ဆံပင်ရွှေရောင်ကို အထူးပစ်မှတ်ထားခြင်း
Vol. 2 Ch. 16
ချင်ထျန်း ယနေ့ ပြသခဲ့သော ပါရမီနှင့် "အာနက်လက်ကျမ်း" ကို ရေးသားခဲ့သည့် အဖြစ်အပျက်သည် ဟောက်ရန်ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များကို တုန်လှုပ်သွားစေခဲ့သည်။
ဤအချက်က သူ့ကို စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့၏။
သို့သော် အနောက်ဘက်နယ်မြေသို့ ရောက်ရှိသောအခါ သူ၏ ဝမ်းကွဲအစ်ကိုသည် ဂိုဏ်းသားများအကြား ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသဖြင့် လီလုံဖေးမှာ စိတ်အေးသွားရလေသည်။
ဂိုဏ်းသားဟောင်း တစ်သိုက်၏ မြှောက်ပင့်ပေါင်းဖော် လုပ်မှုများက သူ့ကို ပို၍ ကျေနပ်အားရစေသည်။
သူသည် လူသစ်များအကြားတွင် ထင်ပေါ်ကျော်ကြားသူ ဖြစ်လာခဲ့သည်။
ထိပ်တန်း ပါရမီ ပိုင်ဆိုင်ထားသော ကျန်းရှီးယွဲ့ပင်လျှင် သူ့လောက် လူရာဝင်ခြင်း မရှိပေ။
"ပါရမီ ကောင်းနေတော့ကော ဘာဖြစ်လဲ... ချင်ထျန်း... မင်း စောင့်နေလိုက်... ငါ မင်းကို မကြာခင် လက်စားချေပြမယ်"
အင်အားကြီးမားသော ကျောထောက်နောက်ခံ ရှိလာပြီ ဖြစ်သဖြင့် လီလုံဖေးမှာ ယုံကြည်မှု အပြည့် ရှိနေသည်။
"တကယ့် ငတုံးပဲ..."
ချင်ထျန်းသည် လသာဆောင်ပေါ်သို့ ခုန်တက်လိုက်ပြီး လီလုံဖေး၏ စကားများကို အမှတ်မထင် ကြားလိုက်ရသည်။
သူနှင့် ဘိုးဘေးအကြီးအကဲတို့ သွေးသောက်ညီအစ်ကို ဖွဲ့ထားကြပြီး ယခုအခါ သူသည် ဂိုဏ်း၏ "ဘိုးဘေးပေါက်စ" ဖြစ်နေသည်ကို ဒီကောင် မသိလေရော့သလား။
"ဝုန်း..."
ချင်ထျန်းသည် လသာဆောင် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ သည့်ကောင်ကို ဒီနေ့ ကောင်းကောင်း ပညာပေးမှ ဖြစ်မည်။
"ဘယ်သူလဲ..." လီလုံဖေး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
"သောက်ကျိုးနည်း..." ချင်ထျန်းက အခန်းထဲသို့ ဝင်လာပြီး ဆံပင်ရွှေရောင်နှင့် ကောင်လေးကို ကြည့်လိုက်သည်။ "ကောင်စုတ်လေး... ဒီနေ့ ငါ့ကို ခြေထိုးခံလိုက်ရတာ သိပ်ပျော်နေတယ်ပေါ့လေ... ဟုတ်လား"
"ချင်... ချင်ထျန်း... မင်း ဘာလာလုပ်တာလဲ... မင်း တောင်ဘက်နယ်မြေမှာ ရှိနေတာ မဟုတ်ဘူးလား" လီလုံဖေးမှာ ချက်ချင်း ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်လိုက်ရာ သူ၏ မောက်မာမှုများ ခြေရာဖျောက် ပျောက်ကွယ်သွားလေသည်။
ချင်ထျန်းသည် ရက်စက်ပြီး အလွန် ကြမ်းတမ်းသူ ဖြစ်သည်။
"ငါတို့က အခု ဟောက်ရန်ဂိုဏ်းသားတွေလေ... ဂိုဏ်းတူတွေပါ... မင်း ငါ့ကို ထိခိုက်အောင် လုပ်ရင် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ရာ ရောက်လိမ့်မယ်..." လီလုံဖေး၏ နှုတ်ခမ်းများ တုန်ယင်နေသည်။
"မင်း ကံကောင်းတယ် မှတ်ပါ... ဂိုဏ်းတူတွေ ဖြစ်နေလို့ ငါ မင်းကို ရိုက်ရုံပဲ ရိုက်မှာ..."
ချင်ထျန်းက လီလုံဖေး၏ ဗိုက်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်ရာ "ဂျွတ်" ခနဲ နံရိုးကျိုးသံ ထွက်ပေါ်လာသည်။
"ကယ်ကြပါဦး"
လီလုံဖေးမှာ ဝက်တစ်ကောင်ကို သတ်နေသကဲ့သို့ ကျယ်လောင်စွာ အော်ဟစ် အကူအညီ တောင်းလိုက်ရာ သူ၏ အသံသည် ကီလိုမီတာ အတော်ဝေးဝေးထိ ပဲ့တင်ထပ်သွားသည်။
ဤကန်ချက်ကြောင့် သူ သေတော့မည်ဟု ခံစားလိုက်ရသည်။ တောင်တံခါးဝတွင် ချင်ထျန်း၏ သေလောက်စေသော ပါးရိုက်ချက်ကို မြင်တွေ့ခဲ့ရဖူးသဖြင့် လီလုံဖေးမှာ အလွန်အမင်း ကြောက်ရွံ့နေလေသည်။
"အော်ရဲသေးတယ်ပေါ့... ငါ ဆံပင်ရွှေရောင်တွေကို အမုန်းဆုံးပဲ..."
ချင်ထျန်းက ရပ်တန့်မနေဘဲ သူ့မျက်နှာကို ထပ်မံ ဖြတ်ရိုက်လိုက်ပြီးနောက် လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လိုက်လေသည်။
လီလုံဖေး၏ ပါးစပ်မှာ ရွဲ့စောင်းသွားပြီး မျက်နှာတစ်ခုလုံး ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းလာတော့သည်။
သူ အလွန် ဝမ်းနည်းကြေကွဲသွားရသည်။ ချင်ထျန်းက သူ့ကို ရိုက်နှက်ရုံသာမက သူ့ဆံပင်အရောင်ကိုပါ ခွဲခြားဆက်ဆံနေသည်။
သူ့ဆံပင်ရွှေရောင်က သဘာဝအတိုင်း ဖြစ်ပြီး အမြဲတမ်း သူ့ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။
ဤတစ်ကြိမ်တွင် ချင်ထျန်း အားလျှော့ထားလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ နွားသိုးကိုးကောင်အားဖြင့် ပထမဆုံး ကန်ချက်မှာပင် ဗိုက်ပေါက်ထွက်သွားနိုင်သည်။
"ဒီတစ်ခါတော့ မင်းကို သင်ခန်းစာ ပေးရုံပဲ လုပ်လိုက်မယ်... ငါ့ကို နောက်တစ်ခါ ထပ်ပြီး ဒုက္ခပေးရဲရင် ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး"
ခြေသံများ ကြားလိုက်ရသဖြင့် ချင်ထျန်းသည် သုံးထပ်တိုက်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး တောင်ဘက်နယ်မြေဆီသို့ ပြေးထွက်သွားလေသည်။
ချင်ထျန်း သဘောကောင်းလွန်း၍ မဟုတ်ဘဲ ဂိုဏ်းစည်းကမ်းများကြောင့်သာ ဖြစ်သည်။ ထို့အပြင် သူက "ရိုက်ရုံပဲ ရိုက်မယ်" ဟု သရော်ခဲ့သည် မဟုတ်ပါလော။
သေလုနီးပါး ရိုက်နှက်ခြင်းသည် သင်ခန်းစာ အသေးစားလေး ပေးခြင်းသာ ဖြစ်သည်။ ဂိုဏ်း၏ ကုသဆေးများ ရှိလျှင်ပင် ဒီကောင် တစ်လလောက် အိပ်ရာထဲက ထနိုင်မည် မဟုတ်ပေ။
"ဂျူနီယာညီလေးလီ..."
ဝက်သတ်သကဲ့သို့ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အနီးနားရှိ ဂိုဏ်းသားဟောင်းများ ပြေးလာကြသည်။ မည်သို့ပင် ဆိုစေကာမူ သူသည် အတွင်းဂိုဏ်း ပါရမီရှင်၏ ဝမ်းကွဲညီ ဖြစ်သဖြင့် မျက်နှာလုပ်ထားခြင်းက ကောင်းပေသည်။
"ဘယ်သူကများ အနောက်ဘက်နယ်မြေအထိ လာပြီး လူရိုက်ရဲတာလဲ..."
လီလုံဖေး၏ မျက်နှာ ရောင်ကိုင်းနေပြီး သွားအချို့ ကျွတ်ထွက်ကာ နံရိုးများ ကျိုးနေသည်ကို မြင်လိုက်ရသောအခါ ရောက်လာသူများ ဒေါသထွက်သွားကြသည်။
"ချင်... ချင်ထျန်း..." လီလုံဖေးမှာ သွားများ မရှိတော့သဖြင့် စကားသံများက ဗလုံးဗထွေး ဖြစ်နေသည်။
"ချင်ထျန်း... အဲဒါ ဘယ်သူလဲ..."
ဂိုဏ်းသားဟောင်းများ ပိုမို ရောက်ရှိလာကြသော်လည်း မည်သူကမျှ ထိုနာမည်ကို မကြားဖူးကြပေ။
လီလုံဖေးမှာ နာကျင်လွန်းသဖြင့် သတိလစ်သွားပြီ ဖြစ်ရာ သူ့ကို ဆေးကုသဆောင်သို့ အလျင်အမြန် ပို့ဆောင်ပေးလိုက်ရသည်။
လီလုံဖေးနှင့် အတူ မျက်လုံး ပွင့်မရအောင် အရိုက်ခံထားရသော ဂိုဏ်းသားဟောင်းလည်း ပါသွားလေသည်။
ညသန်းခေါင်တွင် အကြမ်းဖက်မှု ကျူးလွန်သည့် ဖြစ်ရပ်မျိုး ဟောက်ရန်ဂိုဏ်း၌ မရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အနောက်ဘက်နယ်မြေ တစ်ခုလုံး တစ်ညလုံး ဆူညံပွက်လောရိုက်နေသည်။ ညဘက်တွင် စည်းကမ်းချိုးဖောက်မှု ပြုလုပ်ခြင်းသည် ဟောက်ရန်ဂိုဏ်းတွင် ကြားဖူးနားဝပင် မရှိသော ကိစ္စဖြစ်သည်။
ဂိုဏ်းအတွင်း၌ အချင်းချင်း တိုက်ခိုက်မှုများနှင့် ကျောမှ ဓားနဲ့ထိုးမှု အချို့ ရှိသော်လည်း လူအများစုသည် ကွန်ဖြူးရှပ် လမ်းစဉ်ကို လိုက်နာကြသဖြင့် ကြင်နာပြီး ရိုးသားကြသည်။
ဤကဲ့သို့ ရက်စက်သော လုပ်ရပ်များကို ကြားလိုက်ရသောအခါ လူတိုင်း ဒေါသထွက်ကြပြီး လူယုတ်မာကို ပြစ်ဒဏ်ခတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ချင်ထျန်းသည် တစ်ညလုံး အိပ်မောကျနေပြီး နေ့လည်ခင်း နီးပါးမှ နိုးလာခဲ့သည်။ စိတ်ရှင်းမှသာ အိပ်ပျော်နိုင်သည် ဆိုသော စကားမှာ အမှန်ပင်။
ကျင့်ကြံခြင်းနှင့် ပတ်သက်၍မူ သူ လုံးဝ မကျင့်ကြံခဲ့ပေ။
မည်သို့ပင် ဆိုစေ... မစ်ရှင်များ ပြီးမြောက်အောင် လုပ်ခြင်းသည် ကျင့်ကြံခြင်းထက် ပိုမြန်သည် မဟုတ်ပါလော။
'စနစ်ရဲ့ မစ်ရှင်များကို ဘယ်လို အစပျိုးရတာလဲ'
ယခင် အဖြစ်အပျက် အနည်းငယ်ကို အခြေခံ၍ ချင်ထျန်း သုံးသပ်ကြည့်လိုက်သည်။
"တောဖားပြုပ်ကို တစ်ခါမှ မမြင်ဖူးသလို လိပ်အိုကြီးနဲ့လည်း မတွေ့ဖူးဘူး... ဟို ဂိုဏ်းသားဟောင်း နှစ်ယောက်ကိုလည်း မသိဘူး...။ ဆိုလိုတာက... မစ်ရှင်တွေက ပထမဆုံးအကြိမ် တွေ့ဆုံမှုတွေမှာ ပွင့်လာဖို့ အခွင့်အရေး များတယ်ပေါ့...။
ပြီးတော့ သူ့အပေါ် ရန်လိုနေတာလား...။
ဒါမှမဟုတ် သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာလား...။ ဒါပေမဲ့ သေချာ ပြောဖို့တော့ ခက်တယ်...။ ဖားပြုပ်နဲ့ လိပ်အိုကြီးက သူ့အပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက် ရှိနိုင်မှာမို့လို့လဲ။ ထားလိုက်ပါတော့...။''
လောလောဆယ် ချင်ထျန်း ကောက်ချက်ချနိုင်သည်က အချက် နှစ်ချက်သာ ရှိသေးသည်။
အတိကျဆုံး ဖော်ပြချက်ကတော့ "ပထမဆုံး တွေ့ဆုံခြင်း" ပင်။ ကြည့်ရတာ သူ လူစိမ်းတွေ၊ တိရစ္ဆာန်တွေနဲ့ ပိုပြီး တွေ့ဆုံဖို့ လိုအပ်ပုံရသည်။
စဉ်းစားပြီးနောက် ချင်ထျန်း အပြင်ထွက်လာခဲ့သည်။ အခန်းအောင်းနေလို့ကတော့ မစ်ရှင် ပွင့်လာဖို့ အခွင့်အရေး ရှိမည် မဟုတ်ပေ။
"ဪ... ဒါနဲ့... ဂိုဏ်းမစ်ရှင်..."
အပြင်ဂိုဏ်းမှ အတွင်းဂိုဏ်းသို့ ရာထူးတိုးရန် မစ်ရှင် ဆယ်ခု ပြီးမြောက်ရမည် ဆိုသည်ကို ချင်ထျန်း ပြန်သတိရသွားသည်။
သူ့ရည်မှန်းချက်က မဟာအကြီးအကဲ နေရာကို အစားထိုးဖို့ ဆိုတော့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ အကြွင်းမဲ့ အာဏာ ရရှိဖို့ အတွက် အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့က မရှိမဖြစ် လိုအပ်သည်။
အပြင်ဂိုဏ်းသား အဆင့်နဲ့က ဘာမှ လုပ်ခွင့်မရှိဘူးလေ။
ချင်ထျန်းသည် ဒေသတစ်ခုတွင် ဩဇာကြီးမားသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်လိုပြီး အာဏာအများအပြားကို ထိန်းချုပ်လိုသူ ဖြစ်သည်။
အပြင်ဂိုဏ်းသားများ မစ်ရှင် လက်ခံနိုင်သော နေရာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ တောင်ဘက်နယ်မြေတွင် တည်ရှိသော အပြင်ဂိုဏ်းသား ရုံးခန်း ဖြစ်သည်။
ထိုနေရာသည် ဂိုဏ်းသားများကို မစ်ရှင်များ ချပေးရန် သီးသန့် ထားရှိသော နေရာ ဖြစ်သည်။ ချင်ထျန်းသည် အချိန်တိုအတွင်း ထိုနေရာသို့ ရောက်ရှိသွားပြီး လမ်းတစ်လျှောက်တွင် မည်သည့် ဂိုဏ်းသားဟောင်း၏ ရန်စမှုကိုမျှ မကြုံတွေ့ခဲ့ရပေ။
ထိုအချိန်၌ အနောက်ဘက်နယ်မြေမှ ဂိုဏ်းသား အများအပြားသည် ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုကြီးဖြင့် တောင်ဘက်နယ်မြေသို့ ရောက်ရှိလာကြသည်။
"လူသစ်က ရက်စက်လွန်းတယ်... တစ်ညတည်းနဲ့ လက်စားချေဖို့ လာရဲတယ်တဲ့... ဒီလူယုတ်မာကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်..."
လီလုံဖေးသည် တစ်ညလုံး ကုသမှု ခံယူပြီးနောက် သတိပြန်ရလာပြီ ဖြစ်ရာ လူတိုင်းက "ချင်ထျန်း" ဟူသော နာမည်ကို သိရှိသွားကြပြီ ဖြစ်သည်။
ဒီကောင်က ဂိုဏ်းဝင်ခါစ လူသစ် တစ်ယောက်တဲ့...။
သို့သော် လီလုံဖေးသည် ချင်ထျန်းက ကျမ်းမြတ်ကို ရေးသားခဲ့ကြောင်းနှင့် မဟာအကြီးအကဲနှင့် သွေးသောက်ညီအစ်ကို ဖွဲ့ထားကြောင်းများကို ထည့်မပြောခဲ့ပေ။
မည်သည့် ဂိုဏ်းသားကမျှ ထိုဖြစ်နိုင်ချေကို တွေးမိမည် မဟုတ်ပေ... ဂိုဏ်းဝင်ခါစ လူသစ်တစ်ယောက်က မဟာအကြီးအကဲနဲ့ ဘယ်လိုလုပ် ညီအစ်ကို ဖွဲ့နိုင်မှာလဲ...။
အနောက်ဘက်နယ်မြေမှ ဂိုဏ်းသား ထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာမှုသည် အနောက်ဘက်နယ်မြေ အပြင်ဂိုဏ်း၏ ထိပ်သီး စီနီယာအစ်ကိုကြီး ပိုင်လုံ ၏ အာရုံကို လျင်မြန်စွာ ဖမ်းစားလိုက်သည်။
တောင်ဘက်နယ်မြေမှ လူသစ်တစ်ယောက်က သူ့နယ်မြေမှ လူကို သေလုနီးပါး ရိုက်နှက်သွားကြောင်း သိလိုက်ရသောအခါ ပိုင်လုံ ဒေါသထွက်သွားသည်။
အဓိက အချက်က ဂိုဏ်းသားဟောင်း တစ်ယောက်ပါ အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ မျက်လုံး ကန်းမသွားသော်လည်း ပြန်ကောင်းရန် ဆယ်ရက်၊ လဝက်ခန့် ကြာမြင့်ပေဦးမည်။
ချီပင်လယ်အဆင့် ဂိုဏ်းသားဟောင်း တစ်ယောက်က လူသစ်လက်ချက်နဲ့ အရိုက်ခံရတယ် ဆိုတာ သူ့အတွက် သိက္ခာကျစရာပင်။ ဒီလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ဟောက်ရန်ဂိုဏ်းသား ဖြစ်လာရတာလဲ...။
တောင်ဘက်နယ်မြေ ဂိုဏ်းသားများသည် အနောက်ဘက်နယ်မြေမှ ဂိုဏ်းသားများ ဒေါသတကြီး ရောက်ချလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ရည်ရွယ်ချက် မကောင်းကြောင်း သိလိုက်ကြသဖြင့် တောင်ဘက်နယ်မြေ၏ ထိပ်သီး စီနီယာအစ်ကိုကြီးကို ချက်ချင်း အကြောင်းကြားလိုက်ကြသည်။
နယ်မြေ လေးခုစလုံးတွင် ဦးဆောင်သူ တစ်ဦးစီ ရှိကြသည်။
နယ်မြေ လေးခုကို တာဝန်ယူရသော တာဝန်ခံများ ရှိသော်လည်း ထို နဂါးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်များသည် လူမြင်ကွင်းသို့ ထွက်လာခဲပြီး နှစ်အနည်းငယ်နေမှ တစ်ကြိမ်လောက်သာ ပေါ်လာတတ်သဖြင့် နာမည်ခံ သက်သက်သာ ဖြစ်သည်။
အထူးသဖြင့် သတ်မှတ်ထားသော အပြင်ဂိုဏ်းသား ခေါင်းဆောင်များကသာ ဂိုဏ်းသားများကို ကိုယ်စားပြု အုပ်ချုပ်လေ့ ရှိကြသည်။
နယ်မြေ လေးခုစလုံးတွင် ထိပ်သီး စီနီယာအစ်ကိုကြီး တစ်ဦးစီ ရှိကြသည်။
ပိုင်လုံသည် စိတ်ဆိုးသလိုလို၊ စိတ်ပျက်သလိုလို ဖြစ်နေသည်။ လူသစ် အရိုက်ခံရတာကို သူ သည်းခံနိုင်ပါသေးသည်။
ဒါပေမဲ့ ဂိုဏ်းသားဟောင်းပါ အရိုက်ခံလိုက်ရပြီး အဲဒီလူက ချီပင်လယ်အဆင့် ဖြစ်နေတာက သူ့ကို မျက်နှာပျက်စေ၏။
"ဘာဖြစ်ကြတာလဲ..."
တောင်ဘက်နယ်မြေ ဂိုဏ်းသားများမှာ လုံးဝ ကြောင်အမ်းနေကြပြီး ဘာတွေ ဖြစ်နေမှန်း မသိကြပေ။ အနောက်ဘက်နယ်မြေမှ လူအုပ်ကြီး ချီတက်လာသည်ကိုသာ မြင်နေရသည်။
"အနောက်ဘက်နယ်မြေက ဂိုဏ်းသားတွေ ညတုန်းက အရိုက်ခံလိုက်ရတယ်လို့ ကြားတယ်..."
"ဘယ်သူကလဲ... စွမ်းလိုက်တာ... ညဘက်ကြီး တခြားနယ်မြေကို သွားပြီး လူရိုက်ရဲတယ်ပေါ့"
တောင်ဘက်နယ်မြေ ဂိုဏ်းသားများလည်း အလွန် သိချင်နေကြသည်။
"ချင်ထျန်းကို ထွက်လာခိုင်းလိုက်... တောင်ဘက်နယ်မြေမှာ ဒီလို လူယုတ်မာမျိုး ပေါ်လာတာ လွန်လွန်းတယ်..." ပိုင်လုံ ရောက်ရောက်ချင်း ပြောလိုက်သော ပထမဆုံး စကားမှာ ချင်ထျန်းကို လက်အပ်ရန် တောင်းဆိုခြင်း ဖြစ်သည်။
ဤစကားကြောင့် တောင်ဘက်နယ်မြေ တစ်ခုလုံး ပွက်လောရိုက်သွားလေသည်။