ရောင်ခြယ်ခုနစ်ဖြာ တောက်ပနေသည့် အော်ရာများကို ကိုယ်ပတ်လည်တွင် ထုတ်လွှတ်ထားသော ဖားဘုရင်၏ မျိုးဆက်သွေးကို မြင်လိုက်ရပါက နတ်ဆိုးမိစ္ဆာများပင်လျှင် ဖိအားကြောင့် နောက်ဆုတ်သွားရသည်ဟု ဆိုကြသည်။ သို့သော် "စနစ်" ၏ တုံ့ပြန်ပုံကမူ အလွန်အေးဆေးလွန်းလှသည်။ "ခေါင်းကကြီးပြီး ကြည့်ရတာ အချိုးမကျဘူး။ ချောက်ထဲ ကန်ချလိုက်" ထို့အတူ အရပ်လေးမျက်နှာ တုန်လှုပ်စေလောက်သည့် အာဏာစက်ဖြင့် ဒေသတစ်ခုလုံးကို အုပ်စိုးထားသော သူတော်စင် အုပ်ချုပ်သူတစ်ဦး ပေါ်ထွန်းလာသောအခါတွင်လည်း လူအများက မော့ကြည့်၍ ကြောက်ရွံ့နေကြသော်လည်း စနစ်ကမူ မလိုအပ်သလို ဆုံးဖြတ်လိုက်ပြန်သည်။ "အသက်ကြီးပြီး သွေးသားဆီအနှစ်တွေ ခန်းခြောက်နေပြီ။ အခုချက်ချင်း လုယက်လိုက်" ကောင်းကင်ထက် မြင့်မားစွာ တည်ရှိနေသော ပလ္လင်ထက်မှနေ၍ ဤကမ္ဘာကြီးကို ငုံ့ကြည့်နေသည့် အင်ပါယာဘုရင်တစ်ပါး ပေါ်လာသည့်အခါတွင်လည်း ရလဒ်က မထူးခြားခဲ့ပေ။ "လူသားစစ်ပညာရဲ့ အထွတ်အထိပ်ကို ရောက်နေပေမဲ့ ပိုင်ရှင်က ကျင့်ကြံသူဖြစ်နေတော့ အလွယ်တကူ ဖိနှိပ်နိုင်တယ်။ ပိုင်ရှင်နောက်လိုက်အဖြစ် ဖမ်းခေါ်လိုက်" ဤကဲ့သို့သော အဖြစ်အပျက်များအားလုံး၏ အလယ်တွင် ရပ်တည်နေသူမှာ ချင်းထျန်းဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်ပြီး မမျှော်လင့်ဘဲ အရှေ့တောကမ္ဘာ၏ နာမည်အကြီးဆုံး ဖြောင့်မတ်ခြင်းဂိုဏ်းတစ်ခုဖြစ်သည့် "ဟောက်ရန်ဂိုဏ်း" ထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုဂိုဏ်းသည် ကွန်ဖြူးရှပ်နှင့် တာအိုပညာရှင်ကြီးများ တည်ထောင်ခဲ့ပြီး သဘောထားကြီးခြင်း၊ တရားမျှတခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့ကို အထွတ်အထိပ်ထားသည့် ဂိုဏ်းဖြစ်သည်။ သို့သော် ဂိုဏ်းဝင်ခွင့် စာမေးပွဲနေ့တွင် ချင်းထျန်းတစ်ယောက် အလွန်အမင်း စိတ်ပင်ပန်းနေခဲ့သဖြင့် သိပ်စဉ်းစားမနေတော့ဘဲ "လွင်ယွီကျမ်း" ထဲမှ စာသားအချို့ကိုသာ ရေးချလိုက်သည်။ ထိုစာသားများသည် နောင်တစ်ချိန်တွင် ကွန်ဖြူးရှပ်နှင့် တာအိုပညာရပ်၏ အမြတ်ဆုံး မြင့်မြတ်သော ကျမ်းဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။ ဒီဘဝမှာ ချင်းထျန်း၏ ဆန္ဒက ရိုးရှင်းသည်။ လွတ်လပ်စွာ နေချင်သည်။ ဘယ်သူ့အမိန့်ကိုမျှ မနာခံချင်သလို သေခြင်းတရားကိုလည်း ဂရုမစိုက်၊ လုပ်ချင်တာကို နောင်တမရှိ လုပ်ချင်စိတ်သာ ရှိသည်။ ထိုအချိန်မှာပင် "မြွေကို မြင်းဟု ခေါ်ဆိုခြင်း" (အမှားကို အမှန်ပြင်သည့်) စနစ် ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို စော်ကားသူများသည် တစ်ညတည်းနှင့် မျိုးရိုးတစ်ခုလုံး ပျက်စီးသွားခဲ့ကြသည်။ သူ့ကို ရန်ရှာသူများသည် မျက်စိကန်းကုန်ကြသည်။ သူ့ကို ခြိမ်းခြောက်ရဲသူများဆိုလျှင် မိုင်ထောင်ချီ ဝေးနေပါစေ ချင်းထျန်း ကိုယ်တိုင်သွားရောက်၍ အသက်နှုတ်ယူခဲ့သည်။ ကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ဦးက “အကျင့်စည်းကမ်းကို မသင်ယူရင် လူပီသမှာ မဟုတ်ဘူး” ဟု ဆိုလာသောအခါ ချင်းထျန်းက အေးဆေးစွာပင် ပြန်ဖြေခဲ့သည်။ “ခင်ဗျားက ကျွန်တော့်ကို ယဉ်ကျေးဖို့ လာသင်ပေးနေတာလား... ကျွန်တော်က ခင်ဗျားကို ထမရအောင် ထိုးပြီး ယဉ်ကျေးပြရလိမ့်မယ်” သူက မြင့်မြတ်သောကျမ်းစာကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခံရသောအခါတွင်လည်း စကားတစ်ခွန်းတည်းသာ ပြန်ပြောခဲ့သည်။ “အဲဒီကျမ်းကို ငါ ရေးခဲ့တာ ” စနစ် မရောက်ခင်ကတည်းက ခြိမ်းခြောက်ခံရတာကို မကြောက်ခဲ့သည့် ချင်းထျန်းသည် စနစ်ရောက်ပြီးနောက်ပိုင်းတွင် သူတစ်ပါး၏ ခြိမ်းခြောက်မှုက သူ လုံးဝသည်းမခံတော့သည့်အရာ ဖြစ်လာခဲ့သည်။ သူ့အတွက်တော့ သူ့စည်းကမ်းသည်သာ အရာရာဖြစ်သည်။ မြင့်မြတ် နယ်မြေများ ပြိုကွဲပျက်စီးပြီး၊ မိသားစုကြီးများ မျိုးရိုးပြတ်သွားခဲ့ရသည်။ ချင်းထျန်း၏ ကျင့်ကြံမှုအဆင့်က မမြင့်မားဟု ထင်ရသော်လည်း သူ့ရှေ့ရောက်လျှင် အားလုံးက ပုရွက်ဆိတ်များလိုသာ ဖြစ်နေခဲ့ကြသည်။ ကမ္ဘာအနှံ့ရှိ သက်ရှိအားလုံး တိတ်ဆိတ်သွားခဲ့ရပြီး အင်ပါယာဘုရင်ပင်လျှင် ချင်းထျန်း၏ လက်သီးကို ကြောက်ရွံ့ကာ အသံမထွက်ရဲတော့ပေ။

