← Chapters

မိစ္ဆာဘုရင်၏ သားတော်... ခြေတစ်ချက်ဖြင့် ကန်ထုတ်ခံလိုက်ရခြင်း

Vol. 1 Ch. 2

မိစ္ဆာဘုရင်၏ သားတော်... ခြေတစ်ချက်ဖြင့် ကန်ထုတ်ခံလိုက်ရခြင်း

Vol. 1 Ch. 2

"ဘာကြည့်နေတာလဲ..."

ချင်ထျန်းက စိတ်မရှည်စွာဖြင့် ငေါက်ငမ်းလိုက်၏။ ထိုဖားပြုပ်သည် သူ့ကို စိုက်ကြည့်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ အကယ်၍ စနစ်၏ အကူအညီသာ မပါရှိပါက ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးကြောင့် မိစ္ဆာတစ်ကောင် ဖြစ်မှန်းပင် သူ သတိပြုမိလိုက်မည် မဟုတ်ဘဲ သာမန်ဖားပြုပ်တစ်ကောင်ဟုသာ ထင်မှတ်မိပေလိမ့်မည်။

"သူ.. သူက အနားကို တိုးသွားပြန်ပြီ... မိစ္ဆာဘုရင်ရဲ့ သားတော်နားမှာ သွားရပ်နေတယ်"

နူးညံ့သိမ်မွေ့သော ပုံပန်းသဏ္ဌာန်ရှိသည့် လူငယ်လေးမှာ အလိုလိုနေရင်း ကြောက်ရွံ့တုန်လှုပ် သွားလေသည်။ သူသည် ထိုဖားပြုပ်၏ ဇာစ်မြစ်ကို ကောင်းစွာ သိရှိထားသူ ဖြစ်၏။

"သူ သေပြီ... ဒီကောင်လေး သေချာပေါက် သေပြီ..."

ထိုလူငယ်လေးမှာ ဆက်မကြည့်ရက်တော့သဖြင့် မျက်နှာလွှဲလိုက်ရသည်။

ရောင်စုံ ကောင်းကင်ဝါးမျို ဖားပြုပ်သည် အရွယ်အစား သေးငယ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ချက်ကြီးတစ်ခု ကိန်းအောင်းနေ၏။ ၎င်းသည် ပါးစပ်တစ်ချက် ဟလိုက်ရုံဖြင့် တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုနိုင်စွမ်း ရှိပေသည်။

ထိုရောင်စုံ ကောင်းကင်ဝါးမျို ဘုရင်သည် ရေကျွဲတစ်ကောင်၏ အရွယ်အစားခန့်သာ ရှိသော်လည်း လေတစ်ချက် ရှူသွင်းလိုက်ရုံမျှဖြင့် ဧရာမ တောင်ထွတ်ကြီး တစ်ခုလုံးကို ၎င်း၏ ဗိုက်ထဲသို့ စုပ်ယူနိုင်သည်ဟု ဆိုစမှတ် ပြုကြသည်။

"ဘာမှမသိတဲ့ အရူးပဲ... ထားလိုက်ပါလေ... မိစ္ဆာမင်းသားလေး ဗိုက်ဝသွားရင် ငါတို့ဘက် လှည့်မလာလောက်တော့ပါဘူး..."

ရွှေရောင်ဆံပင်နှင့် လူငယ်က လွန်ခဲ့သော ခဏက သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ခဲ့သည့် ချင်ထျန်း၏ အကြည့်ကို ပြန်လည်အမှတ်ရမိပြီး ဟက်ခနဲ ရယ်မောလိုက်မိသည်။

သူတစ်ပါး၏ အကြံဉာဏ်ကို လျစ်လျူရှုခြင်းသည် မျက်စိရှေ့မှောက်၌ပင် ဝဋ်လည်တတ်ပေသည်။

"အွတ်... အွတ်..."

ဖားပြုပ်လေးမှာ အလွန်တရာ ဒေါသထွက်နေ၏။ ဤလူသားက သူ့ကို အထင်သေးရုံသာမက ပေါ်ပေါ်ထင်ထင်ပင် စော်ကားရဲပေသည်။

"ဘာ အွတ်... အွတ် လဲ..."

ချင်ထျန်းက ပြောပြောဆိုဆိုနှင့်ပင် ခြေထောက်ဖြင့် လှမ်းကန်လိုက်လေသည်။

ဘုန်း...။

လူခေါင်းတစ်လုံးစာခန့် ရှိသော ဖားပြုပ်ကြီးမှာ ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားပြီး မီတာပေါင်းများစွာ အကွာရှိ လှေကားထစ်များ ဘေးနားမှ မြောင်းထဲသို့ ကျသွားလေတော့သည်။

[ တင်း - မစ်ရှင် ပြီးမြောက်ပါပြီ။ လူသားသိုင်းပညာရှင် အထွက်အထိပ်အဆင့်ခွန်အားကို ဆုချီးမြှင့်လိုက်သည်။ ]

ချင်ထျန်းက ပခုံးတွန့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းမှ တိုးထွက်လာသော ခွန်အားများကို ခံစားလိုက်ရ၏။ ယခင်က တုန်ယင်နေခဲ့သော ခြေထောက်များမှာလည်း ယခုအခါ ခိုင်ခံ့မြဲမြံသွားပြီ ဖြစ်သည်။

"ခွန်အားကို စမ်းသပ်ကြည့်ရအောင်..."

သူ လှမ်းတက်လိုက်သော ခြေလှမ်းတိုင်းသည် လှေကားထစ် ခုနစ်ထစ်၊ ရှစ်ထစ်ခန့်ကို ကျော်လွန်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မီတာပေါင်း ရာနှင့်ချီသော ခရီးကို ရောက်ရှိသွားလေသည်။

ကျန်ရစ်ခဲ့သော လူများမှာမူ နေရာမှာပင် ကြက်သေသေပြီး ရပ်နေကြဆဲ ဖြစ်သည်။

"ကြောက်မက်ဖွယ်ရာ မိစ္ဆာချီစွမ်းအင်တွေ ထုတ်လွှတ်ထားတဲ့ ဖားပြုပ်မိစ္ဆာက... ခြေထောက်တစ်ချက်တည်းနဲ့ အကန်ခံလိုက်ရတာလား... တကယ်ပဲ သာမန် တောဖားပြုပ်တစ်ကောင် ဖြစ်နေတာလား..."

လွန်ခဲ့သော ခဏက ထိုဖားပြုပ်သည် မည်သည့် ခုခံမှုကိုမျှ မပြုလုပ်ခဲ့ပေ။ အကယ်၍သာ စွမ်းအားကြီးမားသော ဖားပြုပ်မိစ္ဆာတစ်ကောင် အစစ်အမှန် ဖြစ်ပါက အဘယ်ကြောင့် ဤမျှ အားကိုးရာမဲ့ ဖြစ်နေရသနည်း။

"ဘာတွေ ဖြစ်ကုန်တာလဲ... ငါ အမြင်မှားတာလား"

ရွှေရောင်ဆံပင်နှင့် လူငယ်မှာ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်လာမိသည်။

"အွတ်... အွတ်..."

ရောင်စုံဖားပြုပ်ကြီးမှာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ပြန်လည် ခုန်ထွက်လာ၏။ သာမန်လူသားတစ်ယောက်က သူ့ကို ကန်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ရုတ်တရက် မိစ္ဆာစွမ်းအားကိုပင် အသုံးပြုရန် မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ဖားပြုပ်လေးသည် လူများကို ခြောက်လှန့်ရန် မိစ္ဆာချီစွမ်းအင်ကို ထုတ်လွှတ်ခြင်း မပြုတော့ဘဲ အမှန်တကယ်ပင် ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်သည်။

"တောဖားပြုပ်က ပြန်ခုန်တက်လာပြီဟေ့... သူ့ဆီက မိစ္ဆာချီစွမ်းအင်တွေလည်း မရှိတော့ဘူး..."

"သောက်ကျိုးနည်း... ဒီစုတ်ပြတ်သတ်နေတဲ့ ဖားပြုပ်က ရောင်စုံ ကောင်းကင်ဝါးမျို ဖားပြုပ်နဲ့ တစ်ပုံစံတည်း တူနေတာ... ငါ ဘယ်လိုလုပ် အကဲဖြတ် မှားသွားရတာလဲ..."

ရွှေရောင်ဆံပင်နှင့် လူငယ်မှာ ဒေါသထွက်သွား၏။ ထိုမိုက်မဲသော ဖားပြုပ်က သူ့ကို အရူးလုပ်သွားခဲ့သည်။

သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ဖားပြုပ်လေးကို ငုံ့ကြည့်ကာ ဆိုဒ် ၄၅ ရှိသော သူ့ခြေထောက်ကြီးကို မြှောက်လိုက်လေသည်။

"အွတ်..."

ဖားပြုပ်လေးမှာ ဒေါသကြောင့် မျက်လုံးများ ပေါက်ထွက်မတတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဤသာမန်လူသားများက ရိုင်းစိုင်းရုံသာမက မိုးခါးရေသောက်ထားကြသည်လော မပြောတတ်၊ အလွန်တရာ ရဲတင်းလွန်းလှသည်။

ဖားပြုပ်၏ လျှာက ချက်ချင်းဆိုသလို ပစ်ထွက်သွားပြီး ရွှေရောင်ဆံပင်နှင့် လူငယ်၏ ကိုယ်ပေါ်သို့ ရစ်ပတ်လိုက်လေသည်။ ထိုလူငယ်မှာ သူ့ခြေထောက်အောက်မှ မြေပြင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွား၏။

ရွှေရောင်ဆံပင်နှင့် လူငယ်သည် မီတာပေါင်း ရာနှင့်ချီ၍ လွင့်ထွက်သွားပြီး တောအုပ်အတွင်းရှိ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်နှင့် ဝင်ဆောင့်မိသွားလေသည်။

"ကျွီ..."

သစ်ကိုင်းများ ကျိုးပဲ့ကုန်၏။

ဖားပြုပ်လေးက ချင်ထျန်း ထွက်ခွာသွားရာ အရပ်မျက်နှာကို လှမ်းကြည့်လိုက်ပြီးနောက် ၎င်း၏ အရှိန်အဝါကို ဖုံးကွယ်၍ နောက်မှ လိုက်ပါသွားလေသည်။

"သွားပြီ... တကယ်ကြီး မိစ္ဆာကောင်ကြီး ဖြစ်နေတာပဲ... ဟိုကောင် သေတော့ မသွားလောက်ပါဘူးနော်..."

"ဖားပြုပ်မိစ္ဆာလည်း သွားပြီဆိုတော့... မြန်မြန်လုပ်ကြ... ဂိုဏ်းရွေးချယ်ပွဲ နောက်ကျနေဦးမယ်..."

ကျန်ရစ်ခဲ့သော လူငယ်များမှာ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို ခါထုတ်လိုက်ကြပြီး တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားကြလေသည်။

"သောက်ချီး .. ဒီကောင်စုတ် ငါ့ကို လှည့်စားသွားတာပဲ... တကယ်ကြီး မိစ္ဆာဘုရင်ရဲ့ သားတော်လေး ဖြစ်နေတာပဲ"

သစ်ကိုင်းပေါ်တွင် တွဲလောင်းကျနေသော ရွှေရောင်ဆံပင်နှင့် လူငယ်မှာ မကျေမချမ်း အော်ဟစ်လိုက်လေသည်။

သူ၏ မသေမျိုးလမ်းစဉ် ပထမဆုံး ခြေလှမ်းတွင် ဤမျှကြီးမားသော တန်ကြေးကို ပေးဆပ်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပေ။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...။

သိုင်းပညာရှင်အထွက်အထိပ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသော ချင်ထျန်းသည် ဟောက်ရန်ဂိုဏ်း၏ တောင်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

တောင်တံခါးဝတွင် မတ်စောက်သော ကျောက်ကမ်းပါးများ မြင့်မားစွာ တည်ရှိနေပြီး သစ်ခွပန်းများ ဖူးပွင့်ဝေဆာကာ ဝိညာဉ်ဆေးပင်များ အမြစ်တွယ် ရှင်သန်နေကြသည်။ မင်္ဂလာရှိသော အလင်းရောင်များ တောက်ပနေပြီး ခရမ်းရောင် မြူခိုးများ ရစ်ခွေနေသည်မှာ ထွက်ရပ်ပေါက်တို့၏ နယ်မြေ တစ်ခုအလားပင်။

တောင်ခြေနှင့် တောင်ခါးပန်းတို့သည် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် လူလုပ် ကျောက်ကွင်း ပြင်ကျယ်ကြီး တစ်ခုလည်း ရှိနေလေသည်။

လူအတော်များများလည်း ရောက်ရှိနှင့်နေပြီ ဖြစ်ကာ အရေအတွက်အားဖြင့် ရာဂဏန်း ကျော်လွန်နေပြီ ဖြစ်သည်။

တောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်သူတိုင်းသည် ထူးခြားသော အရှိန်အဝါများ ရှိနေကြပြီး အချို့မှာ မသေမျိုးသွေးကြောမှတ်များပင် ပွင့်နေကြပြီ ဖြစ်သည်။

ထောင့်တစ်နေရာတွင် ရပ်နေသော အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်တစ်ဦးသည် မြစိမ်းရောင် ဝါးပင်တစ်ပင်ကဲ့သို့ ဖြောင့်တန်းစွာ ရပ်နေ၏။ သူ၏ နဖူးပေါ်တွင် မှိန်ဖျဖျ လျှို့ဝှက်ဆန်းကြယ်သော မသေမျိုးသွေးကြောမှတ် တစ်ခု လက်ခနဲ ဖြစ်သွားသည်။ တမင်သက်သက် ထုတ်ဖော်ပြသခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအင် တစ်မျှင်က သူ့ဘေးပတ်လည်တွင် ဝဲပျံနေပြီး သူနှင့် တောင်တန်းကြီး တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။

မလှမ်းမကမ်းတွင် ပန်းရောင် ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး ရှိနေပြီး သူမ၏ မျက်နှာလေးမှာ ပန်းချီကား တစ်ချပ်အလား နူးညံ့သိမ်မွေ့ကာ အသားအရေမှာ ရေစိုနေသကဲ့သို့ ဖြူဝင်းနေသည်။ သူမ၏ မျက်ဝန်းများမှာ ကြယ်ရောင်များကဲ့သို့ တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နူးညံ့သော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားလေသည်။

ထို့အပြင် ဆောင်းတွင်း နှင်းခဲကဲ့သို့ အေးစက်သော အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးလည်း ရှိနေပြီး သူ၏ ဖြန့်ချထားသော ဆံနွယ်နက်များမှာ ရှုပ်ပွနေခြင်း အလျဉ်းမရှိပေ။

လူအုပ်ကြီးထဲတွင် ရောနှောနေသော မထင်မရှား မီးခိုးရောင် ဝတ်စုံနှင့် ကောင်လေးတစ်ယောက်လည်း ရှိနေသေးသည်။ သို့သော် သူ ခေါင်းမော့လိုက်သော အခိုက်အတန့်တွင် သူ၏ နီလာရောင် မျက်ဝန်းများထဲ၌ ကြယ်တာရာများ လှည့်ပတ်နေသည်ကို ချင်ထျန်း တွေ့လိုက်ရ၏။

"ဂူအောင်းဂိုဏ်းကြီး ခြောက်ခုထဲက တစ်ခုရဲ့ ရွေးချယ်ပွဲ ဆိုမှတော့... တောင်ဘက် တောင်တန်းတွေက ပါရမီရှင်တွေနဲ့ အလှပဂေးတွေ အကုန် ရောက်နေကြတာ မဆန်းပါဘူးလေ"

ချင်ထျန်း တီးတိုး ရေရွတ်လိုက်သည်။

ယခု မြင်တွေ့နေရသူများမှာ သူ သတိထားမိသူများသာ ဖြစ်ပြီး လူအုပ်ထဲတွင် နောက်ထပ် ထူးချွန်သူများစွာ ရှိနေနိုင်ပေသေးသည်။

ရေတိမ်လျှင် နဂါးပုန်းခိုတတ်သည် ဆိုသော်လည်း တောင်တန်းကြီး တစ်သိန်း ဆိုသည့် နေရာမှာ နဂါးများ ပျံသန်းကျက်စားရာ ဒေသ မဟုတ်ပါလော။

"ကိစ္စ မရှိပါဘူး..." သူ တွေးလိုက်မိသည်။

"စနစ် ရှိနေသရွေ့တော့ ဘယ်သူမှ ဖေဖေကြီးချင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

အခြား အကြောင်းပြချက် မရှိပေ။ သူက မသမာနည်းသုံးထားသောကြောင့်သာ ဖြစ်သည်။

"ထိပ်ဆုံးကို ရောက်ပြီဟေ့"

ချင်ထျန်းကို သတိပေးရန် ကြိုးစားခဲ့သည့် နူးညံ့သိမ်မွေ့သော လူငယ်လေးသည်လည်း တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။

"နေမဝင်ခင် ဂိုဏ်းတံခါးဝကို ရောက်အောင် မလာနိုင်တဲ့သူ ဘယ်သူမဆို ရွေးချယ်ခံရမယ့် စာရင်းထဲကနေ ပယ်ဖျက်လိုက်ပြီ"

ကျောက်ကွင်းပြင်၏ ရှေ့တွင် ရပ်နေသော အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး ခြောက်ဦးအနက် တစ်ဦးက ပြောလိုက်သည်။ သူမတို့၏ ခန္ဓာကိုယ် အချိုးအစားများမှာ ပြစ်မျိုးမှဲ့မထင် လှပနေကြသည်။

ထိုအမိန့်စကားသည် သူမတို့၏ ရှေ့တွင် ထိုင်နေသော လူငယ်တစ်ဦးထံမှ လာခြင်း ဖြစ်သည်။ ထိုလူငယ်သည် ပခုံးကျယ်ကျယ်နှင့် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အလွန်တရာ ထည်ဝါခန့်ညားသဖြင့် မည်သူမျှ သူ့ကို တည့်တည့်ပင် မကြည့်ရဲကြပေ။

"အင်း... နေရာကောင်းလေးပဲ... ထူးချွန်တဲ့ လူတွေ၊ လှပတဲ့ မြေမျက်နှာသွင်ပြင်... မိန်းကလေးတွေကလည်း နတ်သမီးလေးတွေကျနေတာပဲ"

ချင်ထျန်းမှာ ကျေနပ်ပီတိ ဖြစ်နေပြီး ယခင်က သူ လိုက်ခဲ့ဖူးသော နတ်သမီးကိုပင် မေ့လျော့သွားပြီ ဖြစ်သည်။

"ငါ တကယ်ပဲ အတိတ်ကို စွန့်လွှတ်နိုင်ခဲ့ပြီ ထင်တယ်... စိတ်ခံစားချက် ပြောင်းလဲတာ မြန်သားပဲ"သူ့ကိုယ်သူ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။

သို့သော် နေဝင်ရန် တစ်နာရီခန့်သာ လိုတော့ပြီး အဆင့်တစ်သောင်း ရှိသော လှေကားထစ်များ ပေါ်တွင် လူများ ပြည့်နှက်နေဆဲပင်။ လူအများအပြားမှာ မသေမျိုးကံတရားနှင့် လွဲချော်ရန် ဖန်လာခဲ့ကြပြီ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နေမင်းကြီးလည်း ဝင်ရောက်သွားလေပြီ။ တစ်ချိန်က တောက်ပခဲ့သော နေဝန်းကြီးသည် ယခုအခါ လိမ္မော်ရောင်သန်းကာ ကမ္ဘာလောကကြီး တစ်ခုလုံးကို ညနေဆည်းဆာ အလင်းရောင်ဖြင့် လွှမ်းခြုံထားလေသည်။

"အချိန် ပြည့်သွားပြီ... နောက်ကျတဲ့သူတွေကို အောက်ပြန်ပို့လိုက်ကြ"

ဆံပင်ဖြူနှင့် လူငယ်က သနားညှာတာမှု ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်ပြီး မရေမတွက်နိုင်သော လူများ၏ မသေမျိုး အိပ်မက်များကို ရိုက်ချိုးပစ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ... စီနီယာအစ်ကိုကြီး ထန်"

နတ်သမီးနှင့် တူသော မိန်းကလေး ခြောက်ဦးက အရိုအသေပြုကာ လှေကားထစ်များ၏ အောက်ဘက်သို့ ဆင်းသွားကြသည်။

"အားလုံးပဲ... အချိန် ကုန်ဆုံးသွားပါပြီ... အခုချိန်ထိ လှေကားထစ်တွေပေါ်မှာ ကျန်နေသေးတဲ့ သူတွေက ရွေးချယ်ခံရမယ့် သူတွေ မဟုတ်တော့ပါဘူး... ကျေးဇူးပြုပြီး ပြန်ကြပါတော့"

မိန်းကလေး၏ အသံသည် နွေဦးရာသီကဲ့သို့ နူးညံ့သာယာသော်လည်း လှေကားထစ်ပေါ်မှ လူငယ်များအတွက်မူ အေးစက်သော ဆောင်းလေညှင်းကဲ့သို့ ဖြစ်နေလေသည်။

"မလုပ်ပါနဲ့... မလုပ်ကြပါနဲ့... ကျွန်တော် ဂိုဏ်းတံခါးဝကို ရောက်ဖို့ ခြေလှမ်း နည်းနည်းပဲ လိုတော့တာပါ"

ထိပ်ဆုံးသို့ ရောက်လုနီးပါး ဖြစ်နေသော လူငယ်အချို့မှာ မောပန်းနွမ်းနယ်နေသော်လည်း ရှိသမျှ အားအင်ကို ညှစ်ထုတ်၍ ပြေးတက်လာကြသည်။

All Chapters