အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
Chapter 79
ညသည် မှောင်မိုက်နေကာ ကျန်းချန်း၏ ချိန်ပေ့ညစျေးတန်းရှိ ကျဥ်းမြောင်းသည့် လမ်းကြားအနီး၌ လူများစုဝေးနေကြလေသည်။ ရဲကားမှ နီပြာရောင်မီးသည် တောက်ပနေကာ ရှုပ်ထွေးသည့် ညအား လင်းထိန်စေလေသည်။
အရာရှိကျောက်သည် အနောက်ဘက်ရှိတံခါးမှ တစ်ဆင့်ထွက်သွားကာ လမ်းဘေး ရပ်ထားသည့် Bettle ကားဆီသို့ မရောက်ခင်အထိ လူအုပ်များကြားထဲမှ တိုးထွက်လာခဲ့ရသည်။
ဘေးဘီ၌ လူသူမရှိသည်ကို မြင်၍ သူသည် လျင်မြန်စွာ ဝင်လာခဲ့လေသည်။
အမျိုးသမီးတစ်ဦးသည် ကားမောင်းသူထိုင်ခုံတွင် ထိုင်နေကာ သူမ၏မျက်နှာအား ကမ်းခြေဆောင်းဦးထုပ်ကြီးနှင့် ဖုံးကွယ်ထားလေသည်။
အရာရှိကျောက် ဝင်လာသည်ကို ကြားသောအခါ သူမသည် ဦးထုတ်အား ဖယ်လိုက်ကာ သူမ၏ တင်းတိပ်များနှင့် မျက်နှာအား ပြလိုက်လေသည်။
အရာရှိကျောက်သည် ရပ်တန့်သွားကာ မသိစိတ်ဖြင့် အနောက်သို့ အနည်းငယ်ပြန်ဆုတ်မိသွားသည်။
“တောင်းပန်ပါတယ်၊ ကျွန်တော်ကားမှားတက်မိသွားလို့ပါ”
ရှချန်းချန်းသည် ရယ်မောရုံသာတတ်နိုင်ကာ သူမ၏ရယ်သံလေးမှာ ငွေခေါင်းလေးသံလေး ကဲ့သို့ပင်ဖြစ်သည်။
“အရာရှိကျောက် ကျွန်မပါ”
အရာရှိကျောက်သည် လန့်ဖြန့်သွားခဲ့သည်။ အသံမှာ ရှချန်းချန်း၏ အသံနှင့် အနည်းငယ် ဆင်တူလေသည်။
သူသည် ကားမောင်းသူခုံ၌ ထိုင်နေသည့် အမျိုးသမီးအား ကြည့်ဖို့ရာ လှည့်လိုက်လေသည်။
သူမသည် ထိုင်နေသည်ဖြစ်၍ သူမ၏ အရပ်ကြောင့်သာ သူမဟု ပြောနိုင်ပေသည်။ သို့ပေမဲ့ သူမ၏မျက်နှာမှာ အလွန်ပင် သာမန်ဆန်လွန်းနေကာ နာမည်ကြီးတစ်ယောက်အတွက် မသင့်တော်နေပေ။
ရှချန်းချန်းသည် ရွေးချယ်စရာမရှိတော့ဘဲ မိတ်ကပ်ဖျက်ဂွမ်းဖတ်အား ထုတ်ယူလိုက်ပြီး အရာရှိကျောက်၏ အရှေ့၌ သူမ၏မိတ်ကပ်အား ဖြည်းညှင်းစွာ ဖယ်ရှားလိုက်လေသည်။
အရာရှိကျောက်၏ သေးငယ်ကာ မျက်ရစ်တစ်ဖက်သာပါသည့် မျက်လုံးများမှာ ရှချန်းချန်း သူမ၏မိတ်ကပ်အား ဖျက်လိုက်သည်ကို ကြည့်နေရင်း ပြူးကျယ်လာခဲ့သည်။
အာ ဒါကအရှေ့တိုင်းရဲ့ ဒဏ္ဍာရီလာ မှော်ပညာပဲ။
ရှချန်းချန်း သူမ၏ မိတ်ကပ်များအား အားလုံးဖျက်ပြီးသွားချိန်၌ပင် အရာရှိကျောက်သည် သူမနှင့်အစောက တင်းတိပ်များနှင့် မိန်းကလေးအား တွဲစဥ်းစားကြည့်၍ မရနေပေ။
“မင်း သူတို့နောက်ကို အဖမ်းမခံရပဲနဲ့ လိုက်သွားနိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး”
အရာရှိကျောက်မှ ပြောလိုက်သည်။
ရှချန်းချန်းသည် သူမချိန်ပေ့ညစျေးသို့ မသွားရောက်ခင်တွင် သူ့အားဆက်သွယ်ထားကာ သူမ မူးယစ်ဆေးများအား ဝယ်ယူနေနိုင်ကြောင်း သတင်းပို့ထားခဲ့သည်။ အရာရှိကျောက်သည် အလွန်ပင်စိတ်ပူနေခဲ့ကာ သူမ သတိမထားမိချိန်တွင် သူမ မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ အဖမ်းခံလိုက်ရမည်ကို ကြောက်ရွံ့နေခဲ့သည်။
မမျှော်လင့်ထားစွာဖြင့် သူမသည် အဖမ်းမခံလိုက်ရရုံသာမက မူးယစ်ဆေးဝါးသခင်၏ လျို့ဝှက်နေရာကိုပါ ခြေရာခံနိုင်ခဲ့သည်။
ထိုသို့တွေးမိသွား၍ အရာရှိကျောက်မှာ ရှဲ့ကျစ်ရှင်းအား တိတ်တဆိတ် မကြည့်ပဲမနေနိုင်ကာ ညင်သာစွာ ပြောလိုက်သည်။
“အဲလိုအရည်အချင်းမျိုးနဲ့ဆိုရင် ဘာဖြစ်လို့ ပါပါရာဇီလုပ်နေဦးမှာလဲ၊ ငါတို့ ရဲစခန်းကိုလာခဲ့ပါ”
ရှချန်းချန်းသည် သူမ၏ အိတ်ကပ်ထဲမှ တစ္ဆေဘိန်းပုလင်း နှစ်ပုလင်းအား ထုတ်လိုက်ကာ
“အရာရှိကျောက် ကျွန်မဒါတွေကို မျက်နှာမှာအမာရွတ်ရှိတဲ့ အမျိုးသားတစ်ယောက်ဆီကနေ ဝယ်ခဲ့တာပါ”
အရာရှိကျောက်၏ အမူအယာမှာ လေးနက်သွားကာ သူသည် ထိုပုလင်းကြည် နှစ်ပုလင်းအား အသေအချာစစ်ဆေးကြည့်ပြီး
“ဒါက ဖန်စစ်ဟန်ဝယ်ချင်နေတဲ့ ဟာဆိုတာ သေချာရဲ့လား”
ရှချန်းချန်း ခေါင်းညိတ်လိုက်ကာ
“ကျွန်မသူ့ကိုယ်ပေါ်မှာ သံဖမ်းစက်တတ်ထားတယ်၊ မမှားနိုင်ဘူး”
အရာရှိကျောက်သည် သူ၏ မေးစေ့အားထိလိုက်ကာ တွေးနေလေသည်။
“ဖန်စစ်ဟန်ကလည်း ဆေးစွဲနေတဲ့သူပဲ ထင်တယ်၊ ဒါပေမဲ့ အဲမူးယစ်ဆေးက ချေဖျက်တာမြန်လွန်းတယ်၊ အဲဒါကြောင့် ကျွန်တော်တို့တွေ သူ့ကိုအခု ဖမ်းမယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူး”
ရှချန်းချန်းသည် တစ်ခဏမျှ တွေးလိုက်ကာ မေးလိုက်သည်။
“ဒါမှမဟုတ်ရင် အစားထိုးတစ်ခုရှာရင်ရော”
အရာရှိကျောက်၏ မျက်လုံးများမှာ ထိုစကားအား ကြားလိုက်သည်နှင့် လင်းလက်သွားကာ သူသည် သူ့အိတ်ထဲမှ တစ္ဆေဘိန်းပုလင်း နှစ်ပုလင်းအား ထပ်ထုတ်လာခဲ့သည်။
“ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ကျွန်တော် သတင်းအချက်အလက်တွေ စုံစမ်းစစ်ဆေးဖို့ သွားတဲ့အချိန်တုန်းက မူးယစ်ဆေးတပ်ဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပေးသွားခဲ့တာ၊ ဒါကသူတို့အိမ်မှာလုပ်ခဲ့တဲ့ တစ္ဆေဘိန်းပဲ၊ အဲဒါကပုံစံအရရော အနံ့အရရော တစ္ဆေဘိန်းနဲ့အတော်လေးထင်ပေမဲ့ အဲဒါက မူးယစ်ဆေးမဟုတ်ဘူး၊ ဒါကကျွန်တော်တို့ရဲ့ သတင်းပေးတွေနဲ့ လျို့ဝှက်ထောက်လှမ်းရေးတွေအတွက် ရည်ရွယ်ထားတာ”
ရှချန်းချန်း မေးလိုက်သည်။
“အဲဒါဆို အရာရှိက ဖန်စစ်ဟန်ကို ဒါနဲ့ဆွဲဆောင်ဖို့ စဥ်းစားနေတာလား”
အရာရှိကျောက်သည် ခေါင်းဆက်တိုက်ညိတ်ပြလေသည်။
ရှချန်းချန်းသည် ထိုအကြောင်းအား တွေးလိုက်လေသည်။
ချိန်ပေ့ညစျေးသို့ မလာခင်တွင် ဖန်စစ်ဟန်သည် ဆေးစွဲနေပြီးသားဖြစ်သည်။ သူသည် သူ၏ ဟိုတယ်အခန်းထဲ၌ ဆေးသုံးဖူးကာ စိတ်လွတ်သွားခဲ့ဖူးသည်။ သူအား ပုလင်းအတု ပေးလိုက်လျှင် သူသည် ချက်ချင်းရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ရှချန်းချန်း၏ မျက်လုံးများမှာ လင်းလက်သွားကာ
“ကျွန်မထင်တာတော့ ကျွန်မတို့တွေ ကြိုးစားကြည့်လို့ ရမယ်ထင်တယ်”
အရာရှိကျောက်၏ မျက်လုံးများမှာ မျှော်လင့်ချက်များနှင့် တောက်ပလာခဲ့ကာ ရုတ်တရက် စိုးရိမ်လာခဲ့ပြီး သူ၏ အမူအယာမှာ ထူးဆန်းလာခဲ့သည်။
“ဒါပေမဲ့ မင်းက ရဲတွေကိုဒီလောက် အလေးအနက်ထားပြီး ကူညီနေတာ မင်းဒီတိုင်း တစ်ခုခုကို ဖော်ထုတ်ချင်လို့ပဲ မဟုတ်ဘူးလား”
“ဘာရှိသေးလို့လဲ”
ရှချန်းချန်းသည် ပခုံးတွန့်လိုက်လေသည်။ ဖန်စစ်ဟန်၏ လျို့ဝှက်ချက်များသည် သူမမျက်စိရှေ့တွင် ရှိနေကာ ထိုအရာအား မဖော်ထုတ်လျှင် လူသားမဆန်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
အရာရှိကျောက်:???
“ဒါပေမဲ့ မင်း မင်း..”
အရာရှိကျောက်သည် တွန့်ဆုတ်နေလေသည်။ သူသည် ရှချန်းချန်း၏ ကိုယ်ရေးအကျဉ်းအား ဖတ်ပြီးဖြစ်ကာ သူမသည် ရှလုပ်ငန်းစု၏ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ကာ ရှဲ့ကျစ်ရှင်း၏ ဇနီးဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် ရှဲ့မိသားစုဝင် တစ်ဦး ဖြစ်လေသည်။
ဒါက သာမန်ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးပဲမလား။ သူမမှာ အချိန်ပိုတွေနဲ့ ပိုက်ဆံတွေ အများကြီးရှိနေတာကို သူမဘာသာသူမ ပျော်ပျော်နေမဲ့အစား သူမက လျို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ပဲ စဥ်းစားနေတာလဲ။
အရာရှိကျောက်သည် နားမလည်နိုင်ပေ။
အရာရှိကျောက်၏ တိတ်တဆိတ် အတည်ပြုချက်နှင့်အတူ ရှချန်းချန်းသည် ရဲဝန်ထမ်းမှ အတုလုပ်ထားသည့် တစ္ဆေဘိန်းပုလင်း နှစ်ပုလင်းအား အဝေးသို့ ပို့လိုက်လေသည်။ သူမ၏ မျက်လုံးမှာ မျှော်လင့်ချက်များနှင့် တောက်ပနေလေသည်။
အရာရှိကျောက်သည် မျက်မှောင်ကြုတ်နေလေသည်။
ဒါက လူချမ်းသာအမျိုးသမီး တစ်ယောက်ရဲ့ဝါသနာလား။
အာ နားမလည်နိုင်သေးဘူး။
ရှချန်းချန်းသည် သူမ၏ ရှချိုးချိုးမိတ်ကပ်အား ပြန်လိမ်းလိုက်ကာ Beetle ကားအား မောင်းနှင်၍ ဟိုတယ်သို့ပြန်သွားလေသည်။
မပြန်သွားခင်တွင် သူမသည် ဟုန်ပေါ်ချောင်အား ဆက်သွယ်ကာ ဖန်စစ်စန်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်များအား ဟန်ဆောင်ပြောပြီး ဝမ်ရှင်းအား အာရုံလွဲထားဖို့ရာ ပြောလိုက်လေသည်။
ဝမ်းရှင်းသည် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှု သိထားလောက်မည်ဖြစ်ကာ သူသာ ဟိုတယ်တွင် ရှိနေမည်ဆိုလျှင် သူမ သူဆေးသုံးနေသည့် ပုံအား မရိုက်ကူးနိုင်မှာ စိုးရိမ်လေသည်။
ဝမ်ရှင်းအား အဝေးသို့ ပို့ပြီးနောက် ရှချန်းချန်းသည် ဖန်စစ်ဟန်၏ အဆင့်မြင့် ဇိမ်ခံအခန်းထဲသို့ ဝင်သွားခဲ့သည်။
ဝမ်ရှင်းသည်သာ ထိုအခန်းထဲ၌ မရှိသည်သာမက ချီယွီသည်လည်း အိမ်တွင်လုပ်စရာရှိသည့်ဟု အကြောင်းပြချက်ပေးကာ အခန်းကတ်အား ရှချန်းချန်းဆီသို့ ထားခဲ့လေသည်။
ရှချန်းချန်းသည် ဖန်စစ်ဟန်၏ အခန်းထဲသို့ ဝင်လိုက်ကာ တစ်ချိန်က အသက်ဝင်ကာ ချောမောသည့် ဖန်စစ်ဟန်မှာ ယခုအခါမှာမူ ညှိုးနွမ်းသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကုတင်ပေါ်တွင် ဆေးရှိန်တက်ကာ လှဲလျောင်းနေလေသည်။ ၎င်းတို့နှစ်ဦး နောက်ဆုံးဆုံခဲ့ကြသည်မှာ နာရီအနည်းငယ်သာ ကြာသေးသော်ညား သူ့ မျက်လုံးအိမ်များမှာ ချိုင့်ဝင်နေကာ သူ၏ မျက်လုံးအရောင်မှာလည်း သွေးရောင်ကဲ့သို့ နီရဲနေလေသည်။
ထို့အပြင် ကော်ဖီစားပွဲပေါ်တွင် တစ္ဆေဘိန်းပုလင်းခွံ အလွတ်ရှိနေလေသည်။ ဖန်စစ်ဟန် ချီယွီအား မူးယစ်ဆေးဝါးဝယ်ပေးရန် မပြောခင်တွင် သူ သို့မဟုတ် ဝမ်ရှင်းတွင် လက်ကျန်အချို့ရှိပုံရသည်။ သို့ပေမဲ့ ထို ပုလင်းသေးလေးအားကြည့်၍ ထိုပုလင်းမှာ ဖန်စစ်ဟန်အတွက် မလောက်နိုင်လောက်ပေ။
ဖန်စစ်ဟန်မှာ အလွန်ပင်စိတ်လှုပ်ရှားနေပြီး သူ့ပုခုံးများမှာ လှုပ်ယမ်းနေပြီး သူ၏ဝိဥာဥ်အား ဆုံးရှုံးသွားသည့် ပုံပင်ပေါက်နေလေသည်။
ယခုအချိန်တွင်မူ တစ္ဆေဘိန်းသာလျှင် သူ့အား ကယ်တင်နိုင်တော့မည်ဖြစ်သည်။
“ချိုးချိုး မင်းလား အား”
ဖန်စစ်ဟန်၏ အသံမှာ အားနည်းနေလေသည်။
“ဖန်လောင်ရှီး ရှင်အဆင်ပြေရဲ့လား”
ရှချန်းချန်းသည် စိုးရိမ်သလိုဟန်ဆောင်၍ မေးလိုက်ကာ တစ္ဆေဘိန်းအတု ပုလင်း နှစ်ပုလင်းအား ကော်ဖီစားပွဲပေါ်တွင် နေရာချထားလိုက်သည်။
“ဒါက ချီယွီကော ကျွန်မကိုဝယ်ခိုင်းလိုက်တဲ့ ဆေးတွေပါ၊ လောင်ရှီးထပ်လိုသေးလား မသိဘူး”
ဖန်စစ်ဟန်သည် ကော်ဖီစားပွဲအား အားနည်းစွာ ကြည့်လိုက်သည်။ တစ္ဆေဘိန်းပုလင်းအား သူမြင်လိုက်ချိန်တွင် သူ၏မှောင်မိုက်နေသည့် မျက်လုံးများမှာ လင်းလက်သွားခဲ့သည်။ ရုတ်တရက် သူသည် အားအင်များပြည့်သွားကာ ကော်ဖီစားပွဲဆီသို့ အပြေးသွားလေသည်။
ဖန်စစ်ဟန်သည် တစ္ဆေဘိန်းပုလင်း နှစ်ပုဘင်းအား ကိုင်ထားကာ သူ၏လည်စေ့မှာ လှုပ်ရှားသွားပြီး သူ့ မျက်လုံးများမှာ တပ်မက်မှုများနှင့် ပြည့်နေလေသည်။ သူ၏ ကျန်ရှိနေသေးသည့် ကျိုးကြောင်းဆင်ခြင်စိတ်မှာ ရှချန်းချန်းထွက်သွားမှ ရှူရှိုက်ဖို့ရာ ပြောနေသော်ညား သူ ပို၍ ပြင်းထန်သည့် လိုချင်စိတ်မှာ မငြင်းပယ်နိုင်ဟု ပြောလေသည်။
သူ၏ အသံမှာ အက်ရှနေကာ သူ၏ ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးကျန်ရှိသည့် အားအင်လေးဖြင့် သူသည် ရှချန်းချန်းအား တွန်းထုတ်လိုက်သည်။
“ငါ ကျန်တာတွေကို ငါဘာသာလုပ်နိုင်တယ် မင်းသွားလို့ရပြီ”
ရှချန်းချန်းသည် အခန်းထဲမှ နှင်ထုတ်ခံလိုက်ရကာ သူမအနောက်ရှိ တံခါးအား ဆောင့်ပိတ်လိုက်လေသည်။
တံခါးသည် ကြီးမားသည့် ကွာခြားချက်ကြီး တစ်ခုကဲ့သို့ဖြစ်နေကာ တစ်ဖက်ခြမ်းရှိ အပြစ်ကမ္ဘာအား ပိတ်ဆို့ထားလေသည်။
သို့ပေမဲ့ ရှချန်းချန်းသည် လိမ္မာပါးနပ်စွာ ပြုံးလိုက်လေသည်။
ဖန်စစ်ဟန် သူမအား အခန်းထဲမှ မတွန်းထုတ်ခင်တွင် သူမသည် သူမ၏ ဗီဒီယိုရိုက်ကူးနိုင်သည့် ကိုင်းအနက်ရောင် မျက်မှန်အား ကော်ဖီစားပွဲပေါ်တွင် တင်ထားခဲ့ပြီးဖြစ်သည်။
နောက်ဆုံးတွင်တော့ သူမသည် အရာအားလုံးအား ရိုက်ကူးနိုင်မည် ဖြစ်သည်။
သူမသည် သူမ၏ ဖုန်းအားထုတ်လိုက်ကာ အရာရှိကျောက်အား လာ၍ ထိုအမျိုးသားအား ဖမ်းဖို့ရာ အသိပေးရန်အတွက် လုပ်ဖို့ပြင်လိုက်ချိန်တွင် ရုတ်တရက် ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် အသံများ ထွက်ပေါ်လာခဲ့သည်။
ရှချန်းချန်းသည် လန့်ဖြန့်သွားကာ ပြတင်းပေါက်အောက်သို့ ချက်ချင်းငုံ့ကြည့်လိုက်သည်။
ဟိုတယ်၏ အထပ်နှစ်ဆယ်ကျော်၌ ရှိနေချိန်တွင် အောက်ထပ်ရှိ လူများနှင့်ကားများမှာ အလွန်သေးငယ်သော်ညား ဒါဇင်ကျော်လောက်မည့် ရဲကားများနှင့် အပြာနှင့်အနက် ယူနီဖောင်းများနှင့် မှုခင်းရဲများမှာ အလွန်ပင် မိမိုက်နေသည့်ပုံ ပေါက်လေသည်။
မဟုတ်သေးပေ။ သူမသည် တစ်ခုခုမလုပ်ခင်တွင် ဖန်စစ်ဟန် ဆေးသုံးစွဲပြီးသွားပြီကို အတည်ပြုရန် အရာရှိကျောက်နှင့် ဆွေးနွေးခဲ့လေကာ အမှားများမရှိသည်မှာ သေချာစေရန်ဖြစ်သည်။ ပြီးလျှင် အရာရှိကျောက်၏ မှူခင်းရဲအဖွဲ့မှာ မြို့အနောက်ဘက်ရှိ မူးယစ်ဆေးဝါးများအား ရှင်းလင်းနေဆဲဖြစ်သည်။
သူတို့တွေဘာကြောင့် ဒီလောက်တောင်အစောကြီး ရောက်လာကြတာလဲ။
ရှချန်းချန်းသည် တံခါးအား အလျင်အမြန်ဖွင့်လိုက်ကာ မှုခင်းရဲတော်တော်များများမှာ အပေါ်ထပ်သို့ တက်လာကြသည်ကို တွေ့လိုက်ရလေသည်။
စနစ်သည် ပေါ်လာကာ ကြင်နာစွာသတိပေးလိုက်လေသည်။
“Host အဲမှာ အရာရှိကျောက်ရဲ့ လူတွေမပါဘူး သူတို့တွေက မူးယစ်ဆေးဝါးအဖွဲ့က သူတွေပဲ”
မူးယစ်ဆေးဝါးအဖွဲ့။
အရာရှိကျောက်သည် မှုခင်းရဲတပ်ဖွဲ့မှ ဖြစ်သည်။
အဲဒါဆို ဒီအဖွဲ့နှစ်ဖွဲ့က တစ်သင်းတည်း မဟုတ်ဘူးပေါ့။
ရှချန်းချန်းသည် ရုတ်တရက် အတွေးတစ်ခု တွေးမိသွားခဲ့သည်။
“တုန်ကျီ ဝတ္ထုထဲမှ ဖန်စစ်ဟန် မူးယစ်ဆေးသုံးစွဲမှုနဲ့ တိုင်ကြားခံရပြီးတော့ မသုံးဘူးလို့ အဖြေထွက်တာကြောင့်မလို့ အမှုကနေ တရားသေ လွတ်သွားခဲ့တာမလား”
စနစ်သည် ဝတ္ထု၏အကြောင်းအရာများအား အလျင်အမြန် ပြန်လည်ကြည့်ရှုလိုက်သည်။
“ဟုတ်ပါတယ်”
ရှချန်းချန်းတွင် ရုတ်တရက် ဆိုးရွားသည့် ကြိုတင်ခန့်မှန်းချက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ဖန်စစ်ဟန်၏ အခန်းဆီသို့ အလျင်အမြန်သွားကာ တံခါးအား ထုနေလေသည်။
“မစ္စတာဖန် မစ္စတာဖန်”
မည်သူမှ ပြန်မဖြေခဲ့ပေ။
“သူဆေးသုံးနေရင်း သတိလစ်သွားတာများလား”
စနစ်သည် ပဟေဠိဖြစ်နေကာ စစ်ဆေးဖို့ရာအတွက် အခန်းထဲရှိ အနက်ရောင်ကိုင်း မျက််မှန်အနောက်ရှိ ကင်မရာထဲတွင် ပုန်းလိုက်သည်။
စနစ်: “Host တစ်ခုခုတော့ မှားနေပြီ၊ အခန်းထဲမှာ ဘယ်သူမှမရှိဘူး”
ရှချန်းချန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ယခုလေးတင် အခန်းထဲရှိနေသည်မှာ အသေအချာပင်ဖြစ်သည့် သက်ရှိထင်ရှားလူတစ်ဦးမှာ ယခုတွင်တော့ ပျောက်ဆုံးသွားခဲ့သည်။
သူမ၏ အကြောက်ဆုံးအရာမှာ အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။
ရှချန်းချန်းသည် ချီယွီ မထွက်သွားခင်တွင် သူမအား ပေးခဲ့သည့် အခန်းကတ်အား ထုတ်လိုက်ကာ တံခါးအား ဖွင့်လိုက်လေသည်။
ဖန်စစ်ဟန်၏ အခန်းမှာ အမှန်တကယ်ပင် ပြောင်ရှင်းနေလေသည်။
ပြတင်းပေါက်များမှာ ပိတ်ထားကာ ရေချိုးခန်းထဲတွင်လည်း မည်သူမှမရှိပေ။ လေဝင်နေထွက် ပြွန်များမှာ ကျဥ်းမြောင်းလွန်းကာ မည်သူမှဖြတ်သွား၍ မရနိုင်ပေ။
ဖန်စစ်ဟန် ဘယ်ရောက်သွားတာလဲ။
စနစ်သည် ချက်ချင်းပင် အခန်းထဲတွင် ကျန်ခဲ့သည့် ကိုင်းအနက်ရောင် မျက်မှန်မှ ရိုက်ကူးထားသည် ဗီဒီယိုအား ကြည့်လိုက်သော်ညား ကန့်သတ်ထားသည့် မြင်ကွင်းကြောင့် ရဲကားသံအား ကြားပြီးနောက် ဖန်စစ်ဟန်သည် မြင်ကွင်းမှ လျင်မြန်စွာထွက်သွားကာ သူ၏ ပုံရိပ်အား မြင်ကွင်းတွင် လုံးဝမမြင်နိုင်တော့ပေ။
စနစ်သည် စိတ်လှုပ်ရှားလာကာ
“Host ကအခု အခန်းထဲမှာ ရှိနေတဲ့ တစ်ယောက်တည်းသောလူပဲ၊ မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ အခန်းထဲကို ရောက်လာတဲ့ အခါကျရင် Host ကို မူးယစ်ဆေးသုံးတယ်လို့ သံသယရှိကြလောက်မယ် မလား”
အကယ်၍ သူမ မူးယစ်ဆေးမသုံးလျှင်ပင် သူမသည် ရဲစခန်းတွင် အမာရွတ်ညီအစ်ကိုထံမှ ဆေးသုံးစွဲသည်ဟု ပြောခံရမည်ဖြစ်ကာ ရှင်းလင်းဖို့ရာအတွက် ရှေ့နေ့အား သေချာပေါက် ခေါ်ဖို့ရန် လိုအပ်ချက် ဖြစ်သည်။
ရှချန်းချန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ငါတို့တွေ လှည့်စားခံလိုက်ရပြီ”
စနစ်သည် အေးခဲသွားခဲ့သည်။
“Host ဘာကို ဆိုလိုချင်တာလဲ”
ရှချန်းချန်းသည် ကော်ဖီစားပွဲပေါ်မှ သူမ၏ ကိုင်းအနက်ရောင် မျက်မှန်အား သိမ်းလိုက်လေသည်။
“တကယ်လို့ ငါအမှတ် မမှားဘူးဆိုရင် တစ်ယောက်ယောက်က ဖန်စစ်ဟန်ကို တိုင်ကြားခဲ့တာကြောင့်မလို့ အရာရှိကျောက် မရောက်ခင်မှာ မူးယစ်ဆေးတပ်ဖွဲ့က အရင်ရောက်လာခဲ့တာပဲ၊ သူက ဖန်စစ်ဟန်ကို လက်စားချေချင်ပေမဲ့ သူက သူ့ကိုယ်သူ မပါဝင်သွားစေချင်ဘူး၊ အဲဒါကြောင့် သူက ငါ့ကို သူ့အတွက် မူးယစ်ဆေးဝယ်ခိုင်းလိုက်တာပဲ”
စနစ်သည် အံ့ဩသွားခဲ့သည်။
“အဲဒါဆို သူ့ကို တိုင်ကြားခဲ့တဲ့သူက…”
ရှချန်းချန်း သူမ၏ စကားအား ပြောလို့ မပြီးသေးချိန်တွင် သူမ၏ ဖုန်းသည် မြည်လာခဲ့သည်။ ချီယွီထံမှာ Wechat မက်ဆေ့ချ် တစ်စောင်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
“ချိုးချိုး ငါတောင်းပန်ပါတယ်၊ ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ”
ရှချန်းချန်းသည် ဖန်သားပြင်ပေါ်ရှိ ချီယွီ၏ တောင်းပန်စာအား ကြည့်ပြီး အေးစက်စွာပြုံးလိုက်လေသည်။
သူသည် ထိုအရာအား တစ်ချိန်လုံး ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။
သူသည် ဖန်စစ်ဟန်အား လက်စားချေရန်အတွက် တိုင်ကြားချင်သော်ညား ဖန်စစ်ဟန်အတွက် မူးယစ်ဆေး ဝယ်ယူရာတွင် သူ့ပါဝင်ပတ်သက်မှုအား မဖော်ထုတ်ချင်သောကြောင့် သူသည် ရှချန်းချန်းအား အကူအညီတောင်းခဲ့လေသည်။ ဖန်စစ်ဟန်ဆေးသုံးလိုက်ချိန်တွင် သူ့အား တိုင်ကြားမည်ဖြစ်သည်။
သို့ပေမဲ့ ရှချန်းချန်းသည် အခန်းလွတ်ကြီးအား စိုက်ကြည့်နေလေသည်။
ချီယွီ၏ အစီအစဥ်မှာ ပျက်သွားပြီဖြစ်သည်။ ဖန်စစ်ဟန်သည် ပြင်ဆင်ထားပြီးဖြစ်ကာ လွတ်မြောက်သွားခဲ့သည်။
စနစ်: “အဲဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ၊ မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့က သူတွေကို အမှန်အတိုင်းပြောကြမှာလား သူတို့တွေက ယုံကြပါ့မလား၊ ကျွန်တော်တို့တွေ အရာရှိကျောက်ကို ရှင်းပြဖို့အတွက် ပြောရမှာ စိုးမိတယ်”
ရှချန်းချန်းသည် ပုံမှန်အတိုင်းပင် လျစ်လျူရှုလိုက်ကာ
“ဖန်စစ်ဟန်တောင်မှ ဒီအခန်းထဲက ထွက်သွားနိုင်ခဲ့တာကို ဘာလို့ ငါက မလုပ်နိုင်ရမှာလဲ၊ ငါ့ကို လှည့်စားဖို့က အဲလောက်လွယ်မနေဘူး”
သုံးမိနစ်အကြာတွင် မူးယစ်ရေးတိုက်ဖျက်ရေးအဖွဲ့၏ ရဲအရာရှိများမှာ အခန်းထဲသို့ ဝင်လာကြလေသည်။
၎င်းတို့သည် ဘေးဘီသို့ ကြည့်လိုက်ကာ ဖန်စစ်ဟန်အခန်းထဲရှိ တစ္ဆေဘိန်းအတု ပုလင်းနှစ်ပုလင်းအား အလွယ်တကူပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့ပေမဲ့ ၎င်းတို့သည် အခန်းအား တစ်နေကုန်လိုက်ရှာခဲ့သော်ညား လူတစ်ဦးကိုမှ မတွေ့ခဲ့ပေ။
ရဲမှူးမော့မှာ အလွန်ပင် ဒေါသထွက်နေလေသည်။ သူသည် အခြားဌာနမှ လောင်ကျောက်ထံမှ အကြွေးယူကာ မူးယစ်ဆေးဝါးများအား ရှင်းလင်းခိုင်းခဲ့သည်ဟု အဆင်ပြေသော်ညား သူသည် တိုင်ကြားချက်ရ၍ ဖမ်းဆီးရန်လာခဲ့သော်ညား လူတစ်ဦး တစ်ယောက်ကိုမှ မတွေ့ရသနည်း။
ထပ်ပြောရလျှင် တိုင်ကြားချက်တွင် ဖန်စစ်ဟန်သည် မူးယစ်ဆေးသုံးစွဲနေသည်ဟု ရှင်းရှင်းလင်းလင်းပြောထားသော်ညား ကော်ဖီစားပွဲပေါ်ရှိ ပစ္စည်းမှာ သူတို့ဌာနမှ ထုတ်လုပ်ထားသည့် ပစ္စည်းအတုများ ဖြစ်နေရသနည်း။
“ဖန်စစ်ဟန် ဘယ်မှာလဲ၊ မင်းသူဆေးသုံးနေတယ်လို့ တိုင်ကြားခဲ့တာမလား၊ သူကဘာလို့ ဒီမှာ ရှိမနေရတာလဲ”
“အဲဒါ”
သူ၏ဘေးရှိ ရဲဝန်ထမ်းမှာလည်း သူ့နည်းတူပင် ရှုပ်ထွေးနေလေသည်။ ၎င်းတို့သည် ဟိုတယ်အား ဝိုင်းထားပြီးဖြစ်ကာ လူတစ်ဦးသည် အဘယ်သို့ လွတ်မြောက်သွားနိုင်သနည်း။
“ငါ့အတွက် သူ့ကို ရှာကြစမ်း”
အရာရှိမော့ အမိန့်ပေးလိုက်သည်။
“မင်းတို့တွေ မြေကြီးကို သုံးပေတူးရမယ် ဆိုရင်တောင်မှ မင်းတို့တွေ သူ့ကို သေချာပေါက်ရှာပေးရမယ်”
တခြားတစ်ဘက်ရှိ ကျဥ်းမြောင်းသည့် စင်္ကြံလမ်း၌။
အလွန်ပင် ရှည်လျားကာ ပြောင်ရှင်းနေသည့် စင်္ကြံလမ်းအတွင်း ပဲ့တင်သံများ မထွက်စေရန် ရှချန်းချန်းသည် ခြေဖြားထောက်၍ ဖော့ဖော့လေး လျှောက်နေလေသည်။
အောက်မှ ခပ်သွက်သွက်လျှောက်နေသည့် ခြေသံများရှိနေကာ အသံမှာ အတော်လေးပင် ဖျော့နေလေသည်။ ထိုအသံ၏ တည်နေရာမှာ ရှချန်းချန်းနှင့် အဝေးတွင် ဖြစ်လောက်မည် ဖြစ်သည်။ ရှချန်းချန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ကာ နားထောင်နေပြီး တစ်ဖက်လူမှာ မြေပြင်ပေါ်တွင် ရှိနေသည်ဟု ခံစားလိုက်ရလေသည်။
ဤသည်မှာ ဖန်စစ်ဟန် ဖြစ်လောက်မည် ဖြစ်သည်။
လွန်ခဲ့သည့်ငါးမိနစ်တွင် ရှချန်းချန်းသည် ဖန်စစ်ဟန်၏ အဆင့်မြင့်ဇိမ်ခံအခန်းထဲ၌ ပိတ်မိနေဆဲဖြစ်သည်။ အခန်းထဲ၌ တစ္ဆေဘိန်းပုလင်းတု နှစ်ပုလင်းရှိကာ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့မှာ အပြင်ဘက်တွင် ရောက်နေပြီဖြစ်သည်။
ရှချန်းချန်းသည် ကိုင်းအနက်ရောင် မျက်မှန်၏ chip ပြားအား ဖုန်းထဲသို့ ထည့်လိုက်ကာ အခန်းအတွင်းရှိ ဖန်စစ်ဟန်၏ လှုပ်ရှားမှုလမ်းကြောင်းအား သေချာစစ်ဆေးလိုက်ကာ ရဲကားသံများ ကြားလာရချိန်တွင် ဖန်စစ်ဟန်သည် ပြတင်းပေါက်အား အလျင်အမြန် တစ်ချက်ကြည့်လိုက်ကာ အဝတ်ဗီရိုဘက်သို့ ရှောင်တိမ်းသွားခဲ့သည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ပြီးနောက် ထိုအမျိုးသားမှာ ပျောက်ဆုံးသွားခဲ့သည်။
ရှချန်းချန်းသည် အဝတ်ဗီရို၏ ဘေးဘက်များအား ထိကြည့်ကာ ဟိုနေရာအား ခေါက်လိုက်၊ ဒီနေရာအား ခေါက်လိုက် လုပ်ပြီးနောက် သူမသည် လျှို့ဝှက်လမ်းကြောင်းအား ရှာဖွေတွေ့ရှိသွားခဲ့သည်။
ရှချန်းချန်းသည် ပြုံးလိုက်လေသည်။
ဟိုတယ် နာမည်အပြည့်အစုံမှာ ယွမ်ဟန်ဟိုတယ် ဖြစ်ကာ ဖန်စစ်ဟန်မိသားစုလုပ်ငန်းဖြစ်သည့် ဖန်လုပ်ငန်းစု၏ လက်အောက်ခံဟိုတယ်ဖြစ်သည်။
ကျန်းချန်၏ ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်း၏ ချမ်းသာသည့် ဒုတိယမျိုးဆက် ဖန်စစ်ဟန်သည် ဖန်မိသားစု၏ ဒုတိယသခင်လေးပင်ဖြစ်သည်။ ပြောရလျှင် ဖန်မိသားစုနှင့် ဟန်မိသားစုမှာ အနည်းငယ် ဆက်စပ်နေလေသည်။ မဒမ်ဖန်နှင့် မဒမ်ဟန် တို့မှာ ဝမ်းကွဲများဖြစ်သည်။ လူချမ်းသာများ၏ တွေ့ဆုံပွဲများ၌ ၎င်းတို့နှစ်ယောက် အတူထိုင်နေသည်ကို မကြာမကြာ မြင်ရလေသည်။
သို့ပေမဲ့ ဖန်မိသားစုမှာ ဟန်မိသားစုကဲ့သို့ မျိုးဆက်သုံးဆက် အမွေလက်ဆင့်ကမ်းလာခဲ့သည့် မိသားစုမျိုးမဟုတ်ပေ။ ဖန်မိသားစု၏ အကြီးဆုံးသားဖြစ်သူ ဖန်စစ်ယွမ်မှာ သူ၏အဘိုးထံမှ ဆက်ခံသူအဖြစ် အတည်ပြုခံထားရပြီးဖြစ်ကာ ဖန်စစ်ဟန်မှာမူ ဒုတိယမျိုးဆက် ကြွယ်ဝမှုကိုသာယူ၍ တစ်သက်လုံး သက်သာစွာနေသွားရဖို့ စီစဥ်ထားပြီးဖြစ်သည်။
ယွမ်ဟန်ဟိုတယ်မှာ ကြယ်လေးလုံးအဆင့် ဟိုတယ်သာဖြစ်ကာ ရှချန်းချန်းသည် အစပိုင်းတွင် ဖန်စစ်ဟန်သူ၏ ကိုယ်ပိုင်ဟိုတယ်၌ တည်းခိုခြင်းအား မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။ ဤသည်မှာ ဖန်စစ်ဟန်နှင့် ဖန်စစ်ယွမ်မှာ အလွန်ပင် ကွဲလွဲနေကြသည်ကို သူမ မသိသေးခင် အထိပင်ဖြစ်သည်။ ဖန်စစ်ဟန်၏ ဖျော်ဖြေရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်မှုသည် ဖန်မိသားစုအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်ကာကာ သူသည် အရည်အချင်းရှိသူဖြစ်ပြီး ပျင်းရိကာ ချမ်းသားကြွယ်ဝသည့် ဒုတိယမျိုးဆက်သာ မဟုတ်သည်ကို သက်သေပြလိုစိတ်ဖြစ်သည်။
သူ၏အစ်ကိုနှင့် လွန်စွာကွဲလွဲနေသည့် သူမှာ အဘယ်ကြောင့် သူပိုင်သည့် ဟိုတယ်၌ တည်းရသနည်း။
ထပ်ပြောရလျှင် တျန်းရှန့်ဘက်မှ သူ၏ အနုပညာရှင်များအတွက် ပြင်ဆင်ပေးထားသည့် ဟိုတယ်များမှာ ကြယ်ငါးပွင့်ဟိုတယ်များ ဖြစ်သည်။
ဤသည်မှာ ထိုလျှို့ဝှက်လမ်းကြောင်း ကြောင့်ပင်ဖြစ်နိုင်လေသည်။
မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့၏ အပြင်ဘက်မှ တံခါးအား ဖျက်နေသံမှာ ကြားနိုင်နေလေသည်။ ရှချန်းချန်းသည် အလျင်အမြန် တုံ့ပြန်လိုက်ကာ လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်သွားခဲ့သည်။
သူမသည် လျှို့ဝှက်လမ်းကြောင်းမှ တစ်ဆင့် ယွမ်ဟန်ဟိုတယ်၏ အောက်ဘက်ရှိ လေဝင်လေထွက်ပြွန်ထဲသို့ ရောက်သွားလေသည်။ လျှို့ဝှက်လမ်းကြောင်းမှာ လေဝင်လေထွက်ပြွန်နှင့် ဆက်စပ်နေလေသည်။ ရှချန်းချန်းသည် လိုက်ကာများအား ကန်ဖွင့်လိုက်ကာ ယွမ်ဟန်ဟိုတယ် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
မှောင်မိုက်နေသည့် ညမှာ ရဲကားများထံမှထွက်သည့် အပြာအနီမီးရောင်းများနှင့် ထိန်လင်းနေလေသည်။ ယွမ်ဟန်ဟိုတယ်၌ ဖြစ်ပျက်နေသည့် အရာများအား သိချင်စိတ်ပြင်းပြကြသည့် နေထိုင်သူများမှာ အဝေးမှကြည့်နေကြကာ တစ်ချို့မှာမူ ၎င်းတို့၏ ဗီဒီယိုတိုလေးများ ရိုက်ဖို့ပင် ဖုန်းအား ထုတ်လိုက်လေသည်။
သို့ပေမဲ့ ယနေ့တွင် မည်သည့် သတင်းမှရှိလောက်မည် မဟုတ်ပေ။
ဝတ္ထု၏ ဇာတ်လမ််းသည် သူမ မျက်လုံးရှေ့တွင် ပဲ့တင်ထပ်နေခဲ့ကာ ချီယွီသည် ရှချိုးချိုးအား မတွေ့ဆုံခဲ့လျှင်ပင် သူသည် နောက်ဆုံးတွင်တော့ သတင်းအား တိုင်ကြားဖို့ရန်သာ ရွေးချယ်လိုက်မည်ဖြစ်ကြောင်း အကြံပေးနေလေသည်။
သူသည် ဖန်စစ်ဟန်တွင် မူးယစ်ဆေးဝါး သိုလှောင်မှုရှိကြောင်း သိထားလောက်လေသည်။
ဖန်စစ်ဟန်သည် သူ့အား တစ်ကွက်ကျော်ရိုက်သွားမည်ဟုသာ သူ မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
ရှချန်းချန်း: “ဖန်စစ်ဟန်က အခုတစ်နေရာရာမှာ ပုန်းနေပြီးတော့ အနည်းဆုံး နှစ်ဆယ့်လေးနာရီလောက် ပေါ်လာမှာ မဟုတ်ဘူး”
“Host ငါတို့တွေ ကော်ဖီစားပွဲပေါ်မှာ မျက်မှန်ထားခဲ့တယ်မလား၊ အဲမှာ ဗီဒီယိုရှိမှာပေါ့” စနစ်သည် သတိပေးလိုက်ကာ “ Host အဲ ဗီဒီယိုကို ဖန်စစ်ဟန်ဆေးသုံးတယ်ဆိုတာကို ဖော်ထုတ်ဖို့အတွက် သုံးလို့ရတယ်လေ”
ရှချန်းချန်းသည် သူမ၏ ခေါင်းအား ခါယမ်းလိုက်ကာ
“တစ္ဆေဘိန်းက အငွေ့ပြန်နိုင်စွမ်းမြင့်တဲ့ မူးယစ်ဆေးအသစ်တစ်မျိုးပဲ ပြီးတော့ အဲဒါကို ရှူရှိုက်လိုက်ရုံနဲ့ သုံးလို့ရတယ်၊ ဒါပေမဲ့ အပြင်ဘက်မှာတော့ အဲဒါက ရေမွေးနံ့ကို ရှုနေတာနဲ့ ဘာမှမကွာဘူး၊ ရဲဝန်ထမ်းတွေရဲ့ ဆီးစစ်ချက်နဲ့မှ မဟုတ်ရင် ဖန်စစ်ဟန်ကို အပြစ်ပေးလို့မရနိုင်ဘူး၊ ဝမ်ရှင်းနဲ့ တခြားသူတွေက ဖန်စစ်ဟန်ဒီတိုင်း ရေမွှေးအနံ့ရှူနေတာလို့ပဲ ပြောလိုက်လို့ရတယ်”
ချေဖျက်၍ မရနိုင်သည့် ဖရဲသီးတစ်လုံးအား ဖော်ထုတ်ဖို့ရာမလိုပေ။ ဖော်ထုတ်လိုက်လျှင် ရန်သူကိုသာ အသိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။
“ဘယ်လိုတောင် ဝမ်းနည်းစရာလဲ”
စနစ် သက်ပြင်းချလိုက်လေသည်။
“အဲဒါ ချီယွီကြောင့်ပဲ၊ သူသာ ဝင်မပါခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေ အောင်မြင်သွားတာ ကြာလှပြီ”
ရှချန်းချန်းသည်လည်း မငြင်းပေ။ တစ်ခဏမျှ ပြန်တွေးတောပြီးနောက် သူမ၏ အမူအယာမှာ လေးနက်သွားလေသည်။
“ဝတ္ထုထဲမှာတုန်းက ဖန်စစ်ဟန် မူးယစ်ဆေးသုံးတာက ဖော်ထုတ်ခံလိုက်ရပြီးတော့ နောက်ပိုင်းမှာ ရဲတွေက သူ့နာမည်ကို ရှင်းပေးခဲ့ပြီး မသုံးကြောင်းစာရွက်စာတမ်း ထုတ်ပေးခဲ့တယ်လေ၊ ဒါပေမဲ့အခုက ဖန်စစ်ဟန်က ယွမ်ဟန်ဟိုတယ်မှာ နေနေပြီးတော့ ကုမ္ပဏီက သူတွေပဲ သူဒီမှာနေတာကို သိကြတာလေ၊ ဘယ်သူက သူ့ကိုဖော်ထုတ်နိုင်တာလဲ”
အကယ်၍ သူသာ ဖော်ထုတ်မခံလိုက်ရဘူးဆိုလျှင် ဖန်စစ်ဟန်သည် ရဲဝန်ထမ်းများ၏ ဆီးစစ်ချက်မှ မသုံးဟူသည့် စာရွက်စာတမ်းအား အဘယ်သို့ အသုံးပြုနိုင်မည်နည်း။
ရှချန်းချန်းသည် သူမ၏ ဖုန်းအား အလျင်အမြန် ဖွင့်လိုက်ကာ လိမ်ညာသူများကို ဖော်ထုတ်သူ၏ တိုက်ရိုက်မက်ဆေ့ချ် စာမျက်နှာသို့ သွားလိုက်လေသည်။
တစ်ခဏမျှ ရှာဖွေပြီးနောက် လွန်ခဲ့သည့် ငါးမိနစ်ကပို့ထားသည့် တိုက်ရိုက်မက်ဆေ့ချ်အား တွေ့လိုက်လေသည်။
[ဖန်စစ်ဟန်က ဆေးစွဲနေတဲ့သူပဲ မင်းပိုသိချင်လား]
ထိုစာနှင့်အတူ မက်ဆေ့ချ်တွင် ယွမ်ဟန်ဟိုတယ်မှ ဖန်စစ်ဟန် ကားမောင်းပြေးသွားသည့် ပုံတစ်ပုံလည်း ပါလေသည်။
စနစ်သည် တိတ်ဆိတ်သွားကာ “သူက ငါတို့ကို ဖန်စစ်ဟန်ကို ဖော်ထုတ်ပေးဖို့ ပြောနေတာလား၊ ဒါကို ချီယွီ ပို့လိုက်တာလား”
“မသေချာဘူး”
ရှချန်းချန်း သူမ၏ ခေါင်းအား ခါယမ်းလိုက်လေသည်။
တစ်ဖက်လူမှာ အကောင့်တုအား သုံးနေခြင်းဖြစ်ကာ နာမည်အစစ်နှင့် မချိတ်ဆက်ထားခြင်းဖြစ်၍ ခြေရာခံ၍ မရနိုင်ပေ။
ရှချန်းချန်း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလူက ငါ့ဆီ မက်ဆေ့ချ်ပို့ရုံတင် မဟုတ်ဘူး”
သတင်းပေါက်ကြာထားသည့် အမည်မသိအကောင့်တုများသည် ၎င်းတို့ ရှာနိုင်သမျှ စျေးကွက်ရှာဖွေရေး အကောင့်များထံသို့ မက်ဆေ့ချ်များပို့လေသည်။
အလျင်အမြန် စုံစမ်းစစ်ဆေးမှု၌ ယွမ်ဟန်ဟိုတယ်မှာ ဖန်စစ်ဟန်၏ အမြဲတမ်းနေထိုင်ရာဖြစ်ပြီး အောက်ထပ်၌ ရပ်ထားသည့်ကားမှာ မူးယစ်ဆေးအဖွဲ့၏ ကားများပင်ဖြစ်သည်။
ယနေ့ ကျူးရှန်းစျေးဝယ်စင်တာ၌ သူ့ ကြေညာဖျော်ဖြေရေးအား ဖျော်ဖြေနေချိန်တွင် ဖန်စစ်ဟန်၏ ထူးဆန်းသည့် အမူအယာနှင့် ပေါင်းကြည့်မည်ဆိုလျှင် ဖန်စစ်ဟန်မှာ အမှန်ပင် မူးယစ်ဆေးသုံးစွဲနေခြင်း ဖြစ်သည်။
သို့ပေမဲ့ စျေးကွက်ရှာဖွေရေးအကောင့်များမှာ စောင့်ကြည့်ဖို့ကိုသာ ပို၍ အလေးသာကြလေသည်။ နောက်ဆုံးတွင်တော့ ဤသည်မှာ ကြီးမားသည့် ကောလဟလကြီးဖြစ်ကာ ဆဲဆိုမှုများ မရနိုင်ဟု အာမ မခံနိုင်ပေ။
သေချာစွာဖြင့် ထိုညတွင် စျေးကွက်ရှာဖွေရေးအကောင့်များ အားလုံးကို တိတ်ဆိတ်နေကြလေသည်။
သို့သော်ညား နောက်တစ်နေ့ ထိုအချိန်၌ပင် အကောင့်တုသည် စျေးကွက်ရှာဖွေရေးအကောင့်များ အားလုံးကို ပုံတစ်ပုံပို့လိုက်လေသည်။ ထိုဓါတ်ပုံတွင်မူ ဖန်စစ်ဟန်အား မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ ရဲအရာရှိမော့မှ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ရလေသည်။
အမှန်တရားမှာ ပေါ်လာပြီဖြစ်ကာ ဖန်စစ်ဟန်မှာ အမှန်တကယ်ပဲ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖမ်းဆီးခံလိုက်ရပြီဖြစ်သည်။
စျေးကွက်ရှာဖွေရေးအကောင့်များသည် တုံ့ဆိုင်းမနေကြကာ ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ဖို့ရာ အလျင်အမြန်သွားကြလေသည်။ ထိုပို့စ်နှင့် သက်ဆိုင်သည့် #ဖန်စစ်ဟန်ဆေးသုံးမှု Hashtag မှာ အလျင်အမြန်ပင် ရေပန်းအစားဆုံး ရှာဖွေမှုဖြစ်သွားခဲ့သည်။
ပရိတ်သတ်များသည် မနေ့က လိမ်ညာသူများကိုဖော်ထုတ်သူမှ ဖော်ထုတ်ထားသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဓါတ်ခွဲခန်းမှ ဖရဲသီးအား စားနေကြဆဲဖြစ်ကာ ရုတ်တရက် ဖရဲသီးအကြီးကြီးကြောင့် ကြောင်အသွားကြလေသည်။
[ငါတို့ဟန်ဟန်က ဆေးသုံးတယ်တဲ့လား၊ မဖြစ်နိုင်ဘူး]
[ပုံထဲကသူက အရာရှိမော့လား၊ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ခေါင်းဆောင်မလား၊ ဒီလိုမျိုး ခိုင်မာတဲ့သက်သေ အထောက်အထားနဲ့တောင်မှ ပရိတ်သတ်တွေက ဘာလို့ ဆက်ပြီး ငြင်းခုံနေကြတာလဲ]
[မနေ့နေ့တုန်းက ကျီကျီက ရဲတွေကို မူးယစ်ဆေးဖြိုခွဲဖို့ ကူညီခဲ့ပြီးတော့ ဒီနေ့မှာတော့ ဒီနယ်ပယ်ထဲမှာ ဆေးစွဲနေတဲ့သူကို တွေ့ကြတာပေါ့]
[ဖန်စစ်ဟန်က starSky မှာ ရှိဖူးတယ်ဆိုတာ မမေ့ကြနဲ့ဦးလေ၊ starSky ရဲ့ အကြီးပိုင်းအရာရှိတွေ အားလုံးထဲမှာ ကောင်းတဲ့သူကိုမရှိတာ ရွှီချဲကလည်း အခုထောင်ထဲမှာ၊ ဖန်စစ်ဟန်က ဖြူစင်တယ်ဆိုတာကို ငါတော့မယုံဘူး]
[တျန်းရှန့်က ဖန်စစ်ဟန်နဲ့ စာချုက်ကို အလျင်အမြန်ရပ်ဆိုင်းလိုက်တယ် ဒီအမျိုးသားနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာ ဖြစ်ရမယ်၊ ဘာလို့ဆို လိမ်ညာသူများကို ဖော်ထုတ်သူက မူးယစ်ဆေးဝါးလျို့ဝှက်နေရာကို ဖော်ထုတ်ထားတာလေ၊ ပြီးတော့ ထိပ်တန်း ရော့်ခ်အဆိုတော်ကြားထဲက ဆေးသုံးစွဲမှုကလည်း မြင့်တက်လာနေတာ]
ရွှီချဲရဲ့ လိင်ပိုင်းဆိုင်ရာအမှုကိစ္စနှင့်တွဲ၍ ဖန်စစ်ဟန်သည် မူးယစ်ဆေးစွဲနေသူဖြစ်ကြောင်း အင်တာနက်သုံးစွဲသူများသည် ပို၍ပင် အခိုင်အမာ ယုံကြည်လာကြသည်။
အွန်လိုင်းပေါ်မှ ဖန်စစ်ဟန်အား ပြစ်တင်ရှုံ့ချမှုသည် ပြင်းထန်လာကာ အမှတ်တံဆိပ်များသည်လည်း တျန်းရှန့်အား ထိုအခြေအနေနှင့် ပတ်သက်၍ မေးခွန်းထုတ်လာကြလေသည်။ တျန်းရှန့်သည် တိတ်ဆိတ်နေကာ ရဲများ၏ ထုတ်ပြန်မှုကိုသာ ၎င်းတို့လိုက်နာမည်ဟု ထုတ်ပြန်ခဲ့သည်။ ရဲများ၏ ဆီးစစ်ချက်အား စောင့်ဆိုင်းနေချိန်တွင် မျက်စိလျင်သည့် အင်တာနက်သုံးစွဲသူတစ်ဦးမှာ လိမ်ညာသူများကို ဖော်ထုတ်သူအကောင့်သည် အခြား စျေးကွက်ရှာဖွေရေး အကောင့်များ ဖန်စစ်ဟန်အား ဖော်ထုတ်နေချိန်တွင် ငြိမ်နေသည်ကို သတိထားမိသွားသည်။
ဖန်စစ်ဟန်သည် ပရိတ်သတ်များသည် အလျင်အမြန်ပင် ဝင်ပါလာကြသည်။
[ဖျော်ဖြေရေးနယ်ပယ်အတွင်းမှာ အယုံကြည်ရဆုံးဖြစ်တဲ့ ကျီကျီကိုပဲ ငါယုံတယ်၊ ကျီကျီက ဟန်ဟန်ကို မဖော်ထုတ်ဘူး ဟန်ဟန်က လုံးဝအပြစ်ကင်းတယ်]
[ဟုတ်တယ်၊ ကျင်ရိဖန်နဲ့မော့ယွီထျန်းတုန်းက ဘာဖြစ်သွားလဲဆိုတာ မမေ့ကြနဲ့၊ နောက်ဆုံးမှာတော့ ကျီကျီက မှန်နေတဲ့သူပဲ၊ ကျီကျီက ငါတို့ ဟန်ဟန်ကို သေချာပေါက် ကူညီပေးမှာ၊ ကျီကျီ ဟန်ဟန်ကို မဖော်ထုတ်သေးသ၍ သူက အပြစ်ကင်းတယ်ဆိုတာကို ငါယုံတယ်]
ကုံသန်းသည် သူ၏ သတင်းကြီးကြောင့် စိတ်လှုပ်ရှားနေခဲ့သော်ညား လိမ်ညာသူများကိုဖော်ထုတ်သူ အကောင့်၏ မှတ်ချက်များအောက်တွင် ဖန်စစ်ဟန်အား ဖြုတ်ချဖို့ရာအတွက် တိုက်တွန်းထားသည့် မှတ်ချက်များအား တွေ့လိုက်ရသည်။ ကုံသန်းသည် ရုတ်တရက် မကောင်းသည့်ခံစားချက်များဝင်လာကာ လိမ်ညာသူများကိုဖော်ထုတ်သူဆီသို့ အလျင်အမြန် မက်ဆေ့ချ်ပို့လိုက်သည်။
အနုပညာသတင်းထောက် မီနာ: [လောင်ရှီး လောင်ရှီးဘာလို့ ဖန်စ်ဟန်ရဲ့ မူးယစ်ဆေးသုံးစွဲမှုကို မဖော်ထုတ်တာလဲ၊ အဲသတင်းက အမှားကြီးလား]
လိမ်ညာသူများကို ဖော်ထုတ်သူ: [အို ဖန်စစ်ဟန် မူးယစ်ဆေးသုံးတယ်ဆိုတဲ့ သတင်းလား၊ အဲဒါကအမှန်ပဲ]
ကုံသန်းသည် စာပြန်လာသည်ကို တွေ့လိုက်၍ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား ချလိုက်လေသည်။ လောင်ရှီးပင်လျှင် ထိုအရာမှာ အမှန်ဖြစ်သည်ဟု ပြောနေလျှင် သူသည်လည်း ပြဿနာမရှိပဲ ဖော်ထုတ်နိုင်လောက်မည်ဖြစ်သည်။ သူသည် ထိုထကြွမှုအား အခွင့်ကောင်းယူကာ ကြေညာများတင်၍ ပိုက်ဆံရှာနိုင်သေးသည်။ ကုံသန်း၏ မျက်နှာမှာ ပျော်ရွှင်မှုများနှင့် လင်းလက်သွားခဲ့သည်။ သူသည် “ကျေးဇူးပါ လောင်ရှီး” ဟု စာပြန်တော့မည့် အချိန်တွင် လိမ်ညာသူများကို ဖော်ထုတ်သူသည် နောက်ထပ်မက်ဆေ့ချ် တစ်စောင်ပို့ထားသည်ကို မြင်လိုက်ရသည်။
[ဒါပေမဲ့ ဖန်စစ်ဟန်က မကြာခင်မှာ တရားသေပြန်လွှတ်လာလိမ့်မယ်]
အနုပညာသတင်းထောက် မီနာ: [???]
အနုပညာသတင်းထောက် မီနာ: [လောင်ရှီး ဘာကိုဆိုလိုချင်တာလဲ]
လိမ်ညာသူများကို ဖော်ထုတ်သူ: [ပြောတဲ့အတိုင်းပဲ မင်းရဲ့ဝေ့ပေါ်ပို့စ်ကို မြန်မြန်ဖျက်လိုက်တာကောင်းမယ်၊ မဟုတ်ရင် ဖန်စစ်ဟန်က မနက်ဖြန်ကျရင် မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလိမ့်မယ်]
ကုံသန်းမှာ အံ့ဩသွားခဲ့သည်။ ဖန်စစ်ဟန်သည် အမှန်တကယ်ပင် မူးယစ်ဆေးဝါးသုံးစွဲနေချိန်တွင် မည်ကဲ့သို့ အသရေဖျက်မှုနှင့် တရားစွဲမည်မှန်း နားမလည်နိုင်ပေ။ သူဆက်တိုက် တွေးတောနေသော်ညား နားမလည်နိုင်သေးပေ။
နောက်တစ်နေ့မနက်တွင် ရဲစခန်းအား ထောက်လှမ်းနေသည့် ပါပါရာဇီတစ်ဖွဲ့မှာ ဝေ့ပေါ်ပို့စ်အသစ်တစ်ခု တင်လိုက်လေသည်။
[ဖန်စစ်ဟန်က တရားသေလွှတ်သွားပြီ]
ကုံသန်း:!!!
ထို့အပြင် ပါပါရာဇီတစ်ဦးသည် ဖန်စစ်ဟန်အား ထုတ်ပေးခဲ့သည့် အရာရှိမော့အား အဘယ်ကြောင့်သူ ဖန်စစ်ဟန်အား လွတ်ပေးခဲ့သနည်းဟု မေးလေသည်။ အရာရှိမော့၏ မျက်နှာမှာ တင်းမာနေကာ အနည်းငယ်မကျေနပ်ဖြစ်နေသော်ညား သူသည် ယဥ်ကျေးစွာ ပြန်လည်ဖြေကြားနေဆဲ ဖြစ်သည်။
“ဘာလို့ဆို ဆီးစစ်ချက်က မသုံးလို့ ပြနေလို့ပါ”
ပါပါရာဇီ:!!! ဆီးစစ်ချက်အဖြေက မသုံးလို့ထွက်တယ်၊ အဲဒါဆိုရင် ဖန်စစ်ဟန်က ဆေးမသုံးဘူးလို့ ဆိုလိုတာပဲမလား။
[ငါတို့ဟန်ဟန်ရဲ့ ဆီးစစ်ချက်က မသုံးပါတဲ့ထ သူ့ကို မူးယစ်ဆေးသုံးတယ်လို့ ပြောတဲ့သူတွေ ထွက်သွားကြစမ်း၊ မင်းတို့ကို ဘယ်သူက တခြားသူတွေရဲ့ ကောလဟလတွေ ဖြန့်ခွင့်ပေးထားလို့လဲ]
[တကယ်လို့ အရာရှိမော့သာ ဟန်ဟန်ရဲ့ ဆီးစစ်ချက်က မသုံးထွက်တယ်ဆိုတာ မပြောခဲ့ရင် ငါတို့ဟန်ဟန်က သူ့ဘဝတစ်လျှောက်လုံး ဆေးစွဲနေတဲ့သူဆိုတဲ့ ဟာကြီးကို ဖယ်ရှားနိုင်တော့မှာ မဟုတ်ဘူး၊ အဲ ကောလဟလကိုဖြန့်ခဲ့တဲ့သူက ဒူးထောက်ပြီးတော့ တောင်းပန်သင့်တယ်မဟုတ်လား]
[သူတို့တွေက ခုနတုန်းကကျတော့ ကောလဟလတွေဖြန့်ဖို့ တအားစိတ်အားထက်သန်နေကြတာမလား၊ သူတို့တွေဘာလို့ အခုတိတ်သွားကြတာလဲ၊ အဲဒါကြောင့်ငါပြောပါတယ် ဘာပြောပြော တစ်ပတ်စောင့်ပါလို့၊ ဟန်ဟန်ကလုံးဝ ဆေးမသုံးနေဘူး]
[ဘယ်စျေးကွက်ရှာဖွေရေးအကောင့်က ဟန်ဟန်ကို မူးယစ်ဆေးသုံးတယ်ဆိုပြီး ကောလဟလတွေဖြန့်တာလဲ၊ ထွက်လာပြီး တောင်းပန်စမ်း]
ဘေးနားရှိ ဖန်စစ်ဟန်အား စော်ကားခဲ့ကြသည့် သူများသည် တိတ်ဆိတ်သွားကြသည်။
ထိုအရာအား မြင်၍ အမှတ်တံဆိပ်များသည်လည်း အသံတိတ်သွားခဲ့သည်။
လူတိုင်းသည် ဒေါသထွက်နေကြကာ အစပိုင်းမှာ သတင်းပေါက်ကြားခဲ့သည့် စျေးကွက်ရှာဖွေရေး အကောင့်အား ဒေါသထွက်နေကြသည်။ ပရိတ်သတ်များသည် စျေးကွက်ရှာဖွေရေးအကောင့်၏ ဝေ့ပေါ်ပို့စ်အောက်၌ ရှည်လျားကာ အသေးစိတ်ကျသည့် စာတမ်းများကိုရေးပြီး စျေးကွက်ရှာဖွေရေးအကောင့်အား ကိုယ်ကျင့်တရားမရှိ၍ အတင်းအဖျင်းတိုင်းအား ဖြန့်ဝေသည်ဟု ရှုတ်ချခဲ့လေသည်။
နောက်ထပ်တွန် ဖန်စစ်ဟန်မှာ သူ၏ဝေ့ပေါ်တွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအား ပူးပေါင်းဆောင်ရွက်နေသည်ဖြစ်ကြောင်း ကိုတင်ခဲ့လေသည်။ ရဲဝန်ထမ်းများ စစ်ဆေးပြီးချိန်တွင် သူ၏ ဆီးစစ်ချက်မှာ မသုံးဟုထွက်လာခဲ့ကြီး သူသည် မူးယစ်ဆေးလုံးဝ မသုံးခဲ့သည်ကို အတည်ပြုပေးခဲ့သည်။
သူအား သိမ်းကျုံးစွပ်စွဲခဲ့သည့် စျေးကွက်ရှာဖွေရေးအကောင့်များသည် သူ၏ အသက်မွေးဝမ်းကြောင်းအား ကောင်းကောင်းဖျက်ဆီး ပစ်နိုင်လေသည်။ သူ၏ ဘဝကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။
ဖန်စစ်ဟန်သည် သူ့အား မှားယွင်းစွပ်စွဲခဲ့သည့် စျေးကွက်ရှာဖွေရေးအကောင့်များအား လိုက်လံရှာဖွေကာ သူ၏ပုံရိပ်အား ထိိခိုက်စေခဲ့သည့်အတွက် တရားစွဲဆိုမည် ဖြစ်မြောက် ကြေညာလေသည်။
ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုအား ဖော်ထုတ်ခဲ့သည့် စျေးကွက်ရှာဖွေရေးအကောင့်သည် အချိန်အတိုင်းအတာ တစ်ခုအထိ အပယ်ခံဖြစ်လာခဲ့ပြီး လူတိုင်းက ရှုတ်ချခဲ့ကြသည်။
ကုံသန်း၏ အနုပညာသတင်းထောက် မီနာ အကောင့်မှာ ထိပ်တန်းစျေးကွက်ရှာဖွေရေး အကောင့်များထဲမှ တစ်ခုဖြစ်ပြီး ဝေဖန်မှုအများဆုံး ရရှိသည့် သူတစ်ဦးလည်း ဖြစ်သည်။ သူသည် မူးယစ်ဆေးဝါးဖော်ထုတ်မှု အပေါ်အခြေခံ၍ ကြေညာစာချုပ်နှစ်ခု လက်မှတ်ထိုးခဲ့ကာ ယွမ်သိန်းပေါင်းများစွာ ရနိုင်မည့် စာချုပ်ပင်ဖြစ်သည်။
မမျှော်လင့်ထားစွာဖြင့် သူသည် ကြေညာစာချုပ်အား ဆုံးရှုံးခံလိုက်ရရုံသာမက သူသည် ဖန်စစ်ဟန်အား မူပိုင်ခွင့်ချိုးဖောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် သီးသန့်ပေးဆောင်ခဲ့ရကာ ဝေ့ပေါ်တွင်လည်း တောင်းပန်စာတင်ခဲ့ရသည်။
ကုံသန်းသည် ဝမ်းနည်းလာလေသည်။
ဘာလို့ သူဒီလောက်တောင် ကံမကောင်းရတာလဲ။ သူ မနေ့ညတုန်းက ရှချန်းချန်းရဲ့ စကားကိုနားထောင်ပြီးတော့ ဖန်စစ်ဟန်ရဲ့ မူးယစ်ဆေးသုံးစွဲမှုကို ဖော်ထုတ်တဲ့ ဝေ့ပေါ်ပို့စ်ကို ဖျက်လိုက်ရမှာ။
ရုတ်တရက် ကုံသန်းတွင် နောက်ထပ်အတွေးတစ်ခု ဝင်လာလေသည်။
ရှချန်းချန်းက ဘယ်လိုလုပ် ဖန်စစ်ဟန် တရားသေလွှတ်လာမယ် ဆိုတာကို သိတာလဲ။
***
ကောင်းကင်ကြီးမှာ ရှင်းလင်းနေကာ လေပြေလေးများ တိုက်ခတ်နေပြီး အင်ပါယာသစ်တောဥယျာဥ်၏ ဆောင်းဦးလေမှာ အေးမြနေလေသည်။
ရှချန်းချန်းသည် လိမ္မော်ရောင်ဂါဝန်အား ဝတ်ထားကာ ယောင်ကျူနှင့်အတူ ဥယျာဥ်ထဲတွင် ဘောလုံးကစားနေလေသည်။ ယောင်ကျူသည် အပျော်လွန်နေကာ ဘောလုံးအဝါရောင်လေးအား လိုက်ဖမ်းနေပြီး သူ၏ နားရွတ်လေးများမှာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေလေသည်။
ကွမ်ကျုံးမှာ ဘေးတွင် ပျင်းရိစွာထိုင်နေကာ အဝါရောင်ဘောလုံးလေးအား နှစ်ခါမျှ ကြည့်လိုက်ပြီး ဝမ်းနည်းစွာဖြင့် မြောင်ကနဲအော်လိုက်လေသည်။ သူ့၏ကိုယ်ပိုင် ဥလေးများအား ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းနေသေးတာ ဖြစ်နိုင်ကာ မည်သည့်အရာကိုမှ စိတ်မဝင်စားနေခြင်း ဖြစ်နိုင်သည်။
အဒေါ်လျူ ဦးဆောင်ခေါ်လာသည့် ကုံသန်းသည် ဥယျာဥ်ငယ်လေးထဲသို့ ရောက်လာကာ သူ၏ မျက်နှာမှာ ဒေါသများနှင့် နီရဲနေလေသည်။
သူသည် ရှချန်းချန်းအား မြင်လိုက်ချိန်တွင် ဒေါသထွက်သွားကာ အော်လိုက်သည်။
“ရှချန်းချန်း!”
ကုံသန်း၏ အသံမှာ ကျယ်လောင်လွန်း၍ ဥယျာဥ်ထဲရှိ ခွေးများ၊ ကြောင်များ အပါအဝင် အကုန်လုံး သူ့အား စိတ်ကြည့်နေကြလေသည်။
သူသည် ရှချန်းချန်းဆီသို့ အလျင်အမြန်သွားလိုက်ကာ ဒေါသကြောင့် ထွက်နေသည့် သွေးကြောကြီးအား သူ၏ နဖူးပေါ်တွင် ရှင်းလင်းစွာ မြင်နေရလေသည်။
စနစ်၏ သတိပေးသံမှာ ထွက်လာခဲ့ကာ “မဖြစ်ဘူး မဖြစ်ဘူး Host၊ သူက host သူ့ကို ဖန်စစ်ဟန်ဘာလို့ တရားသေလွတ်မယ်ဆိုတာကို မပြောခဲ့လို့ လက်စားချေဖို့လာနေတာ မဟုတ်ဘူးလား၊ သွားပြီး သွားပြီ ဗီလိန်က Host အတွက် ငှားရမ်းပေးထားတဲ့ ကိုယ်ရံတော်တွေက မရှိတော့ဘူး၊ host ဘယ်လိုလုပ်မှာလဲ”
ကုံသန်းသည် ရှချန်းချန်းဆီသို့ ဒေါသတကြီးလာနေကာ သူ သူမအားစားချင်နေသည့် ပုံပင်ပေါက်လေသည်။
အနားရှိ အဒေါ်လျူ၊ကွမ်ကျုံး၊ယောင်ကျူနှင့် စနစ်ပင်လျှင် အလွန်စိတ်လှုပ်ရှားနေကြလေသည်။
စနစ်သည် ရှချန်းချန်းအား ပြေးဖို့ပင် တိုက်တွန်းနေလေသည်။
နောက်တစ်စက္ကန့်တွင် ကုံသန်းသည် ဒူးထောက်ချလိုက်ကာ ဥယျာဥ်စားပွဲ၏ ခြေထောက်များအား ပွေ့ဖက်ထားကာ ငိုယိုနေပြီး
“လောင်ရှီး ကျွန်တော် ဘာဆက်လုပ်ရမလဲ၊ လောင်ရှီး ကျွန်တော်ကို ကယ်ရမယ်နော်၊ လောင်ရှီးမကူညီဘူးဆိုရင် ကျွန်တော်တော့ သေပြီ”
ရှချန်းချန်း:???
စနစ်:???
အဒေါ်လျု:???
ရှချန်းချန်း၏ ခြေတံရှည်များအား ဖက်ဖို့ ရှက်ရွံလွန်းနေကာ ကုံသန်းသည် ဥယျာဥ်စားပွဲ၏ ခြေထောက်ကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားနိုင်လေသည်။
ရှချန်းချန်းသည် ရယ်မောရုံသာတတ်နိုင်ကာ
“မင်း အတော်လေး ဒေါသထွက်နေတာပဲ၊ ငါကမင်းကိုငါ ဖန်စစ်ဟန်အကြောင်း စောစောမပြောခဲ့လို့ ဒေါသထွက်နေတယ် ထင်နေတာ”
ကုံသန်းသည် ထလိုက်ကာ သူ၏ ရင်ဘတ်အား ပုတ်လိုက်ပြီး
“လောင်ရှီး ကျွန်တော်က သစ္စာရှိပါတယ်၊ လောင်ရှီးက ကျွန်တော်ကို အဲဒါကို ဝေ့ပေါ်ဖို့ မတင်ဖို့ သတိပေးခဲ့ပြီးသားပါ၊ လောင်ရှီး ကျွန်တော်ကို အမှန်မပြောပြချင်လည်း ရပါတယ်၊ အဲဒါက လောင်ရှီးရှာဖွေတွေ့ရှိထားတဲ့ အတင်းအဖျင်းပဲလေ လောင်ရှီးမှာ ကျွန်တော်ကို မပြောပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်အခုက ဖန်စစ်ဟန်ရဲ့ အေဂျင့်နဲ့ထိပ်တိုက်တွေ့ပြီး ပြန်လာလို့ ဒေါသထွက်နေတာပါ”
“အိုး”
ရှချန်းချန်းသည် မျက်ခုံးပင့်လိုက်ကာ
“သူတို့က မင်းကို ဂုဏ်သတင်းပျက်စီးမှုအတွက် လျော်ကြေးပေးဖို့ အတင်းအကြပ်ပြောလို့လား”
“ဟုတ်တယ်”
ကုံသန်းသည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ကာ
“အဲဒါကဒီတိုင်း အင်တာနက်သုံးစွဲသူတွေဆီက နည်းနည်းအဆူခံရပြီးတော့ ကြေညာနည်းသွားမယ်ဆိုရင်တောင်မှ ကျွန်တော် လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် လောင်ရှီးပြောတဲ့ သူမူးယစ်ဆေးသုံးခဲ့တဲ့ဆိုတာကို အမှတ်ရသွားတယ်လေ၊ သူတို့ကဘာလို့ အဲလောက်တောင် ဖြောင့်မတ်နေသလို လုပ်နေရတာလဲ၊ ကျွန်တော်တော့ ဒီကိစ္စမှာတစ်ခုခု မှားနေတယ်လို့ ထင်တယ်”
ရှချန်းချန်းသည် ဥယျာဥ်ထိုင်ခုံပေါ်တွင် အေးအေးဆေးဆေးထိုင်လိုက်ကာ ကုံသန်းအား ထိုင်ဖို့ရာ လက်ဟန်ခြေဟန်ပြလိုက်ပြီး သူအား အနက်ရောင်လက်ဖက်ရည် တစ်ခွက်ထည့်ပေးလိုက်သည်။
ရှချန်းချန်းသည် သူမ၏ လက်ဖက်ရည်အား ဖြေးညှင်းစွာ သောက်လိုက်သည်။
“ဝမ်ရှင်းရဲ့ လုပ်ဆောင်ချက်တွေက တကယ်ပဲ မမရိုးသားတာပဲ၊ သူကမင်းကို ဖန်စစ်ဟန်ကို ဖော်ထုတ်ဖို့ အသုံးချပြီးတော့ အခုသူက မင်းဆီကနေ ပိုက်ဆံညှစ်ဖို့ ကြိုးစားနေပဲ”
ကုံသန်းသည် သူမ၏ လက်ဖက်ရည်အား သောက်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် အဲဒါက မရိုးသားတာပဲ”
ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ “ဖူး” ဆိုသည့် အသံနှင့်အတူ သူ၏ ပါးစပ်မှ လက်ဖက်ရည်များ ထွက်လာခဲ့သည်။
ရှချန်းချန်းသည် အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
ကုံသန်း၏ လက်ဖက်ရည်အမြုပ်သည် လေထဲတွင် ပါရာဘိုလာ တစ်ခုဖြစ်ပေါ်လာစေကာ နောက်ဆုံးတွင်တော့ ကွမ်ကျုံးပေါ်သို့ မြူမှုန်များကဲ့သို့ ကျသွားလေသည်။
ကွမ်ကျုံးသည် ဥယျာဥ်ထိုင်ခုံပေါ်တွင် ထိုင်နေကာ သူ၏ ဆုံးရှုံးသွားသည့် ဥလေးများအား တွေး၍ ဝမ်းနည်းနေကာ ယခုတွင် စိုစွတ်သွားသည်ကို တွေ့လိုက်ရ၍ ဝမ်းနည်းမှုမှာ ပို၍ပင် ဆိုးလာလေသည်။
ကွမ်ကျုံးသည် ဝမ်းနည်းစွာ ငိုကြွေးလိုက်ကာ
“မြောင် မြောင် မြောင်”
သူ၏ အနက်ရောင် မျက်လုံးများမှာ စိုစွတ်လာကာ မျက်ရည်များ ကျဖို့ရာ နီးနေပြီဖြစ်သည်။
ကုံသန်းသည် ကွမ်ကျုံး၏ မျက်လုံးများမား သုတ်ဖို့ရာ အရူးအမူး ကြိုးစားခဲ့သော်ညား ဤသည်မှာ ကျေးဇူးတင် မခံရမည့်အရာဖြစ်ကာ ဝမ်းနည်းပြီး ဒေါသထွက်နေသည့် ကွမ်ကျုံးကြောင့် အကြိမ်ပေါင်းများစွာ အကုတ်ခံလိုက်ရသည်။
ကုံသန်း: “....”
နောက်ဆုံးတွင်တော့ ကွမ်ကျုံးမှာ ထွက်ပြေးသွားခဲ့ပြီး ကုံသန်းမှာ သူ၏ ချွေးများအား ဝမ်းနည်းစွာ သုတ်လိုက်၍ လှည့်လိုက်ကာ ရှချန်းချန်းအား ကြည့်လိုက်ပြီး သိချင်နေလေသည်။
“လောင်ရှီး အခုလေးတင်ပြောလိုက်တာက ဘာကိုဆိုလိုတာလဲ၊ ကျွန်တော်တို့ကို အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့သူက ဖန်စစ်ဟန်ရဲ့ အေဂျင့် ဝမ်ရှင်းမြန်းလား”
ရှချန်းချန်းသည် ယောင်ကျူအား စ နေကာ သူ့အားကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်လေသည်။
“ဟုတ်တယ် ဖန်စစ်ဟန်ကို ဖော်ထုတ်ခဲ့တဲ့သူက သူပဲ”
Chapter 80
"ဝမ်ရှင်းက ဖန်စစ်ဟန် ရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးလား"
ကုံသန်း နားမလည်နိုင်ခဲ့ပေ။
"သူ ဘယ်လိုလုပ်ပြီး ဖန်စစ်ဟန်ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ”
ဖန်စစ်ဟန် သည် ချမ်းသာသော မိသားစုမှလာသူ ဖြစ်သည်။ သူ Star Sky သို့ဝင်ရောက်ချိန်တွင် ဖန်အုပ်စု မှ ဖန်စစ်ဟန်အား သူတို့၏ ထိပ်တန်းကိုယ်စားလှယ် ဝမ်ရှင်းထံ တာဝန်ပေးခဲ့သည်။ ဝမ်ရှင်းသည် သူ၏ လက်အောက်တွင် အခြားအနုပညာရှင်များ မရှိဘဲ ဖန်စစ်ဟန် တစ်ဦးထဲကိုသာ စီမံခန့်ခွဲရန် တာဝန်ယူထားသည်။
ဤအချက်ကြောင့် ထျန်ရှန်းသည် ဖန်စစ်ဟန် နှင့်စာချုပ်ချုပ်ဆိုလျှင် ဖန်စစ်ဟန်၏ အဖွဲ့တစ်ခုလုံးနှင့်ပါ ချုပ်ဆိုရခြင်းဖြစ်သည်။ ထျန်ရှန်းသည် ဖန်စစ်ဟန် အတွက်မူ နာမည်ခံ ကုမ္ပဏီတစ်ခုသာဖြစ်ပြီး ဖန်စစ်ဟန်၏ လုပ်ငန်းစာချုပ်အားလုံး ဝမ်ရှင်းမှ ကိုင်တွယ်သည်။ လုပ်ငန်းခွင်အတွင်းရှိ လူတိုင်းသိသည်မှာ မည်သူမဆို ဖန်စစ်ဟန်အား ထိခိုက်စေနိုင်သော်လည်း ထိုထဲတွင် ဝမ်ရှင်း လုံးဝမပါဝင်ပေ
"ဒါပေမဲ့ ဝမ်ရှင်းက ဖန်စစ်ဟန် ကို မထိခိုက်စေခဲ့ဘူး”
ရှချန်းချန်းသည် စိတ်မပူဘဲ ဇိမ်ကျကျနှင့် လက်ဖက်ရည်သောက်နေသည်။
"လူသိရှင်ကြား ဖြစ်သွားတယ်ဆိုတိုင်း မကောင်းတာမဟုတ်ဘူး၊ ဖန်စစ်ဟန်ရဲ့ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ မူးယစ်ဆေးကိစ္စကိုပဲကြည့် အဲ့ကိစ္စက သူ့ရဲ့ ဂုဏ်သတင်းကို မပျက်စီး စေခဲ့တဲ့အပြင် ပရိတ်သတ်အသိုင်းအဝိုင်းကိုပါ ခိုင်မာစေသွားတာ "
အရည်ချင်းရှိသော ကိုယ်စားလှယ်တစ်ဦး ဆိုသည်မှာ ကိုယ့်အနုပညာရှင်၏ သတင်းဆိုးများကို အပြုသဘောဆောင်သော အခြေနေပြန်ဖြစ်အောင် ပြောင်းလဲနိုင်သူမျိုး ဖြစ်သည်။ ဝမ်ရှင်း၏ နည်းလမ်းသည် စံပြတင်စားစရာ နည်းဗျူဟာတစ်ခုပင် ဖြစ်သည်။
ရှချန်းချန်း၏ မျက်လုံးထဲတွင် သရော် ပုံ အနည်းငယ် ပါဝင်လာပြီး ဆက်လက်ပြောနေသည်၊
“ဒီမနက် အရာရှိမော့ကို မေးခွန်းတွေ မေးနေတဲ့သူက ပါပါရာဇီတစ်ယောက်လို့ မင်းထင်လား ၊ တကယ်က အဲဒါ ဝမ်ရှင်း ရဲ့ အေးဂျင့်ပဲ၊ သူက အရာရှိမော့ကို ကင်မရာရှေ့မှာ ဖန်စစ်ဟန်ဟာ မူးယစ်ဆေး မသုံးဘူးလို့ပြောစေချင်တာ ဒါက သူ့နာမည်ပျက်ကို ရှင်းလင်းဖို့ အကောင်းဆုံး နည်းလမ်း မဟုတ်လား”
တရားဝင် သက်သေအထောက်အထား ပြနိုင်ခြင်းသည် အမြဲတမ်း အကောင်းဆုံးအရာဖြစ်သည်။
ရှချန်းချန်းသည် မူလအစက ဝမ်ရှင်းအပေါ် သံသယမရှိခဲ့ပေ။ ဝတ္ထုထဲတွင် ချီယွီသာလျှင် ဖန်စစ်ဟန်အား ဖော်ထုတ်သူ ဖြစ်လိမ့်မည်ဟုပင် ယုံကြည်ခဲ့သည်။
သို့သော် လိမ်ညာသူများကို ဖော်ထုတ်သူထံ ရောက်ရှိလာသော အမည်မဲ့အကောင့်မှ ပထမဆုံးဓာတ်ပုံသည် သူမ၏ စိတ်အားပြောင်းလဲစေခဲ့သည်။
ချီယွီသည် ဖန်စစ်ဟန်အား ဖမ်းဆီးစေလိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဖန်စစ်ဟန် ထွက်ခွာသွားသည်ကို မြင်ပါက မူးယစ်ဆေးတပ်ဖွဲ့အား ယွမ်ဟန်ဟိုတယ်တွင် ဆက်လက် ရှာဖွေခွင့်ပြုမည့်အစား ရဲ ခေါ်လိုက်မည်သာဖြစ်သည်။
ဤ အသေးစိတ် အချက်လက်များကြောင့် ရှချန်းချန်း၏ ချီယွီ အပေါ်သံသယများ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ရှင်း အပေါ်သံသယများနှင့် ပတ်သက်၍မူ ရှချန်းချန်း သိရှိထားသည်မှာ မူးယစ်ဆေးများသည် ဆီးစစ်ဆေးမှု ၂၄ နာရီကြာပြီး နောက်မှ ပေါ်လာမည်ဖြစ်သည်။ လိမ်ညာသူများကို ဖော်ထုတ်သူထံ ဒုတိယဓာတ်ပုံ ရောက်ရှိလာသောအခါ ရှချန်းချန်း အချိန်စစ်ဆေးခဲ့သည်။ ထိုအချိန်သည် ၂၄ နာရီ အတိအကျဖြစ်သည်။
တစ်နည်းဆိုရသော် ဖန်စစ်ဟန်သည် ၂၄ နာရီအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဤကမ္ဘာပေါ်တွင် တိုက်ဆိုင်သွားသော မတော်တဆဖြစ်ရပ်ဟူ၍ မရှိ၊ အလုံးစုံကြည့်လျှင် ဖြစ်တတ်သော သဘောသာရှိသည်။
ဝမ်ရှင်းသည် သူ၏ ရည်မှန်းချက်တစ်ခုအတွက် ကြော်ငြာမှုအားမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထိရောက်မှုရှိပြီး စိတ်မနှံ့သော လုပ်ရပ်နှင့်တူသည်ကို ငြင်းဆန်ရန်၍မရပေ။ ဖန်စစ်ဟန်သတင်း ထွက်လာသည့် လုပ်ရပ်များအား သိရှိပြီးနောက် အပြစ်များဖုံးဖို့ရန် အစီအစဉ်ဆွဲခဲ့ခြင်း ဖြစ်နိုင်သည်။
နောက်ဆုံး ရလဒ်သည် အလွန်ထိရောက်ခဲ့ပြီး များပြားလှသော ပရိသတ်များသည် အွန်လိုင်းပေါ်တွင် ဖန်စစ်ဟန်အား ချီးကျူးဂုဏ်ပြုကြသည်။ ဖန်စစ်ဟန်သည်လည်း ဤ "ပြိုလဲမှု" အပေါ် အခွင့်ကောင်းယူကာ သူ၏ နာမည်အား ပိုမိုမြှင့်တင်နိုင်ခဲ့သည်။ အကယ်၍သူသည် ထပ်မံ၍ အလှူအတန်းပြုလုပ်သော သတင်းများ ထပ်ထွက်လာပါက ပရိသတ်အများအပြားကို ပြောင်းလဲပြစ်နိုင်ဦးမည်ဖြစ်သည်။
ထို့အပြင် ဖန်စစ်ဟန်သည် ယခင်က မူးယစ်ဆေးသုံးစွဲနေသည်ဟု သတင်းထွက်ခဲ့ပြီး ဇာတ်စင်ပေါ်တွင် မထိန်းချုပ်နိုင်ခဲ့သော အပြုအမူများအတွက် "ရူးသွပ်နေသော ပိ" ဟူသောနာမည်ပြောင် ရရှိခဲ့သည်။ သို့သော် ဤသည်မှာ ပရိသတ်၏ အထင်အမြင် သက်သက်သာ ဖြစ်သွားသည်။ အချို့သော အင်တာနက် သုံးစွဲသူများသည်လည်း သူ၏ မထိန်းချုပ်နိုင်သော ဇာတ်စင်ပေါ်မှ အပြုအမူသည် မူးယစ်ဆေးသုံးစွဲထားခြင်းနှင့် ဆင်တူသည်ဟု မှတ်ချက်ပြုကြသည်။
သို့သော် ရဲ၏ဝင်ရောက်စွက်ဖက်မှုဖြင့် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ အကြောင်းပြချက်များအား ဆက်လက် လုပ်ဆောင်မည့်သူ မရှိတော့ပေ။
ဤအချက်သည် ဝမ်ရှင်း နှင့် ဖန်စစ်ဟန် အတွက် အပြည့်အဝ အောင်မြင်မှုရရှိခဲ့ပြီး ဂုဏ်သတင်းနှင့် စာနာမှုနှစ်မျိုးလုံးရရှိခဲ့သည်။ သနားစရာကောင်းသော ကုံသန်း နှင့် သူ၏ marketing account များသည် ဖန်စစ်ဟန် ထိပ်ဆုံးသို့ရောက်ရှိရန် စည်းကမ်းချိုးဖောက်ကာ အထောက်အကူ ပြုလိုက်ရသော အသုံးချခံသပ်သပ်သာ ဖြစ်သွားသည်။
"လောင်ရှီး ဒါကို ကယ်တင်ဖို့ နည်းလမ်းမရှိတော့ ဘူးလား”
ကုံသန်း၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ထို marketing account များသည် လူစိတ်ဝင်စားမှုများ လိုလားသည်မှာ မှန်သော်လည်း ဝမ်ရှင်းသည် သူတို့အကောင့်များအား အသုံးချခဲ့ပြီး ယခုအခါ သူတို့အား ပြန်လည် ခြိမ်းခြောက်နေသည်။ ဤသည်မှာ လွန်စွာ လူ့ကျင့်ဝတ် မရှိခြင်း ဖြစ်သည်။
ရှချန်းချန်းသည် ဥယျာဉ်ထိုင်ခုံပေါ်တွင် ထိုင်ကာ လွန်ခဲ့သောအချိန် ကတည်းက ပြင်ဆင်ထားခဲ့သော ဓာတ်ပုံနှစ်ပုံအား ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။ ထိုထဲမှ တစ်ပုံမှာ ဖန်စစ်ဟန် ယွမ်ဟန်ဟိုတယ်မှ ထွက်ခွာနေခြင်းဖြစ်ပြီး အခြားတစ်ခုမှာ အရာရှိမော့ ရဲစခန်းသို့ဝင်ရောက်စဉ် သူ့အား ချုပ်ထားခြင်း ဖြစ်သည်။
ဤသည်မှာ ဝမ်ရှင်းသည် သူ၏ အကောင့်တုအား အသုံးပြု၍ marketing account များထံ ပေးပို့ခဲ့သော ဓာတ်ပုံများဖြစ်သည်။
ရှချန်းချန်း : အမှားလုပ်ထားလည်း ပရိတ်သတ်တွေအရှေ့မှာ လူကောင်းဟန်ဆောင်ဖို့က မခက်ပါဘူး ဒီမှာသက်သေအထောက်အထားတွေရှိတယ်"
ကုံသန်း အံ့အားသင့်သွားခဲ့ပြီး သူ၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
"ဒီဓာတ်ပုံနှစ်ပုံမှာ ဘာတွေ ထူးထူးခြားခြား မြင်ရလို့လဲ”
သူသည် ပိုမိုနီးကပ်စွာ ကြည့်ရှုခဲ့ပြီး ဓာတ်ပုံများတွင် ထူးဆန်းသည့်အရာ မပါဟု ခံစားရသည်၊ ဓာတ်ပုံများအား လက်ခံရရှိစဥ်အခါက ၎င်းတို့သည် နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများအား စစ်ဆေးရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။ ထိုဓာတ်ပုံများသည် ဓာတ်ပုံတုများမဟုတ်ဘဲ အစစ်များဖြစ်သည်။
ရှချန်းချန်း ရှင်းပြသည်။
"ဓာတ်ပုံထဲမှာ ဘာရှိလဲကို ငါတို့ သေချာမပြောနိုင်ပေမဲ့ အဲဟာတွေရဲ့ရှုထောင့်တွေကနေတစ်ဆင့် ကောက်ချက်ချလို့တော့ရတယ်"
ကုံသန်း အံ့အားသင့်သွားပြီး ထပ်၍ ပိုနီးကပ်စွာကြည့်ရှုခဲ့သည်။ အချိန်အတော် ကြာအောင် အနားယူပြီးနောက် သူ၏မျက်လုံးများကျယ်လာခဲ့သည်။
"အစ်မကြီး မင်းကတကယ် လောင်ရှီးပဲ ၊ ဒီလို လက္ခဏာ သေးသေးလေးတွေကနေတစ်ဆင့် သဲလွန်စတွေရှာတွေ့နိုင်တယ်”
ရှချန်းချန်း ပြုံးရယ်ခဲ့သော်လည်း သူမ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် လျှပ်တစ်ပြက် ထွန်းလင်းသွားခဲ့သည်။ လက်ရှိတွင် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုအား သက်သေမပြနိုင်သော်လည်း သူ၏ လက်ရုံးတော်တစ်ဖက်ကိုတော့ ချိုးနှိမ်ပြစ်နိုင်သည်
"နှစ်ချက်ပစ် ၊ သုံးချက်ပစ်”
ယွမ်ဟန်ဟိုတယ်ရှိ အမှုဆောင် ဧည့်ခန်းထဲတွင် ဖန်စစ်ဟန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ စိတ်အားထက်သန်စွာဖြင့် ဂိမ်းကစားနေသည်။ မကြာသေးခင်က သူသည် ခက်ခဲသောကာလတစ်ခု ဖြတ်သန်းခဲ့ရသည်။ သူ၏ ယခင်ကုမ္ပဏီ ပြိုလဲခဲ့ပြီး မူးယစ်ဆေးသုံးစွဲမှုအတွက် ထပ်မံ ဖော်ထုတ်ခံရနီးပါး ရှိခဲ့သည်။ ကံကောင်းထောက်မစွာပင် ဝမ်ရှင်း၏ ပါးနပ်သော စီစဉ်မှုကြောင့် ဖန်စစ်ဟန်သည် အကျယ်ချုပ်မှ လွတ်မြောက်ရုံသာမက အွန်လိုင်းပေါ်တွင်လည်း သူ၏ နာမည်ဂုဏ်သတင်း ရှင်းလင်းနိုင်ခဲ့သည်။ ယခင်က ဖန်စစ်ဟန် နှင့် စာချုပ်ဖျက်ရန် ဆန္ဒရှိခဲ့သော ကြော်ငြာရှင်များစွာသည် ယခုအခါ ရွံစရာကောင်းလောက်အောင် သက်တမ်းတိုးရန် ကမ်းလှမ်းလာကြသည်။ သူတို့၏ ပရိသတ်များထံမှ ဝေဖန်မှုများစွာရရှိပြီးနောက် စာချုပ်စည်းမျဉ်းများ တိုးမြှင့်ရန် ဖိအားပေးခံခဲ့ရသည်။
ဖန်စစ်ဟန် နှင့် ဝမ်ရှင်းတို့သည် စားသောက်ဆိုင်ထဲတွင် ကြော်ငြာရှင်နှစ်ဦးနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ဖန်စစ်ဟန် သည် ကြော်ငြာခအား ၅၀% တိုးမြှင့်ပေးရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။ အခြားတစ်ဖက်မှ များစွာ မလိုလားဟန် ပေါ်သော်လည်း အဆုံးတွင် သဘောတူညီခဲ့သည်။
ဖန်စစ်ဟန်သည် အခြားတစ်ဖက်လူ အရှက်ရသည်ကို မြင်ရလျှင် အလွန်ပျော်ရွှင်သည်။ သူသည် ဂိမ်းများစွာကို ဆက်တိုက်အနိုင်ရခဲ့သည်။
အမှောင်ကာလများ ပြီးနောက် သူ၏ နေ့ရက်ကောင်းများ အမှန်စင်စစ် ရောက်ရှိလာနေပြီ။
ဝမ်ရှင်းသည် ဟိုတယ်ခန်း၏ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်လာပြီး ဝင်လာသည်နှင့် တံခါးပိတ်ကာ ဖန်စစ်ဟန် ဘေးရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
ဖန်စစ်ဟန်သည် ဂိမ်းတစ်ပွဲ အပြီးသာရှိသေးသည်။ သူသည် အလွန်ပျော်ရွှင်ပြီး သူ၏ဖုန်းအား ဘေးသို့ပစ်ချကာ ဝမ်ရှင်း အား ပျော်ရွှင်စွာ မေးမြန်းလိုက်သည်၊
"အဲကြော်ငြာရှင်တွေက ဘယ်လိုလဲ၊ ငါတောင်းဆိုတဲ့ အရာတွေကိုရော သဘောတူကြလား"
ဝမ်ရှင်းသည် မာန်တက်လျက် ပြန်ပြောသည်
"အသေချာပဲပေါ့၊ သူတို့အရင်က မင်းကိုအခက်တွေ့အောင် လုပ်ပြီး စာချုပ်ဖျက်ချင်ခဲ့တာ၊ ဒါကြောင့် အခုသူတို့ မရှက်ဘဲ တောင်းပန်ရမယ်”
"ငါ့ရဲ့တွက်ချက်ကြမ်းမှု တစ်ခုအရ ဒီတစ်ခါတော့ ငွေမဆုံးမဲ့အပြင် သန်းဂဏန်းလောက်တောင် အမြတ်ရနိုင်တယ်၊ ဟိုဘက်က marketing account တွေနဲ့ပတ်သက်ရင်တော့ အသရေဖျက်မှုနဲ့ စွပ်စွဲခံရမှုတွေကို ပိုထည့်ပြီး သူတို့ကို သင်ခန်းစာပေးလိုက်ရအောင်၊ နောက်တစ်ခါ မင်းအကြောင်း မပြောရဲတော့အောင်လို့လေ"
ဖန်စစ်ဟန်၏ အမူအရာသည် အလွန်ဂုဏ်ယူဝင့်ကြွားနေပြီး ဇိမ်ကျကျဖြင့် ဆိုဖာပေါ်တွင် လဲလျောင်းကာ ခြေထောက်များအား ကော်ဖီစားပွဲပေါ် တင်ထားသည်၊
“ဒေါ်လာသန်း ၅၀ လောက်ရတယ်ဆိုတာ မယုံနိုင်စရာပဲ ၊ အစ်ကိုရှင်း မင်းငါ့ကို ထုတ်ဖော်ပြီး ဖမ်းခိုင်းပြစ်မယ်လို့ပြောတုန်းက ငါသေလုနီးပါးကြောက်နေခဲ့တာ၊ အကောင်းဆုံးတွေ နောက်ကပါလာဦးမယ်ဆိုတာ မျှော်လင့်မထားခဲ့မိဘူး”
ဝမ်ရှင်း : "ဒါမျိုးကို အခြားလူရဲ့အားကို အသုံးချပြီး တိုက်ခိုက်တယ်လို့ခေါ်တယ်၊ ငါ့ကို ရူးမိုက်တယ်ဆိုပြီး မထင်လိုက်နဲ့၊ ဒီmarketing account တွေနဲ့ အင်တာနက်သုံးစွဲသူတွေက သိပ်ကို မိုက်ရူးရဲဆန်တယ်လို့ပဲပြောရမှာ ၊ ငါဘာပြောပြော ယုံကြတယ်၊ သူတို့မှာဦးနှောက်မရှိကြဘူး”
ဝမ်ရှင်းသည် ဝီစကီပုလင်းတစ်ခုယူပြီး နှစ်ဦးစလုံး၏ ဖန်ခွက်များထဲသို့ လောင်းထည့်သည်။ လိမ္မော်ရောင်အရည်သည် ညင်သာစွာလှုပ်ရှားနေပြီး အပေါ်တွင် အဖြူရောင် အမြှုပ်အလွှာလေးများ ပါးလွှာစွာ မျောလွင့်နေသည်။
ဝိုင်အနည်းငယ်သောက်ပြီးနောက် ဝမ်ရှင်း တစ်စုံတစ်အား သွားသတိရသည်။ သူ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏မျက်နှာအမူအရာ ခက်ထန်လာသည်။
“ဒါပေမဲ့ ဒါက တကယ်တော့ စွန့်စားမှုတစ်ခုပဲ ၊ မူးယစ်ဆေးတိုက်ဖျက်ရေးတပ်ဖွဲ့က မင်းကို ဖမ်းဆီးဖို့မလာခဲ့ရင် ငါလည်း မင်းကို ထုတ်ဖော်ပြောဆိုလိုက်မှာ မဟုတ်ဘူး ၊ စစ်ဟန် မင်းအကြောင်း ဘယ်သူ သတင်းပို့လိုက်တာလို့ ထင်လဲ”
တိုင်တန်း ခံရသည်ကို စဥ်းစားမိသွားသောအခါ ဖန်စစ်ဟန်၏ မျက်နှာအမူအရာသည် အမျက်ဒေါသဖြင့် ပြည့်နှက်လာပြီး သူ၏ ချောမောလှပသော မျက်နှာသည် ကြမ်းတမ်းလာခဲ့သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါသိတာက ချီယွီပဲ ၊ သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ”
ဝမ်ရှင်း ခဏတစ်ဖြုတ်စဉ်းစားသည်။
"ဒါပေမဲ့ အဲတုန်းက ချီယွီ အဲမှာရှိမနေခဲ့ဘူး၊ မင်းအတွက်ဆေးဝယ်ပေးတဲ့သူက... ရှချိုးချိုး ဆိုတဲ့အမျိုးသမီးလား ၊ သူ မဖြစ်နိုင်ဘူးလား"
ဖန်စစ်ဟန် ၏မျက်နှာအမူအရာ ပိုမိုလေးနက်လာသည်။
သူ အမှန်တကယ် မပြောနိုင်ခဲ့ပေ။ ရှချိုးချိုး ဆေးလာပို့ပေးစဉ်အခါက ချီယွီသည် သူမအား ဝယ်ပေးရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်ငြားလည်း သူမသည် ချိန်ပေ့ ညဈေးတန်းကဲ့သို့ နေရာများထံသွားရောက်ခဲ့သည်။ ထို့နောက် ချိန်ပေ့ညဈေးတန်းရှိ မူးယစ်ဆေးဝါးများ ဖျက်စီးခံလိုက်သည်။
ရှချိုးချိုး ဒီအရာကိုဘာအတွက်လဲဆိုတာ တကယ်မသိဘူးလား။
"ပြောဖို့ခက်တယ်"
ဖန်စစ်ဟန်မှ ပြောသည်။
“ချီယွီ ဒါမှမဟုတ် ရှချိုးချိုး၊ ငါထင်တာ နှစ်ယောက်လုံးလည်း ဖြစ်နိုင်တယ်၊ နှစ်ယောက်ပေါင်းပြီး လုပ်တာလည်း ဖြစ်နိုင်တယ် "
ဖန်စစ်ဟန်သည် သူ၏ဖန်ခွက်ထဲမှ ဝီစကီအား ခေါင်းတစ်ဆုံး မော့သောက်လိုက်ကာ ကြမ်းတမ်းသောအကြည့်များဖြင့်
" ဘယ်သူပဲဖြစ်ဖြစ် သူတို့ သိပ်သိလွန်းနေတယ်၊ သူတို့ကိုဆက်ပြီး ဒီတိုင်းထားလို့မရတော့ဘူး”
ဝမ်ရှင်း ခေါင်းညိတ်ပြခဲ့သည်။
ဝီစကီနှစ်ခွက်သောက်ပြီးနောက် ဝမ်ရှင်း သည် သူ၏ပစ္စည်းများစုပြီး ဖန်စစ်ဟန် ရှေ့တွင်သူ၏ဖုန်းအား ချထားလိုက်သည်။
"အိုကေ၊ အခု မင်း လုံလောက်အောင် အနားယူပြီးပြီ တိုက်ရိုက်ထုတ်လွှင့်ဖို့ အချိန်ရောက်ပြီ၊ အနည်းဆုံးတော့ မင်းရဲ့ပရိသတ်တွေကို မင်းဘေးကင်းတယ်ဆိုတာ ပြောပြသင့်တယ်"
ဖန်းစစ်ဟန် ငြင်းဆန်လိုက်သည်။
"ဒီဦးနှောက်မရှိတဲ့ မိန်းမတွေကို ထပ်ပြီးချော့မြှူရမှာလား အဲလောက်ထိမလိုပါဘူး”
ဝမ်ရှင်းသည် စိတ်ပါလက်ပါနှင့်
"မင်း ဖျော်ဖြေရေး လောကထဲမှာ ဆက်နေချင်ရင် မင်းရဲ့ပရိသတ်တွေနဲ့ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ရမယ်၊ ဒီမူးယစ်ဆေးဖြစ်ရပ်ကို အခွင့်ကောင်းယူ သူတို့ကိုညှဉ်းပန်းနှိပ်စက်ပြီး ပရိသတ်အုပ်စုကို ခိုင်မာအောင်လုပ်၊ ဒါပြီးရင် မင်းအတွက် မူးယစ်ဆေး တိုက်ဖျက်ရေး ကြော်ငြာရုပ်ရှင်ရိုက်မယ်၊ ဒီလိုဆို မင်းမှာ လုံးဝအပြစ်မရှိတော့ဘူး "
ဖန်စစ်ဟန်သည် ဖျော်ဖြေရေးလောက၏ လှည့်ကွက်များအား မနှစ်သက်သော်လည်း ဝမ်ရှင်းသည် သူကောင်းကျိုး ရဖို့ ပြောနေသည်ကို သိရှိထားသည်။
"အိုကေ၊ သိပြီ"
မိတ်ကပ်ပညာရှင် ဝင်လာပြီး ဖန်စစ်ဟန်အား မိတ်ကပ် ပြင်ဆင်ပေးခဲ့သည်။ ညနေ ၆ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မီစတင်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုသည် ပရိသတ်များဖြင့် စုရုံးနေပြီးဖြစ်သည်။ တကယ်တမ်းတွင် ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် ဖန်စစ်ဟန် အပြစ်ကင်းကြောင်း သက်သေပြပြီးကတည်းက ပထမဦးဆုံး တိုက်ရိုက်ထုတ်သွင်းမှုဖြစ်သည်။ သူတို့သည် သူတို့၏ အကို မည်သို့ရှိနေသည်ကို စူးစမ်းလိုကြသည်။
ဖန်စစ်ဟန်သည် စက်ခရင်ပေါ်တွင် ပေါ်လာပြီး မျက်နှာပေါ်တွင် အနည်းငယ်ပင်ပန်းနေပုံ ပေါ်ကာ အတင်းအကျပ် ရယ်မောနေခဲ့သည်။
"အားလုံးမင်္ဂလာပါ ကျွန်တော်က ဖန်စစ်ဟန် ပါ၊ နောက်တစ်ခါထပ်တွေ့ကြမယ်"
[အား...ငါ့ရဲ့ ဟန်ဟန်လေး ၊ ဟန်ဟန် ကိုနောက်တစ်ခါ ထပ်ရှင်သန်နေတာ တွေ့ရတော့ ချစ်တယ်၊ အရမ်း ချစ်တယ်]
[ဟန်ဟန်လေး အရမ်းပင်ပန်းနေပုံပဲ ]
[ငါ့ကောလိုမျိုး ဆိုးရွားတဲ့အရာတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့သူဆိုရင် ပင်ပန်းနေမှာပဲ]
[ဝိုး၊ ဟန်ဟန် ဒီမနက်တင် ရဲစခန်းက ထွက်လာတာ၊ ညနေရောက်တော့ ငါတို့ကို သူဘေးကင်းတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလုပ်တာ၊ ဟန်ဟန်က အရမ်းချစ်စရာကောင်းတာပဲ ]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကြည့်ရှုသူ အရေအတွက် မြန်ဆန်စွာ တိုးပွားလာခြင်းအပြင် ယုံနိုင်စရာမရှိသော မှတ်ချက်များအား ကြည့်ရှုရင်း ဖန်စစ်ဟန်၏ မျက်နှာတွင် အပြုံးတစ်ချက်ပေါ်လာခဲ့သည်။
သူသည် ယဉ်ကျေးစွာပင် ပြောလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အခုအဆင်ပြေပါတယ်၊ ကျွန်တော့်ကို ဘယ်သူသတင်းပို့တိုင်လဲတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်တော် ဘယ်စွပ်စွဲချက်ကိုမှမ ကြောက်ပါဘူး၊ ပြီးတော့ဒေါ်လာသန်း ၅၀ကို ရလိုက်တယ်၊ ပြီးတော့ ကောရှင်းက ကြော်ငြာရေးပိုင်းမှာ ကူညီနေတော့ အခု ကျွန်တော် အဆင်ပြေနေပါပြီ~"
[ငါ့ကောကော ကအရမ်းကြင်နာတတ်တာပဲ]
[ကောအကြောင်း ကောလဟာလဖြန့်တဲ့ ဂုဏ်သိက္ခာမရှိတဲ့ marketing account တွေကို တွေးမိတိုင်း အရမ်းစိတ်ဆိုးမိတယ်၊ ဒီလူတွေ ငါတို့ ကောကို ဘယ်တော့တောင်းပန်မှာလဲ]
[ဟုတ်တယ်၊ တရားဝင်တောင်းပန်ပါ၊ သူတို့မှာ ငါတို့ ဟန်ဟန့်အကြောင်း ကောလဟာလဖြန့်ဖို့ ဘာအခွင့်အရေးရှိလို့လဲ၊ ဒီခေတ်မှာ ကောလဟာလဖြန့်ဖို့ ငွေယူပြီး ကုန်ကျမှုက ထိရောက်မှုရှိရဲ့လား]
ဖန်စစ်ဟန်သည် မှတ်ချက်များအား ကြည့်ကာ အတင်းအကျပ်ရယ်မောခဲ့သည်။
"အင်း၊ အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကျွန်တော်တွေ့ပါတယ် ၊ marketing account တွေက တောင်းပန်မယ်လို့ မျှော်လင့်လို့မရဘူး သူတို့ကဒီလိုပဲ၊ ဒါပေမဲ့ ငါမှားခဲ့ရင် ဒါမှမဟုတ် မင်းတို့ကို စိတ်ဆိုးစေခဲ့ရင် ငါဒူးထောက်တောင်းပန်မယ်၊ မင်းတို့ကကိုယ့်ရဲ့ရတနာလေးတွေ မင်းတို့ကြောင့်ပဲ ကိုယ့်ရဲ့ ဂီတအိပ်မက်တွေနောက် လိုက်နိုင်ခဲ့တာ”
ဖန်စစ်ဟန်၏ ရိုးသားမှုသည် သူ့အား သူ၏ပရိသတ်များဆီမှ ချစ်ခင်နှစ်သက်မှု ပိုရစေခဲ့သည်။
[ကောကို ချစ်တယ်၊ မင်းကအခြားသူတွေကို သည်းခံပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျ အရမ်းတင်းကျပ်လွန်းတယ်]
[ကောကို အားပေးမိလို့ မှားတာဘာမှမရှိဘူး၊ မင်းကအကောင်းဆုံးပဲ ချစ်တယ်]
[စိတ်မပူပါနဲ့ ဟန်ဟန် ငါတို့ မင်းဘေးမှာ အမြဲ ရှိနေမှာပါ]
ဖန်စစ်ဟန်သည် အလွန်အမင်း အပြုသဘောဆောင်သည့် မှတ်ချက်များအား ကြည့်ရှုရင်း ပို၍ဂုဏ်ယူစိတ်ဖြစ်မိသည်။
မြန်ဆန်စွာ မန့်နေသော မှတ်ချက်များအလယ်တွင် မှတ်ချက်တစ်ခု ရုတ်တရက် ထင်ရှားလာခဲ့သည်။
လိမ်ညာသူများကို ဖော်ထုတ်သူ- [မင်းတို့ ကောက တကယ်ပဲ ဒီလောက်တောင် သနားစရာကောင်းတာလား]
လူပေါင်း သိန်းချီ ရှိသော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဤမှတ်ချက်သည် မြန်မြန်ဆန်ဆန်ပင် လျစ်လျူရှုခံခဲ့ရသည်။ သို့သော် မျက်စိလျှင်သော ကြည့်ရှုသူအချို့သည် ထိုမှတ်ချက်အား သတိထားမိခဲ့ကြသည်။
[ကျီကျီ တကယ်ပဲပေါ်လာပြီ]
[ငါတို့ လိုဗ်ထဲမှာ ကျီကျီကိုဖမ်းမိပြီ]
[ကျီကျီ ကဘာကိုဆိုလိုတာလဲ ဒီမှာ တစ်ခုခုထပ်ရှိသေးတာလား]
[ဝိုး…. အရာရာ ပြောင်းလဲသွားမဲ့ အရိပ်အယောင်တွေ ခံစားနေရပြီ ]
[အားလုံး ကျီကျီ ရဲ့ Weibo ကို တစ်ချက်သွားကြည့်ကြည့်ပါ၊ ကျီကျီ မှာ ရှာဖွေတွေ့ရှိချက် တစ်ချို့ရှိတယ်]
လိမ်ညာသူများကို ဖော်ထုတ်သူသည် ဖန်စစ်ဟန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ၏တည်ရှိမှုကို ပြသခဲ့ပြီး ကြည့်ရှုသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ စိတ်ဝင်စားစရာတစ်ခုခုအား သတင်းရသောအခါ သူတို့သည် လိမ်ညာသူများကို ဖော်ထုတ်သူ၏ Weibo သို့ စုပြုံ ရောက်ရှိသွားကြသည်။
[ လိမ်ညာသူများကို ဖော်ထုတ်သူ၊ သူ့မှာရှာဖွေတွေ့ရှိချက်ရှိတယ် ]
လိမ်ညာသူများကို ဖော်ထုတ်သူသည် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ သတင်းအကောင့်များမှ တင်ခဲ့သော ဓာတ်ပုံများတွင် အသုံးပြုထားသော ရှုထောင့်များအား ခွဲခြမ်းစိတ်ဖြာသည့် ဗီဒီယိုတစ်ခုပြုလုပ်ခဲ့ပြီး ဓာတ်ပုံဆရာ၏ တည်နေရာကို ဒီဂျစ်တယ်နည်းဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည်။ ၎င်းတို့သည် ယွမ်ဟန် ဟိုတယ်နှင့် ကျန်းချန် ပြည်သူ့လုံခြုံရေးဌာနအနီးရှိ ကားအတွင်း ကင်မရာမှတ်တမ်းများကိုလည်း တွေ့ရှိခဲ့ပြီး မူလသတင်းပေးပို့သူအား ဖမ်းဆီးရိုက်ကူးခဲ့သည်။
မူလက မှုန်ဝါးနေသော ဓာတ်ပုံကို AI အသုံးပြု၍ ကွာလတီ မြှင့်တင်ခဲ့ပြီး နောက်ဆုံးတွင် ရင်းနှီးသောမျက်နှာတစ်ခုအား ဖော်ထုတ်နိုင်ခဲ့သည။
ဖန်စစ်ဟန် ၏ကိုယ်စားလှယ်၊ ဝမ်ရှင်း ပင်ဖြစ်သည်။
[ဖန်စစ်ဟန်၏ သတင်းအချက်အလက်တွေကို ပေးပို့နေသူက ဝမ်ရှင်းဖြစ်နေတာလား၊ ဝမ်ရှင်း က သူ့ကိုယ်စားလှယ်မဟုတ်ဘူးလား]
[ ခုနကတင် ဖန်စစ်ဟန် တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ဝမ်ရှင်းကို ကျေးဇူးတင်နေခဲ့တာမဟုတ်လား၊ ဝမ်ရှင်း က နောက်ကျောကနေ ဓားနဲ့ထိုးနေတာလား ]
ဖန်စစ်ဟန်သည် ချမ်းသာသော ဖန်မိသားစု၏ ဒုတိယသားဖြစ်ပြီး ဖန်မိသားစုမှ သူ့သားအတွက် ငှားရမ်းထားသော ကိုယ်စားလှယ်ဝမ်ရှင်းသည် ဖန်စစ်ဟန်အား မည်သို့သစ္စာဖောက်နိုင်မည်နည်း။
ထို့ကြောင့် ဤအရာအားလုံးသည် ဝမ်ရှင်း နှင့် ဖန်စစ်ဟန် တို့မှ ဇာတ်ဆင်ခဲ့ခြင်းလား။ ဖန်စစ်ဟန် မူးယစ်ဆေးသုံးစွဲနေသည်ဟု လူတိုင်းကို လှည့်စားရန် သူတို့သည် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ပြီး ရိုးသားဖြူစင်ပါသည်ဟု သက်သေပြရန် ကြိုးစားခဲ့ကြသည်လား။ အဘယ်သို့စီစဉ်ထားသနည်း။
[အတွင်းသမားတစ်ဦး၏ ခွဲခြမ်းစိတ်ဖြာမှု- ဖန်စစ်ဟန်၏ ကနဦးပရိသတ် ၅၀၀,၀၀၀ ဆုံးရှုံးမှုသည် သူ၏ မူးယစ်ဆေး အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်သော်လည်း အပြစ်မရှိ သယောင် ဟန်ဆောင်ခဲ့ပြီးနောက် သူ၏ပရိသတ်သည် နှစ်သန်းတိုးလာခဲ့သည်။ ထို့အပြင် ဖန်စစ်ဟန် နှင့် စာချုပ်ရှိသည့် ကြော်ငြာအေဂျင်စီအချို့လည်း အစပိုင်းတွင် ဖန်စစ်ဟန်အား နားလည်မှု လွဲခဲ့ကြသောကြောင့် ၎င်းတို့၏ စျေးနှုန်းများ မြှင့်တင်ရန် ဝမ်ရှင်း မှတောင်းဆိုနေသည်။ ဖန်စစ်ဟန် ဤအကြိမ်တွင် အနည်းဆုံး ဒေါ်လာသန်းနှင့်ချီ၍ ရရှိခဲ့မည်မှာ သေချာသည်။
ထို့အပြင် ဝမ်ရှင်းသည် marketing account များအား တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် ဖန်စစ်ဟန်၏ ညစ်ပတ်သော သတင်းများကို ဖော်ထုတ်ခြင်းမှ တားဆီးရန် ခြိမ်းခြောက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဖန်စစ်ဟန် သည် ဤမူးယစ်ဆေးအရှုပ်တော်ပုံမှ အမြတ်အစွန်းများစွာ ရရှိခဲ့သည်။
ထိုအရာအား ကြည့်ခြင်းအားဖြင့် ဖန်စစ်ဟန် သည် ထျန်ရှန်းသို့ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သံသယရှိရပြီး ဝမ်ရှင်း သည် သူ၏နာမည်မြှင့်တင်ရန်နှင့် အင်တာနက်သုံးစွဲသူများအား ရဲဘော်ရဲဘက်အဖြစ်အသုံးချရန် ရည်ရွယ်ချက်ရှိရှိ ပြဿနာများကို နှိုးဆွခဲ့ခြင်းဖြစ်သည်။]
[ ရွံကောင်းလိုက်တာ၊ ငါအရင်က သူ့ကို နားလည်မှုလွဲခဲ့တဲ့အတွက် အပြစ်ရှိသလိုခံစားနေရတာ ၊ သူက သူ့ကိုယ်သူ ဒီလိုဇာတ်လမ်းဆင်လိုက်တာပဲ၊ ဖန်စစ်ဟန် လှည့်ကွက်တွေ တော်လှချည်လား]
[အစက ကျီကျီ ဘာကြောင့် တိတ်ဆိတ်နေရတာလဲဆိုတာ သိပါတယ်၊ ဝမ်ရှင်း ဘာလုပ်နေတယ်ဆိုတာ သူမြင်ခဲ့မှာပါ၊ ငါအရင်က ဖန်စစ်ဟန်ကို သနားနေခဲ့တာ အခုတော့ သူ့ကို ဆဲချင်နေပြီ]
ဖန်စစ်ဟန်အား ဆန့်ကျင်သည့် အွန်လိုင်းဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သတင်းတင် သည့် ကြော်ငြာအကောင့်များထံမှ လှည့်စားခြင်း ခံခဲ့ရသည်ဟု ထင်ကာ အပြစ်ရှိသကဲ့သို့ ခံစားနေရသော အင်တာနက်သုံးစွဲသူများသည် ယခုအခါ အမှန်တရားကိုသိရှိပြီး ဖန်စစ်ဟန် ၏ Weibo တွင် ၎င်းတို့၏ စိတ်ပျက်ဖွယ်ရာများအား ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ပရိသတ်ကလပ်မှ မှတ်ချက်များဖြင့် လွှမ်းမိုးထားပြီး ချီးကျူးဂုဏ်ပြုမှုများးနှင့် ပြည့်နေခဲ့သော ဖန်စစ်ဟန် ၏ Weibo သည် ယခုအခါ အပြည့်အဝဖျက်ဆီးခံခဲ့ရသည်။
ထျန်ရှန်း ဖျော်ဖြေရေး၏ တောက်ပစွာ ထွန်းလင်းနေသော မီးသီးများသည် မီးရောင်စုံဖြင့် အိမ်မက်ဆန်သော ရုံးခန်းဆီသို့ ညွှန်ပြနေခဲ့သည်။
ဝမ်ရှင်း နှင့် ဖန်စစ်ဟန်တို့သည် ရှည်လျားသောစင်္ကြံလမ်းအား ဖြတ်၍ ဥက္ကဌဌရုံးခန်းသို့ အလျင်အမြန် လျှောက်သွားကြသည်။
တံခါး တွန်းဖွင့်လိုက်သောအခါ ဟုန့်ပေါ်ချောင် သည် ဥက္ကဌရုံးခုံတွင် ထိုင်နေပြီး ရွှေအနားကွပ်ထားသော မျက်မှန် တပ်ဆင်ထားသောကြောင့် သူ၏ မျက်လုံးငယ်လေးများသည် သူ့အား လေးနက်သောဟန် ရှိနေစေသည်။
"မစ္စတာဟုန့် ငါတို့...ငါတို့မင်းရဲ့ အကူအညီ လိုအပ်နေတယ်"
ဝမ်ရှင်း သည် ဖန်စစ်ဟန်အား ခေါ်ဆောင်ကာ အလျင်အမြန် ရှေ့သို့သွားခဲ့သည်။
ဟုန့်ပေါ်ချောင်သည် လက်ပိုက်လျက် ဝမ်ရှင်းနှင့် ဖန်စစ်ဟန်တို့အား စိုက်ကြည့်နေသည်။
“မင်းတို့ လိမ်ညာသူများကို ဖော်ထုတ်သူက မင်းတို့အကြောင်းဖော်ထုတ်ခဲ့တဲ့ Weibo ပို့စ်ကို ဖျက်စေချင်တာလား”
ဝမ်ရှင်း၏ လည်စေ့သည် မရဲတရဲနှင့် အောက်သို့ကျသွားပြီး ခေါင်းညိတ်ခဲ့သည်။
"စစ်ဟန် ကလည်း ထျန်ရှန်း ရဲ့အနုပညာရှင်ပါပဲ၊ ဒီသတင်းက သူ့ကိုထိခိုက်စေရင် ထျန်ရှန်းအတွက်လည်း ကောင်းတဲ့အရာမဟုတ်ဘူး ဟုတ်တယ်မလား”
ဟုန့်ပေါ်ချောင်သည် သူ၏ ရွှေဘောင်ကွပ်ထားသော မျက်မှန်အားချွတ်လ်ိုက်ပြီး မျက်မှန်အိတ်ဖြင့် ဖြည်းဖြည်းချင်း သုတ်လိုက်သည်။
"ဝမ်ရှင်း မင်းက တကယ်ပဲ တွက်ချက်တတ်တာပဲ၊ ထျန်ရှန်း ရဲ့နောက်ခံကို အာမခံအဖြစ်သုံးပြီး ဖန်စစ်ဟန် ရဲ့စျေးနှုန်းကိုမြှင့်တင်ဖို့ မူးယစ်ဆေး အရှုပ်တော်ပုံဇာတ်လမ်းကို ဇာတ်ဆင်ခဲ့တယ်၊ အခုအမှန်တရားပေါ်လာတော့ မင်းရဲ့ အရှုပ်ကို ရှင်းဖို့ ငါ့ကိုလာ ပြောနေတာလား၊ ဒီလောက်ကောင်းပေးတဲ့အရာ ကမ္ဘာမှာတောင်ရှိရဲ့လား”
ဝမ်ရှင်း ကြောက်ရွံ့မှုဖြင့် တုန်ရီသွားခဲ့သည်။
“မစ္စတာဟုန့် ကျွန်တော်.. ကျွန်တော်က ကုမ္ပဏီ ကောင်းဖို့အတွက် လုပ်နေတာပါ"
"ကုမ္ပဏီ ကောင်းဖို့အတွက် ဟုတ်လား”
ဟုန့်ပေါ်ချောင် စူးစူးရှရှ အော်ဟစ်လိုက်သည်။
“စျေးနှုန်းတွေတက်ပြီးနောက်မှာ မင်း ဒီအမှတ်တံဆိပ်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက မှောင်ခိုစာချုပ်တွေဆိုတာ ငါမသိဘူးထင်နေလား၊ ထျန်ရှန်း က မင်းရဲ့ခြေကျင်းတစ်ခုသာသာပဲ"
ဝမ်ရှင်း အံ့အားသင့်သွားခဲ့သည်။
ဟိုပေါ်ချောင်က ယင်ဓာတ် ယန်ဓာတ် ပေါင်းစပ်မှုအကြောင်းတွေ ဘယ်လိုသိသွားခဲ့တာလဲ။
သို့သော် သေချာစဉ်းစားကြည့်လိုက်သောအခါ ဝမ်ရှင်း နားလည်သွားသည်။ ယခင်က သူသည် ကြော်ငြာရှင်များအား စျေးနှုန်းမြှင့်တင်စေလို့ငှာ ခြိမ်းခြောက်ရန် မူးယစ်ဆေးသုံးစွဲမှုအား အသုံးပြုနိုင်ခဲ့သည်၊၊ ထို့ကြောင့် အမှန်တရားပေါ်လာသောအခါ ကြော်ငြာရှင်များသည် ယျေဘုယျအားဖြင့် ဟုန့်ပေါ်ချောင်ထံ သတင်းပို့ကြလိမ့်မည်။ ဟုန့်ပေါ်ချောင်သည် ထိပ်တန်းအေဂျင်စီတစ်ခု၏ ဥက္ကဌဖြစ်သည်။ ဝမ်ရှင်းသည် သူ့အားလျှော့တွက်မိခဲ့သည်။
“မစ္စတာဟုန့်"
ဝမ်ရှင်းသည် အမြဲတမ်း ပြောင်းလွယ်ပြင်လွယ်ရှိပြီး ချော့မော့သောအသံဖြင့်
"ဒီ ကိစ္စကိုဖြေရှင်းဖို့လိုတယ် တစ်လနေရင် 'မူရင်းသီဆိုသူပြိုင်ပွဲ'ကို ပြန်ဖွင့်ပြီး စစ်ဟန် ကို နည်းပြလုပ်ခိုင်းမယ်လို့ ပြောခဲ့တယ်မလား ၊ ဒီလို မဟုတ်တဲ့ သတင်းတွေနဲ့ သူ့ကိုမပိတ်မိပါစေနဲ့၊ ဒီ Weibo ပို့စ်ကိုဖျက်ပေးဖို့ လိမ်ညာသူများကို ဖော်ထုတ်သူနဲ့စကားပြောကြည့်ရင်ရော”
ဟုန့်ပေါ်ချောင် သရော်သံနှင့်ရယ်မောလိုက်သည်။
"ဝမ်ရှင်း၊ မင်း ဘာတွေးနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ မင်းမှားသွားပြီ၊ လိမ်ညာသူများကို ဖော်ထုတ်သူက ငါတို့ထဲကတစ်ယောက်မဟုတ်ဘူး"
ဝမ်ရှင်း:!!!
ဝမ်ရှင်း၏ မျက်လုံးများကျယ်လာပြီး သူ၏ မယုံကြည်နိုင်ဖွယ်ရာ အပြုအမူအားပြနေသည်။
“ထျန်ရှန်းက လိမ်ညာသူများကို ဖော်ထုတ်သူဆီကနေ ကူညီခံခဲ့ရတဲ့ အနုပညာရှင်များစွာကို ရှင်းရှင်းလင်းလင်းခန့်အပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြားမှာ ဆက်သွယ်မှုမရှိဘူးလား၊ ထန်ဝေ့လော့နဲ့ အခြားသူတွေကို လိမ်ညာသူများကို ဖော်ထုတ်သူကနေပြီး ထျန်ရှန်းနဲ့ မိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူးလား”
ဟုန့်ပေါ်ချောင်သည် ဝမ်ရှင်းအား မျှော်လင့်ချက် မဲ့နေသော အကြည်တစ်ခုဖြင့် ကြည့်ခဲ့သည်။
အဓိပ္ပာယ်မရှိလိုက်တဲ့စကား။
လိမ်ညာသူများကို ဖော်ထုတ်သူသည် သူ၏လူမဟုတ်ပေ။ သို့သော် သူ၏သူဌေးဖြစ်သည်၊ ဝန်ထမ်းတစ်ဦးသည် သူ၏သူဌေးအား Weibo ပို့စ်တစ်ခုဖျက်ရန် မည်သို့အမိန့်ပေးနိုင်မည်နည်း။
ဟုန့်ပေါ်ချောင်- "ဝမ်ရှင်း၊ မင်းကိုယ်တိုင် ကြော်ငြာရေးကို ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ကြေးသတ်မှတ်တာက ကြီးမားတဲ့ကိစ္စမဟုတ်ပေမယ့် လူတွေရဲ့ ကောင်းမွန်တဲ့ဆန္ဒတွေကိုဖျက်ဆီးခဲ့တယ်၊ ဒါကြောင့် လောလောဆယ်တော့ မင်း တောင်းပန်ရုံပဲ တတ်နိုင်တယ်”
ဝမ်ရှင်း နှင့် ဖန်စစ်ဟန် တို့၏မျက်နှာများ သွေးပျက်သွားကြသည် ။ ထျန်ရှန်းအား အသုံးပြု၍ လိမ်ညာသူများကို ဖော်ထုတ်သူအား ချည်နှောင်ရန် ရည်ရွယ်ခဲ့သော်လည်း ထျန်ရှန်း ၏ ဤမျှ လျှို့ဝှက်ထားမှုအား မျှော်လင့်မထားခဲ့ပေ။
ဝမ်ရှင်း ခပ်သုတ်သုတ် ပြောလိုက်သည်။
"တောင်းပန်ပါတယ် မစ္စတာဟုန့် စိတ်မပူပါနဲ့၊ ကျွန်တော်တို့ Weibo မှာ ချက်ချင်း တောင်းပန်စာတင်ပါ့မယ်"
"Weibo မှာ ဘယ်သူက ပို့စ်တင်တယ်ဆိုတာ ပြောရင်လုံလောက်ပြီလား"
ဟုန့်ပေါ်ချောင် ဝမ်ရှင်းအား အေးစက်စွာကြည့်လိုက်သည်ယး။
"တောင်းပန်ချက်ဆိုတာ ရိုးသားဖြူစင်ရမယ်၊ မင်းတို့ကို တိုက်ရိုက်ထုတ်လွှင့်မယ့် သတင်းစာရှင်းလင်းပွဲ စီစဉ်ပေးမယ်"
ဝမ်ရှင်း နှင့် ဖန်စစ်ဟန်တို့ ကြက်သေသေသွားကြသည်။
သူတို့သည် အလွန် မနှစ်သက်သော်လည်း လောလောဆယ်တွင် ရွေးချယ်စရာမရှိခဲ့ပေ။
ထိုညနေခင်းတွင် ထျန်ရှန်း သည် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။
သတင်းစာရှင်းလင်းပွဲအား တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
မီဒီယာ မိတ်ဆွေများရှေ့တွင်၊ ဟုန့်ပေါ်ချောင်မှ ဖန်စစ်ဟန်သည် စတူဒီယိုချုပ်ဆိုခြင်းစနစ်ဖြင့် ထျန်ရှန်း ဖျော်ဖြေရေးသို့ဝင်ရောက်ကြောင်း ဂုဏ်ယူစွာကြေညာခဲ့သည်။ ကုမ္ပဏီသည် သူ့အား ဝင်ရောက်စွက်ဖက်မှု မရှိဘဲ သူ၏အဖွဲ့အား လွတ်လပ်ခွင့်များစွာလည်း ပေးခဲ့သည်။ လက်ရှိအချိန်တွင် ဖန်စစ်ဟန် ၏အဖွဲ့ ပြုလုပ်ခဲ့သောအရာသည် ထျန်ရှန်း ၏အနိမ့်ဆုံးစည်းမျဥ်းစည်းကမ်းကို ထိခိုက်စေခဲ့သည်။
အကျင့်စာရိတ္တသည် ထျန်ရှန်း ၏ အနုပညာရှင်များ ရွေးချယ်ရာတွင် ပထမဆုံးသော အရာ ဖြစ်သည်။
ထို့ကြောင့် မီဒီယာအားလုံးရှေ့တွင် ဟုန့်ပေါ်ချောင် သည် ဝမ်ရှင်း အား အလုပ်မှထုတ်ပယ်လိုက်သည်။
ဝမ်ရှင်းသည် ဘေးတွင် တောင်းပန်ချက်အား ပြင်ဆင်နေဆဲဖြစ်သည်။ ဤစကားက်ို ကြားလိုက်ရသောအခါ ဝမ်ရှင်းသည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားခဲ့သည်။
စာချုပ်ချုပ်ဆိုစဉ်က ထျန်ရှန်း သည် ဖန်စစ်ဟန် ၏အဖွဲ့နှင့်ပါ ချုပ်ဆိုခဲ့သည်။ သို့သော် စည်းမျဉ်းတစ်ခုရှိသည်။ အကယ်၍ အဖွဲ့တစ်ဖွဲ့သည် အမှားတစ်ခုပြုလုပ်ပါက ထျန်ရှန်းသည် ဖန်စစ်ဟန်၏ အဖွဲ့အား စီမံခန့်ခွဲခွင့်ကို လက်ဝယ်ထားရှိမည်ဖြစ်သည်။
ဖန်စစ်ဟန် သည် အံ့အားသင့်သွားခဲ့ပြီး သူ၏မှတ်ထားသော တောင်းပန်ချက်များ ချက်ချင်းမေ့သွားခဲ့သည်။
ဟုန့်ပေါ်ချောင်သည် ဝမ်ရှင်း အား တောင်းပန်ခွင့်ပင် မပေးခဲ့ပေ။ သူသည် လူတိုင်းကို ထျန်ရှန်း ၏သဘောထားအား ပြသလိုသည်။ ကျင့်ဝတ်မရှိသော အနုပညာရှင်များ သို့မဟုတ် ဝန်ထမ်းများအား သည်းမခံပေ။
ထျန်ရှန်းတွင် ဝမ်ရှင်း သို့မဟုတ် ဖန်စစ်ဟန် အား ကာကွယ်ရန် တာဝန်မရှိပေ။ အကယ်၍ သူတို့သည် အမှားတစ်စုံတစ်ရာပြုလုပ်ခဲ့ပါက တောင်းပန်ခြင်းနှင့် တာဝန်ယူခြင်းသာ ပြုလုပ်နိုင်သည်။
လုံခြုံရေးသည် ဝမ်ရှင်းအား ခေါ်ဆောင်သွားခဲ့ပြီး ကင်မရာသည် ဖန်စစ်ဟန် ဆီသို့ တိုက်ရိုက်လှည့်သွားခဲ့သည်။
ဝမ်ရှင်းသည် ကိုယ်စားလှယ်တစ်ဦးသာ ဖြစ်သည်။ သူ၏မည်သည့်အမှားကိုမဆို ဖန်စစ်ဟန်မှ တာဝန်ယူသင့်သည်။
ထိုအချိန်တွင် လှည့်စားခံရသည်ကို အမျက်ထွက်နေသော ပရိသတ်များသည် ဖန်စစ်ဟန် ဆီသို့ ပြေးဝင်သွားကြသည်။
[အမှိုက်ကောင် ဒါတွေအားလုံးကို အေဂျင်စီကညွှန်ကြားတာလို့ မယုံနိုင်ဘူး၊ ဖန်စစ်ဟန်လည်း ပါနေလောက်တယ်]
[သူတို့ တကယ်ပဲ ငါတို့ကို မျောက်တွေလို့ ထင်နေကြသလား၊ ဒီလောက် ဆိုးရွားတဲ့ကိစ္စမျိုးအတွက် အင်တာနက်သုံးစွဲသူတွေကို ဘယ်လိုခြယ်လှယ်ချင်ကြတာလဲ]
[ကြော်ငြာအကောင့်ကိုထောက်ခံပြီး ဖန်စစ်ဟန် ကိုတရားစွဲမယ်၊ ဒီကောင်က တကယ့် အမှိုက်သရိုက်ပဲ]
...
မကြာသေးမီက နာရီအနည်းငယ်အထိ ဖန်စစ်ဟန်သည် ပရိသတ်များ၏ ဂရုစိုက်မှု ရယူကာ အဓိကာ အာရုံစိုက်ခံရသူအဖြစ် တည်ရှိနေခဲ့သည်။
သို့သော် နာရီပိုင်းအတွင်းမှာပင် လေသံ အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ သတင်းစာရှင်းလင်းပွဲရှိ သတင်းထောက် နှင့်မီဒီယာအများစုသည် ၎င်းတို့၏နာမည်အောက်တွင် marketing account များ လည်ပတ်နေကြသည်။ သူတို့သည် ဖန်စစ်ဟန်အား သရော်စာနှင့် အမုန်းတရားပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဖန်စစ်ဟန်မှာ အလွန်အရှက်ရခဲ့သည်။
သူသည် လက်စားချေနိုင်သည်။ ဘာမှမရှိတော့သည့် အဆုံးတိုင် သူသည် ချမ်းသာသော ဒုတိယမျိုးဆက်တစ်ဦးဖြစ်သည်။
သို့သော် ဤနည်းဖြင့်ထွက်ခွာပါက သူသည် ဖျော်ဖြေရေးလောကမှ ထွက်ပြေးသူဟူသော နာမည်ကို တစ်သက်လုံး သယ်ဆောင်သွားရမည်ဖြစ်သည်။
မူလက သူသည် ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ခြင်းမှာ သူ၏မိသားစုရှိ လူကြီးများအား သူ ဖန်စစ်ဟန် သည် အကြွေးတင်နေသော ချမ်းသာသော ဒုတိယမျိုးဆက်တစ်ဦးမဟုတ်ဘဲ ငွေရှာနိုင်ပြီး အနာဂတ်တွင် ဖန်အုပ်စုအား စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြရန်အတွက်ဖြစ်သည်။ သူသည် ဖန်စစ်ယွမ် ထက်စာလျှင် မည်သည့်နေရာတွင်မှ မညံ့ပေ။
သို့သော် သူသည် ဖျော်ဖြေရေးလောကမှ ထွက်ပြေးပါက သူသည် ဖန်စစ်ယွမ် ထက် ပိုမိုကောင်းမွန်နိုင်ကြောင်း မည်သို့ သက်သေပြနိုင်မည်နည်း။
ဤအချက်ကို စဉ်းစားမိသောအခါ ဖန်စစ်ဟန် နားထင်ကြောများသည် ဖောင်းကြွလာခဲ့သည်။ သူသည် မနှစ်သက်သော်လည်း လူအားလုံးရှေ့တွင် နက်ရှိုင်းစွာ ကိုင်းညွှတ်နေရဆဲဖြစ်သည်။
"တောင်းပန်ပါတယ်"
စကားလုံးတိုင်းသည် ဖန်စစ်ဟန် ပါးစပ်မှထွက်ရန် အလွန်ခက်ခဲသည်။ သူသည် ဤမျှ အရှက်ရစရာကောင်းသောအရာ ဘယ်သောအခါကမျှ မကြုံတွေ့ခဲ့ဖူးပေ။
တောင်းပန်သံသည် သတင်းစာရှင်းလင်းပွဲတွင် ပဲ့တင်ထပ်နေပြီး လူတိုင်းသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ဖန်စစ်ဟန် ၏ လည်စိလှုပ်သွားခဲ့သည်။ သူ တောင်းပန်ပြီးဖြစ်သည်။ ဤအမှိုက်သရိုက်များသည် သူ့အား ခွင့်လွှတ်နိုင်ပြီမဟုတ်လော။
အနာဂတ်တွင် သူထပ်မံရေပန်းစားလာပြီး ဖန်အုပ်စုအား ပြန်လည်ရယူသောအခါ လိမ်ညာသူများကို ဖော်ထုတ်သူနှင့် ဟုန့်ပေါ်ချောင် ကဲ့သို့သောလူများထံမှ သူ့ပေါ်တင်သော အကြွေးမှန်သမျှ တစ်ပြားချင်းစီ ပြန်လည်ရယူမည်ဖြစ်သည်။
ဖန်စစ်ဟန် သည် ထလျက် ထွက်ခွာရန် အသင့်ပြင်ခဲ့သည်။
ရုတ်တရက် နေရာရှိ သတင်းထောက်တစ်ဦးမှ အော်ဟစ်လာခဲ့သည်။
"လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ အင်တာနက်သုံးစွဲသူတွေကို စိတ်ပျက်အားငယ်စေမိရင် ဒူးထောက်တောင်းပန်မယ်လို့ ဘယ်သူပြောခဲ့တာလဲ"
သတင်းစာရှင်းလင်းပွဲ ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
ဖန်စစ်ဟန် တစ်ကိုယ်လုံးတုန်လှုပ်သွားပြီး သွေးများခဲသွားသည့်အလား ခံစားလိုက်ရသည်။
ကုံသန်းသည် မိုက်ကရိုဖုန်းယူကာ ဖန်စစ်ဟန် နှင့် ရင်ဆိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖန်စစ်ဟန် မကြာသေးမီက တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပြောခဲ့သော စကားများအား ဖွင့်ပြခဲ့သည်။
“အင်း၊ အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကျွန်တော်တွေ့ပါတယ်၊ marketing account တွေက တောင်းပန်မယ်လို့ မျှော်လင့်လို့မရဘူး သူတို့ကဒီလိုပဲ၊ ဒါပေမဲ့ ကျွန်တော်မှားခဲ့ရင် ဒါမှမဟုတ် မင်းတို့ကို စိတ်ဆိုးစေခဲ့ရင် ကျွန်တော်ဒူးထောက်တောင်းပန်မယ်”
စကားလုံးတိုင်း၊ ဝါကျတိုင်းသည် ဓားသဖွယ်ဖြစ်နေပြီး ဖန်စစ်ဟန် ၏ခန္ဓာကိုယ်ကို ထိုးနှက်နေသည်။
ဖန်စစ်ဟန် လုံးဝမလှုပ်ရှားနိုင်တော့ဟု ခံစားရပြီး သူ၏ခန္ဓာကိုယ်သည် စက်ယန္တရားတစ်ခုကဲ့သို့ တောင့်တင်းသွားခဲ့သည်။
"မစ္စတာဖန် မင်းတစ်ခုခုပြောခဲ့တာ၊ မှတ်မိသေးလား"
ကုံသန်းသည် ပခုံးတွန့်လိုက်ကာ သရော်သံနှင့်ရယ်မောရင်း
"ဒါပေမဲ့ မင်းလိုချမ်းသာတဲ့ဒုတိယသားက ဖျော်ဖြေရေးလောကထဲမှာပဲ ကျင်လည်နေတာ၊ ဒီဟာက မင်းရဲ့ ကတ််ိမတည်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး၊ မင်းရဲ့တောင်းပန်မှုတွေက ရိုးသားတယ်လို့ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့လည်း ဒါပါပဲ"
ဖန်စစ်ဟန်သည် လက်များအား ဆုပ်ကိုင်ထားပြီး သူ၏လက်များနှင့် နဖူးပေါ်တွင် သွေးကြောများတင်းထွက်လာကာ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီနေသည်။
အနီးအနားရှိ သတင်းထောက်များသည် ရုတ်ရုတ်သဲသဲအခြေအနေထဲသို့ တိုးဝင်လာခဲ့ကြသည်၊
"လူတိုင်းက သူတို့ရဲ့ ပရိသတ်တွေကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ သိကြတယ်၊ ဒါပေမဲ့ မင်းကတော့ ငါတို့ Marketing account တွေကို မင်းငွေရဖို့အတွက်နဲ့ နာမည်ကြီးလာဖို့အတွက် အသုံးချခဲ့တာပဲ”
“ဖန်စစ်ဟန်က ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ပြီး သူ့ပရိသတ်တွေကို အခွင့်ကောင်းယူနေပုံရတယ် သူ့ပရိသတ်တွေ ထပ်ပြီး လင်ဒမရူးဖို့ မျှော်လင့်တာပဲ ၊ အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်အောင် ဆင်ခြင်ကြရမယ်"
"အား ဘယ်လိုတောင်းပန်မှုကြီးလဲ၊ ဒါကရှိုးတစ်ခုပဲ မျှော်လင့်မနေနဲ့"
သတင်းထောက်များသည် အမျိုးမျိုး ပြောဆိုနေကြပြီး သူတို့၏အသံများမှာ စူးထွက်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူများသည်လည်း သတင်းထောက်များ၏ စကားအားကြားပြီး အမျက်ထွက်ကာ သရော်ခဲ့ကြသည်။
[ဟားဟား၊ ဒါက မင်းပရိသတ်တွေပြောတဲ့ ကိုယ့်ကိုယ်ကိုယ်ကျတင်းကြပ်ပြီး အခြားသူတွေအပေါ်ဆို အရမ်းသက်ညှာပေးတယ် ဆိုတာလား ၊ မင်းဟာမင်းရောသေချာရဲ့လားကွာ]
[သူမှားခဲ့ရင် တောင်းပန်မယ်လို့ပြောခဲ့တယ်၊ ဒီတိုင်းလေး တောင်းပန်ရုံနဲ့ ပြီးသွားရောလား၊ သူက သူ့ပရိသတ်တွေကိုလှည့်စားနေတာပဲ]
[ဘာပဲဖြစ်ဖြစ် နောက်တစ်ခါဖန်စစ်ဟန် ပြောတဲ့စကားဆို တစ်လုံးမှမယုံတော့ဘူး]
[သူက တကယ့် အမှိုက်ကောင်ပဲ၊ ဒီတစ်ခါတော့ ဒီအခွင့်အရေးကိုအသုံးချပြီး နောက်တစ်ခါထပ် ရေပန်းစားလာမှာမဟုတ်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး]
...
ဖန်စစ်ဟန် အလွန် ဒေါသထွက်နေသည်။
သို့သော် ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် ကြည့်ရှုသူများကို မကျေနပ်စေပါက သူ၏လူကြိုက်များမှု ပျက်စီးသွားမည်ကို သူသိသည်။
အရင်တုန်းက မူးယစ်ဆေးသုံးပြီး အပြစ်ကင်းသယောင် ဟန်ဆောင်ခဲ့တာက အရမ်းဂုဏ်ရှိခဲ့ပေမယ့် အခုတော့ အရမ်းရှက်စရာကောင်းနေပြီ။
သတင်းထောက်များသည် ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာရန်ပြင်ဆင်နေကြသည်။
ထိုအချိန်တွင် ရုတ်တရက် ၎င်းတို့နောက်ကွယ်မှ ဗုန်းခနဲမြည်သံတစ်ခုကြားလိုက်ရသည်။
သတင်းထောက်များသည် နောက်ပြန်လှည့်ကြည့်ကြသောအခါ ဖန်စစ်ဟန် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်
"တောင်းပန်ပါတယ်”