← Chapters

မိစ္ဆာတဲ့လား...ဒါက တောဖားပြုပ်စစ်စစ်ပါကွာ

Vol. 1 Ch. 1

မိစ္ဆာတဲ့လား...ဒါက တောဖားပြုပ်စစ်စစ်ပါကွာ

Vol. 1 Ch. 1

နေမင်းကြီးသည် ကောင်းကင်ယံထက်၌ တောက်ပစွာ လင်းလက်နေပြီး အောက်မှ လူသားများကို အခြောက်လှန်းပစ်တော့မည့်အလား ပူပြင်းလှပေသည်။

ဟောက်ရန်ဂိုဏ်း၏ တောင်ခြေရင်း၌ ချင်ထျန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း တဆတ်ဆတ် တုန်ယင်နေသော ခြေထောက်များကို နှိပ်နယ်ကာ မကျေမနပ် ရေရွတ်လိုက်လေသည်။

"ဒီလောက် ပင်ပန်းမှန်းသိရင် ဘယ်ကောင် ကူးပြောင်းချင်ဦးမလဲကွာ.."

ဒီဘဝမှာတော့ မိဘနှစ်ပါးကို သူ ဘယ်တော့မှ ပြန်တွေ့ရတော့မည် မဟုတ်ပေ။ ချင်ထျန်း၏ စိတ်ထဲတွင် ဆင်းရဲဒုက္ခရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ထိုအကြောင်းကို တွေးမိတိုင်း ရင်ထဲ၌ မွန်းကျပ်လာရသည်။

သူ့ခမျာ အကြာကြီး လိုက်ပိုးခဲ့ရပြီးမှ နောက်ဆုံးတော့ လက်ခံလာတဲ့ နတ်သမီးလေးကိုတောင် 'သုံးဆောင်' ခွင့် မရလိုက်ချေ။

တကယ်ကို ဘုရားသခင် ကျိန်စာသင့်ပါစေကွာ...။

ဘယ်လောက်တောင် အပြစ်ကြီးလိုက်တဲ့ ဖြစ်ရပ်လဲ။

ရွှမ်း...

လေတိုးသံ တရွှမ်းရွှမ်းနှင့်အတူ တရွှီရွှီ မြည်သံများ ထွက်ပေါ်လာသည်။ ချင်ထျန်း မော့ကြည့်လိုက်ရာ ခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသွားကြသော ကျက်သရေရှိလှသည့် ပုံရိပ်အချို့ကို မြင်လိုက်ရ၏။

"လှလိုက်တာကွာ"

"မိုက်လိုက်တာ"

ချင်ထျန်းသည် နတ်ဘုရားအငွေ့အသက်များ ဝန်းရံလျက် ဓားစီးနင်းလိုက်ပါသွားကြသော အသားအရေ ဝင်းပစိုပြေပြီး ရင်သပ်ရှုမောဖွယ် လှပကြသည့် ထိုနတ်သမီးလေးများကို မော့ကြည့်လိုက်မိသည်။ သူ၏ စိတ်ထဲတွင် အားကျစိတ်များ ပြည့်နှက်လာပြီး တံတွေးကို ဂလုခနဲ မြိုချကာ သက်ပြင်းချလိုက်မိတော့သည်။

"ငါလည်း တစ်ယောက်လောက် လိုချင်လိုက်တာကွာ..."

မြေလျှိုးမိုးပျံပြီး စိတ်အလိုရှိရာ သွားလာနိုင်ပြီး လွတ်လပ်ပေါ့ပါးခြင်း...ဤအရာများကသာ ယောကျ်ားတစ်ယောက်၏ စစ်မှန်သော ရည်မှန်းချက် ဖြစ်ပေသည်။

နတ်သမီးလေးတွေ၊ မိန်းမလှလေးတွေကို မေ့ထားလိုက်စမ်းပါ... မိန်းမတွေဆိုတာ ငါပိုက်ဆံရှာတဲ့နှုန်းကို နှေးကွေးစေရုံ သက်သက်ပဲ... ဪ... မှားလို့... ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကို နှေးကွေးစေတာလေ။

သူသည် ဤကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းခြင်း နည်းလမ်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မှတ်ဉာဏ်များစွာ ရရှိထားခြင်း မရှိချေ။ ဟောက်ရန်ဂိုဏ်းသို့ သွားရောက်ပြီး "နတ်ဘုရားလမ်းစဉ်ကို ရှာဖွေရမည်"၊ "အသက်ရှည်ခြင်း နည်းလမ်းကို ကျင့်ကြံရမည်" ဆိုသည်ကိုသာ သူ မှတ်မိနေသည်။

ဤအချက်သည် ချင်ထျန်း၏ အတွေးနှင့်လည်း တိုက်ဆိုင်နေပြီး ၎င်းမှာ သူ၏ အန္တိမရည်မှန်းချက်လည်း ဖြစ်ပေသည်။ မသေခြင်းတရားနှင့် လွတ်လပ်မှု... နံနက်ခင်းတွင် မြောက်ပိုင်းပင်လယ်သို့ ခရီးနှင်ပြီး နေဝင်ချိန်တွင် ချန်းဝူသို့ ရောက်ရှိနိုင်ခြင်း... သမိုင်းတစ်လျှောက်၌ ဤအရာကို လိုလားတောင့်တခဲ့ကြသူများ ဘယ်လောက်တောင် များပြားခဲ့ပြီနည်း။

ချင်ထျန်း ခရီးနှင်လာသည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကံကောင်းသည်မှာ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်က ငွေစကလေး အနည်းငယ် ချန်ထားပေးခဲ့သဖြင့် သူ အစာငတ်မသေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဟောက်ရန်တောင်ခြေသို့ ရောက်သည့်အချိန်တွင်မူ သူ၏ ငွေများ ပြောင်သလင်းခါသွားခဲ့ချေပြီ။

ယခုအချိန်တွင် သူသည် ဟောက်ရန်ဂိုဏ်းသို့ တက်ရောက်ပြီး ဂိုဏ်းသားရွေးချယ်ပွဲ၌ ပါဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူ၏ ပတ်ဝန်းကျင် အခြေအနေကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ သူရောက်ရှိနေသော နေရာသည် အရှေ့ပိုင်း မြေရိုင်းဒေသ၏ တောင်ဘက်ပိုင်းဟု ခေါ်တွင်ပြီး အဆုံးမဲ့ တောင်တန်းကြီးများဖြင့် ပြည့်နှက်ကာ စည်ကားသိုက်မြိုက်သော ဒေသတစ်ခု ဖြစ်သည်။

ဤနေရာတွင် ကြီးကြီးငယ်ငယ် ကျင့်ကြံခြင်း အင်အားစုပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီး ဟောက်ရန်ဂိုဏ်းသည် ထိုအထဲမှ အကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ တောင်ဘက်ပိုင်းရှိ တောင်တန်းတစ်သိန်းကို ထိန်းချုပ်ထားသော ဂူအောင်းဂိုဏ်းကြီး ခြောက်ခုအနက် တစ်ခုလည်း ဖြစ်ပေသည်။

"ဒီ ဟောက်ရန်တောင်ကြီးကလည်း မြင့်လွန်းလိုက်တာ... တောင်ပေါ်က ဂိုဏ်းတံခါးဝကို ရောက်ဖို့မပြောနဲ့၊ လမ်းတစ်ဝက်မှာတင် ငါတို့ထဲက တချို့လူတွေ မောလဲပြီး သေကုန်ကြမလား မသိဘူး"

ချင်ထျန်းသည် ထိုအသံလာရာသို့ လှည့်ကြည့်လိုက်သည်။ အဆုံးမရှိသော ကျောက်လှေကားထစ်များပေါ်တွင် ခြေထောက်များ မထိန်းနိုင်အောင် တုန်ရီနေကြသည့် လူငယ်လူရွယ်များကို တွေ့လိုက်ရ၏။

"ဟုတ်ပါ့ဗျာ... ဟောက်ရန်တောင်က အမြင့်ပေ သောင်းချီ ရှိတာလေ... ဂိုဏ်းတံခါးပေါက်ကတောင် ပေသုံးထောင်ကျော်လောက် အမြင့်မှာ ရှိနေတာ... ကျုပ်တို့လို သာမန်လူသားတွေအဖို့ ဒီလောက်မြင့်တဲ့ တောင်ကြီးကို တက်ရတာ ဘယ်လွယ်မလဲဗျ"

ချင်ထျန်းသည်လည်း ဝင်ပြီး ညည်းတွားချင်စိတ် ပေါက်သွားသည်။ သူသည် ခရီးလမ်း၏ သုံးပုံတစ်ပုံခန့်သာ ရောက်ရှိသေးသော်လည်း ခြေထောက်များက တဆတ်ဆတ် တုန်ခါနေပြီ ဖြစ်သည်။

နတ်ဘုရားလမ်းစဉ်ဆိုတာ ခက်ခဲကြမ်းတမ်းလိုက်တာ... ပထမဆုံး စမ်းသပ်မှုက ဒီလောက်မြင့်မားတဲ့ တောင်ကြီး ဖြစ်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့မိပေ။

"အသုံးမကျတဲ့ အမှိုက်တွေ... တောင်ခြေကနေ ဂိုဏ်းတံခါးဝအထိ စုစုပေါင်း အမြင့် ကိုးထောင်ကိုးရာ ကိုးဆယ့်ကိုးပေ ရှိတယ်... ဒါက ကောင်းကင်တက်လမ်းပဲ... ဒီလောက်လေးတောင် မကျော်ဖြတ်နိုင်ရင် မင်းတို့က နတ်ဘုရားဂိုဏ်းထဲ ဝင်ဖို့ ဘယ်လိုလုပ် စကားဆိုရဲကြတာလဲ"

စကားပြောလိုက်သူမှာ အသက် ၁၇၊ ၁၈ နှစ်အရွယ်ခန့်ရှိ ရွှေရောင်ဆံပင်၊ ရွှေရောင်ဖျော့ဖျော့ မျက်ဝန်းများနှင့် ကြေးနီရောင် အသားအရေကို ပိုင်ဆိုင်ထားသည့် ထူးခြားသော ဟန်ပန်နှင့် လူငယ်တစ်ဦး ဖြစ်သည်။

"ဒီလူ့ဆီမှာ မသေမျိုးသွေးကြောမှတ် မရှိဘူး... ဆိုတော့ သူက သာမန် သိုင်းပညာရှင်ပဲ ဖြစ်ရမယ်... ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်လူတွေထက် အများကြီး သာလွန်နေတာပဲ"

ချင်ထျန်းသည် ဤနေရာသို့ ရောက်သည်မှာ လဝက်ခန့် ရှိပြီဖြစ်၍ ကျင့်ကြံသူများအပြင် သာမန် သိုင်းပညာရှင်များလည်း ရှိကြောင်း အကြမ်းဖျင်း သိထားပြီးဖြစ်သည်။

"မလုပ်နိုင်ရင်လည်း ပြန်ဆင်းသွားကြ... ခရီးက ဝေးသေးတယ်" ရွှေရောင်ဆံပင်နှင့် လူငယ်က ပြောပြီးသည်နှင့် လှေကားထစ်များကို သုံးထစ်တစ်ခါ ကျော်တက်ကာ တောင်ပေါ်သို့ ဆက်လက် တက်လှမ်းသွားတော့သည်။

နတ်ဘုရားလမ်းစဉ်သည် ခက်ခဲကြမ်းတမ်း၏။ ဤသည်မှာ လူတိုင်း လက်ခံထားသော အမှန်တရားဖြစ်သည်။ ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ တောင်အောက်သို့ ပြန်ဆင်းရန် မရွေးချယ်ကြပေ။

ရွှေရောင်ဆံပင်နှင့် လူငယ်၏ မျက်နှာတွင် မာန်မာနများ လွှမ်းခြုံထားသည်။ ယခုလေးတင် သူကြွားဝါလိုက်ရသဖြင့် နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်သွားပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကာ သုံးထစ်ကျော်နေရာမှ လေးထစ်ကျော် တက်လိုက်လေသည်။

"အွတ်... အွတ်..."

"ဘာကောင်လဲဟ" ရွှေရောင်ဆံပင်နှင့် လူငယ်သည် လန့်ဖျပ်သွားပြီး လှေကားထစ် အစွန်းမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ အကယ်၍သာ ဤမတ်စောက်သော လှေကားထစ်များပေါ်မှ ပြုတ်ကျသွားပါက တောင်ခြေအထိ လိမ့်ဆင်းသွားရပေလိမ့်မည်။

လှေကားထစ်ဘေးရှိ ထူထပ်သော တောအုပ်ထဲမှ လူခေါင်းအရွယ်အစားခန့်ရှိသော ရောင်စုံဖားပြုပ်တစ်ကောင် ရုတ်တရက် ခုန်ထွက်လာခြင်း ဖြစ်သည်။

ရောင်စုံဖားပြုပ်တစ်ကောင်

ရွှေရောင်ဆံပင်နှင့် လူငယ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ကောလာဟလများအရ မိစ္ဆာမျိုးနွယ်စု ကို အုပ်စိုးထားသော အထွတ်အထိပ် စွမ်းအားရှင်မှာ "ရောင်စုံ ကောင်းကင်ဝါးမျို ဖားပြုပ်" ဖြစ်သည်ဟု ဆိုကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ၎င်းသည် သားပေါက်ကောင်ရေ တစ်ထောင်ကျော် မွေးဖွားခဲ့ပြီး ကောင်းကင်ဝါးမျို မိစ္ဆာဘုရင်ကြီးက ထိုသားပေါက်များကို ကမ္ဘာအနှံ့သို့ လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ရွှေရောင်ဆံပင်နှင့် လူငယ်သည် အသံတိတ် ခြေလှမ်းဆုတ်လိုက်သည်။ ၎င်းသည် အရွယ်မရောက်သေးသော ရောင်စုံ ကောင်းကင်ဝါးမျို ဖားပြုပ်လေး ဖြစ်နေလျှင်တောင်မှ သူကဲ့သို့ သာမန် သိုင်းပညာရှင်တစ်ယောက် ယှဉ်ပြိုင်နိုင်မည့် အရာမဟုတ်ပေ။

၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖျော့တော့တော့ မိစ္ဆာအငွေ့အသက် ကြောင့် သူ့ခန္ဓာကိုယ်က အလိုအလျောက် ကြောက်ရွံ့လာမိသည်။

ရောင်စုံဖားပြုပ်လေးသည် ၎င်း၏ မျက်လုံးကြီးများကို ဖွင့်လိုက်ပြီး ရွှေရောင်ဆံပင်နှင့် လူငယ်ကို မာန်ပါပါ မော့ကြည့်လိုက်သည်။ ၎င်း၏ ပုံစံမှာ အသာစီးရသွားသော ကလေးတစ်ယောက်ပမာ ဂုဏ်ယူဝင့်ကြွားနေပုံ ရသည်။

"မိစ္ဆာဖားပြုပ်ဟ..."

လှေကားထစ်များပေါ်မှ လိုက်ပါလာကြသော လူငယ်လူရွယ်များသည်လည်း အမီရောက်လာကြသော်လည်း ရောင်စုံဖားပြုပ်လေး ထုတ်လွှတ်နေသော မိစ္ဆာအငွေ့အသက်ကြောင့် မည်သူမျှ ရှေ့ဆက်မတိုးရဲကြပေ။

တောင်ဘက်ပိုင်းသည် တောင်တန်းထူထပ်ပြီး မရေမတွက်နိုင်သော ပိုးမွှား၊ ငှက် နှင့် သားရဲ မိစ္ဆာများ ပေါများသည်။ လူများအနေဖြင့် မျက်ဝါးထင်ထင် မမြင်ဖူးကြလျှင်တောင်မှ သတင်းစကားများကိုမူ ကြားဖူးနားဝ ရှိကြသည်။

"ဘာလို့ အကုန်လုံး လမ်းပိတ်ရပ်နေကြတာလဲ... ဆက်သွားကြလေ"

ချင်ထျန်း၏ ခြေထောက်များသည် ပင်ပန်းလွန်းသဖြင့် တုန်ခါနေပြီဖြစ်သော်လည်း ဤလူများကမူ ဒီနေရာ၌ လမ်းပိတ်ရပ်ကာ အေးဆေး နှပ်နေကြသေးသည်။

"ရှေ့မှာ မိစ္ဆာတစ်ကောင် ရှိနေတယ်ဟ"

"မိစ္ဆာ..." ချင်ထျန်း ချက်ချင်း နိုးကြားတက်ကြွသွားသည်။ မိစ္ဆာများနှင့် ပတ်သက်သော ကောလာဟလများ၊ ဒဏ္ဍာရီများကို သူအများကြီး ကြားဖူးသော်လည်း တကယ်တမ်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။

မိစ္ဆာဒဏ္ဍာရီများက ကြောက်မက်ဖွယ် ကောင်းသော်လည်း ချင်ထျန်း၏ စူးစမ်းလိုစိတ်က ပို၍ ပြင်းထန်နေသည်။

သူသည် လူအုပ်ကြားမှ ချက်ချင်း တိုးထွက်လိုက်ပြီး "ဖားပြုပ်တစ်ကောင်" ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

[တင်း - ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် 'အရာခပ်သိမ်း၏ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်စွမ်း' ကို ရရှိသွားပါပြီ]

ချင်ထျန်း မျက်လုံးများ ပြူးကျယ်သွားသည်။ အရာခပ်သိမ်း၏ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်စွမ်းတဲ့... ဒါက လက်နက်ကောင်း တစ်ခု ရလိုက်တာပဲ။ နောင်ကျရင် ရန်သူတွေအနေနဲ့ သူ့ရှေ့မှာ ပုန်းကွယ်စရာ နေရာမရှိတော့ဘူး မဟုတ်လား။

ထူးဆန်းသော မိစ္ဆာသတ္တဝါများကိုလည်း သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကဲခတ်နိုင်တော့မည် ဖြစ်သည်။

"ရှယ်ပဲ..." ချင်ထျန်း စိတ်ထဲ၌ ကျိတ်ပျော်သွားသည်။ ဤအရာက အရာရာကို ဖောက်ထွင်းမြင်နိုင်သည့် မျက်လုံးနှင့် အနည်းငယ် တူပေသည်။

[တင်း - တောဖားပြုပ်တစ်ကောင်၊ အဆင့် - သာမန်တိရစ္ဆာန်]

"သြော်... သာမန် တောဖားပြုပ်ပါလား... ကြည့်ရတာတော့ တော်တော်ကြောက်စရာ ကောင်းသလိုပဲ... တစ်ကိုယ်လုံးလည်း အရောင်တွေ စုံလို့... မိစ္ဆာကောင်နဲ့တောင် တူသေးတယ်"

စနစ် ၏ အသိပေးချက်ကို ရရှိပြီးနောက် ချင်ထျန်း စိတ်အေးသွားတော့သည်။

ဒါကတော့ ရွှေလက်ချောင်း ရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ဟိုလူတွေ တွန့်ဆုတ်ပြီး ကြောက်ရွံ့နေကြချိန်တွင် သူကတော့ ရှေ့မှ ဖားပြုပ်သည် သာမန် တောဖားပြုပ်သာဖြစ်ကြောင်း သိမြင်ပြီးနေပြီ ဖြစ်သည်။

ချင်ထျန်း ပြုံးလိုက်သည်။ စနစ်တစ်ခု ရှိနေတာ တကယ်ကောင်းပါလား။

[မစ်ရှင် ရရှိသည် - ခေါင်းလောက်ကြီးတဲ့ တောဖားပြုပ်တစ်ကောင်... ရွံစရာကောင်းလိုက်တာ... သူ့ကို မြောင်းထဲကန်ချပစ်လိုက်]

[ဆုလာဘ် - လူသားသိုင်းပညာ အထွတ်အထိပ် အဆင့်]

"ဘာ..."

ချင်ထျန်း စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်မိမတတ် ဖြစ်သွားသည်။ ဤအရာက ရိုးရိုးရှင်းရှင်း အကဲခတ်နိုင်သော စနစ် မျှသာ မဟုတ်ဘဲ မစ်ရှင်များ ပြီးမြောက်ပါက ဆုလာဘ်များပါ ရရှိနိုင်သေးသည်။

သာမန်သိုင်းပညာ အထွတ်အထိပ်အဆင့် ဆိုသည်မှာ ကျင့်ကြံသူတစ်ဦးနှင့် မယှဉ်နိုင်သော်လည်း သာမန်လူ ဒါဇင်ပေါင်းများစွာကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။

"အဟမ်း..." ချင်ထျန်း ရှေ့သို့ တိုးထွက်လိုက်သည်။ ဤမျှ ရိုးရှင်းသော မစ်ရှင်မျိုးကို သူ အလွတ်ခံ၍ မဖြစ်ပေ။

"အစ်ကို... ခင်ဗျား ဘာလုပ်မလို့လဲ... ဒါက မိစ္ဆာဗျ... ဒီလောက်တောင် မိစ္ဆာအငွေ့အသက်တွေ ထူထဲနေတာ... သာမန် မိစ္ဆာကောင် မဟုတ်လောက်ဘူးနော်"

ရုပ်ရည်သန့်ပြန့်ပြီး အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ထားသော အသက် ၁၆၊ ၁၇ နှစ်အရွယ် လူငယ်လေးတစ်ဦးက ချင်ထျန်းကို လှမ်းသတိပေးလိုက်သည်။

ယခုအချိန်၌ လူတိုင်းသည် ဖားပြုပ်နှင့် မီတာပေါင်းများစွာ အကွာတွင် ရောက်နေကြသည်။ အကယ်၍ နတ်ဘုရားလမ်းစဉ်သာ ရှေ့တွင် မရှိပါက သူတို့အားလုံး ကြောက်လန့်ပြီး ထွက်ပြေးကြတာ ကြာပြီဖြစ်ပေမည်။

ထူးခြားသော ဟန်ပန်ရှိပြီး မာနကြီးသော ရွှေရောင်ဆံပင်နှင့် လူငယ်ပင်လျှင် ယခုအချိန်၌ ရှေ့သို့ ခြေတစ်လှမ်းမျှ မတိုးရဲချေ။

ချင်ထျန်းသည် ထိုသန့်ပြန့်သော လူငယ်လေးကို ကြည့်လိုက်သည်။ ဒီကောင်လေး ကြည့်ရတာ မဆိုးပါဘူး... ဒါပေမဲ့ သူ့မျက်လုံးကတော့ သိပ်မကောင်းရှာဘူးပဲ။

"ဒါက သာမန် တောဖားပြုပ်ပါကွ... ဘာတွေ မိစ္ဆာ လာလုပ်နေကြတာလဲ... မင်းတို့ကောင်တွေ တွေးပူလွန်းနေကြတာပါ" ချင်ထျန်းက မျက်လုံးလေး ကလယ်ကလယ်နှင့် မော့ကြည့်နေသော ဖားပြုပ်လေးကို လက်ညှိုးထိုးပြကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"နားမလည် ပါမလည်ကောင်... ဒါက မိစ္ဆာဘုရင်ရဲ့ သားတော်... ရောင်စုံ ကောင်းကင်ဝါးမျို ဖားပြုပ်ကွ" ရွှေရောင်ဆံပင်နှင့် လူငယ်၏ အသံမှာ တုန်ယင်နေသည်။

ချင်ထျန်း နှုတ်ခမ်းမဲ့လိုက်ပြီး ထိုလူကို အရူးတစ်ယောက်အလား ကြည့်လိုက်သည်။ မူလက ဒီကောင့်ကို တစ်ခုခုများ ထူးခြားမယ် ထင်ထားတာ... တကယ်တမ်းကျတော့လည်း မျက်ကန်းတစ္ဆေကြောက် ဖြစ်နေတာပါပဲလား။

"ဘာကြည့်တာလဲ... မင်း ငါပြောတာ မယုံဘူးလား" ရွှေရောင်ဆံပင်နှင့် လူငယ်က ထပ်မံ ငြင်းခုံချင်နေသော်လည်း ချင်ထျန်းက လက်ကာပြလိုက်ပြီး...

"ကဲပါ... ငါပဲ မင်းတို့ကို ကူညီပေးပါ့မယ်... ဒီလိုပဲ အချိန်ဆွဲနေရင် ငါတို့ ဟောက်ရန်ဂိုဏ်းရဲ့ ဂိုဏ်းသားရွေးချယ်ပွဲကို လွဲချော်သွားလိမ့်မယ်"

ချင်ထျန်း ရှေ့သို့ တိုးသွားပြီး ခေါင်းထက်ပင် ပိုကြီးသော ရောင်စုံဖားပြုပ်ကို ငုံ့ကြည့်လိုက်သည်။

ဖားပြုပ်လေး၏ မျက်လုံးထဲတွင် သံသယ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဒီသာမန်လူသားက သူ့ကို မကြောက်ပါလား...။

All Chapters