← Chapters

စိတ်ပါရင် ပါသလို

Vol. 1 Ch. 3

စိတ်ပါရင် ပါသလို

Vol. 1 Ch. 3

ဒဏ်ရာ ဗရပွနှင့် အဝတ်အစားများ စုတ်ပြတ်သတ်နေသော ရွှေရောင်ဆံပင်နှင့် လူငယ်မှာ တောင်တံခါးဝသို့ ရောက်ရန် ခြေလှမ်း အနည်းငယ်မျှသာ လိုတော့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသကြောင့် မူးမေ့လဲမတတ် ဖြစ်သွားရလေသည်။ သူသည် ချင်ထျန်း ဆိုသော ကောင်စုတ်ကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။ ဖားပြုပ်မိစ္ဆာ၏ ကန်ချက်ကြောင့် မီတာပေါင်း ရာချီ၍ လွင့်ထွက်သွားခဲ့ရပြီး တောနက်ထဲမှ မနည်း ရုန်းကန် တွားသွား ထွက်လာခဲ့ရခြင်း ဖြစ်သည်။ ပြင်းထန်သော ဒဏ်ရာများကြောင့် သူ၏ သွားလာနှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့ရသည်။

မျှော်လင့်ချက် ကုန်ဆုံးသွားသဖြင့် စိတ်ပျက်အားငယ်နေသော ရွှေရောင်ဆံပင်နှင့် လူငယ်သည် မလှမ်းမကမ်းတွင် ရပ်ကာ ခေါင်းခါရင်း ကြည့်နေသော ချင်ထျန်းကို မြင်လိုက်ရသောအခါ ဒေါသအိုး ပေါက်ကွဲသွားလေတော့သည်။

သူ လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့သည်။ထို မိစ္ဆာဘုရင်၏ သားတော်လေးသည် မူလက သူတို့အပေါ် ရန်ငြိုးမရှိခဲ့ပေ။

သို့မဟုတ်ပါက ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိသော ချင်ထျန်းကဲ့သို့ လူတစ်ယောက်သည် မိစ္ဆာဘုရင်၏ သားတော်ကို မည်သို့ ကန်ထုတ်နိုင်မည်နည်း။

ရန်လိုစိတ်မရှိသော မိစ္ဆာဘုရင်၏ သားတော်လေးသည် ထိုကန်ချက်ကြောင့် ဒေါသထွက်သွားပြီး သူက ကြားညှပ်ကာ မြေစာပင် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

"သောက်ကျိုးနည်း... မင်းက ယုတ်မာတဲ့ ကိစ္စတွေ လုပ်ပြီးတော့ ငါက ခံရတဲ့ ကောင် ဖြစ်ရတာလား"

ရွှေရောင်ဆံပင်နှင့် လူငယ်မှာ ချင်ထျန်းကို ထိုနေရာမှာပင် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားလေသည်။

"ကျွန်တော်တို့တွေ တောင်တွေ မြစ်တွေ ဖြတ်ကျော်ပြီး ဒုက္ခပေါင်းစုံ ခံပြီး ဒီကို လာခဲ့ကြတာပါ... မသေမျိုး နတ်ဘုရားတွေ အနေနဲ့ ကရုဏာထားပြီး ကျွန်တော်တို့ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးသနားကြပါ"

လှေကားထစ်များပေါ်မှ လူငယ် လူရွယ်များသည် မြေပြင်ပေါ်တွင် ဒူးထောက်၍ ဆွေးမြေ့ကြေကွဲစွာ တောင်းပန် အသနားခံကြလေသည်။

ဟောက်ရန်ဂိုဏ်းသည် သုံးနှစ်လျှင် တစ်ကြိမ်သာ ဂိုဏ်းသားသစ် လက်ခံလေ့ရှိပြီး အသက်ကန့်သတ်ချက်များလည်း ရှိပေသည်။ အကယ်၍ ဤအခွင့်အရေးကို လက်လွတ်သွားပါက ဤဘဝတွင် မသေမျိုးကံတရားနှင့် ဆုံတွေ့ခွင့် ရတော့မည် မဟုတ်ပေ။

ထို့အပြင် နောက်ထပ် ဂူအောင်းဂိုဏ်း တစ်ခုသို့ သွားရောက်ပြီး မသေမျိုးကံတရားကို ရှာဖွေရန်မှာလည်း ဖြစ်နိုင်ချေ အလွန် နည်းပါးလှသည်။

တောင်ပိုင်းဒေသသည် ကျယ်ပြောလှပြီး တောင်တန်းကြီး တစ်သိန်း ရှိသည်ဟု ကျော်ကြားသည်။ သာမန်လူသား တစ်ယောက်အတွက် တောင်ထွတ် တစ်ခုကို ဖြတ်ကျော်ရန်မှာပင် အချိန်များစွာ ပေးရပေမည်။

လမ်းခရီးရှိ အန္တရာယ်များကို မဆိုထားနှင့်ဦး... ထိုမျှ ဝေးကွာသော ခရီးသည် သာမန်လူသားများ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော အရာ မဟုတ်ပေ။

ဘဝ၏ အခက်အခဲများနှင့် လူငယ် လူရွယ်များ၏ သနားစဖွယ် တောင်းပန်သံများသည် ရှေ့တွင် ထိုင်နေသော လူငယ်ကို အနည်းငယ်မျှပင် လှုပ်ရှားစေခြင်း မရှိပေ။ သူက တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ချေ။

"လွဲချော်သွားတယ် ဆိုတာ လွဲချော်သွားတာပဲ... မသေမျိုးလမ်းစဉ် ဆိုတာ ခံစားချက်မရှိဘူး... နောင်တအတွက် ဆေးဆိုတာ မရှိဘူး"

စီနီယာအစ်ကိုကြီး ထန်၏ စကားလုံးများမှာ နူးညံ့သော်လည်း ထက်ရှသော ဓားသွားများကဲ့သို့ နောက်ကျ ကျန်ရစ်ခဲ့သူများ၏ ရင်ကို မွှေနှောက်သွားပြီး မျှော်လင့်ချက်မဲ့စေခဲ့သည်။

"ဒီနေ့ မသေမျိုးကံတရားကို ရှာဖွေခွင့် မရတော့ဘူး ဆိုရင်... ကျွန်တော် ဒီနေရာကနေ ခုန်ချလိုက်တော့မယ်"

အသက် ၁၈၊ ၁၉ ခန့်ရှိသော လူငယ်တစ်ဦးသည် ကျောက်ကမ်းပါး အစွန်းတွင် ရပ်၍ မျှော်လင့်ချက် ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။

ဟောက်ရန်ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံး မသေမျိုးလမ်းစဉ်နှင့် ပြတ်စဲသွားမည် ဖြစ်ရာ သေလိုက်သည်ကမှ ကောင်းပေဦးမည်။

"စီနီယာအစ်ကိုကြီး ထန်... အချိန် နည်းနည်းလောက် ထပ်တိုးပေးလိုက်ရင် မကောင်းဘူးလား"

ဖရဲစေ့ပုံသဏ္ဌာန် မျက်နှာနှင့် မိန်းကလေးက မကြည့်ရက်တော့သဖြင့် ထိုင်နေသော လူငယ်ကို ဝင်ရောက် ပြောကြားပေးလေသည်။

"ခုန်ချပါစေ"

စီနီယာအစ်ကိုကြီး ထန်က လျစ်လျူရှုစွာ ပြောလိုက်ရာ ထိုလူငယ်၏ မျက်လုံးထဲတွင် လက်ကျန်ရှိနေသော နောက်ဆုံး မျှော်လင့်ချက် အလင်းရောင်လေးမှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

မျှော်လင့်ချက် အားလုံး ပျက်သုဉ်းသွားပြီ ဖြစ်သဖြင့် ထိုလူငယ်မှာ တစ်စက္ကန့်မျှပင် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ကျောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်လေသည်။

"ရက်စက်လိုက်တာ..."

ချင်ထျန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဤသည်က မသေမျိုးလမ်းစဉ် လား.. ခံစားချက်ကင်းမဲ့ခြင်း၊ လျစ်လျူရှုခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း။

ငြိမ်းချမ်းသော ခေတ်ကာလတွင် ကြီးပြင်းလာခဲ့သော အလားအလာရှိသည့် လူငယ်တစ်ယောက် အနေဖြင့် သူသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အမှန်တကယ်ပင် မနှစ်သက်ပေ။ သို့သော် သူသည် သူတော်စင် တစ်ပါး မဟုတ်သကဲ့သို့ သူကိုယ်တိုင် ဝင်ခွင့်ရ၊ မရ မသေချာသေးသဖြင့် သူတစ်ပါး ကိစ္စကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

သို့သော် ယခုအခါ သူ့တွင် စနစ် ရှိနေပြီ ဖြစ်သဖြင့် ဂိုဏ်းသို့ ဝင်ခွင့် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကိစ္စမရှိတော့ပေ။

လူငယ်၏ ခုန်ချမှုသည် နောက်မှ လိုက်ပါလာသူများ၏ မျှော်လင့်ချက်များကို အပြီးတိုင် ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။

နောက်ထပ် မည်သူမျှ သေကြောင်းမကြံကြတော့ပေ... မည်သို့ပင် ဆိုစေကာမူ ဆိုးရွားသော ဘဝဖြင့် ရှင်သန်ရခြင်းက ကောင်းမွန်စွာ သေဆုံးခြင်းထက် သာလွန်ပေသည်။

"သောက်ကျိုးနည်း... အဲဒီကောင်စုတ်ကြောင့် အကုန် ဖြစ်ရတာ..."

ရွှေရောင်ဆံပင်နှင့် လူငယ်သည် နာကျည်းမုန်းတီးမှု အပြည့်ရှိသော မျက်နှာဖြင့် ချင်ထျန်းကို ကြည့်လိုက်၏။ သူလည်း မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ချင်ထျန်းလည်း ထိုအကြည့်ကို ခံစားမိလိုက်ပြီး တွေးလိုက်မိသည် "ဒီကောင်က ဘာလို့ ငါ့ကို အဲဒီလို မကောင်းဆိုးဝါး အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ... ထူးဆန်းလိုက်တာ... ငါ သူ့ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လိုက်မိလို့လား... ဒီလူက သဘောထား သေးသိမ်လွန်းတာပဲ"

"မကောင်းတော့ဘူး..."

ဤလူများသည် ခံစားချက် ကင်းမဲ့သူများ၊ ရက်စက်သူများ ဖြစ်ကြသလို အချို့ဆိုလျှင် သဘောထား သေးသိမ်ပြီး သေမှာကိုပင် ဂရုမစိုက်ကြပေ။ နောင်တစ်ချိန်တွင် ပေါင်းမြက်များကို ရှင်းလင်းရာ၌ အမြစ်ကပါ ဆွဲနှုတ်ပစ်ရန် သူ သင်ယူရပေတော့မည်။

သို့သော် သူ သိပ်တော့ ဂရုမစိုက်လှပေ။ ဤလူသည် ဟောက်ရန်ဂိုဏ်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် နောင်တွင် သာမန်လူသား တစ်ယောက်သာ ဖြစ်လာမည် ဖြစ်ရာ သူ့အတွက် ခြိမ်းခြောက်မှု မရှိနိုင်ပေ။

အကယ်၍ ငြိမ်ငြိမ်နေလျှင် ထားလိုက်မည်။ခေါင်းထောင်လာလျှင်တော့ ချက်ချင်း ရှင်းပစ်လိုက်ရုံပင်။

လောလောဆယ် အခြေအနေ မပေးသေး၍သာ... မဟုတ်လျှင် သူ့ကို အဆုံးစီရင်ပြီးလောက်ပြီ ဖြစ်သည်။

"လူတစ်ယောက် သေသွားပြီ... ထန်အာက နည်းနည်းတော့ ရက်စက်လွန်းနေပြီ"

တောင်တံခါးဝ၏ အထက် ကောင်းကင်ယံတွင် မသေမျိုး နတ်ဘုရားများကဲ့သို့ ဝတ်ဆင်ထားသော တာအိုဝတ်ရုံနှင့် အဘိုးအို သုံးဦးသည် ခေါင်းခါလိုက်ကြသည်။

"ဂိုဏ်းချုပ်က ဆော့ချင်နောက်ချင်စိတ် ပေါက်ပြီး စည်းကမ်းအကြီးဆုံးနဲ့ အသည်းနှလုံး အမာကျောဆုံး ထန်အာကို လူသစ် စုဆောင်းရေးပွဲမှာ ဦးဆောင်ခိုင်းလိုက်တာကိုး... ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ"

အနီရောင် ဝတ်ရုံနှင့် တည်ကြည်လေးနက်သော အဘိုးအိုက ဝင်ပြောလိုက်သည်။

"ငါ့ကို အပြစ်တင်လို့ ရမလား... ဂိုဏ်းထဲက အခြေအနေတွေက အရေးတကြီး ဖြစ်မလာလို့ မဟုတ်ဘူးလား... ဂိုဏ်းသားတွေက ကြာပန်းဖြူလေးတွေ ဖြစ်ကုန်ပြီး ကျင့်ကြံခြင်းလောကရဲ့ အန္တရာယ်တွေကို နားမလည်ကြတော့ဘူး... ဂိုဏ်းသားသစ်တွေအတွက် အငွေ့အသက်လေး မြှင့်တင်ပေးချင်ရုံ သက်သက်ပါကွာ"

မီးခိုးရောင် တာအိုဝတ်ရုံနှင့် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူ အဘိုးအိုက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် လက်ကာပြလိုက်သည်။

"ကဲ... တော်ကြတော့..."

ကျန်ရှိနေသော အဘိုးအို တစ်ဦးက ပြောလိုက်၏။

"လှေကားထစ်တွေပေါ်မှာ လူပေါင်း သောင်းနဲ့ချီပြီး ကျန်နေသေးတယ်... သူတို့ထဲက ပါရမီရှင် တစ်ယောက်ယောက်များ လွတ်သွားရင် နှမြောစရာကြီး..."

"မင်းတို့ တစ်ယောက်မှ အားကိုးလို့ မရဘူး" ကျန်ရှိနေသော အဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်သည်။

သူတို့ သုံးဦးမှာ မီးခိုးရောင် ဝတ်ရုံနှင့် ဂိုဏ်းချုပ်၊ အနီရောင် ဝတ်ရုံနှင့် ဒုတိယဂိုဏ်းချုပ် ဖြစ်ကြပြီး သူကတော့ မဟာအကြီးအကဲ ဖြစ်ပေသည်။

မဟာအကြီးအကဲက သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကမ်းပါးပေါ်မှ ခုန်ချသွားသော လူငယ်သည် ပြန်လည် ပါလာလေသည်။

ဟောက်ရန်ဂိုဏ်းသည် မိစ္ဆာဂိုဏ်း မဟုတ်သဖြင့် သာမန်လူသား တစ်ယောက် တောင်တံခါးဝတွင် ပြုတ်ကျသေဆုံးသွားသည်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။

"မလုပ်နဲ့လေ... အခု ရပ်လိုက်ရင် ဂိုဏ်းသားသစ်တွေ ကမ္ဘာလောကရဲ့ အန္တရာယ်ကို မြင်တွေ့ခွင့်ရမယ့် အခွင့်အရေး ပျက်စီးသွားမှာပေါ့..." ဂိုဏ်းချုပ် အဘိုးအိုက ကပျာကယာ တားမြစ်လိုက်သည်။

"တော်လောက်ပါပြီ... ဒီလူသစ်တွေ အခြေအနေ ဘယ်လောက် ပြင်းထန်တယ် ဆိုတာ သိလောက်ပါပြီ... တစ်ဆင့်ချင်း သွားတာ ပိုကောင်းပါတယ်... သူတို့ကို တစ်ခါတည်းနဲ့ အကုန် ထွက်ပြေးသွားအောင် ခြောက်လှန့်လို့ မဖြစ်ဘူးလေ..." မဟာအကြီးအကဲက ပြောလိုက်သည်။

"ကောင်းပါပြီ... ဒါဆို မဟာအကြီးအကဲ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့" ဂိုဏ်းချုပ် အဘိုးအိုက ချက်ချင်းပင် လိုက်လျောလိုက်သည်။

"အဘိုးကြီး... ခင်ဗျားက ကျွန်တော် ဒီစကား ပြောမှာကို စောင့်နေတာ မဟုတ်လား..." မဟာအကြီးအကဲမှာ ပြောစရာ စကားပင် မရှိတော့ချေ။

"အခု ဂိုဏ်းသားတွေ ကမ္ဘာလောကရဲ့ အန္တရာယ်ကို မသိကြတာ... ဂိုဏ်းချုပ် ဖြစ်တဲ့ ခင်ဗျားမှာ တာဝန် တစ်ဝက် ရှိတယ်"

"ငါတို့ ဟောက်ရန်ဂိုဏ်းက ဂုဏ်သိက္ခာရှိတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ဂိုဏ်းလေ... ကွန်ဖြူးရှပ်သူတော်စင်ရဲ့ လမ်းစဉ်ကို လိုက်နာပြီး မေတ္တာတရား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်တရားကို အလေးထားရတယ်... ဂိုဏ်းသားတွေ အမှန်တရား၊ ကောင်းမြတ်ခြင်းနဲ့ အလှတရားတွေကို တန်ဖိုးထားတတ်တာ ကောင်းတဲ့ ကိစ္စပဲ... ငါ ဂိုဏ်းချုပ်အနေနဲ့ အသိအမှတ်ပြု ခံရသင့်တာပေါ့...မျက်တောင်မခတ်ဘဲ လူသတ်တတ်ပြီး လုပ်ကြံဖို့လောက်ပဲ သိတဲ့ လူဆိုးလူမိုက်တွေ မွေးထုတ်ပေးတာထက် စာရင်တော့ ပိုကောင်းပါသေးတယ်" ဂိုဏ်းချုပ် အဘိုးအိုက စကားလမ်းကြောင်း လွှဲလိုက်၏။

"မဟာအကြီးအကဲ... ခင်ဗျားပဲ ထွက်ပြီး ဖြေရှင်းလိုက်ပါတော့..."

မဟာအကြီးအကဲမှာ ပြောစရာ စကားမဲ့သွားရ၏။

ဂိုဏ်းချုပ်က ဒါကို ကုသိုလ်ရတယ်လို့များ သတ်မှတ်နေတာလား...။

မဟာအကြီးအကဲသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လူအုပ်ကြီး၏ အထက်တွင် ပေါ်လာလေသည်။

ထိုင်နေသော စီနီယာအစ်ကိုကြီး ထန်က ချက်ချင်း မတ်တတ်ရပ်လိုက်၏။ "မဟာအကြီးအကဲကို ဂါရဝပြုပါတယ်"

အမျိုးသမီး ဂိုဏ်းသားများလည်း ဦးညွတ် ဂါရဝပြုလိုက်ကြသည်။

"မသေမျိုး နတ်ဘုရားကို ဂါရဝပြုပါတယ်..." မသေမျိုးလမ်းစဉ်ကို ရှာဖွေနေကြသော သာမန်လူသား အများအပြားမှာလည်း တစ်ယောက်ပြီး တစ်ယောက် ဦးညွတ် အရိုအသေ ပေးလိုက်ကြရာ ချင်ထျန်းလည်း ခြွင်းချက် မဟုတ်ပေ။

အစအနမကျန် ပျောက်ကွယ်သွားလိုက်၊ လေထဲတွင် လမ်းလျှောက်လိုက်နှင့်... ဒါက ထိပ်သီး ပညာရှင် တစ်ယောက်ရဲ့ စွမ်းရည်လား...။

ချင်ထျန်း အမှန်တကယ်ပင် အားကျမိသည်။

ကျင့်ကြံသူ ဆိုသည်မှာ လွတ်လပ်ပေါ့ပါးပြီး သတ်ဖြတ်ရာတွင် ပြတ်သားသည်ဟု သူ ကြားဖူးသည်။ တစ်စုံတစ်ယောက်ကို မနှစ်သက်ပါက ထိုနေ့တွင်ပင် အိမ်တိုင်ရာရောက် သွားသတ်တတ်ကြပြီး နောက်တစ်နေ့အထိ အချိန်ဆွဲလေ့ မရှိကြပေ။

ပူပန်မှုကင်းပြီး အချုပ်အနှောင် မရှိ... စိတ်တစ်ချက် အလိုအရ မိစ္ဆာဖြစ်နိုင်သလို၊ စိတ်တစ်ချက် အလိုအရ ဘုရားလည်း ဖြစ်နိုင်၏။ ဒါက ချင်ထျန်း တောင့်တသော ဘဝမျိုးပင်။

ချင်ထျန်းသည် ဟောက်ရန်ဂိုဏ်း မဟာအကြီးအကဲ၏ သူတစ်ပါး ကံကြမ္မာကို ပေါ့ပေါ့ပါးပါး ဆုံးဖြတ်လိုက်သည့် ပုံစံကို အလွန် သဘောကျသွားပြီး ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက် တစ်ခု ချမှတ်လိုက်သည်။ "အရင်ဆုံး ရည်မှန်းချက် အသေးလေး တစ်ခုလောက် ထားကြတာပေါ့...နည်းဆုံး မဟာအကြီးအကဲ ဖြစ်လာဖို့"

"ကောင်းကင်ဘုံမှာ သက်ရှိတွေကို ချစ်မြတ်နိုးတဲ့ သီလတရား ရှိတယ်... မင်းတို့တွေ မသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတာကို ထောက်ထားပြီး... နောက်ကျ ကျန်ရစ်ခဲ့တဲ့ သူတွေလည်း ဟောက်ရန်ဂိုဏ်း ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ပြုလိုက်မယ်"

မဟာအကြီးအကဲ၏ အသံသည် လူငယ် လူရွယ်များ၏ နားထဲတွင် ကောင်းကင်ဘုံမှ တေးသွားတစ်ပုဒ်ကဲ့သို့ သာယာငြိမ့်ညောင်းစွာ ကြားလိုက်ရသည်။

ကျောက်ကမ်းပါးပေါ်မှ ခုန်ချသွားသော လူငယ်လည်း ပြန်လည် ပါလာလေသည်။

"ဟောက်ရန်ဂိုဏ်းက တကယ်ကို မေတ္တာတရား ကြီးမားပြီး သဘောထား ပြည့်ဝတာပဲ" လူတိုင်းက ချီးကျူးလိုက်ကြသည်။

"ဟေး... ဝမ်းသာစရာကြီးကွာ" ရွှေရောင်ဆံပင်နှင့် လူငယ်မှာ အကျယ်ကြီး အော်ဟစ် အားပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ချင်ထျန်း ဆိုသော ကောင်စုတ်ကို စူးစူးဝါးဝါး လှမ်းကြည့်လိုက်လေသည်။

မဟာအကြီးအကဲက ခေါင်းအနည်းငယ် ညိတ်လိုက်၏။

"ဂိုဏ်းချုပ် ပြောတာ မှန်လောက်ပါတယ်"

"ထန်ရွှမ်း... လူသစ် ရွေးချယ်ပွဲကို ဆက်လုပ်လိုက်ပါ" မဟာအကြီးအကဲက ပြောပြီးသည်နှင့် ပျောက်ကွယ်သွားလေသည်။

"စွမ်းအားကြီးလိုက်တာ... ချက်ချင်း ပျောက်သွားတာပဲ" ချင်ထျန်းမှာ မယုံနိုင်လောက်အောင် အားကျနေမိသည်။

"ဒါက ကျင့်ကြံသူ တစ်ယောက်ပဲ... အမိန့်တွေကို စိတ်အလိုကျ ပြောင်းလဲပစ်နိုင်တယ်... ငါ မင်းကို ဝင်စေချင်ရင် မင်း ဝင်လို့ရတယ်... ငါ မဝင်စေချင်ရင်တော့ မင်း ဘယ်လောက်ပဲ တောင်းပန် တောင်းပန် အလကားပဲ..."

"မိုက်တယ်ဟေ့..." ချင်ထျန်း တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

"စိတ်ပါရင် ပါသလို လုပ်လို့ရတာ ဘယ်သူက မကြိုက်ဘဲ နေမှာလဲ"

ချင်ထျန်းသည် ဟောက်ရန်ဂိုဏ်း၏ လုပ်ကိုင်ပုံ လုပ်ကိုင်နည်းကို သဘောပေါက်သွားပြီဟု ခံစားလိုက်ရသည်။

"ဟုတ်ကဲ့ပါ... မဟာအကြီးအကဲ" ထန်ရွှမ်းသည် စည်းကမ်းများကို လိုက်နာလိုသော်လည်း မဟာအကြီးအကဲကို မလွန်ဆန်ရဲပေ။

ထန်ရွှမ်းက လူအုပ်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာ အေးစက်နေဆဲပင် ဖြစ်သည်။

"ကဲ... အခု ဟောက်ရန်ဂိုဏ်းရဲ့ ရွေးချယ်မှု စည်းကမ်းတွေကို ငါ ရှင်းပြမယ်"

All Chapters