ပါရမီ စမ်းသပ်ခြင်း
Vol. 1 Ch. 4
"ဟောက်ရန်ဂိုဏ်းရဲ့ ဂိုဏ်းသား ရွေးချယ်ပွဲမှာ အဆင့် သုံးဆင့် ရှိတယ်... ပါရမီ စမ်းသပ်ခြင်း၊ ဉာဏ်ပညာ စမ်းသပ်ခြင်းနဲ့ ကိုယ်ကျင့်တရား စမ်းသပ်ခြင်းပဲ"
"တစ်ဆင့်အောင်ရင် နောက်တစ်ဆင့် တက်ရမယ်... သုံးဆင့်လုံး အောင်မြင်မှ ဂိုဏ်းထဲ ဝင်ခွင့် ရမယ်..."
ထန်ရွှမ်း၏ စကားများသည် လူအုပ်ကြီးအပေါ် မည်သည့် ဂယက်ရိုက်ခတ်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။
ဤနေရာရှိ လူတိုင်းသည် ဟောက်ရန်ဂိုဏ်း၏ စည်းကမ်းများကို သိရှိပြီးသား ဖြစ်ကြသည်။ ပြင်ပလူ ဖြစ်သော ချင်ထျန်းပင်လျှင် လမ်းခရီး၌ ကြားသိခဲ့ရပြီး ဖြစ်၏။ ပါရမီ ဆိုသည်မှာ လူတယောက်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပြီး အရေးအကြီးဆုံးလည်း ဖြစ်၏။
ပါရမီ မပါလာပါက မသေမျိုးလမ်းစဉ်ပေါ်သို့ ခြေချနိုင်မည် မဟုတ်ဘဲ ဂိုဏ်းဝင်ရန် ကြိုးစားခြင်းသည် အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်လိမ့်မည်။
"တန်းစီကြ... စမ်းသပ်မှု စတော့မယ်"
လှပသော နတ်သမီး ဂိုဏ်းသူ အများအပြားက လူအုပ်ကြီးကို တန်းစီရန် နေရာချပေးလိုက်ကြ၏။ ရွှေရောင်ဆံပင်နှင့် လူငယ်သည် ယခင်က အမှားမှ သင်ခန်းစာ ရသွားပြီ ဖြစ်သဖြင့် တန်း၏ အရှေ့ဆုံးသို့ အလျင်အမြန် ပြေးသွားလေသည်။
ချင်ထျန်းကမူ အလောတကြီး မလုပ်ဘဲ တန်း၏ နောက်ဆုံးသို့သာ အေးအေးလူလူ လျှောက်သွားလိုက်၏။
လုပ်ငန်းစဉ်ကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးသဖြင့် အခြားသူများကို ဦးစွာ စောင့်ကြည့်ရန် သူ စိတ်ကူးလိုက်ခြင်း ဖြစ်သည်။
ပထမဆုံး ဝင်ရောက် စမ်းသပ်သူမှာ အစိမ်းရောင် ဝတ်စုံနှင့် လူငယ် ဖြစ်သည်။ သူ၏ နဖူးပေါ်တွင် မသေမျိုးသွေးကြောမှတ်များ လက်ခနဲ ဖြစ်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသဖြင့် သူ့အနေဖြင့် ဝင်ခွင့်ရရန် သေချာသလောက် ဖြစ်နေပြီကို အားလုံး သိလိုက်ကြသည်။
"ချန်ချန်းရှစ်... အထက်အဆင့် ပါရမီ... အောင်မြင်တယ်"
"ဝို...တောင်ပိုင်း ချန်မိသားစုရဲ့ သခင်လေးပဲ... တကယ်ကို ထူးခြားတာပဲ... အထက်အဆင့် ပါရမီတဲ့... အနာဂတ်က အကန့်အသတ်မရှိ တိုးတက်မှာပဲ"
ချင်ထျန်း၏ ရှေ့တွင် ရပ်နေသော ထွားကျိုင်း၍ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် လူငယ်က အားကျသော လေသံဖြင့် ရေရွတ်လိုက်သည်။
ချင်ထျန်း၏ ခွန်အားသည် သိုင်းပညာရှင် အဆင့်၏ အထွတ်အထိပ်သို့ရောက်နှင်နေပြီ ဖြစ်ရာ ထိုစကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
"ချန်မိသားစုရဲ့ သခင်လေးတဲ့လား... ဆွေမျိုးကောင်းစားရေးဝါဒက ငါသွားလေရာ ရောက်လေရာ ပါလာတာပဲ..."
သူ တွေးလိုက်မိ၏။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုကောင်လေး၏ ပါရမီမှာ ထူးချွန်နေပေသည်။
ပါရမီအဆင့်များကို ပါရမီ မရှိ၊ အနိမ့်အဆင့်၊ အလယ်အလတ်အဆင့်၊ အထက်အဆင့်နှင့် အထွတ်အထိပ်အဆင့် ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။
အနိမ့်အဆင့် ပါရမီ ရှိရုံဖြင့် ဝင်ခွင့် ရရှိနိုင်သော်လည်း အနာဂတ် အောင်မြင်မှုမှာ အကန့်အသတ် ရှိပေလိမ့်မည်။
ပန်းရောင် ပိုးသားဝတ်စုံ ဝတ်ဆင်ထားပြီး မျက်ဝန်းများမှာ ကြယ်ရောင်များကဲ့သို့ တောက်ပနေသော မိန်းကလေး တစ်ဦး ရှေ့ထွက်လာသည်။
ထို ရှေးဟောင်းမြင့်မြတ် မိသားစုကြီးများမှ သားသမီးများသည် အခြွေအရံများ ခေါ်ဆောင်လာလေ့ ရှိကြသည်။ ပန်းရောင်ဝတ် မိန်းကလေးကို မသေမျိုးသွေးကြောမှတ် သုံးခု ဖွင့်လှစ်ထားသော အဘိုးအို တစ်ဦးကပင် လိုက်ပါ စောင့်ရှောက်ပေးထားလေသည်။
ချင်ထျန်း သူမကို မသိသော်လည်း ကျင့်ကြံခြင်း မိသားစုကြီး တစ်ခုခုမှ လာသူ ဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။
"အနောက်တောင်ပိုင်း ကျန်းမိသားစုရဲ့ ပုလဲရတနာလေး ကျန်းရှီးယွဲ့ပဲ... အနည်းဆုံးတော့ အထက်အဆင့်လောက် ရှိမှာ သေချာတယ်..."
"ကျန်းရှီးယွဲ့... အထွတ်အထိပ်အဆင့် ပါရမီ... အောင်မြင်တယ်"
"ဘုရားရေ... အထွတ်အထိပ်အဆင့်တဲ့ဟေ့"
လူအုပ်ကြီးမှာ ပွက်လောရိုက်သွားလေသည်။ အထက်အဆင့် တစ်ယောက်နှင့် အထွတ်အထိပ်အဆင့် တစ်ယောက် ပေါ်ထွက်လာခြင်းက သူတို့၏ ယုံကြည်မှုကို ချက်ချင်း မြင့်တက်လာစေသည်။
နတ်သမီးလေးများက တခစ်ခစ် ရယ်မောလိုက်ကြသည်။ "ညီမလေးကျန်း... ဟိုဘက်မှာ စောင့်နေပါနော်... ညီမလေးရဲ့ ပါရမီနဲ့ ဆိုရင် ဂိုဏ်းထဲ ဝင်ခွင့်ရဖို့ သေချာပေါက်ပဲ"
"ကျေးဇူးတင်ပါတယ်... စီနီယာအစ်မတို့"
ကျန်းရှီးယွဲ့က မာနထောင်လွှားခြင်း မရှိဘဲ ကျိုးနွံစွာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"မာန မကြီးဘူးပဲ... ဂျူနီယာညီမလေးကောင်း တစ်ယောက် ဖြစ်လာမှာ သေချာပဲ"
ဆောင်းတွင်း နှင်းခဲကဲ့သို့ အေးစက်သော အမူအရာနှင့် အနက်ရောင်ဝတ် လူငယ်တစ်ဦး ရှေ့ထွက်လာရာ စီနီယာအစ်ကိုကြီး ထန်နှင့်ပင် အပြိုင် အေးစက်နေပေသည်။
"ချန်းလန်ရှင်း... အထက်အဆင့် ပါရမီ... အောင်မြင်တယ်"
"နောက်ထပ် အထက်အဆင့် တစ်ယောက်ဟေ့"
"ဒီနှစ် အသုတ်က တော်တော် မိုက်တာပဲ... အထက်အဆင့် နှစ်ယောက်နဲ့ အထွတ်အထိပ်အဆင့် တစ်ယောက်တောင် ပါလာပြီ... အရင်နှစ်တွေက ဆိုရင် တစ်ပွဲလုံးနေမှ ဒီလောက် အရေအတွက် မတွေ့ရဘူး"
"အထက်အဆင့်တဲ့လား... တိုက်ရိုက် သွေးမတော်ဆက်တွေက ဘေးကွဲ မျိုးနွယ်တွေထက် တကယ်ပဲ သာလွန်တာကိုး"
ထွားကျိုင်းသော လူငယ်က တိုးညှင်းစွာ ရေရွတ်လိုက်ပြန်သည်။
"ဒီလူက တော်တော်လေး အတွင်းသိ အဆင်းသိ ရှိတာပဲ..." ချင်ထျန်း တွေးလိုက်မိသည်။ အရှေ့ပိုင်း မြေရိုင်းဒေသနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူ လိုအပ်နေပေသည်။
"အစ်ကို... ခင်ဗျားက ဒီပါရမီရှင်တွေ အကြောင်း တော်တော် သိထားပုံပဲ... သူတို့ အကုန်လုံးနဲ့ သိလား..." ချင်ထျန်းက မေးလိုက်သည်။
ထိုလူငယ်က သူ့နားရွက်သူ ကုတ်လိုက်ပြီး မျက်လုံးများက ဟိုဒီဝေ့ဝဲ ကြည့်နေလေသည်။ "ငါက သူတို့ကို သိပေမဲ့ သူတို့က ငါ့ကို မသိကြပါဘူး... သူတို့က တောင်ပိုင်းက ကျင့်ကြံသူ မိသားစုကြီးတွေလေ"
ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ သူတို့ အချင်းချင်း သိကျွမ်းကြသည်ဟု သူ ထင်မှတ်ခဲ့မိ၏။
ထိုသုံးဦး ပြီးနောက်တွင် အထက်အဆင့်နှင့် အထွတ်အထိပ်အဆင့် ပါရမီရှင်များ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ အလယ်အလတ်အဆင့်များသာ အများအပြား ရှိနေတော့သည်။
ရွှေရောင်ဆံပင်နှင့် လူငယ်က ပြုံးဖြဲဖြဲနှင့် ရှေ့ထွက်လာသည်။ "လှပတဲ့ နတ်သမီးလေးတို့... ကျွန်တော့် ဝမ်းကွဲအစ်ကိုက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဟောက်ရန်ဂိုဏ်းကို ဝင်ထားပြီးသားပါ... ကျွန်တော်တို့က မိသားစုတွေပါပဲ"
"ချစ်ဖို့ ကောင်းလိုက်တာ... ဒါဆို မောင်လေး အောင်မြင်ပြီး တကယ့် မိသားစု ဖြစ်လာဖို့ မျှော်လင့်ပါတယ်" နတ်သမီး တစ်ပါးက နောက်ပြောင်လိုက်သည်။
စံသတ်မှတ်ချက်များမှာ ပုံသေ ဖြစ်သည်။ ပါရမီ မပါလာပါက အကြီးအကဲ တစ်ဦး၏ သား ဖြစ်နေလျှင်ပင် ဝင်ခွင့်ရမည် မဟုတ်ပေ။
"လီလုံဖေး... အလယ်အလတ်အဆင့် ပါရမီ... အောင်မြင်တယ်"
ရွှေရောင်ဆံပင်နှင့် လူငယ်က ရယ်မောလိုက်သည်။ "ဟေး... အလယ်အလတ်အဆင့်တဲ့ကွာ..."
သူက ချင်ထျန်းဘက်သို့ လှည့်၍ ပြောလိုက်၏။ "ကောင်လေး... မင်း ငါ့ကို လှည့်စားခဲ့တယ်မလား... မင်း သေပြီသာမှတ်"
ဘုန်း...။
ချင်ထျန်းက သူ့မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်ရာ လဲကျသွားလေသည်။ သိုင်းပညာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ခွန်အားကို ထိုလူငယ် မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။
"ဝိုး... သူက စကားကြီးစကားကျယ် ပြောပြီး ပြားသွားပြီဟေ့..."
ချင်ထျန်း ရှေ့မှ ထွားကျိုင်းသော လူငယ်မှာ လန့်ဖျပ်ပြီး ခုန်ဆွသွားသည်။ ခြိမ်းခြောက်စကားကို သူ ကြားလိုက်ရသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် လက်ပါလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
"မင်းလို ကောင်စုတ်က ငါ့ကို ရိုက်ရဲတယ်လား..."
ရွှေရောင်ဆံပင်နှင့် လူငယ်မှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ဖခင်မှာ မြို့စား ဖြစ်သဖြင့် မည်သူမျှ သူ့ကို လက်ဖျားနှင့်ပင် မထိရဲခဲ့ဖူးပေ။
"ဟောက်ရန်ဂိုဏ်း အတွင်းမှာ ရန်ဖြစ်တာကို တားမြစ်တယ်..." ထန်ရွှမ်းက အေးစက်စွာ ပြောလိုက်သည်။
ဘုန်း...။
"ထပ်ဆဲနေတုန်းပဲလား..."
ချင်ထျန်းက သူ့ကို ခြေထောက်ဖြင့် ထပ်ကန်လိုက်ရာ မီတာပေါင်း များစွာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ် ညည်းညူနေရလေသည်။
စနစ် မရှိခင်တုန်းက မင်း ငါ့ကို ဆဲခဲ့တယ်... အခု ငါ့မှာ စနစ် ရှိနေပြီ... မင်းက ဆဲရဲသေးတယ်လား။
ထွားကျိုင်းသော လူငယ်မှာ မျက်လုံးများ ပြူးကျယ်သွားရ၏။ ဒီကောင်က လုံးဝ တုံ့ဆိုင်းခြင်း မရှိပါလား။ ရန်သူတွေ များလာမှာ သူ မကြောက်ဘူးလား...။
ချင်ထျန်းသည် ချက်ချင်းပင် လူအားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့သည်။
"ဘယ်သူလဲဟ... သူက အလယ်အလတ်အဆင့် ပါရမီဆိုတော့ အတွင်းဂိုဏ်းသား ဖြစ်ဖို့ သေချာသလောက် ရှိနေပြီ... အကြီးအကဲထန် ပြောနေတာတောင် သူက ရိုက်နေတုန်းပဲလား"
"လွန်လွန်းတယ်... အကြီးအကဲထန်က သတိပေးပြီးပြီလေ..."ယ
"ရိုင်းစိုင်းလိုက်တာ... ငါပြောတာ မကြားဘူးလား... ရန်ဖြစ်တာကို တားမြစ်တယ်လို့..." ထန်ရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခု လေထုထဲတွင် ပျံ့နှံ့သွားလေသည်။
[ တင်... သာမန် ဟောက်ရန်ဂိုဏ်းသား... ခွန်အားက သာမန်လူထက် အနည်းငယ်သာ ပိုသည် ]
စနစ်က လာပြန်ပြီလား...။
ဘာလို့ ဒီတစ်ခါ မစ်ရှင် မပါပါလား...။
အချိန်အနည်းငယ် ကြာသည့်တိုင် ဘာမှ ဆက်မလာပေ။
ကြည့်ရတာ မစ်ရှင်က အချိန်တိုင်း ပါလာတာ မဟုတ်ပုံရသည်။
နှမြောစရာပဲ...။
"မင်း ငါပြောတာ မကြားဘူးလား... ဟောက်ရန်ဂိုဏ်းထဲမှာ လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရဲတဲ့ သတ္တိ ဘယ်သူပေးတာလဲ" ထန်ရွှမ်းက မေးခွန်းထုတ်လိုက်သည်။
ဂိုဏ်းထဲသို့ပင် မဝင်ရသေးမီ စည်းကမ်းများကို ချိုးဖောက်နေပြီ ဖြစ်ရာ... ကျင့်ကြံသူ ဖြစ်လာပါက စိတ်အလိုလိုက်ပြီး လူသတ်တော့မည် ဖြစ်သည်။ ၄င်းက အနာဂတ်၏ ဘေးဆိုး ဖြစ်လာမည့်သူ... ဟောက်ရန်ဂိုဏ်း၏ သူတော်စင် လမ်းစဉ်နှင့် မကိုက်ညီသူပင်။
"သူက ကျွန်တော့်ကို သတ်မယ်လို့ ခြိမ်းခြောက်နေတာလေ... ဒါကြောင့် ကျွန်တော်က အရင် လက်ဦးမှု ရယူလိုက်တာပေါ့..." ချင်ထျန်းက ပကတိ အမှန်တရား တစ်ခုကဲ့သို့ ပြောလိုက်သည်။
သူ့ရှေ့မှ လူသည် သာမန်လူထက် အနည်းငယ်မျှသာ ပိုသန်မာသော သာမန် ဂိုဏ်းသားတစ်ဦးသာ ဖြစ်သည်ဟု စနစ်က ပြသနေသဖြင့် ချင်ထျန်းမှာ မည်သည်ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။ အဆိုးဆုံး အခြေအနေ ဆိုလျှင်လည်း တောင်ပေါ်မှ ပြေးဆင်းသွားလိုက်ရုံသာ။
သူက မင်းကို ခြိမ်းခြောက်လို့ မင်းက ရိုက်လိုက်တယ် ဟုတ်လား...။
ဘေးပတ်လည်မှ ဂိုဏ်းသားများမှာ မယုံနိုင်စွာ ငေးကြည့်နေကြသည်။
ညီအစ်ကိုရေ... ပါးစပ်နဲ့ ခြိမ်းခြောက်တာက ပုံမှန်ပဲလေ... လူတွေက နောက်မှ အခွင့်အရေးရှာပြီး လက်တုံ့ပြန်ကြတာ... ဘယ်သူက အဲဒီနေရာမှာတင် ချက်ချင်း လက်တုံ့ပြန်လို့လဲ...။
သူ၏ "ယုတ္တိရှိသော" အကြောင်းပြချက်ကို ကြားလိုက်ရသောအခါ လူအုပ်ကြီး တစ်ခုလုံး ကြောင်အမ်းသွားကြလေသည်။
အရင် လက်ဦးမှု ရယူမယ် ဆိုရင်တောင်မှ... ဒီလောက်ကြီး မြန်ရလားကွာ...။