← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

Chapter 83

ဆိတ်ဆိတ်ငြိမ်နေသော အိမ်ကြီးထဲတွင် ချီယွီသည် မျက်ရည်များစီးကျလျက် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေခဲ့သည်။

လမင်း၏အလင်းရောင်သည် ဖန်တံခါးပေါ်ရှိ ပန်းချီကားများကို ဖြတ်သန်းကာ သူ၏ ရောင်ရမ်းနီမြန်းနေသော မျက်နှာပြင်ပေါ်သို့ ကျရောက်သောအခါ ဖြူဖပ်ဖြူရော်ဖြစ်စေကာ သွေးမရှိသကဲ့သို့ ထင်ပေါ်စေသည်။ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေခဲ့သည်။

သူသည် ဖန်စစ်ဟန်ထံတွင် နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရပြီး ခန္ဓာကိုယ် နာကျင်မှုများနှင့် နေသားကျနေခဲ့ပြီဖြစ်သည်။ သို့သော် ပို၍ မခံမရပ်နိုင် ဖြစ်ရသည်မှာ သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး နောက်ဆုံးတွင် ဖန်စစ်ဟန်၏ ခြေထောက်အောက်၌ နင်းချေခံရခြင်းပင်ဖြစ်သည်။

သူသည် ဖန်စစ်ဟန်အား ထပ်မံတိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခုခု ရှိဦးမည်လား။

ဖန်စစ်ဟန်သည် ချီယွီ၏မျက်နှာကို ပုရွက်ဆိတ်ငယ်တစ်ကောင်ကဲ့သို့ နင်း‌ချေလျက်ရှိသည်။ သူသည် ချီယွီထံမှ မူးယစ်ဆေးဘူးအား တပ်မက်စွာဆွဲယူကာ ယင်းမှရရှိလာမည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို မြည်းစမ်းရန် စိတ်အားထက်သန်နေသည်။

ရုတ်တရက် ချီယွီသည် ရှချန်းချန်းမှာလိုက်သော စကားအား သတိရသွားသည်။

မည်သည့်အကြောင်းကြောင့်မသိ၊ ချီယွီသည် အားတင်းကာ ဖန်စစ်ဟန်အား

"ဖန်စစ်ဟန်၊ ဒါက ငါ့မှာရှိတဲ့ နောက်ဆုံး မူးယစ်ဆေးဘူးပဲ"

ဤစကားလုံးများ ပြောခိုင်းရခြင်း၏ အကြောင်းအရင်းကို သူမသိသော်လည်း နောက်ဆုံးတွင် ပြောချလိုက်သည်။

ဖန်စစ်ဟန် ရပ်တန့်သွားပြီး သူ့မျက်ခုံးများ ကျုံ့ဝင်သွားသည်။

"မင်းမှာ ဆေး ရှိနေသေးတယ်လို့သာ မပြောခဲ့ရင် မင်းခုချိန်ထိ အသက်ရှင်နေ‌ဦးမယ်လို့ ထင်လား၊ မဟုတ်ရင် မင်းကို ငရဲပို့ပြစ်ပြီးပြီ "

ဖန်စစ်ဟန်သည် ကိုင်းညွှတ်လာပြီး ချီယွီ၏ဆံပင်အား ဆွဲဆုတ်လိုက်သည်။

ချီယွီ၏ ဦးရေပြားသည် အပြင်းအထန် ဆွဲဆုတ်ခံရသော်လည်း နာကျင်မှုမှာ ထုံကျင်နေသကဲ့သို့ဖြစ်နေသည်။

ဖန်စစ်ဟန် အေးစက်စွာပြောသည်။

"ချီယွီ၊ မင်းမှာ နောက်တစ်ဘူးရှိနေသေးလို့ မင်းကို နည်းနည်းထပ်ရှင်ခွင့်ပေးမယ်၊ ဒါပေမဲ့ ငါ့ကိုသစ္စာဖောက်တဲ့ အဖိုးအခကတော့ ကြီးလွန်းတယ်၊ ငါစိတ်ကြိုက်ဖြည့်ဆည်းပြီးတာနဲ့ မင်းနဲ့ငါ စာရင်းရှင်းမယ်”

သူသည် ချီယွီ၏ ခေါင်းအား ကြမ်းပြင်ပေါ်သို့ အသံမြည်အောင် ပစ်ချလိုက်သည်။ သို့သော် ဖန်စစ်ဟန်သည် ပို၍ပင် ကျေနပ်နေသည်။ သူသည် မူးယစ်ဆေးဘူးအား ဖွင့်ချလိုက်ပြီး စိတ်တိုင်းကျ ရှူရှိုက်လိုက်သည်။

ချီယွီ၏ နဖူးမှ သွေးများယိုစိမ့်ကျလာပြီး သူ၏အမြင်အာရုံမှာ ဝေဝါးနေသည်။ သူသည် ရှင်းရှင်းလင်းလင်း အသက်ရှူနေဆဲ ဖြစ်သော်လည်း မျက်လုံးများမှာ အသက်ကင်းမဲ့နေသည်။

ပြီးဆုံးသွားပြီ။ သူသည် ဖန်စစ်ဟန်အား ဘယ်‌သောအခါမှ မနှိမ်နင်းနိုင်တော့ဘဲ သူ၏အငြိုးကိုလည်း ဘဝတစ်သက်လုံး လက်စားချေနိုင်တော့မည် မဟုတ်ပေ။

အနီးအနားတွင် ဖန်စစ်ယွမ်မှ စေလွှတ်ထားသော လူတစ်ဦးသည် ဗီလာအပြင်ဘက်၌ ပုန်းအောင်းနေကာ SLR ကင်မရာဖြင့် ဖြစ်ရပ် တစ်ခုလုံးအား မှတ်တမ်းတင်နေသည်။

အလွန် ကွာလတီ မြင့်မားသော တယ်လီဖိုတိုလင်းဆ် မှန်ဘီလူးသည် အတွင်းပိုင်းရှိအသံများကို မကြားနိုင်သော်လည်း ဖြစ်ပျက်သမျှ အရာအားလုံးကို မှန်ကန်စွာ ဖမ်းယူနိုင်သည်။

မူးယစ်ဆေး၏ ထူးခြားသော ဂုဏ်သတ္တိများသည် အသုံးပြုသူများအား ရေမွှေးကဲ့သို့ ရှူရှိုက်စေသည်။ သို့သော် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ပြင်းထန်ပြီး စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ရောဂါလက္ခဏာများနှင့် အိပ်မက်ဆန်းများ ဖြစ်ပေါ်စေတတ်သည်။ ဖန်စစ်ဟန်၏ မူးယစ်ဆေးဝါး သုံးစွဲမှုအတွက် လုံလောက်သော သက်သေ အထောက်အထားများ ဖြစ်စေသည်။

ဖန်စစ်ယွမ်၏ ဖခင်သည် မဒမ်ဖန်မှ စီစဉ်ပေးခဲ့သော ချမ်းသာကြွယ်ဝသည့် အိမ်ထောင်ရေးအား ဘယ်သောအခါကမှ ‌သဘောကျ နှစ်သက်ခြင်းမရှိခဲ့ပေ။ သူသည် ဖန်စစ်ဟန်နှင့် သူ၏ချစ်သူ ဖန်စစ်ဟန်၏ မိခင်သည်သာ သူ့အတွက် စစ်မှန်သောချစ်ခြင်းမေတ္တာဟု ယူဆခဲ့သည်။

…

မိသားစု အရှက်တကွဲဖြစ်ရမည့် ကိစ္စအား ဖုံးကွယ်ရန် မဒမ်ဖန်သည် ဖန်စစ်ယွမ်အား ဖန်အုပ်စု၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

သို့သော် ဖန်စစ်ဟန်၏ ဖျော်ဖြေရေးလောကအတွင်း ကျော်ကြားမှု ကြီးထွားလာခြင်းနှင့် ဝမ်ရှင်းမှ လျှို့ဝှက်စွာ အွန်လိုင်း သတင်းရေးသားသူများအား ငှားရမ်း၍ သူတို့၏ မိသားစု ဂုဏ်သတင်း ဖြူစင်အောင် ပြုလုပ်ပေးနေခဲ့ခြင်းတို့ကြောင့် ချမ်းသာသောလူများကြားတွင် ဖန်စစ်ဟန်မှာ တရားမဝင်သားတစ်ဦး ဖြစ်သည်ဆိုသော အချက်အား လုံးဝမေ့လျော့နေပြီဖြစ်ကာ သာမန်ပြည်သူများမှာမူ ဤကိစ္စအား သိပင်မသိရှိကြပေ။

ဖန်စစ်ယွမ်သည် ဤသို့ ဖြစ်လာမည်ကို မလိုလားခဲ့သူဖြစ်ပြီး သူ၏ ဥက္ကဋ္ဌရာထူး ခြိမ်းခြောက်ခံရမည်ကိုလည်း လက်မခံနိုင်ပေ။

ယခုအချိန်တွင် ဤမူးယစ်ဆေးသုံးစွဲနေသည့် ဗီဒီယိုရှိနေသရွေ့ ဖန်စစ်ဟန်၏ ဖန်မိသားစုအတွင်းရှိ နေရာသည် တဖြေး‌ဖြေးချင်း ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ဖန်စစ်ဟန်သည် မူးယစ်ဆေးဘူးအား အရူးအမူးရှူရှိုက်နေသည်။ ရက်ပေါင်းများစွာ ရေငတ်ခံခဲ့ရပြီး ရေအရင်းအမြစ်အား တွေ့ရှိလိုက်သူတစ်ဦး ကဲ့သို့ပင်၊ သူ့ကိုယ်သူ ဤဆေးနှင့် ပေါင်းစပ်လိုစိတ် အပြည့်ရှိနေသည်။

ဤရက်အနည်းငယ်အတွင်း သူမည်ကဲ့သို့ နေထိုင် ဖြတ်သန်းခဲ့သည်ကို မည်သူမှ မသိသော်လည်း ဤဆေးအတွက် အရူးအမူးတောင့်တနေခြင်း ဖြစ်သည်။

သို့သော် သူရှူရှိုက်နေစဉ် အရသာမှာ ရင်းနှီးနေသော်လည်း ရင်းနှီးသိကျွမ်းခဲ့သည့် မူးယစ်ခြင်းကတော့ မရှိပေ။

ဖန်စစ်ဟန်၏ မျက်လုံးများ ရုတ်တရက်ပွင့်သွားပြီး မူးယစ်ဆေးဘူးအား အာရုံစိုက်ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူ၏ မျက်လုံးများ ပြူးလာခဲ့သည်။

သူသည် မူးယစ်ဆေးဘူးအား ကြမ်းပြင်ပေါ် သို့ ပစ်ချလိုက်သည်။

မူးယစ်ဆေးဘူးသည် ကြမ်းပြင်ပေါ်သို့ "ပေါက်" ဟူသောအသံဖြင့် ကျဆင်းကာ အပိုင်းပိုင်းကွဲထွက်သွားပြီး အရည်များ ယိုစိမ့်ကျလာခဲ့သည်

"ချီယွီ မင်း ငါ့ကို လှည့်စားရဲတယ် ဟုတ်လား”

ချီယွီ ဖန်စစ်ဟန်အား ပေးခဲ့သော ဘူးမှာ မူးယစ်ဆေးမဟုတ်ချေ၊ ထိုအရာသည် မူးယစ်ဆေးနှင့် အရသာဆင်တူသော ဆေးတစ်မျိုးသာ ဖြစ်သည်။

ချီယွီ အံ့သြသွားခဲ့သည်။

မူးယစ်ဆေးမဟုတ်ဘူးလား။ ထိုဆေးမှာ ရှချန်းချန်း သူ့အား ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူမသည် အမာရွတ်ပါသူထံမှ မူးယစ်ဆေးနှစ်ဘူး ဝယ်ယူခဲ့သည်ဖြစ်ရာ သူမထံတွင် နောက်ထပ်တစ်ဘူး ရှိနေရဦးမည်ဖြစ်သည်။

သို့သော် ကြမ်းပြင်ပေါ်သို့ ယိုစိမ့်ကျသွားသော အရည်သည် မူးယစ်ဆေးကဲ့သို့ အငွေ့မပျံချေ။ ယင်းသည် သာမန်အရည်တစ်မျိုး ကြမ်းပြင်ပေါ်သို့ ယိုကျသည်နှင့် တူနေသည်။

ထို့အပြင် ဖန်စစ်ဟန်မှ ထိုဆေးဘူးအား ခွဲပစ်လိုက်သည့်အခါတွင် အထူးတလည် ပြုလုပ်ထားသော ဘူး၏အောက်ခြေတွင် ဝှက်ထားသည့် အရာဝတ္ထုငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ညသည် မှောင်မိုက်နေပြီး ထိုအရာဝတ္ထုကိုယ်၌လည်း အလွန်မှောင်နေကာ အချက်ပြမှုအရင်းအမြစ်မှ ထွက်ပေါ်လာသော အစိမ်းရောင် အလင်းတန်းဖျော့ဖျော့တစ်ခုသာ ရှိနေသည်။

ထိုအရာမှာ အသံသွင်းစက်တစ်ခု ဖြစ်သည်။

အထူးပြုလုပ်ထားသော မူးယစ်ဆေးဘူး၏ အောက်ခြေတွင် အသံသွင်းစက်တစ်ခု ဝှက်ထားသည်။

ထိုအသံသွင်းစက်သည် အသံများအား မှတ်တမ်းတင်နေဆဲဖြစ်သည်။

ဖန်စစ်ဟန်၏ အသက်ရှူသံမှာ ရပ်တန့်သွားခဲ့သည်။

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် အသံသွင်းစက်အား ကောက်ယူလိုက်သော ၎င်း၏အပေါ်တွင် အချက်ပြနေသော အစိမ်းရောင် အလင်းတန်းအား မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဖန်စစ်ဟန်၏ ခေါင်းထဲတွင် လုံးဝဗလာဖြစ်သွားခဲ့သည်။

စာကြည့်ခန်းအတွင်း၌ ဖန်စစ်ယွမ် သည် ရှချန်းချန်း အား နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

ရှချန်းချန်း သည် သူမ၏ ပင်လယ်ရေညှိပုံသဏ္ဌာန် ကောက်ကောက်လိပ်လိပ်ရှိသော ဆံပင်အောက်တွင် ဝှက်ထားသော ဘလူးတုသ်အား ဖြေးညှင်းစွာ ချွတ်လိုက်သည်။

သူမ ပြက်ရယ်ပြုလျက် ပြောသည်။

"မူးယစ်ဆေးမရှိဘဲ မူးယစ်ဆေးသုံးစွဲမှု ဘယ်လိုဖြစ်နိုင်မှာလဲ"

ဖန်စစ်ယွမ် နားမလည်နိုင် ဖြစ်နေသည်။

ရှချန်းချန်းသည် ရှချိုးချိုး အဖြစ် ရုပ်ဖျက်ကာ ချိန်ပေ့ညဈေးသို့ သွားခဲ့စဉ်က မူးယစ်ဆေးနှစ်ဘူး အမှန်တကယ်ပင် ဝယ်ခဲ့သည်။ သို့သော် ချီယွီသည် ဖန်စစ်ဟန် အား အစီရင်ခံစာတင်သည့်အခါ နှစ်ဘူးဟုပြောခဲ့ခြင်း ရှိ၊ မရှိ သူမ မသေချာခဲ့ပေ။

ထို့ကြောင့် သူမသည် ဘူးတစ်ဘူးမျှမယူဘဲ လျှို့ဝှက်သော တွင်းနက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။

ချီယွီအား ပေးခဲ့သည်မှာ အရာရှိကျောက်ထံမှ ရခဲ့သော အတုအပ ပစ္စည်း တစ်ခုသာဖြစ်သည်။

ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုအား ဖော်ထုတ်ရန် သူအမှန်တကယ်သုံးစွဲနေဖို့ မလိုအပ်ပေ။ သူသုံးစွဲကြောင်း ဝန်ခံချက်ပေးလျှင်ပင် လုံလောက်သည် မဟုတ်လော။

ရှချန်းချန်း ချီယွီ အား ထပ်ခါတလဲလဲပြောခဲ့သော "ဒါက ငါ့မှာရှိတဲ့ နောက်ဆုံးဆေးဘူးပဲ" ဆိုသည့်စကားသည် အရာဝတ္ထု၏ အဆင့်အတန်းများအား သတ်မှတ်ပေးခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးသုံးစွဲသည့် နည်းလမ်း ပုံမှန်မဟုတ်သော်လည်း ထိုအရာသည် မူးယစ်ဆေးဖြစ်ကြောင်း အင်တာနက်သုံးစွဲသူများအား သိရှိစေရန် လုံလောက်သည်။

ဖန်စစ်ဟန်သည် မူးယစ်ဆေးသုံးစွဲရန် ရွေးချယ်ခဲ့သည်။

ထိုအရာသည် မူးယစ်ဆေးဟုတ်သည် မဟုတ်သည်မှာ အရေးမကြီးတော့ပေ။ တရုတ်နိုင်ငံ၏ ဥပဒေအရ မူးယစ်ဆေးသုံးစွဲလျှင် ရက်နှစ်ဆယ် အကျဉ်းချခံရမည်ဖြစ်ပြီး သေချာသည်မှာ ဖန်စစ်ဟန်၏ ဂုဏ်သတင်းလုံးဝ ပျက်သုဉ်းသွားခြင်းထက် သိသိသာသာပို၍ အပြစ်လျော့သည်။

တစ်ဖက်တွင် ဖန်စစ်ယွမ် သည်လည်း သူ၏ လက်အောက်ငယ်သားထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

သူသည် ရှချန်းချန်းအား ထပ်မံကြည့်ရှုကာ မျက်လုံးများတွင် စူးရှမှုတစ်ခု ရှိလာခဲ့သည်။ သူ၏အကြည့်များသည် ယခင်က အေးစက်မှုမှ ပို၍ အကဲဖြတ်သဘောကျမှုသို့ ပြောင်းလဲသွားခဲ့သည်။

သူမသည် လှပသည်၊ အလွန်လှပသည်။ သို့သော် သူမအား နီးနီးကပ်ကပ်သိရှိလာသည့်အခါ သူမသည် သူ့ကဲ့သို့ပင် ဉာဏ်ကောင်းသူဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ရှချန်းချန်းသည် ဖန်စစ်ဟန် မူးယစ်ဆေးသုံးစွဲကြောင်း သက်သေပြနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဖန်စစ်ယွမ်၏ လက်အောက်ငယ်သားမှ ရိုက်ကူးထားသော ဗီဒီယိုမှာမူ ဖန်စစ်ဟန် ချီယွီအား ရိုက်နှက်ကာ အမျက်ထွက်နေသော ပုံကိုသာ ပြသထားသည်။

ရှချန်းချန်း အေးဆေးတည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

“ဖန်လောင်ရှီး၊ ကျွန်မတို့ အလောင်းအစားလေး တစ်ခုလောက် လုပ်ကြမလား”

ဖန်စစ်ယွမ် : “ဘာကြေး လဲလှယ်ချင်လဲ”

ရှချန်းချန်းသည် ပန်းပွင့်တစ်ပွင့်ကဲ့သို့ တောက်ပသောအပြုံးဖြင့် ခုံပေါ်တွင် နောက်ပြန်လှန်ကာ ကြောင်တစ်ကောင်ကဲ့သို့ ပျင်းရိပျင်းတွဲနှင့် သက်တောင့်သက်သာရှိစွာ ထိုင်နေသည်။

"အင်းးးး၊ အစက ဒီအသံသွင်းချက်ကို ရှင့်အဖွားရဲ့မွေးနေ့ပွဲမှာ ဖွင့်ပြဖို့ စဉ်းစားထားတာ ဒါပေမဲ့ ဒါက ဖန်စစ်ဟန် ကို အရှုံးပေးရုံသာမက ဖန်မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမှာ”

"ဆိုတော့ မွေးနေ့ပွဲမှာ အများသူငှာရှေ့ ဖွင့်ပြဖို့ စိတ်ကူးကို စွန့်လွှတ်ပေးမယ်၊ ပွဲပြီးမှပဲ ဖော်ထုတ်မယ်၊ ဒါဆိုရင် မင်းက မင်းအဖွားကို ငါ့ကိုတားဆီးနည်းကို မင်းရှာတွေ့ရှိခဲ့တယ်လို့ ပြောလို့ရမယ်၊ ဖော်ထုတ်မှုကို ရွှေ့ဆိုင်းပေးပြီး မဒမ်ဖန်ရဲ့ မျက်နှာကို ကယ်တင်ပေးနိုင်မယ်၊ ဒါပေမဲ့ အပြန်အလှန်‌အနေနဲ့ ရှင်က ဗီဒီယိုကို ကျွန်မကိုပေးရမယ်၊ ကျွန်မက ပရိသတ်ကို တစ်ချိန်တည်းမှာပဲ ပြဖို့အတွက်ပေါ့၊ ဘယ်လိုလဲ"

ဖန်စစ်ယွမ် ပြုံးရယ်လိုက်သည်။

“ဒါဆို ငါက အနိုင်ရသူပေါ့၊ မင်းမှာရှိတဲ့ အသံသွင်းချက်ကမှ အဓိကသက်သေပဲ ဗီဒီယိုရှိမရှိဆိုတာ အရေးမကြီးပါဘူး"

ရှချန်းချန်း ပခုံးတွန့်လိုက်သည်။

"ဒါက ချမ်းသာတဲ့အသိုင်းအဝိုင်းပဲ‌၊ မိတ်ဆွေများများရှိလေလေ အခွင့်အလမ်းပိုများလေလေ”

ခဏတာ တိတ်ဆိတ်ပြီးနောက် ဖန်စစ်ယွမ်သည်

"ငါ ဒါကို ကတိပေးနိုင်တယ်၊ ဒါပေမဲ့ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်"

သူသည် ရှချန်းချန်းအား သေချာ စိုက်ကြည့်လိုက်သည်။

"ဖန်မိသားစုရော ချီယွီကောက တကယ်တော့ မင်းနဲ့ ဘာမှမဆိုင်ဘူး၊ မင်းဘာလို့ ဒီကိစ္စမှာ ဝင်ပါချင်ရတာလဲ"

ရှချန်းချန်း ခဏရပ်တန့်သွားသည်။

ဖန်စစ်ဟန်ကဲ့သို့ လူမျိုးဆိုလျှင် လွယ်လွယ်ကူကူ မှန်ကန်သော အကြောင်းပြချက်တစ်ခုခုဖြင့် လွတ်အောင်လုပ်နိုင်မည် ဆိုသော်လည်း ဖန်စစ်ယွမ်ဆိုလျှင် နည်းနည်းခက်ခဲသည်။

ရှချန်းချန်း ပြုံးလိုက်သည်။

“ဖန်လောင်ရှီး၊ ရှင့်လို စီးပွားရေးလုပ်ငန်းရှင်တွေက ရန်သူထက် မိတ်ဆွေကို ပိုနှစ်သက်မယ်ထင်တာ မဟုတ်ဘူးလား”

ထို့နောက် ရှချန်းချန်းသည် ဖန်စစ်ယွမ် အား သူမ၏ Weibo ပင်မစာမျက်နှာကို ပြသလိုက်သည်။

ဖန်စစ်ယွမ် ထိုအရာအား မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် လေးနက်သော အကြည့်တစ်ခု ဖြစ်လာခဲ့သည်။ သူသည် အနုပညာလောကထဲမှလူ မဟုတ်သော်လည်း "လိမ်ညာသူများကို ဖော်ထုတ်သူ" ဆိုသည့်စကားလုံးများသည် သူမသိဘဲ မနေနိုင်အောင် ထင်ရှားလွန်းသည်။

အံ့အားသင့်မှုများ ပျောက်ကွယ်သွားပြီး သူ၏ကြည့်ရှုမှုတွင် ချီးကျူးဂုဏ်ပြုမှုများ ရောနှောလာသည်။ သူသည် ထရပ်လိုက်ကာ ရှချန်းချန်း ထံသို့ လက်ကိုဆန့်တန်းလိုက်သည်။

"ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်"

ဆိတ်ဆိတ်ငြိမ်နေသော အိမ်ကြီးထဲတွင် ဖန်စစ်ဟန် သည် အသံသွင်းစက်အား အလန့်တကြားဖြင့် ပစ်ချလိုက်သည်။

"ငါ မူးယစ်ဆေးမသုံးဘူး ငါ မသုံးဘူး”

ချီယွီသည် တစ်ခဏတာ နားမလည်နိုင်ဖြစ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ဖန်စစ်ဟန် အတွက် မူးယစ်ဆေးဝယ်ခဲ့ရသူ ဖြစ်သဖြင့် မူးယစ်ဆေးအကြောင်း အနည်းငယ်သိသည်။ ကြမ်းပြင်ပေါ်ရှိ ယိုစိမ့်ကျနေသော အရည်အား ကြည့်လိုက်သောအခါ ထိုအရာသည် သာမန် ဆေးတစ်မျိုးသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

ချီယွီသည် ရှချန်းချန်း၏ ထပ်ခါတလဲလဲ ပြောဆိုမှုများနှင့် အသံသွင်းစက်အား ဆက်စပ်ကြည့်မိသောအခါ ရုတ်တရက် နားလည် သဘောပေါက်သွားခဲ့သည်။

ဤမှာပင် သူမ၏ အမှန်တကယ်ရည်ရွယ်ချက်ဖြစ်သည်။ သူမလက်ထဲတွင်လည်း မူးယစ်ဆေးမရှိချေ။ သို့သော် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုအတွက် သက်သေခံ အထောက်အထားရရှိရန် နည်းလမ်း ရှိဆဲဖြစ်သည်။

ချီယွီသည် အောင်ပွဲခံသည့်သဘောဖြင့် ရယ်မောလိုက်သည်။

"ဟားဟားဟား ဖန်စစ်ဟန် မင်းတော့ ဒုက္ခရောက်ပြီ၊ မင်း အခုနက ပြောခဲ့တဲ့စကားတွေက မင်းမူးယစ်ဆေးသုံးတယ်ဆိုတာ ပြနေပြီးသားပဲ”

ဖန်စစ်ဟန် အမျက်ထွက်လျက် အသံသွင်းစက်အား အစိတ်စိတ်အမွှာမွှာဖြစ်အောင် နင်းပစ်လိုက်သည်။ သူ၏မျက်နှာသည် နီမြန်းလျက် နဖူးပေါ်တွင် သွေးပြန်ကြောများ ထင်းရှားစွာပေါ်နေသည်။

"မဟုတ်ဘူး ဒါအားလုံးအတုတွေပဲ၊ ငါမူးယစ်ဆေးမသုံးဘူး၊ မင်းတို့က ငါ့ကိုလှည့်စားတာ၊ ငါမူးယစ်ဆေးမသုံးဘူး"

ကံဆိုးသည်မှာ အသံသွင်းစက်သည် ကြိုးမဲ့ ချိတ်ဆက်နိုင်သော စနစ် ဖြစ်ကာ အသံသွင်းထားသည်များအား ရှချန်းချန်း၏ ဖုန်းသို့ လွှဲပြောင်းပေးပြီးဖြစ်သည်။

ရဲကားများ၏ မြည်သံသည် အနီးအနားတွင် မြည်ဟီးလာသည်။

ဖန်စစ်ဟန်သည် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ချီယွီအား ကြည့်ရှုနေသည်။

“မင်း ရဲခေါ်လိုက်တာလား”

ဖန်စစ်ဟန်သည် မူးယစ်ဆေး မသုံးစွဲထားသော်လည်း သူသည် လူတစ်ဦးအား အကြမ်းဖက်ရိုက်နှက်ခြင်းဖြင့် ပြစ်မှုကျူးလွန်ထားသည်။ ချီယွီ အား ခြိမ်းခြောက်မှုများနှင့် ပေါင်းစပ်လိုက်လျှင် ချီယွီအား သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။

ဖန်စစ်ဟန် အမျက် ဒေါသ ထွက်ကာ သူ၏မျက်လုံးများမှာ နီမြန်းနေသည်။

“ချီယွီ ငါမင်းကိုသတ်မယ် ငါမင်းကိုသတ်ပစ်မယ်”

သူသည် အလွန်အမင်းဒေါသထွက်နေပြီး ကြမ်းပြင်ပေါ်မှ မူးဆေးဘူး၏ ကျိုးပဲ့နေသောအပိုင်းအစများအား ကောက်ယူကာ ချီယွီ အနားသို့ တစ်ရှိန်ထိုး ပြေးသွားသည်။

"စစ်ဟန်၊ မမိုက်စမ်းနဲ့"

ဝမ်ရှင်း၏ မျက်နှာသည် ကြမ်းတမ်းနေပြီး ဖန်စစ်ဟန် အားတားဆီးရန် ရှေ့သို့ပြေးဝင်လာသည်။

သို့သော် အရူးအမူး မူးယစ်ဆေးစွဲသူတစ်ဦးအား သူမည်သို့တားဆီးနိုင်မည်နည်း။

ချီယွီသည် သေလုမျောပါးဖြစ်နေပြီး ဖန်စစ်ဟန် သည် သူ့အားသတ်ဖြတ်ရန် လုပ်ဆောင်တော့မည့်အချိန်တွင် ဖန်စစ်ယွမ်၏ လူများ ရုတ်တရက် နောက်မှထွက်လာပြီး ဖန်စစ်ဟန်အား ကန်ထုတ်လိုက်သည်။

ဖန်စစ်ဟန် အံ့ဩသွားခဲ့သည်။

"မင်းတို့ဦာာ”

သူသည် ချီယွီအား ရက်စက်စွာကြည့်ရှုကာ

"မင်းက ဖန်စစ်ယွမ် ဆိုတဲ့ ငတုံးနဲ့ ပေါင်းပြီး ငါ့ကို ဒုက္ခပေးတာလား”

ဖန်စစ်ဟန်သည် ချီယွီ ဤမျှဉာဏ်ကောင်းနိုင်ပုံကို အံ့ဩမိသည်။ ဖန်စစ်ယွမ်၏ လူများသည် နောက်ကွယ်မှ ရှိနေခြင်းဖြစ်သည်။

သို့သော် ချီယွီအား အငြိုးထုတ်ရန်မှာ သူ့အတွက် ပေးဆပ်ရမည်မှာ အလွန်ကြီးမားလှသည်။ ဖန်စစ်ဟန် သိသည်၊ သူနှင့် ဖန်စစ်ယွမ် တို့သည် နှစ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့ကြသည်။ ဖန်စစ်ယွမ် သည် သူ့အားဖမ်းမိပါက အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။

ဝမ်ရှင်းသည် အလျင်အမြန် ရှေ့သို့ပြေးလာကာ ဖန်စစ်ဟန်အား တွဲလျက် နှစ်ဦးစလုံး ထွက်ပြေးသွားကြသည်။

ဖန်စစ်ယွမ်၏ လူအချို့သည်လည်း ထွက်ပေါ်လာခဲ့သည်။

"လိုက်ကြ!"

မဒမ်ဖန်၏ မွေးနေ့ပွဲသည် ညနေ ၉ နာရီတွင် ပြီးဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် "လိမ်ညာသူများကို ဖော်ထုတ်သူ" သည် ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ အသံနှင့် ဗီဒီယိုသက်သေခံများအား ချက်ချင်းဖော်ထုတ်ခဲ့သည်။

ဓာတ်ပုံရိုက်ကူးမှုမှာ ဖန်စစ်ယွမ်၏ လူတစ်ဦး ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အကွာအဝေးသည် ဝေးကွာသော်လည်း တယ်လီဖိုတိုလင်းဆ် မှန်ဘီလူးသည် ဖန်စစ်ဟန်၏ မျက်နှာရှေ့ပိုင်းကို ရှင်းလင်းစွာ ဖမ်းယူနိုင်ခဲ့သည်။

သူသည် ချီယွီအား ရိုက်နှက်နေစဉ် အပြည့်အဝမြင်ရသော မြင်ကွင်းမှ ဖမ်းမိခံခဲ့ရသည်။

ရှချန်းချန်း၏ မူးယစ်ဆေးဘူးအတွင်း ဝှက်ထားသော အသံသွင်းစက်သည်လည်း သူတို့၏ စကားပြောဆိုမှုအားလုံးကို ဖမ်းယူနိုင်ခဲ့သည်။

[ ဒီလို အရိုက်ခံနေရတဲ့သူက ဖန်စစ်ဟန်ရဲ့ လက်ထောက် မဟုတ်လား၊ ကျွန်တော်အရင်က ကျွန်တော့်တံတိုင်းကို စောင့်ကြည့်နေတုန်းက သူ့ကိုတွေ့ဖူးတယ်၊ သူ့မှာ ‌နောက်ဆုံး ကျန်တဲ့ ဆေးရှိတယ်လို့ပြောတာ၊ ဖန်စစ်ဟန်က ဒါကိုယူပြီး ရှူလိုက်တယ် ဆိုတော့ ဖန်စစ်ဟန် က မူးယစ်ဆေးသုံးစွဲသူပဲ ]

[ ဒါဆို အရင်က Marketing account တွေက ဘာတွေပြောခဲ့တာလဲ၊ သူက မူးယစ်ဆေးစွဲသူပဲ၊ ဒါပေမဲ့ အရင်တစ်ခါက ဘာလို့ သူ့ကိုမဖမ်းခဲ့တာလဲ ]

[ ငါ့အစ်ကိုက မူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့ကလူပါ၊ သူပြောတာ ၂၄ နာရီကျော်ရင် ဆီးစစ်ဆေးမှုမှာ မပြတော့တဲ့ မူးယစ်ဆေး အသစ်တစ်မျိုး ရှိတယ်တဲ့၊ ဖန်စစ်ဟန် အဖမ်းမခံရခင်က ၂၄ နာရီကျော်နေပြီဆိုတော့ စစ်ဆေးမှုတုန်းက မပြတာလား ]

[ ဒါဖြစ်နိုင်ခြေရှိတယ်၊ စီးပွားဖြစ်ဖို့အတွက်နဲ့ ဒီလိုအမှုကြီးတဲ့ မူးယစ်ဆေးကိစ္စကို ဘယ်သူက ဟန်ဆောင်သုံးမှာလဲ၊ ဖန်စစ်ဟန် ကို မူးယစ်ဆေးသုံးစွဲတာနဲ့ပတ်သက်ပြီး သတင်းပို့ခံရတော့ အဲကိစ္စကို အသုံးချပြီး ဒရာမာချိုးသွားတာ ]

[ အပေါ်က လူက ကောကို စွပ်စွဲချင်တာလား၊ သူက ရေမွှေးနံ့ကို ရှုတာပဲ ဖြစ်ပါလိမ့်မယ် ]

[ ဖန်ပရိသတ်တွေ ဘာလို့ လက်မခံနိုင် ဖြစ်နေကြတာလဲ၊ လက်ထောက်က သူ့ကို ပစ္စည်းမပေးခင်မှာ 'နောက်ဆုံး မူးယစ်ဆေးဘူး” လို့တောင် ပြောထားသေးတယ်၊ မင်းတို့ရဲ့ ကောက ဒါကိုသေချာပေါက်သိပါတယ်၊ သူ မူးယစ်ဆေးသုံးဖို့ပဲ ဒါကြောင့် သူ့ကိုဖမ်းတာက မှန်တယ်၊ ဖန်စစ်ဟန် က သေချာပေါက်မူးယစ်ဆေးစွဲသူပဲ ]

[ သူ မဖြတ်နိုင်နေဘူး သူကမူးယစ်ဆေးစွဲသူ ဆိုတာထက်ပိုတယ်၊ သူက သူ့လက်ထောက်ကို သတ်ချင်ပုံရတယ်၊ ဒါက ရန်လိုသတ်ဖြတ်မှု မဟုတ်ဘူးလား ]

[ @ကျန်းချန် မူးယစ်ဆေးတိုက်ဖျက်ရေးတပ်

@ကျန်းချန် ပြည်သူ့လုံခြုံရေးဗျူဟာ၊

အပြင်ထွက်ပြီး အလုပ်လေးဘာလေး လုပ်ကြစမ်းပါ၊ မူးယစ်ဆေးသုံးစွဲမှု၊ ရန်လိုသတ်ဖြတ်မှု၊ ရန်လိုထိခိုက်မှု၊ ဖန်စစ်ဟန် ကိုဖြေရှင်းဖို့ ဒါတွေက လုံလောက်ပါတယ် ]

[ အားလုံးရှေ့ဆုံးမှာ ကျီကျီ ကိုချီးကျူးပါတယ် ဟားဟားဟား၊ အရင်တုန်းက ဝမ်ရှင်းရဲ့ ပန်းနုသွေးဇာတ်လမ်းကို ဖော်ထုတ်တာတောင် အထင်ကြီးစရာကောင်းလွန်းနေတာ၊ ဒီတစ်ခါတော့ ဖန်စစ်ဟန်ရဲ့ ခိုင်မာတဲ့ သက်သေတွေတောင် ရသွားပြီ]

[ ကျီကျီ က ဖန်စစ်ဟန်ရဲ့ မူးယစ်ဆေးသုံးစွဲမှုကို ဘာမှမပြောခဲ့တာ ထူးဆန်းတယ်လို့ထင်နေတာ၊ သူက ဆိုင်းငံ့ထားတာပါလား ]

[ ကျွန်တော်ပြောချင်တာက ကျီကျီရဲ့ သတင်းတွေကို အမြဲယုံကြည်လို့ရတယ်ဆိုတာပဲ ]

[ ကျီကျီ အရမ်းကောင်းတယ်၊ ရဲတွေ၊ ဖန်စစ်ဟန် ကိုအမြန်ဖမ်းပါ အားး ]

ဖန်စစ်ဟန်၏ ဂုဏ်သတင်းသည် ထိုးကျသွားခဲ့သည်။ သူသည် "ဝံပုလွေ လာနေပြီ" ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ဤမူးယစ်ဆေးသုံးစွဲမှုမှာ သံသယဖြစ်ဖွယ် မရှိသော၊ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ယခင်က ဖန်စစ်ဟန်၏ ပရိသတ်များသည် သူတို့အစ်ကို ဆီးစစ်ဆေးမှုတွင် အနုတ်လက္ခဏာပြသဖြင့် အခြားသူများ၏ မှတ်ချက်များအပေါ် ပြန်လည်ချေပနိုင်ခဲ့သော်လည်း ယခုအခါ ဤဗီဒီယိုကြောင့် သူတို့ကောသည် မူးယစ်ဆေးမသုံးစွဲကြောင်း ဆက်လက် အခိုင်အမာ ပြောနိုင်တော့မည် မဟုတ်ပေ။

သူတို့၏ ကောကော သည် မူးယစ်ဆေး သုံးစွဲနေရုံသာမက သူတို့ကိုပါ အခွင့်ကောင်းယူခဲ့သည်။

ထိုအတောအတွင်း Marketing account အားလုံးသည် "လိမ်ညာသူများကို ဖော်ထုတ်သူ" ၏ ဖော်ထုတ်ချက်အား အလျင်အမြန် ပြန်လည်တင်ပြခဲ့ကြသည်။

သို့သော် ဖျော်ဖြေရေးသတင်းများကို ရှာဖွေကြည့်ရှု သူမည်သူမဆို ဤစာတမ်းအား big data ၏တွန်းအားကြောင့် မြင်တွေ့ရမည်ဖြစ်သည်။

ဝမ်ရှင်းနှင့် ဖန်စစ်ဟန် တို့သည် ထိုစဉ်က သူတို့အား ကစားစရာအရုပ်တစ်ခုကဲ့သို့ အသုံးပြုခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ နှစ်ဆ ပြန်ပေးဆပ်ကြရမည်ဖြစ်သည်။

Marketing account များလည်း ဆူညံသောင်းကျန်းခဲ့ကြသည်။

[ ကျီကျီ ကတော့ အမြဲတမ်း ကျီကျီ ပါပဲ ]

[ သူက ဒီလိုမျိုး အမှုကိုတောင် သေချာမှတ်တမ်းတင် နိုင်တာ စက်ရုပ်နတ်ဘုရားပဲ ၊ အံ့ဩဖို့ကောင်းလိုက်တာ ]

[အား၊ ဒီဇာတ်လမ်း ပြီးသွားပြီလို့ ထင်နေခဲ့တာ ၊ ဒူးထောက် အရိုအသေပေးပါရစေ စက်ရုပ်နတ်ဘုရားးး ]

[ ဝူးဝူးဝိုး၊ ဒါဆို အရင်က ဖန်စစ်ဟန်ကို ငါတို့မစွပ်စွဲခဲ့ဘူးနော်၊ ငါတို့ကို တရားမျှတမှုရစေဖို့ ကူညီတဲ့ စက်ရုပ်နတ်ဘုရားကို ကျေးဇူးတင်ပါတယ် ]

[ စက်ရုပ်နတ်ဘုရား တန်ခိုးကြီးမားလိုက်တာ ]

[ စက်ရုပ်နတ်ဘုရား တန်ခိုးကြီးမားလိုက်တာ +1 ]

[ စက်ရုပ်နတ်ဘုရား တန်ခိုးကြီးမားလိုက်တာ +1 ]

[ ဒီနေ့ကစပြီး လိမ်ညာသူများကို ဖော်ထုတ်သူက ငါ့ရဲ့ နတ်ဘုရားပဲ ]

ထိုအတောအတွင်း ဟုန့်ပေါ်ချောင် ၏ ညွှန်ကြားချက်အရ ထျန်းရှန်း ဖျော်ဖြေရေးကုမ္ပဏီ၏ ပြန်ကြားရေးအဖွဲ့သည် ဖန်စစ်ဟန် ထံသို့ ချက်ချင်းပင် စာချုပ်ပယ်ဖျက်ရေးစာချွန်လွှာ ထုတ်ပြန်လိုက်သည်။

တရားဝင် Weibo အကောင့်၌ ဖော်ပြထားသည်မှာ ဖန်စစ်ဟန် နှင့် လက်မှတ်ရေးထိုးပြီးနောက် နှစ်ပတ်အတွင်း ဆက်ဆံရေးများ တင်းမာလာခဲ့သည်။ ဖန်စစ်ဟန်၏ အင်တာနက်အသုံးပြုသူများအပေါ် လှောင်ပြောင်မှု၊ မူးယစ်ဆေးသုံးစွဲမှုနှင့် အနိုင်ကျင့်မှုစသည့် အပြုအမူများသည် လူ့ကျင့်ဝတ်နှင့် မညီညွတ်ဘဲ အနုပညာရှင်တစ်ဦးဖြစ်ရန် မထိုက်တန်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ထျန်းရှန်း ဖျော်ဖြေရေးကုမ္ပဏီသည် ဖန်စစ်ဟန် နှင့် စာချုပ်ဖျက်သိမ်းရန် တရားဝင် ကြေငြာလိုက်သည်။ ဖန်စစ်ဟန်သည် တရုတ်နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်မှုကြောင့် ထျန်းရှန်း၏ ဥပဒေရေးရာဌာနသည် တရားဥပဒေအတိုင်း လိုက်လံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖန်စစ်ဟန်ထံမှ ပျက်ကွက်ကြေး ယွမ်သန်း ၁၀၀ အား တောင်းဆိုသွားမည်ဖြစ်သည်။

ထျန်းရှန်းသည် ပြန်လည်ရရှိသော ပျက်ကွက်ကြေး ငွေအားလုံးကို တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပရဟိတလုပ်ငန်းများတွင် လှူဒါန်းသွားမည်ဖြစ်ပြီး ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအနေဖြင့် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ အနုပညာရှင်များအား တိုက်ဖျက်ရန် ထျန်ရှန်း၏ဆုံးဖြတ်ချက်အား ပြသသွားမည်ဖြစ်သည်။

[ ထျန်းရှန်းရဲ့ ဒီလုပ်ရပ်က တကယ် ရင်ထဲကို ထိသွားတာပဲ၊ ဒီလို ဆုံးဖြတ်ချက်ချမှတ်နိုင်တာက အရမ်းအထောက်အကူဖြစ်တယ် ]

[ ထျန်းရှန်းက ဖန်စစ်ဟန်ကို သတင်းဖုံးဖို့ ကူညီမလားဆိုပြီး စိုးရိမ်နေခဲ့တာ၊ ဒါပေမဲ့ သူတို့မကူညီခဲ့ဘူး၊ တကယ်ပဲ လုပ်ငန်းခွင်စိတ်ဓာတ်အပြည့် ရှိတဲ့ အေဂျင်စီတစ်ခုပဲ ]

[ ထျန်းရှန်း ကံမကောင်းခဲ့တာက ဒီလို မူးယစ်ဆေးစွဲနေတဲ့ အနုပညာရှင်နဲ့ တွေ့ခဲ့ရတာပဲ၊ ဒါပေမဲ့ ကံကောင်းတာက စာချုပ်က ရေရှည်မဟုတ်ခဲ့တာပဲ ]

[ တခြားကုမ္ပဏီတွေ ထျန်းရှန်းဆီကနေ သင်ယူထားကြစမ်းပါ၊ မကောင်းတဲ့ မှတ်တမ်းရှိတဲ့ အနုပညာရှင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို ဖုံးကွယ်ဖို့မကြိုးစားဘဲ ပုရစ်ကောင်ကို အမြီးဖြတ်သလို ဖြတ်ပြစ်တာ၊ အဲလိုအမှိုက်တွေကို ဖြတ်သင့်တဲ့အချိန်မှာ ဖြတ်ပစ်တာ အကောင်းဆုံးပဲ ]

[ဟားဟားဟား၊ ငါထင်တယ်၊ ခုနက လူတွေအကုန်လုံး နီးပါးက ဟန်ထျန်းအကြောင်း ပြောနေကြတာပဲ ]

[ဟန်ထျန်းက အခုထိ ထျန်းရှန်းနဲ့ တန်းတူ ဖော်ပြဖို့ တန်သေးလို့လား၊ ဟန်ကျားလင်းက ဘယ်လိုအလုပ်လုပ်နေမှန်း မသိဘူး၊ အဆင့်မြင့်ကုမ္ပဏီတစ်ခုက အခုဆို အလတ်စားကုမ္ပဏီတစ်ခု အဆင့်ပဲရှိတော့တယ်]

[ယဲ့ရှီဝမ်ကို စောစောသာရှင်းထုတ်ခဲ့ရင် အခုလိုမျိုး ဖြစ်မှာမဟုတ်ဘူး]

ဖန်မိသားစု၏ အိမ်ဟောင်း ဧည့်ခန်းထဲတွင် မဒမ်ဖန်သည် ဖန်စစ်ဟန် မူးယစ်ဆေးသုံးစွဲနေသော ဗီဒီယိုအားမြင်တွေ့ရသောအခါ အလွန်ဒေါသထွက်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ဖန်စစ်ဟန်၏ ဖခင်အား လက်ညှိုးထိုးလျက် ဆူပူနေသည်။

“ငါ မင်းကို ဒီလိုမလိမ္မာတဲ့သားကို မွေးခွင့်ပြုခဲ့တာ မှားတာပဲ၊ မူးယစ်ဆေး သုံးရဲတဲ့သတ္တိ ကြီးလိုက်တာ လူသတ်မှုတောင် ကျူးလွန်ရဲသေးတယ်၊ ငါတို့ ဖန်မိသားစုရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားတော့မှာလဲ”

ဖန်ပါးပါးသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူ့မိခင်ကြီး၏ ဆူပူကြိမ်းမောင်းမှုကို နားထောင်နေရသည်။

မဒမ်ဖန်သည် ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အလွယ်တကူ ဆဲဆိုတတ်သူမဟုတ်ပေ။ ဤတစ်ကြိမ်တွင်မူ သူမ၏စိတ်သည် အစိတ်စိတ် ကြေကွဲလုနီးပါးအထိ ဒေါသထွက်နေခဲ့သည်။

တဖြတ်ဖြတ် မြည်ဟီးနေသော ရဲကားသံများသည် အိမ်ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။ ရဲများသည် ရောက်ရှိပြီးဖြစ်ကာ ဖန်စစ်ဟန် အား ရှာဖွေနေကြသည်။

မဒမ်ဟန်သည် ဘေးတွင် ထိုင်ကာ မဒမ်ဖန် အား နှစ်သိမ့်ပေးနေသည်။

"ဒီ Marketing account က ဗီဒီယိုကို ရပြီးတည်းက ရိုက်ထားတယ်ဆိုတာ ကြားလိုက်ရတယ်၊ စစ်ယွမ် ကြားဝင်ညှိနှိုင်းပေးမှသာ မွေးနေ့ပွဲမှာ ဗီဒီယိုမထုတ်ဖို့ တားဆီးနိုင်ခဲ့တာ”

ဖန်စစ်ယွမ် သူ့ကိုယ်သူ အပြစ်တင်သကဲ့သို့ ပြောနေသည်။

"အဖွားမြေးက အသုံးမကျပါဘူး၊ လိမ်ညာသူများကို ဖော်ထုတ်သူကို မတားဆီးနိုင်ခဲ့ဘူး"

မဒမ်ဖန် ခေါင်းခါလိုက်သည်။

"မင်း အရမ်း တော်ပြီးသားပါ၊ မွေးနေ့ပွဲမှာ မဖော်ထုတ်ခဲ့တာ မင်းငါ့ကို မျက်နှာမပျက်ရအောင် လုပ်ပေးခဲ့တာပဲ”

မဒမ်ဖန်သည် ကြမ်းပြင်ပေါ်ဒူးထောက်နေ သော ဖန်ပါးပါးအား ကြည့်ကာ ဆူပူလိုက်သည်။

“ဒါတွေအားလုံးက မင်းရဲ့အပြစ်တွေပဲ ၊ မင်းရဲ့အသုံးမကျတဲ့ တရားမဝင်သား ဖျော်ဖြေရေးလောကမှာ နာမည်ကြီးမယ် မကြံသေးဘူး ငါတို့ ဖန်မိသားစုကို ဒုက္ခပေးနေပြီ"

ဖန်ပါးပါးမှာ ခေါင်းငုံ့ လိုက်သည်။

“ကျွန်တော့်သားက သူမှားတယ်ဆိုတာ ကျွန်တော်လည်း သိပါတယ်၊ တစ်ခါမှမတွေးဖူးခဲ့ဖူးဘူး . .. သူ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်နေမယ်ဆိုတာ”

မဒမ်ဟန်သည် မဒမ်ဖန်၏ ကျောအား ပုတ်ကာ နှစ်သိမ့်ပေးနေသည်။

“ဒီလို ဆိုးဝါးတဲ့အရာတွေကို မတွေးပါနဲ့တော့၊ အရေးကြီးဆုံးက ရဲတွေမလာခင်မှာ စစ်ဟန် ကိုရှာပြီး ချက်ချင်းရဲလက်အပ်ဖို့ပဲလေ၊ ရဲတွေက အရင်ရှာတွေ့ရင် စွပ်စွဲခံရမှုက အရမ်းပြင်းထန်သွားမှာ”

မဒမ်ဖန်၏ ရှုံ့တွနေသောလက်သည် မဒမ်ဟန် လက်ပေါ်တွင် တုန်ရီနေပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲသီနေသည်။

“အစ်မရယ် ၊ အခုဆိုရင် ကျန်းချန်မြို့တစ်မြို့လုံးက ငါတို့ ဖန်မိသားစုကို ရယ်စရာတစ်ခုလို လုပ်နေကြပြီ၊ မင်းတစ်ယောက်တည်းကပဲ ငါတို့အတွက် တကယ်ကောင်းအောင်လုပ်ပေးနေတာ”

မဒမ်ဖန်သည် ဖန်ပါးပါးအား အမိန့်ပေးလိုက်သည်။

“ကြားလား၊ ငါ့အတွက် အဲ မင်းရဲ့ ဆိုးယုတ်တဲ့သား ဖန်စစ်ဟန် ကိုရှာ"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့!"

ဖန်ပါးပါးသည် သဘောတူလိုက်ပြီး သူ့လူများအား အမြန်သွားရှာရန် အမိန့်ပေးလိုက်သည်။

ဟန်ကျားလင်း ဖန်မိသားစုအိမ်သို့ ရောက်သော အချိန်တွင် မဒမ်ဖန်သည် ဖန်ဖခင်အား ဆူပူပြောကြားနေသည်ကို တွေ့လိုက်ရသည်။

လုရှုယာသည် မဒမ်ဖန်နှင့်အတူ တစ်ချိန်လုံးရှိနေခဲ့ပြီး ဟန်ကျားလင်း ရောက်လာသည်ကို မြင်‌သောအခါ ဘေးသို့ဆွဲခေါ်၍ တိုးတိုးပြောလိုက်သည်။

“ဒီနေ့က မင်းအဒေါ်ရဲ့မွေးနေ့ပွဲပဲ၊ ဘာလို့ ခုလိုနှောင်းမှရောက်တာလဲ"

ဟန်ကျားလင်း၏ မျက်နှာသည် ငြှိုးနွမ်းနေသည်။

*ကုမ္ပဏီမှာ အခြေအနေတစ်ခု ဖြစ်နေတယ်”

ဟန်ကျားလင်းသည် ပွဲစကတည်းက တက်ရောက်ရန် စီစဉ်ထားခဲ့သည် အဘယ်‌ ကြောင့်ဆိုသော် မဒမ်ဖန်၏ မွေးနေ့အား ဂုဏ်ပြုဖို့ရန် သာမက ရှချန်းချန်း နှင့်ပါ တွေ့နိုင်ရန်ဖြစ်သည်။

သို့သော် သူထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ကုမ္ပဏီ၏ ကွန်ယက်အား အမည်မသိဟက်ကာ များထံမှ ချိတ်ဆက် ခိုးယူခြင်း ခံရသဖြင့် ကုမ္ပဏီတွင် ဆက်နေရန် ဖြစ်လာခဲ့သည်။

ဟက်ကာများသည် ပြက်လုံးထုတ်သူ တစ်ယောက်ကဲ့သို့ ပြုမူနေကာ ဟန်အုပ်စု၏ အဓိကလျှို့ဝှက်ချက်များကို မတိုက်ခိုက်ဘဲ ဟန်အုပ်စု၏ နက်ဝက်လုံခြုံရေးအား အဆက်မပြတ်ချိုးဖောက်ကာ မျောက်များကဲ့သို့ ဆော့နေခဲ့ကြသည်။

ထိုအဖြစ်အပျက်သည် ဟန်ကျားလင်းအား တောင်အာဖရိကခရီးစဉ်ကို သတိရစေသည်။ တောင်အာဖရိကရှိ ကုမ္ပဏီတွင် အကြီးစားပြဿနာဟူ၍ မရှိခဲ့‌ပေ။ ဟန်ကျားလင်းအား အကျပ်အတည်း ကိုင်တွယ်ရန် ကုမ္ပဏီ၌ ဆွဲထားခဲ့သည်ဟု ခံစားခဲ့ရသည်။

ယခုအခါတွင်လည်း တောင်အာဖရိကရှိကုမ္ပဏီ၏ အကျပ်အတည်းမှာ ရှဲ့အုပ်စုနှင့်ဆက်စပ်နေသည်။

"ဒီတစ်ခါလည်း... ရှဲ့ကျစ်ရှင်းက လုပ်တာလား၊ ဒီကောင် ငါ့ကို ရှချန်းချန်းနဲ့ တွေ့ခွင့် မရစေချင်နေတာလား.."

ဟန်ကျားလင်း လက်သီးဆုပ်လိုက်သည်။ လက်ကောက်ဝတ်တစ်လျှောက် သွေးပြန်ကြောများ ပေါ်ထွက်လာသည်။

ရှဲ့ကျစ်ရှင်း... ဒီကောင် ငါ့လူကို လုတဲ့ကောင်။

ရှချန်းချန်း... သူမက ငါ့အပိုင်ပဲ။

တစ်ဖက်တွင်လည်း ညဉ့်နက်ချိန် ရောက်လာပြီဖြစ်၍ မဒမ်ဖန်သည် မဒမ်ဟန်အား

"အဒေါ်... ညနက်ပြီ၊ အိမ်မှာ ကိုယ်ဝန်ဆောင်လည်း ရှိနေတယ်ဆိုတာသိပါတယ်၊ မြန်မြန်ပြန်ပေါ့"

မဒမ်ဟန်လည်း အနည်းငယ် ငိုက်မျဉ်းလာပြီဖြစ်၍ ဟန်အိမ်ကြီးတွင် မုန့်ရှင်းအား စောင့်ရှောက်ရန် လိုအပ်နေသောကြောင့် မဒမ်ဖန်အား ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

ဟန်အိမ်ကြီးတွင်မူ တိတ်တိတ်ဆိတ်ဆိတ်ပင်။

ပုံမှန်ဆိုလျှင် အစေခံများ မရှိခဲ့လျှင်ပင် ဧည့်ခန်းထဲတွင် မီးအိမ်လေးများ ဖွင့်ထားတတ်ပြီး တစ်ခါတစ်ရံ လှုပ်ရှားသံများ ကြားရတတ်သေးသည်။

ယနေ့ ဟန်အိမ် တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ လူသူကင်းမဲ့နေသည်။ ရုတ်တရက် ကားတစ်စီး ဝင်ရောက်လာပြီး တံခါးနားတွင် ရပ်တန့်လိုက်သည်။

ရဲ့လျူဖန်းသည် maskတပ်လျက် ခေါင်းပေါင်း အမည်းစည်းကာ တိတ်တခိုးထွက်လာသည်။

ဧည့်ခန်းအား ဖြတ်သွားစဉ် မဒမ်ဟန်၏ အစေခံများအား တွေ့ရသည်။ အားလုံး ကြမ်းပြင်ပေါ်တွင် သတိလစ်လျက် လဲနေကြသည်။

ရဲ့လျူဖန်း အပေါ်ထပ်သို့ တက်သွားကာ တံခါး ခေါက်လိုက်သည်။

ယဲ့ရှီဝမ်သည် အခန်းထဲတွင် စိုးရိမ်ပူပန်ကာ စောင့်နေလျက် တံခါးခေါက်သံအား ကြားသော် မြန်မြန်ပြေးဖွင့်လိုက်သည်။

"အမေ..."

ယဲ့ရှီဝမ်၏ မျက်လုံးထဲတွင် အကြောက်တရားများ ဝေနေသည်။

"ကျွန်မ... ကျွန်မ... အမေပေးတဲ့ဆေးနဲ့ ဟန်အိမ်က အစေခံအားလုံးကို သတိလစ်သွားအောင် လုပ်လိုက်တယ်၊ သူတို့တွေ ဘာဖြစ်သွားမှာလဲ..."

"အရူးကလေးရာ…”

ရဲ့လျူဖန်း နှစ်သိမ့်သံဖြင့် ပြောသည်။

"မေ့ဆေးလေး နည်းနည်းပါပဲ ဘယ်သေစေနိုင်မှာလဲ၊ ခဏဆိုရင် နိုးလာကြမှာ၊ မဒမ်ဟန်တို့ မရှိချိန် မုန့်ရှင်းကို အမြန်ခေါ်သွားကြရအောင်..."

မုန့်ရှင်းသည်... အိပ်ရာပေါ်၌ မေ့လဲနေလျက်ပင်။

မေ့ဆေးအနည်းငယ်သာ ရှူမိသောကြောင့် သတိမှာ ဝေဝါးလျက် အိပ်ပျော်နေသည်။

ယဲ့ရှီဝမ်သည် မုန့်ရှင်းအား မေ့ဆေးအများကြီး မတိုက်ရဲချေ။ မုန့်ရှင်းသည် သူမ၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရသည်။ အလွန်များပါက ကလေးအား ထိခိုက်မည်ကို စိုးရိမ်နေသည်။

လွန်ခဲ့သော နှစ်ပတ်က ရဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့သည် မုန့်ရှင်းအား ဖမ်းဆီးရန် အစီအစဉ်ရေးဆွဲခဲ့ကြသည်။

ယခုအခါ မုန့်ရှင်း၏ မမွေးရသေးသော ကလေးငယ်သာလျှင် ယဲ့ရှီဝမ်အား အခြေအနေ ပြန်လည်ကောင်းမွန်စေနိုင်မည်ဖြစ်သည်။ မဒမ်ဟန်နှင့် လုရှုယာတို့သည် ဤကလေးငယ်ကို အလွန်တန်ဖိုးထားကြသည်။ ကလေးတစ်ဦးရှိသရွေ့ ယဲ့ရှီဝမ်တွင် အခွင့်အလမ်းရှိသည်။

ထို့ကြောင့် မုန့်ရှင်းသည် မဒမ်ဟန်၏ လက်ထဲသို့ မရှိနေစေရန် သူမအား ခေါ်ဆောင်သွားရမည်။

ယနေ့ မဒမ်ဟန်နှင့် လုရှုယာတို့သည် မဒမ်ဖန်၏ ဧည့်ခံပွဲတွင် ရှိနေကြပြီး အိမ်တွင် အစေခံအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ဤအချိန်သည် ယဲ့ရှီဝမ်အတွက် အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။

ရဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့သည် မုန့်ရှင်း၏ လက်များကို ကြိုးဖြင့်ချည်နှောင်ကာ ပါးစပ်ထဲသို့ ဝါဂွမ်းစသွတ်သိမ်းလိုက်သည်။ ထို့နောက် သတိလစ်နေသော မုန့်ရှင်းအား ထမ်းပင့်ကာ အောက်ထပ်သို့ ဆင်းသွားကြသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ အစေခံများမှာ သတိလစ်နေကြသဖြင့် သူတို့သည် မုန့်ရှင်းအား ရဲ့လျူဖန်း မောင်းနှင်သော ကားဆီသို့ သယ်ဆောင်သွားနိုင်ခဲ့သည်။

ထိုအတောအတွင်း ဖန်စစ်ဟန်သည် ရုပ်ပျက်ဆင်းပျက်ဖြင့် နံရံ ပေါ်တက်ကာ ဟန်မိသားစုအိမ်ကြီးထဲသို့ ခိုးဝင်ခဲ့သည်။

ရဲများ၏ ဝန်းရံမှုသည် နယ်စုံလာပြီဖြစ်ကာ သူသည် မပြေးနိုင်တော့သလို ဖန်မိသားစုအိမ်ကြီးသို့လည်း မပြန်ရဲတော့ပေ။ ထို့ကြောင့် ညဉ့်အချိန်ကို အခွင့်ကောင်းယူကာ ဟန်မိသားစုအိမ်ခြံဝင်းထဲသို့ ဝင်ရောက် ပုန်းခိုခဲ့သည်။

မဒမ်ဟန်သည် သူ၏ အဒေါ်ဖြစ်သည်။ သူမသည် သူ့အား ထုတ်ဖော်မပြောဆိုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကားတစ်စီး စီစဉ်ပေးနိုင်လျှင် သူသည် လွတ်မြောက်နိုင်မည်ဖြစ်သည်။

ရုတ်တရက် ကားမီးရောင်တစ်ခု သူ့မျက်စိထဲ ဝင်လာခဲ့သည်။

မဒမ်ဟန် ပြန်ရောက်လာပြီလား။ ကားထဲမှာ ပါလာလား။

ဖန်စစ်ဟန် အလွန်ဝမ်းသာသွားသည်။ ရဲများသည် ဟန်မိသားစုအိမ်ခြံအား မရှာဖွေရသေးပေ။ ကားမောင်းထွက်ပြေးနိုင်လျှင် ထောင်မကျတော့ပေ။

ဖန်စစ်ဟန် ချက်ချင်းပြေးသွားပြီး မဒမ်ဟန်ထံ ကားတောင်းရန် ကြိုးစားခဲ့သည်။ မျှော်လင့်မထားသည်မှာ သူ့ရှေ့တွင်ရှိသူများသည် ယဲ့ရှီဝမ်နှင့် ရဲ့လျူဖန်းတို့ ဖြစ်နေသည်။

ဖန်စစ်ဟန် အံ့သြသွားပြီး နောက်ခန်းထဲရှိ သတိလစ်နေသော မုန့်ရှင်းအား မြင်လိုက်ရသည်။

"မင်းတို့ မုန့်ရှင်းကို ဖမ်းချင်နေတာလား"

ယဲ့ရှီဝမ် မတုန့်ပြန်နိုင်မီတွင် နောက်ထပ် မီးအလင်းရောင်တစ်ခု လင်းလက်လာပြီး ရဲများ၏ အသံများ ကျန်တစ်ဖက်မှ ကြားလာရသည်။

"အရာရှိကျောက် ဖန်စစ်ဟန် ဒီမှာ”

"လိုက်ဖမ်းကြ"

ဖန်စစ်ဟန် အလွန်တုန်လှုပ်သွားသည်။

ရှင်းပြရန် အချိန်မရှိတော့ပေ။ သူသည် ကားဆီသို့ ပြေးသွားပြီး ရဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့အား ကားထဲမှ ကန်ထုတ်လိုက်သည်။

သူ ပြေးရမည်။ ရဲများဆီတွင် အဖမ်းမခံနိုင်။

နောက်ခန်းထဲတွင် မုန့်ရှင်း ရှိနေသေးသည်ကို မြင်သော ယဲ့ရှီဝမ် သည် ထိတ်လန့်သွားသည်။

မုန့်ရှင်းမရှိလျှင် သူမသည် အခြေအနေပြန်လည်ကောင်းမွန်အောင် မည်သို့လုပ်နိုင်မည်နည်း။

ထိုအခိုက်တွင် ယဲ့ရှီဝမ် သည် များစွာသော သတ္တိအား စုစည်းကာ ဖန်စစ်ဟန် နောက်ပြန်ဆုတ်နေစဉ် နောက်တံခါးမှ ဝင်ရောက်လိုက်သည်။

သူမသည် မုန့်ရှင်းအား ကားထဲမှ ထုတ်ယူချင်သည်။

"ယဲ့ရှီဝမ် ၊ မင်း ရူးသွားပြီလား ထွက်သွားစမ်းပါ”

ဖန်စစ်ဟန် အော်လိုက်သည်။

"ငါ့လမ်းကို မပိတ်ပါနဲ့”

"မဟုတ်ဘူး”

ယဲ့ရှီဝမ်မဗ ပြန်အော်သည်။

"ရှင့်ကို ငါ့ကလေး ယူသွားခွင့် မပေးနိုင်ဘူး၊ မဖြစ်နိုင်ဘူး”

ယဲ့ရှီဝမ်သည် မုန့်ရှင်းအား ကားထဲမှ ဆွဲထုတ်လိုက်သည်။

ဖန်စစ်ဟန်သည် ရှေ့သို့သာ အာရုံစိုက်ကြည့်နေသည်။ ရဲများ နောက်ကြောင်းမှ လိုက်နေပြီဖြစ်သည်။

နောက်ကျသွားပြီ၊ ဖန်စစ်ဟန် စတီယာတိုင်အား လှည့်ကာ လီဗာ နင်းလိုက်သည်။ ထွက်ပြေးရန် အဆင်သင့်ပြင်လိုက်သည်။

နောက်တံခါးသည် ဖွင့်လျက်သာ ရှိသေးသဖြင့် မုန့်ရှင်းနှင့် ယဲ့ရှီဝမ်တို့သည် ကားထဲမှ ပစ်ထုတ်ခံလိုက်ရသည်။

သူတို့သည် မြေပေါ်သို့ လဲကျသွားပြီး မီတာအနည်းငယ် လိမ့်သွားကြသည်။

ဖန်စစ်ဟန်၏ ကားသည် ဆက်လက်မောင်းထွက်နေပြီး လွတ်မြောက်ရန် ကြိုးစားနေသည်။

ဖရိုဖရဲဖြစ်နေစဉ် ရဲကားများစွာသည် ပတ်ပတ်လည် ဝန်းရံသွားပြီး ဖန်စစ်ဟန်အား ပိတ်ဆို့လိုက်သည်။ ဖန်စစ်ဟန် ၏ အမြန်နှုန်းသည် မလုံလောက်တော့ပေ။ နောက်ဆုံးတွင် ရဲကားများသည် သူ့အား ရပ်တန့်စေလိုက်သည်။

ဖန်စစ်ဟန်သည် ထွက်ပြေးရန် ကြိုးစားသော်လည်း ရဲများစွာက ချက်ချင်းဝိုင်းရံပြီး သူ့ကို ဖမ်းမိလိုက်သည်။

"မလှုပ်နဲ့”

ငွေရောင်လက်ကောက်များ ဖန်စစ်ဟန် ၏ လက်တွင် ချုပ်နှောင်လိုက်သည်။ ခဏအတွင်း ဖန်စစ်ဟန်အား အရာရှိကျောက်သည် ရဲကားပေါ်သို့ ဖမ်းတင်လိုက်သဖြင့် သူ လှုပ်ရှား၍ မရနိုင်တော့ပေ။

သူ၏ မျက်နှာကို ကားပေါ်တွင် ဖိထားကြသောကြောင့် အနည်းငယ် ပုံပျက်သွားသည်။ သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုသာ ရှိနေသည်။

သွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီ။

ရာဇဝတ်မှုရဲတပ်ဖွဲ့သည် ရာဇဝတ်သားများအား ဖမ်းမိသောကြောင့် ဝမ်းမြောက်နေကြသည်။ သို့သော် ရုတ်တရက် အိမ်ကြီးခြံဝင်းအတွင်းမှ အမျိုးသမီးနှစ်ဦး၏ အကူအညီတောင်းသံများ ကြားလာရသည်။

ရဲများသည် ခြံဝင်းထဲသို့ ပြေးဝင်သွားပြီး ထိတ်လန့်နေသော ရဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့အား တွေ့ရသည်။ မုန့်ရှင်းမှာ ယဲ့ရှီဝမ်၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ လဲနေသည်။

သူမ၏ မျက်လုံးများသည် ပိတ်ထားပြီး နာကျင်မှုဖြင့် သတိလစ်နေသည်။

သူမ၏ မိန်းမကိုယ်မှ ထွက်လာသော သွေးများသည် အလွန်ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။

Chapter 84

ဖန်စစ်ဟန် အဖမ်းခံရစဉ်တွင် မဒမ်ဟန်တို့မိသားစု၏ ကားသည် ဟန်အိမ်ကြီး တံခါးဝသို့ ရောက်ရှိလာသည်။ ခြံတံခါးဝသည် ရဲကားပေါင်း ဆယ်စီးကျော်ဖြင့် ပိတ်ဆို့နေသောကြောင့် ဟန်မိသားစုသည် ကားထဲမှမှဆင်းကာ အတွင်းသို့ လမ်းလျှောက်ဝင်ရန် မလွဲမရှောင်သာ ဖြစ်နေသည်။

သို့သော် အတွင်းသို့ဝင်ရောက်သည်နှင့် မုန့်ရှင်း မြေပြင်ပေါ် လဲရက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ပါးစပ်နှင့် အောက်ပိုင်းမှာ သွေးများ ယိုစီးကျနေသည်။

မဒမ်ဟန်၏ မျက်လုံးများ ခဏတာ ရပ်တန့်သွားပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများ တုန်ရီလာသည်။ ဤမြင်ကွင်းသည် အလွန်တရာ ထိတ်လန့်ဖွယ်ရာဖြစ်သောကြောင့် သူမ သတိလစ်သွားသည်။

"အဖွား!"

"အမေ!”

ဟန်အိမ်တော်၏ တံခါးဝတွင် ဆူညံနေသည့် အခြေအနေများ ဖြစ်ပွားသွားသည်။

အရာရှိတင်း ခေါ်ဆောင်လာသော လူနာတင်ကားမှာ အချိန်မီ ရောက်ရှိလာသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အလျင်အမြန် ဆင်းသက်လာကြပြီး နှစ်ဦးက မဒမ်ဟန်အား အောက်ဆီဂျင်ပေးရန် ပြေးသွားစဉ် အခြားနှစ်ဦးက မုန့်ရှင်းအား ကူညီရန် ပြေးသွားကြသည်။

ယဲ့ရှီဝမ်သည် ယောက်ယက်ခတ်ကာ သူ့ပုံစံမှာ ဖရိုဖရဲဖြစ်နေပြီး သူမ၏ လှပဖြူစင်သော မျက်နှာပေါ်တွင် ဖုန်မှုန့်များ စွဲထင်နေသည်။ သူမသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း၏ လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားအာ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲနေသည်။

"ကျေးဇူးပြုပြီး ကျွန်မရဲ့ကလေးကို ကယ်ပေးပါ၊ ကျေးဇူးပြုပြီး သူ့ကိုကယ်တင်ဖို့ လုပ်ပေးပါ"

လုရှုယာသည် ရဲများထံမှ အကြောင်းအရာ အပြည့်အစုံ သိရှိရသောအခါ နှလုံးရပ်တန့်မည်အထိ ဒေါသထွက်သွားသည်။ သူမသည် လက်မြှောက်ကာ ယဲ့ရှီဝမ်၏ မျက်နှာကို ရိုက်လိုက်သည်။

" မိန်းမယုတ်! မင်းကြောင့်မဟုတ်ရင် မုန့်ရှင်း ဒီလိုဖြစ်မှာ မဟုတ်ဘူး၊ မင်းရဲ့ လှည့်စားမှုတွေကို ယုံပြီး မုန့်ရှင်းနဲ့အတူ နေခွင့်ပေးမိတာ ငါမှားတာ၊ ကလေးက ငါတို့ ဟန်မိသားစုရဲ့ မျိုးဆက်ပါ၊ သူက ငါတို့ ဟန်မိသားစုရဲ့ သွေးသားတစ်ယောက်!”

ဟန်ကျားလင်းသည် သတိလစ်နေသော မဒမ်ဟန်အား ဖေးမပေးထားလျက် ယဲ့ရှီဝမ်ဘက်သို့ အကြည့်မပေးဘဲ အနားရှိ အရေးပေါ်ဆရာဝန်အား ပြောသည်။

"ဆရာဝန်ထလကျွန်တော့်ကလေး အခြေအနေ ဘယ်လိုရှိလဲ"

အရေးပေါ်ဆရာဝန်သည် ဟန်မိသားစု၏ ရှုပ်ထွေးသော ကိစ္စရပ်များကို မသိရှိပေ။ သူသည် မျက်ခုံးကျိုးကာ စိတ်တိုစွာဖြင့်

"မင်းတို့မိသားစုက ဘာဖြစ်နေတာလဲ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အခြေအနေက ပိုပြီးအရေးကြီးတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူးလား"

ဟန်မိသားစုတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။

ဟန်ကျားလင်း၏ မျက်နှာသည် တင်းမာသွားသော်လည်း နူးညံ့သိမ်မွေ့စွာပင် ဆက်၍ပြောသည်၊

"တကယ်တော့ ကျွန်တော်တို့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဂရုစိုက်ပါတယ်၊ သူနဲ့ ကလေး နှစ်ယောက်လုံးက အရေးကြီးပါတယ်၊ နှစ်ယောက်လုံးကို ကယ်ဖို့ လုပ်ပေးပါ”

ဤစကားသည် အရေးပေါ်ဆရာဝန်၏ ဒေါသအား မပြေလျော့စေပေ။ သူသည် မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းသံပြုလိုက်ပြီး မုန့်ရှင်းအား အရေးပေါ်ကုသမှုပေးရန် ဆက်လက်လုပ်ဆောင်သည်။

ထိုနေရာတွင် ရှိနေသော သတင်းထောက်များနှင့် ပါပါရာဇီများသည် မူလက ဖန်စစ်ဟန် အဖမ်းခံရခြင်းအတွက် သီးသန့်ဓာတ်ပုံများရရှိရန် ရည်ရွယ်ခဲ့ကြသော်လည်း ဟန်မိသားစု၏ သွေးမတော် သားမစပ် အငှားကိုယ်ဝန်ဆောင် ဇာတ်လမ်းအား တွေ့မြင်ရသောအခါ ဖန်စစ်ဟန် အဖမ်းခံရခြင်းက်ိစ္စသည် အပြီးသတ်သွားပြီဖြစ်သည်။ ချမ်းသာကြွယ်ဝသော မိသားစုများအကြား ဒရာမာဆန်သော အချစ်ဇာတ်လမ်းများသည် ဤမျှ စိတ်ဝင်စားဖွယ် ကောင်းနိုင်ပါသလား။

သတင်းထောက်များနှင့် ပါပါရာဇီများသည် ချက်ချင်းပင် ဗျူဟာပြောင်းလိုက်ကြပြီး သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဟန်ကျားလင်း ဘက်သို့ ပြောင်းရွှေ့လိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များသည် ဟန်ကျားလင်းနှင့် အရေးပေါ်ဆရာဝန်တို့၏ စကားပြောဆိုမှုအား ကြားလိုက်ရသည့်အခါ အလွန်ဒေါသထွက်ကုန်ကြသည်။

[ ငါပြောမယ်၊ ယဲ့ရှီဝမ် ဒုက္ခရောက်တယ်ဆိုတာ သူဒုက္ခကို သူကိုယ်တိုင်ဖန်တီးလို့ပဲ၊ ဒါပေမဲ့ အခုအဖြစ်ပျက်က ဟန်မိသားစုထဲမှာ လူကောင်းတစ်ယောက်မှ မရှိဘူးဆိုတာ သိသာလွန်းတယ် ]

[ အစကတည်းက ယဲ့ရှီဝမ်ရော ဟန်မိသားစုထဲက လူတွေရော ဘယ်သူကမှ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အခြေအနေကို မမေးခဲ့ကြဘူး၊ ကိုယ်ဝန်ဆောင်မိခင်က ဘာဖြစ်နေလို့လဲ ကိုယ်ဝန်ဆောင်မိခင်လည်း လူပဲ၊ မင်းတို့မိသားစု လူသားချင်း စာနာထောက်ထားမှု နည်းတယ်လို့ မထင်ဘူးလား၊ မင်းတို့ရဲ့ ကလေးကမှ လူလား မင်းတို့မိသားစုမှာ အမွေဆက်ခံဖို့ လူက မရှ်ိဘူးလား ]

[ ချင်မင်းဆက်ခေတ်က ကုန်တာ ကြာပြီးပြီ၊ ဟန်မိသားစုရဲ့အပြုအမူတွေက တကယ်ကို ရွံစရာကောင်းလိုက်တာ၊ အခုစဉ်းစားကြည့်ရင် ရှမိသားစုက အသိဉာဏ်အရှိဆုံးပဲ၊ သူတို့က သမီးတွေကို မိသားစုအိမ်ထောင်ရေးနဲ့ ပက်သပ်ရင် သူတို့ရဲ့ မိသားစုနာမည်ကို အမြဲလက်ဆင့်ကမ်းခွင့်ပြုထားတာ၊ ဟန်မိသားစုဝင်တွေက ဘယ်လိုလူမျိုးတွေလဲ ]

[ အကုန်လုံးက ဗီလိန်တွေပဲ၊ အရမ်းသနားစရာကောင်းပြီး အပြစ်မဲ့ဆုံးကတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးပဲ ဒီလိုမိသားစုနဲ့ ဘယ်ဘဝက ရေစက်တွေကြောင့် ဆုံရတာလဲကွယ် ]

[ ယဲ့ရှီဝမ်က ကလေးကိုအသုံးချပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုထဲကို ဝင်ချင်နေတာ၊ ဟန်မိသားစုကလည်း မျိုးဆက်သစ်အတွက်ပဲ မြေး၊ မြစ် လိုချင်နေကြတာ၊ ဒီအကျိုးဆက်ကတော့ ခံစားကြရမှာပဲ ]

မုန့်ရှင်းနှင့် မဒမ်ဟန်တို့အား အရေးပေါ်ကုသမှုပေး၍ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားကြသည်။ ဖန်စစ်ဟန်ကိုလည်း ရဲစခန်းသို့ ခေါ်သွားပြီဖြစ်သည်။

ညတွင်းချင်းပင် အင်တာနက်ပေါ်၌ မိသားစုနှစ်ခုလုံးအပေါ် စွပ်စွဲပြစ်တင်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုနှင့် လူ့အသက်အား လျစ်လျူရှူမှု၊ ထို့နောက် ဟန်မိသားစုသည် ကိုယ်ဝန်ဆောင်မိခင်၏ အသက်အား ဂရုမစိုက်ဘဲ ကြွယ်ဝချမ်းသာသူပီပီ မြေနိမ့်ရာလှံစိုက်မှု တို့ဖြစ်လေသည်။

ထိုအချက်ကြောင့်ပင် ဖန်မိသားစုနှင့် ဟန်မိသားစုတို့၏ စတော့ဈေးနှုန်းများ ထိုးကျသွားခဲ့သည်။

ယဲ့ရှီဝမ်သည် ဆေးရုံသို့ မသွားခဲ့ပေ။

သူမ လူနာတင်ယာဉ်ပေါ် တက်ရန် ကြိုးစားခဲ့သော်လည်း ဟန်ကျားလင်းမှ တားမြစ်လိုက်သည်။

ဟန်ကျားလင်း လှည့်၍ အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် အောက်တိုဘာလတွင် အေးချမ်းစိမ်းလန်းနေတတ်သော ရေကန်တစ်ခုနှင့် တူညီနေသည်။

သို့သော် ထိုအေးစက်မှုထဲတွင် ဝင်းပြောနေသော ပျော်ရွှင်မှုတစ်ခု ပုန်းခိုနေခဲ့သည်။

ထိုပျော်ရွှင်မှုသည် လုံးဝဂရုမစိုက်သည့် သဘောထားမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ယဲ့ရှီဝမ်အား ကျောချမ်းစေခဲ့သည်။

ဟန်မိသားစုအားလုံးသည် မုန့်ရှင်း၏ မမွေးသေးသော ကလေးအတွက် စိတ်ပူပင်စွာ မျှော်လင့် စောင့်ဆိုင်းနေကြသည်။ သူတို့သည် ကျန်းချန်မြို့ရှိ သီးသန့် ဆေးရုံတစ်ခုသို့ သွားကာ စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။ စစ်ဆေးမှုရလဒ်အရ ကလေးသည် ယောက်ျားလေးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဖိုဝါဒီ ကြီးစိုးသော မဒမ်ဟန်နှင့် လုရှုယာတို့သည် ထိုသားတော်မှာ မယားငယ်တစ်ဦး၏ သားဖြစ်သည့်တိုင် မြစ်တော်ကောက်ရန် အမြဲတမ်းလိုချင်နေခဲ့ကြသည်။

သို့သော် ဟန်ကျားလင်းကမူ သူတို့နှင့်မတူ။သူသည် ဤကလေးအား လုံးဝပင် မလိုချင်စိတ် မရှိပေ။ကလေးမွေးဖွားခြင်းသည် လူ့အခွင့်အရေးစနစ်အောက်တွင် သူ ငြင်းဆန်း၍မရသော အရာတစ်ခုသာဖြစ်သည်။ အကယ်၍ ရှောင်လွှဲနိုင်ခဲ့မည်ဆိုလျှင် သူ့အတွက် ပို၍ကောင်းပေမည်။

ထိုသို့ဖြစ်လျှင် သူနှင့် ရှချန်းချန်း အခွင့်အလမ်းပိုမိုရှိလာမည်။

ဟန်မိသားစု လူနာတင်ယာဉ်ဖြင့် ထွက်ခွာသွားပြီးနောက် ယဲ့ရှီဝမ်နှင့် ရဲ့လျူဖန်းတို့အား ဟန်ကျားလင်းအမိန့်ဖြင့် ဟန်မိသားစုအိမ်တော်ထဲတွင် ဟန်မိသားစု၏ ယာဉ်မောင်းမှ ချုပ်ထားခဲ့သည်။

ယဲ့ရှီဝမ်သည် ထိုညနေမှစ၍ ဟန်ကျားလင်းအား နောက်တစ်ကြိမ် မမြင်ရတော့ပေ။

ရဲ့လျူဖန်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု ရောင်ခြည်များ ထင်းနေသည်။ သူမ ချက်ချင်းရှေ့သို့တိုးပြီး ဟန်ကျားလင်း၏ လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူမ၏ ပခုံးများ တုန်ရီနေသည့်အပြင် စကားလုံးများပါ အနည်းငယ် တုန်ရီနေသော်လည်း သူမ သတ္တိရှိရှိ မေးလိုက်သည်။

"ကျားလင်း မုန့်ရှင်း ဘယ်လိုရှိလဲ၊ သူ့ကိုယ်ဝန်က လ ၇ လ ရှိပြီးပြီလေ၊ ကလေးလေး ဘာမှမဖြစ်ဘူးမလား”

“ဟန်မိသားစုက စွမ်းအားကြီးမားပြီး ချမ်းသာကြွယ်ဝသူတွေပဲ၊ ဒီကလေးက သူတို့ရဲ့ အမွေဆက်ခံမဲ့သူ၊ သူတို့က ဘယ်လိုလုပ်ပြီး ဒီကလေးကို တစ်ခုခု အဖြစ်ခံမှာလဲ ဟုတ်တယ်နော်”

ဟန်ကျားလင်းသည် ရဲ့လျူဖန်းအား အေးစက်စွာ ကြည့်လိုက်သည်။ ရဲ့လျူဖန်း၏ ချွန်ထက်သော မျက်လုံးများကြားတွင် မြေးဖြစ်သူကလေးအတွက် ဝမ်းနည်းပူဆွေးမှုမဟုတ်ဘဲ၊ ငွေကြေး၊ အာဏာနှင့် ချမ်းသာသောဘဝကို တပ်မက်တောင့်တသည့် မျှော်လင့်ချက်သာ ရှိနေသည်။

ဟန်ကျားလင်းသည် စကားပြန်မပြောဘဲ သရော်သံပါသော ရယ်သံတစ်ခုသာ ပြုခဲ့သည်။

ထိုအပြုံးကြောင့်ပင် ရဲ့လျူဖန်း မှားယွင်းနားလည်ကာ စိတ်သက်သာရာ ရသွားခဲ့သည်။

ကလေးအဆင်ပြေနေပြီ၊ ဤအရာသည်သာ အဓိကကျသည်။

ယခုအခါ သူမသည် ကလေးအား အုပ်ထိန်းခွင့် မရနိုင်သေးသည်မှာ ဟုတ်သည်၊ သို့သော် နောက်ပိုင်းတွင် ရမည်မဟုတ်ဟု မည်သူဆိုနိုင်သနည်း။

သားတော်စပ်ခြင်းကြောင့် မိခင်ဘဝမှ ရှမိသားစု၏ တရားဝင်ဇနီးအဖြစ်သို့ ရောက်ရှိလာခဲ့ကြသော မိခင်များမှာ ရှားသည်မဟုတ်။ ထိုစဉ်က သူမလည်းဘဲ တရားဝင်မဟုတ်သော သမီးတစ်ဦးကို အားကိုးကာ ရှမိသားစု၏ တရားဝင်ဇနီးအဖြစ် ရောက်ရှိခဲ့သည်။ မုန့်ရှင်း၏ဗိုက်ထဲရှိ ကလေးသည် ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်တို့၏ သား ဖြစ်သည်။

ဟန်ကျားလင်းသည် ရဲ့လျူဖန်းအား လျစ်လျူရှု၍ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မျက်နှာအမူအရာဖြင့် ဆိုဖာပေါ်ထိုင်နေသော ယဲ့ရှီဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မုန့်ရှင်း အသက်အန္တရာယ်ကင်းတယ်”

"ဒါပေမဲ့ ကလေးကိုတော့ အသက်မကယ်နိုင်ခဲ့ဘူး”

ရဲ့လျူဖန်း၏ စိတ်ထဲတွင် နက်မှောင်နေသော ချောက်နက်ကြီးအထဲသို့ ကျသွားသကဲ့သို့ ခံစားရလိုက်သည်။

သူမသည် ဟန်ကျားလင်း၏ လက်အား ဆုပ်ကိုင်ထားမိသော်လည်း သွေးကြောထဲမှ သွေးများ ခဲကုန်သကဲ့သို့ သတိမထားမိဘဲ လက်အား လျှော့ချလိုက်မိသည်။

ယဲ့ရှီဝမ်မှာမူ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးများကို ပိတ်လိုက်သည်။

ဟန်ကျားလင်း၏ သရော်သော အပြုံးအား မြင်လိုက်ရသော ယဲ့ရှီဝမ်၏ နှလုံးသားသည် နှလုံးခုန်ချက် တစ်ချက် ကျော်သွားပြီး မကောင်းသော အကျိုးဆက် ဖြစ်လာတော့မည်ကို ကြိုတင်ခံစားမိလိုက်သည်။

ဤကိစ္စတွင် ယဲ့ရှီဝမ်သည် ရဲ့လျူဖန်းထက် စိတ်ပြတ်သားမှု ပိုရှိကာ အတွေးတိမ်သည်။

ကလေးသေဆုံးကြောင်း ဟန်ကျားလင်း ပြောကြားခဲ့သည့်အခါ သူသည် စိတ်ခံစားမှုလုံးဝမရှိခဲ့ခြင်းမဟုတ်ပေ။ ဟန်ကျားလင်း၏ စကားများသည် လက်ရှိအနေအထားအား မပြောင်းလဲနိုင်သော်လည်း သူ့တွင် လှိုင်းထန်နေသော ပျော်ရွှင်မှုတစ်မျိုးဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် ပျော်ရွှင်နေခဲ့သည်။ သူနှင့် ရှချန်းချန်းကြားရှိ တစ်ခုတည်းသော အတားအဆီးကို ရှင်းလင်းပြီးဖြစ်သောကြောင့် ပျော်ရွှင်နေခဲ့ခြင်းဖြစ်သည်။

သူသည် အရွယ်ငယ်ငာ်နှင့် ကျန်းမာသန်စွမ်းနေဆဲဖြစ်ပြီး လူရှုယာနှင့် မဒမ်ဟန်ကဲ့သို့ ပြင်းထန်သော မျိုးဆက်ပြတ်သည့်ရောဂါ မဖြစ်နိုင်ပေ။ သူ့အမြင်တွင် ရှချန်းချန်းသည် ဤကမ္ဘာပေါ်ရှိ အရေးအပါဆုံးလူသားဖြစ်သည်။

ထို့အပြင် ရှချန်းချန်းတစ်ဦးတည်းသာ ဟန်ကျားလင်းအတွက် သားသမီးမွေးဖွားထိုက်သူဖြစ်သည်။

"ယဲ့ရှီဝမ်"

ဟန်ကျားလင်းက အေးစက်သောအသံဖြင့် ဆက်ပြောသည်၊

"ကလေးလည်း ဆုံးပြီ ငါတို့ကြားက ကိစ္စလည်း ပြီးပြီ၊ မင်းပစ္စည်းတွေထုပ်ပြီး ငါ့အိမ်ကထွက်သွား၊ ဒီနေ့ကစပြီး ငါတို့မှာ ဘာဆက်စပ်မှုမှမရှိတော့ဘူး"

တည်ငြိမ်နေသော ယဲ့ရှီဝမ်၏ ကိုယ်ဟန်သည် ထိုအခိုက်အတန့်တွင် ရုတ်တရက် ကျိုးပျက်သွားခဲ့သည်။ နှစ်ပေါင်းများစွာ တင်းမာနေခဲ့သော အာရုံကြောများသည် ဟန်ကျားလင်း စကားဆုံးသည့်အချိန်တွင် ရုတ်တရက်ပြတ်တောက်သွားခဲ့သကဲ့သို့ ဖြစ်နေသည်။

ယဲ့ရှီဝမ် လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်သော စိတ်ဓာတ်ကျမှုနှင့် နောင်တရမှုတို့ ရုတ်တရက်ခံစားလိုက်ရသည်။

သူမ ဤမျှ ကြိုးစားအားထုတ်ကာ ဘဝကို ပြန်လည်ရှင်သန်စေခဲ့ပြီး ရှချန်းချန်းနှင့် နေရာလဲကာ သူမအောင်မြင်ခဲ့သော လမ်းကြောင်းအား ယူခဲ့သော်လည်း...

ရှချန်းချန်းနှင့် ဤမျှ တူအောင်လုပ်နေရသည့်တိုင် အဘယ်ကြောင့် ရှချန်းချန်းကသာ ပိုမိုပျော်ရွှင်စွာနေထိုင်နေပြီး သူမကိုယ်တိုင်မှာ ဆုံးရှုံးမှုအပြည့်နှင့် နောက်ဆုံး ပြန်လည်အဆင်ပြေနိုင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရသနည်း။

“ ဒါ မဖြစ်သင့်ဘူး”

သူမသည် ပြန်လည်မွေးဖွားလာသူ၊ အယောက်တစ်သန်းထဲမှ တစ်ယောက်၊ ဤ ကမ္ဘာကြီး၏ အချစ်တော်ဖြစ်သည်။

အဘယ်ကြောင့် အရာရာသည် ယခင်ဘဝက အတိုင်းဖြစ်နေပြီး ရှချန်းချန်းကသာ အောင်နိုင်သူ ဖြစ်နေရသနည်း။

ယဲ့ရှီဝမ်၏ မျက်လုံးများသည် ထူးဆန်းစွာ သွေးများဖြင့် ဝေဝါးကုန်ပြီး မျက်လုံးများ ဖောင်းထွက်လုနီးပါး ဖြစ်နေသည်။ သူမ၏ လက်ချောင်းများသည် ဆိုဖာအခင်းအား ကုတ်ဖဲ့နေပြီး သပ်ရပ်စွာ တပ်ဆင်ထားသော ကြွေလက်သည်းများဖြင့် အခင်းကို ပေါက်ပြဲလုနီးပါး ကုတ်ခြစ်နေသည်။

"လိမ်ညာသူများကိုဖော်ထုတ်သူ" မရှိပါက သူမသည် တရားမဝင်သမီး ဖြစ်ကြောင်းနှင့် အငှားကိုယ်ဝန်ဆောင်ခိုင်းမှု အဘယ်သို့ ဖော်ထုတ်ခံရမည်နည်း။ဖျော်ဖြေရေးနယ်ပယ်တွင် မည်ကဲ့သို့ ရပ်တည်ရမည်နည်း။

"လိမ်ညာသူများကိုဖော်ထုတ်သူ" မရှိပါက ဖန်စစ်ဟန်သည် ဤမျှတိုက်ဆိုင်စွာ သူမ၏ မုန့်ရှင်းအား ဖမ်းဆီးရန် အကြံအစည်ကို အဘယ်သို့ ဖျက်ဆီးနိုင်မည်နည်း။ ထို့အပြင် ဤမျှတိုက်ဆိုင်စွာ သူမ၏ ကလေးကို သတ်လိုက်နိုင်မည်နည်။

အရာရာတိုင်းသည် "လိမ်ညာသူများကိုဖော်ထုတ်သူ" ၏ အမှားပင်ဖြစ်သည်။

ဟန်ကျားလင်းမှ ယဲ့ရှီဝမ်နှင့် ရဲ့လျူဖန်းတို့အား အိမ်ယာမှ မောင်းထုတ်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ အတွေးတစ်ခုသာရှိသည်။

"လိမ်ညာသူများကိုဖော်ထုတ်သူ" သည် သူမ၏ ယခုအခြေအနေအတွက် တာဝန်ရှိသည်။ သူမ ငရဲသို့ ရောက်လျှင် “လိမ်ညာသူများကိုဖော်ထုတ်သူ" ကိုပါ ငရဲသို့ ဆွဲခေါ်သွားမည်ဖြစ်သည်။

ဟန်မိသားစု၏ အမွေဆက်ခံမည်သူ ဆုံးပါးသွားသည့်သတင်းအား ပါပါရာဇီအချို့မှ လျှို့ဝှက်ဓာတ်ပုံရိုက်ယူကာ အွန်လိုင်းပေါ်တွင် ဖြန့်ခဲ့သည်။

ဤမမျှော်လင့်သည့်အဖြစ်အပျက်ကြောင့် လူအများ နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲခဲ့ကြသည်။

[ ယဲ့ရှီဝမ် ဘယ်လောက်ပဲ အမှားလုပ်ခဲ့ပါစေ ကလေးကတော့ အပြစ်မဲ့ပါတယ်ကွာ ]

[ မွေးမလာတော့မဲ့ ကလေးလေးရယ်၊ မင်းအတွက် ဝမ်းနည်းနာကျင်ရပါတယ် ]

[ မုန့်ရှင်းက အရမ်းသနားစရာကောင်းတယ်၊ အငှား ကိုယ်ဝန်ဆောင်မိခင် ဆိုပေမဲ့လဲ ၇ လ လွယ်ထားရတဲ့ ကလေးအတွက် ခံစားချက်ရှိမှာပဲ ]

[ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တာဆိုရင်တော့ ယဲ့ရှီဝမ်ကိုပဲ အပြစ်တင်၊ အဲမိန်းမက မုန့်ရှင်းကို ဖမ်းပြီး ကလေးခိုးဖို့ ကြိုးစားခဲ့တာ၊ ဖန်စစ်ဟန်နဲ့ တွေ့ခဲ့ရတာက သူကံဆိုးတာပဲ၊ ဒါတွေအားလုံးက သူ့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ မဟုတ်ဘူးလား ]

[ မုန့်ရှင်းနဲ့ ကလေးလေးက အရမ်းးကို အပြစ်မဲ့ပါတယ် ]

[ ဟန်မိသားစုအနေနဲ့ မုန့်ရှင်းကို ပြေလည်အောင် ဆောင်ရွက်ပေးပါစေ၊ ဖြစ်ခဲ့တဲ့ကိစ္စတွေက ကိုယ်ဝန်ဆောင်မိခင်အတွက်လည်း မလွယ်ကူပါဘူး ]

...

အင်ပါယာ သစ်တောဥ‌ယျာဥ်တွင် ရှချန်းချန်းသည် မုန့်ရှင်း ကိုယ်ဝန်ပျက်ကျသည့် သတင်းအား သိရှိခဲ့ရသည်။

သူမသည် မနေ့ညက မွေးနေ့ပွဲပြီးနောက် အင်ပါယာသစ်တောဥယျာဉ်သို့ ပြန်လာခဲ့ပြီး ဖန်စစ်ဟန် အဖမ်းခံရသည့် သတင်းအား စောင့်မျှော်နေခဲ့သည်။ ထိုသတင်း မရရှိမီတွင် ဟန်မိသားစုအပေါ် အဖြစ်ဆိုးကြီး ကျရောက်ခဲ့သည်။

သူမ စိတ်ထဲတွင် ဝမ်းနည်းမှုတစ်စ ဖြစ်လာခဲ့သည်။

ယဲ့ရှီဝမ်သည် ချမ်းသာသောမိသားစုထဲသို့ ဝင်ရောက်ရန် မကောင်းသောအမှုများစွာ ပြုလုပ်ခဲ့သော်လည်း မုန့်ရှင်းနှင့် ကလေးသည် အပြစ်မဲ့ပင်ဖြစ်သည်။

ရှဲ့ကျစ်ရှင်း သည် အင်ပါယာသစ်တောဥယျာဉ်သို့ ပြန်ရောက်လာပြီး ရှချန်းချင်းအား ကြမ်းပြင်မှ အမိုးအထိ မှန်ကာထားသော ပြတင်းပေါက်ရှေ့ရှိ ဆိုဖာပေါ်တွင် ပြင်ပရှိ အခြေအနေအား ငေးငိုင််နေသည်ကို တွေ့ရှိခဲ့သည်။

ပြင်ပတွင် လှပသော ဥယျာဉ်ကလေးရှိသော်လည်း ရာသီဥတုမှာ သာယာမှုမရှိဘဲ အနည်းငယ် မှောင်မည်းနေကာ ဥယျာဉ်၏ အလှကို မှေးမှိန်နေစေသည်။

ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း၏ ဘေးတွင် ထိုင်ကာ သူမအား ဖက်ထားလိုက်သည်။

ရှချန်းချန်း သည် ရှဲ့ကျစ်ရှင်းအား မျက်နှာမော့ကြည့်ကာ အားနည်းသော အပြုံးဖြင့်

"မင်း ပြန်လာပြီလား"

ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်း၏ နှာခေါင်းအား နူးညံ့စွာ ဆွဲညှစ်လိုက်ကာ

"မုန့်ရှင်းကြောင့် ဝမ်းနည်းနေတာလား"

ရှချန်းချန်း သည် ခေါင်းငုံ့ကာ ဘာမျှမပြောခဲ့ပေ။

ရှဲ့ကျစ်ရှင်း မျှော်လင့်ချက်ကင်းစွာ သက်ပြင်းချလျက်

"မင်းဒီလိုဖြစ်မှာသိခဲ့ရင် ကိုယ် ပိုစောပြီး ပြန်လာခဲ့သင့်တာ"

"မုန့်ရှင်းနဲ့ ကလေး နှစ်ယောက်လုံးက အဆင်ပြေနေပါပြီ"

ရှချန်းချန်းသည် ငေးငိုင််သွားပြီး ရှဲ့ကျစ်ရှင်းအား မျက်လုံးပြူးပြူးနှင့် မယုံနိုင်စရာကြည့်လိုက်သည်။

"ကိုယ့်လူတွေကို စုံစမ်းခိုင်းလိုက်တာ မုန့်ရှင်းကို ဟန်အုပ်စုရဲ့ အမည်ခံ သီးသန့်ဆေးရုံဆီ ပြောင်းထားတယ်၊ သန္ဓေသားလေးက မုန့်ရှင်းဗိုက်ထဲမှာ အေးအေးဆေးဆေးရှိနေဆဲပါပဲ၊ မိခင်ရော ကလေးပါ ဘေးကင်းတယ်၊ ဟန်မိသားစုက ယဲ့ရှီဝမ်ကို ကလေးနဲ့ ပက်သပ်ပြီး ဟန်မိသားစုထဲ မဝင်နိုင်အောင် ဒီသတင်းကို တမင်ဖြန့်ခဲ့တာနေမှာ”

"ဒါပေမဲ့ သူတို့ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

ရှဲ့ကျစ်ရှင်း ဆက်မပြောတော့သော်လည်း ရှချန်းချန်း နားလည်သွားသည်။ ဟန်ကျားလင်းသည် မူရင်းဇာတ်ကောင်အား စိတ်မကောင်းစရာကောင်းလောက်အောင် သံယောဇဉ်ကြီးမားသူဖြစ်ပြီး၊ ရှချန်းချန်းသည် ယဲ့ရှီဝမ် နှင့် ကလေးကြောင့် သူနှင့်အတူမရှိခြင်းဟု အမြဲထင်နေခဲ့သည်။

ထို့ကြောင့် သူသည် ရှချန်းချန်းအား ပြောပြရန် ကလေးပျက်ကျသည့် မှားယွင်းသောသတင်းကို တမင် ဖြန့်ခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ အေးစက်စိုးမိုးတတ်သော ဥက္ကဌဖြစ်နေဆဲဖြစ်ပြီး သူတို့နှစ်ဦးတွင် အသစ်တစ်ဖန် စတင်ခွင့်ရှိနိုင်ကြောင်း ယုံကြည်နေသည်။

သို့သော် သူ သိရှိမထားသည်မှာ ရှချန်းချန်း သူ့အား မနှစ်သက်ခြင်းမှာ အကြောင်းရင်းမရှိဘဲ ရိုးရိုးလေးပင် ဖြစ်သည်။ ရှချန်းချန်း သည် မူရင်းဇာတ်ကောင်မဟုတ်သဖြင့် မူရင်းဇာတ်ကောင်ကဲ့သို့ သူ့အား နှစ်သက်မည်မဟုတ်ပေ။

ရှချန်းချန်း နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။

စာအုပ်ထဲတွင် ဟန်ကျားလင်း နှင့် မူရင်းဇာတ်ကောင်၏ အတိတ်အား အသေးစိတ် မဖော်ပြထားသော်လည်း ရှချန်းချန်း ဤကမ္ဘာသို့ ရောက်ရှိသည့်အချိန်မှစ၍ မူရင်းဇာတ်ကောင်နှင့် ဟန်ကျားလင်း တို့သည် အဆုံးသတ်ဆိုးဖြင့်သာ ရှိမည်ကို သိထားသည်။

နှစ်ရက်ခန့် အနားယူပြီးနောက် ရှချန်းချန်း သည် အရာရှိကျောက်နှင့် တွေ့ဆုံရန် သွားခဲ့သည်။

ကော်ဖီဆိုင်တွင် အရာရှိကျောက်သည် ယုံကြည်မှု မြင့်မားနေသည်။ မကြာသေးမီက အကြီးစား အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပြီး ၎င်းတို့သည် သူ့အတွက် KPI များစွာ ထပ်ပေါင်းထည့်ပေးနိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် စကားပြောသည့်အခါ နှုတ်ခမ်းထောင့်များ မြင့်တက်နေသည်။

"ဖန်စစ်ဟန် အစတုန်းက မူးယစ်ဆေးသုံးစွဲကြောင်း ငြင်းဆန်ခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ ဗီဒီယိုအထောက်အထားတွေ မူးယစ်ဆေး ရောင်းစားသူနဲ့ ချီယွီ တို့ရဲ့ သက်သေခံချက်တွေကြောင့် ဖန်စစ်ဟန် အနေနဲ့ ငြင်းဆိုဖို့ မဖြစ်နိုင်တော့ဘူး၊ သူက လူဆိုးတွေကို လာဘ်ထိုးပြီး ချီယွီကို သတ်ဖို့ စီစဉ်ခဲ့တာကိုလည်း ဝန်ခံတယ်၊ မူးယစ်ဆေးထိန်းချုပ်ရေးတပ်ဖွဲ့က အရမ်း ဝမ်းသာနေကြတယ်၊ အရာရှိမော့ကတောင် မင်းကို ကျေးဇူးတင်ဖို့ ပြောလိုက်သေးတယ်”

အရာရှိမော့သည် ယခင်က ယွမ်ဟန် ဟိုတယ်တွင် ဖန်စစ်ဟန်အား မဖမ်းနိုင်ခဲ့ပေ။ ထို့နောက် လူစိမ်းတစ်ဦးရှေ့တွင် ဖန်စစ်ဟန်ကို လွှတ်ပေးခဲ့ရသည့်အတွက် အထက်လူကြီးများထံမှ အပြစ်တင်ခြင်း ခံခဲ့ရသည်။ ဤအကြိမ်တွင် အရာရှိကျောက်သည် ဖန်စစ်ဟန်အား ဖမ်းစဉ် အရာရှိ‌မော့အား ခေါ်ခဲ့ပြီး သူ၏ ရှုံးနိမ့်မှု အရှက်အား ပယ်ပျောက်စေခဲ့သည်။

"ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာမှာပဲ သောင်တင်နေပြီ"

အရာရှိကျောက်သည် သက်ပြင်းချကာ

"လော့ဟိန် ရဲ့ နေရပ်လိပ်စာကို ဖန်စစ်ဟန် ဆီကနေ ရဖို့ နည်းလမ်းမရှိဘူး”

လော့ဟိန် သည် မူးယစ်ဆေးရောင်းဝယ်သူအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် ရွှီချဲ နှင့် ဖန်စစ်ဟန် ဆိုသည်မှာ ငါးစာလေးတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ဆိုးရွားသည်မှာ ရဲများသည် လော့ဟိန် ၏ တည်နေရာကို ရှာဖွေနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

လော့ဟိန် တွင် ဆွေမျိုးများ မရှိပေ။

သူသည် အိမ်ထောင်မပြုရသေးသလို သားသမီးလည်း မရှိပေ။

ငွေကြေးနှင့် အာဏာအတွက်သာ အသက်ရှင်နေဟန် ရှိသည်။

အရာရှိကျောက် သက်ပြင်းချလိုက်သည်၊

"မင်းကြည့်၊ ဖန်စစ်ဟန်လို မူးယစ်ဆေးစွဲသူကို မူးယစ်ဆေးနဲ့မြှားပြီး ထောင်ချောက်ဆင်လို့ရတယ်၊ ဒါပေမဲ့ လော့ဟိန် မှာတော့ ဘာအလိုဆန္ဒမှမရှိဘူး၊ ဒီလို ဘာမှမရှိတဲ့သူက ပုန်းကွယ်နေမယ်ဆိုရင် သူ့ကိုရှာဖို့ တကယ်ခက်တော့တာပဲ”

ရှချန်းချန်း သေချာစဉ်းစားကြည့်သည်။

အရာရှိကျောက် ပြောသည့်အတိုင်း လူသားတိုင်းတွင် အာသီသနှင့် စွဲလန်းမှုများ ရှိကြသည်။ ဆန္ဒတိုင်းတွင် အားနည်းချက် ရှိစမြဲဖြစ်သည်။

သို့သော် လော့ဟိန် ၏ ဆန္ဒများမှာ အာဏာနှင့် ငွေကြေးသာဖြစ်နိုင်ပြီး ထိုအရာများဖြင့် လော့ဟိန်အား ထောင်ချောက်ဆင်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ရုတ်တရက် ရှချန်းချန်း စိတ်ထဲ အလင်းဓာတ်တစ်ခုဝင်လာကာ မျက်လုံးများ လင်းလက်သွားသည်။

"လော့ဟိန်ကို ထွက်လာအောင် ဘာသုံးရမလဲ ကျွန်မသိပြီ”

အရာရှိကျောက် ဝမ်းသာစွာမေးလိုက်သည်၊

"ဘာလဲ"

ရှချန်းချန်းသည် လှည့်ကွက်ပါသော အပြုံးဖြင့် ပြောလိုက်သည်၊

"လော့ဟိန် မှာ လိုအင်ဆန္ဒနဲ့ တောင်းဆိုမှုတွေ မရှိရင်တောင် သူ့ဆီမှာ အငြှိုးအတေးတွေတော့ရှိတယ်”

"သူက 'လိမ်ညာသူများကိုဖော်ထုတ်သူ' ကို မုန်းတယ်၊ ဆိုလိုတာက သူ ကျွန်မကို မုန်းတယ်”

"ဆိုတော့ ကျွန်မက သူ့အတွက် အကောင်းဆုံး ထောင်ချောက်တစ်ခုပဲ"

---

လသည် ကောင်းကင်ယံတွင် ထိန်ခင်းနေပြီး ညသည် အေးမြလှသည်။

မှောင်နေသော ကွန်ပျူတာအခန်းထဲမှ ကီးဘုတ်ခေါက်သံများ ကြားနေရသည်။

အမျိုးစားတစ်ဦးသည် ကွန်ပျူတာရှေ့တွင် ထိုင်နေကာ အမြန်နှုန်းဖြင့် စာရိုက်နေသည်။ ဖန်သားပြင်ပေါ်တွင် ကုဒ်များ တစ်ချောင်းပြီး တစ်ချောင်း ပေါ်နေသည်။ ထိုယောက်ျားသည် မယုံနိုင်လောက်အောင် မြန်ဆန်စွာ စာရိုက်နေပြီး ကုဒ်များလည်း အလားတူမြန်ဆန်စွာ ပေါ်လာကာ မျက်စိနှင့် လိုက်မမှီနိုင်အောင် ဖြစ်နေသည်။

ရှယုံဒယ် နှင့် လော့ဟိန် တို့သည် ထိုယောက်ျား၏ နောက်တွင် ရပ်နေကြပြီး ဖန်သားပြင်အား စိုက်ကြည့်နေကြသည်။

"ဘာဖြစ်လို့ မပြင်နိုင်သေးတာလဲ၊ ဖျက်ထားတဲ့ဖိုင်တွေ ပြန်ပြင်တဲ့နေရာမှာ မင်း အရမ်းကျွမ်းတာလို့ ပြောခဲ့တာမလား"

လော့ဟိန် သည်းမခံနိုင်တော့ဘဲ တွန်းအားပေး မေးမြန်းလိုက်သည်။

ကီးဘုတ် ရိုက်နေသူမှာ ကွန်ပျူတာ ဟက်ကာတစ်ဦးဖြစ်ပြီး လော့ဟိန်ပြောသည့်စကား ကြားလိုက်ရသောအခါ နဖူးတွန့်သွားသည်။

"ဗီဒီယိုက အရမ်းကို သေသေသပ်သပ် ဖြတ်ထားတာ ပြန်ပြင်လို့ရတာပဲ ကျေးဇူးတင်၊ မဟုတ်ရင်လည်း မင်းကိုယ်တိုင် တစ်ခြားဟက်ကာရှာပါလား၊ ကျွန်တော့်လောက် မြန်မြန်ပြင်နိုင်မယ်တော့ မထင်ဘူး”

လော့ဟိန်သည် နှုတ်ပိတ်နေရန် မလွယ်ကူပေ။

သူသည် ဘေးနားရှိ ရှယုံဒယ် အပေါ် ဒေါသပုံချကာ

"ရှယုံဒယ်၊ ဒီဗီဒီယိုထဲမှာ 'လိမ်ညာသူများကို ဖော်ထုတ်သူ’ ရှိတယ်ဆိုတာ သေချာလား၊ မင်း အထင်မှားနေတာမျိုး‌ကော မဖြစ်နိုင်ဘူးလား"

ရှယုံဒယ် သည် နဖူးတွန့်ကာ အသံနိမ့်နိမ့်ဖြင့်

"မကြာသေးခင်က စီးပွားရေးဆွေးနွေးပွဲမှာ ဖန်စစ်ယွမ် နဲ့ တွေ့ခဲ့တယ်၊ သူ့အဖွား မွေးနေ့ပွဲတုန်းက 'လိမ်ညာသူများကိုဖော်ထုတ်သူ’ ကို မြင်ခဲ့တယ်လို့ သူကိုယ်တိုင် ပြောခဲ့တာ၊ သူကမင်းကိုလှည့်စားတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့ ကြိုးစားကြည့်သင့်တယ်၊ မဟုတ်ရင် 'လိမ်ညာသူများကိုဖော်ထုတ်သူ’ ကိုရှာဖို့ မင်းမှာ ပိုကောင်းတဲ့နည်းလမ်း ရှိလား "

လော့ဟိန် တိတ်ဆိတ်နေခဲ့သည်။ အကယ်၍ သူသည် 'လိမ်ညာသူများကိုဖော်ထုတ်သူ’ အား ရှာနိုင်ခဲ့မည်ဆိုလျှင် ဤဉာဏ်ရည်မမှီသော Marketing account အား ဖျက်စီးပြစ်ခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့် ယခုအချိန်ထိ စောင့်ဆိုင်းနေရမည်နည်း။

ချက်ချင်းပင် မွေးနေ့ပွဲဗီဒီယိုအား ပြန်သတိရမိသော လော့ဟိန် သည် ပြန်လည်ရယ်မောလိုက်သည်။

“ဖန်စစ်ယွမ်တို့ အိမ်ရဲ့မွေးနေ့ပွဲမှာ လူအများကြီးရှိတာ ဘယ်လိုခွဲရှာမှာလဲ"

"မကူညီရင်နေ လှောင်ပြောင်နေတာတွေ ရပ်စမ်းပါ”

ရှယုံဒယ် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။

“’လိမ်ညာသူများကိုဖော်ထုတ်သူ’ ကို ရှာချင်တယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တာပဲလေ "

"ယောက်ျားကြီးနှစ်ယောက်ဖြစ်ပြီး ဘာတွေငြင်းကြနေတာလဲ "

ကွန်ပျူတာရှေ့မှ ဟက်ကာ နားကုတ်လိုက်သည်။

"ကင်မရာထဲက စီထားတဲ့ဗီဒီယိုကို ကျွန်တော်ပြန်ပြင်ပြီးပြီ "

လော့ဟိန် နှင့် ရှယုံဒယ် မြန်မြန် သွားကြည့်ကြသည်။

ဗီဒီယိုသည် ရှင်းလင်းခြင်းမရှိသော်လည်း။ ဖန်စစ်ယွမ် ဝတ်ထားသည့် ထင်ရှားသော ငွေရောင်တောက်နေသည့် မီးခိုးရောင်ဝတ်စုံအား မြင်ရရန် မခက်ခဲပေ။ ပွဲတစ်လျှောက်လုံး သူ၏လှုပ်ရှားမှုများအား လိုက်ကြည့်လျှင် ဖန်စစ်ယွမ် သည် ဧည့်သည်များကို ကြိုဆိုခြင်းနှင့် တခါတရံ ဝိတ်တာများကို အမိန့်ပေးခြင်းမှလွဲ၍ ထူးထူးခြားခြား တခြားလည်း မပြုလုပ်ခဲ့ဟန် ရှိသည်။

နောက်ပိုင်းဗီဒီယိုအထိ ဆက်ကြည့်ကြသောအခါ ဖန်စစ်ယွမ် သည် ဖန်မိသားစုအိမ်ကြီး၏ ဝင်ပေါက်တွင် ဧည့်သည်အမျိုးသမီးတစ်ဦးနှင့် ရပ်နေခဲ့သည်။

လော့ဟိန်နှင့် ရှယုံဒယ်တို့ နှစ်ယောက်သား မျက်လုံးများ ပြူးသွားကြသည်။

သူသည် ထိုအမျိုးသမီးအား ဧည့်ကြိုတွင် ရပ်တန့်စကားပြောခဲ့သည် သာမက စာကြည့်တိုက်ခန်းထဲသို့ပါ ဖိတ်ခေါ်ခဲ့သည်။

စာကြည့်တိုက်ခန်းအတွင်း ဘာဆွေးနွေးခဲ့သည်ကို လော့ဟိန် နှင့် ရှယုံဒယ် မသိနိုင်ကြပေ။

သို့သော် ဟက်ကာသည် အမျိုးသမီးဧည့်သည်၏ ရှုထောင့်များအား ခွဲခြမ်းစိတ်ဖြာ ပြလိုက်သောအခါ လော့ဟိန် နှင့် ရှယုံဒယ် သည် သူမ၏မျက်နှာအား မြင်လိုက်ရသည်။

ရှချန်းချန်း!

ထိုအချိန်တွင် ရှယုံဒယ် နှင့် လော့ဟိန် နှစ်ယောက်လုံး အသက်ရှုမှားသွားကြသည်။ သူတို့၏မျက်လုံးများ ပြူးကျယ်သွားပြီး အငြိုးများဖြင့် ပြည့်လျှံသွားကြသည်။

ဤအဖြေသည် မျှော်လင့်မထားသော်လည်း အလွန်ယုတ္တိရှိလှသည်။

ရှေးယခင်ကတည်းက ရဲ့လျူဖန်း သည် ရှယုံဒယ်အား တမင် လမ်းမှားရောက်အောင်လုပ်ခဲ့ပြီး ရှချန်းချန်း သည် 'လိမ်ညာသူများကိုဖော်ထုတ်သူ’ ဖြစ်သည်ဟု ယုံကြည်စေခဲ့ဖူးသည်။

သို့သော် ထိုစဉ်က ရှယုံဒယ်သည် ရှချန်းချန်းတွင် ထိုသို့ ပြုလုပ်နိုင်လောက်မည့်ဉာဏ် ရှိမည်ဟု မထင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မင်းသမီးရူး ရောဂါလက္ခဏာ ခံစားနေရဟန်ရှိပြီး ရှယုံဒယ်၏ ခြယ်လှယ်ခြင်းခံရကာ တဖြည်းဖြည်း သူမ၏မိခင် ချန်ထားခဲ့သော မိသားစုပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခံခဲ့ရကာ ချမ်းသာသည့် မိန်းကလေးတစ်ဦးမှာ 'လိမ်ညာသူများကိုဖော်ထုတ်သူ’ ဖြစ်နိုင်မည်ဟု မထင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ထို ချမ်းသာသော မိန်းကလေးသည် သူ့အား ယခင်က ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ကြသော လူအများရှေ့မှောက်တွင် ရှပိုင်လု၏ အိမ်ကို ပြန်လည်ရယူခဲ့ပြီး ရှအုပ်စု၏ ရှယ်ယာ ၃၀% ကိုပါ ပြန်လည်ရယူခဲ့သည်။

ဒါဆို... ရှချန်းချန်း အရင်က လုပ်ခဲ့တဲ့ အကျိုးမဲ့ပြီး အလုပ်မဟုတ်တာတွေက ရည်ရွယ်ချက်ရှိရှိလား သူ့ကို အာရုံလွှဲ ချောက်ချဖို့ လုပ်ခဲ့တာလား။

ရှယုံဒယ်သည် အလွန်ဒေါသထွက်ပြီး သွေးကြောများ ထောင်တက်ကာ စားပွဲပေါ်သို့ လက်သီးနှင့် အပြင်းအထန် ရိုက်ချလိုက်သည်။

ဘေးနားရှိ ဟက်ကာ ချောက်ချားသွားပြီး

"ဒါ ကျွန်တော့်စားပွဲ ပြန်လျှော်ပေးရမှာနော်"

ရှယုံဒယ် ဟက်ကာအား ပြန်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အဆုံးမရှိသော အငြိုးများနှင့် ချမ်းစိမ့်စေသည့် ခံစားချက်များ ပြည့်နေသည်။

ဟက်ကာသည် ကြောက်လန့်သွားပြီး နှုတ်ပိတ်သွားရသည်။

"ရှချန်းချန်း သာဖြစ်မယ်ဆိုရင် ဒါတွေ အားလုံး အဓိပ္ပာယ်ရှိလာမှာပဲ "

လော့ဟိန် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။

ယခင်ကဖြစ်ခဲ့သော သင်္ဘောပေါ်တွင် အမျိုးသမီးများအား ရောင်းစားသည့် ဖြစ်ရပ်တွင် မိန်းကလေး ကိုးယောက်ရှိသင့်သည်။

လော့ဟိန်၏ လုပ်ငန်းမှာ ဤသို့ဖြစ်သည်။ အကယ်၍ စီးပွားရေးသမား ရှစ်ယောက်တောင်းဆိုမည်ဆိုလျှင် သူသည် မိန်းကလေး ကိုးယောက်ရှာမည်ဖြစ်သည်။၊ မတော်တဆ စီးပွားရေးသမားတစ်ယောက် ထပ်ရောက်လာခဲ့လျှင် (သို့မဟုတ်) မိန်းကလေး တစ်ယောက်ယောက်က လိုက်လျောညီထွေ မဖြစ်နိုင်ခဲ့လျှင် အရံအဖြစ်ထားရန် ဖြစ်သည်။

သို့သော် သင်္ဘောပေါ်တွင် အမျိုးသမီးများအား ရောင်းစားသည့် ဖြစ်ရပ်အပြီး ရဲများသည် ရောင်းစားခံရသည့် မိန်းကလေး အရေအတွက် ၈ ယောက်ဟု ကြေညာခဲ့သည်။

လော့ဟိန် သံသယဝင်ခဲ့သည်။ အကယ်၍ မိန်းကလေး ၈ ယောက်သာရှိမည်ဆိုလျှင် ရွှီချဲ အဘယ်ကြောင့် မပြောသနည်း။ မဟုတ်လျှင် ရွှီချဲ တစ်စုံတစ်ခုမှားယွင်းကာ တမင် ကွယ်ဝှက်ထားခဲ့လေလား။

ရဲများသည် ဖြစ်ခဲ့သမျှ အရာအားလုံးကို အမျိုးသမီး idol တစ်ယောက်ဖြစ်သူ စုန့်ယွီနင် အပေါ် ချီးကျုးပြခဲ့ကြသည်။ သို့သော်လည်း လော့ဟိန် သံသယဝင်နေဆဲဖြစ်သည်။

စုန့်ယွီနင်သည် သာမန် အနုပညာရှင် တစ်ယောက်သာ ဖြစ်သည်။ သူမကံကောင်းကာ အချိုရည် မသောက်မိခဲ့သည့်အပြင် 'လိမ်ညာသူများကို ဖော်ထုတ်သူ’ နှင့် ဆက်သွယ်ဖို့အထိ ဉာဏ်ကောင်းခဲ့သည်လား။

နောက်ပိုင်းတွင် လော့ဟိန်သည် Galaxy Girls လေ့ကျင့်ရေးစခန်းသို့ လူစေလွှတ်ကာ စုန့်ယွီနင်အား ဖမ်းဆီးစေခဲ့သည်။

သို့သော် စခန်း၌ လုံခြုံရေး အလွန် တင်းကျပ်ကာ ဝင်မရခဲ့သည့်အပြင် စုန့်ယွီနင် အနားကိုပင် ကပ်၍ မရခဲ့ပေ။

ထိုနောက်ပိုင်း လော့ဟိန်၏ မူးယစ်ဆေးဂိုဒေါင်အား 'လိမ်ညာသူများကို‌ ဖော်ထုတ်သူ’ ဖော်ထုတ်လိုက်သောကြောင့် စုံစမ်းစစ်ဆေးရန် ပိုခက်ခဲ့သွားခဲ့သည်။

သို့သော် အကယ်၍ ရှချန်းချန်း သာဖြစ်မည်ဆိုလျှင် အားလုံး အဓိပ္ပာယ် ရှိလာပေလိမ့်မည်။

သင်္ဘောပေါ်၌ မိန်းကလေး ကိုးယောက်ရှိခဲ့ရမည်။

ရွှီချဲသည် လူမှားဖမ်းမိ‌သောကြောင့် လော့ဟိန် ထံ အစီရင်ခံရန် မဝံ့မရဲဖြစ်ကာ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။

လိမ်ညာသူများကိုဖော်ထုတ်သူ၏ အတွေ့အကြုံကြောင့်သာ မိန်းကလေးရှစ်ယောက် ကယ်တင်ခံခဲ့ရပြီး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

"ရှယုံဒယ် သူက ‘လိမ်ညာသူများကိုဖော်ထုတ်သူ’ ဖြစ်ရင်လည်း ဖြစ်ပါစေ"

လော့ဟိန်၏ မျက်နှာမှာ မှောင်မည်းသွားသည်။

"ဒီမိနိးမကို လုံးဝ အလွတ်မပေးဘူး"

လူတစ်ထောင် မှားသတ်မိခြင်းသည် လူတစ်ယောက်အား လွှတ်ပေးခြင်းထက် ပိုကောင်းသည်။

ရှယုံဒယ်၏ မျက်နှာသည်လည်း မှောင်မည်းသွားပြီး ရှချန်းချန်း အပေါ် အငြိုးများနှင့် ပြည့်နက်နေသည်။

" မပူနဲ့ ဒီတစ်ခါတော့ သူ့ကို လုံးဝအလွှတ် မပေးတော့ဘူး "

ထို့အပြင် ရှချန်းချန်း သေဆုံးသွားပါက သူမ၏ ဖခင်အမည်ခံဖြစ်သည့် ရှယုံဒယ် အနေဖြင့် သူမ ပိုင်ဆိုင်သည်များ အားလုံးကို အမွေဆက်ခံရမည် မဟုတ်လော။

အနည်းငယ် စွန့်စားရသော်လည်း ၎င်းသည် ရှယုံဒယ် အတွက် အလွန် အမြတ်အစွန်းများသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

မလုပ်သင့်ဘူးလား။

---

တစ်ပတ်အကြာတွင် ရှချန်းချန်း သည် ရှယုံဒယ် ထံမှ အီးမေးလ်တစ်စောင် ရရှိခဲ့သည်။

ယခင်က ရှယုံဒယ်သည် ဆက်သွယ်ရန် နည်းလမ်းများ ပိတ်ထားခဲ့သောကြောင့် ရှယုံဒယ်သည် ရှထျန်ဟွာ မှတစ်ဆင့် ရှချန်းချန်းအား ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

အီးမေးလ်တွင် ရှယုံဒယ်သည် ရှချန်းချန်းမှာ အသက် ၂၄ နှစ်ပြည့်ပြီးဖြစ်ကာ ရှအုပ်စု၏ ရှယ်ယာ ၂၉%အား ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် ရှပိုင်လုချန်ထားခဲ့သော အရာများအားလုံးကို ပြန်လည်အပ်နှင်းရန် အချိန်တန်ပြီဖြစ်ကြောင်း ရှင်းပြထားသည်။

၎င်းတွင် အခြေခံ အိမ်ခြံမြေ၊ ရတနာများနှင့် ရှေးဟောင်းပစ္စည်းများအပြင် ရှပိုင်လု၏ ကိုယ်ပိုင်ပစ္စည်းများလည်း ပါဝင်သည်။

ရှယုံဒယ်၏ အမြင်တွင် ရှချန်းချန်း သည် ရှအုပ်စု၏ ရှယ်ယာ ၂၉% ပိုင်ဆိုင်ထားပြီး ရှပိုင်လု ချန်ထားခဲ့သော အခြေခံအိမ်ခြံမြေနှင့် ရတနာများသည် သူမ၏စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ဟု ထင်မှတ်ထားသည်။

သို့သော် ရှပိုင်လု၏ ကိုယ်ပိုင်ပစ္စည်းများကမူ သူမ၏ စိတ်ဝင်စားမှုအား မုချဖမ်းစားနိုင်သည်။

သို့သော် ရှယုံဒယ် မှားယွင်းနေသည်။

အခြေခံ အိမ်ခြံမြေနှင့် ရှေးဟောင်းရတနာများသည် ရှချန်းချန်း၏ မျက်လုံးများကို တောက်ပစေမည့် အရာများမဟုတ်လော။

သူမသည် လော့ဟိန်အား ထောင်ချောက်ဆင်ရန် မိမိကိုယ်ကိုယ် ပိုက်ကွန်အဖြစ် အသုံးပြုမည်ဟု စဉ်းစားထားစဉ် ရှယုံဒယ် ရှပိုင်လုထံမှ မြိုချထားသော ပစ္စည်းများအားလုံးကို အန်ထုတ်ရန် တွန်းအားပေးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ရှချန်းချန်း၏ မျက်လုံးများ တောက်ပလာသည်။

မမျှော်လင့်ထားတဲ့ အပိုဆုကြေးတစ်ခု။

အီးမေးလ်ရရှိသည့်နေ့တွင် ရှချန်းချန်းသည် ရှေးဟောင်းပုံစံ လက်တင် အနက်ရောင်ဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်ကာ သူမ၏အကြိုက်ဆုံး ပန်းရောင်ဖယ်ရီကား မောင်းနှင်၍ ရှယုံဒယ် သတ်မှတ်ပေးထားသော နေရာသို့ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားသည်။

ရှယုံဒယ်၏ အီးမေးလ်တွင် ရှပိုင်လု ပစ္စည်းအားလုံးသည် တောင်ကုန်းများကြားတွင် နက်ရှိုင်းစွာဝှက်ထားသော မြို့တော်မှဝေးကွာသည့် အိမ်ကြီးတစ်လုံးတွင် ရှိကြောင်း ဖော်ပြထားသည်။

ထိုအိမ်ကြီးသည် လှပသော ရှုခင်းများဖြင့် ဝန်းရံလျက်ရှိပြီး မြို့ကြီးများ၏ ဆူညံပွက်လော အသံများနှင့် ဝေးကွာကာ အကောင်းဆုံး တည်နေရာကို ပိုင်ဆိုင်ထားသည်။ တစ်ဝက်သည် ပင်လယ်ဘက်သို့ မျက်နှာမူလျက်ရှိပြီး ကျယ်ပြန့်သော ရှုခင်းရှိသည်။ ကြီးမားသော ဂေဟစနစ် စိုစွတ်သောဒေသဖြစ်ကာ သစ်တောအုပ်ကြီး ပတ်ရံထားပြီး အသိုက်အမြုံလုပ်ကာ မျိုးပွားနေကြသော ငှက်အုပ်ကြီးများကိုလည်း မကြာခဏ မြင်တွေ့နိုင်သည်။

တောင်ကုန်းလမ်းသည် တောင်စောင်းအား ဝိုင်းပတ်နေသော နဂါးကြီးတစ်ကောင်ကဲ့သို့ ကွေးညွှတ်လျက် တောင်လယ်ရှိ ခရီးပန်းတိုင်သို့ ရစ်ခွေကာ သွားနေသည်။

ပန်းရောင်ဖယ်ရီသည် သန့်ရှင်းသော တောတောင်များအလယ်တွင် တစ်ကွေ့တစ်ချိုက် ကွေ့ကာလှည့်ကာဖြင့် ခရီးဆက်နေသည်။

လမ်းတစ်လျှောက်တွင် ရှချန်းချန်း သည် အမျိုးမျိုးသော အမြန်နှုန်း ကန့်သတ်ချက် ဆိုင်းဘုတ်များနှင့် လမ်းကွေ့များအား မြင်တွေ့နိုင်ရန် ပြုလုပ်ထားသော မှန်လုံးများနှင့် ကြုံတွေ့ခဲ့ရသည်။ တစ်ချို့ ကွေးညွှတ်နေသော တောင်တက်လမ်းများသည် လက်တစ်ကမ်း အကွာရှိ ချောက်၏အစွန်းတွင် တည်ဆောက်ထားပြီး ကားကိုယ်ထည်သည် အောက်ခြေရှိ အသက်ကိုဂရုမစိုက်ဘဲ ကြီးမားသော အဖြူရောင်လှိုင်းကြီးများဖြင့် တိုက်ခတ်နေသည့် ပင်လယ်ကမ်းခြေနှင့် အကွာတွင် မောင်းနှင်နေသည်။

နောက်ဆုံးတွင် ဖယ်ရီကားလေးသည် တောင်လယ်ရှိ အိမ်ကြီးတစ်လုံးရှေ့တွင် ရပ်တန့်သွားခဲ့သည်။

အိမ်ကြီးကို ချောက်ကမ်းပါး တစ်ခုပေါ်တွင် တည်ဆောက်ထားပြီး အဆောက်အဦး၏ သုံးပုံတစ်ပုံသည် အပြင်ဘက်သို့ ထိုးထွက်နေကာ အဆင့်ဆင့် တည်ဆောက်ထားသော ဒီဇိုင်းသည် အလွှာလိုက် ခံစားမှုအား ပေါင်းထည့်ပေးထားသည်။

အမြင့်ဆုံးအခန်းသည် အလုံးစုံကြည်လင်သော တစ်ဖက်သတ်မှန်ဖြင့် ဒီဇိုင်းပြုလုပ်ထားပြီး အဆုံးမရှိသော ပင်လယ်ပြင်ကြီးအား မျက်ဝါးထင်ထင် မြင်နိုင်သည်။

ရှယုံဒယ်သည် တောင်လယ်ရှိအိမ်ကြီး၏ တံခါးဝတွင် ရပ်နေကာ ရှချန်းချန်းအား စောင့်မျှော်နေသည်။

ရက်ပေါင်းများစွာ မတွေ့ရသည့်နောက် ရှချန်းချန်းသည် ရှယုံဒယ် အသက်အရွယ် အိုမင်းမှု ရှိလာသည်ဟု ခံစားရသည်။ သူသည် အသက် ငါးဆယ်ခန့်သာ ရှိသေးသော်လည်း သူ၏နားရွက်များအနီးတွင် ဆံပင်ဖြူ အနည်းငယ်ရှိနေသည်။

ရှချန်းချန်း ခေါင်းစောင်းကာ တွေးလိုက်သည်။

သူ ဆံပင်ဆေး ဆိုးထားတာများလား။

ရှယုံဒယ်သည် ရှချန်းချန်းအား မြင်လိုက်ရသောအခါ မျက်လုံးများတွင် အနည်းငယ်သာ မြင်နိုင်သော အငြိုးအတေး တစ်စွန်းတစ်ဆ လျှပ်တစ်ပြက်ထွက်လာသည်။ မျက်ရည်များသည် သူ့ပါးပြင်များပေါ်သို့ စီးဆင်းလာပြီး မျှော်လင့်တောင့်တသော အကြည့်ဖြင့် သူမကိုကြည့်နေသည်။

"ချန်းချန်း မင်းရောက်လာပြီလား၊ မင်း အဖေ့ကို ထပ်မတွေ့ချင်တော့ဘူးလို့ ထင်နေခဲ့တာ"

“တကယ်တော့ အဖေ့ကို မမြင်ချင်တော့ဘူး "

ရှချန်းချန်း မျှော်လင့်ချက် ကင်းစွာ ပြောလိုက်သည်။

"ကျွန်မ ဒီကိုလာတာက ကျွန်မ အမေရဲ့ပစ္စည်းတွေကို ကြည့်ဖို့၊ ရှင် ဒီလောက်ကြာအောင် သိမ်းဆည်းထားပြီးပြီပဲ ကျွန်မကို ပြန်ပေးသင့်ပြီ”

ရှယုံဒယ် အသက်ရှုရပ်သွားသည်။

သူ၏မျက်လုံးများ လျှပ်တစ်ပြက် တောက်လာကာ ရှချန်းချန်း အပေါ် ထားသော အငြိုးသည် ပိုမိုပြင်းထန်လာသည်။

ခဏအတွင်းမှာပင် သူ၏ မျက်နှာအမူအရာသည် ဖခင်တစ်ယောက်ကဲ့သို့ ပြန်လည် ပြောင်းလဲသွားသည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ဒါတွေက မင်းအမေရဲ့ပစ္စည်းတွေဆိုတော့ မင်းကို ပြန်ပေးသင့်တာပေါ့”

ရှယုံဒယ် သည် ရှချန်းချန်း ကို တောင်လယ်ရှိအိမ်ကြီးအတွင်းသို့ ခေါ်ဆောင်သွားသည်။

ရှချန်းချန်းသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။ အိမ်ကြီးသည် သန့်ရှင်းသော်လည်း လူသူကင်းမဲ့နေပြီး ကြာမြင့်စွာ နေထိုင်ခဲ့ခြင်းမရှိသည်မှာ ထင်ရှားသည်။

နှစ်ယောက်သား ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြသည်။ ရှယုံဒယ်သည် အသံတိုးတိုးဖြင့်

"ချန်းချန်း ယဲ့ရှီဝမ်ကြောင့် ငါ့အပေါ် အငြိုးထားတာ သိပါတယ်၊ ဒါပေမဲ့ ငါကမင်းအဖေပဲဆိုတာ မမေ့ပါနဲ့၊ သားအဖတွေပဲဟာ အငြိုးတွေ ဘာလို့ထားကြမှာလဲ "

အစေခံတစ်ဦး ရောက်ရှိလာပြီး လက်ဖက်ရည်နှစ်ခွက် ငှဲ့ပေးလေသည်။

ရှယုံဒယ်သည် ရှချန်းချန်း ရှေ့သို့ ခွက်တစ်ခွက် တွန်းလိုက်သည်၊

"ချန်းချန် ဒါကို မင်းအဖေရဲ့ တောင်းပန်မှု တစ်ခုအဖြစ် မှတ်ယူပါ၊ နောက်ထပ် ငါ့အပေါ် ဒေါသတွေ မထားပါနဲ့တော့ ရလား "

ရှချန်းချန်းသည် သူမရှေ့ရှိ လက်ဖက်ရည်နှစ်ခွက်အား လှမ်းကြည့်လိုက်သည်။

လက်ဖက်ရည်သည် ကြည်လင်ပြီး လက်ဖက်ရွက်အနည်းငယ် မျောနေသည်ကို တွေ့ရသည်။ ထူးခြားသော ပုံစံတစ်မျိုးကို ပေးလာသည်။

လက်ဖက်ရွက်များအပြင် လက်ဖက်ရည်ထဲတွင် အခြားဘာတွေပါနေမှန်း မသိရပေ။

ရှချန်းချန်း သည် ခွက်ကိုမယူဘဲ နှာခေါင်းရှုံ့ကာ

"ရှင် ကျွန်မ အမေရဲ့ပစ္စည်းတွေကို ငါ့ကို ပြန်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ပစ္စည်းတွေကဘယ်မှာလဲ"

ရှယုံဒယ် ရပ်တန့်သွားပြီး သူ၏ မျက်လုံးများသည် ရှချန်းချန်း၏ မျက်နှာအား စိုက်ကြည့်လာသည်။

ယခင် နာခံစိတ်ရှိသော မိန်းကလေးငယ်နှင့် အတူရှိစဉ်က၊ ရှချန်းချန်း သည် သူပြောသမျှ နာခံခဲ့သည်။

ယခုအခါ သူမသည် သတိထားနေပြီး သူပေးသော လက်ဖက်ရည်ကို သောက်ရန် ငြင်းဆန်နေသည်။ သူမသည် ‘လိမ်ညာသူများကိုဖော်ထုတ်သူ’ ဖြစ်နိုင်ခြေ ပိုများလာဟန် ရှိသည်။

"ပစ္စည်းအကုန်လုံးက အပေါ်ထပ်မှာ၊ မင်းအမေရဲ့ နေ့စဉ်မှတ်တမ်းလည်း အပါအဝင်ပဲ"

ရှချန်းချန်း တုန်လှုပ်သွားသည်။

"နေ့စဉ်မှတ်တမ်း”

ရှယုံဒယ် ကရုဏာသက်ဝင်စွာဖြင့်

"အဲထဲမှာ မင်းအကြောင်း အချက်အလက်တွေ အများကြီးပါတယ်၊ ပိုင်လုရဲ့ မင်းအပေါ် မေတ္တာအကြောင်း အားလုံးပါပဲ"

ရှယုံဒယ်သည် ရှချန်းချန်းအား တောင်လယ်ရှိ အိမ်ကြီး၏ အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားသည်။

၎င်းသည် ဝိုင်းပြားသောအခန်းဖြစ်ပြီး ပင်လယ်ကို မျက်နှာမူထားသော ဆယ်မီတာရှည်လျားသည့် ကြမ်းပြင်မှ အမိုးထိ မှန်အပြည့် ကာထားကာ အပြင်ဘက်ရှိ လှိုင်းများနှင့် စင်ရော်ငှက်များအား ခြုံငုံမြင်နိုင်သည်။

ရှယုံဒယ် သည် နံ့သာပေါင်း အနည်းငယ်ထွန်းညှိလျက် ရှချန်းချန်း အတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးကာ နေ့စဉ်မှတ်တမ်းစာအုပ်အား ရှချန်းချန်း ထံ ပေးလိုက်သည်။

"ချန်းချန်း ဖြည်းဖြည်းချင်းဖတ်ပါ၊ ငါအောက်ထပ်မှာ မင်းကိုစောင့်နေမယ်"

ရှယုံဒယ် ထွက်ခွာသွားပြီး နံ့သာပေါင်းခွက်ထဲမှ မီးခိုးများ တဖြည်းဖြည်းထွက်လာသည်။

ရှချန်းချန်း သည် အခန်းအား စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် ဆိုဖာပေါ် ထိုင်ကာ နေ့စဉ်မှတ်တမ်းအား ဖွင့်လိုက်သည်။

ရှပိုင်လု၏ နေ့စဉ်မှတ်တမ်းထဲတွင် မူရင်းဇာတ်ကောင်အား သူမပြောလိုသမျှ အားလုံး ပါဝင်သည်။

နေ့စဉ်မှတ်တမ်းထဲတွင် ရှပိုင်လု၏ မူရင်းဇာတ်ကောင်၏ အနာဂတ်အပေါ် မျှော်လင့်ချက်များ ပါဝင်သည်။ သူမသည် ဟာသအဖြစ် သူမအတွက် လက်ထပ်ခြင်းတစ်ခု ရှာဖွေပြီးကြောင်းနှင့် အလွန် သွယ်ဝိုက်သောနည်းဖြင့် သူတို့တွင် အခြား အနာဂတ်တစ်ခုရှိနိုင်ကြောင်း ဖော်ပြထားခဲ့သည်။

ရှန်ဟယ်နှင့်အတူ အနာဂတ်တစ်ခု။

ရှချန်းချန်းသည် နေ့စဉ်မှတ်တမ်းအား ကြည့်ရှုပြီး မျက်ရည်များ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။

နေ့စဉ်မှတ်တမ်းတစ်ခုလုံးသည် မိခင်မေတ္တာဖြင့် ပြည့်နှက်နေသည်။ ရှန်ဟယ်၏ သေဆုံးမှုမှစတင်ကာ မူရင်းဇာတ်ကောင် အသက်ခုနှစ်နှစ်အထိ မှတ်တမ်း တင်ထားသည်။

ရှပိုင်လုသည် မူရင်းဇာတ်ကောင်အား အမြဲတမ်း ချစ်မြတ်နိုးခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး အရာများကို သူမအား ပေးလိုခဲ့သည်။

ရှချန်းချန်း အနည်းငယ် နောင်တရမိသည်။

ရှယုံဒယ် ဤနေ့စဉ်မှတ်တမ်းကို သိမ်းထားခြင်း မရှိပါက မူရင်းဇာတ်ကောင်သည် ဤ အကြောင်းအရာများကို ပိုမိုစောစီးစွာ မြင်တွေ့ပြီး သူမသည် ဤကမ္ဘာမှ စွန့်ပစ်ခြင်း မခံခဲ့ရကြောင်း သိရှိခဲ့မည်ဆိုလျှင် သူမ သေခြင်းကို ရွေးချယ်ခဲ့မည် မဟုတ်ပေ။

၀မ်းနည်းဖွယ်ရာမှာ အချိန်လွန်ပြီး အတိတ်အား ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။

နေ့စဉ်မှတ်တမ်းထဲတွင် ရှပိုင်လုသည် ရှယုံဒယ်အားလည်း ဖော်ပြခဲ့သည်။ သူမသည် ရှယုံဒယ် နှင့် သူမတွင် လှပသော အနာဂတ်တစ်ခု ရှိလိုပြီး ရိုးရှင်းသော ဘဝကို အတူတကွ ဖြတ်သန်းလိုကြောင်း ရေးသားထားခဲ့သည်။ သို့သော် နောက်ပိုင်း စကားလုံးအချို့တွင် ရှယုံဒယ်သည် အပေါ်ယံသာဖြစ်ပြီး စိတ်ရင်းမဟုတ်ဟန် တင်စား ဖော်ပြခဲ့သည်။

အမှားအချို့သည် အစကတည်းက ဖြစ်ခဲ့ပြီး ဖြစ်ပြီး ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ပေ။

ရှချန်းချန်း နေ့စဉ်မှတ်တမ်းအား ပိတ်လိုက်သည်။

စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်အား ကြည့်ကာ နဖူးတွန့်သွားသည်။

ရှယုံဒယ်သည် သူမအား ဤလက်ဖက်ရည် သောက်စေလိုသည်မှာ လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ရာ ပါရှိမည်မှာ သေချာသည်။

သူမသည် လက်ဖက်ရည်ခွက်အား ကောက်ယူကာ ခွက်၏အစွန်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကြည်လင်သော လက်ဖက်ရည်၏ အရောင်သည် လှုပ်ရှား လှိုင်းထနေသည်။

ရှချန်းချန်း ခြေလက်အင်္ဂါများတွင် ပျော့ပျောင်းမှုနှင့် အားနည်းမှုကို ခံစားလ်ိုက်ရသည်။

နဖူးတွန့်သွားပြီး မျက်လုံးများသည် နံ့သာပေါင်းခွက်ပေါ်သို့ ကျရောက်သွားသည်။

အဲထဲမှာ... မူးယစ်ဆေး ပါနေတာလား။

ရှချန်းချန်းသည် နှုတ်ခမ်းအား သွေးထွက်သည့်တိုင် ကိုက်၍ အားခဲထားသော်လည်း နံ့သာပေါင်း၏ အာနိသင်ကို မခုခံနိုင်ခဲ့ပေ။

နောက်ဆုံးတွင် မျက်လုံးများဝေဝါးကာ သတိလစ်သွားခဲ့သည်။

All Chapters