောသည်။

“ဆရာဖန် ခုနကပွဲမှာ အရမ်းအန္တရာယ်များလို့ ဆေးမယူလာခဲ့မိဘူး”

ဖန်စစ်ဟန်၏ မျက်လုံးများသည် ကျယ်လာပြီး မျက်ဆံများတွင် သွေးကြောမျှင်များဖြင့် ပြည့်နှက်နေသည်။

"မရှိရင်ဝယ်လာခဲ့”

ဖန်စစ်ဟန် အော်ဟစ်ကာ ခြေထောက်မြှောက်၍ ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ အခန်းအလှဆင်ထားသော ပန်းအိုး မြေပြင်ပေါ်သို့ကျသွားပြီး ကြမ်းပြင်တစ်ခုလုံး ပျံ့ကြဲသွားသည်၊

"ငါ့မှာငွေရှိတယ်၊ ဝယ်လို့မရတာမဟုတ်ဘူး"

"ဟုန့်ပေါ်ချောင် ရဲ့လူတွေအပြင်မှာရှိနေသေးတယ်၊ မင်းသည်းခံလို့မရဘူးလား၊ သည်းခံစမ်းပါ”

ဝမ်ရှင်းသည် ဆူပူကာ

"အရင်ကတည်းက မင်းကို နည်းနည်းလျှော့သောက်ဖို့ ပြောခဲ့တယ်၊ မင်းရဲ့စွဲလမ်းမှုက ဘာလို့ပိုဆိုးလာရတာလဲ”

ဖန်စစ်ဟန်သည် ရှေ့သို့ပြေးဝင်ပြီး ဝမ်ရှင်း၏ ကော်လံအား တင်းတင်းကျပ်ကျ ပ်ဆုပ်ကိုင်လိုက်သည်။ သူသည် အရူးအမူးဖြစ်နေပြီး မျက်လုံးများသည် ခေါင်းထဲမှ ပေါက်ထွက်လာတော့မည့်ဟန် ရှိသည်၊

"ငါမခံနိုင်တော့ဘူး၊ ဝယ်လာ မင်း ငါ့အတွက် မဝယ်ပေးရင် ငါကိုယ်တိုင် သွားဝယ်မယ်”

ပြောသည့်အတိုင်းပင် ဖန်စစ်ဟန် သည် ဝမ်ရှင်းအား တွန်းဖယ်ပြီး တံခါးဖွင့်ကာ ထွက်ပြေးတော့မည်ဖြစ်သည်။

ဝမ်ရှင်းသည် သူ့အား ဤမျှ ရိုင်းပျစွာ ပြုမူခွင့်ပေးမည်မဟုတ်ပေ။ သေချာသည်မှာ မူးယစ်ဆေးစွဲသူများသည် စွဲလမ်းနေစဉ်တွင် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိကြခြင်း ဖြစ်သည်။

သူသည် ဖန်စစ်ဟန်အား ဆုပ်ကိုင်ရုံသာကိုင်ထားပြီး

"ငါ မင်းအတွက် ဝယ်ပေးမယ်၊ ဝယ်ပေးမယ်”

ထိုစကားသည် ဖန်စစ်ဟန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မီးမွှေးခဲ့သည်၊

ထို မီးတောက်များသည် အဆိပ်ပြင်းသော မြွေကဲ့သို့ ကြမ်းတမ်းသည်။ အမျက်ထွက်ပြီးနောက်၊ သူသည် အလွန်ဝမ်းမြောက်စွာဖြင့် ဝမ်ရှင်း၏ ကော်လာအား ဆုပ်ကိုင်ကာ

"အစ်ကို မင်းက ငါ့အတွက်ဆို ကောင်းတုန်းပဲ၊ မင်းက ငါ့အတွက်အကောင်းဆုံးပဲ"

အမှုဆောင်ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ရှချန်းချန်းသည် အေးဆေးတည်ငြိမ်စွာဖြင့် သူမ၏နားထဲမှ ဘလူးတုနားကြပ်အား ချွတ်လိုက်သည်။

ရှချန်းချန်းသည် ဖန်စစ်ဟန်ဖို့ အဝတ်အစားများ ယူပေးနေစဉ်က သူမ၏အိတ်ကပ်ထဲသို့ အသံသွင်းစက် ထည့်ပေးခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့သော အရာများနှင့် သူမသည် အလွန်ကျွမ်းကျင်နေပြီး ဖြစ်သည်။

ဝမ်ရှင်းသည် ဟိုတယ်၏အသံထိန်းချုပ်မှုစနစ် ကောင်းမွန်သည်ဟု ထင်သော်လည်း ရှချန်းချန်းသည် သူကြားသင့်သည်နှင့် မကြားသင့်သည် အားလုံးကြားခဲ့ပြီးဖြစ်သည်။

လက်ထောက်ဖြစ်ပြီးနောက် ဖန်စစ်ဟန် မူးယစ်ဆေး သုံးစွဲသည်ကို ဖမ်းဆီးရန် ရက်အနည်းငယ် ကြာမည်ဟု ထင်ခဲ့သော်လည်း ဤမျှ မြန်ဆန်စွာဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ရှချန်းချန်း စဉ်းစားမိသည်။ အသံသွင်းခြင်းသည် ဗီဒီယိုကဲ့သို့မကောင်းသေး၊ ထိရောက်မှု မလုံလောက်သေးပါ။ ဖန်စစ်ဟန် ၏အခန်းထဲတွင် ကင်မရာတစ်လုံး တပ်ဆင်နိုင်မည်ဆိုလျှင် ပို၍ ကောင်းမွန်မည်ဖြစ်သည်။

အခန်းတံခါးပွင့်လာခဲ့ပြီး ချီယွီသည် အခန်းထဲမှ အလျင်အမြန်ထွက်လာသည်။

နှစ်ဦးစလုံးသည် နှုတ်ဆက်ခြင်းအဖြစ် တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြကြသည်။

"ဒီကောင်က ဖန်စစ်ဟန် အတွက် မူးယစ်ဆေး ဝယ်ပေးဖို့ သွားနေတာပဲထင်တယ်" ဟု စနစ်က ပြောသည်၊

"host , ငါ ဒီလက်ထောက်လေးကို စစ်ဆေးကြည့်တော့ သူနဲ့ ဖန်စစ်ဟန်က အထက်တန်းကျောင်းအတူတူပဲ၊ ဖန်စစ်ဟန် က သူ့အဖေရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးခဲ့တာ၊ သူအဲကတည်းက ဖန်စစ်ဟန် ရဲ့လက်ထောက်ဖြစ်နေခဲ့တာ၊ ဖန်စစ်ဟန် က ဒီလက်ထောက်ကို အရမ်းဆိုးဆိုးဝါးဝါး ဆက်ဆံတယ်၊ သူ့ကိုမကြာခဏ ဒဏ်ခတ်တယ်ထင်တယ်"

ရှချန်းချန်းသည် ချီယွီ၏ လက်ကောက်ဝတ်ပေါ်ရှိ မှိန်းဝါးနေသော မီး‌လောင် ဒဏ်ရာများအား လှမ်းကြည့်လိုက်သည်။

ဒီတစ်ခါတော့ စနစ်ရဲ့ အချက်အလက်ရှာဖွေမှုက အတော်လေးပြည့်စုံတာပဲ။

စနစ်သည် ထပ်မံ၍ စာနာစိတ်ဖြင့် သက်ပြင်းချလိုက်သည်။

“အား... ဒီလက်ထောက်လေးအတွက်တော့ မလွယ်ဘူး host၊ ငါတို့ ဖန်စစ်ဟန် မူးယစ်ဆေးသုံးစွဲတာကို ဖော်ထုတ်လိုက်ရင်၊ မူးယစ်ဆေးဝယ်တဲ့ လက်ထောက်လေးလည်း ထောင်ကျမှာပဲနော်"

ရှချန်းချန်း ခေါင်းညိတ်လိုက်သည်။

အခြားသူများအတွက် မူးယစ်ဆေးဝယ်ပေးခြင်းသည်လည်း ရာဇဝတ်မှုတစ်ခုဖြစ်သည်။

ချီယွီ သည် ပစ္စည်းများသိမ်းဆည်းပြီး ထွက်ခွာတော့မည်ဖြစ်သည်၊ ရှချန်းချန်း သည် ရုတ်တရက် ယဉ်ကျေးစွာမေးမြန်းလိုက်သည်။

"ကူညီဖို့ လို့သေးလား”

ချီယွီ ရပ်တန့်သွားပြီး အံ့အားသင့်ဖွယ် ရှချန်းချန်းအား ပြန်လှည့်ကြည့်လိုက်သည်။

ရှချန်းချန်း ပြုံးရယ်ကာ "ကျွန်မက

မစ္စတာဟုန့်ရဲ့လက်ထောက်ပါ၊ အကယ်၍ ဆရာဖန် လိုအပ်တာရှိရင် ကျွန်မကို ပြောလို့ရပါတယ်၊ ကျွန်မ ကူညီနိုင်လောက်ပါတယ်"

ချီယွီသည် သေးငယ်သောအိတ်တစ်ခုအား တင်းတင်းချုပ်ကိုင်ထားသည်။ အတွင်းတွင် ငွေသားတစ်ထုပ်ပါရှိပြီး ယခင်က ဖန်စစ်ဟန် မှ သူ့အား မူးယစ်ဆေးဝယ်ရန် ပေးခဲ့သောငွေဖြစ်သည်။

သူသည် ထိုအိတ်အား အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ လက်ချောင်း အဆစ်များသည် ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် ချီယွီသည် တိတ်ဆိတ်စွာ‌ နေလျက်ပင် ခေါင်းခါခဲ့သည်။

ရှချန်းချန်း စိတ်ထဲတွင် သက်ပြင်းချမိသည်။

သူမသည် သူ့အား အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း သူငြင်းဆန်ခဲ့သည်။

ရှချန်းချန်း နောက်ပြန်လှည့်ကာ ဖန်စစ်ဟန်၏ အခန်းထဲတွင် ကင်မရာမည်သို့ တပ်ဆင်ရမည်ကို ဆက်လက်စီစဉ်နေသည်။

အချိန်တစ်ခု ကြာပြီးနောက် သူ့နောက်ကွယ်တွင် တံခါးပိတ်သံမကြားရသောကြောင့် ရှချန်းချန်း သည် အနည်းငယ် ခေါင်းရှုပ်သွားသည်။ သူမ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ချီယွီ သည် တံခါးဝတွင် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။

ချီယွီသည် ခေါင်းမော့ကာ ရှချန်းချန်းအား ကြည့်သည်။

ရှင်းလင်းနေသင့်သော သူ၏ မျက်လုံးများသည် ယခုအခါ မြူဆိုင်းနေပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

အစ်ကိုဝမ်ရှင်းသည် ထျန်ရှန်းအား ရေထဲဆွဲချကာ ဖန်စစ်ဟန်နှင့် တစ်တန်းတည်းရှိသော ဓားခုတ်ကောင် တစ်ကောင်ဖြစ်အောင် လုပ်ရန် အသင့်ဆုံးဖြစ်သည်ဟု ပြောခဲ့သည်။

ဒါကြောင့်...

"မင်း တကယ်ပဲ ငါ့ကိုကူညီချင်တယ်ဆိုရင်"

ချီယွီက ရုတ်တရက်ပြုံးရယ်ကာ

"ဆရာဖန် အတွက် ဆေးနည်းနည်း သွားဝယ်ပေးနိုင်မလား”

Chapter 78

ရှချန်းချန်းသည် ချီယွီ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့ပြီး သူမ မျက်လုံးများမှာ တည်ငြိမ်အေးဆေးနေခဲ့သည်။

သို့သော်လည်း စနစ်သည် စိုးရိမ်စွာဖြင့် “Hostရေ သူက မင်းကို လှည့်စားဖို့ ကြိုးစားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေရတယ်မဟုတ်လား၊ သူက ဖန်စစ်ဟန်အတွက် မူးယစ်ဆေးတွေ ဝယ်ချင်နေတာလေ” ဟု ပြောလာခဲ့သည်။

“ဆေးတွေဝယ်တာက ပြစ်မှုတော့ မမြောက်ပါဘူး အဲဒါက အနည်းဆုံး ဒဏ်ကြေးဆောင်ရပြီး အများဆုံးကတော့ လိုင်စင်သိမ်းခံရုံလောက်ပါပဲ၊ ပြီးတော့ သူတို့ပြောနေတဲ့ “ ဆေး” ဆိုတာက မူးယစ်ဆေးတွေ ဖြစ်နေတယ်ဆိုတာကို ငါတကယ်မသိခဲ့ဘူး၊ ပြီးတော့ ချီယွီရဲ့ အစီအစဉ်က အဲဒါဆိုတာလည်း ငါတကယ်မသိတာ” ဟု ရှချန်းချန်းမှ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။

သူသည် ရှချန်းချန်းအား “အကူအညီ”တောင်းရခြင်းအကြောင်းမှာ သူမသည် “ဘာမှမသိသူ” ဖြစ်သောကြောင့်ပင် လည်းကောင်း၊ ဒါမှမဟုတ်လျှင် သူသည် တမင်တကာပင် သူမအား ထောင်ချောက်ဆင်၍ ဖမ်းရန်လုပ်နေပါသလော။

“Hostရေ မင်း ငြင်းလိုက်တာ ပိုကောင်းမယ်နော်” ဟု စနစ်မှ စိုးရိမ်စွာဖြင့် ပြောလာခဲ့သည်။

“ငါတို့ရဲ့ အဓိက ရည်မှန်းချက်တွေ မပြည့်သေးဘူးလေ၊ အဲဒါကြောင့် သတိထားပြီးနေတာ ပိုကောင်းမယ်နော်”

“တုန်ကျီ အဲဒါကတော့ မမှန်သေးဘူး”

ရှချန်းချန်းမှ ဝေဖန်အကဲဖြတ်သည့် ပုံစံဖြင့် ပြောလာခဲ့သည်။

“လူတွေက ငါ့ကို ဒီလောက် ရိုးရိုးသားနဲ့ ကူညီဖို့ တောင်းဆိုနေတာလေ၊ တကယ်လို့ ငါက မကူညီဘူးဆိုရင် သူတို့ရဲ့နောက်မှာ ဘယ်လို အံ့ဩသင့်စရာကောင်းတဲ့ အရာတွေ စောင့်ကြိုနေမလဲ မသိနိုင်ဘူးလေ၊ အဲဒါက ဖရဲသီးအကြီးကြီးလည်း ဖြစ်နိုင်တယ်နော်”

ရှချန်းချန်းသည် သူမ၏မျက်လုံးကိုပင့်၍ ချီယွီကို ပြုံးပြကာ “ကောင်းပြီလေ ကျွန်မကူညီမယ်” ဟု ပြောလာခဲ့သည်။

စနစ်: "..."

တကယ်လို့ သေခြင်းတရားကို မရှာရင် သေမှာမဟုတ်ဘူး။ ဘာလို့ မိုင်းတွင်းထဲ ခုန်ချရတာကို သဘောကျနေတာလဲ။

ကျန်းချန်မြို့၏ မြောက်ဘက်တွင်ရှိသော ညစျေး၌ လူအသွားအလာများ၍ ရှုပ်ရှက်ခပ်နေလေသည်။

ထိုနေရာမှာ ကျန်းချန်းမြို့၏ ပရမ်းပတာအဖြစ်ဆုံးနေရာတစ်ခုဖြစ်ပြီး ရန်ပွဲများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

ကျန်းချန်မြို့၏ ညဘက်တွင် ထိုနေရာနှင့် မနီးမဝေးနေရာ၌ bar များ ရှိသည့် လမ်းကြားလေးတစ်ခုရှိလေသည်။ ညတိုင်းပင် အရက်မူးနေသည့် ကောင်မလေးများကို ယောကျာ်းကြီးများမှ ခေါ်ဆောင်သွားကြလေသည်။

ညနေစောင်း အချိန်များတွင် ထိုညစျေး၌ စျေးပေါသည့် နီယွန်မီးရောင်များဖြင့် လင်းနေလေသည်။ ထို ပရမ်းပတာဖြစ်နေသော အခြေအနေများကြားတွင် မရှင်းပြနိုင်သော အစီအစဉ်များ ရှိနေလေသည်။

ရှချန်းချန်းသည် ထိုလမ်းကြားလေးအတိုင်း ဝင်လာခဲ့ပြီး လက်မောင်းပေါ်တွင် တက်တူးများထိုးထားသည့် ယောကျာ်းကြီးများသည် သူမအား မကောင်းသည့် ရည်ရွယ်ချက်များဖြင့် ကြည့်နေကြလေသည်။

သူမသည် bar တစ်ခု၏ တံခါးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုနေရာတွင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ တက်တူးနှင့် အမာရွတ်များဖြင့် ပြည့်နေသော လူဆိုးဂိုဏ်းများ ရှိနေလေသည်။

ရှချန်းချန်းသည် ဝံပုလွေအုပ်ကြီးထဲသို့ ကျသွားသည့် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေသည့် ပုံစံ ဟန်ဆောင်နေခဲ့ပြီး ချီယွီမှ သူမအား ပေးလိုက်သည့် အနက်ရောက်အိတ်ကို တုန်တုန်ရီရီဖြင့် ပေးလိုက်လေသည်။

“ မဂ်လာပါ၊ မစ္စတာဖန်… မစ္စတာဖန်က ကျွန်မကို ဒီလာပြီး ဆေးဝယ်ခိုင်းလို့ပါ”

“ ဆေးဝယ်မှာလား၊ မင်းက လူအသစ်လေးလား”

မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အမာရွတ်ရှိနေသော လူဆိုးခေါင်းဆောင်တစ်ယောက်သည် ရှချန်းချန်းအား အထင်သေးသည့် အကြည့်ဖြင့် စိုက်ကြည့်လ်ိုက်လေသည်။

“သူတို့က ကောင်မလေးတစ်ယောက်ကို တကယ်ပို့လိုက်တာပဲ၊ ဖန်စစ်ဟန်က တကယ်ကို သတ္တိကောင်းလွန်းတယ်”

အမာရွတ်များရှိနေသည်လူမှ ပြောလာခဲ့ပြီး ရှချန်းချန်း၏ မေးစေ့ကို ဆွဲကိုင်လိုက်လေသည်။

ရှချန်းချန်းသည် ရှချိုးချိုး၏ မိတ်ကပ်ပုံစံအတိုင်း ဆံပင်ကောက်ကောက်လေးများ၊ သူမ၏ မျက်နှာပေါ်တွင် တင်းတိပ်များနှင့် မျက်နှာတစ်ဝက်လောက်အား ဖုံးသွားစေသည့် အနက်ရောက် မျက်မှန်အကြီးကြီးကိုတပ်ထားလေသည်။

အမာရွတ်ရှိသော လူကြီးသည် စိတ်ဝင်စားနေခဲ့သော်လည်း သူမ၏ မူလမျက်နှာကို မြင်လိုက်ရသည့်အခါ၌ ရုတ်တရက် စိတ်ဝင်စားမှုများ မှေးမှိန်သွားခဲ့ပြီး သူသည် ဆက်လက်၍ စိတ်မဝင်စားတော့ပေ။

ရှချန်းချန်းသည် ကြောက်လန့်နေသည့်ပုံ ဟန်ဆောင်နေဆဲဖြစ်ပြီး သူမသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်သွားခဲ့သည်။

“ ရှင်….ရှင် ဒါက လိင်ပိုင်းဆိုင်ရာ စော်ကားတာပဲ၊ ကျွန်မ ကျွန်မ ရဲခေါ်လိုက်မယ်”

“ရဲခေါ်မှာတဲ့လား ဟားဟားဟား”

ထိုအမာရွတ်နှင့် လူကြီးသည် ရယ်လိုက်ပြီး အနီးနားတွင်ရှိသော များပြားသည့် တက်တူးနှင့်သူများသည်လည်း ကျယ်လောင်စွာဖြင့် ရယ်လိုက်လေသည်။

“မင်း ဘာလုပ်နေလဲဆိုတာကိုရော သိရဲ့လား ၊ မင်းက ရဲခေါ်ရဲတယ်ပေါ့ ဒီနေရာအကြောင်းကို ဘာမှမသိတဲ့ကောင်မလေးတစ်ယောက် လွှတ်ရဲတဲ့အထိ ဖန်စစ်ဟန်က သတ္တိကောင်းနေတာပဲ ၊ မင်းက ရုပ်မလှတဲ့အပြင် ဟိုကောင်ချောလေး ချီယွီနဲ့လည်း ယှဉ်လို့မရပြန်ဘူး၊ ဒါပေမဲ့ ငါဒီနေ့ စိတ်အခြေအနေကောင်းနေတယ်..”

အမာရွတ်နှင့်လူကြီးသည် ရှချန်းချန်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့ပြီး ရှချန်းချန်းသည်လည်း အလွန်ပင် ကြောက်ရွံ့နေကာ နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားခဲ့သည်။

သူမ မျက်နှာမလှသော်လည်း သူမ၏မျက်လုံးများမှာ နီရဲ၍ မျက်ရည်များဖြင့် ပြည့်နေကာ အလွန်သနားစရာကောင်းသည့် ပုံစံ ပေါ်နေခဲ့သည်။

ထိုအမာရွတ်ဖြင့်လူကြီးမှာ တစ်စုံတစ်ရာ ယားလာသကဲ့သို့ ခံစားလိုက်ပြီး ရှချန်းချန်းကို ခုန်အုပ်ကာ သူ့အောက်တွင် ထားချင်လာသည်။

အမာရွတ်နှင့် လူကြီးသည် ရှချန်းချန်းအား နံရံထောင့် သို့ကပ်လိုက်ပြီး တက်တူးနှင့် လူကြီးများ ဝိုင်းရယ်နေကြသည့် ကြားထဲတွင် သူသည် နောက်ထပ် မသင့်လျော်သောအရာအား လုပ်ချင်နေလေသည်။

ထိုအမာရွတ်နှင့် လူကြီး၏ ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့သည်။

အမာရွတ်နှင့် လူကြီးသည် စိတ်အခြေအနေကောင်းနေသော်လည်း ကြားဖြတ်နှောင့်ယှက်ခံရခြင်းကြောင့် အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့သည်။

သူသည် ဖုန်းကိုင်ကာ “ ငါအလုပ်လုပ်နေတာကို ဘယ်သူဖုန်းခေါ်တာလဲ” ဟု အော်ဟစ်၍ ပြောလိုက်သည်။

“ ငါပဲ” ဟု တစ်ဖက်မှ အသံန်ိမ့်နိမ့်လေးဖြင့် ပြောလာခဲ့သည်။

“ အခုလတ်တလော ဂရုစိုက်လုပ်ဦး သူဌေးက အဖမ်းခံထားရတယ်၊ တကယ်လို့ ပြသာနာတစ်ခုခုဖြစ်ရင် အထက်ကလူကြီးတွေက ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး၊ အရောင်းအဝယ်တွေအကုန်လုပ်ပြီးရင် မြန်မြန်ပြန်ကြတော့”

အမာရွတ်နှင့် လူကြီးသည် ရှချန်းချန်းအား စိတ်မရှည်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များကို ကွေးကာ “သိပါတယ် သိပါတယ်” ဟု ပြန်ဖြေလိုက်လေသည်။

သူ၏ စကားလုံးများသည် ယဉ်ကျေးမှုမရှိသော်လည်း သူ့ လုပ်ရပ်များမှာ ရိုးသားလေသည်။

အမာရွတ်နှင့်လူကြီးသည် သတင်းများကို ဖတ်လိုက်ပြီး လတ်တလောတွင် ကိစ္စအားလုံးမှာ အရေးကြီးကြောင်း သိသွားလေသည်။

ယခင်အချိန်များ၌ သူတို့သည် ပြစ်မှုများ ကျူးလွန်မိသည့် အချိန်တွင် မစ္စတာလော့သည် သူတို့အား အမြဲနည်းလမ်းရှာ၍ ထုတ်ပေးခဲ့သော်လည်း ယခုတွင် အခြေအနေများမှာ ကွဲပြားသွားပြီဖြစ်၏။

အကယ်၍ သူတို့ထပ် အဖမ်းခံရမည်ဆိုလျှင် သူတို့သည် ထောင်ထဲ၌ ဒုက္ခခံရမည်ပင် ဖြစ်သည်။

အမာရွတ်နှင့် လူကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဆေးဘူး နှစ်ဘူးအား ရှချန်းချန်းထံသို့ ပစ်ပေးလိုက်လေသည်။

“ဒါ အရင်ကအတိုင်းပဲ 24နာရီပြည့်သွားရင် အာနိသင်ပြယ်သွားမှာ၊ အဲကလေးဖန်စစ်ဟန်ကို ပြောလိုက်ဦး ဒီလိုအရည်အသွေးကောင်းတဲ့ ဆေးတွေက နောက်ကျရင် ရဖို့ မလွယ်တော့ဘူးလို့”

ရှချန်းချန်းသည် မသိနားလည်သည့် ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်နှာမှာ ကြောက်ရွံ့နေသည့် ပုံစံဖြစ်နေဆဲပင်။

သူမသည် ဆေးကို ရပြီးနောက် ထိုအမာရွတ်နှင့်လူကြီးသည် သူမအား အခက်တွေ့အောင် မလုပ်တော့သောကြောင့် သူမသည် bar၏ တံခါးဝမှ အမြန်ပြေးထွက်သွားခဲ့တော့သည်။

ထိုအမာရွတ်နှင့်လူကြီးသည် ရှချန်းချန်း၏ နောက်ကျောဘက်ကို စိုက်ကြည့်နေခဲ့သည်။

အဲကောင်မလေးရဲ့မျက်နှာက ကြည့်လို့မကောင်းပေမဲ့လည်း သူရဲ့ အရပ်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ တကယ့် ထိပ်တန်းပဲ။

ဒီပြသာနာတွေ အကုန်ပြီးသွားရင် ဖန်စစ်ဟန်ဆီက အဲကောင်မလေးကို ပြန်ပေးဆွဲပြီး ဖျက်ဆီးပစ်ဦးမယ်။

ထိုအမာရွတ်နှင့် လူကြီးသည် မကျေမနပ်ဖြင့် “ ဖွီ”ဟု မြေကြီးပေါ်သို့ တံတွေး ထွေးချလိုက်ပြီး ပန်းရောင်ငွေများအပြည့်ပါသည့် အိတ်ကိုကိုင်၍ ပြန်သွားခဲ့လေသည်။

လူစည်းကားနေသော ညစျေးကို ဖြတ်၍ သူတို့၏ စခန်းသို့ လမ်းလျှောက်သွားရမည်ဖြစ်သည်။

ပြန်သည့် လမ်းတစ်လျှောက်လုံးတွင် အမာရွတ်နှင့် လူကြီးသည် အလွန်ပင် သတိထားနေကာ နောက်ယောင်ခံ၍ လိုက်လာသူ ရှိမရှိကို အကြိမ်ပေါင်းများစွာ နောက်သို့ လှည့်ကြည့်နေခဲ့သည်။

ညစျေးတွင် စျေးဝယ်သူများအားလုံးသည် စျေးဝယ်ခြင်းနှင့် ပျော်ပါးရန်သာ အာရုံရှိကြလေသည်။ လူတိုင်းမှာ ပျော်ရွှင်နေကြခြင်းကြောင့် သူ့အား သတိမထားမိကြပေ။

အကြိမ်ကြိမ် လျှောက်ပတ်၍ နောက်ပြန်လှည့်သည့်အပြင် များစွာသော ကျဉ်းမြောင်းသည့် လမ်းကြားများကို ဖြတ်သွားပြီးနောက် နောက်ဆုံးတွင် အမာရွတ်နှင့် လူကြီးသည် သူ၏ ရည်ရွယ်ထားသောနေရာသို့ ရောက်လာခဲ့သည်။ နောက်သို့လှည့်ကြည့်လိုက်သည့်အခါ၌ မည်သူမှ လိုက်မလာခဲ့ပေ။

ထိုအခါမှ အမာရွတ်နှင့်လူကြီးမှာ သက်ပြင်းချလိုက်လေသည်။

အခုနောက်ပိုင်း စီးပွါးရေးလုပ်ရတာ တကယ်ခက်ခဲတာပဲ။

အမာရွတ်နှင့် လူကြီးသည် မစ္စတာလော့နှင့် သူ၏ အဖွဲ့သားများမှ ဓာတ်ခွဲခန်းကို နေရာရွေ့ရန်ဆုံးဖြတ်ထားသည်ကို ထားရှိခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် နောက်ဆုံးအသုတ် အပင်များသည် နောက်နှစ်ရက်ကြာမှ အသီးအပွင့်စုံမည်ဖြစ်သည်။

အသီးအပွင့်စုံသည့်အချိန်၌ သူတို့သည် နေရာအသစ်ပြောင်းရွေ့၍ လုပ်ကိုင်ကြမည်ဖြစ်သည်။

မစ္စတာလော့ရဲ့ လုပ်ငန်းတွေ လုံးလုံး ဆုံးရှုံးသွားတာက လိမ်ညာသူများဖော်ထုတ်သူရဲ့အပြစ်ကြောင့်ပဲ။

သူ ဘာတစ်ခုမှ ပေါက်ကြားသွားတာ မရှိပေမဲ့လည်း သူ့ရဲ့ ပြည့်တန်ဆာလုပ်ငန်းကို ဖော်ထုတ်သွားခဲ့တာ။

နေရာအသစ်မှာ သူတို့ရဲ့ ငွေရှာတဲ့အစီအစဉ်တွေကို ပြသာနာရှာမဲ့လူတွေမရှိဖို့ဘဲ ဆုတောင်းတယ်။

အမာရွတ်နှင့်လူကြီးသည် ဂိုထောင်တံခါးရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်သည်။

တံခါးမှာ အက်ကြောင်းများဖြင့် ပွင့်လာခဲ့ပြီး ခုနက သူနှင့်စကားပြောနေသည့်လူမှာ ထွက်လာခဲ့လေသည်။

“အနောက်က တစ်ယောက်ယောက်လိုက်လာသေးလား” ဟု ထိုလူမှ စိုးရိမ်စွာဖြင့် မေးလာခဲ့သည်။

“ငါ ကိုယ့်တာဝန်ကို ကျေပါတယ် စိတ်မပူနဲ့” ဟု ထိုအမာရွတ်နှင့်လူကြီးသည် အောင်နိုင်သူတစ်ဦး ပုံစံဖြင့် သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

“ဖန်စစ်ဟန်က အမြဲဝယ်နေကျ ဖောက်သည်ပဲကို ဘာလို့ အဲလောက် စိုးရိမ်နေတာလဲ”

ထိုလူကြီးသည် ခေါင်းငြိမ့်လိုက်သော်လည်း စိုးရိမ်နေဆဲဖြစ်သည်။ သူသည် ခေါင်းထွက်လိုက်ပြီးနောက် ဘေးပတ်ဝန်ကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။

အပြင်တွင် မည်သူမှမရှိသည်ကို မြင်လိုက်ပြီးမှသာ ထိုအမာရွတ်နှင့်လူကြီးအား ဂ်ိုထောင်ထဲသို့ ဝင်ခိုင်းလိုက်သည်။

ဂိုထောင်တံခါး အဆုံးထိ ပိတ်မသွားခင်အချိန်တွင် ထိုဂိုထောင်နှင့် မနီးမဝေးရှိနေသော ထောင့်တစ်နေရာ၌ ဆံပင်အရှည်နှင့်အမျိုးသမီးတစ်ဦး၏ အင်္ကျီစလေးမှာ လေတိုက်လာသောကြောင့် ပေါ်ထွက်လာခဲ့သည်။

ရှချန်းချန်းသည် ယခင်နှင့် လုံးဝမတူညီသော ပုံစံကို ပြောင်းလဲထားခဲ့သည်။

သူမသည် ကမ်းခြေတွင်သာ အဆောင်းများသည့် ဦးထုပ်ကို ဆောင်းထားပြီး သူမ၏ ဆွဲဆောင်မှုရှိသော ဆံပင်များကို ငါးမန်းကလစ်ဖြင့် စုတင်ထားကာ ရင်ကျင့်၍ ဆွဲဆောင်မှုရှိသည့် ပုံစံပေါ်နေခဲ့လေသည်။

သူမသည် ဂ်ိုထောင်လမ်းကြောင်းဘက်သို့ စိုက်ကြည့်လိုက်ပြီး မျက်လွှာချကာ ညင်ညင်သာသာဖြင့် ရီလိုက်လေသည်။

“တုန်ကျီ ငါတို့ အရာရှိကျောက်ကို ဆေး အကြောင်းတွေ စုံစမ်းဖို့ ပြောထားတယ်မဟုတ်လား ဘာလို့ သူတို့က ငါ့ကို လိုလိုလားလားနဲ့ ဖရဲသီးတွေပေးနေရတာလဲ”

စနစ်: "..."

ရှချန်းချန်း: “ပြီးတော့လေ အဲအမာရွတ်နဲ့လူကြီးက ရန်သူကို သတိထားနေတဲ့ပုံစံကြီးလည်း ညံ့လိုက်တာ၊ သူ ဆယ်ခါမကတောင် လှည့်ကြည့်ပြီး TV ဇာတ်လမ်းတွဲတွေလိုများ ဟန်ဆောင်နေသလားပဲ၊ သေသေချာချာကို မကြည့်ဘူး”

စနစ်: "..."

“သူသေချာဂရုစိုက်ပြီး မကြည့်တာကို အပြစ်တင်လို့မှမရဘူးလေ၊ မင်းက ညစျေးတန်းထဲမှာ အင်္ကျီဆိုင်သေးသေးလေးတွေထဲဝင်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေတာလေ ၊ မခုတ်တက်တဲ့ကြောင်လေးတစ်ကောင်လို ဖြစ်နေတဲ့ ကောင်မလေးက သူ့နောက်လိုက်လာမယ်လို့ ဘယ်လိုလုပ်တွေးမိမှာလဲ”

သူတို့သတိမထားမိတာကြောင့်ပဲ သူများကို သွားပြီး အပြစ်တင်လို့မရဘူးလေ။

မင်းကိုယ်တိုင်ကိုက ပရိယာယ်များလွန်းတာ။

“သူတို့က ဖရဲသီးတွေကို တံခါးဝထိ လာပို့ပေးထားတာဆိုတော့ ငါတို့ လျစ်လျူရှုထားလို့ မရတော့ဘူးလေ၊ ဘာပဲဖြစ်ဖြစ် ငါတို့ အရင်တစ်ခေါက်က အရာရှိကျောက်ရဲ့ WeChat ကို လဲခဲ့သေးတာပဲ၊ အဲဒါကြောင့် သူ့ရဲ့ အစီအစဉ်ကို မြှင့်တင်ပေးကြမယ်လေ၊ သူစိတ်မဆိုးလောက်ပါဘူး”

***

ဂိုထောင်ဓာတ်ခွဲခန်း အပူချိန်မှာ အလွန်နိမ့်လွန်းပြီး အခန်း၏ အပူချိန်ကြောင့် တန်းစီထားသည့် ဓာတ်ခွဲခန်းသုံးဖန်ခွက်ပြားများမှ အအးဓာတ်များ ထွက်နေခဲ့သည်။

ပန်းရောင်မီးများ၏ အလင်းများသည် အပင်များပေါ်သို့ ကျရောက်နေပြီး လူအများအား အေးမြ၍ စိတ်ကူးယဉ်ဆန်သည့်ခံစားချက်များပေးနေလေသည်။

ထိုနေရာတွင် စိုက်ပျိူးထားသည့် ဘိန်းပင်များသည် အမြစ်တွယ်နေခဲ့သည့်အပြင် အဖူးများထွက်နေပြီဖြစ်သောကြောင့် သူတို့အား ခူးယူရန် အချ်ိန်ရောက်လုနီးပါး ဖြစ်၏။

ထိုအပင်များသည် ဆွဲဆောင်လွန်းသော မူးယစ်ဆေးသည့် ရနံ့များကို အများအပြား ထုတ်လွှတ်ပေးနေလေသည်။ အကယ်၍ သင်သည် ထိုနေရာတွင် ရပ်ကာ သင်၏ အရိုးထဲထိ စိမ့်ဝင်လာသော အနံ့များကို ရှုရှိုက်ကြည့်ပါက သာယာ၍ စိတ်ကူးယဉ်ဆန်သော ကမ္ဘာထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။

လန်လန်သည် ထို မှည့်နေသည့် ဘိန်းပင်များကို မည်းမှောင်နေသည့် မျက်နှာဖြင့် စိုက်ကြည့်လိုက်လေသည်။

သူမသည် ဆေးဝါးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး ယခုနှစ်ထဲတွင် အသက် ၃၀သာ ရှိသေးသည်။ သူမသည် ပြည်ပမှ ပြန်ရောက်လာပြီးနောက် ကျန်းချန်တက္ကသိုလ်တွင် ပါရဂူဆရာဝန်အဖွဲ့အစည်းများဖြင့် ၂နှစ်တိုင်အောင် အလုပ်လုပ်ကိုင်ခဲ့ပြီး လူငယ်များအတွက် ပညာသင်ဆုစီမံကိန်းကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပြီး ထိုအချိန်အတွင်းတွင် SCI စာတမ်း ၅ခုအား ထုတ်ဝေနိုင်ခဲ့သည်။

မူလက လန်လန်သည် ကျောင်း၌ အဆင်ပြေချောမွေ့စွာ နေနိုင်ခဲ့ပြီး အကယ်၍ သူသည် မမျှော်လင့်ထားသည့် ကိစ္စများ မဖြစ်ခဲ့ပါလျှင် ထို၂နှစ်အတွင်း သူမသည် တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးမည် ဖြစ်သည်။

သူမ၏ အနာဂတ်မှာ တောက်ပနေခဲ့သော်လည်း ဤကဲ့သို့ ဓာတ်ခွဲခန်းထဲတွင်နေ၍ လူများအတွက် မူးယစ်ဆေးထုတ်ပေးရမည်ဟု မတွေးခဲ့ဖူးပေ။

သူမ၏ ၂၄နာရီအတွင်း အာနိသင်ပြယ်သွားသည့် ဆေးဝါးထုတ်လုပ်သည့် နည်းပညာကိုသာ အဓိကထား၍ လေ့လာခဲ့ပြီး ထိုအရာသည် 1990 ခုနှစ်တွင် နာမည်ကြီး ပညာရှင်တစ်ယောက်၏ ခေါင်းစဉ်ရှာဖွေရလဒ်ကို အခြေခံ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် နည်းပညာများ မပြည့်စုံသေး၍ ထို အာနိသင်ပြယ်သည့် သက်ရောက်မှုမှာလည်း သိပ်မကောင်းသေးပေ။

လန်လန်သည် ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး သူမ၏ ပါရဂူဘွဲနှင့် ဘွဲလွန်ရရှိရန် လေ့လာနေသည့်အချ်ိန်အတောအတွင်းမှာလည်း သူ၏ရှာဖွေမှုများကို တိုးတက်အောင် ပြုလုပ်ခဲ့သည်။

ထို ၂၄နာရီအတွင်း အာနိသင်ပြယ်သည့် နည်းပညာအား ဆေးဝါးဘက်ဆိုင်ရာ ကျောင်းသားကျောင်းသူများ လွယ်ကူစွာ အသုံးပြုနိုင်သည့်အပြင် အားပြင်းသည့်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း လျှော့ချနိုင်လေသည်။

ထိုအရာသည် အလွန်ပင် အဓိပ္ပာယ်ရှိသော ရှာဖွေမှုနှင့် တိုးတက်မှု တစ်ခုပင် ဖြစ်သည်။

လန်လန်သည် သူမ၏ နည်းပညာအား ဆေးဘက်ဆိုင်ရာ ကျောင်းသားများအတွက် အသုံးမပြုရဘဲ မူးယစ်ဆေးများ ထုတ်လုပ်သည့် နေရာ၌သာ အသုံးပြုရမည်ဟု မထင်ထားခဲ့ပေ။

ဆီးစစ်မှုအပေါ် သဲလွန်စရနိုင်ရန် အချိန် ၁၀ရက်မှ ၁၅ရက်ရှိသော်လည်း လန်လန်၏ တော်လွန်းသည့် နည်းပညာကြောင့် ၂၄နာရီနောက်ပိုင်းတွင် ဆီး စစ်ဆေးချက်များမှာ positive ပြတော့မည်မဟုတ်ပေ။

ထိုနည်းပညာနှင့် မူးယစ်ဆေးဝါးများကို ပေါင်းစပ်လိုက်သည့်အခါတွင် မူးယစ်ဆေးဝါးတားမြစ်သည့် ရဲတပ်ဖွဲ့များအတွက် ထိုအမှုများကို ဖြေရှင်းရန် ခက်ခဲသွားခဲ့လေသည်။

အစပိုင်းတွင် လော့ဟိန်သည် သူမ၏ ရှာဖွေမှု အတွက် နည်းပြတစ်ခုဖြစ်၍ သူမ၏ သုတေသနနည်းပညာများကို ရှေ့ဆက် ပြန့်ပွါးစေရန် ကူညီပေးမည်ဟု ထင်ခဲ့လေသည်။

ဒါပေမဲ့ လော့ဟိန်က လူယုတ်မာတစ်ယောက် ဖြစ်နေမယ်လို့ သူမထင်ထားဘူး။

အဲလူယုတ်မာလော့ဟိန်က သူနဲ့အတူ လန်လန်ကို ငရဲဆွဲခေါ်သွားချင်တာလေ။

လော့ဟိန်သည် ထိုဓာတ်ခွဲခန်းထဲတွင် သူမအား နေ့တိုင်းပင် ပိတ်လှောင်ထားခဲ့ပြီး လန်လန်သည်လည်း ထွက်ပြေးချင်နေခဲ့သည်။

ဒါပေမဲ့ အဲရူးနေတဲ့ လော့ဟိန်က သူ့ကို မူးယစ်ဆေးဝါးတွေ သုံးခိုင်းမယ်လို့ မထင်ထားဘူး။

သူ့ကို မူးယစ်ဆေးဝါးတွေနဲ့ စွဲအောင်လုပ်ပြီး ဘယ်တော့မှ ထွက်ပြေးလို့ မရအောင် လုပ်ထားတာ။

ယနေ့တွင် လန်လန်သည် သူမ၏ ကြီးကျယ်မြင့်မြတ်သည့် ဂုဏ်ပုဒ်အား ဆုံးရှုံးခံ့ပြီဖြစ်သည်။ သူမသည် သေလုဆဲဆဲ လူမမာပုံစံဖြစ်နေပြီး မျက်နှာမှာလည်း ညိုးငယ်နေကာ ထိလိုက်သည်နှင့် ကြွေကျတော့မည့်အတိုင်းပင်။

လော့ဟိန်သည် တစ်ခုခု ဖြစ်သွားနိုင်သည်ဟူသော သတင်းကို ကြားရှိခဲ့ပြီး ဓာတ်ခွဲခန်းထဲရှိ လူအများသည်လည်း အထိတ်တလန့်ဖြစ်နေကာ မည်သူမှ အမှားမလုပ်ရဲကြပေ။

ထို့ကြောင့် ဤအရာသည် လန်လန်၏ အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်သင့်သည်။

သူမသည် ဘိန်းပင်များကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။

ထိုဘိန်းပင်များသည် သူမအား ပျက်စီးစေခဲ့ခြင်း ဖြစ်သည်။

ဒီငရဲကနေ ပွင့်လာတဲ့ ပန်းတွေ ထပ်ပြီး လူတွေကို ဖျက်ဆီးတာတွေ အန္တရာယ်ပေးတာတွေ လုပ်ခွင့်မပေးနိုင်တော့ဘူး။

အခြားနေရာတစ်ခုတွင် အမာရွတ်ရှိသော လူကြီးနှင့် အခြားဓာတ်ခွဲခန်းစောင့်သည် လူဆိုးများအချို့သည် စကားပြောနေကြပြီး သူတို့ပြောနေသည့် အကြောင်းအရာများမှာ လတ်တလော အရောင်းအဝယ်လုပ်လိုက်သည့် မိန်းကလေးတစ်ဦးအကြောင်းပင် ဖြစ်သည်။

လန်လန်သည် ထိုကောင်မလေးမှာ မည်သူဖြစ်သည်ကို စိတ်ဝင်စားခြင်း မရှိသောကြောင့် အပင်များ၏ မူမမှန်ခြင်းများကို စစ်ဆေးမည်ဟုပြောကာ သူမသည် ဓာတ်ခွဲခန်းထဲသို့ ဝင်လာခဲ့သည်။

ဒီဘိန်းပင်တွေကို ဖျက်ဆီးပစ်ရုံပဲ၊ သူတို့ကို ဖျက်ဆီးပစ်ရုံပါပဲ…

ဘိန်းပင်များအားလုံးကို အပူချိန်နိမ့်သည့် ရေပန်းလေးများဖြင့် ဖြန်းကာ စိုက်ပျိုးထားသည်။

လန်လန်သည် အလွန်ပြင်းသည် sulfuric acid ကို ယူကာ ထို ဓာတ်ခွဲခန်းသုံး ဖန်ပြားများထံသို့ ချဉ်းကပ်လာ၍ ထည့်မည့်အချိန်တွင်

“မင်းဘာလုပ်နေတာလဲ”

သူမ၏ နောက်ကျောဘက်မှ ယောကျာ်းတစ်ယောက်၏ ခက်ထန်သောတင်းမာသော အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လန်လန်သည် အလန့်တကြားဖြစ်သွားကာ သူမ၏လက်ထဲမှ sulfuric acidသည် မြေပြင်ပေါ်သို့ ပြုတ်ချသွားခဲ့ပြီး နေရာအနံ့သို့ ပျံ့သွားခဲ့ပြီး ပွက်ပွက်ဆူနေတာ တိုက်စားနေသည့် အသံများ ထွက်လာခဲ့သည်။

“ဒီ ခွေးမကတော့” ဟု အမာရွတ်နှင့် လူကြီးမှ အော်လိုက်သည်။

“မင်း ဒီဘိန်းပင်တွေကို ဖျက်ဆီးတော့မလို့လား”

လန်လန်သည် သူ့အစီအစဉ်ပျက်သွားသည်ကို မြင်လိုက်သောအချိန်တွင် ချက်ချင်း စိတ်ဆုံးဖြတ်၍ သူဘေးနားမှာရှိသည့် စင်တစ်ခုကို အားဖြင့် တွန်းလိုက်သည်။

ဘိန်းပင်များက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စင်ပေါ်၌ တင်စိုက်ထားသော ဘိန်းပင် ဖန်ပြားများအားလုံး မြေကြီးပေါ်ကျကွဲကုန်လေသည်။

မီးချောင်းများ ၊ ဖန်ကွဲများ၊ အပင်များနှင့် မြေကြီးများမှာ အတူတူရောယှက်၍ ပွစိတက်နေခဲ့သည်။

ထိုအရာကို မြင်လိုက်ရပြီးနောက် လန်လန်သည် အခြားစင်များကိုလည်း ချက်ချင်း တွန်းလှဲလိုက်သည်။ သူမသည် ဖျက်ဆီးနိုင်သမျှ ဖျက်ဆီးပြစ်ချင်နေခြင်း ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက ထပ်ပြီး အသက်မရှင်ချင်တော့ဘူး။ အဲဒါကြောင့် ဒီဘိန်းပင်တွေအကုန်လုံးကို ဖျက်ဆီးပြီး သူနဲ့အတူ မြုပ်နှံပစ်မှာပဲ။

အမာရွတ်နှင့် လူကြီးသည် မျက်လုံးများ ပြူးကျယ်သွားကာ လန်လန်ကို ချက်ချင်း ဖမ်းချုပ်ထားလိုက်သည်။

သူသည် အလွန်အင်အားကြီး၍ သန်မာလှပြီး လန်လန်အား ကိုင်ထားသည့် ပုံမှာ အားအင်မရှိသည့် ယုန်ဖြူလေးတစ်ကောင်ကို ကိုင်ထားသလိုပင် ဖြစ်နေသည်။

ထိုအမာရွတ်နှင့်လူသည် လန်လန်၏ မျက်နှာအား ပြင်းထန်စွာရိုက်လိုက်လေသည်။

“ခွေးမ! မင်းတွန်းလိုက်တဲ့ဟာတွေကြောင့် ပိုက်ဆံတွေ ဘယ်လောက်ဆုံးရှုံးသွားပြီလဲဆိုတာ သိရဲ့လား!!”

လန်လန်သည် သူမ၏ မျက်နှာပေါ်မှ နာကျင်မှုကို ဖုံးကွယ်ထားခဲ့သည်။ သူမ၏ အသံမှာ အကြောက်တရားဖြင့် ပြည့်နေသော်လည်း စိတ်ထဲ၌ အလွန်အားပြင်းသည့် မကျေမနပ်မှုများ ရှိနေသေးသည်။

“ငါက ဒါတွေကို ဖျက်ဆီးချင်ရုံပဲလေ၊ နင်တို့တွေ မူးယစ်ဆေး ဘယ်လိုထုတ်ကြဦးမလဲဆိုတာ ကြည့်ဦးမယ်”

“မင်းက ရူးနေတာ၊ ဘယ်လိုတောင် ရူးနေတဲ့ မိန်းမလဲ”

ထိုအမာရွတ်နှင့်လူသည် ဆဲဆိုလိုက်ပြီး လန်လန်၏ မျက်နှာအား အားပြင်းပြင်းဖြင့် ထပ်ရိုက်လိုက်သည်။

လန်လန်၏ မူလ၌ ဖြူဖွေးနေသည့် ပါးပြင်လေးမှာ ယခုတွင် နီရဲလာခဲ့ပြီး သူမ နှုတ်ခမ်းထောင့်မှ သွေးများထွက်လာခဲ့သည်။

ထို့အပြင် အမာရွတ်နှင့်လူသည် အလွန်ရက်စက်ကြမ်းကြုတ်လာပြီး လန်လန်အား မြေပြင်ပေါ်သို့ တွန်းချကာ ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်လိုက်သည်။

အမာရွတ်နဲ့လူက အလွန်ကို ရက်စက်ကြမ်းကြုတ်လာပြီး လန်လန်ကို မြေကြီးပေါ် တွန်းချပြီး ခြေထောက်နဲ့ ခပ်ပြင်းပြင်းကန်လိုက်တယ်!

အစပိုင်းတွင် သူမသည် နာကျင်မှုကို ခံစားရသော်လည်း သူမသည် ဘိန်းပင်အနံ့များကို ရှုရှိုက်မိခြင်းကြောင့် သူမ၏စိတ်မှာ ဝေဝါးသွားခဲ့ပြီး ထိုရိုက်နှက်မှုများမှာလည်း သည်းမခံနိုင်သည့်အရာမဟုတ်တော့ပေ။

အနားတွင်ရှိသော များပြားလှသည့် လူဆိုးများသည် ချက်ချင်းပြေးလာကြကာ ထိုအမာရွတ်နှင့် လူကို တားလိုက်သည်။

“သူ့ကို ရိုက်တာရပ်လိုက်တော့၊ မင်း သူ့ကို တကယ်သတ်မလို့လား”

“သူဌေးက သူ့ရဲ့ အရည်အချင်းတွေကို လိုနေသေးတယ်၊ အခုချိန်မှာ သူက ငါတို့အတွက် အသုံးဝင်သေးတယ်”

“ဒီမိန်းမက တကယ်ကို မလိုက်နာဘူး၊ သူ ဘိန်းပင်တွေကို ဘယ်လောက်တောင် သုံးပြီးပြီလဲမသိဘူး၊ တကယ်လို့ အဲဒါတွေသာမရှိရင် သူအသက်ရှင်နိုင်သေးမယ် ထင်လို့လား”

ဓာတ်ခွဲခန်းထဲတွင် ဘိန်းပင်၏ ရနံ့များဖြင့် ပြည့်နေခဲ့ပြီး ထိုထဲတွင် ရှိနေသည့် လူများသည်လည်း မူးယစ်ကာ ဝေဝါးလာကြတော့သည်။

အမာရွတ်နှင့်လူကြီးသည် အလွန်ပင် စိတ်အခြေအနေမကောင်းတော့ပေ။ သူသည် မူးယစ်ဆေးထုတ်လုပ်ပြီးသွားသည့် ပုလင်းတစ်ခုကိုယူကာ ပြင်းပြင်း ရှုရှိုက်လိုက်လေသည်။

မူးယစ်ဆေးဝါးများသည် မိမိတစ်ဦးတည်းသာမဟုတ်သည့် သာယာမှု အနှစ်သာရများကို ပေးစွမ်းပြီး လူအများအား မခံစားဖူးသည့် ပျော်ရွှင်မှုများကို ပေးစွမ်းနိုင်လေသည်။

ဘိန်းပင်များထဲမှ ထိုအရာသည် အကောင်းဆုံးအရာပင်ဖြစ်သည်။ ထိုအရာသည် အာနိသင်မြန်မြန်ပြယ်သွားရုံတင်မက အင်အားကြီးသည့် သက်ရောက်မှုများလည်း ရှိသည်။

အသက်ပြင်းပြင်းရှုလိုက်ပါက ထို ရနံ့သည် ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန်ပင် ရောက်သွားကာ ခန္ဓာကိုယ်အနှံ့ မြန်ဆန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း၏ ခံစားချက်များကို ကောင်းမွန်အောင် မြှင့်တင်ပေးလေသည်။

ထိုကဲ့ သာယာမှုများအတွက် ထိုမူးယစ်ဆေးစွဲနေသည့် သူများသည် သူတို့၏ လူ့သဘာဝ အခြေခံလိုအပ်ချက်များကိုပင် စွန့်လွှတ်နိုင်လေသည်။

အမာရွတ်နှင့်လူကြီးသည် မူလက စိတ်မပျော်ရွှင်သော်လည်း မူးယစ်ဆေး သုံးပြီးနောက် သူ၏ စိတ်ခံစားချက်မှာ ချက်ချင်းပင် တိုးတက်လာခဲ့သည်။

လန်လန်အား ထပ်မံကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

မူးယစ်ဆေးဝါး များအားလုံးမှာ အတူတူပင်ဖြစ်သည်။

မူးယစ်ဆေးများသည် အဆုံးမရှိသည့် ပျော်ရွင်မှုများထဲသို့ ဆွဲခေါ်သွားနိုင်သည်။

လန်လန်အား စိုက်ကြည့်လိုက်သည့်အချိန်၌လည်း သူ၏ စိတ်အခြေမှာ ပို၍ ကောင်းလာခဲ့သည်။

မည်သည့် အခြေခံလိုအပ်ချက်မှမရှိတော့ဘဲ သူတို့၏ စိတ်လှုပ်ရှားဖို့ကောင်းသော သာယာမှုများကို ရှာဖွေရန် စတင်ကြတော့သည်။

လန်လန်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အလွန်ပင်ကြောက်နေတာ နောက်သို့ ဆုတ်သွားခဲ့လေသည်။

သူမ အတွေးများမှာ ဝေဝါးနေသော်လည်း ထိုအမာရွတ်နှင့်လူ၏ အကြည့်များကို ခံစားမိလေသည်။

ထိုမျက်လုံးများထဲတွင် ထွက်လာရန်အဆင်သင့်ဖြစ်နေသည့် သားရဲတစ်ကောင်ရှိနေလေသည်။ အမာရွတ်နှင့်လူကြီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ လန်လန်အနားသို့ ချက်ချင်းပင် တိုးလာခဲ့သည်။

လန်လန်သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်၍ ထွက်ပြေးလေသည်။

သို့သော် ထိုစိတ်ပျက်ဖွယ်ရာကောင်းလှသည့် သားရဲတစ်ကောင်ထံမှ မည်သို့လွတ်အောင်ပြေးရမည်နည်း။ လန်လန်သည် အဆုံးမရှိသော အားငယ်မှုများဖြင့် ရုန်းကန်လှုပ်ရှားနေခဲ့ပြီး သူမသည် ငရဲသို့ ကျလုနီးပါး ခံစားနေရချိန်တွင်….

အမာရွတ်နှင့်လူသည် သူမကို ထိတော့မည့်အချိန်၌ ရုတ်တရက် “ဘုန်း!” ဟူသောအသံကို ကြားလိုက်ရသည်။

နားကွဲမတက် ဆူညံ့လှသော အသံကြောင့် လူတိုင်းမှာ သတိပြန်ဝင်လာခဲ့ကြပြီး အမာရွတ်နှင့်လူသည် ရှားပါးလှသော အချိန်အခါလေး ပျက်ဆီးသွားကာ ဂိုထောင်၏တံခါးမှာ ကြမ်းကြမ်းတမ်းတမ်းဖြင့် ပွင့်လာသည်ကို မြင်လိုက်ရသည်။

လူအယောက် တစ်ဒါဇင်လောက်ရှိသော စုံထောက်များသည် သေနတ်များချိန်ထားကာ ဝင်လာခဲ့ပြီး လူဆိုးများအား ထိတ်လန့်သွားစေကာ အခြေအနေများ ရှုပ်ထွေးသွားခဲ့စေသည်။

လူဆိုးများသည် ဓားများကို ဆွဲထုတ်၍ ခုခံရန် ကြိုးစားသော်လည်း သူတို့သည် သင်တန်းဆင်းထားသည့် စုံထောက်များဖြင့် မယှဉ်နိုင်ပေ။

မိနစ်အနည်းငယ်အတွင်းတွင် ရဲများသည် လူဆိုးများအားလုံးကို ဓာတ်ခွဲခန်းထဲတွင် ဖမ်းမိသွားခဲ့သည်။

မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသော အမာရွတ်နှင့်လူသည် မည်သည့်အရာများဖြစ်နေသည်ကို မသိခြင်းကြောင့် ရဲများကို စိန်ခေါ်လိုက်သော်လည်း အသက်အလယ်အလတ်ပိုင်းလောက်ရှိသည့် စုံထောက်ဝတ်စုံမဝတ်ထားသော သူမှ အမာရွတ်နှင့်သူအား ပြင်းပြင်းထန်ထန် ကန်လွှတ်လိုက်လေသည်။

“ခွေးကောင်”

အရာရှိကျောက်သည် ရှေ့သို့ အလျင်အမြန်ပင် ပြေးလာပြီး ချက်ချင်းပင် ထိုအမာရွတ်နှင့်လူကို လက်ထိပ်ခတ်လိုက်လေသည်။

အနီးအနားတွင်ရှိသော အရာရှိတင်းသည် သူ၏ ကုတ်အင်္ကျီကိုချွတ်ကာ လန်လန်ကို ခြုံပေးလိုက်လေသည်။

“ဒေါက်တာလန်လန် အဆင်ပြေရဲ့လား”

လန်လန်သည် သူမ၏ မျက်နှာပေါ်မှ မျက်ရည်တပေါက်ပေါက်ကျကာ ငိုကြွေးနေသည်မှာ ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်လာသလိုပင်။

အရာရှိတင်းသည် လန်လန်၏ ပုခုံးကို ပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။

“ဒေါက်တာလန်လန် ကျွန်မတို့ ဒီလူဆိုးတွေကို ဖမ်းဆီးပြီးပါပြီ၊ သူတို့က မင်းကို ဖိအားပေးပြီး လုပ်ခိုင်းလို့မရတော့ဘူး”

အခြေအနေများမှာ အေးဆေးသွားခဲ့ပြီး ထိုလူဆိုးများအားလုံးကို လက်ထိပ်ခတ်ထားကာ ရဲများမှ ထိန်းချုပ်ထားလေသည်။

လန်လန်သည် ခဏတာ ငိုကြွေးပြီးနောက် အရာရှိတင်း၏ နှစ်သိမ့်မှုနှင့်အတူ ရေသောက်ကာ နောက်ဆုံး၌ စိတ်အဆင်ပြေသွားခဲ့သည်။

လန်လန် : “ အရာရှိတင်း ရှင်တို့ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ၊ ကျွန်မက ဒီနေရာမှာ တသက်လုံး နေရတော့မယ်ထင်နေတာ”

“ကျွန်မတို့က အမည်မဖော်လိုတဲ့ သတင်းပေးဆိုကနေ သတင်းရခဲ့တာပါ၊ ဒါပေမဲ့ အဲအမည်မဖောလိုတဲ့သူက ကျွန်မတို့ရဲ့ အကြိမ်ပေါင်းများစွာ ပူးပေါင်းခဲ့တယ်၊ အဲဒါကြောင့်ပဲ အထက်က အရာရှိတွေက ကျွန်တော်တို့ကို ဦးဆောင်ခိုင်းပြီး ဒီလူတွေကို ဖမ်းဆီးခိုင်းလိုက်တာကနေ ဒီဂိုထောင်ကို ရှာတွေ့ခဲ့တာ”

အရာရှိတင်းမှ ဂုဏ်ယူစွာဖြင့် ပြောလာခဲ့သည်။

လူဆိုးများကို ထိန်းသိမ်းရန် လက်အောက်ငယ်သားများကို အမိန့်ပေးနေသည့် အရာရှိကျောက်ကလည်း ခေါင်းငြိမ့်လိုက်ကာ ပြောလာခဲ့သည်။

“ဒီပုံစံအတိုင်းဆိုရင် အခုတလော ကျန်းချန်က ဘိန်းမှုတွေအကုန်လုံးက ဒီကနေ လာတာထင်တယ်”

အရာရှိကျောက်သည် ထိုလူဆိုးများကို ရွံရှာသည့်အကြည့်ဖြင့် ထပ်၍ စိုက်ကြည့်လိုက်သည်။

“ဒီ မူးယစ်ဆေး စွဲတဲ့သူတွေက မဟုတ်တာတွေပြောကြလိမ့်မယ်၊ သူတို့ကို ရဲစခန်းမှာ ၂ရက်လောက် ပိတ်ထားပြီး ဆေးအာနိသင်လျော့လာရင် သူတို့တစ်ယောက်ပြီးတစ်ယောက် ဝန်ခံကြလိမ့်မယ်၊ အဲအချိန်ကြရင် ကျွန်တော်တို့ အမှုနှစ်ခုလုံးကို တစ်ခါတည်း ဖြေရှင်းနိုင်သွားလိမ့်မယ်”

“အမှုနှစ်ခုလား”

လန်လန်သည် အချိန်အတော်အကြာ ပိတ်လှောင်ခြင်း ခံရခြင်းကြောင့် သူမသည် အပြင်လောကနှင့် ပတ်သတ်သည့် မည်သည့်အကြောင်းအရာကိုမျှ မသိခဲ့ပေ။

အရာရှိတင်း : “ဟိုတလောက သတင်းပေးတစ်ယောက်က သတင်းလာပေးလို့ သူ့အကူအညီနဲ့ ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ဖော်ထုတ်ခဲ့တာ၊ အဲအချိန်မှာတော့ ပြည့်တန်ဆာလုပ်ငန်းမှာပါတဲ့ သူဌေးတွေကိုပဲ ဖမ်းဆီးပြီး ထောင်ချနိုင်ခဲ့တာ၊ ပြီးတော့ သူတို့ ထောင်ကျတဲ့အချိန်က သက်တမ်းကုန်ဖို့နီးလာပြီ၊ ဒါပေမဲ့ အခု ဒီအမှုထပ်ပေါ်လာတော့ သူတို့ကို ကာကွယ်ပေးနေပြီး ပြစ်မှုကျူးလွန်ထားတဲ့ သူတွေလည်း အကြီးအကျယ် ပြသာနာတက်ပြီလေ”

အမာရွတ်နှင့် လူကြီး၏ အိတ်ကပ်ထဲမှ ခလုတ်ပုံစံ အသံဖမ်းစက်တစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် အရာရှိကျောက် မျက်နှာမှာ မဲမှောင်သွားခဲ့သည်။

အမာရွတ်နှင့် လူကြီးသည် သူ၏ စိတ်ထဲ၌ ပွစိပွစိဖြင့် ဆဲဆိုနေသော်လည်း သူသည် ခလုတ်ပုံစံ အသံဖမ်းစက်ကို မြင်လိုက်သည့်အခါ၌ မှင်သက်သွားခဲ့သည်။

“ငါ့မှာ ဘာလို့ ဒါကြီးရှိနေတာပဲ”

အရာရှိကျောက်သည် နူးနူးညံ့ညံ့ဖြင့် ပြုံးလိုက်ပြီး အေးစက်နေသည့် မျက်နှာအနေအထားဖြင့် အမိန့်ပေးလိုက်သည်။

“အရာရှိတင်း ရဲစခန်းကို အကြောင်းကြားပြီး ရာဇဝတ်သား လော့ဟိန်ကို ဖမ်းဆီးလိုက်၊ ဒီ သက်သေအထောက်အထားနဲ့ဆိုရင် သူ့ကို ကောင်းကောင်းကိုင်တွယ်လို့ရပြီ”

အရာရှိတင်း: "ဟုတ်ကဲ့”

ရှချန်းချန်းမှ ထိုအမာရွတ်နှင့်လူ၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည့် အသံဖမ်းစက်သည် သူနှင့် လန်လန်တို့၏ အပြန်အလှန်ပြောသည့်စကားများအပြင် အခြား လူဆိုးများနှင့် ပြောထားသည့် စကားများကိုလည်း မှတ်တမ်းတင်ထားမည်ဖြစ်သည်။

ထို့အပြင် ရှချန်းချန်းသည် မူးယစ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းအပြင်ဘက်ပုံများပါဝင်သော postတစ်ခုကို တင်လိုက်လေသည်။

[ အားး ကျီကျီက ထပ်ပြီး လူတစ်ယောက်ရဲ့ အပုတ်တွေဖော်နေပြန်ပြီ၊ ဘယ်သူများ အရှက်ရလောက်အောင်ထိ ပြိုလဲသွားလဲ ကြည့်ရအောင် ]

[ သူတို့က အနုပညာရှင်တွေမဟုတ်ဘူးဘဲ၊ ကြည့်ရသလောက်တော့ သာမန်လူတွေပဲထင်တယ်]

[ ဒီအသံဖမ်းစက်ထဲမှာ သတင်းတွေအများကြီးရှိနေတာလေ သူတို့က မူးယစ်ဆေး ထုတ်တဲ့သူတွေပဲ၊ ဘုရားရေ ကျီကျီက ဒီတစ်ခါတော့ ရေထဲက ငါးအကြီးကြီးတစ်ကောင်ကို မိလိုက်တာပဲ]

[ အသံဖမ်းစက်ထဲက ဆေးဝါးဆိုင်ရာ ဆရာဝန်မလေးက အရမ်းသနားဖို့ကောင်းတာပဲ၊ သုတေသနရှာဖွေမှုလုပ်ဖို့အတွက် အဖမ်းခံခဲ့ရတာပဲ၊ ဒီ မူးယစ်ဆေးထုတ်တဲ့သူတွေက အသည်းနှလုံးမရှိတဲ့သူတွေပဲ ]

[ဒေါက်တာလန်လန်ပဲ သူ့အကြောင်း မကြားဘူးကြဘူးလား ငါသူ့ရဲ့ စာတမ်းတွေကို ဖတ်ဖူးတယ်၊ သူ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပါရဂူတစ်ယောက်အနေနဲ့ SCI စာတမ်း ငါးခုကို ထုတ်ဝေခဲ့တာလေ၊ သူက ကျန်းချန်း တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခဖြစ်ဖို့ အလားအလာရှိတဲ့သူပဲလေ၊ သူက အရမ်း တော်လွန်းတယ် ]

[ကျန်းချန် တက္ကသိုလ်က လန်လန် ကျောင်းမှာ မနေတော့ဘူးဆိုပြီး ရုတ်တရက်ပြောလာတာလေ၊ အဲအချ်ိန်တုန်းက သူ ကုမ္ပဏီအကြီးကြီးတစ်ခုကို ပြောင်းသွားပြီလို့ထင်ခဲ့တာ၊ ဒီ မူးယစ်ဆေးထုတ်တဲ့သူတွေ ဖမ်းထားမယ်လို့ မထင်ခဲ့ဘူး၊ အရမ်းသနားဖို့ကောင်းတာပဲ ]

[ ကျွမအစ်ကိုက ကျန်းချန် ရဲစခန်းကပါ၊ ကျွန်မကြားခဲ့တာကတော့ သူတို့ မူးယစ်ဆေးထုတ်လုပ်သူတွေကို ဖမ်းမိခဲ့အပြင် နောက်ကွယ်က ကြိုးကိုင်နေတဲ့ အကောင်ကြီးတစ်ကောင်ကိုလည်း လိုက်ဖမ်းနေပြီတဲ့]

[ အဲလူတွေအကုန်လုံး ဖမ်းမိမှအေးမယ် သေဒဏ်ပေးရမှာ၊ ဒီလိုကောင်မျိုးတွေက အသက်ရှင်ဖို့ မထိုက်တန်ဘူး ]

မကြာခင်မှာပင် ကျန်းချန်ပြည်သူ့လုံခြုံရေး အစိုးရဌာနသည် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုစာထဲတွင် အခင်းဖြစ်ပွါးရာနေရာ၏ အဖြစ်အပျက်များကို အကျဉ်းချုပ်ရေးသားထားပြီး လိမ်ညာသူများကိုဖော်ထုတ်သူ၏ အကူအညီပေးမှုကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားလေ၏။

Official weibo accတွင်လည်း ရာဇဝတ်သားများ၏ ထွက်ဆိုချက်များနှင့်အတူ ရာဇဝတ်သားများကို ဖမ်းဆီးရမိသော သက်သေအထောက်အထားများအရ ဤပြစ်မှုကျူးလွန်သည် နောက်ကွယ်မှ တရားခံမှာ လော့ဟိန်ဖြစ်သည်ဟု ရဲအရာရှိများမှ ဖော်ထုတ်ခဲ့ကြသည်။

[လော့ဟိန်က တရားမဝင်တဲ့ မူးယစ်ဆေးတွေကို ထုတ်ဝေခဲ့ရုံသာမကဘူး ကျန်းချန်မြို့က သူဌေးကြီးတွေနဲ့ ပူးပေါင်းတဲ့အပြင်၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ လာဘ်ထိုးပြီး တည်ငြိမ်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားခဲ့တာ၊ ပြီးတော့ ဒီ ပြည့်တန်ဆာလုပ်ငန်းကို မူးယစ်ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းမှာ ကာကွယ်ဖို့အတွက် သုံးနေခဲ့တာပဲ]

[အဲပြစ်မှုတွေနဲ့ပတ်သတ်ပြီးတော့ အထက်အရာရှိတွေက လော့ဟိန်ကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ ထုတ်ပြန်ချက်ကို ကြေညာလိုက်ပြီး ဇိမ်ခံသဘော်ပေါ်မှာ ပါဝင်တဲ့သူတွေအကုန်လုံးက ကြံရာပါတွေဖြစ်ကြောင်း ထပ်ပြောလာခဲ့တယ်]

[!!!]

[အစတုန်းက ကျီကျီက ရဲတွေကို ကူပြီး မူးယစ်ဆေးဝါး ထုတ်တဲ့ ဓာတ်ခွဲခန်းကိုရှာပေးတယ်ပဲထင်နေတာ၊ ဒါပေမဲ့ နောက်ကွယ်မှာ ဒီလောက်ကြီးတဲ့ ပြသာနာကြီးရှိနေမယ်လို့ မထင်ထားဘူး ]

[ ကျီကျီက ဖရဲသီးတွေ ဖော်ထုတ်ရုံသာမကဘဲ အစအဆုံး အကုန်ကူညီနေတာလား၊ *ခွေးစတစ်ကာ* ]

[ ဒါဆို အရင်တစ်ခေါက်က ရွှီချဲနဲ့ တစ်ခြားလူတွေက မိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ခိုင်းတာတွေရယ်၊ ပြီတော့ သူတို့က မူးယစ်ဆေးတွေလည်း ထုတ်သေးတာလား၊ ချီးပဲ ဒီလူတွေက အတော်ဆိုးရွားလွန်းတယ် ]

[ တရားမဝင်တဲ့ မူးယစ်ဆေးတွေ ထုတ်တာတွေ၊ ကျဲတွေကို ပြည့်တန်ဆာလုပ်ခိုင်းတာတွေ၊ ပြီးတော့ ဒီပြည့်တန်ဆာလုပ်ငန်းကို သူဌေးတွေဆီလာဘ်ထိုးပြီး အကာအကွယ်အဖြစ်သုံးတာတွေ၊ ဒီအနုပညာလောကက တကယ်ကို ကြောက်စရာကောင်းလွန်းတယ် ]

[ တကယ်လို့ ဒီကိစ္စတွေသာ မဖော်ထုတ်နိုင်ခဲ့ရင် ကျဲတွေရဲ့ ဘဝတွေက ပျက်ဆီးပြီး အပြစ်မရှိတဲ့မိသားစုတွေလည်း ဖျက်ဆီးခံရတော့မှာ ]

[ ရွှီချဲက နင်နင်ကိုပြောတဲ့စကားထဲမှာ သူဌေးတွေက သူ့ကို မဖော်ထုတ်ရဲပါဘူးဆိုတာက မထူးဆန်းတော့ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ဒီမူးယစ်ဆေးဝါး ထုတ်တဲ့သူတွေရဲ့ အဓိက ကြိုးကိုင်တဲ့သူဖြစ်နေတာပဲ ]

[ဒါက ပြည့်တန်ဆာလုပ်ခိုင်းတာထက်တောင် ပိုဆိုးနေသေးတယ်၊ သူတို့မှာ ဘာအခြေခံစည်းကမ်းမှ မရှိတော့ဘူး ]

[ ကံကောင်းလို့ ဒီလူတွေကို ဖမ်းမိသွားတာ၊ မဟုတ်ရင် ကျဲတွေက အရမ်းသနားဖို့ကောင်းတယ်၊ ပြီးတော့ ပိတ်လှောင်ခံထားရတဲ့ ဒေါက်တာလန်လန်ကလည်း အရမ်းသနားဖို့ကောင်းတာပဲ ]

လော့ဟိန်၏ ပုံများမှာ onlineပေါ်တွင် ထုတ်ဖော်ခံလိုက်ရလေသည်။ သူသည် အစပိုင်းတွင် ရှယုံဒယ်အား ဆက်သွယ်ခဲ့ပြီး မူးယစ်ဆေးထုပ်လုပ်သည့် ကုန်ကြမ်းများနှင့် ဌာနများကို စီစဉ်ခဲ့ပြီး လန်လန်၏ နောက်ဆုံးအသုတ် မူးယစ်ဆေးများ ပြီးမြောက်သွားပါက သူသည် ကျန်းချန်မြို့မှ ထွက်ခွါသွားမည် ဖြစ်သည်။

ဒါပေမဲ့ သူဖော်ထုတ်ခံရမယ်လို့ မထင်ထားဘူး။

သူဒီကနေ ထွက်သွားဖို့ စီစဉ်ထားတာ နှစ်ရက်ပဲလိုတော့တာကို။

လက်ထောက်သည် လော့ဟိန်အား ဖုန်းခေါ်ဦ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ရဲများမှ ပိတ်ထားခဲ့ကြောင့် ပြောလာခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်သူများနှင့် ကုန်ကြမ်းများအားလုံး ထိန်းသိမ်းခံရပြီး လော့ဟိန်၏ အိမ်ယာကိုလည်း ရဲများမှ ဝိုင်ထားခဲ့လေသည်။

ကျေးဇူးတင်ရမည် တစ်ခုသောအရာမှာ လော့ဟိန်သည် သူ၏အိမ်ယာတွင် မရှိခဲ့ခြင်းကြောင့် ခဏတာ လွတ်မြောက်ခဲ့သည်။

လော့ဟိန်သည် သူငှါးထားသည့် အိမ်တွင် နေ၍ ဖုန်းပေါ်မှ သတင်းများကို ကြည့်ကာ အလွန်ပင် ဒေါသထွက်လာပြီးနောက် အံကြိတ်ထားလေသည်။

လိမ်ညာသူများကိုဖော်ထုတ်သူ…. ထပ်ပြီး လိမ်ညာသူများဖော်ထုတ်သူပဲ။

လိမ်ညာသူများကိုဖော်ထုတ်သူရဲ့နောက်ကွယ်က ဘယ်သူလဲ။ သူ့ကို ဘာလို့ ထပ်ခါထပ်ခါ ဆန့်ကျင်နေရတာလဲ။

သူအားကာကွယ်ပေးနေသည့်သူများအား ဖျက်ဆီးခဲ့ရုံတင်သာမက သူ၏ လောကတစ်ခုလုံးကိုလည်း ဖျက်ဆီးခဲ့လေသည်။

အခုဆိုရင် လော့ဟိန်မှာ ဘာမှမရှိတော့ဘူး။

သူသည် ထိုအရာအား လက်ခံချင်စိတ် မရှိပေ။ သူသည် အချိန်အတော်အကြာ ကြိုးစားခဲ့ပြီးမှ ကျန်းချန်မြို့၏ ငွေဖြူငွေမဲ လောကနှစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒါတွေက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဖြစ်လာရတာလဲ။

လော့ဟိန်သည် အံကြိတ်ကာ ရှယုံဒယ်အား ဖုန်းခေါ်လိုက်လေသည်။ ရှယုံဒယ်သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနှင့် ပတ်သတ်၍ ရဲများ၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရခြင်းကြောင့် အလွန်စိုးရိမ်နေခဲ့သည်။

ကံကောင်းစွာဖြင့်ပင် သူသည် ထိုကိစ္စများအားလုံးကို လော့ဟိန်ထံသို့ စီးပွါးရေးအရ လွှဲပြောင်းထားပေးခဲ့ခြင်း ဖြစ်ပြီး သူသည် ထိုကိစ္စများဖြင့် လုံးဝ ကင်းကွာနေခဲ့ပြီဖြစ်သည်။

ရှယုံဒယ်သည် မရင်းနှီးသည့် လူတစ်ယောက်မှ ဖုန်းခေါ်လာခြင်းကြောင့် မည်သည်မှ ဂရုမစိုက်ဘဲ ဖုန်းပြန်ဖြေခဲ့သည်။

သို့သော် တစ်ဖက်မှ လော့ဟိန်၏ အသံကို ကြားလိုက်ရသည့်အချိန်တွင် သူသည် ထိတ်လန့်သွားခဲ့ပြီ အလျင်အမြန်ပင် ဖုန်းစပီကာကို ကာလိုက်လေသည်။

ဘေးနားတွင် မည်သူမျှမရှိသည်ကို မြင်ပြီးနောက် ရှယုံဒယ်သည် သက်ပြင်းချလိုက်ကာ စိတ်ဆိုးစွာဖြင့် ပြန်ဖြေလိုက်လေသည်။

“လော့ဟိန်း မင်းက ရူးနေတာပဲ၊ ဒီလောက်တောင်နောက်ကျနေပြီကို မင်းက ငါ့ကို ခေါ်ရဲသေးတာလား”

“ရှယုံဒယ် ငါ့ကို ဒီနေရာကနေ လွတ်အောင် ကူညီပါ”

လော့ဟိန်မှ တောင်းဆိုလိုက်လေသည်။

“မဖြစ်နိုင်ဘူး၊ အခုချိန်မှာ ရဲတွေက ဒီလောက်တင်းတင်းကြပ်ကြပ်စုံစမ်းနေတာကို မင်းက ငါ့ကို အဲပြသာနာထဲ ဆွဲထည့်ချင်နေတာလား”

ရှယုံဒယ်မှ သူ့အား ဒေါသတကြီးဖြင့် ပြောလိုက်သည်။

လော့ဟိန်၏မျက်နှာမှာ မဲမှောင်သွားခဲ့သည်။ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် သူသည် ဒေါသတကြီးဖြင့် ပြောလာခဲ့သည်။

“ရှယုံဒယ် ငါမင်းကို တောင်းဆိုနေတာမဟုတ်ဘူး၊ ငါမင်းကိုပြောမယ် တကယ်လို့ ငါသာ ဖမ်းမိသွားရင် မင်းကို ငါနဲ့အတူတူပြသာနာထဲဆွဲထည့်ပစ်မယ်၊ မင်းမှာ ရွေးချယ်စရာမရှိဘူး”

ရှယုံဒယ်သည် အလွန်ပင်ဒေါသထွက်ကာ သွေးကြောများထောင်လာလေသည်။ သူသည် ဖုန်းကိုတင်းကြပ်စွာ ကိုင်ထားပြီး ရိုက်ခွဲချင်စိတ်များ ဖြစ်နေလေသည်။

သို့သော် သူမှာ ရွေးချယ်စရာမရှိပေ။ လော့ဟိန်သည် သူ၏ ဘဝကို ချုပ်ကိုင်ထားခြင်းဖြစ်ပြီး အကယ်၍ သူ့အား မကူညီပါလျှင် သူလည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ရှယုံဒယ်သည် သူ၏ အသံကို နိမ့်၍ အေးစက်စွာဖြင့် ပြောလာခဲ့သည်။

“မင်း အခုရက်ပိုင်း ငြိမ်ငြိမ်နေလိုက်၊ ငါနည်းလမ်းစဉ်းစားလိုက်မယ်”

တစ်ခြားတစ်ဖက်တွင်ရှိနေသော လော့ဟိန်သည် အလွန်ပင် စိတ်ကျေနပ်သွားကာ ခဏငြိမ်သက်သွားပြီးနောက် ပြောလာခဲ့သည်။

“ဒါပေမဲ့ ငါမထွက်သွားခင် လုပ်စရာတစ်ခုရှိသေးတယ်”

“မင်းဘာလို့ အဲလောက် ပြသာနာရှာချင်နေရတာလဲ၊ မင်း အခုအခြေအနေတွေဘယ်လိုဖြစ်နေလဲမသိဘူးလား၊ အဲဒါတောင်မှ မင်းက တောင်းဆိုချက်တွေအများကြီးရှိနေသေးတယ်”

ရှယုံဒယ်မှ ဒေါသတကြီးဖြင့် ပြောလာခဲ့သည်။

“ရှယုံဒယ် မင်းက ရန်ငြိုးထားတက်တဲ့သူဆိုတာ ငါသိပါတယ်၊ ငါဒီလို ရှုံးနိမ့်သွားရတာက လိမ်ညာသူများကိုဖော်ထုတ်သူကြောင့်ပဲ”

“သူ ငါပိုင်ဆိုင်သမျှကို ပြန်ပေးရမယ်၊ အဲဒါကြောင့် ငါမထွက်သွားခင် သူ့ကိုရှာပြီး ငါပိုင်ဆိုင်သမျှ အကုန်ပြန်ယူမယ်”

All Chapters