← Chapters

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

Chapter 91

ညဉ့်နက်အချိန်တွင် အရာရှိကျောက်နှင့် သူ၏အဖွဲ့သည် ဘိုလီဟိုတယ်သို့ ရောက်ရှိလာကြသည်။

ထိုဟိုတယ်သည် ချိန်ပေ့ ဂိမ်းဆိုင်နှင့် ကျန်းချန်ပြည်သူ့လုံခြုံရေး အစိုးရဌာန (ရဲစခန်း) အကြားတွင် တည်ရှိသည်။ အရာရှိကျောက်သည် ဟိုတယ်သို့ ဦးစွာသွားရောက်ပြီးမှ လန်ချူကျွင်းနှင့် မစ္စတာဝမ်တို့အား ရဲစခန်းသို့ ပြန်လည်နှံရန် ဆုံးဖြတ်လိုက်သည်။

ယခင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဟိုတယ်ကြီးသည် ယခုအခါ လူသူထူထပ်ကာ ဆူညံနေသည်။

မန်နေဂျာ ယန်သည် ရှချန်းချန်း၏ အမိန့်အရ ဟိုတယ်ဝန်ထမ်းအားလုံး စုရုံးကာ အခြားသော ဧည့်သည်များအား ဝန်ဆောင်မှုပေးလျက် အရာရှိတင်းနှင့်အဖွဲ့ အတွက် ရဲတို့၏ စုံစမ်းစစ်ဆေးမှုအား အနှောင့်အယှက် မဖြစ်စေရန် သီးသန့်လမ်းတစ်ခု စီစဉ် ပေးထားသည်။

ရှုကျစ်ချင်းသည် ကုတ်အင်္ကျီ ဝတ်ဆင်ထားကာ ရှချန်းချန်းနှင့် စုန့်ယွီနင်တို့၏ စောင့်ရှောက်မှုဖြင့် ဟိုတယ်ဧည့်ခန်းမ အဝင်ဝသို့ ရောက်ရှိလာသည်။

သူမသည် လန်ချူကျွင်းအား ထိန်းသိမ်းထားသည့် အရာရှိကျောက်နှင့် ရင်ဆိုင်တွေ့လိုက်ရ၏။

ရှချန်းချန်းနှင့် အခြားသူများကို တွေ့မြင်လိုက်ရသောအခါ အရာရှိကျောက်၏ မျက်နှာအမူအရာသည် ရုတ်တရက် မှိုင်တွေသွားသည်။ သူသည် ချက်ချင်း ရှေ့သို့တိုး၍ တိုးတိတ်စွာ တစ်ခုခု ပြောလိုက်သည်။

"သူ့ကိုကာစီနိုမှာ ဖမ်းမိတာ ဒါပေမယ့် အဖမ်းမခံရခင် သူ တစ်ယောက်ယောက်စီကို ဖုန်းခေါ်လိုက်တယ်၊ အဲ ဖုန်းခေါ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် မသိဘူး၊ တစ်ခုခု သတင်းလွှင့်ခိုင်းလိုက်တာလို့ ထင်တာပဲ"

"သတင်းလွှင့်ခိုင်းတယ် "

စုန့်ယွီနင် အံ့အားသင့်သွားသည်။

ရှုကျစ်ချင်းသည် တစ်စုံတစ်ရာကို ရုတ်တရက် နားလည် သဘောပေါက်သွားပြီး လန်ချူကျွင်းအား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် တုန်ရီမှုများ ပါဝင်နေသည်။

"လန်ချူကျွင်း...မင်း ဘာသတင်းတွေ ပို့လိုက်တာလဲ”

"ဘာလဲ... ဘာထူးသေးလဲ"

လန်ချူကျွင်းသည် စကားပြောသည့် အချိန်ထိ လုံးဝ ရှက်ရွံ့ မျက်နှာပူနေခဲ့သော်လည်း ရှုကျစ်ချင်းအား မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏မျက်နှာပေါ်၌ ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"သေချာတာပေါ့...မင်းရဲ့ ဗီဒီယိုပေါ့၊ ဒီလိုကောင်းတဲ့အရာကို ငါတစ်ယောက်တည်း ဘယ်လို ခံစားရမှာလဲ၊ မင်းရဲ့ အရှက်တကွဲ အကျိုးနည်း မြင်ကွင်းကို လူတိုင်း မြင်စေချင်တယ်၊ အခုချိန်လောက်ဆို အဲဗီဒီယိုက အင်တာနက်ပေါ်မှာ ပျံ့နေလောက်ပြီ”

ရှုကျစ်ချင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နက်သွားပြီး သူမ၏ စိတ်ထဲ၌ ဗလာဖြစ်သွားသည်။

သူမ ဤအခြေအနေသို့ ရောက်ရှိခဲ့ရခြင်း၏ အကြောင်းရင်းမှာ လန်ချူကျွင်းနှင့် ဥက္ကဋ္ဌဝမ်တို့ကြောင့်ပင် ဖြစ်သည်။ ထိုဗီဒီယိုများ ပေါက်ကြားမည်ကို ကြောက်ရွံ့သည့်အတွက် ဥက္ကဋ္ဌဝမ်နှင့် ချစ်သူများအဖြစ် လိမ်လည် ပြောဆိုရသည်အထိ ပြုလုပ်ခဲ့ရသည်။

ထိုဗီဒီယိုများသည် ချစ်သူနှစ်ဦး ရိုးရိုးရှင်းရှင်း ချစ်တင်းနှောနေသည့် မြင်ကွင်းမျိုး ဖြစ်သော်လည်း ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဤသို့သော ဗီဒီယိုများ ပေါက်ကြားသွားသည့် မင်းသမီး (သို့မဟုတ်) အမျိုးသမီးတစ်ဦးသည် လှောင်ပြောင် ပြက်ရယ်ခံရခြင်းနှင့် မုန်းတီးခံရခြင်းတို့ကို မလွဲမသွေ ခံစားရလေ့ရှိသည်။ လူတို့သည် ဗီဒီယို၏ နောက်ကွယ်ရှိ ဖြစ်ရပ် အပြည့်အစုံအား နားလည်ရန် အချိန် မပေးတတ်ကြပေ

"ဘာကြောင့်လဲ" ဟု မေးမြန်းခြင်းထက် “ဒီမိန်းမက စျေးပေါလိုက်တာ ကာမစိတ်ပြင်းလိုက်တာ အခုလို ဗီဒီယို ရိုက်ခွင့်ပေးကတည်းက မိန်းမယုတ်ပဲ" ဟူ၍သာ အလွယ်တကူ စွပ်စွဲ ပြောဆို ကြတော့သည်။

လန်ချူကျွင်း ထိုဗီဒီယိုများ ဖြန့်လိုက်သည့် အချိန်မှစ၍ ရှုကျစ်ချင်းသည် သူမ၏ အသက်မွေးဝမ်းကြောင်းနှင့် အနာဂတ် ပြီးဆုံးသွားပြီဟု သိလိုက်ရသည်။

သူမသည် လန်ချူကျွင်းအား မျက်လုံးများ ပြူးကာ စိုက်ကြည့်လျက် စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း မေးလေ၏။

"လန်ချူကျွင်း...ဆိုတော့ နင်က အစကတည်းက... ငါ့ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူးလား၊ နင် ငါ့အပေါ် ကောင်းခဲ့တာတွေက ငါ့ကိုအသုံးချဖို့ ငါ့ကို နင့်ရဲ့ ငွေတွင်းကြီးတခုလို အသုံးချဖို့ သပ်သပ်ပဲလား”

" အဲတော့ ဘာဖြစ်လဲ၊ ငါက မင်းကို တကယ်ချစ်တာလို့ ယုံနေသေးတာလား”

လန်ချူကျွင်းသည် ရှုကျစ်ချင်းအား ပျော်ရွှင်စွာ သရော်သည့်ပုံဖြင့် ကြည့်လိုက်သည်။

"မင်းတို့ မိန်းကလေးတွေက တော်တော် ရူးကြတာပဲ၊ ချစ်ပါတယ် ကြိုက်ပါတယ် ဆိုတဲ့ကြောင်းပဲ အမြဲတွေးနေကြတာ၊ ငါနည်းနည်းလေး လှည့်ကွက်ဆင် လိုက်ရုံနဲ့ ငါ့ဆီ အပြေးလာကြတော့တာပဲ မဟုတ်ဘူးလား”

“လှည့်ကွက်"

ရှုကျစ်ချင်း၏ အသံထဲတွင် တုန်လှုပ်မှုများ ပါနေသည်။

"ဟုတ်လား ဘယ်လိုလှည့်ကွက်တွေလဲ"

အရာရှိကျောက်သည် လန်ချူကျွင်းအား အတင်းဖိထားသော်လည်း သူ၏ ဟန်ပန်အမူအရာမှာ ကယောင်ချောက်ချားနှင့် မျက်နှာ မော့ထားရန် ကြိုးစားနေသည်။

"ရှုကျစ်ချင်း... မင်းက ဖျော်ဖြေရေးလောကထဲမှာ ဒီလောက်နှစ်တွေ အကြာကြီးနေခဲ့တာတောင် ဘာလို့ အရမ်း တုံးအရတာလဲ၊ မင်းအပေါ်ကို ပုပ်ပုပ်ချွတ်ချွတ် ပြောနေတဲ့ အွန်လိုင်းက မှတ်ချက်တွေကို မင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်းဟောင်းတစ်ဦးရဲ့ လုပ်ရပ်တွေလို့ တကယ်ထင်နေခဲ့တာလား၊

ဟား..လုပ်စမ်းပါကွာ . သူက သာမန်အဆင့်ပဲရှိတဲ့ ငနဲလေးတစ်ကောင်ပါ၊ ဘယ်လိုလုပ်ပြီး အဲလောက် ပြင်းထန်တဲ့ သက်ရောက်မှုမျိုး လုပ်နိုင်မှာလဲ"

ရှုကျစ်ချင်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် လန်ချူကျွင်းအား စိုက်ကြည့်နေမိ၏။

လန်ချူကျွင်းက သရော်သည့် အပြုံးတစ်ချက်ဖြင့် ရယ်မောလိုက်ကာ

"မင်း ထင်နေတာ မှန်တယ်၊ အဲအွန်လိုင်းပေါ်မှာ မင်းကို အပုပ်ချနေတဲ့ မှတ်ချက်တွေ အကုန်လုံးက ငါလုပ်ခိုင်းခဲ့တာ ငါမီးစမွှေးပေးလိုက်တာပဲ၊ မင်းကို ပြည်သူတွေ ဝေဖန်တိုက်ခိုက်လာအောင် မင်း စိတ်ဓာတ်ကျပြီး ကြောက်လာအောင် ငါကိုယ်တိုင် ဦးဆောင်လုပ်ခဲ့တာ၊ အဲလိုလုပ်ပြီး မင်းစိတ်ဓာတ်ကျသွားမှ ငါက မင်းအနားကို ကပ်မယ်၊ အဲလိုလုပ်တော့ မင်းဆီကနေ ယုံကြည်မှုတွေ လွယ်လွယ်ကူကူ ရတယ်လေ၊ ဟုတ်တယ်မလား အနည်းဆုံးတော့ အဲရလဒ်တွေက အခုချိန်မှာ သက်သေပြနေတာပဲလေ၊ ငါ့အပေါ်မှာ ခံစားချက်တွေ ရှိသေးတယ်မလား၊ ဒါက ငါ့ရဲ့ လှည့်ကွက်တွေ ကောင်းတယ်ဆိုတာ သက်သေပြနေတာပဲလေ မဟုတ်ဘူးလား”

ရှုကျစ်ချင်း သွေးပျက်ကာ မျက်လုံးများ နီရဲနေပြီဖြစ်သည်။

လန်ချူကျွင်း ပြောလိုက်သည့် စကားလုံးတိုင်းသည် သူမ၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်လာသော ဆူးချွန် တစ်ချောင်းကဲ့သို့ ခံစားရစေသည်။

လန်ချူကျွင်း ပြောသည့်အတိုင်းပင်။ ယခုအချိန်ထိတိုင် ရှုကျစ်ချင်းတွင် သူ့အပေါ် ခံစားချက်တစ်ခု အိပ်မက်ငယ်တစ်ခု ကျန်ရှိနေသေးသည်။

သူမသည် သူတို့၏ အတိတ်ကာလရှိ ဖြစ်ရပ်များမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အရာများဖြစ်သည်ဟု ထင်မှတ်နေခဲ့သည်။

ယခု လန်ချူကျွင်းသည် ရွံစရာကောင်းသောလူ ဖြစ်နေပါစေ၊ အတိတ်ကာလတွင် သူမ၏ နှလုံးသားကို နွေးထွေးစေခဲ့သည့် ထို နေ့ ည ရက် များသည် လှပခဲ့ကာ တောင့်တဖွယ် ကောင်းခဲ့သော အရာတစ်ခုပင် ဖြစ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ လန်ချူကျွင်း၏ စကားများသည် သူမ၏ နှလုံးသားထဲမှ ပျော်ရွှင်စရာ နောက်ဆုံး အကြွင်းအကျန်တစ်ခုအား သံသယ ဖြစ်ဖွယ်မရှိ လုံးဝ ပျက်စီးသွားစေခဲ့သည်။

အရာရာရာသည် အတုအယောင်များသာ ဖြစ်ခဲ့သည်။

သူမသည် အနည်းဆုံးတော့ တစ်ခါမျှ ချစ်ခြင်းမေတ္တာအား ခံစားခဲ့ရသည်ဟူသော စိတ်ကူးယဉ်ဆန်သည့် ခံစားချက်ကိုပင် ပိုင်ဆိုင်ခွင့် မရှိတော့ပေ။

ထိုစကားလုံးများသည် ကျိန်စာတစ်ခုနှင့် တူနေသည်။

"မင်းနဲ့ မတန်ဘူး အဲတုန်းကလည်း မင်းနဲ့မထိုက်တန်ခဲ့ဘူး၊ အခုလည်း မင်း နဲ့ မတန်ဘူး”

အရာရှိကျောက်၏ လူများ ဝိုင်းဖိထားသည်ကို ခံရသည့်အခါ လန်ချူကျွင်းသည် ရူးသွပ်နေသော ပုံစံဖြင့် ရယ်မောနေခဲ့သည်။ မစ္စတာဝမ်နှင့် ရှုယန်တို့အားလည်း ရဲကားအတွင်းသို့ အတင်းအဓမ္မ ပြန်လည် ထည့်သွင်းခဲ့ရပြန်သည်။

ရှုကျစ်ချင်းသည် အချိန်အတန်ကြာ ရပ်တန့် ငြိမ်သက်နေပြီးမှ နောက်ဆုံးတွင် သူမကိုယ်သူမ ပြုံးပြကာ ပလက်တီနမ်ဟိုတယ် မှ ထွက်ခွာလာခဲ့သည်။

ဟိုတယ် အဝင်ဝတွင် ပါပါရာဇီများ၊ သတင်းထောက်များဖြင့် ပြည့်ကျပ်နေခဲ့သည်။

မန်နေဂျာ ယန်နှင့် ရဲများသည် ဟန့်တားရန် ကြိုးပမ်းခဲ့ကြသော်လည်း ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့နှင့် ပတ်သက်သည့် သတင်းများသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီးဖြစ်သဖြင့် သူတို့ ဟန့်တားနိုင်ခြင်း မရှိတော့ပေ။

သတင်းထောက်များနှင့် ပါပါရာဇီများသည် ရှုကျစ်ချင်းအား ဝိုင်းဝန်းရိုက်ကူးရန် ချက်ချင်းပင် စတင်လှုပ်ရှားကြသည်။

မဝေးလှသော နေရာတွင် လန်ချူကျွင်းသည် အရာရှိကျောက်၏ ရဲကားထဲသို့ ပြန်လည် ထည့်သွင်းခြင်း ခံနေရသည်။ ဟိုတယ်ရှေ့တွင် ပါပရာဇီများ စုဝေးနေသည်ကို မြင်တွေ့ရသောအခါ သူ၏ စိတ်ထဲတွင် ဂုဏ်ယူဝမ်းသာမှုများ ဖြစ်ပေါ်နေသည်။

ရှုကျစ်ချင်း၊ သူ့အား သတ္တိရှိရှိ တိုင်ကြားရဲသူ၊ သူ၏ စနစ်တကျ ချမှတ်ထားသော အစီအစဉ်များကို ဖျက်ဆီးရဲသူမှာ မည်သူနည်း။ ရှုကျစ်ချင်းသည်သာ အရင် သစ္စာဖောက်ခဲ့ခြင်း မဟုတ်လော။ သူမအား ဘယ်သောအခါမျှ လွယ်လွယ်လွှတ်မပေးနိုင်ချေ။

ဖျော်ဖြေရေးလောကမှ အရှုပ်တော်ပုံများသည် သူ မျှော်မှန်းထားသည်ထက် ပို၍မြန်ဆန်စွာ ပျံ့နှံ့နေပြီ ဖြစ်သည်။

သတင်းထောက်များနှင့် ဓာတ်ပုံဆရာများသည် ရှုကျစ်ချင်းရှေ့သို့ ဝိုင်းရံလာကြပြီး မိုက်ခရိုဖုန်းများစွာက သူမအား ချိန်ထားကြသည်။

ရှုကျစ်ချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ အနုပညာလောကမှ နုတ်ထွက်ကာ လျော်ကြေးအားလုံးကို ပေးချေရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ဦးဆောင် မေးမြန်းသူမှာ "အတင်းအဖျင်း ဘုရင်မ" ဟု အမည်ရသည့် Marketing account တစ်ခု ဖြစ်သည်။ သူမသည် ရှေ့ဆုံးမှနေကာ ရှုကျစ်ချင်းအား ပထမဆုံး မေးခွန်းထုတ်ခဲ့သည်။

"မစ္စရှု လန်ချူကျွင်းနဲ့ ရှင့်ရဲ့ ဆက်ဆံရေးက တကယ်လား"

"နာမည်ကြီး မင်းသမီးတစ်ယောက် အနေနဲ့ နာမည်မရှိတဲ့ သာမန်အဆင့် သရုပ်ဆောင်တစ်ဦးကို ဘယ်လိုများ ချစ်မိသွားရတာလဲ၊ လန်ချူကျွင်းက ရှင့်ကို နှောက်ယှက်နေခဲ့တာလား"

"ရှင်က လန်ချူကျွင်းနဲ့ တွဲဖို့ ရှင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရင်းခဲ့ရတာဆိုတော့ သူ့ကို တကယ်ပဲ နှစ်သက်လို့လား၊ ဒါမှမဟုတ် သူက ရှင့်ကို အကြောင်းပြချက် တစ်ခုခုနဲ့ ဖိအားပေးထားလို့လား"

"ဟိုတယ်နားမှာ ရဲကားတွေကရော ဘာလို့ ရှိနေတာလဲ၊ လန်ချူကျွင်းက ရှင့်ကို နှောက်ယှက်လို့ ရှင် ရဲခေါ်ခဲ့တာလား”

ရှုကျစ်ချင်းမှာ အံ့ဩမိသွားသည်။

သတင်းထောက်များ၏ မေးခွန်းများသည် သူမ မျှော်လင့်ထားသည့်အရာနှင့် လုံးဝ ကွဲပြားနေသည်။

သတင်းထောက်များနှင့် ပါပါရာဇီများသည် သူမ ဖြန့်ခံခဲ့ရသော ဗီဒီယိုများ အကြောင်း မေးသင့်သည် မဟုတ်လော။

အဘယ်ကြောင့် ထိုလူများသည် သူမ၏ ဆက်ဆံရေးအကြောင်း မေးနေကြရသနည်း။

ထို့အပြင် လန်ချူကျွင်းသည် သူမအား နှောက်ယှက်နေသော ပုံစံဖြင့် အဘယ်ကြောင့် ပြောနေကြသနည်း။

တစ်ဖက်မှ လန်ချူကျွင်းလည်းပဲ တအံ့တဩ ဖြစ်သွားရသည်။ သူ ပြင်ဆင်ထားခဲ့သော ဗီဒီယိုထဲတွင် သူ့မျက်နှာအား ဝါးထားခဲ့ပြီး ရှုကျစ်ချင်းကိုသာ ဖော်ထုတ်ထားခဲ့သည်။ လူတိုင်းသည် သူမအား ပစ်မှတ်ထား‌၍ သူမသည် အောက်တန်းကျသည့်အပြင် ကာမရမ္မက်ကြီးသူဟု လှောင်ပြောင်နေသင့်သည် မဟုတ်လော။

အဘယ်ကြောင့် သတင်းထောက်များသည် သူ့အား ပစ်မှတ်ထား၍ ဆဲဆိုနေကြသနည်း။

ထိုအချိန်တွင် အင်တာနက်ပေါ်၌ အငြင်းပွားမှုများဖြင့် ဆူညံနေကြသည်။

အဓိက ပြဿနာမှာ ရှုကျစ်ချင်း၏ ဗီဒီယို မဟုတ်ဘဲ၊ “ အတင်းအဖျင်း ဘုရင်မ" နှင့် marketing account များ ပူးပေါင်း ဖော်ထုတ်ခဲ့သည့် ဆောင်းပါးတစ်ခု ဖြစ်သည်။

ထိုဆောင်းပါး ခေါင်းစဉ်မှာ

"အံ့မခန်း ! သာမန်အဆင့် နာမည်မရှိတဲ့ အနုပညာရှင် တစ်ဦးက သူ့အလုပ်အကိုင် တိုးတက်ဖို့အတွက် နာမည်ကြီး မင်းသမီးတစ်ဦးကို မြူဆွယ် နှောက်ယှက်! ဒါက လူ့သဘာဝကြီး ပျက်စီးခြင်းလား ဒါမှမဟုတ် ကိုယ်ကျင့်တရား ယိုယွင်းခြင်းလား "

ပထမဦးစွာ ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့၏ ဆက်ဆံရေးကို ဖော်ထုတ်ခဲ့ပြီးမှ လန်ချူကျွင်းအား အဓိက ပစ်မှတ်အဖြစ် လုပ်ထားခဲ့ကြသည်။

မေးခွန်း- နာမည်ကြီး မင်းသမီးတစ်ဦးက ဘာလို့ သာမန်အဆင့် နာမည်မရှိတဲ့သူတစ်ဦးနဲ့ တွဲဖို့ ကိုယ့်ကိုယ်ကို နှိမ့်ချခဲ့ရတာလဲ။

အဖြေ- အဲ မင်းသမီးက အဲဒီ့ နာမည်မရှိတဲ့ကောင်ကို တကယ် ချစ်လို့ပဲ။

မေးခွန်း- သာမန်အဆင့် နာမည်မရှိတဲ့သူက အိုင်ဒေါ တစ်ယောက်ပါ၊ အိုင်ဒေါ တစ်ယောက်က ဘယ်လိုလုပ်ပြီး သမီးရည်းစား ဆက်ဆံရေး ရှိလို့ရမှာလဲ။

အဖြေ- သူက မင်းသမီးကို နှောက်ယှက်တာ သေချာနေလို့ပဲ။

[သြော် ဘုရားရေ၊ လန်ချူကျွင်းက အရင်တုန်းက သူ ချစ်သူမရှိဘူးလို့ ပြောခဲ့တယ်၊ ဒါက သူ့ပရိသတ်တွေကို လုံးဝ လိမ်ညာလ်ုက်တာ မဟုတ်ဘူးလား]

[ငါတို့ ကျဲကျဲ ချစ်ကြိုက်တာကို ငါ ဘာမှ ပြောစရာ မရှိပါဘူး၊ သူမက သရုပ်ဆောင် အရည်အချင်းပေါ် မူတည်ပြီး ရပ်တည်တဲ့ ပါရမီရှင် မင်းသမီးတစ်ယောက်ပဲ၊ ဒါပေမဲ့ လန်ချူကျွင်းက ဘာလဲ၊ သူက ချစ်သူမရှိဘူးလို့ သူ့ပရိသတ်တွေကို ပြောထားပြီး ဒိတ်လုပ်ခဲ့တာတဲ့လား၊ ကျဲကျဲရေ မျက်စိဖွင့်ပြီး သေချာကြည့်စမ်း၊ သူက သိသာထင်ရှားနေတဲ့ လူမိုက်တစ်ယောက်ပဲ]

[ မေ့မေ့ ဒီကိစ္စကို စိတ်ထဲမထားနဲ့တော့၊ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်တာ မကောင်းဘူးလား၊ လန်ချူကျွင်းက မေ့မေ့ နဲ့ ဘယ်လိုမှ မတန်ဘူး၊ သေချာ မှတ်ထားနော်၊ ရွှီရှောက်ယန်သာဆိုရင် ငါတို့ နည်းနည်း လက်ခံပေးမယ် ]

[အပေါ်ကလူ ပြောတာ မှန်တယ် "ရှန်းကျယ်” ရဲ့ နောက်ကွယ်က ရိုက်ကွင်းတွေကို ငါကြည့်ဖူးတယ် ရွှီရှောက်ယန်နဲ့ ငါတို့ မေ့မေ့က လုံးဝလိုက်ဖက်ညီတယ်၊ သူတို့တွဲရင် လုံးဝ အတည်လိုက်မှာပဲ ]

[အရင်တုန်းက ရှုကျစ်ချင်းက သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှာ သူမမှာ ချစ်သူရှိကြောင်း အရိပ်အမြွက် ပြောခဲ့ပေမဲ့ လန်ချူကျွင်းကတော့ သူ ချစ်သူမရှိဘူးလို့ ပရိသတ်တွေကို တကယ် အာမခံထားတာ၊ ဘယ်သူက ဘယ်လိုဆိုတာ တကယ် သိသာနေတာပဲ၊ နိုးထလိုက်ပါတော့ ကောင်မလေး၊ သူ့လို ပရိသတ်တွေကို လိမ်တတ်တဲ့သူက မင်းကိုလည်း လိမ်မှာပဲ]

[ ရှုကျစ်ချင်း တကယ် မျက်စိကန်း‌နေတာပဲ၊ လန်ချူကျွင်းနဲ့ မင်းနဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲ တန်မှာလဲ ]

သတင်းထောက်များ၏ ရှေ့ဆုံးတွင် ရှိနေသော အတင်းအဖျင်း ဘုရင်မသည် သူမ၏ ဖုန်းအား ရှုကျစ်ချင်းထံ ကမ်းပေးလိုက်သည်။

ရှုကျစ်ချင်းသည် အွန်လိုင်းပေါ်တွင် ဖော်ထုတ်ထားသော အကြောင်းအရာများအား မြင်လိုက်ရသည်။

ထိုအရာမှာ ချစ်သူရည်းစား ဆက်ဆံရေးသာ ဖြစ်သည်လား။ ကိုယ်လုံးတီး ဓာတ်ပုံနှင့် ဗီဒီယိုများ မဟုတ်သလော။

ထို့အပြင် ပရိတ်သတ်များ ပြောနေကြသည်မှာ လန်ချူကျွင်းသည် သူမနှင့် မထိုက်တန် ဟု၍ ပြောနေကြခြင်း ဖြစ်သည်လား။

"သူက ရှင်နဲ့ မထိုက်တန်တာ သေချာတာပေါ့"

အတင်းအဖျင်း ဘုရင်မသည် မီးလောင်ရာ လေပင့် လိုက်သည်။

“မစ္စရှု၊ ရှင်က လေးပွင့်ဆိုင် ပန်းလေးတွေထဲက တစ်ယောက်ပဲ၊ နာမည်ကြီး မင်းသမီးတစ်ယောက် သူက နာမည် မရှိတဲ့သူတစ်ယောက် ရှင်နဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်မှာလဲ၊ ရှင်က ဆင်းရဲသားတွေကို ကူညီနေတာပဲ”

"မှန်တယ်!"

ကုံသန်းမှ ဝင်၍ ထောက်ခံလိုက်သည်။

"မစ္စရှု ခင်ဗျားက ပိုကောင်းတဲ့ အမျိုးသားနဲ့ ထိုက်တန်ပါတယ်၊ လန်ချူကျွင်းက ကြည့်ရတာ လှည့်ဖြားတတ်တဲ့ပုံပေါက်ပြီး တကယ့် လူမိုက် တစ်ယောက်ပဲ "

လန်ချူကျွင်းသည် ရဲကားထဲတွင် လက်ထိတ် ခတ်ခံထားရသည်။ သတင်းထောက်များနှင့် ပါပါရာဇီများထံမှ အချက်အလက် အပိုင်းအစများအရ သူသည် အခြေအနေ အရပ်ရပ်ကို နားလည်လိုက်သည်။

မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ သူ စိတ်ကူးထားသည့်အရာနှင့် အဘယ်ကြောင့် ဤမျှ ကွဲပြားနေရသနည်း။

"ရှုကျစ်ချင်းရဲ့ ဗီဒီယို ဘာလို့ မပေါက်ကြား သွားတာလဲဆိုပြီး အံ့ဩနေတာလား"

လန်ချူကျွင်း ရုတ်တရက် အသံကြားသဖြင့် မော့ကြည့်လိုက်ရာ mask တပ်ထားသည့် အမျိုးသမီးတစ်ဦးသည် ရဲကားကို မှီကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ ချက်ချင်းပင် သတိထားမိလိုက်သည်။

"မင်း လုပ်တာလား”

"အင်း"

ရှချန်းချန်း ပခုံးတွန့်ပြလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒါကို လှည့်စားမှုလို့ ပြောလို့ရမှာလဲ၊ ဒါက ကျွန်မရဲ့ လက်ချက်ဆိုတာ ရှင်းနေတာပဲ”

ရှချန်းချန်းသည် လန်ချူကျွင်း ရှုကျစ်ချင်းအား ခြိမ်းခြောက်နေပုံကို နားလည်ပြီးသည်နှင့် တပြိုင်နက် Marketing Account အဖွဲ့ထံ ချက်ချင်း ဆက်သွယ်ခဲ့သည်။

လန်ချူကျွင်းသည် ရှုကျစ်ချင်း၏ ဗီဒီယိုအား ဖော်ထုတ်လိုပါက Marketing Account နှင့် ၎င်း၏ Online Influencer အဖွဲ့အား ဆက်သွယ်ရမည်ဖြစ်သည်။

ရှချန်းချန်းမှ အဖွဲ့လိုက် မက်ဆေ့ချ် တစ်ခု ပို့လိုက်သည်နှင့် Marketing Account တစ်ခု ချက်ချင်း ပေါ်လာပြီး လန်ချူကျွင်းသည် ၎င်းတို့၏ Online Influencer ကုမ္ပဏီထံ ဆက်သွယ်ခဲ့ပြီး သတင်းကြီးတစ်ခု ဖော်ထုတ်မည်ဟု ဆိုသော်လည်း ထုတ်လွှင့်ရန် ရှိမရှိအား သူ၏ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ရမည်ဟု ပြောခဲ့သည်။

လန်ချူကျွင်းသည် သတိကြီးသောကြောင့် သူသည် သတင်းထုတ်ဖော်မည်ဟုသာ ရိုးရှင်းစွာ ပြောခဲ့ပြီး ဗီဒီယိုကို Marketing Account ထံ မပေးခဲ့ပေ။

သို့သော် ရှချန်းချန်းသည် လန်ချူကျွင်းမှာ ရှုကျစ်ချင်း၏ ဗီဒီယိုအား ဖော်ထုတ်တော့မည်ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။

ထို မက်ဆေ့ချ် လက်ခံရရှိသည်နှင့် ရှချန်းချန်းသည် Marketing Account ၏ Online Influencer အဖွဲ့အား ချက်ချင်း ဝယ်ယူလိုက်သည်။

သေချာစေရန် သူမသည် တျန်းရှန့် ဖျော်ဖြေရေး မှတဆင့် ရှုကျစ်ချင်း၏ ပေါက်ကြားလာသော မည်သည့်ဗီဒီယိုကိုမဆို ချက်ချင်း ဖျက်ပစ်ရန်အတွက် လူမှုမီဒီယာ ပလက်ဖောင်း အသီးသီးထံ ဆက်သွယ်ခဲ့သည်။

လန်ချူကျွင်း ဖော်ထုတ်ရန် ကြိုးစားနေသည့် ညစ်ညမ်း ဗီဒီယိုများသည် မူလကတည်းက ညစ်ညမ်းနေသောကြောင့် တရားဝင် ဝက်ဘ်ဆိုဒ်များတွင် ဖြန့်ဝေရန် မဖြစ်နိုင်ပေ။

သူ၏ အစီအစဉ်အားလုံးသည် အကောင်အထည် မဖော်နိုင်မီကပင် ရှချန်းချန်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

နောက်ဆုံးတွင် ရှချန်းချန်းသည် အတင်းအဖျင်း ဘုရင်မ နှင့် အခြားသူများကို ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့၏ ဆက်ဆံရေးအား ဖော်ထုတ်ရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် ဖော်ထုတ်မှုများတွင် ထိုနှစ်ဦးသည် မလိုက်ဖက်ကြောင်း သက်သေပြခဲ့ပြီး လန်ချူကျွင်းသည် ရှုကျစ်ချင်းအား မြူဆွယ်ခဲ့သည်ဟုလည်း သွယ်ဝိုက် ဖော်ပြခဲ့သည်။

ဤအရာအားလုံးကို ကြားလိုက်ရသောအခါ လန်ချူကျွင်းသည် ဒေါသတကြီး အံကြိတ်လိုက်သည်။

“ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ၊ မင်းက ရှုကျစ်ချင်းကို ဘာလို့ ကူညီနေတာလဲ ဘာလို့လဲ"

လန်ချူကျွင်းသည် အရူးတစ်ယောက်ကဲ့သို့ ရုန်းကန်နေကာ ရှချန်းချန်းအပေါ် လက်စားချေရန် အတင်းအကျပ် ရှေ့တိုးချင်နေသည်။

ကံမကောင်းသည်မှာ သူ့လက်များ သွေးထွက်သည့်တိုင် ရုန်းကန်နေသော်လည်း လက်ထိတ် ခတ်ခံထားရသောကြောင့် လွတ်မြောက်နိုင်ခြင်း မရှိပေ။

"ကျွန်မ ပျော်လို့လေ"

ရှချန်းချန်းသည် သူမ၏ မျက်လုံးများ လခြမ်းပုံသဏ္ဍာန် ကွေးသွားသည်ထိ ပြုံးရယ်လိုက်သည်။

"ရှင် ဒီလောက် စိတ်တိုနေတာဆိုတော့ ရှင့်ကို နောက်ထပ် သတင်းတစ်ခု ပြောပြရဦးမယ်”

ရှချန်းချန်း၏ အသံသည် ပို၍ပင် ပျော်ရွှင်လာသည်။

“ရှင့်ကို တိုင်ကြားခဲ့တဲ့သူက ရှုကျစ်ချင်း မဟုတ်ဘူး ကျွန်မပဲ၊ ပြီးတော့ ဒါက ပထမအဆင့်ပဲ... အကောင်းဆုံးတွေက မကြာခင် လာတော့မှာ”

အင်တာနက်တွင် ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့၏ ဆက်ဆံရေး သတင်းများဖြင့် ပြည့်နှက်နေသည်။

ရှုကျစ်ချင်း၏ ရုပ်ရည်သည် ဖျော်ဖြေရေးလောကတွင် အထူး ဆွဲဆောင်မှု ရှိနေသည်မဟုတ်၊ သူမ၏ နာမည်ကြီးမှုသည် သူမ၏ သရုပ်ဆောင်စွမ်းရည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ ပရိသတ်များသည် သူမ၏ သမီးရည်းစားကိစ္စအား အတော် သည်းခံနိုင်ကြသည်။ ပရိသတ်အများစုသည် သူမ၏ အလုပ်အကိုင် အနှောင့်အယှက် မဖြစ်သရွေ့ ချစ်သူထားရှိခြင်းသည် ပြဿနာမရှိဟု ယုံကြည်ကြသည်။

ပရိသတ်များသည် သူမ၏ ဆုံးဖြတ်ချက် အလွန် ညံ့ဖျင်းခဲ့သောကြောင့် စိတ်ဆိုးနေကြသည်။

သူမသည် လိမ်ညာမှုများဖြင့် ပြည့်နေသည့် နာမည်မရှိသော အိုင်ဒေါတစ်ဦးကို မည်ကဲ့သို့ ချစ်မိသွားခဲ့သနည်း။ သူတို့အတွက် မတ်လေး ရှာခဲ့သည်ဆိုလျှင် အရည်အသွေးမြင့်သည့် တစ်ယောက်ယောက်အား ရှာခဲ့သင့်သည် မဟုတ်လော။

[ငါတို့ မေ့မေ့လေး ပယောဂ မိနေတာလား]

[ဖြစ်နိုင်တယ်၊ ငါ့ မေ့မေ့ရဲ့ ဝက်ဘ်ဒရာမာတစ်ခုမှာ လန်ချူကျွင်း ပါတာကို ငါတွေ့ဖူးသေးတယ်၊ လန်ချူကျွင်းက ငါ့ မေ့မေ့ကို သူ အခွင့်အလမ်းတွေ ရဖို့အတွက် အသုံးချဖို့ပဲ ကြိုးစားနေတာလား၊ နာမည်ကြီး အဆင့်အတန်းပေါ် မူတည်ပြီး ဆက်ဆံရေးကို အခြေခံတာ လူတကာ အထင်သေးစရာလို့ ငါ ထင်ပေမဲ့ လန်ချူကျွင်းက အိုင်ဒေါတစ်ယောက်လေ၊ သူက ဒိတ်လုပ်မှာ မဟုတ်ဘူးလို့တောင် သူ့ပရိတ်သတ်တွေကို ကတိပေးထားတာ၊ မေ့မေ့ရေ မျက်လုံးဖွင့်ပြီး ကြည့်ပါ]

သန်းခေါင်ယံအချိန်တွင် အင်တာနက်ပေါ်၌ သူတို့ နှစ်ဦး၏ ဆက်ဆံရေးအကြောင်း ဆွေးနွေးမှုများဖြင့် ဆူညံနေခဲ့သည်။

ပရိတ်သတ် အများစုကြီးသညိ ဤဆက်ဆံရေးမှာ ကြာရှည်ခံမည် မဟုတ်ဟု ယုံကြည်ကြသည်။

ထိုအချိန်တွင် လိမ်ညာမှုများကိုဖော်ထုတ်သူသည် ["သာမန်အဆင့် သရုပ်ဆောင်တစ်ဦး ထိပ်ဆုံးကို ဘယ်လိုတက်လာပြီး နာမည်ကြီး မင်းသမီးကို မြူဆွယ်ခဲ့လဲ၊ ဖျော်ဖြေရေးလောကရှိ ထိပ်တန်း လူမိုက်များ၏ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များအား ဖော်ထုတ်ခြင်း"] ဆ်ိုသော ခေါင်းစဉ်နှင့် ဘလော့ဂ်ပို့စ်တစ်ခု တင်လိုက်သည်။

ထို ဆောင်းပါးမှာ အပိုင်းများစွာ ခွဲခြားထားသည်။

ပထမအပိုင်းတွင် နာမည်ကြီး မင်းသမီး၏ အတိတ်အား ဖော်ပြထားသည်။

ဝဝတုတ်တုတ် ကောင်မလေးတစ်ယောက်သည် သူမ၏ အတန်းဖော်များထဲမှ လှောင်ပြောင်မှုများ ခံခဲ့ရ သော်လည်း ချစ်ရေးဆိုမှုတစ်ခု မအောင်မြင်ခဲ့သည့်နောက် ကိုယ်အလေးချိန် လျှော့ချရန် ဆုံးဖြတ်လိုက်ပြီး ရုပ်ဆိုးသော ဘဲကလေးဘဝမှ ငန်းမလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဒုတိယအပိုင်းတွင်

ငန်းမလေး၏ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ကာ ပါရမီရှင် မင်းသမီးတစ်ယောက် ဖြစ်လာပုံကို ဆက်လက်ဖော်ပြထားသည်။

သို့သော် သာမန်အဆင့်သာရှိသည့် အိုင်ဒေါတစ်ဦးသည် သူမအား "အဆီပိတ်နေတဲ့ မိန်းမ" ဟုခေါ်ကာ အင်တာနက်ပေါ်တွင် ဦးဆောင် ဝေဖန်ခဲ့သည်။

ထို သာမန်အဆင့် အိုင်ဒေါသည် အခြေအနေအား အခွင့်ကောင်းယူကာ နာမည်ကြီး မင်းသမီး၏ အချစ်စစ် ဖြစ်လာခဲ့သည်။

တတိယအပိုင်းတွင် သာမန်အဆင့် အိုင်ဒေါသည် နာမည်ကြီး မင်းသမီး၏ ချစ်ခင်မှုအပေါ် အမြတ်ထုတ်ကာ မင်းသမီး၏ ပိုက်ဆံများကို လောင်းကစားအတွက် ဖြုန်းတီးခဲ့သည်။ နာမည်ကြီး မင်းသမီးသည် အမှန်တရားအား သိလိုက်ရသောအခါ သူတို့ လမ်းခွဲခဲ့ကြသည်။ ထို အိုင်ဒေါသည် သူမအား ဖျက်ဆီးရန် သူတို့၏ ဆက်ဆံရေးအတွင်းရှိ လိင်ကိစ္စနှင့် ဆိုင်သော ဗီဒီယိုများ ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။

ဆောင်းပါး၏ အဆုံးသတ်တွင်

အသံပြောင်းထားကာ ဆင်ဆာဖြတ်ထားသော အသံဖမ်းယူမှုတစ်ခြသည် အထက်ပါ အကြောင်းအရာများအတွက် သက်သေအဖြစ် ပါဝင် ဖျော်ဖြေပေးနေသည်။

ထို အသံဖမ်းယူမှုသည် ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့ ပလက်တီနမ် ဟိုတယ် အပြင်ဘက်တွင် ရင်ဆိုင်ခဲ့ကြသော အသံပင် ဖြစ်သည်

[ ကျီကျီတို့တော့ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပြီဟေ့၊ မင်း ဒါကို အမည်မဖော်ဘဲ တကယ်ကြီး ထုတ်ပြလိုက်တာလား ]

[ ဒါပေမဲ့ ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား၊ သာမန်အဆင့် အိုင်ဒေါဆိုတာ လန်ချူကျွင်း နာမည်ကြီး မင်းသမီးက ရှုကျစ်ချင်း ]

[ ဖက်(ခ်) ငါ့လက်သီးတွေ ယားနေပြီကွာ၊ ရဲတွေ အဲလူမိုက်ကောင် လန်ချူကျွင်းကို ဖမ်းလိုက်စမ်းပါ ]

[ ကျစ်ချင်းရဲ့ အထက်တန်းကျောင်းသူ အတန်းဖော်က အရမ်း လွန်တာပဲ၊ ဝတာ ဘာဖြစ်လဲ၊ သူက မင်းရဲ့ ထမင်းကို စားနေလို့လား ရွံစရာ‌ပဲ ]

[ဒါဆို ရှုကျစ်ချင်းကို "အဆီပိတ်နေတဲ့ မိန်းမ" လို့ အစောပိုင်းက လှောင်ပြောင်ခဲ့တာ လန်ချူကျွင်းရဲ့ လက်ချက်လား၊ အဲတုန်းက ငါတောင် စဉ်းစားနေသေးတာ ရှုကျစ်ချင်း ကလေးဘဝတုန်းက နည်းနည်းလေးပဲ ဝတာ မဟုတ်လား၊ ဘာလို့ လူတိုင်းက သူ့ကို အဲလောက် ရန်လိုနေရတာလဲ၊ တစ်ခုခုလွဲနေတာ သေချာနေပြီလို့ ထင်နေခဲ့တာ ]

[ ရှုကျစ်ချင်းက အချစ်ရှာတဲ့ နေရာမှာ ဉာဏ်နည်းတယ် ဆိုတဲ့ ငါ့ရဲ့ အရင် မှတ်ချက်တွေကို ငါ ပြန်ရုတ်သိမ်းတယ်ဝေ့၊ အခု ပြန်စဉ်းစားကြည့်ရင် တစ်စုံတစ်ယောက်က ငယ်ငယ်ကတည်းက ဝလို့ အနိုင်ကျင့်ခံရဖူးရင် အချစ်ကို တကယ် ငတ်မွတ်နေမှာပဲ၊ လန်ချူကျွင်းက ဒါကို အသုံးချပြီး သူ့ကို တမင် ရည်ရွယ်ပြီး ထိန်းချုပ်နေခဲ့တာ ဖြစ်နိုင်တယ် ]

[ ဒါက တကယ်ကို ဖုံးကွယ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းပဲ၊ လန်ချူကျွင်းက အရမ်း မုန်းစရာကောင်းတာပဲ၊ အဓိကက သူက ရှုကျစ်ချင်းရဲ့ ဗီဒီယိုကိုတောင် ဖော်ထုတ်ချင်နေတာ ဘယ်လောက်တောင် ကောက်ကျစ်တဲ့သူလဲ]

[ ရှောင်မေ့မေ့ မင်းက အံ့ဩဖို့ ကောင်းတယ်၊ ယောကျ်ားတွေ ဘယ်လိုထင်လဲဆိုတာ ဂရုမစိုက်နဲ့၊ မင်းက ဒီလောက် တော်တဲ့ မင်းသမီး ချိုမြိန်တဲ့ ဇာတ်လမ်းမဟုတ်ရင်တောင် ငါကြည့်ရတာ ပျော်တယ် မေ့မေ့ကို ထောက်ခံတယ်]

[ ကျဲကျစ်ချင်း ကိုယ့်ကိုယ်ကိုယ် နိမ့်ချနေဖို့ မလိုပါဘူး၊ ဖျော်ဖြေရေးလောကမှာ သရုပ်ဆောင် အရည်အချင်းက ပိုအရေးကြီးတယ်၊ မင်းရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ယှဉ်ရင် တစ်ခြား သရုပ်ဆောင်တွေ ဘယ်နှစ်ယောက်တောင် မှိန်ဖျော့ သွားခဲ့လိုက်လဲ၊ ဥပမာ- မင်းလိုပဲ ထွန်းတောက် လာတဲ့ ကြယ်တစ်ပွင့် ဖြစ်တဲ့ ရှချန်းချန်းကို ကြည့်လိုက် ]

[ ရှချန်းချန်း: ??? အပေါ်ကလူက ငါ့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘူးလား ]

[ဟားဟားဟား ဘာလို့ ငါ့ မေ့မေ့ကို ပြန်ဆွဲချနေတာလဲ၊ ကျဲ ချန်းချန်းက ထုတ်လုပ်သူတစ်ယောက်၊ ပိုက်ဆံရှာတာက လုံလောက်တယ် မဟုတ်လား အာ ]

လိမ်ညာမှုများကိုဖော်ထုတ်သူမှ သတင်း ဖော်ထုတ်ပြီးနောက် အင်တာနက်သုံးစွဲသူ အများစုသည် ရှုကျစ်ချင်းအား စာနာကြောင်း ဖော်ပြခဲ့ကြသည်။

သူမ၏ အထက်တန်းကျောင်း အတွေ့အကြုံကြောင့် သူမ၏ အချစ်ငတ်မွတ်မှု ကိုလည်း နားလည်ပေးခဲ့ကြသည်။ အင်တာနက်သုံးစွဲသူများသည် ရှုကျစ်ချင်း၏ Weibo သို့ အုံလိုက်ကျင်းလိုက် လာရောက်ကာ သူမအား အားပေးစကား ပြောကြလျက်၊ သူမအား အားတင်းထားရန် ယောကျ်ားများအပေါ် မျှော်လင့်ချက် မထားရန် မျှော်လင့်ခဲ့ကြသည်။ သူမ၏ အလုပ်အကိုင်ကိုသာ ဦးစားပေး လုပ်သင့်သည်။

ယောကျ်ားတွေက ဝက်တွေပါပဲ၊ တန်ဖိုးမရှိဘူး!

တစ်ချိန်တည်းမှာပင် အင်တာနက်သုံးစွဲသူ တချို့သည် အကြောင်းအရာ လမ်းကြောင်း ပြောင်းသွားခဲ့သည်။

[ ရှုကျစ်ချင်းရဲ့ အရင်တုန်းက ဝတဲ့ ဓာတ်ပုံဟောင်းတွေကို ရှာနေတာ ငါတစ်ယောက်တည်းလားထ မေ့မေ့ ဘယ်လိုလုပ်ပြီး ဝိတ်ကျသွားတာလဲ ဟမ်၊ မင်းရဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ပြောပြပါဦး ]

[ မိန်းကလေး အများကြီးလည်း ဝိတ်လျှော့ချင်ကြတာပဲ၊ ကျဲ ကျစ်ချင်း သူ့ရဲ့ ဝိတ်တစ်ဝက်ကို လျှော့ချခဲ့တာ မဟုတ်လား၊ သူ့ရဲ့ ဇွဲလုံ့လက မယုံနိုင်စရာပဲ ]

[ အလှအပ လမ်းညွှန် တစ်ခုကို ထုတ်ပေးနိုင်မလားဖ ဝိုး ငါလည်း လှချင်တယ်ထ ရှောင်မေ့မေ့က တကယ် လှတာပဲ … ]

ကောင်းကင်တွင် လမင်းကြီး ထိန်လင်းနေပြီး ကြယ်များ ကြဲတဲတဲရှိနေသည်။ ညဥ့်နက်ပိုင်းတွင် ရှုကျစ်ချင်းသည် သူမ၏ ထွက်ဆိုချက်အား အပြီးသတ်ကာ စစ်ဆေးခန်းထဲမှ ထွက်လာခဲ့သည်။

သူမ၏ ဖုန်းကို လန်ချူကျွင်းသည် လုယူသွားခဲ့ပြီး၊ သူမ ထွက်ဆိုချက် အပြီးသတ်သောအခါ အရာရှိတင်းမှ ပြန်လည် ပေးအပ်ခဲ့သည်။

ရှုကျစ်ချင်းသည် နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်သောကြောင့် သူမ၏ ကိုယ်ပိုင် မက်ဆေ့ချ်တွင် အမြဲတမ်း မက်ဆေ့ချ်များ ပြည့်လျှံနေတတ်သည်။

သူမသည် စိတ်ထိခိုက်လွယ်၍ စော်ကားမှုများကို မခံနိုင်ကြောင်း သိထားသောကြောင့် ပုံမှန်အားဖြင့် ၎င်းတို့ကို လျစ်လျူရှုလေ့ရှိသည်။

သို့သော် ယနေ့သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပူးဝင်နေသကဲ့သို့ ရှိသဖြင့် ရှုကျစ်ချင်းသည် သူမ၏ မက်ဆေ့ချ် စာရင်းအား ဖွင့်လိုက်သည်။ ဆယ့်ငါးသိန်းသော မက်ဆေ့ချ်များ ရေတံခွန်ကဲ့သို့ စီးဝင်လာပြီး သူမ၏ Weibo အကောင့်အား ပြည့်လျှံသွားစေသည်။

ရှုကျစ်ချင်းသည် အင်တာနက်သုံးစွဲသူများ၏ အားပေးမှု တစ်ခုချင်းစီကို ကြည့်ရှုနေခဲ့သည်။ ဖတ်နေရင်းနှင့်ပင် သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲသီလာသည်။

ဤအရာသည် သူမ မျှော်လင့်ထားခဲ့သော ဆဲဆိုကြိမ်းမောင်းမှုများ မဟုတ်သလို၊ စွပ်စွဲချက်များလည်း မဟုတ်ခဲ့ပေ။

အင်တာနက်သုံးစွဲသူများသည် သူမအား ကြင်နာစွာ ဆုမွန်ကောင်းများ နှင့် နှစ်သိမ့်မှု ပေးနေကြခြင်း ဖြစ်သည်။

လန်ချူကျွင်း၏ ပရိသတ် တစ်ယောက်နှစ်ယောက်မှသာ ရံဖန်ရံခါ သူမအား ဝေဖန်ခဲ့လျှင်ပင် တခြားသူများသည် ၎င်းတို့အား ချက်ချင်း ရီပို့ထုကြသည်။

သို့မဟုတ် ထိုလူတို့၏ မှတ်ချက်များတွင် ဝင်ရောက်ကာ ပြန်လည် ဝေဖန်ခဲ့ကြသည်။

သူမ၏ အထက်တန်းကျောင်း နောက်ဆုံးနှစ် ညကတည်းက ဖြစ်ပေါ်ခဲ့သည့် မှောင်မိုက်မှုနှင့် ညှိုးငယ်မှုတို့သည် ဆုမွန်ကောင်းများနှင့် နှစ်သိမ့်မှုများဖြင့် တဖြည်းဖြည်း ပြည့်ဝလာကာ ချောမွေ့သွားခဲ့သည်။

လန်ချူကျွင်း မှားယွင်းခဲ့သကဲ့သို့ သူမ၏ ရူးမိုက်မှုသည်လည်း မှားယွင်းခဲ့သည်။

သိသာစွာပင် သူမအား နှစ်သက်သူ၊ သူမ၏ သရုပ်ဆောင် အရည်အချင်းအား နှစ်သက်သူ၊ သူမ ပုံဖော်ခဲ့သည့် ဇာတ်ကောင်များအား နှစ်သက်သူ များစွာ ရှိနေသည်။

သူမ၏ ကြိုးပမ်းမှုကို နှစ်သက်ပြီး သူမကဲ့သို့ ပိုကောင်းအောင် လုပ်ချင်ကြသူများလည်း ရှိနေသည်။ ရှုကျစ်ချင်းသည် သူမ၏ အထက်တန်းကျောင်း နောက်ဆုံးနှစ်ညသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။

သို့သော် ကွာခြားချက်မှာ ထိုညက လုံးဝ မှောင်မိုက်နေခဲ့သည်။ ယနေ့ညတွင်တော့ ပတ်ဝန်းကျင်မှ တစ်ခုပြီးတစ်ခု လင်းလာကာ သူမ၏ Weibo မက်ဆေ့ချ် စာရင်းထဲရှိ အင်တာနက်သုံးစွဲသူများ အသက်ဝင်လာကာ သူမဘေးတွင် တစ်ဦးပြီးတစ်ဦး ပေါ်လာသကဲ့သို့ပင်။

သူတို့သည် သူမ၏ ပရိသတ်များ၊ ဒေါသထွက်နေသော အင်တာနက်သုံးစွဲသူများမှာ သူမကဲ့သို့ အတွေ့အကြုံတူ ခံစားဖူးသည့် ကောင်မလေးများပင် ဖြစ်သည်။

သူတို့အားလုံးသည် အဖြစ်မရှိသော ယောကျ်ားကြောင့် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်မနေရန် သူမအား ပြောနေကြသည်။

ရှင်က ထိုက်တန်ပါတယ်၊ အတိတ်ကရော အခုရော။

နာနီကားတစ်စီးသည် ကျန်းချန် ပြည်သူ့လုံခြုံရေး အစိုးဌာန (ရဲစခန်း) အနီးရှိ ကားပါကင်တွင် ရပ်ထားသည်။ နာနီကားထဲတွင် လော့ရှီလင်သည် "ဝမ်ရှိန်မီဒီယာ" ၏ တရားဝင် Weibo အကောင့်အောက်ရှိ မှတ်ချက်များအား ဖတ်နေသည်ယ

[ လန်ချူကျွင်းက ချင်းမေ့မေ့ရဲ့ ဗီဒီယိုကို ဖော်ထုတ်ခါနီးမှာ တျန်းရှန့်ရဲ့ PR က ဝင်ရောက် ဖြေရှင်းပေးခဲ့တယ်လို့ ငါကြားတယ် ]

[ ရှုကျစ်ချင်းက "ရှန်းကျယ်" ရဲ့ အမျိုးသမီးဇာတ်ဆောင်လေ တျန်းရှန့်က "ရှန်းကျယ်" ရဲ့ ရင်းနှီးမြှုပ်နှံသူ ဒါကြောင့် သူတို့ ရှုကျစ်ချင်းကို ကူညီရမှာပေါ့ ]

[ အဓိကက ဝမ်ရှိန်မီဒီယာက ဘာလုပ်နေတာလဲ၊ သူတို့က ဇာတ်လမ်းအစအဆုံး လူသေတွေလိုပဲ၊ သူတို့ တျန်းရှန့်က ပြီးခဲ့တဲ့တစ်ခေါက် ဖန်စစ်ဟန်ကို ကိုင်တွယ်ပုံမျိုးကို သင်ယူလို့ မရဘူးလား၊ ဒီလို အကျပ်အတည်း လေးကိုတောင် သူတို့ မသိဘူးလား ]

[ ဝမ်ရှိန်က သူတို့ရဲ့ ကိုယ်ပိုင် အနုပညာရှင်တွေကို ဂရုမစိုက်ဘူးလား၊ ရှုကျစ်ချင်းနဲ့ လန်ချူကျွင်း နှစ်ယောက်လုံးက သူတို့ဆီကပဲ၊ ဒါကို သူတို့ လုံးဝ မသိတာဆိုတာတော့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား ]

[ သူတို့ တကယ် ဘာမှ မသိဘူးဆိုရင် ဝမ်ရှိန်က အမှိုက်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သူတို့ရဲ့ ကိုယ်ပိုင် အနုပညာရှင်တွေရဲ့ ကိစ္စတွေကိုတောင် နားမလည်ဘူး ]

[ ဝမ်ရှိန်မီဒီယာက အစကတည်းက အမှိုက်ပါပဲ၊ အရင်က ချီပိုင်ရဲ့ ဖြစ်စဉ်တုန်းကလည်း အဲလိုပဲ၊ ချင်းမေ့မေ့သာ တျန်းရှန့်က ဖြစ်ခဲ့ရင် တျန်းရှန့်က ဒီလို သတင်းမျိုးတွေကို အမြဲတမ်း အချိန်မီ ဖြေရှင်းပေးမှာပဲ၊ မျှော်လင့်ထားတဲ့အတိုင်းပဲ တျန်းရှန့်က ဦးဆောင် ဖျော်ဖြေရေးကုမ္ပဏီ ဖြစ်လာတာ အကြောင်းရှိတယ် ]

လော့ရှီလင်သည် မှတ်ချက်များအား ကြည့်ပြီးနောက် မျက်ခုံးများ ကြုတ်သွားကာ ဖုန်းကို မြေပြင်ပေါ် သို့ ပစ်ချလိုက်သည်။

ဤကိစ္စ တစ်ခုလုံးသည် ရှုကျစ်ချင်းနဲ့ လန်ချူကျွင်းအကြောင်း ဖြစ်သည်။ ဝမ်ရှိန် အဘယ်သို့ သိနိုင်မည်နည်း။ ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့သည် ချစ်သူဖြစ်ကြောင်း မှတ်တမ်းပင် တင်ထားသည် မဟုတ်။ အဘယ်ကြောင့် ပရိသတ်များသည် သူမအား အပြစ်တင်နေရသနည်း။

လော့ရှီလင်သည် လွန်ခဲ့သော အချိန်တချို့က ရှုကျစ်ချင်း သူမထံမှ ပိုက်ဆံ ချေးယူခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။

လန်ချူကျွင်းကြောင့်များ ဖြစ်နေလေမလား။

မိန့်ဟောင်သည် ဖုန်းကို မြေပြင်မှ ကောက်ယူကာ လော့ရှီလင်ထံ ပြန်ပေးလိုက်သည်။

"ရှုကျစ်ချင်း ထွက်လာပြီဆိုတာ သေချာလား"

လော့ရှီလင် အေးစက်စွာ မေးလိုက်သည်။ မိန့်ဟောင် ခေါင်းညိတ်ပြလိုက်သည်။

"သူမရဲ့ ထွက်ဆိုချက်ကို အပြီးသတ်သွားပြီ၊ အပြင်မှာ သတင်းထောက်တွေလည်း စီစဉ်ထားပြီးပါပြီ၊ ညသန်းခေါင်ယံမှာ ရှင် ရှုကျစ်ချင်းကို လာကြိုတာကို သူတို့ သေချာပေါက် ရိုက်ယူကြမှာပဲ "

ဝမ်ရှိန်၏ ဂုဏ်သတင်းသည် အွန်လိုင်းပေါ်၌ လက်ရှိတွင် အလွန် အနုတ်လက္ခဏာ ပြနေသည်။ ရှုကျစ်ချင်းအား လန်ချူကျွင်းသည် အစောပိုင်းက အသရေဖျက်ခဲ့ပြီး ကုမ္ပဏီသည် ဝင်ရောက် ဖြေရှင်းပေးခဲ့ခြင်း မရှိသောကြောင့် ပရိသတ်များ ရင်ကွဲခဲ့ရသည်။

ယခု သူတို့၏ ဆက်ဆံရေး ပေါ်ပေါက်လာချိန်တွင် ကုမ္ပဏီသည် လူမိုက်တစ်ယောက်ကဲ့သို့ အွန်လိုင်းတွင် သူများတင်ခါမှ သိရပြီး ယခုအချိန်ထိ တုံ့ပြန်မှု မရှိသေးသည့်အတွက် ကုမ္ပဏီ ပျက်သုဉ်းတော့မည် ဆိုသော အင်တာနက်သုံးစွဲသူများ၏ သံသယကို ပိုမို အားဖြည့်ပေး နေသကဲ့သို့ ဖြစ်နေသည်။

လော့ရှီလင်သည် ညသန်းခေါင်ယံအချိန်မှ ရဲစခန်းသို့ အလျင်စလို သွားရသည့်အပြင် သူမ မသိသော ပါပါရာဇီများကိုပါ အနီးအနားတွင် စောင့်ခိုင်းခဲ့ရပြီး၊ သူမလို ဝမ်ရှိန်၏ အမှုဆောင် အရာရှိချုပ် (CEO) တစ်ယောက်သည် အနုပညာရှင်တစ်ဦးအား လာကြိုနေသည်ဟု "မတော်တဆ" ရိုက်ယူနိုင်ရန် မျှော်လင့်ခဲ့သည်။ ဤအရာသည် ဝမ်ရှိန်၏ ပုံရိပ်အား အနည်းဆုံးတော့ ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးနိုင်လိမ့်မည်။

သို့သော် သူတို့သာ တျန်းရှန့်နှင့် တစ်နည်းနည်းဖြင့် ချိတ်ဆက်နိုင်လျှင် ပို၍ပင် ကောင်းမွန်လိမ့်မည်။ ထိုကဲ့သို့ဆိုလျှင် ရှုကျစ်ချင်း၏ ဗီဒီယိုဖြစ်စဉ်အား ဖြေရှင်းရန် တျန်းရှန့်၏ ကြိုးပမ်းမှုများသည် ဝမ်ရှိန်၏ ခိုင်းစေမှုအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အင်တာနက်အသုံးပြုသူများအား ယုံကြည်စေနိုင်ပြီး ဝမ်ရှိန်မှာ လုံးဝ အသုံးမကျခြင်း မဟုတ်ကြောင်း ပြသနိုင်သည်။

သို့သော်လည်း ရှဲ့ကျစ်ရှင်း၏ ချစ်သူ မိတ်ကပ်ဆရာမသည် တျန်းရှန့်၏ သူဌေး ဖြစ်နေသည်ဆိုသော အတွေးက လော့ရှီလင်အား စိတ်တိုစေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ဤကဲ့သို့ သာမန် အမျိုးသမီးတစ်ဦးအား မည်သို့ ချစ်မိသွားခဲ့သနည်း။ သူ မျက်စိကန်းနေခဲ့သလား။ လော့ရှီလင်သည် ကားထဲမှ ထွက်ရန် ပြင်ဆင်နေချိန် Rolls-Royce ကားတစ်စီးသည် နာနီဗင်ဘေးတွင် ရပ်လိုက်သည်။

ပြတင်းပေါက်များကို တစ်ဖက်ဖွင့်မှန်ဖြင့် ဖုံးအုပ်ထားသောကြောင့် ကားထဲမှ လူများကို မြင်နိုင်ရန် ခက်ခဲသည်။ သို့သော် လော့ရှီလင်သည် ထိုလိုင်စင်နံပါတ်ပြားအား ကောင်းကောင်းသိသည်။ ထိုအရာသည် သူမ နှလုံးသားထဲတွင် အလွတ်ရနေသော ဂဏန်းတွဲ ဖြစ်သည်။ သံသယမရှိ၊ ထိုသူသည် ကားထဲတွင် ရှိနေရမည်။ သူမသည် သူ့အား တွေ့ဆုံရန် ပိုမို သင့်လျော်သည့် နေရာ ရွေးချယ်ချင်ခဲ့သော်လည်း သူ့အား ဒီလောက် မြန်မြန် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ လော့ရှီလင်၏ မျက်လုံးများ အရောင်တောက်လာပြီး မိန့်ဟောင်အား အမိန့်ပေးလိုက်သည်။

"အနီးအနားက ပါပါရာဇီတွေကို ရှုကျစ်ချင်းနဲ့ ငါ့ကိုပဲ ဓာတ်ပုံ မရိုက်ဖို့ ပြောလိုက်၊ ဘေးက Rolls-Royce ကားထဲကနေ တစ်ယောက်ယောက် ဆင်းလာလိမ့်မယ် သူ့ကိုလည်း ထည့်ရိုက်ဖို့ ပြောလိုက်”

မိန့်ဟောင်သည် လော့ရှီလင် ဘာလုပ်နေသည်ကို မသေချာဘဲ ဘေးနားရှိ Rolls-Royce အား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

သို့သော် သူမသည် CEO ဖြစ်သည်၊ CEO ပြောသည်သာ အမှန်တရားဖြစ်သည်။

မိန့်ဟောင်သည် ခေါင်းညိတ်ကာ ပါပါရာဇီများအား အကြောင်းကြားရန် လှည့်သွားခဲ့သည်။ လော့ရှီလင်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ မိတ်ကပ်မှန်ကို ဆွဲထုတ်ကာ မျက်နှာတွင် မိတ်ကပ် အနည်းငယ် ထပ်လိမ်းလိုက်သည်။

ကောင်းပြီ!

သူမသည် လျှို့ဝှက် ဓာတ်ပုံရိုက်ခံရန် အတွက် ကြိုတင် ပြင်ဆင်ထားခဲ့သောကြောင့် မိတ်ကပ်ဆရာအား သဘာဝကျသည့် ပုံစံ လိမ်းခိုင်းထားခဲ့သည်။

သူမ၏ အသားအရေမှာ ကြည်လင်နေကာ မျက်နှာအသွင်အပြင်များသည် ရှင်းလင်း၍ ဖြူစင်သော အပြစ်ကင်းစင်သော အငွေ့အသက် ထုတ်လွှတ်နေသည်။

သူမသည် လုံးဝ ဆွဲဆောင်မှုရှိနေသည်။

လော့ရှီလင်သည် သူမ၏ ရုပ်ရည်အပေါ် အလွန် ယုံကြည်မှုရှိသည်။ သူမသည် ရှချန်းချန်း၏ ရင်သပ်ရှုမောဖွယ် အလှနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း မိတ်ကပ်ဆရာမ ဖြစ်သည့် ရှဲ့ကျစ်ရှင်း၏ သာမန် ချစ်သူကိုမူ ကျော်လွန်နိုင်ရန် ဖြစ်နိုင်ချေအလွန်ရှိသည်။

Chapter 92

လော့ရှီလင်၏ မျက်နှာအေးခဲသွားကာ အက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ် မျှချေ မထိန်းနိုင်သည်အထိ ဖြစ်သွားသည်။

သူမ မျက်နှာပျက်သွားပြီး ရှဲ့ကျစ်ရှင်းအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

"ရှင် ကျွန်မကို မမှတ်မိဘူးလား"

ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်ကာ အချိန် တခနမျှ ယူ၍ စဉ်းစားခဲ့သော်လည်း သူ့ရှေ့ရှိ အမျိုးသမီးမှာ မည်သူမှန်း သတိမရသေးပေ။

သူသည် မှတ်ဉာဏ်ကောင်းသူ ဖြစ်‌သော်လည်း သူနှင့်ခင်မင်ရင်းနှီးဖူးသော သူများအား မေ့တတ်ခြင်းမှာ သူ့အတွက် မထူးဆန်း၊ သို့သော်ငြား ဤအမျိုးသမီးအား. လုံးဝ မမှတ်မိပေ။

အထူးလက်ထောက်ကျိုး ရှေ့သို့ တိုးလာကာ ရှဲ့ကျစ်ရှင်းနားသို့ကပ်၍ တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်သည်၊

"ရှဲ့မန်နေဂျာ သူက ဝမ်ရှိန်မီဒီယာရဲ့ CEO လော့ရှီလင်ပါ"

ရှဲ့ကျစ်ရှင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ စကားပြောဟန်မှာ အေးစက်နေသည်၊

"မစ္စ လော့ မင်္ဂလာပါ"

နှစ်ယောက်သား ယဉ်ကျေးစွာ လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ လော့ရှီလင် စကားစမြည် ဆက်ပြောချင်ခဲ့သော်လည်း ရှဲ့ကျစ်ရှင်းသည် ရဲစခန်းတွင် ကိစ္စများ ရှိသေးသည်ဟု အကြောင်းပြကာ ကားပါကင်မှ ထွက်ခွာသွားခဲ့သည်။

ရှဲ့ကျစ်ရှင်း ထွက်ခွာသွားသည်ကို ကြည့်ကာ လော့ရှီလင်၏ အပြုံးများ တဖြေးဖြေး မှေးမှိန်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်း အဘယ်ကြောင့် သူမအား မမှတ်မိရသနည်း။ သူတို့သည် တရားဝင် တွေ့ဆုံဖူးခြင်း မရှိသော်လည်း သူတို့တွင် တူညီသော အရာ များစွာ ရှိခဲ့သည်။

မဖြစ်နိုင်၊ ရှဲ့ကျစ်ရှင်း ဟန်ဆောင်နေသည်မှာ သေချာသည်။

လော့ရှီလင် သေချာနေသည်။ သူတို့သည် အထက်တန်းကျောင်းတွင် အတန်းဖော်များ ဖြစ်ခဲ့ကြပြီး ရှဲ့ကျစ်ရှင်းမှာ ကျောင်းတွင် အတော်ဆုံး ယောကျ်ားလေး၊ လော့ရှီလင်မှာ အတော်ဆုံး မိန်းကလေး ဖြစ်သည်။

ဩဇာရှိသော ဤပုဂ္ဂိုလ်နှစ်ဦးသည် ကျောင်းတူ တူတက်ခဲ့ကြဖူးသည်။ ရှဲ့ကျစ်ရှင်း သူမအား မမှတ်မိဘဲ မနေနိုင်။

"ရှဲ့ကျစ်ရှင်းက ဘာလို့ ရဲစခန်းကို ရောက်နေတာလဲ"

လော့ရှီလင် ရုတ်တရက် မိန့်ဟောင်အား မေးလိုက်သည်။

"လန်ချူကျွင်းရဲ့ ကိစ္စက ရှဲ့အုပ်စု နဲ့ ဘာမှ မဆိုင်ဘူး မဟုတ်လား"

"ရှုကျစ်ချင်းက 'ရှန်းကျယ်' ရဲ့ အမျိုးသမီးဇာတ်ဆောင် တျန်းရှန့်က 'ရှန်းကျယ်' ရဲ့ ထုတ်လုပ်သူ ဆိုတော့ ရှဲ့ကျစ်ရှင်းက သူ့ ချစ်သူကို လာကြိုဖို့ ရောက်နေတာ ဖြစ်နိုင်ပါတယ်"

မိန့်ဟောင် မှန်းဆလိုက်သည်။

လော့ရှီလင်၏ မျက်လုံးများသည် ရုတ်တရက် စူးရှသွားသည်။

သူမသည် "ရှရှ" အမည်ရှိသော အမျိုးသမီး တစ်ဦး၏ ဓာတ်ပုံအား မြင်ဖူးသဖြင့် စုံစမ်းခိုင်း ထားခဲ့ဖူးသည်။ ရှရှသည် ရှဲ့ကျစ်ရှင်း၏ မိတ်ကပ်ဆရာမ ဖြစ်ကာ ရှဲ့ကျစ်ရှင်း အရက်မူးနေချိန်တွင် မှားခဲ့ကြသဖြင့် ရှဲ့ကျစ်ရှင်း၏ အမျိုးသမီးနေရာအား ထိထိရောက်ရောက် ရယူခဲ့သည်ဟူသော ကောလာဟလများ ရှိခဲ့ဖူးသည်။

ရှရှ၏ နောက်ခံနှင့် ပတ်သက်၍ သိရသည်မှာ သူမသည် ကျန်းချန်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းများထဲမှ မဟုတ်သည့်အပြင် အထက်တန်းလွှာ မိသားစုတစ်ခုမှ သမီးလည်း မဟုတ်ပေ။

သူမတွင် ရုပ်ရည်လည်း မရှိ၊ မိသားစု နောက်ခံလည်း မရှိပေ။

အလွန်ဆုံး အနေဖြင့် သူမသည် မိတ်ကပ်သာ အထူး လိမ်းခြယ်ပေးနိုင်သည်။

ရှဲ့ကျစ်ရှင်းသည် ဤကဲ့သို့ ကောက်ကျစ်သော မိန်းမအား အဘယ်ကြောင့် ကြိုက်နိုင်မည်နည်း။

တစ်ချိန်တည်းမှာပင် ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့သည် ရဲစခန်းထဲမှ ထွက်လာခဲ့သည်။

လော့ရှီလင်နှင့် မိန့်ဟောင်တို့သည် ရှဲ့ကျစ်ရှင်း ကောင်မလေး၏ မျက်နှာအမှန် မည်သို့ မည်ပုံ ရှိသည်ကို မြင်တွေ့လိုကြသဖြင့် အလျင်အမြန် ရှေ့သို့တိုးလာခဲ့ကြသည်။

ကံမကောင်းစွာဖြင့် သူမသည် အလွန်လျင်မြန်စွာ ထွက်သွားသည်။

နှစ်ဦးသား အမှီမလိုက်နိုင်သေးခင်မှာပင် Rolls-Royce ကားသည် ရဲစခန်း ဂိတ်ဝသို့ မောင်းနှင်ပြီးသား ဖြစ်နေသည်။

လော့ရှီလင်နှင့် မိန့်ဟောင်တို့ ရောက်ရှိလာသောအခါ Rolls-Royce ၏ အိပ်ဇော အငွေ့ကိုသာ တစ်ဝကြီး ရှူရှိုက်လိုက်ရသည်။

"ရှရှ" ၏ မျက်နှာမပြောနှင့် ၊ အရိပ်ပင် မမြင်လိုက်ရပေ။

လော့ရှီလင် ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လိုက်သည်။

ထိုအချိန် အနီးအနားတွင် ပုန်းအောင်းနေသူ ပါပါရာဇီများသည် သူတို့ လက်ထဲရှိ ဓာတ်ပုံများအား မိန့်ဟောင်ထံ ပေးပို့လိုက်ကြသည်။

ခန့်ညားသော ယောကျ်ားတစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦးသည် တောက်ပသော ညကောင်းကင်အောက်၌ ကမ္ဘာ့ဦးကတည်းက ဖြစ်တည်ခဲ့သော ဂင်ဂိုရွက်လေးများ၏ ဝန်းရံမှုဖြင့် အေးမြသော လေထုထဲတွင် ညို့ယူဖမ်းစား နေသည်။

လော့ရှီလင်သည် အလွန် မပျော်ရွှင်သော စိတ်အခြေနေ ရှိနေသော်လည်း ဓာတ်ပုံအား မြင်လိုက်သောအခါ ရယ်မောနေခဲ့သည်။

မည်သည့် ရှုထောင့်မှ ကြည့်ကြည့်၊ သူမနှင့် ရှဲ့ကျစ်ရှင်းမှာ ပို၍ လိုက်ဖက်သည်။

"လော့သူဌေး ရှဲ့သူဌေးက အစ်မကို မသိဘူး မဟုတ်လား၊ ဒီဓာတ်ပုံက ဘာအဓိပ္ပာယ်ရှိလို့လဲ"

မိန့်ဟောင် နားမလည်နိုင်ဖြစ်နေသည်။ ပါပါရာဇီများသည် ဝေးလွန်းသောကြောင့် လော့ရှီလင်နှင့် ရှဲ့ကျစ်ရှင်းတို့၏ စကားပြောဆိုမှုကို မကြားလိုက်ရသော်လည်း မိန့်ဟောင်မှာမူ အလုံးစုံ ကြားခဲ့ရသည်။ ရှဲ့ကျစ်ရှင်းသည် လော့ရှီလင်အား ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

"ငါတို့ ဝမ်ရှိန်ရဲ့ ပုံရိပ်ကို ပြန်လည်ကောင်းမွန်အောင် ကြိုးစားနေတာ မဟုတ်လား"

လော့ရှီလင်သည် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

"ဒီဓာတ်ပုံက အကောင်းဆုံး နည်းလမ်းပဲ"

***

အခြားတစ်ဖက်တွင် Rolls-Royce ကားတစ်စီးသည် မြို့အတွင်း ဖြတ်သန်း မောင်းနှင်ကာ အင်ပါယာသစ်တောဥယျာဉ် ဆီသို့ ဖြည်းညင်းစွာ ဦးတည်နေသည်။

ပင်ပန်းနွမ်းနယ်သော နေ့တစ်နေ့အပြီး ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ရင်ခွင်ထဲတွင် မှီ၍ အပန်းပြေစေရန် ကစားစရာ ဂိမ်းတစ်ခု စီစဉ်ခဲ့သော်လည်း သူမ၏ ဖုန်းသို့ မက်ဆေ့ချ်တစ်ခု အမှတ်မထင် ဝင်လာခဲ့သည်။

အတန်းဖော်ကျိုး ထံမှ စာတိုတစ်ခု ပေးပို့လာသည်။

လိမ်ညာသူများကို ဖော်ထုတ်သူ ၏ နာမည်ဝှက်များအားလုံး ကွဲကွဲပြားပြား ပြသထားပြီး ဖြစ်သည့်အပြင် ရှဲ့ကျစ်ရှင်း၏ "အတန်းဖော်ကျိုး" ဟူသော နာမည်ဝှက်အား သူမ သိသည်၊ ရှဲ့ကျစ်ရှင်းမှာမူ သူမ သိသည်အား မသိရှိသေးပေ။

ရှချန်းချန်းသည် တမင်တကာ အကြောဆန့်ပြကာ တိတ်တဆိတ် အခြားတစ်ဖက်တွင် ထိုင်လျက် မက်ဆေ့ချ်အား ဖွင့်ကြည့်လိုက်သည်။

အတန်းဖော် ကျိုး : [ ရှုကျစ်ချင်းမှာ လက်တွဲဖော် တကယ်ရှိတယ်လား၊ နောက်ဆုံးတစ်ခေါက် Red Carpet မှာ တွေ့တုန်းက သူကတစ်ကိုယ်တည်းလို့ ပြောခဲ့တာ! 凸(艹皿艹) ]

အတန်းဖော် ကျိုး : [ရှုကျစ်ချင်းက အရင်တုန်းက "ဝ" တာ တကယ်လား၊ သူမက အခု အရမ်း ပိန်နေတာကို (⊙?⊙) ]

အတန်းဖော် ကျိုး: [ကျီကျီ၊ မင်းက ဘာလို့ နည်းနည်းလေးပဲ ဖော်ထုတ်တာလဲ၊ ငါ အတင်းအဖျင်းတွေ ပိုသိချင်သေးတယ်ကွာ ]

ရှချန်းချန်းသည် အွန်လိုင်းပေါ်တွင် ခုန်ပေါက်ကာ အတင်းအဖျင်းများမှာ မလုံလောက်ဟု အော်ဟစ်နေသော သူမ၏ အတန်းဖော်ကျိုးအား ကြည့်လိုက်ပြီးနောက်၊ သူမဘေးတွင် ရပ်ကာ ဖုန်းဖြင့် အေးဆေးတည်ငြိမ်စွာ အီးမေးလ်များ ပြန်ဖြေနေသော ရှဲ့ကျစ်ရှင်းအား လှမ်းကြည့်လိုက်သည်။

စနစ်၏ အကူအညီ မပါဝင်ခဲ့လျှင် ထိုလူဆိုးလေး၏ အေးစက်၍ ကာမဂုဏ်ကင်းမဲ့သော အသွင်အပြင်အောက်တွင် အတင်းအဖျင်းအား အလွန် နှစ်သက်သည့် နှလုံးသားတစ်ခု ရှိနေကြောင်း မည်သူက ထင်မှတ်နိုင်မည်နည်း။

ဟုတ်ပြီ၊ အခု သူက အီးမေးလ်တွေ ပြန်ဖြေနေတာလား၊ ဒါမှမဟုတ် ကျိုး အကောင့်နာမည်နဲ့ အင်တာနက် သုံးနေတာလား ဆိုတာကို ငါ မသိတော့ဘူး။

"အချစ်ရေ ရှုကျစ်ချင်းနဲ့ လန်ချူကျွင်း ဘာတွေ ဖြစ်နေလဲဆိုတာ သိချင်လား"

ရှချန်းချန်းသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ချွဲနွဲ့လျက် ရှဲ့ကျစ်ရှင်း အနားသို့ ပိုနီးအောင် တိုးသွားလိုက်သည်။

"ကျွန်မ အရာရှိတင်းဆီကနေ အတွင်းသတင်းတွေ အများကြီး ကြားခဲ့ရတယ်၊ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်"

ရှဲ့ကျစ်ရှင်း၏ မျက်တောင်များသည် အနည်းငယ် တုန်ယင်သွားကာ သူသည် အလွန် စူးစမ်း သိလိုစိတ် ရှိနေသည်မှာ ထင်ရှားသော်လည်း ရှချန်းချန်းရှေ့တွင် ပြရန် ရှက်နေသောကြောင့် မာနကြီးဟန် ဆောင်နေဆဲ ဖြစ်သည်။

"စိတ်မဝင်စားဘူး"

"တကယ်လား"

ရှချန်းချန်း အနည်းငယ် နောင်တရဟန်ဖြင့် ပြောလိုက်သည်။

"ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ အတင်းအဖျင်းကို ကျွန်မတစ်ယောက်တည်းပဲ ခံစားရတော့မှာပဲ .."

ထူးဆန်းသော အသွင်သည် ရှဲ့ကျစ်ရှင်း၏ မျက်လုံးများတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော်လည်း သူသည် လျင်မြန်စွာ သူ၏ အေးစက်သော အသွင်အပြင်သို့ ပြန်ပြောင်းသွားခဲ့သည်။

သူသာ် ရှချန်းချန်းအား ထည့်စဉ်းစားဟန်ဖြင့် ပေါ့ပေါ့ပါးပါး သတိပေး လေသည်။

"အချစ် တကယ် ပြောပြချင်တယ်ဆိုရင်... အွန်လိုင်းမှာ တင်လို့ရတယ်၊ လူတွေ ဖတ်ကြလိမ့်မယ်"

ထပ်၍ ပြောလိုက်သေးသည်၊

"ကိုယ်က နေ့တိုင်း အလုပ်ရှုပ်နေတာမို့ ဒီအတင်းအဖျင်းတွေ အားလုံးကို ဖတ်ဖို့ အချိန်မရှိဘူး"

ထိုသို့ပြောပြီးနောက် ရှဲ့ကျစ်ရှင်းသည် သူ၏ ဖုန်းအား ကောက်ကိုင်လိုက်ပြီး ရွှေရောင်အနားသတ် မျက်မှန် ပြန်တပ်ကာ အီးမေးလ်များ စီမံခန့်ခွဲဟန် ဆောင်လိုက်သည်။

"Host သူ လိမ်နေတာ" စနစ်မှ ထပြောလာသည်။

“သူ လိပ်များသူများကိုဖော်ထုတ်သူ ရဲ့ ပင်မစာမျက်နှာကို ဖွင့်ထားပြီး မင်း ဖော်ထုတ်တာကို စောင့်နေတာကို ငါ တွေ့လိုက်တယ်"

ရှချန်းချန်းသည် မရယ်ဘဲ မနေနိုင်တော့ဘဲ သူမ၏ ဖုန်းအား ကောက်ကိုင်လိုက်ကာ အတင်းအဖျင်းများ ဖော်ထုတ်ဟန် ဆောင်လိုက်သည်။

ရှဲ့ကျစ်ရှင်းသည် မျက်ထောင့်ဖြင့် ခိုးကြည့်နေခဲ့ပြီး ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ချက်ချင်း လိမ်ညာသူများကိုဖော်ထုတ်သူ၏ ပင်မစာမျက်နှာအား ဖွင့်လိုက်သည်။

သူသည် မျှော်လင့်ချက်အပြည့်ဖြင့် တိတ်တဆိတ် လက်အား ပွတ်သပ်နေသည်။

သို့သော် ရှဲ့ကျစ်ရှင်း ကြာရှည်စွာ စောင့်ဆိုင်းခဲ့သော်လည်း လိမ်ညာသူများကိုဖော်ထုတ်သူမှ လှုပ်ရှားမှု တစ်စုံတစ်ရာပင် မမြင်ရပေ။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ရှချန်းချန်းအား မျက်စောင်းထိုး၍ လှမ်းကြည့်လိုက်သည်။

သူမသည် အာရုံစိုက်နေပြီး၊ မူကြမ်းအား ကြိုးစားလုပ်ကိုင်နေပုံ ပေါ်နေသည်။

သေချာ‌သည်၊ မဒမ် ဤမျှ ကြိုးစားနေခြင်းမှာ မူကြမ်း ရေးနေခြင်းဖြစ်သည်။

ပို၍ နည်းနည်းစောင့်ရမည် ။

နည်းနည်း ထပ်စောင့်လိုက်သည်နှင့် မဒမ်သည် သတင်း ဖော်ထုတ်တော့မည်ဖြစ်သည်။

နောက်တစ်စက္ကန့် အကြာတွင် သူသည် ဘေးဘက်မှ ဂိမ်းသံ ကြားလိုက်ရသည်၊

"သင် ရန်သူကို သတ်လိုက်ပြီ"

"နှစ်ယောက်ဆက်သတ်ခြင်း"

"သုံးယောက်ဆက်သတ်ခြင်း”

“လေးယောက်ဆက်သတ်ခြင်း"

ရှဲ့ကျစ်ရှင်း: ???

ကတိပေးထားသော သတင်းဖော်ထုတ်မည့် အစီအစဉ် မည်သို့ဖြစ်သွားသနည်း။ သူ အလိမ်ခံလိုက်ရလေသလား။

လိမ်ညာသူများကိုဖော်ထုတ်သူ၏ ဖော်ထုတ်မှုများအပြီးတွင် အင်တာနက်တစ်ခွင်သည် ရှုကျစ်ချင်းနှင့် လန်ချူကျွင်းတို့၏ ကိစ္စအကြောင်း ဆွေးနွေးမှုများဖြင့် ဆူညံနေခဲ့သည်။

ဤကာလအတွင်း လန်ချူကျွင်း၏ လှည့်စားခြင်းကို ခံခဲ့ရသော မိန်းကလေးများစွာသည် ရှေ့သို့ ထွက်လာပြီး သူတို့အား ချဉ်းကပ်ကာ ထိခိုက်နစ်နာအောင် လုပ်ရန် ဆင်တူသော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

ရှုကျစ်ချင်းသည် သားကောင်တစ်ခုထက် များစွာ ပိုကြောင်း ပေါ်လွင်လာခဲ့သည်။

နောက်တစ်နေ့တွင် ကျန်းချန် ပြည်သူ့လုံခြုံရေး အစိုးရဌာန တရားဝင် Weibo အကောင့်မှ အမှု၏ တိုးတက်မှုအား ကြေညာခဲ့သည်။

လန်ချူကျွင်း၏ လုပ်ရပ်များသည် လိမ်လည်မှု၊ ညစ်ညမ်းဗီဒီယိုများ တရားမဝင် ဖြန့်ဝေမှုနှင့် လောင်းကစားမှုတို့အတွက် သံသယရှိထားကြောင်း သိရသည်။

ငါးနှစ်တာကာလအတွင်း သူသည် ဆင်တူသော နည်းဗျူဟာများကို အသုံးပြုကာ သူ့ပတ်ဝန်းကျင်ရှိ မိန်းကလေးများအား လှည့်ဖြားခဲ့ပြီး လောင်းကစားအတွက် ငွေကြေးများ လိမ်လည်ခဲ့သည်။

လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း လန်ချူကျွင်း၏ လောင်းကစားပေါ် အသုံးပြုမှုသည် ယွမ် သန်း ၅၀ အထိ မြင့်မားခဲ့သည်။

ရဲများသည် ဂိမ်းဆိုင်များနောက်ကွယ်တွင် ဖုံးကွယ်ထားသော လောင်းကစားရုံများအား စုံစမ်းစစ်ဆေးခဲ့ပြီး လောင်းကစားဝိုင်းမှ ပိုက်ဆံ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထိုငွေများထဲမှ တစ်စိတ်တစ်ပိုင်းကို လှည့်စားခံရသူများထံ ပြန်ပေးခဲ့သော်လည်း ပိုမိုများပြားသော ပမာဏမှာ ပြည်ပ အကောင့်များမှတစ်ဆင့် လွှဲပြောင်းထားပြီး ပြန်လည်ရရှိရန် မဖြစ်နိုင်တော့ပေ။

[ နစ်နာခဲ့ရတဲ့ မိန်းကလေးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်၊ နောင်တချိန်မှာ ယောကျ်ားရွေးချယ်တဲ့အခါ သေချာ သတိထားဖို့ ပြောချင်ပါတယ် ]

[ ရဲတွေက လန်ချူကျွင်းကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ မျှော်လင့်တယ် ]

[ ကံကောင်းပေလို့ပဲ လိမ်ညာသူများကို ဖော်ထုတ်သူက လန်ချူကျွင်းကို ဖော်ထုတ်ခဲ့လို့၊ မဟုတ်ရင် နောင်တချိန်မှာ မိန်းကလေးတွေ ဘယ်နှစ်ယောက်များ ထပ်ပြီး ထိခိုက်နစ်နာကြဦးမလဲ ]

[ မိန်းကလေးများ နောင်တချိန်မှာ ချိန်းတွေ့တဲ့အခါ သတိထားပါ၊ သူတို့ရဲ့ ဓားစာခံတွေ မဖြစ်အောင် လုပ်ကြပါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ ]

အင်တာနက်သည် လန်ချူကျွင်းအား ပြစ်တင်ရှုတ်ချမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ပရိသတ်ကလပ်သည် ဆန္ဒအလျောက် ဖျက်သိမ်းသွားခဲ့ပြီး ပရိသတ်များသည် လန်ချူကျွင်းလို လူမိုက်ကို မျက်ကန်းတစ္ဆေလို ယုံကြည်ခဲ့မိသဖြင့် ဆက်လက် အားပေးတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

လန်ချူကျွင်း တစ်ဦးတည်းသာမက ဝမ်ရှိန်မီဒီယာပါ ဝေဖန်ခံနေရသည်။

ဝမ်ရှိန်မီဒီယာ၏ ဤဖြစ်စဉ်‌ပေါ်တွင် လုပ်ဆောင်မှု မရှိခြင်းသည် လူမိုက်ဆန်နေပြီး သတင်းဖော်ထုတ်ခဲ့သည့် marketing account ထက်ပင် ပိုဆိုးနေသည်။

လန်ချူကျွင်းနှင့် ရှုကျစ်ချင်းတို့ နှစ်ဦးစလုံးသည် ဝမ်ရှိန်မီဒီယာ၏ အနုပညာရှင်များဖြစ်ပြီး ကုမ္ပဏီသည် သူတို့၏ ဆက်ဆံရေးအား မသိရှိခဲ့ပေ။ ၎င်းတို့သည် သူတို့၏ အနုပညာရှင်များအား မည်မျှ အရေးမထားကြောင်း၊ တန်ဖိုးမထားကြောင်း စိတ်ကူးကြည့်နိုင်သည်။

“ဒီလို ကုမ္ပဏီမျိုးကို ကိုယ်တို့အနုပညာရှင်တွေ ဘယ်လို ယုံကြည်ကြရတော့မလဲ”

ဝမ်ရှိန်မီဒီယာ၏ လုပ်ရပ်သည် ပရိသတ်များ၏ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ပရိသတ်များသည် ကုမ္ပဏီ၏ တရားဝင် Weibo အကောင့်သို့ သွားရောက်၍ မကျေမနပ်ပြောဆိုကြသည်။

ထိုအချိန်တွင်၊ Marketing account တစ်ခုမှ ရုတ်တရက်ဖော်ပလိုက်သော သတင်းတစ်ခုသည် လူတိုင်း၏ အာရုံကို လုံးဝပြောင်းလဲသွားစေခဲ့သည်။

[တုန်လှုပ်ဖွယ်ရာ ကျန်းချန်မြို့၏ အချမ်းသာဆုံးမိသားစု တျန်းရှန့်၏ နောက်ကွယ်ရှိ အစစ်အမှန် ခေါင်းဆောင်မှာ သူပင်ဖြစ်သည်]

ချမ်းသာသော မိသားစုများကြားမှ ရှုပ်ထွေးသော အကြောင်းအရာများသည် အင်တာနက် အသုံးပြုသူများအကြား စိတ်ဝင်စားမှု အမြဲရခဲ့သော အကြောင်းအရာဖြစ်သည်။

ဤခေါင်းစဉ်ကို တွေ့မြင်ရသည်နှင့် အင်တာနက်အသုံးပြုသူအများအပြားသည် နှိပ်၍ ဝင်ရောက်ကြည့်ရှုကြသည်။

အများစုသည် တျန်းရှန့်၏ နောက်ကွယ်ရှိ အစစ်အမှန်ခေါင်းဆောင်မှာ လယ်ဗယ်လ်မြင့် အသက်လတ်ပိုင်း ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ၎င်းတို့ မြင်တွေ့ခဲ့ရသည်မှာ ရှဲ့ကျစ်ရှင်း၏ ဓာတ်ပုံပင်ဖြစ်သည်။

[ ငါတော့ ကြက်သေသေသွားမိပြီ... ဒါဆိုရင် သခင်ကြီးရှဲ့ က ကျန်းချန်ရဲ့ အချမ်းသာဆုံးမိသားစုပေါ့]

[ ရှဲ့မိသားစုဟာ ကျန်းချန်မှာ အထက်တန်းလွှာ မိသားစုမှန်း ကျွန်တော်သိပေမယ့် ဒီ ရှဲ့ နှစ်ယောက်က တစ်ယောက်တည်းဖြစ်မှန်း မသိခဲ့ဘူး ရှဲ့ချန်းရယ် က ရှဲ့မိသားစုရဲ့ ခေါင်းဆောင်မဟုတ်ဘူးလား ]

[ဆောင်းပါးထဲမှာ ပြောထားတယ်လေ ရှဲ့ချန်းရယ် က ရှဲ့ကျစ်ရှင်းရဲ့ ဦးလေးတဲ့]

[အိုးမိုင်ဂေါ့ဒ်၊ ဒါဆိုရင် ရှဲ့အုပ်စုကို ရှဲ့ကျစ်ရှင်းရဲ့ မိဘတွေက တည်ထောင်ခဲ့တာ သူတို့မိဘတွေ ကွယ်လွန်ပြီးနောက် ရှဲ့ချန်းရယ် က လွှဲယူခဲ့တာပေါ့၊ အဲဒီနောက်မှာ ရှဲ့ကျစ်ရှင်းက ခက်ခဲမှုတွေကို သည်းခံပြီး နောက်ဆုံးတော့ တစ်နှစ်အကြာမှာ အုပ်စုကို ပြန်လည်ရယူခဲ့တာလား ]

[ ဝတ္ထုတွေတောင် ဒီလိုရေးဖို့ မရဲလောက်ဘူး၊ သခင်ကြီးရှဲ့ဟာ တကယ့်ကို ကြီးကျယ်တဲ့အရာတွေ လုပ်နိုင်တဲ့လူတစ်ယောက်ပဲ ]

[တျန်းရှန့်ရဲ့ အကြီးဆုံး ရှယ်ယာရှင်ကလည်း သခင်ကြီး ရှဲ့ ပဲ သူဟာ ရုပ်ရှင်ရိုက်နေတုန်း တိတ်တဆိတ်နဲ့ တျန်းရှန့် ရှယ်ယာတွေကို ဝယ်ယူခဲ့တာ၊ ဘယ်သူမှလည်း သူက အကြီးဆုံးသူဌေးမှန်း မသိခဲ့ဘူး အရမ်းအံ့သြစရာကောင်းတယ် ]

[ ဝါး ဒါကို မြင်ရတော့ ဒီလူကို ပိုချစ်လာပြီ၊ သူ တကယ်ကို အံ့ဩဖို့ကောင်းတယ် ဝါးးးးး ]

[ဒါပေမဲ့ သခင်ကြီးရှဲ့ ကို နောက်ထပ် သရုပ်ဆောင်တာတွေ မြင်ရပါဦးမလား... သူ ကုမ္ပဏီကို ပြန်သွားပြီး စီမံခန့်ခွဲရတော့မလား ဝမ်းနည်းလိုက်တာ ]

ရှဲ့ကျစ်ရှင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဤအချက်အလက်များသည် marketing account များ သို့မဟုတ် အထက်တန်းလွှာ မိသားစုဝင်များ ကြားတွင် လျှို့ဝှက်ချက် မဟုတ်သော်လည်း၊ ရှဲ့အုပ်စု၏ ဩဇာအာဏာကြောင့် ပြည်သူလုထုအား တမင်ဖုံးကွယ်ထားခဲ့ပြီး Marketing account များမှာ ထုတ်ဖော်ဝံ့ ခဲ့ခြင်းမရှိပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ တစ်ဖက်လူသည် ရှင်းလင်းစွာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး အချက်အလက်များမှာလည်း အလွန်စုံလင်ကာ ခိုင်မာနေခဲ့သည်။

အထူးလက်ထောက်ကျိုးသည် PR ဌာနမှ ဤသတင်းကို ရရှိသည့်အခါ တုန်လှုပ်သွားခဲ့ပြီး မေ့လဲမည့်အခြေအနေသို့ ရောက်ခဲ့ရသည်။

တစ်မိနစ်ခန့် တိတ်ဆိတ်နေပြီးနောက်၊ သူသည် ပြည်သူ့ဆက်ဆံရေးဌာနအား ဤကိစ္စရပ်များကို လျစ်လျူရှုထားရန် ညွှန်ကြားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှဲ့အုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း အချက်အား ထာဝစဉ် ဖုံးကွယ်ထား၍ မရနိုင်ပေ။

အထူးလက်ထောက် ကျိုး၏ အမြင်တွင်မူ၊ တစ်နှစ်ကြာ လျှို့ဝှက်ထားနိုင်ခဲ့ခြင်းမှာပင် အတော်အတန် ကောင်းမွန်ခဲ့ခြင်း ဖြစ်သည်။

ကနဦးက ဤကိစ္စအား ထုတ်ဖော်ရန် မနှစ်သက်ခဲ့ခြင်းမှာ ရှဲ့ချန်းရယ်၏ နောက်လိုက်များသည် အခွင့်ကောင်းယူကာ ရှဲ့ကျစ်ရှင်းအား ပျက်စီးအောင်လုပ်ရန် နှင့် သူ၏ ဦးလေးအား သတ်ခဲ့သည်ဟု စွပ်စွဲမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ယင်းသည် ရှဲ့ကျစ်ရှင်း၏ အချို့သော လုပ်ငန်းများကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သို့သော် ရှဲ့ကျစ်ရှင်းသည် "သာယာရိုးရှင်းသော ဘဝ” တွင် ယာယီပါဝင်ခဲ့သည်မှလွဲ၍ တစ်နှစ်လုံး ဖျော်ဖြေရေးလောကမှ အနားယူထားပြီး ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားလှုပ်ရှားမှု အမှန်တကယ် မရှိသလောက်ဖြစ်ကာ၊ သူ၏ အစောပိုင်း လက်ရာများမှာလည်း ထုတ်လွှင့်ပြီးဖြစ်သဖြင့်၊ ယခုအခါတွင် သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထုတ်ဖော်ခံရခြင်းသည် ကြီးမားသော သက်ရောက်မှုရှိမည်မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အွန်လိုင်း မှတ်ချက်အများစုသည် ရှဲ့ကျစ်ရှင်း၏ ထက်မြက်မှုကို ချီးကျူးဂုဏ်ပြုကြပြီး ဖျော်ဖြေရေးလောကမှ အနားယူသွားခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြကြသည်။ ဤအချက်မှလွဲ၍ ဆိုးရွားသော မှတ်ချက်များ နည်းပါးခဲ့သည်။

တျန်းရှန့်၏ အစစ်အမှန်ခေါင်းဆောင်နှင့် ပတ်သက်၍မူ... ရှချန်းချန်းသည် သူမ၏ ရည်ရွယ်ချက်များအား ရှင်းလင်းစွာ လျှို့ဝှက်ထားခဲ့ပြီး အထူးလက်ထောက်ကျိုး မှာလည်း စိတ်ဝင်စားစွာ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း၊ လွန်ခဲ့သောခြောက်လအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအပေါ် အခြေခံ၍ စေ့စေ့စပ်စပ် ကြည့်တတ်သော အင်တာနက်အသုံးပြုသူ အချို့သည် ပေါက်ကြားလာသော အချက်အလက်များမှ သဲလွန်စတစ်ခု သတိပြုမိခဲ့ကြသည်။

[ ရှချန်းချန်းက "ရှန်းကျယ် " ရဲ့ အမှုဆောင် ထုတ်လုပ်သူဖြစ်ပြီး ရှဲ့ကျစ်ရှင်းက တျန်းရှန့် ရဲ့ သူဌေး ဆိုတော့ ဒီ၂ယောက်က ဆက်စပ်မှုရှိ နေလား၊ မဟုတ်ရင် ရှဲ့ကျစ်ရှင်းက ရှချန်းချန်း ကို အမှုဆောင်ထုတ်လုပ်သူအဖြစ် ဘာလို့ ခွင့်ပြုပါ့မလဲ ]

[ ကျွန်မ ဒီဇာတ်လမ်းထဲမှာ နစ်မြုပ်နေပြီ သူတို့နှစ်ယောက်ကြားမှာ ငါးရံ့ဝင်နေတယ်လို့ ထင်နေတာ၊ ရှဲ့ မိသားစုပရဟိတညစာစားပွဲမှာ ရှချန်းချန်း နဲ့ ရှဲ့ကျစ်ရှင်း တို့ကြားက မျက်လုံးချင်းဆုံမှုတွေကို မှတ်မိကြလား၊ အရမ်းချိုမြိန်တာ ]

[ လုံးဝမစဉ်းစားနဲ့၊ ရှဲ့ကျစ်ရှင်းမှာ ချစ်သူရှိပြီးသားပဲ၊ သူတို့နှစ်ယောက်လုံးက အထက်တန်းလွှာ မိသားစုတွေက ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းကြတယ်လို့ပဲ ကျွန်တော် ယုံကြည်ချင်တယ်၊ ရှချန်းချန်း က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထဲ ဝင်ချင်တော့ ရှဲ့ကျစ်ရှင်း က သူမကို ကူညီပေးနေတာပေါ့၊ သူတို့နှစ်ဦးကြားမှာ ဘာဆက်ဆံရေးမှ မရှိနိုင်လောက်ပါဘူး ]

ရှချန်းချန်း နှင့် ရှဲ့ကျစ်ရှင်း တို့သည် စုံတွဲဖြစ်သည်ဟူသော အွန်လိုင်း ကောလဟာလများသည် စတင်ခါစမှာပင် ဆင်ခြင်တုံတရားရှိသော ပရိသတ်များကြောင့် ပျက်စီးသွားခဲ့ရသည်။

ပရိသတ်များသည် ရှဲ့ကျစ်ရှင်း ကိုယ်တိုင်အတွက် ဂုဏ်သိက္ခာကျဆင်းခံကာ ချစ်ခင်မြတ်နိုးရသည့် မိန်းကလေးနှင့် ရေရှည်တည်တံ့သော ဆက်ဆံရေး ပိုင်ဆိုင်နိုင်ရန်အတွက် ဆုမွန်ကောင်းများ ပေးပို့ခဲ့ကြသည်။

ထိုအချိန်တွင် ရှဲ့ကျစ်ရှင်း ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် နောက်ကွယ်မှ အခြေအနေများကို ဖော်ထုတ်ခဲ့သည့် Marketing account သည် ဓာတ်ပုံတစ်ပုံ ထပ်မံထုတ်ပြန်ခဲ့သည်

ဤဓာတ်ပုံသည် ချက်ချင်းပင် ရေပန်းစားသွားခဲ့သည်။

၎င်းသည် ရဲစခန်းကားပါကင်တွင် ရှဲ့ကျစ်ရှင်း နှင့် လော့ရှီလင် တို့ "ချစ်ခင်စွာ ကြည့်နေကြပုံ" ကို ပြသထားခြင်းဖြစ်သည်။

[ ဓာတ်ပုံထဲက အမျိုးသားက ရှဲ့ကျစ်ရှင်း လား၊ သူ့မျက်နှာချင်းဆိုင်က အမျိုးသမီးက ဘယ်သူလဲ ]

[ ဒီအမျိုးသမီးအကြောင်း အချက်အလက်အားလုံးကို တစ်မိနစ်အတွင်း လိုချင်တယ်၊ ဘာတွေဖြစ်နေတာလဲ ]

[အပေါ်ကသူရေ အဲအမျိုးသမီးက ဝမ်ရှိန် မီဒီယာ ရဲ့ စီအီးအို လော့ရှီလင်ပါ၊ သူမက အရင် Galaxy Girls ရဲ့ ပွဲဦးထွက်ညမှာ ပေါ်ခဲ့ဖူးပါတယ်၊ သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါလို့ ပြောရပါမယ် ]

[ သူတို့ရဲ့ ဆက်ဆံရေးက ဘာလဲ ဒီလိုမျိုး မရှင်းမလင်းဓာတ်ပုံတစ်ပုံ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ ]

[ဒါက ကျန်းချန်ပြည်သူ့လုံခြုံရေးဌာန ရဲ့ ကားပါကင်ပဲ၊ ရဲစခန်းက ကျွန်တော့်သူငယ်ချင်းတွေဆီက ကြားရတာက ဒီတစ်ကြိမ် ရှုကျစ်ချင်း ရဲ့ ကိစ္စက သက်ရောက်မှုကြီးမားတယ်]

[ဝမ်ရှိန်က သူတို့ရဲ့ PR ကြိုးပမ်းမှုတွေက တျန်းရှန့် ရဲ့ PR တွေလောက် မကောင်းဘူးလို့ ခံစားရပုံရတယ် ဒါကြောင့် ရှုကျစ်ချင်း ရဲ့ ဗီဒီယိုကို ကိုင်တွယ်ဖို့ တျန်းရှန့် ရဲ့ PR ဌာနကို အပ်နှင်းခဲ့ပုံရတယ် မဟုတ်လို့ လန်ချူချွင်း က ဖော်ထုတ်ခဲ့ရင် လူတိုင်းက ဘယ်လိုလုပ် ဗီဒီယိုကို မမြင်ပဲ နေမှာလဲ]

[တျန်းရှန့် က ဒီကိစ္စမှာ ဘာကြောင့် ဒီလောက် အာရုံစိုက်နေရတာလဲဆိုတာ အံ့ဩစရာမရှိပါဘူး၊ သူတို့ကို ဝမ်ရှိန် က တာဝန်အပ်ခဲ့တာ ဖြစ်နေတယ်၊ ဝမ်ရှိန် က ဘာမှမလုပ်ဘဲ နေခဲ့တာမျိုး မဟုတ်ပါဘူး]

[အနုပညာရှင်တစ်ဦး အခက်အခဲကြုံတဲ့အခါ PR ကို ကိုင်တွယ်မယ့် ပထမဆုံးကုမ္ပဏီက သူတို့ကိုယ်ပိုင်ကုမ္ပဏီပဲ ဖြစ်သင့်တာ၊ ရုပ်ရှင်ထုတ်လုပ်သူရဲ့ အလှည့်ရောက်စရာမရှိဘူး ဒါပေမဲ့ နှစ်ဖက်စလုံးက ပါဆင်နယ်အရ ဆက်သွယ်ခဲ့ကြတာ ဖြစ်နေတော့ ဝမ်ရှိန်က ဒီတစ်ခါ ဝေဖန်ခံရတာကို တကယ်ပဲ မတရားခံရဘူးလို့ ခံစားရတယ်]

[ငါတော့ ဝမ်ရှိန် ကို နည်းနည်း သနားမိတယ်၊ သူက သူ့အလုပ်ကို ကောင်းကောင်းလုပ်နေတာ ရှင်းနေလျက်နဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ဒီလောက်ကြာကြာ ခံခဲ့ရတာ ]

ဝမ်ရှိန် မီဒီယာ၏ ထိန်းချုပ်မှုအောက်တွင် အင်တာနက်အသုံးပြုသူများသည်

"ဝမ်ရှိန် က ရှုကျစ်ချင်း နဲ့ လန်ချူးချွင်း ရဲ့ ကိစ္စမှာ အပြင်မှာနေခဲ့ပုံပေါ်ပေမယ့် တကယ်တမ်းမှာတော့ PR အကူအညီအတွက် တျန်းရှန့် ကို အသုံးပြုနေတာ" ဆိုသော အဆိုကို လက်ခံခဲ့ကြသည်။

ရှဲ့ကျစ်ရှင်း နှင့် လော့ရှီလင် တို့ ရဲစခန်းကားပါကင်တွင် တစ်ပြိုင်နက်တည်း ပေါ်လာခြင်း၊ ချစ်ခင်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ခြင်းမျိုး ရှိနေတာခြင်း တို့သည် သူတို့တစ်ဦးနှင့်တစ်ဦး သိကျွမ်းကြသည် ဆို‌ေသာ အဆိုကို အတည်ပြုပေးနေပုံရသည်။

တစ်ချိန်တည်းမှာပင်၊ အင်တာနက်အသုံးပြုသူအချို့သည် ပုံမှန်မဟုတ်သည့် အရာတစ်ခုအား သတိပြုမိခဲ့ကြသည်…

[ မှတ်သားစရာတစ်ခု: ဒီနှစ်ယောက်ဟာ တကယ့်ကို လိုက်ဖက်ညီတယ်လို့ ထင်နေတဲ့သူက ကျွန်မ တစ်ယောက်တည်းလား၊ ဒီလို ခန့်ညားတဲ့အမျိုးသားနဲ့ လှပတဲ့အမျိုးသမီး မျက်စိပသာဒဖြစ်လိုက်တာ ]

[သဘောတူပါတယ်၊ သဘောတူပါတယ်၊ ပြောရမယ်ဆိုရင် လော့ရှီလင် နဲ့ ရှဲ့ကျစ်ရှင်း တို့ဟာ ဆက်ဆံရေးကောင်း ရှိရမယ် မဟုတ်ဘူးလား၊ မဟုတ်ရင် ဘာကြောင့် ဒီလို အရေးကြီးတဲ့ကိစ္စကို သူ့ကို အပ်နှံမှာလဲ၊ PR ကောင်းကောင်း မလုပ်နိုင်ခဲ့ရင် ရှုကျစ်ချင်း ရဲ့ ဂုဏ်သတင်း ပျက်စီးသွားမှာ ]

[ အပေါ်က မှတ်ချက်ပေးသူက ဒါကို မသိသေးဘူး ဖြစ်နိုင်တယ်၊ ဒါပေမဲ့ လော့ရှီလင် နဲ့ ရှဲ့ကျစ်ရှင်း တို့ဟာ ဟိုးအရင် ကတည်းက သိကျွမ်းနေခဲ့တာ သူတို့ ဆက်ဆံရေး အရမ်းကောင်းတယ် ]

[ငါ သိတယ်၊ သိတယ် င်းါ သူတို့နဲ့ အထက်တန်းကျောင်းတက်ခဲ့တာ

ရှဲ့ကျစ်ရှင်း ဟာ သိပ္ပံဘက်မှာ ပထမဖြစ်ပြီး၊ လော့ရှီလင် က ဝိဇ္ဇာဘက်မှာ ပထမပဲ သူတို့နှစ်ယောက်လုံး ကျောင်းမှာ နာမည်ကြီးတွေဖြစ်ပြီး လှုပ်ရှားမှုများစွာကို အတူတူ ပူးပေါင်းပါဝင်ခဲ့ကြတယ်]

[သူတို့က အတူတူ အထက်တန်းကျောင်းတက်ခဲ့ကြတာ၊ ရှဲ့ကျစ်ရှင်း နဲ့ လော့ရှီလင် တို့က အဲတုန်းက တွဲခဲ့ကြတယ် ပြောတယ်၊ နှစ်ယောက်စလုံးရဲ့ အချစ်ဦးတွေဖြစ်ပြီး ဒါက ကျောင်းမှာ လူတိုင်းသိတဲ့ ကိစ္စပဲ၊ ကံမကောင်းစွာနဲ့ပဲ လော့ရှီလင် က နောက်ပိုင်းမှာ ပြည်ပထွက်ပြီး ပညာသင်ကြားခဲ့ရလို့ လမ်းခွဲခဲ့ကြတာ၊ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အကြည့်ကို ကြည့်လိုက်ပါဦး၊ သူတို့မျက်လုံးတွေမှာ ထွင်းထုထားသလိုပဲ သူတို့ကြားမှာ ခံစားချက်တွေ ကျန်နေသေးတာ ရှင်းနေတယ်]

[ငါလည်း ဒီဓာတ်ပုံက သူတို့ကြားမှာ ခံစားချက်တွေ ကျန်နေသေးတာကို ပြနေတယ်လို့ ခံစားရတယ် ဒါပေမဲ့ ရှဲ့ကျစ်ရှင်း မှာ ချစ်သူရှိနေပြီ မဟုတ်ဘူးလား၊ အရင်က ဒီလိုမျိုး ကြီးကြီးမားမား ပြဿနာဖြစ်ခဲ့ဖူးတာ ရှဲ့ကျစ်ရှင်း ကို လိမ်လည်လှည့်ဖြားတဲ့ လူယုတ်မာအဖြစ် တံဆိပ်ကပ်ခံရလုနီးပါးဖြစ်ခဲ့တာ၊ ဒါပေမဲ့ လိမ်ညာသူများကိုဖော်ထုတ်သူ က သူ့အတွက် ကိစ္စရှင်းပေးခဲ့တာ မဟုတ်ဘူးလား ]

[ မြန်မြန်လေး မှတ်ချက်ပေးပါရစေ၊ ခင်ဗျားတို့ ထင်လား... ရှချန်းချန်း က လော့ရှီလင် နဲ့ နည်းနည်းလေး ဆင်နေသလားလို့ ]

[ အိုးမိုင်ဂေါ့ဒ်! ဒါဆိုရင် လော့ရှီလင် က ရှဲ့ကျစ်ရှင်း ရဲ့ အချစ်စစ်ဖြစ်ပြီး ရှချန်းချန်း က အစားထိုးပဲလား ]

[ အစားထိုး ဇာတ်လမ်း ကြိုက်လိုက်တာ ]

[ မဟုတ်ရင် ရှဲ့ကျစ်ရှင်း က ရှဲ့အုပ်စု PR ကို ဝမ်ရှိန် နဲ့ ရှုကျစ်ချင်းကို ကူညီဖို့ ဘာကြောင့် အသုံးပြုမှာလဲ၊ ဒီနှစ်ယောက်ဟာ ဖောက်ပြန်နေကြတာ သေချာပေါက်ပါပဲ ]

[ အပေါ်က မှတ်ချက်... ရှချန်းချန်း ရဲ့ ဓာတ်ပုံတွေက လော့ရှီလင် နဲ့ လုံးဝမတူဘူးဆိုတာကို မပြောကြရအောင်၊ တူနေခဲ့ရင်တောင်... ရှချန်းချန်း က မိတ်ကပ်ပညာရှင်ပါ၊ လိမ်ညာသူများကိုဖော်ထုတ်သူ က ပြသခဲ့တဲ့ ဓာတ်ပုံအားလုံးက တကယ့်မျက်နှာတွေ မဟုတ်ဘူးလို့ အရင်က ရှင်းလင်းပြောကြားခဲ့ဖူးတယ်၊ မင်း ဘယ်လိုလုပ် သူမကို လော့ရှီလင် နဲ့တူတယ်လို့ ပြောနိုင်တာလဲ နှာခေါင်းသုံးပြီး ပြောတာလား ]

[ ရှဲ့ကျစ်ရှင်း မိတ်ကပ်ပညာရှင်ကို ငှားရမ်းခဲ့တာ ဘာကြောင့်လဲဆိုတာ ဒါက ရှင်းပြနေတာ မဟုတ်ဘူးလား၊ သူက ရှချန်းချန်း ကို လော့ရှီလင် ရဲ့ ပုံသဏ္ဌာန်အတိုင်း ပုံဖော်စေချင်တာပဲ တစ်ခုခုမြင်ရင် သူမကို သတိရစေတာပေါ့ ]

[ သေစမ်း ဝတ္ထုတွေမှာတောင် ဒီလိုမျိုး ရေးရဲမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတော့ ဒါကို အရမ်းဆွဲဆောင်မှုရှိတယ်လို့ တွေးမိတယ် ]

[ ငါ ဒီစုံတွဲကို ထောက်ခံချင်တယ်၊ အင်း သူတို့ရဲ့ အငြိုးအတေးတွေ ဘာပဲဖြစ်ပါစေ ရိုးရိုးသားသားပြောရရင် ဒီနှစ်ယောက်ရဲ့ အတွေ့အကြုံတွေကို မြင်ပြီးတော့ ငါ ထင်တာက... ရှဲ့ကျစ်ရှင်း နဲ့ လော့ရှီလင် တို့က အသင့်တော်ဆုံး စုံတွဲပဲ၊ အဲရှချန်းချန်း က နည်းနည်း သာမန်လွန်းတယ်၊ သူမက သခင်ကြီး ရှဲ့ နဲ့ တကယ်ကို မထိုက်တန်ဘူး ]

[ ငါ ဒီစုံတွဲကို ထောက်ခံချင်တယ်၊ မြန်မြန် တွဲကြပါ တွဲကြပါ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ]

*

နံနက်ခင်းအလင်းရောင်သည် အင်ပါယာသစ်တော ဥယျာဉ်ငယ်ပေါ်သို့ ကျဆင်းနေပြီး၊ မခြောက်သွေ့သေးသော ဆီးနှင်းစက်များသည် နေရောင်ခြည်ထဲတွင် ရောင်စုံအလင်းများကို ရောင်ပြန်ဟပ်ကာ တောက်ပစွာ လင်းလက်နေသည်။

ရှချန်းချန်း သည် ခန္ဓာကိုယ်ကို ဆန့်ပြီး သူမ၏ ပျော့ပျောင်းသော မွေ့ရာပေါ်တွင် သက်သောင့်သက်သာ တက်ထိုင်လိုက်သည်။

အိပ်ရေးဝခြင်း၊ နောက်ထပ် အံ့ဩဖွယ်ကောင်းသော နေ့တစ်နေ့!

လုယန်ရန် ၏ အော်သံသည် အပေါ်ထပ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး လှပသော နံနက်ခင်းအား ဆုတ်ဖြဲလိုက်သည်။

အဒေါ်လျူသည် လုယန်ရန်အား တားချင်သော်လည်း လုယန်ရန်သည် လျင်မြန်စွာ လှုပ်ရှားကာ ခြေလှမ်းနှစ်လှမ်း သုံးလှမ်းဖြင့် ရှချန်းချန်း ၏ အခန်းသို့ အပြေးအလွှား ရောက်လာခဲ့သည်။

"ဘယ်အချိန်ရှိပြီလဲ နင် အခုထိ အိပ်ဖို့ စိတ်ကူးရှိသေးတာလား"

ရှချန်းချန်း သည် သူမ၏ ခန္ဓာကိုယ် ဆန့်တန်းခြင်းကို အပြည့်အဝ မဆန့်မီ လုယန်ရန်အား ရှုပ်ထွေးသောအသွင်ဖြင့် ကြည့်လိုက်သည်။

သူမသည် အထက်တန်းလွှာ အမျိုးသမီးကြီးပင် နေ့လယ်အထိ အိပ်ခြင်းမှာ ပုံမှန်မဟုတ်သလား။

ရှချန်းချန်း ဇဝေဇဝါဖြင့် မေးလိုက်သည်-။

"' ယွီကွမ်းကို နင် ဒီနေ့ အရောင်းမြှင့်တင်ရမှာ မဟုတ်ဘူးလား နင် ငါ့ဆီ လာတွေ့ဖို့ အချိန်ရနေတာလား"

"ငါ ဒီနေ့ နေ့လယ်ကျမှ ရုပ်ရှင်ရုံမှာ ရှိမှာ ဒါကြောင့် အချိန်ရသေးတယ်... မဟုတ်ဘူး အခုက ဒါမျိုးပြောနေရမယ့်အချိန်လား”

လုယန်ရန် သူမအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

“နင် ဘာလို့ အခုထိ အိပ်နေသေးတာလဲ၊ ဖုန်းတောင် မစစ်ရသေးဘူးလား"

"ဖုန်း" ရှချန်းချန်း အံ့အားသင့်သွားပြီး ဖုန်း ဖွင့်လိုက်သည်။

ရှဲ့ကျစ်ရှင်း နှင့် လော့ရှီလင် တို့ ပတ်သက်သည့် သတင်းများ ရေကြီးသကဲ့သို့ လွှမ်းမိုးနေပြီး သူမ၏ အင်ဘောက်စ် တစ်ခုလုံး ပြည့်လျှံနေသည်။

ရှချန်းချန်း တစ်ချက်ဝေ့ကြည့်ပြီးနောက် ဖုန်းအား ပေါ့ပေါ့ဆဆပုံစံဖြင့် ဘေးသို့ ပစ်ချလိုက်သည်။

"ရှဲ့ကျစ်ရှင်း ရဲ့ အရှုပ်တော်ပုံသက်သက်လား၊ စိုးရိမ်စရာ ဘာရှိလို့လဲ"

ရှဲ့ကျစ်ရှင်းကဲ့သို့ အထက်တန်းလွှာမှ သူဌေးကြီး အဆင့်အတန်းရှိလူသည် ဖုံးကွယ်ထား၍ မရနိုင် လျှို့ဝှက်ချက်မှာ ယခုမဟုတ်လျှင် နောင်တစ်ချိန် ပေါ်ထွက်လာမည် ဖြစ်သည်။

လူတိုင်းသည် သူ့အား တျန်းရှန့်၏ ခေါင်းဆောင်ဟု ယူဆကြသည့် ကိစ္စအတွက်မူ... ရှချန်းချန်း ဂရုစိုက်ခြင်းမရှိ။

မည်သို့ပင်ဆိုစေကာမူ သူမသည် အများပြည်သူသိစေရန် အချိန်မပေးချင်ခဲ့ပေ။

"အဓိကက လော့ရှီလင် လေ"

လုယန်ရန် အသားပေးပြောလိုက်သည်။

ရှချန်းချန်း နောက်ထပ် နည်းနည်းကြာကြာ လှဲနေချင်သေးသော်လည်း လုယန်ရန်သည် စောင်အား မ ဖယ်လိုက်ပြီး သူမကို ဆွဲထုတ်လိုက်သည်။

"ဒီမိန်းမက နင့်ကို ဘာအန္တရာယ်မှ မခံစားရစေဘူးလား "

"ဘာကို ကြောက်ရမှာလဲ"

ရှချန်းချန်း လုယန်ရန်အား သဘောကျသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ရှဲ့ကျစ်ရှင်း က အရမ်းနာမည်ကြီးတာကို သူ့နာမည် သုံးပြီး နာမည်ကြီးချင်တဲ့ မိန်းမ အနည်းဆုံး ရှစ်ရာလောက်တော့ ရှိမှာပေါ့"

Hotဖြစ်သော ခေါင်းစဉ်များတွင် "ရှဲ့ကျစ်ရှင်း နဲ့ လုယန်ရန်"

"ရှဲ့ကျစ်ရှင်း နဲ့ မုန့်ရုယန်" "ရှဲ့ကျစ်ရှင်း နဲ့ ကျင်ရိဖန် " စသည့် ကာပယ်နိမ်းများဖြင့် အမြဲတမ်း ပြည့်နေခဲ့သည်။

အင်တာနက်အသုံးပြုသူများသည် သူတို့တွဲဖက်မှုအား ကြိုက်နေသရွေ့ မည်သို့နာမည်ကြီးသည် ဆိုစေကာမူ အသက်၊ ကျား/မ သို့မဟုတ် အတူတူ သရုပ်ဆောင်ဖူးသည်ဖြစ်စေ၊ မဆောင်ဖူးသည်ဖြစ်စေ တွဲဖက်နိုင်သည်ဟု ယုံကြည်ထားကြသည်။

ရှချန်းချန်း သာ လူတိုင်းအား မနာလိုဖြစ်နေမည်ဆိုလျှင် သူမ ကိစ္စအရပ်ရပ်အား ကိုင်တွယ်နိုင်မည်လား ။

"ဒီတစ်ခါက မတူဘူး"

လုယန်ရန် စိတ်ပူပန်စွာ ပြောလိုက်သည်။

"နင်က ပွင့်လင်းပြီး ရှဲ့ကျစ်ရှင်း ကို ယုံကြည်တာ ငါသိပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့ ဒီတစ်ခါမှာ ရှဲ့ကျစ်ရှင်း နဲ့ လော့ရှီလင် တို့က တစ်ဦးနဲ့တစ်ဦး အချစ်ဦးတွေဖြစ်ခဲ့တယ်ဆိုတဲ့ အွန်လိုင်းကောလာဟလက အမှန် ဖြစ်နေတာ"

ဆက်လက်အိပ်မက်မက်ရန် ပြင်နေသော ရှချန်းချန်းသည် ရုတ်တရက် အိပ်ရာပေါ်မှ ကမန်းကတန်း ထထိုင်လိုက်သည်။ သူမ၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေပြီး လုယန်ရန်အား စိုက်ကြည့်နေသည်။

"နင် ခုနက ဘာပြောလိုက်တာလဲ၊ ပြန်ပြောပါဦး"

ဆယ်မိနစ်ကြာသော် ရှချန်းချန်း နှင့် လုယန်ရန် တို့ ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရှချန်းချန်း မျက်နှာ မည်းမှောင်သွားကာ သူမ၏ မျက်ခုံးများမှာ ယင်ကောင်တစ်ကောင်ကိုပင် ကြိတ်ချေနိုင်လောက်အောင် တင်းကျပ်စွာ တွန့်လိမ်နေသည်။

သူမသည် ဆိုဖာပေါ်တွင် ထိုင်လျက် အွန်လိုင်းကောလဟာလများကို အစမှအဆုံး သေချာဖတ်ရှုခဲ့သည်။

ထိုမျှမက သူမသည် သတင်းများ မေးမြန်းရန် marketing account များထံသို့ သွားခဲ့သည်။

ကုံသန်း နှင့် အတင်းအဖျင်းဘုရင်မ ကဲ့သို့သော ဦးဆောင် Marketing account များသည် ရှဲ့ကျစ်ရှင်း နှင့် လော့ရှီလင် တို့နှင့်ပတ်သက်သော အချက်အလက် အများစုကို ၎င်းတို့၏ အထက်တန်းကျောင်းမှ အတန်းဖော်များက ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ ယင်းအချက်သည် ယုံကြည်စိတ်ချရမှု အဆင့်တစ်ခုကို ပေးခဲ့သည်။

သို့သော် သူတို့နှစ်ဦးသည် လိုက်ဖက်သော စုံတွဲဖြစ်ပြီး ရှဲ့ကျစ်ရှင်းသည် လော့ရှီလင်ကြောင့် တျန်းရှန့် မှ ဝမ်ရှိန်အား ကူညီစေရန် ညွှန်ကြားခဲ့သည် ဟူသော အွန်လိုင်းကောလဟာလများသည် အများအားဖြင့် အွန်လိုင်း အပုပ်လွှင့်သူ များက ဖန်တီးထားခြင်းဖြစ်သည်။

ထိုအရာသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဇာတ်လမ်း ပျံ့နှံ့လာသည်နှင့်အမျှ လူများ စတင်ယုံကြည်လာခဲ့ကြသည်။

ရှချန်းချန်း သည် သူမ၏ တက်ဘလက်ပေါ်မှ သတင်းများအား ကြည့်ရှုလျက် ကော်ဖီစားပွဲပေါ်တွင် သူမ၏ လက်ချောင်းများဖြင့် စည်းချက်ညီစွာ ခေါက်နေသည်။

သူမ တစ်မိနစ်ခန့် တိတ်ဆိတ်နေခဲ့သည်။

"ရှဲ့ကျစ်ရှင်း နဲ့ လော့ရှီလင် တို့ တကယ်တွဲခဲ့ကြတယ်ဆိုတာ နင် ဘယ်လိုသိတာလဲ၊ သူတို့ နင့်ကို ပြောပြခဲ့တာလား"

"ငါတို့ အတူတူ အထက်တန်းကျောင်းတက်ခဲ့ကြတာလေ"

လုယန်ရန် မျက်လုံးလှန့်ပြသည်။

"ကျန်းချန်မှာ ထိပ်တန်း ပုဂ္ဂလိက အထက်တန်းကျောင်း သုံးခုရှိတယ်၊ နင်က နိုင်ငံတကာ အလယ်တန်းကျောင်းကို တက်ခဲ့တယ်၊ ဟန်ကျားလင်းက ဝိန်ပေါ အလယ်တန်းကျောင်းကို တက်ခဲ့တာ၊ ရှဲ့ကျစ်ရှင်း နဲ့ ငါကတော့ ရှီသိုက်အလယ်တန်းကျောင်းကို တက်ခဲ့ကြတာ‌လေ၊၊ ငါ ကျောင်းစတက်တုန်းက ရှဲ့ကျစ်ရှင်း နဲ့ လော့ရှီလင် တို့က အထက်တန်း တတိယနှစ်မှာ ရှိနေခဲ့တာ၊ ကျောင်းတစ်ကျောင်းလုံးက သူတို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ပြောနေခဲ့ကြတာလေ ဒါကြောင့် မသိဘဲ နေဖို့ ခက်တယ်"

အထက်တန်းလွှာ လောကတွင်

လိုက်ဖက်ညီရန်မှာ အရေးအကြီးဆုံးဖြစ်သည်။

ထိုအချိန်က ရှဲ့ကျစ်ရှင်း၏ မိဘများ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ပြီး ရှဲ့ မိသားစုရော လော့ မိသားစုပါ ကျန်းချန်၏ အချမ်းသာဆုံးများထဲတွင် ပါဝင်ခဲ့သည်။

နှစ်ဦးစလုံးသည် ဆင်တူသော နောက်ခံများမှ လာခဲ့ကြပြီး အသက်အရွယ်အရလည်း ဆင်တူ၍ ကျောင်းတွင်လည်း ထိပ်တန်းကျောင်းသားများ ဖြစ်ကြသည့်အတွက် သူတို့အား တွဲဖက်ရန် လွယ်ကူစေခဲ့သည်။

အမှန်တကယ်တွင် ထိုအချိန်က ရှီသိုက် အလယ်တန်းကျောင်းရှိ ကျောင်းသားများ၏ အမြင်သည် လော့ရှီလင် မှလွဲ၍ တခြား မည်သည့် မိန်းကလေးမျှ ရှဲ့ကျစ်ရှင်း နှင့် မထိုက်တန်‌ ဟူ၍ ဖြစ်သည်။

"ငါတို့အတန်းထဲမှာလည်း သူတို့ ချစ်ကြိုက်နေတာကို မယုံတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့တယ်၊ ရှဲ့ကျစ်ရှင်း က ဝန်မခံသေးရင် အမှန်မဖြစ်နိုင်ဘူးလို့ သူမ ခံစားခဲ့ရတာ၊ ဒါကြောင့် သူမ သူ့ဆီသွားပြီး သူမရဲ့ ခံစားချက်တွေကို ဖွင့်ပြောခဲ့ဖူးတယ်”

"ပြီးတော့ ဘာဆက်ဖြစ်ခဲ့လဲ"

ရှချန်းချန်း မေးလိုက်သည်။

လုယန်ရန် ဘာမျှမတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။

"ငြင်းခံရတာပေါ့၊ ပြီးတော့ သူ့ရဲ့ တကယ့်ချစ်သူ လော့ရှီလင် က အဲဒါကို ပြန်လှောင်ပြောင်ခဲ့တယ် အဲနောက်မှာ ကျောင်းတစ်ကျောင်းလုံးက သူမကို အရှက်မရှိတဲ့သူ၊ ကြားဝင်ရှုပ်တဲ့သူ ဆိုပြီး လှောင်ပြောင်ခဲ့ကြတယ်၊ သူမ မခံနိုင်တော့ဘဲ တခြားကျောင်းကို ပြောင်းသွားခဲ့တယ်၊ နင် ဒါကို သိချင်သိလိမ့်မယ် သူမ နင့်ကျောင်းကို ပြောင်းသွားခဲ့တာ”

ရှချန်းချန်းတွင် မူလပိုင်ရှင်၏ အမှတ်တရများ မရှိသည့်အတွက် မသိပေ။ သို့သော် စနစ်မှ သူမ၏ စိတ်ထဲတွင် ခိုင်မာသော အဖြေတစ်ခုကို ပေးခဲ့သည်။

နိုင်ငံတကာ အလယ်တန်းကျောင်းတွင် ရှီသိုက်i အလယ်တန်းကျောင်း၌ အနိုင်ကျင့်ခံရသဖြင့် လှောင်ပြောင်ခံရသဖြင့် ပြောင်းရွှေ့လာသော မိန်းကလေးတစ်ယောက် အမှန်တကယ် ရှိခဲ့သည်။

ဤအချက်သည် လုယန်ရန် ပြောခဲ့သည်နှင့် ကိုက်ညီနေသည်။

"ငါက ရှဲ့ကျစ်ရှင်း တခြားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားလိမ့်မယ်လို့ ပြောနေတာမဟုတ်ဘူး၊ နင်က အစားထိုးဖြစ်တယ်လို့ ပြောနေတာလည်း မဟုတ်ဘူး..."

လုယန်ရန် ၏ အသံတွင် စိုးရိမ်မှုအပြည့်ဖြင့် တိမ်မြုပ်သွားခဲ့သည်။

"ဒါပေမဲ့ နင်လည်း သတိထားသင့်တယ် မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် နင် ဒီဆက်ဆံရေးမှာ အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာပဲ၊ ရှဲ့ကျစ်ရှင်း က တကယ်ပဲ လရောင်ဖြူလေး ကြောင့် နင့်ကို စွန့်လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ..."

လုယန်ရန် ဆက်၍ မပြောနိုင်တော့ပေ။

ရှချန်းချန်းဘက်မှ အရင် ချစ်ကြိုက်ခဲ့ရသည့် အတွေ့အကြုံ၊ ထို့အပြင် သူ့ယောက်ျားအား လိုက်ရန်အတွက် ရုပ်ဆိုးသည့် မိန်းမအဖြစ် ဝတ်ဆင်ခဲ့ရခြင်းများအား စဉ်းစားမိသောအခါ သူမ စိတ်ထိခိုက်သွားခဲ့သည်။

သူမ ဘာလုပ်သင့်သနည်း။ ရှချန်းချန်းသည် ထို လူယုတ်မာ ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ် တို့အား ဖယ်ရှားနိုင်ခဲ့ပြီ... သို့သော် လော့ရှီလင် ပြန်ရောက်လာခဲ့သည်။

သူတို့သုံးယောက်သည် နောက်ထပ် သွေးထွက်သံယို အချစ်တြိဂံထဲသို့ ထပ်ရောက်တော့မည် မဟုတ်လော။

လုယန်ရန် သနားကရုဏာစိတ်အပြည့်ဖြင့် ရှချန်းချန်းအား ကြည့်လိုက်သည်။

ရှချန်းချန်းမှာ အလွန် စိတ်ဆင်းရဲ ဒုက္ခရောက်နေရသည် မဟုတ်လော။

ရှချန်းချန်းသည်လည်း အလွန်မအီမသာ ဖြစ်နေခဲ့သည်။

သူမသည် ရှဲ့ကျစ်ရှင်း ဤဆက်ဆံရေးတွင် ပိုမို ရင်းနှီးမြှုပ်နှံထားသည်ကို ရှင်းရှင်းလင်းလင်း သိထားသည်။ သို့သော် လုယန်ရန်၏ စကားများအား နားထောင်ပြီးနောက်တွင် သူမ စိုးရိမ်ပူပန်မှု တစ်ခု ခံစားခဲ့ရသည်။

ဖုံးကွယ်ထားသော အသံတစ်ခုက သူမအား မေးနေသလိုပင်၊

လုယန်ရန် ပြောတာ မှန်နေရင် ဘယ်လိုလုပ်မလဲ ရှဲ့ကျစ်ရှင်း မှာ သူမ မသိတဲ့ တရားဝင်ချစ်သူတစ်ယောက် တကယ်ပဲ ရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ။

ရှချန်းချန်း ၏ နှလုံးသား တစ်စစ နစ်မြုပ်သွားခဲ့သည်။

သူမ၏ မျက်နှာသည် အလွန် မှိုင်ကျသွားခဲ့သည်။

လုယန်ရန်သည် ထိုနေ့လယ်ပိုင်းတွင် ရုပ်ရှင်တစ်ခုအား အရောင်း မြှင့်တင်ရမည်ဖြစ်ပြီး၊ ထိုညနေတွင် ကြယ်ပွင့်များစွာပါဝင်မည့် ဧည့်ခံပွဲတစ်ခုသို့ တက်ရောက်ရမည် ဖြစ်သောကြောင့် ခဏတာနေပြီးနောက် ထွက်ခွာသွားခဲ့သည်။

ရှချန်းချန်း ဧည့်ခန်းထဲတွင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ရှဲ့ကျစ်ရှင်းအား ဖုန်းခေါ်လိုက်သည်။

မျက်ကန်း တစ္ဆေမကြောက် ခန့်မှန်းနေမည့်အစား ရှဲ့ကျစ်ရှင်းအား တိုက်ရိုက်မေးမြန်းခြင်းမှာ ပိုကောင်းလိမ့်မည်။

သို့သော် ရှဲ့ကျစ်ရှင်းသည် ဖုန်းမကိုင်ခဲ့ပေ။ ယင်းအစား လက်ထောက်ကျိုး မှ ဖုန်းဖြေခဲ့သည်။

"အမျိုးသမီး ရှဲ့လောင်ရှီးက အဝတ်လဲခန်းမှာ အဝတ်လဲနေပါတယ်၊ နောက်မှ ခင်ဗျားကို ပြန်ခေါ်ဖို့ သူ့ကို ပြောလိုက်ရမလား”

ရှချန်းချန်း ခေတ္တရပ်တန့်မိသွားသည်။

"အဝတ်လဲနေတာလား ရှဲ့ကျစ်ရှင်း ဘာဖြစ်သွားလို့လဲ"

လက်ထောက်ကျိုး တွေဝေသွားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်၊

"သူ…. ဝမ်ရှိန် မီဒီယာက မစ္စလော့က သူ့အဝတ်အစားတွေကို ရေစိုအောင် လုပ်မိသွားလို့ပါ..."

ရှချန်းချန်း၏ နားထဲတွင် "ဘုန်း" ဟူသော အသံတစ်ခု ကြားလိုက်ရပြီး သူမ စိတ်ထဲတွင် ဖိနှိပ်ထားခဲ့သော မီးတောင် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

All Chapters