← Chapters

ကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာ

Vol. 1 Ch. 10

ကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာ

Vol. 1 Ch. 10

"ပြောပြရမယ် ဟုတ်လား..."

သူ တစ်လုံးမှတောင် ပြန်ပြောပြတတ်တာ မဟုတ်ပေ။

စာလုံးရေ တစ်သောင်းကျော် ရေးခဲ့ပြီးမှတော့... ဘယ်လိုလုပ် အကုန်လုံးကို အသံထွက် ပြောပြနိုင်မှာလဲ။

အဓိကအချက်ကတော့... ရေးထားတဲ့ စာကြောင်း အတော်များများရဲ့ အဓိပ္ပာယ်ကို သူကိုယ်တိုင်လည်း နားမလည်ခြင်းပင်။

ဒါ့အပြင် အရေးအကြီးဆုံး အချက်ကတော့... ဒီလောက် စာလုံးရေ အများကြီးကို ဖတ်ပြရတာ ပင်ပန်းလွန်းလှသည်။ သူသည် မူလကတည်းက စာဖတ်ရတာကို နှစ်သက်သူ တစ်ယောက် မဟုတ်ပေ။

ချင်ထျန်းသည် စာသင်ခန်း၏ နောက်ဆုံးတန်းတွင် အမြဲထိုင်လေ့ရှိသော စာညံ့သည့် ကျောင်းသားတစ်ဦး ဖြစ်သည်။ အကယ်၍ ရှေးဟောင်း တရုတ်စာပေကို ပြောပြခိုင်းပါက ရိုင်းစိုင်းသော စကားလုံး အနည်းငယ်သာ ပြောတတ်သူ ဖြစ်သည်။

"အကြီးအကဲ... ဒီဂျူနီယာက ကျွန်တော့်ရဲ့ နားလည်မှုနဲ့ ပတ်သက်ပြီး အများကြီး ရေးထားခဲ့ပါတယ်... တစ်လုံးချင်းစီ လိုက်ရှင်းပြနေမယ် ဆိုရင် အားလုံးရဲ့ အချိန်တွေကို ဖြုန်းသလို ဖြစ်သွားပါလိမ့်မယ်... အကြီးအကဲတို့ ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ရင် မကောင်းဘူးလား..."

"တခြားသူတွေ အကုန်လုံးက ကိုယ့်ဘာသာ ရှင်းပြနေကြတာ... မင်းကကျတော့ အကြီးအကဲတွေကို ကိုယ်တိုင် ဖတ်ခိုင်းနေတာလား... မင်းမှာ အကြီးအကဲတွေအပေါ် လေးစားမှုရော ရှိရဲ့လား... ယဉ်ကျေးမှု ဆိုတာကော နားလည်ရဲ့လား..."

ရွှေရောင်ဆံပင်နှင့် လူငယ် လီလုံဖေးက ချက်ချင်းပင် ဝင်ရောက် ပြစ်တင်ဝေဖန်လိုက်သည်။ သူနှင့် ချင်ထျန်းကြားတွင် အငြိုးအတေး ရှိပြီးသား ဖြစ်သည်။

ထို့အပြင် ချင်ထျန်းသည် အထွတ်အထိပ်အဆင့် ပါရမီကို ပိုင်ဆိုင်ထားသည်။ အကယ်၍သာ ဂိုဏ်းထဲသို့ ဝင်ရောက်လာပါက လီလုံဖေး၏ အကျိုးစီးပွားအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပေလိမ့်မည်။

ချင်ထျန်းကို ဂိုဏ်းထဲ မဝင်နိုင်အောင် တားဆီးနိုင်လျှင် အကောင်းဆုံးပင်။

"မင်းအပူ မပါပါဘူးကွာ... မင်းက ဘယ်ကောင်မို့လို့လဲ... အကြီးအကဲတွေတောင် ဘာမှ မပြောရသေးဘူး... မင်းက ဘာထအော်နေတာလဲ... ပွစိပွစိ ဆက်လုပ်နေရင် ငါ့လက်သီးနဲ့ အထိုးခံရမယ် မှတ်..."

ချင်ထျန်းသည် သူ့ကို လုံးဝ အခွင့်အရေး မပေးဘဲ ထိုနေရာမှာပင် ပြန်လည် ငေါက်ငမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ တွေးလိုက်မိသည်... "ဂိုဏ်းဝင်ခွင့် ရတာနဲ့ ဒီကောင့်ကို အရင်ဆုံး ကိုင်မှ ဖြစ်မယ်..."

"မင်း... မင်း..." လီလုံဖေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒီကောင်က တကယ့်ကို ဥပဒေမဲ့ ကောင်ပါလား။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ရှေ့မှောက်တွင်ပင် သူ့ကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

"အကြီးအကဲများ၊ ဂိုဏ်းချုပ်ခင်ဗျာ... ဒီကောင်လေးက ရိုင်းစိုင်းလွန်းပါတယ်... အကျိုးအကြောင်းလည်း မသိတတ်ဘူး... အချိန်အခါလည်း နားမလည်ဘဲ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်ပြီး မောက်မာလွန်းပါတယ်... သူ့ကို အပြစ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

လီလုံဖေးက ချက်ချင်း လက်သီးဆုပ်ကာ အရိုအသေပြု၍ တိုင်တန်းလိုက်သည်။ ချင်ထျန်း ပိုမို ရိုင်းစိုင်းလေ... သူ့အတွက် ပိုကောင်းလေပင်။

ဟောက်ရန်ဂိုဏ်းသည် ယဉ်ကျေးသိမ်မွေ့မှုကို တန်ဖိုးထားသည်။ ချင်ထျန်းကဲ့သို့ လူမျိုးသည် ပါရမီ မည်မျှပင် ကောင်းမွန်ပါစေ ဟောက်ရန်ဂိုဏ်းက သည်းခံလိမ့်မည် မဟုတ်ပေ။

မဟာအကြီးအကဲ၊ ဒုတိယဂိုဏ်းချုပ်နှင့် အခြားသော အကြီးအကဲများ အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီး မျက်နှာထားများ တည်သွားကြသည်။

ချင်ထျန်း၏ အပြုအမူသည် ပေါ့ပျက်ပျက် နိုင်လွန်းပြီး ဟောက်ရန်ဂိုဏ်းနှင့် လုံးဝ နေရာလွဲမှားနေသည်။ သူ့ပုံစံက မိစ္ဆာလမ်းစဉ် လိုက်သူ တစ်ယောက်၏ အပြုအမူနှင့် ပိုတူနေသည်။

ဂိုဏ်းချုပ်နှင့် ဒုတိယအကြီးအကဲ ယွီရှင်းရွှယ် နှစ်ယောက်တည်းသာ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။

"ချင်ထျန်း... ရိုင်းစိုင်းမနေနဲ့... သူတစ်ပါးကို ဘယ်လိုလုပ် ခြိမ်းခြောက်ရတာလဲ... ပြီးတော့ သူက အနာဂတ်မှာ မင်းရဲ့ ဂိုဏ်းတူညီအစ်ကို ဖြစ်လာမယ့်သူလေ..." မဟာအကြီးအကဲက မနေနိုင်ဘဲ ဝင်ရောက် ဆူပူကြိမ်းမောင်းလိုက်သည်။

"အကြီးအကဲ... ဒီကောင်က ကျွန်တော့်ကို ခြေထိုးခံနေတာလေ... ဒီတပည့် အနေနဲ့ သူ့ကို သင်ခန်းစာ ပေးသင့်တယ် မဟုတ်လား..." ချင်ထျန်းက လီလုံဖေးကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

လူအုပ်ကြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူများ ခြေထိုးခံရင် သင်ခန်းစာ ပေးလို့ ရပါတယ်... ဒါပေမဲ့ အခုလို လူအများကြီး ရှေ့မှာတော့ မလုပ်သင့်ဘူးလေ...။

"ဒီလူက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ... နည်းနည်းလေးမှ အောက်ကျမခံဘူး..."

ကျန်းရှီးယွဲ့သည် ဤကဲ့သို့သော လူမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သူမ၏ မျက်နှာပေါ်တွင် ပါးချိုင့်လေးများ ပေါ်လာပြီး နတ်သမီးလေး တစ်ပါးအလား ချစ်စဖွယ် ကောင်းနေလေသည်။

"ဒီကောင်လေးက ကြမ်းတမ်းလွန်းတယ်... ငါ့အမြင်အရ ဆိုရင်တော့ သူ့ကို ဂိုဏ်းထဲ ဝင်ခွင့် မပေးသင့်ဘူး..." မဟာအကြီးအကဲက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ အထွတ်အထိပ်အဆင့် ပါရမီ ဆိုသည်မှာ ရှားပါးလှသော်လည်း ဟောက်ရန်ဂိုဏ်း အနေဖြင့် ဤလူတစ်ယောက် မရှိရုံနှင့် ဘာမှ ဖြစ်သွားမည် မဟုတ်ပေ။

အကယ်၍ ချင်ထျန်းသာ ဤကဲ့သို့ ထင်ရာစိုင်းသည့် စိတ်ဓာတ်၊ ရန်ငြိုးထားတတ်သည့် စိတ်ဓာတ်ဖြင့် ဂိုဏ်းထဲ ဝင်လာပါက ဟောက်ရန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို သေချာပေါက် ဖျက်ဆီးပစ်ပေလိမ့်မည်။

ဟောက်ရန်ဂိုဏ်း အမြဲတမ်း ဂုဏ်ယူခဲ့ရသည်မှာ ကွန်ဖြူးရှပ်သူတော်စင်၏ အမည်နာမ ဖြစ်ပြီး ၎င်းသည် ဟောက်ရန်ဂိုဏ်း၏ ဂုဏ်ဒြပ်ပင် ဖြစ်သည်။

တတိယအဆင့် ကိုယ်ကျင့်တရား စမ်းသပ်မှု ဆိုသည်မှာ အနာဂတ်တွင် ဟောက်ရန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ဂိုဏ်းသားများကို ဖယ်ရှားရန် ရည်ရွယ်ခြင်း ဖြစ်သည်။

"ကျွန်တော် ထောက်ခံပါတယ်... ဒီကောင်လေးက ယုတ်မာလွန်းတယ်... ငါတို့ အားလုံးရဲ့ ရှေ့မှာတောင် ထိန်းသိမ်းခြင်း မရှိဘူး... ကွယ်ရာမှာ ဆိုရင် ဘာလုပ်မလဲ ဘယ်သူ သိမလဲ... သူက သေချာပေါက် လူယုတ်မာပဲ..." ပဉ္စမအကြီးအကဲက ဝင်ပြောသည်။

"ဟုတ်တယ်... ဒီကောင်လေး ဟောက်ရန်ဂိုဏ်းထဲ လုံးဝ မဝင်သင့်ဘူး..." အကြီးအကဲ အများအပြားက ထောက်ခံ ပြောဆိုကြသည်။

အကယ်၍ ချင်ထျန်း၏ ပါရမီကိုသာ သူတို့ သိခဲ့ကြလျှင် ပြန်စဉ်းစားကောင်း စဉ်းစားကြပေလိမ့်မည်။ သို့သော် မည်သူမျှ သူ့ပါရမီကို မသိကြသဖြင့် သူ၏ ကိုယ်ကျင့်တရား လိုအပ်ချက် ရှိနေသည်ဟုသာ ခံစားလိုက်ကြရသည်။

လီလုံဖေး ပြုံးလိုက်သည်။ "ကောင်းတယ်... ချင်ထျန်း ဂိုဏ်းထဲ မဝင်ရသရွေ့ သူ့ပါရမီ ဘယ်လောက်ကောင်းကောင်း ဘာအရေးလဲ..."

စကားအနည်းငယ် ပြောရုံဖြင့် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုကို ဖယ်ရှားပစ်လိုက်နိုင်သဖြင့် သူ အတော်လေး ကျေနပ်ဂုဏ်ယူနေသည်။

ချင်ထျန်း စိတ်ပျက်သွားသည်။ "ဝင်ခွင့်မရရင်လည်း ထားလိုက်တော့... ဘာအရေးကြီးလို့လဲ... ဟောက်ရန်ဂိုဏ်းမှ မဟုတ်ရင် မနေနိုင်တာ ကျနေတာပဲ..."

"မင်း... မင်း... မောက်မာလိုက်တာ..."

ဂိုဏ်းသားများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်နေသည်။

အကြီးအကဲများ အားလုံး ဒေါသထွက်ကုန်ကြသည်။

ဒီကောင်က မောက်မာလွန်းသည်။

ဟောက်ရန်ဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင်ပိုင်းကို ဤကဲ့သို့သော စကားများ ပြောရဲသည်တဲ့လား။

"ကောင်လေး... မင်း ငါတို့ ဟောက်ရန်ဂိုဏ်းကို ဝင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး... ငါ ပြောရဲတယ်..." မဟာအကြီးအကဲ ဒေါသပေါက်ကွဲသွားသည်။ ဒီကောင်က အကြီးအကဲ ဖြစ်တဲ့ သူတို့ကိုတောင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘူး... သာမန်လူတွေ အပေါ် ဆိုရင် ဘယ်လို ဆက်ဆံမလဲ။

"ဟုတ်တယ်... မင်းသာ ဟောက်ရန်ဂိုဏ်း ဝင်ခွင့်ရရင်... ဒီအဘိုးကြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြမယ်..." ပဉ္စမအကြီးအကဲက ဖြည့်စွက် ပြောလိုက်သည်။

မဟာအကြီးအကဲက ဒေါသတကြီးဖြင့် ချင်ထျန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ကဲ... အခု ဒီအဘိုးကြီး ကြေညာတယ်... မင်း တတိယအဆင့် စမ်းသပ်မှုကို ကျရှုံးတယ်... တောင်ပေါ်ကနေ ချက်ချင်း ဆင်းသွားတော့..."

"ကောင်းပြီလေ... သွားတာပေါ့..." ချင်ထျန်းက လေကုန်ခံ မနေတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"ခဏ နေပါဦး..."

ဒေါသထွက်နေသော အကြီးအကဲများနှင့် မတူဘဲ ဂိုဏ်းချုပ် အဘိုးအို၏ မျက်နှာထားမှာ နူးညံ့သိမ်မွေ့နေသည်။ သူက မုတ်ဆိတ်မွေးကို သပ်ရင်း ညင်သာစွာ ပြောလိုက်သည်။

"လူငယ်လေးရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရှင်းပြချက်ကိုတောင် မစစ်ဆေးရသေးဘဲနဲ့... ဘယ်လိုလုပ် ကျရှုံးတယ်လို့ ဆုံးဖြတ်လို့ ရမလဲ..."

"ဂိုဏ်းချုပ်... ဒီလိုလူမျိုးဆီမှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ဘာနားလည်မှုမျိုး ရှိမှာမို့လို့လဲ... လမ်းမှားတွေပဲ ဖြစ်နေမှာပါ..." မဟာအကြီးအကဲက ပြန်ပြောလိုက်သည်။

"မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ... ဂိုဏ်းစည်းကမ်းတွေကို မချိုးဖောက်နဲ့..."

ယခင်က ကျက်သရေရှိသော ဂိုဏ်းချုပ်သည် ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

ဟောက်ရန်ဂိုဏ်းသည် ကြီးမားသော ဂုဏ်သတင်း ရှိသော်လည်း ၎င်း၏ အင်အားမှာ နေ့စဉ်နှင့်အမျှ ယိုယွင်းကျဆင်းလာနေသည်။ တစ်ချိန်က အရှေ့ပိုင်း မြေရိုင်းဒေသ၏ ကျော်ကြားသော သူတော်စင် ကျောင်းတော်သည် ယခုအခါ တောင်ပိုင်းဒေသ၏ ထောင့်တစ်နေရာတွင် ကပ်နေရသော ဂူအောင်းဘုံ အဆင့်မျှသာ ရှိတော့သည်။

ကြင်နာမှု၊ သည်းခံမှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့သည် ကောင်းမွန်သော အရည်အသွေးများ ဖြစ်သည်။

ဒါ အမှန်တရားပါပဲ။

ဒါပေမဲ့ အဲဒီအရာတွေက ဟောက်ရန်ဂိုဏ်းကို ပိုမို သန်မာလာအောင် မလုပ်ပေးနိုင်ခဲ့ဘူး။

ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူ တီထွင်ဆန်းသစ်မှု ပြုလုပ်ရန် လိုအပ်သည်။

ချင်ထျန်းသည် ထုံးတမ်းစဉ်လာများကို ရိုက်ချိုးနိုင်မည့် အခွင့်အရေး ရှိသူဟု သူ ယုံကြည်သဖြင့် သူ့ကို ဒီတိုင်း လွှတ်မပေးလိုက်နိုင်ပေ။

ယခင်က ဆိုလျှင် သူသည် ချင်ထျန်းကို ချက်ချင်း မောင်းထုတ်မိပေလိမ့်မည်။ သို့သော် ယခုအခါ သူ့ကို မဖြစ်မနေ ထိန်းသိမ်းထားရပေမည်။

အကြီးအကဲ အများအပြားက ဝင်ရောက် ပြောဆိုလိုကြသော်လည်း ပုံမှန်အားဖြင့် သဘောကောင်းသော ဂိုဏ်းချုပ်က ရုတ်တရက် တည်ကြည်သွားသည်ကို မြင်သောအခါ အားလုံး ပါးစပ်ပိတ်သွားကြလေသည်။

"လူငယ်လေး... ဘာလို့ အလောတကြီး လုပ်နေရတာလဲ... မင်း ရေးထားတာတွေကို ငါတို့ မကြည့်ရသေးဘူးလေ..." ဂိုဏ်းချုပ် အဘိုးအို၏ အပြုံးက နွေးထွေးနေသည်။

ချင်ထျန်း ရပ်တန့်လိုက်သည်။ ဤအဘိုးအိုသည် သူ့မှတ်ဉာဏ်ထဲရှိ သူ့အပေါ် အလွန်ကောင်းခဲ့သော မူလတန်းကျောင်းဆရာ တစ်ဦးနှင့် အလွန် တူနေသည်။

ထိုဆရာသည်လည်း ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့ကာ လူတိုင်းကို အပြုံးဖြင့် ပြောဆိုလေ့ ရှိသည်။

သူ့လို ဆော့ကစားတတ်သော ကျောင်းသားမျိုးကိုပင် ထိုဆရာက သည်းခံပေးခဲ့သည်။

"ဒါဆိုရင် စီနီယာ့ စကားကို နားထောင်ပါမယ်... အကယ်၍ ဒီဂျူနီယာ ရေးထားတာတွေက ဂိုဏ်းရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီဘူး ဆိုရင်တော့... ဒီတပည့် ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားပေးပါမယ်..." ချင်ထျန်းသည် ထိုကဲ့သို့ ကြင်နာတတ်သော အကြီးအကဲများအပေါ် အမြဲတမ်း လေးစားမှု ထားရှိသည်။

"ကောင်းပြီ... ဒါဆို ကြည့်ကြတာပေါ့..."

ဂိုဏ်းချုပ်က ပြောလိုက်သဖြင့် မဟာအကြီးအကဲသည် မကျေနပ်သော်လည်း လိုက်နာရုံမှတစ်ပါး အခြား မရှိပေ။

ပုံမှန်အချိန်တွင် ဂိုဏ်းချုပ်ကို နောက်ပြောင်လေ့ ရှိကြသော်လည်း ဆုံးဖြတ်ချက် တစ်ခု ချမှတ်တော့မည် ဆိုလျှင် မည်သူမျှ သူ့ကို မငြင်းဆန်ရဲကြပေ။

မဟာအကြီးအကဲသည် ချင်ထျန်း၏ လက်ထဲမှ စာရွက်အထပ်လိုက်ကြီးကို ယူလိုက်သည်။

အလေးချိန်က မနည်းလှပေ။

မဟာအကြီးအကဲက တစ်ယောက်ကို တစ်ပိုင်းစီ ဝေငှပေးလိုက်သည်။

သို့သော် အခြားသူများက သိပ်ပြီး ဖတ်ချင်စိတ် မရှိကြပေ။ ဂိုဏ်းချုပ် အဘိုးအို တစ်ဦးတည်းသာ ယူလိုက်ပြီး သေချာ ဂရုတစိုက် ဖတ်ရှုလေသည်။

"သင်ကြားရာတွင် ခွဲခြားမှု မရှိစေရ" (Education for all, without discrimination)

ထိုစာလုံးကြီး လေးလုံးသည် မဟာအကြီးအကဲ၏ မျက်စိရှေ့တွင် ပေါ်လာပြီး ကြီးမားသော တာအို၏ အနှစ်သာရများ ပါဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ကွန်ဖြူးရှပ်သူတော်စင်သည် တစ်ချိန်က အရာရာ တန်းတူညီမျှ ရှိသည်ဟူသော တာအိုတရားကို ချမှတ်ခဲ့ပြီး သက်ရှိသတ္တဝါ အားလုံးနှင့် လောကရှိ အရာရာတိုင်းတွင် သင်ယူခွင့် ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

ကွန်ဖြူးရှပ်သူတော်စင်၏ ဘိုးဘေး ကိုယ်တိုင်က သူ၏ ကွန်ဖြူးရှပ်လမ်းစဉ်အပေါ် နားလည်မှုမှာ တိမ်ကောနေသေးကြောင်း ပြောကြားခဲ့ဖူးပြီး နောင်လာနောက်သားများ ဆက်လက် လျှောက်လှမ်းကြရန် မျှော်လင့်ခဲ့သည်။

သို့သော် မျိုးဆက်သစ် ဂိုဏ်းသားများသည် တစ်ဆက်ထက် တစ်ဆက် ပိုဆိုးလာကြပြီး ကွန်ဖြူးရှပ်သူတော်စင်၏ တာအိုလမ်းစဉ်မှာလည်း ဆက်လက် ယိုယွင်းလာခဲ့သည်။

'သင်ကြားရာတွင် ခွဲခြားမှု မရှိစေရ' ဆိုသည်မှာ ဘိုးဘေး၏ တာအိုလမ်းစဉ်ကို ပြီးပြည့်စုံစွာ အဓိပ္ပာယ် ဖွင့်ဆိုခြင်းပင်။

အတိတ်က ဘိုးဘေး ကိုယ်တိုင်ပင် အနှစ်ချုပ်ရန် ပျက်ကွက်ခဲ့သော ဤကြီးမားသည့် တာအိုအမှန်တရားသည် ယခုအခါ သူ့မျက်စိရှေ့မှောက်တွင် ပေါ်လာခဲ့လေပြီ။

ဂိုဏ်းချုပ် အဘိုးအို၏ အရှိန်အဝါသည် နက်ရှိုင်းသွားပြီး တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။

"ကွန်ဖြူးရှပ်သူတော်စင်ရဲ့ တာအိုလမ်းစဉ်က... ဆက်ခံသူ တွေ့သွားပြီပဲ…”

All Chapters