ဂိုဏ်းပြန်ခြင်း
Vol. 3 Ch. 25
ချန်းဖုန်း ဂူထဲ ဝင်သွားသောအခါ အသက်ရှူ မြန်လာပြီး ခန္ဓာကိုယ်ပင် အားနည်းသွားသလို ခံစားလိုက်ရသည်။
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများက တကယ်ကို ထိတ်လန့်စရာ ကောင်းလှသည်။
"ခေါင်း ဘယ်ရောက်သွားတာလဲ..." ချန်းဖုန်း လိုက်ရှာကြည့်သော်လည်း ခေါင်းကို မတွေ့ရဘဲ တစ်စစီ ဖြစ်နေသော အလောင်းကောင်ကိုသာ တွေ့ရသည်။
ချန်းဖုန်းသည် အလောင်းကောင်မှ ပစ္စည်းတစ်ခုကို ဆွဲဖြုတ်ယူလိုက်ပြီးနောက် ခေါင်းလှည့်လိုက်ရာ ကြောင်မိစ္ဆာမလေး၏ အလောင်းကို တွေ့လိုက်ရပြန်သည်။
ချန်းဖုန်း အနည်းငယ် အံ့ဩသွားသော်လည်း သိပ်မထူးဆန်းတော့ဟု ခံစားလိုက်ရသည်။ သူသည် ကြောင်မိစ္ဆာမလေးဆီမှ ပစ္စည်းတစ်ခု ယူလိုက်ပြီးနောက် ဂူထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ ဆက်နေလျှင် အန်မိတော့မည်ဟု သူ ခံစားလိုက်ရသည်။
"သွားကြစို့... ဂိုဏ်းပြန်မယ်..." ချင်ထျန်းက ချန်းဖုန်း ဂူထဲ ဘာဝင်လုပ်သလဲ ဆိုတာ မမေးပေ။
အဖွဲ့သားတွေက အချင်းချင်း ယုံကြည်မှု ရှိရမယ်လေ။
ချင်ထျန်းသည် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ပြီး အနည်းငယ်ကို ချန်းဖုန်းအား ကမ်းပေးလိုက်သည်။ အလေးချိန် ၁၀ ပိဿာခန့် ရှိပြီး သူတို့ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံး စုစုပေါင်း၏ ထက်ဝက်ခန့် ရှိသည်။ သဘာဝကျကျပင် အဖွဲ့သားများ အနေဖြင့် ရရှိလာသော ပစ္စည်းများကို ဝေစုခွဲယူသင့်သည်။
"ဒီကောင်စုတ် နှစ်ကောင်ဆီမှာ ဝိညာဉ်ကျောက်တုံး နည်းနည်းလေးပဲ ပါတယ်... တကယ့် သူတောင်းစားကောင်တွေ..." ချင်ထျန်း မကျေမနပ် ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး... ခင်ဗျားပဲ ယူထားလိုက်ပါ... ကျွန်တော်က ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး... ဘယ်လိုလုပ် ဝေစု ခွဲယူလို့ ရမှာလဲ..." ချန်းဖုန်းက ဝိညာဉ်ကျောက်တုံးများကို ချင်ထျန်းထံ အလျင်အမြန် ပြန်ပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံးများသည် အလွန် တန်ဖိုးရှိပြီး ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သည်။
ဒီမစ်ရှင် အောင်မြင်လို့ သူ အကျိုးကျေးဇူးတွေ ရပြီးပြီ... နောက်ထပ် ပစ္စည်းတွေ ထပ်မျှော်လင့်လို့ မဖြစ်တော့ဘူး။
"ယူထားလိုက်... ငါ မင်းကို မစ်ရှင် ခေါ်လာကတည်းက မင်း ဝေစုရဖို့ သေချာနေပြီ" ချင်ထျန်း၏ သဘောထားက ပြတ်သားသည်။ ထို့အပြင် ချန်းဖုန်းသည် ဤတစ်ကြိမ်တွင် များစွာ အထောက်အကူ ပြုခဲ့ပြီး အရည်အချင်း ပြည့်မီသော အဖွဲ့သား တစ်ဦး ဖြစ်သည်။ ဒါ့အပြင် သူက ပစ္စည်းသိမ်းအိတ် တစ်လုံးလည်း ရလိုက်သေးတယ်လေ... အဲဒါက ဝိညာဉ်ကျောက်တုံး အများကြီး တန်ဖိုးရှိတာ။
ချန်းဖုန်းသည် ဝိညာဉ်ကျောက်တုံးများကို ဂရုတစိုက် လက်ခံယူလိုက်သည်
"ကျေးဇူးတင်ပါတယ်... စီနီယာအစ်ကိုကြီး..." ချန်းဖုန်း၏ မျက်လုံးများ နီရဲလာသည်။ သူ့အမေကလွဲရင် တစ်စုံတစ်ယောက်က သူ့ကို ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်း ပေးတာ ဒါ ပထမဆုံးအကြိမ်ပင်။
ချန်းဖုန်းက လူကောင်း တစ်ယောက် ဖြစ်သည်။ သူ မသေမျိုးသွေးကြောမှတ် မပွင့်သေးပေ။ ဒီပျံသန်းလှေက သေးငယ်သော်လည်း ပျံသန်းနိုင်ဖို့အတွက် ဝိညာဉ်ကျောက်တုံး အများအပြား ကုန်ကျသည်။
ချင်ထျန်း ထုတ်မပြောသော်လည်း အားလုံးကို မြင်တွေ့ခဲ့ရ၏။
သူနဲ့အတူ လိုက်လာမှတော့ ချန်းဖုန်းကို မတရား မလုပ်သင့်ဘူးလေ။ ဒါပေမဲ့ ဒီတစ်ခေါက် ရတာ နည်းလွန်းလို့ ချင်ထျန်း စိတ်ထဲမှာ ဟို ရုပ်သေးဆရာ စုတ်ကို ထပ်ပြီး ကျိန်ဆဲလိုက်မိသည်။
ချန်းဖုန်းသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ သူ ချင်ထျန်းကို ပြန်ကြည့်လိုက်သောအခါ ကြောက်ရွံ့မှု မရှိတော့ဘဲ လေးစားမှုသာ ရှိတော့သည်။
"စီနီယာအစ်ကိုကြီး... လက်မှုပညာရှင်နဲ့ ကြောင်မိစ္ဆာမလေးက သူတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို ကုန်ကြမ်းပစ္စည်းတွေ ဝယ်ဖို့ သုံးလိုက်လို့ သူတို့ဆီမှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တာ ဖြစ်လောက်တယ်..." ချန်းဖုန်းက ရှင်းပြလိုက်သည်။
သူတို့နှစ်ယောက်စလုံးက ဖူယောင်အဆင့် ကျွမ်းကျင်သူတွေလေ... ဝိညာဉ်ကျောက်တုံး ဒီလောက် နည်းနည်းလေးပဲ ရှိစရာ အကြောင်း မရှိဘူး။
"ဟုတ်လောက်တယ်..." ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ ဒီကောင်နှစ်ကောင်က အစီအစဉ်ဆွဲနေတာ ကြာပြီ ဆိုတော့ အရင်းအမြစ်တွေ ကုန်ခမ်းနေလောက်ပြီ။
"စီနီယာအစ်ကိုကြီး... ဝိညာဉ်ကျောက်တုံး မရှိပေမဲ့... ဟို ယင်ရုပ်သေး အလောင်းကောင်က တော်တော် တန်ဖိုးရှိတယ်... အဲဒါကို ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး အများကြီး ရနိုင်တယ်..." ချန်းဖုန်းက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ... ယင်ရုပ်သေး ရောင်းတဲ့ ကိစ္စ မင်းကို လွှဲပေးလိုက်မယ်..." မစ်ရှင် တစ်ခါပဲ သွားဖူးပေမဲ့ ချင်ထျန်းက ချန်းဖုန်းကို အပြည့်အဝ ယုံကြည်သည်။ သူက စိတ်ချရပြီး အရည်အချင်း ရှိသူ။
"ဟုတ်ကဲ့... စီနီယာအစ်ကိုကြီး..." ချန်းဖုန်းက တာဝန်ကို လိုလိုလားလား လက်ခံလိုက်သည်။
သူတို့နှစ်ဦး ထွက်ခွာသွားပြီး မကြာမီ...။
ကျီးပုဖန် ရောက်ရှိလာသည်။
ကောင်းကင်ပေါ်တွင် ပျံသန်းသွားသော လှေကို မြေပြင်ပေါ်မှ လူများ မြင်တွေ့နိုင်သဖြင့် သူ လမ်းမေးပြီး လာခဲ့ခြင်း ဖြစ်သည်။
"ဟောက်ရန်ဂိုဏ်းသားတွေပဲ..." အလောင်းကောင်ကြောင့် သေလုနီးပါး ဖြစ်ခဲ့သော လူငယ်များသည် ကျီးပုဖန်ကို နှုတ်ဆက်ချင်သော်လည်း ချင်ထျန်း၏ ကြမ်းတမ်းသော ပုံစံကို သတိရမိပြီး ဟောက်ရန်ဂိုဏ်းသားများကို ကြောက်ရွံ့သွားကြသည်။
အေးစက်တည်ငြိမ်သော မျက်နှာထားနှင့် ကျီးပုဖန်သည် ထိုလူစုကို မြင်သောအခါ အနည်းငယ် ပြုံးပြလိုက်သည်။
ဟောက်ရန်ဂိုဏ်းသည် သာမန်လူများနှင့် အမြဲတမ်း ရင်းနှီးဖော်ရွေမှု ရှိပြီး ကျီးပုဖန်သည်လည်း ဟောက်ရန်ဂိုဏ်း၏ အစဉ်အလာကို လိုက်နာသူ ဖြစ်သည်။
"ခင်ဗျားတို့ ပြောတာက... ပျံသန်းလှေပေါ်က လူတွေက ပုပ်ပွနေတဲ့ အလောင်းကောင်ကို သတ်လိုက်တယ်... ပြီးတော့ ဂူတစ်ခု တွေ့တယ်လို့ ပြောပြီး အဲဒီဘက်ကို သွားကြတယ် ပေါ့..."
လူအများအပြားက ခေါင်းညိတ်ပြကြသည်။
"ဒုက္ခပဲ... ရုပ်သေးဆရာတွေက မှောင်မိုက်တဲ့ နေရာတွေကို ကြိုက်တယ်... လက်မှုပညာရှင်က ဂူထဲမှာ ပုန်းနေဖို့ များတယ်... ပြီးတော့ အလောင်းကောင်တွေလည်း ရှိနေတယ်..."
"ငါတို့ အမြန်ဆုံး လိုက်လာတာတောင် နောက်ကျနေပြီပဲ..." ကျီးပုဖန်၏ မျက်နှာတွင် မျှော်လင့်ချက် ကုန်ဆုံးသွားသည့်ပုံ ပေါ်လာသည်။ ဂိုဏ်းသား နှစ်ယောက်တော့ ကံဆိုးသွားကြပြီ။
"သောက်ကျိုးနည်း လက်မှုပညာရှင်... ငါ ကျီးပုဖန်... မင်းကို သတ်ပစ်မယ်..." ကျီးပုဖန်၏ ခရမ်းရောင် မျက်ဝန်းများထဲတွင် အနီရောင် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
မစ်ရှင်ခန်းမဆောင်က လူတွေကိုလည်း ပြန်လည် ဖွဲ့စည်းဖို့ လိုနေပြီ။
တောင်ဘက်နယ်မြေ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဂိုဏ်းသားသစ် ကိစ္စနှင့် ပတ်သက်ပြီး ကျီးပုဖန်တွင် ကြီးမားသော တာဝန်ရှိသည်။
တောင်ဘက်နယ်မြေရဲ့ သတင်းပေးပို့မှု စနစ်ကိုလည်း ပြုပြင်ရမယ်... ဘာလို့ ဘယ်သူမှ လူသစ်တွေကို ဒီလို အခြေခံ အချက်အလက်တွေ မပြောပြကြတာလဲ...။
ကျီးပုဖန်သည် ဓားစီး၍ ဝိညာဉ်စွမ်းအင် ကုန်ခမ်းမှုကို လုံးဝ ဂရုမစိုက်ဘဲ စောစော ရောက်ရှိပြီး အောင်မြင်နိုင်ချေ ပိုများစေရန် မျှော်လင့်ချက်ဖြင့် အပြင်းအထန် ပျံသန်းသွားသည်။
ကျီးပုဖန်သည် အဝေးကပင် ပြင်းထန်သော ပုပ်စော်ကို ရလိုက်သည်။ လူတစ်ယောက်ကို ရုပ်သေး အဖြစ် ပြုလုပ်ပြီး ပကတိအတိုင်း ထိန်းသိမ်းထားလျှင်ပင် ပုပ်စော် နံနေမည်သာ ဖြစ်သည်။
"လက်မှုပညာရှင်... မင်း ငါ့ဟောက်ရန်ဂိုဏ်းသားတွေကို ထိရဲရင်... ငါ မင်းကို သတ်မယ်..." ကျီးပုဖန်က အဝေးမှနေ၍ ခြိမ်းခြောက်လိုက်သည်။
သို့သော် မည်သည့် တုံ့ပြန်သံမှ မကြားရပေ။
ကျီးပုဖန် ဂူထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
"အွတ်..." ကျီးပုဖန် ပါးစပ်ကို အုပ်လိုက်သည်။ သူသည် ခြောက်နှစ်ကြာ ကျင့်ကြံခဲ့ပြီး ထူးကဲသော စွမ်းအားများ ရှိသော်လည်း လူတစ်ယောက်ကိုမျှ မသတ်ဖူးပေ။ ဒီလို သွေးသံရဲရဲနှင့် ရွံရှာဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ ပျို့အန်ချင်လာသည်။
ခန္ဓာကိုယ် အစိတ်အပိုင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး ကြောင်မိစ္ဆာမလေး၏ သေဆုံးပုံမှာ အလွန် ဆိုးရွားလှသည်။
"ဒါ ဖူယောင်အဆင့် ကြောင်မိစ္ဆာမျိုးနွယ်ပဲ... ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားအောင် အရိုက်ခံထားရတယ်..."
ကျီးပုဖန် ခေါင်းလှည့်ကြည့်လိုက်ရာ တောင်နံရံတွင် စိုက်ဝင်နေသော ခေါင်းတစ်လုံးကို တွေ့လိုက်ရပြန်သည်။
ဒါ... ဒါ လူ ဟုတ်ရဲ့လား...။
ဒါ ချင်ထျန်း လက်ချက်ပဲ ဖြစ်မယ်... သူ တကယ် ရက်စက်တာပဲ။
ရင်ခွဲရုံထဲက အလောင်းပုံကြီးနဲ့ ဆက်စပ် တွေးကြည့်လိုက်တော့ ဒါ ချင်ထျန်း လက်ချက်ပဲ ဆိုတာ ကျီးပုဖန် သေချာသွားသည်။
သူက ဘယ်လို လူစားမျိုးလဲ...။ မိစ္ဆာလား...။
မဟုတ်ဘူး။
တောင်ဘက်နယ်မြေ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဒီအခြေအနေကို ပြုပြင်ပေးရမယ်... ချင်ထျန်းရဲ့ အကြမ်းဖက် လိုစိတ်ကို ထိန်းချုပ်ပေးရမယ်။
ဖူယောင်အဆင့် ကျွမ်းကျင်သူကို သတ်နိုင်တယ် ဆိုတာ... အခုမှ ဂိုဏ်းဝင်ခါစ ဖြစ်ပေမဲ့ ထူးကဲသော ပါရမီ ရှိကြောင်း ပြသနေတာပဲ... ငါ့ထက်တောင် သာလွန်ကောင်း သာလွန်နေလိမ့်မယ်။
ဒီကြောင်မိစ္ဆာ၊ လက်မှုပညာရှင်နဲ့ ကြမ်းပြင်ပေါ်က ရုပ်သေးရုပ်တွေကို ကိုင်တွယ်ဖို့ ဆိုတာ တော်တော် အားစိုက်ရမယ့် ကိစ္စပဲ။
ချင်ထျန်း ရင့်ကျက်လာရင် သူဟာ ဖြောင့်မတ်သော လမ်းစဉ်ရဲ့ စွမ်းအားရှင် တစ်ဦး ဖြစ်လာမှာ သေချာသလို... ဖြောင့်မတ်သော လမ်းစဉ်ရဲ့ မျှော်လင့်ချက် ရောင်ခြည်တစ်ခုလည်း ဖြစ်လာလိမ့်မယ်။
ကျီးပုဖန် စိတ်အနည်းငယ် သက်သာရာ ရသွားပြီး ဂိုဏ်းဆီသို့ ပြန်လှည့်လာခဲ့သည်။
သူတို့နှစ်ယောက် မစ်ရှင် ပြီးသွားပြီ ဆိုတော့ ဂိုဏ်းကို ပြန်လောက်ပြီ။
"ဟူး... ရှောင်ဖုန်း... မင်း သိလား... ငါတို့ လမ်းတစ်လျှောက်လုံး ဓားပြတိုက်တာ တစ်ခါမှ မကြုံရဘူး... အရှေ့ပိုင်း မြေရိုင်းဒေသက အရမ်း အေးချမ်းလွန်းနေသလား... ငါသိထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အရှေ့ပိုင်း မြေရိုင်းဒေသနဲ့ မတူပါလား... ငါ မုန့်ဖိုး ရမယ့် အခွင့်အရေးတောင် မရလိုက်ဘူး..." ချင်ထျန်းသည် လက်တင်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ခေါင်းခါကာ နောင်တရသလို ပြောလိုက်သည်။
ပျံသန်းလှေစီးရသည်မှာ သက်တောင့်သက်သာမရှိဟု ချင်ထျန်းက ညည်းညူခဲ့သောကြောင့်၊ လမ်းခရီးတွင် ဖြတ်သန်းသွားရသည့် မြို့ငယ်လေးတစ်မြို့၌ ဤကုလားထိုင်ကို ချန်းဖုန်းက အထူးတလည် ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပေသည်။
ချန်းဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ "စီနီယာအစ်ကိုကြီး... ဟောက်ရန်ဂိုဏ်းရဲ့ လုံခြုံရေး အခြေအနေက အရမ်း ကောင်းပါတယ်... ဓားပြတိုက်တာတွေက ရှားပါတယ်..."
"ပြီးတော့ ဒီ ဝိညာဉ်ကျောက်တုံးက ဘာလို့ အတုံးလိုက် ဖြစ်နေတာလဲ... ပုံမှန် မဟုတ်ဘူးလား..." ချင်ထျန်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ သူ ဝတ္ထုတွေ အများကြီး ဖတ်ဖူးတယ်... အတုံးလိုက် ရှိတယ်လို့ မမှတ်မိပါဘူး။
ဝိညာဉ်ကျောက်တုံးရဲ့ အတိုင်းအတာက ပိဿာတဲ့လား... အရေအတွက်နဲ့ ဖြစ်သင့်တာ မဟုတ်ဘူးလား...။
ချန်းဖုန်း ပြုံးလိုက်သည်။ သူ့စီနီယာအစ်ကိုကြီးက တကယ် ဘာမှ မသိပါလား။
"စီနီယာအစ်ကိုကြီး... ဒီ ဝိညာဉ်ကျောက်တုံးတွေက မြေကြီးထဲကနေ သဘာဝအတိုင်း ဖြစ်ပေါ်လာတာပါ... ကျောက်တုံးတွေ ကြားမှာ ဟိုနားတစ်စ ဒီနားတစ်စ ပြန့်ကျဲနေတာ... ဘယ်လိုလုပ် အတုံးလိုက် ဖြစ်နေမှာလဲ... ဖြတ်မယ် ဆိုရင်တောင် အကုန်လုံးကို လေးထောင့်ပုံစံ အတိအကျ ဖြတ်ဖို့ မဖြစ်နိုင်ပါဘူး..."
"ဒါ့အပြင် ဝိညာဉ်ကျောက်တုံး ဆိုတာ ကျင့်ကြံဖို့ သုံးတာလေ... ပုံသဏ္ဌာန်က အရေးမကြီးပါဘူး... ဝိညာဉ်စွမ်းအင် ပါနေသရွေ့ အဆင်ပြေပါတယ်..."
အရေအတွက်ဖြင့် တိုင်းတာမည်ဆိုလျှင် ပို၍ပင် ပြဿနာရှိနိုင်သေးသည်။ ထို့အပြင် ဝိညာဉ်ကျောက်တုံးများ၏ အရွယ်အစားမှာလည်း နေရာဒေသကိုလိုက်၍ တစ်ပြေးညီ စံသတ်မှတ်ထားခြင်း မရှိပေ။
ဝိညာဉ်ကျောက်တုံးများတွင် ပါဝင်သော ဝိညာဉ်စွမ်းအင် ပမာဏမှာ တစ်တုံးနှင့်တစ်တုံး မတူညီကြသဖြင့် အလေးချိန်များမှာလည်း ကွာခြားကြလေသည်။ ဝိညာဉ်စွမ်းအင် များပြားလေလေ၊ ပို၍ အလေးချိန်စီးလေလေ ဖြစ်ပေသည်။
"မင်း တော်တော် သိတာပဲ..." ချင်ထျန်း ချီးကျူးလိုက်သည်။
ထိုအချိန်တွင် ဟောက်ရန်ဂိုဏ်း၏ ခမ်းနားထည်ဝါသော တောင်ထွတ်များ သူတို့နှစ်ဦး ရှေ့တွင် ပေါ်လာသည်။
"မစ်ဌာနကို အရင် သွားကြစို့..."