မြင့်မြတ်သော သားရဲလား... တောလိပ်လား။
Vol. 1 Ch. 5
"မသေမျိုးဆရာသခင်... ကျွန်တော့်အတွက် တရားမျှတမှု ဖြစ်အောင် လုပ်ပေးပါဦး"
ရွှေရောင်ဆံပင်နှင့် လူငယ်မှာ မူးဝေနေပြီး ဒဏ်ရာများလည်း ရရှိထားသည်။ သတိပြန်ဝင်လာသည်နှင့် ပထမဆုံး လုပ်လိုက်သော အရာမှာ ထန်ရွှမ်းထံ တိုင်တန်းခြင်း ဖြစ်သည်။
ထို ပါးရိုက်ချက်၏ အားအင်မှာ မသေးလှပေ။ အကယ်၍ သူသာ သိုင်းပညာကို လေ့ကျင့်မထားခဲ့ပါက မူးဝေစေရုံသာမက ပါးရိုက်ခံရပြီး သေသွားနိုင်ပေသည်။
"ဒီကောင်စုတ်က တစ်ချက်တည်းနဲ့ ငါ့ကို သတ်ဖို့ ရည်ရွယ်ခဲ့တာပဲ..."
ထိုအကြောင်း ပြန်စဉ်းစားမိရင်း ရွှေရောင်ဆံပင်နှင့် လူငယ်မှာ ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။
"စကားနည်းနည်း ပြောရုံနဲ့ မင်းက သူ့ကို ထိခိုက်အောင် လုပ်တယ်... ပြီးတော့ သတ်ဖို့ပါ ရည်ရွယ်ခဲ့တာလား"
ထန်ရွှမ်းက မေးခွန်းထုတ်လိုက်သည်။ ချင်ထျန်း၏ ရိုက်ချက် ပြင်းထန်မှုကို သူ ကောင်းစွာ မြင်တွေ့ခဲ့ရသည်။
ချင်ထျန်း၏ ခွန်အားမှာ အံ့မခန်း ဖြစ်ပြီး သာမန်လူသား တစ်ယောက်၏ ခွန်အား အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်ကာ သိုင်းလောကတွင် ပြိုင်ဘက်ကင်း ဖြစ်လောက်ပေသည်။
"မဟုတ်တာတွေ... သူက ကျွန်တော့်ကို သေစေချင်နေတာ... ဒီသခင်လေးက သေချာပေါက် သူ့ကို အရင်သတ်ပစ်ရမှာပေါ့"
ချင်ထျန်းက လက်ပိုက်လျက် ပြောလိုက်ပြီး ကြောက်ရွံ့သည့်ပုံစံ လုံးဝ မပြပေ။
သူ မသေမျိုးဂိုဏ်းသို့ ဝင်ရောက်လိုသော်လည်း စည်းကမ်း အလွန်များပါက သူ သဘောကျမည် မဟုတ်ပေ။ အကယ်၍ လွတ်လပ်မှု မရှိဘဲ စိတ်အလိုကျ မလုပ်နိုင်ဘူး ဆိုလျှင် ကျင့်ကြံခြင်းက ဘာ အဓိပ္ပာယ် ရှိတော့မည်နည်း။ သာမန်လူ တစ်ယောက် ဖြစ်နေတာနဲ့ အတူတူပဲ မဟုတ်ပါလော။
"ဒီကောင် ရူးနေတာလား... မသေမျိုးဆရာသခင် ပြောနေတာကို သူက အမှားဝန်မခံဘူးလား..."
"ဒီလူရဲ့ မိစ္ဆာစိတ်က အရမ်း များလွန်းတယ်... ဟောက်ရန်ဂိုဏ်းရဲ့ ဒဿနနဲ့ မကိုက်ညီဘူး... ရွှမ်ယင်းဂိုဏ်းကိုပဲ သွားသင့်တယ်"
ထန်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။ မပြောမဆိုနှင့် လူသတ်တတ်သူမျိုးကို ဟောက်ရန်ဂိုဏ်းသို့ ဝင်ခွင့် လုံးဝ ပေး၍ မဖြစ်ပေ။ "တောင်ပေါ်က ဆင်းသွားတော့... မင်းရဲ့ သတ်ဖြတ်လိုစိတ်က အရမ်း များလွန်းတယ်... ဟောက်ရန်ဂိုဏ်းနဲ့ မကိုက်ညီဘူး"
"သွားဆိုလည်း သွားတာပေါ့ "
ချင်ထျန်းက လုံးဝ ဂရုမစိုက်ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ယခု သူ့တွင် မသမာနည်းလမ်း ဖြစ်သော စနစ် ရှိနေပြီ ဖြစ်ရာ မည်သည့်နေရာတွင်မဆို အဆင်ပြေနိုင်ပေသည်။
"နေပါဦး... သူ တကယ်ကြီး သွားတော့မလို့လား... သူက နည်းနည်းတော့ ပေါ့ပျက်ပျက် နိုင်လွန်းနေသလားလို့..." ရိုးသားသည့်ပုံစံ ရှိသော လူငယ်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ ဒီလူက စိတ်ပါရင် ပါသလို လုပ်တတ်တာလား...။
သူတို့သည် မသေမျိုး အခွင့်အရေးကို ရှာဖွေရန် တောင်တွေ မြစ်တွေ ဖြတ်ကျော်ပြီး အချိန် တိုရင် လဝက်၊ ဝေးရင် နှစ်ချီကြာအောင် ခရီးနှင်ခဲ့ကြရသည်။ ဒီလူက ဒီတိုင်းပဲ ထွက်သွားတော့မလို့လား...။
"မဟာအကြီးအကဲ... သွားတားလိုက်ပါ..." တိမ်တိုက်များ အထက်ရှိ ဂိုဏ်းချုပ် အဘိုးအိုက ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒီကောင်လေးရဲ့ သတ်ဖြတ်လိုစိတ်က အရမ်း များလွန်းတယ်... ငါတို့ ဟောက်ရန်ဂိုဏ်းရဲ့ ကွန်ဖြူးရှပ် သူတော်စင် လမ်းစဉ်နဲ့ မကိုက်ညီဘူး... ဘာလို့ ထားနေဦးမှာလဲ..." မဟာအကြီးအကဲက ပြန်ပြောလိုက်သည်။
"ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်... ဒါပေမဲ့ ခင်ဗျား မေ့နေပြီလား... ဒီနှစ်ပိုင်းတွေမှာ ငါတို့ ဂိုဏ်းသားတွေ တောင်ပေါ်က ဆင်းသွားရင် အလိမ်ခံရ၊ အလှည့်စားခံရတာတွေ ပိုပို များလာတယ်... ဒီပုံစံခွက်ထဲကနေ ဖောက်ထွက်နိုင်မယ့် လူတစ်ယောက် ငါတို့ လိုအပ်နေပြီ... ဒီကောင်လေးက လုပ်ရဲကိုင်ရဲ ရှိတယ်... မျက်နှာပြောင်တိုက်ပြီး စိတ်နှလုံး မည်းမှောင်တဲ့သူပဲ... ငါတို့ ဂိုဏ်းရဲ့ အငွေ့အသက်ကို သူ ပြောင်းလဲပေးနိုင်လောက်တယ်"
"ဒါက..." မဟာအကြီးအကဲ စကား ဆက်မပြောတော့ပေ။
ဟောက်ရန်ဂိုဏ်းသည် ဂူအောင်းဘုံ အဆင့်ရှိသော အင်အားစုကြီး ဖြစ်ပြီး တောင်ပိုင်းဒေသ၏ ထောင့်တစ်နေရာတွင် အဓိက အင်အားစုကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် ဂိုဏ်းသားများ၏ စွမ်းဆောင်ရည်မှာမူ ထုတ်မပြောတာကမှ ကောင်းပေလိမ့်မည်။ သာမန်လူများ၏ လိမ်လည်ခြင်းကို ခံရပြီး ပိုင်ဆိုင်မှု အားလုံး ပါသွားသည့် ဖြစ်ရပ်မျိုးပင် ရှိခဲ့ဖူးသည်။
ထို့အပြင် ထိုလူများသည် ရိုးသားသော ဟောက်ရန်ဂိုဏ်းသားများကို အထူးတလည် ပစ်မှတ်ထားပြီး လိမ်လည်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ရိုးသားသူများကို အနိုင်ကျင့်ခြင်း သက်သက်သာ ဖြစ်သည်။
"ကောင်းပြီလေ..." စဉ်းစားပြီးနောက် မဟာအကြီးအကဲလည်း သဘာဝကျသည်ဟု ခံစားလိုက်ရသည်။
"သူငယ်ချင်းလေး... ခဏလောက် နေပါဦး..." မဟာအကြီးအကဲ၏ ပုံရိပ် ထပ်မံ ပေါ်ထွက်လာသည်။
လူတိုင်း ဦးညွတ် အရိုအသေ ပြုလိုက်ကြပြန်သည်။
"စီနီယာက ကျွန်တော့်ကို ခေါ်လိုက်တာလား..." ချင်ထျန်းက သူ့နှာခေါင်းသူ လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"ဟုတ်တယ်..."
"မဟာအကြီးအကဲ... ဒီလူက ရက်စက်ကြမ်းကြုတ်ပြီး ထားလို့မဖြစ်ပါဘူး... ဒါ့အပြင် လူအများရှေ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာက ဟောက်ရန်ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာပါပဲ" ထန်ရွှမ်းက ကပျာကယာ ဝင်ပြောလိုက်သည်။
လူတစ်ယောက်သည် ဥပဒေကို လေးစားလိုက်နာပြီး စည်းကမ်း ရှိသင့်သည်ဟု သူ ယုံကြည်သည်။ ချင်ထျန်း၏ နည်းလမ်းများမှာ ရက်စက်လွန်းပြီး စည်းကမ်းများကို ဂရုမစိုက်ဘဲ စိတ်အလိုကျ လုပ်တတ်သဖြင့် ဟောက်ရန်ဂိုဏ်းသို့ လုံးဝဝင်ခွင့် မပြုသင့်ပေ။
"ညီငယ်လေးက တကယ်ပဲ ပြတ်သားတာပဲ... စည်းကမ်းတွေ ဆိုတာကလည်း... သူက ဟောက်ရန်ဂိုဏ်းသား မဖြစ်သေးဘူး မဟုတ်လား... သူငယ်ချင်းလေး... မင်း ဂိုဏ်းသား ရွေးချယ်ပွဲမှာ ဆက်ပါဝင်ချင်သေးလား..."
"ဒါဆိုလည်း မတတ်နိုင်ဘူး... နေလိုက်တာပေါ့..." နောက်ထပ် မသေမျိုးဂိုဏ်း တစ်ခုဆီ သွားရမည့် ခရီးက ဝေးလွန်းသဖြင့် ချင်ထျန်းလည်း ဒုက္ခမခံချင်တော့ပေ။
"မတတ်နိုင်ဘူး ဟုတ်လား..." လူအများအပြားမှာ ချင်ထျန်း မာနကြီးလွန်းသည်ဟု ခံစားလိုက်ရသည်။
သို့သော် မည်သူမျှ ဝင်မပြောရဲကြပေ။ ချင်ထျန်းက အငြိုးအတေးကြီးပြီး လက်ပါတတ်သဖြင့် အရိုက်ခံရလျှင် မတန်ပေ။
"ဒါဆို စမ်းသပ်မှုကို ဆက်လုပ်ကြတာပေါ့..." မဟာအကြီးအကဲ ပြောပြီးသည်နှင့် ပျောက်ကွယ်သွားလေသည်။
ထန်ရွှမ်း မကျေနပ်သော်လည်း မဟာအကြီးအကဲ ပြောပြီးဖြစ်ရာ သူ၏ စိတ်ပျက်မှုကို ဆက်လက် ထုတ်ဖော်ခြင်း မပြုတော့ပေ။
ချန်းဖုန်း... အလယ်အလတ်အဆင့် ပါရမီ... အောင်မြင်
"ကောင်းတယ်ဟေ့... အလယ်အလတ်အဆင့် ပါရမီဆိုတာ မဆိုးပါဘူး" ထွားကျိုင်းသော လူငယ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် ချင်ထျန်း၏ အလှည့် ရောက်လာလေသည်။
ချင်ထျန်းက ပါရမီ စမ်းသပ်ကျောက်တုံးပေါ်သို့ လက်တင်လိုက်၏။
ချင်ထျန်း... အထွတ်အထိပ်အဆင့် ပါရမီ... အောင်မြင်
"နောက်ထပ် အထွတ်အထိပ်အဆင့် တစ်ယောက်ဟေ့..."
"ဂျူနီယာမောင်လေး... ဘေးမှာ ခဏ စောင့်နေပေးပါနော်..." အမျိုးသမီး ဂိုဏ်းသား အများအပြားက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ အထွတ်အထိပ်အဆင့် ပါရမီနှင့် ဆိုလျှင် ဂိုဏ်းဝင်ခွင့် ရရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။
အကြီးအကဲ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ပေးထားသဖြင့် ချင်ထျန်းအတွက် ပြောစရာပင် မလိုတော့ပေ။
ထန်ရွှမ်း၏ မျက်နှာထားမှာ အေးစက်နေသည်။ ထိုကဲ့သို့သော လူတစ်ယောက် ပါရမီ ရှိနေခြင်းသည် ကျင့်ကြံသူ လောကအတွက် ကောင်းချီးလား၊ ကျိန်စာလား ဆိုသည်ကို သူ မသိတော့ပေ။
"အထွတ်အထိပ်အဆင့် ပါရမီ ဆိုပါလား... ဒီသခင်လေးက ပါရမီ ထူးကဲတယ် ဆိုတာ သိပြီးသားပဲ" ချင်ထျန်း စိတ်ကြီးဝင်နေမိသည်။
အလယ်အလတ်အဆင့်နှင့် အနိမ့်အဆင့်တို့က အများစု ဖြစ်ပြီး အထက်အဆင့်မှာ ရှားပါးကာ အထွတ်အထိပ်အဆင့် ဆိုလျှင် ပို၍ ရှားပါးလှပေသည်။
"တရားမျှတမှု မရှိလိုက်တာ... ဒီလိုလူက အထွတ်အထိပ်အဆင့် ပါရမီ ပိုင်ဆိုင်ထားတယ်တဲ့လား... ရင်ကတည်းက မာနကြီးပြီး ရက်စက်တာ... နောက်ဆို ငါ သူ့ကို ဝေးဝေးက ရှောင်နေမှ ဖြစ်တော့မယ်"
ချင်ထျန်း၏ ပါရမီကို တိုင်းတာပြီးနောက် စိတ်အပျက်ဆုံး လူမှာ ရွှေရောင်ဆံပင်နှင့် လူငယ် ဖြစ်သည်။ အကယ်၍ ချင်ထျန်း၌ ပါရမီ မရှိပါက နောက်ဆုံးတွင် သူ လက်စားချေနိုင်ဦးမည် ဖြစ်သော်လည်း ယခု ချင်ထျန်း၌ အထွတ်အထိပ်အဆင့် ပါရမီ ရှိနေပြီ ဖြစ်ရာ သူ့တွင် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ဆက်လက်၍ ဂိုဏ်းသားများကို စမ်းသပ်မှု ပြုလုပ်ကြသည်။ ပါရမီ စမ်းသပ်မှု တစ်ခုတည်းကပင် သုံးရက် ကြာမြင့်ခဲ့သည်။ လာရောက်ကြသော ဂိုဏ်းသား သောင်းနှင့်ချီသည့် အနက် လေးရာ့နှစ်ဆယ် ဦးသာ အရွေးချယ် ခံခဲ့ရပြီး ရှစ်ဆယ်ရာခိုင်နှုန်းမှာ အနိမ့်အဆင့် ပါရမီ ပိုင်ရှင်များ ဖြစ်ကြသည်။
အထက်အဆင့်နှင့် အထွတ်အထိပ်အဆင့် ပါရမီရှင်များမှာ ပထမအသုတ်တွင်သာ အဓိက ပါဝင်ခဲ့ကြသည်။
အကြောင်းမှာ စောစီးစွာ တောင်ထိပ်သို့ ရောက်ရှိနိုင်သူ အများစုသည် ထူးကဲသော ခွန်အား ရှိကြပြီး အနည်းဆုံးတော့ သာမန်လူထက် များစွာ သာလွန်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိကြသောကြောင့် ဖြစ်သည်။
ကျန်းရှီးယွဲ့နှင့် ချင်ထျန်း အပြင် နောက်ထပ် အထွတ်အထိပ်အဆင့် ပါရမီရှင် တစ်ဦးမှာ နီလာရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် ကောင်လေး ဖြစ်သည်။
"ဟဟ... ဒီနှစ်က တကယ်ကို မဆိုးပါဘူး... အထွတ်အထိပ်အဆင့် ပါရမီရှင် သုံးယောက်တောင် ပါလာတာပဲ... အရင်နှစ်တွေက ဆိုရင် တစ်ယောက်လောက် ပါရင်ကို ကောင်းတယ် ပြောလို့ရပြီ" ဂိုဏ်းချုပ် အဘိုးအိုက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။
အထွတ်အထိပ်အဆင့် ပါရမီရှင်များ အပြင် အထက်အဆင့် ပါရမီရှင် ဆယ်ယောက်ကျော်လည်း ရှိသေးသည်။ အသီးအပွင့် ဝေဆာသော ရိတ်သိမ်းချိန်ပင်။
"ပါရမီ စမ်းသပ်မှု ပြီးဆုံးပါပြီ... ပါရမီ မပါတဲ့သူတွေ ကိုယ့်လမ်းကိုယ် ပြန်လို့ရပါပြီ... မသေမျိုးလမ်းစဉ် ဆိုတာ ဖြောင့်ဖြူးတဲ့ လမ်း မဟုတ်သလို လူတိုင်းနဲ့လည်း မကိုက်ညီပါဘူး"အမျိုးသမီး ဂိုဏ်းသား တစ်ဦးက နူးညံ့သော လေသံဖြင့် လူအုပ်ကြီးကို ပြောလိုက်သည်။
ဤစကားများသည် နှင်ထုတ်ခြင်း ဖြစ်သလို နှစ်သိမ့်ခြင်းလည်း ဖြစ်ပေသည်။
လူတိုင်း မကျေမနပ် ဖြစ်ကြသော်လည်း ပါရမီ မရှိဘဲနှင့် မသေမျိုးလမ်းစဉ်နှင့် ဆက်နွယ်ရန် ကံမပါလာသဖြင့် အတင်းအကျပ် ကြိုးစား၍လည်း အရာထင်မည် မဟုတ်ပေ။
"လိုအပ်ချက် ပြည့်မီတဲ့သူတွေ ဒုတိယအဆင့် စမ်းသပ်မှု ဖြစ်တဲ့ ဉာဏ်ပညာ စမ်းသပ်မှုကို ဆက်သွားပါမယ်..."
"နတ်ဘုရားလိပ်မင်းကို ဒုက္ခပေးရပါတော့မယ်..." ထန်ရွှမ်းက ကောင်းကင်ဘက်သို့ လှည့်၍ ရိုသေစွာ ဦးညွတ်လိုက်သည်။
အရည်အချင်း ပြည့်မီသော ဂိုဏ်းသား လေးရာ့နှစ်ဆယ် ဦးမှာ ရပ်နေသော နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ထန်ရွှမ်းသည် ပထမအဆင့် ဖြစ်သော ဂိုဏ်းသားများ၏ ပါရမီ စမ်းသပ်မှုကိုသာ တာဝန်ယူရပြီး ကျန်အဆင့်များကိုမူ အခြားသူများက တာဝန်ယူမည် ဖြစ်သည်။
ချင်ထျန်း၏ မျက်စိရှေ့မှ မြင်ကွင်း ပြောင်းလဲသွားပြီး ရုတ်တရက် ဝါးရုံကြီး တစ်ခုထဲသို့ ရောက်ရှိသွားလေသည်။
ဝါးရုံ၏ အောက်တွင် ကြာကန် တစ်ခု ရှိနေသည်။
လူပေါင်း လေးရာကျော်သည် ဝါးရုံထဲ၌ တစ်ပြိုင်နက် ပေါ်လာကြခြင်း ဖြစ်သည်။
ဝါးရုံ၏ အရှေ့တွင် ကျောက်ဆုံလောက် ရှိသော လိပ်ကြီး တစ်ကောင် ရှိနေပြီး တစ်ကိုယ်လုံး မည်းနက်ကာ ရေညှိများ ဖုံးလွှမ်းနေသည်။ ၎င်းက လူတိုင်းကို စိမ်းဖန့်ဖန့် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
[ တင်... အသက်ရှည်ရှည် နေထိုင်ခဲ့သော တောလိပ်တစ်ကောင်... သွားများ အားလုံး ကျွတ်နေပြီ ဖြစ်ကာ သေခါနီး ဖြစ်နေသည်... တစ်ကိုယ်လုံးလည်း နံစော်နေသည် ]
[ မစ်ရှင် - ၎င်းကို ရေချိုးပေးပါ ]
[ ဆုလာဘ် - နွားသိုးကိုးကောင်ခွန်အား ]
"အိုဟို... နောက်ထပ် မစ်ရှင်တစ်ခုပဲ" ချင်ထျန်း အလွန် စိတ်လှုပ်ရှားသွားသည်။ စနစ်၏ မစ်ရှင် ပုံစံကို သူ သဘောမပေါက်သေးသော်လည်း မစ်ရှင် လာသမျှ ကောင်းသည်ဟုသာ မှတ်ယူလိုက်သည်။
နွားသိုးကိုးကောင်ခွန်အား...။
ယင်းက သာမန် သိုင်းပညာရှင်တွေ ယှဉ်နိုင်တဲ့ အရာ မဟုတ်ချေ။ နွားသိုးကိုးကောင်အားသာ ရှိရင် ချင်ထျန်း၏ခွန်အားသည် သာမန် ကျင့်ကြံသူ တစ်ယောက်ထက်တောင် သာလွန်သွားလောက်သည်။
လိပ်အိုကြီးသည် ကြောင်တောင်တောင် ဖြစ်နေသော လူငယ် များကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည် အထိ ပြုံးလိုက်မိသည်။
ဒါက သူ အနှစ်သက်ဆုံး အပိုင်း ဖြစ်သည့် ဂိုဏ်းသားသစ်များကို စမ်းသပ်ခြင်း ပင်။
တကယ်တော့ ဟောက်ရန်ဂိုဏ်းတွင် ဤအဆင့် မရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က သူ၏ နောက်ပြောင်လိုစိတ်နှင့် အပျော်ရှာတတ်သော စိတ်ကြောင့်သာ စတင်ခဲ့ခြင်း ဖြစ်သည်။
ဘယ် သမာသမတ်ကျတဲ့ ဂိုဏ်းကများ အိုင်ကျူ (IQ) ကို စမ်းသပ်လို့လဲ...။
"လွန်ခဲ့တဲ့ သုံးနှစ်အတွင်း စိတ်ဝင်စားစရာကောင်းတဲ့ ဦးနှောက်စားရမယ့် ပုစ္ဆာတွေ ငါ တော်တော်များများ စုဆောင်းထားတယ်... သူတို့ရဲ့ ဇဝေဇဝါ ဖြစ်နေမယ့် မျက်နှာတွေကို ငါ တကယ် မြင်ချင်နေပြီ..."
လိပ်အိုကြီး၏ လှုပ်ရှားမှုများမှာ နှေးကွေးပြီး နှုတ်ခမ်းများ အနည်းငယ် ဟသွားကာ မစောင့်နိုင်တော့သည့်ဟန်ဖြင့် ပြောလိုက်သည်"ဒုတိယအဆင့်... ဉာဏ်ပညာ စမ်းသပ်မှုကို... ဘယ်သူက လုပ်မလဲ ဆိုတော့..."
"ဟေး... ဟေး... ဘာလုပ်တာလဲ"
လိပ်အိုကြီးမှာ ရုတ်တရက် ကြောင်အမ်းသွားရ၏။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့အမြီးကို လာဆွဲထားခြင်း ဖြစ်လေသည်။