← Chapters

တားမြစ်ပင်လယ်ဝေလနဂါး ( ၁ )

Vol. 9 Ch. 131

တားမြစ်ပင်လယ်ဝေလနဂါး ( ၁ )

Vol. 9 Ch. 131

ပင်လယ်ရေမျက်နှာပြင်ပေါ် ဖြာကျနေသော လရောင်က မန္တန်အစီအရင် ပျက်စီးသွားသော လှေကလေးအပေါ်သို့လည်း ကျဆင်းနေသည်။ ၎င်းက ရွှီချင်း၏ဘေးသို့လည်း ဖြာကျနေပြီး သူသည် အပြင်ဘက်ရှိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ၏ လေးစားသောအသံများကို အံ့အားသင့်နေသည့်အမူအရာဖြင့် နားထောင်နေသည်။

ယခုတစ်ခေါက် အဆင့်တက်ခြင်းကို သူ မျှော်လင့်ထားခဲ့ပြီး ဖြစ်ပါသော်လည်း အဆင့်တက်နေစဉ်အတောအတွင်း အန္တရာယ်များကြောင့် ယခုအခါ သူ ရင်ထဲတလှပ်လှပ် ဖြစ်နေရဆဲပင်။ အထူးသဖြင့်တောင်တန်းပင်လယ်ပညာရပ်ကို အဆင့်တက်ခါနီးအခိုက်အတန့်လေးတွင် တစ်ကိုယ်လုံး စုတ်ပြဲတော့မည့်အလား ခံစားချက်ကို တွေးမိသောအခါတွင် ပို၍ ဆိုးသည်။ ရွှီချင်းသည် မထိန်းချုပ်နိုင်ဘဲ အသက်ဝဝရှူသွင်းလိုက်သည်။

ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုသပေးနိုင်စွမ်းသာ ရှိမနေခဲ့ပါက “ ပါ ” အရိပ် မဖြစ်ပေါ်လာခင် သူ့ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။ သို့သော်လည်း ထိုကဲ့သို့ အန္တရာယ်ရှိသည့်အခြေအနေမှ တိုးပွားလာသည့် ခွန်အားက ကြောက်ခမန်းလိလိပင်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အခန်းလေးအပြင်ဘက်သို့ ထွက်လာသည်။ လရောင်အောက်၌ သူသည် ထင်းရှူးပင်တစ်ပင်အလား အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ရှိနေသည်။ ယောက်ျားပီသချောမောသော သူ့မျက်နှာပေါ်တွင် အခြစ်ရာတစ်ခု ရှိနေသည့်အလား အေးစက်စက်အငွေ့အသက်တစ်ခု ရှိနေသည်။ ယင်းသည် တောင်တန်းပင်လယ်ပညာရပ်ကို အဆင့်တက်သွားပြီးနောက် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးလည်း ဖြစ်သည်။

“ ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့ ”

ရွှီချင်းက လှေပေါ်ရပ်နေရင်း လက်နှစ်ဖက်ကို ဆုပ်၍ ခါးကို ကိုင်းညွတ်ကာ ဘေးပတ်လည်ရှိဂိုဏ်းသားများကို ပြောလိုက်သည်။

မှော်လှေကလေးများပေါ်မှ ဂိုဏ်းသားများက ချက်ချင်းပင် နှုတ်ဆက်စကားများဆို၍ ပြန်ဝင်သွားကြသည်။ ရွှီချင်းထံမှ ကျင့်ကြံခြင်းအငွေ့အသက်များက မပျောက်ကွယ်သွားသေးသည်ကို သူတို့ သိလိုက်ကြပြီး ဤအဆင့်တက်ခြင်းက ယနေ့ညကျင့်ကြံခြင်း၏ အဆုံးသတ်မဟုတ်သေးကြောင်း အများစု ခန့်မှန်းမိလိုက်ကြသည်။

ဂိုဏ်းသားအားလုံးပင် နှုတ်ဆက်စကားများဆိုလိုက်ကြပြီး အခန်းငယ်လေးများထဲ အသီးသီးဝင်ကာ ရွှီချင်းကို မနှောင့်ယှက်ကြပေ။

ချီရွှဲ့ထုံဂိုဏ်းကို ရွှီချင်း စရောက်စဉ်က ထိုကဲ့သို့ မဟုတ်ကြဘဲ ယခုမှသာ ပြောင်းလဲသွားကြခြင်း ဖြစ်သည်။

ရွှီချင်းက အကြည့်လွှဲလိုက်ပြီး အခန်းလေးထဲ ပြန်ဝင်သွားသည်။ သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဝိညာဉ်စုစည်းမန္တန်အစီအရင်ထဲရှိ အက်ကွဲကြောင်းများထနေသော ဝိညာဉ်ကျောက်တုံးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စုတ်ပြတ်နေသော အခန်းလေးကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အကာအကွယ်အလွှာပျက်စီးသွားရခြင်းမှာ များပြားသော ဝိညာဉ်အငွေ့အသက်များကြောင့် ဖြစ်ပြီး အကာအကွယ်အလွှာ၏ အလယ်အူတိုင်ဖြစ်သော ဝိညာဉ်ကျောက်တုံးမှာလည်း တောင့်မခံနိုင်တော့ဘဲ အက်ကွဲသွားရသည်။

“ တောင်တန်းပင်လယ်ပညာရပ်ရဲ့နောက်တစ်ဆင့်ရောက်ရင်လဲ ဒီလိုမျိုး ဖြစ်ဦးမှာပဲလား ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ သူ ရင်တုန်ပန်းတုန်ဖြစ်နေဆဲဖြစ်ပါသော်လည်း ခေါင်းကိုက်နေသည်က ပိုဆိုးသည်။ မှော်လှေကုန်ကျစရိတ်က ပိုက်ဆံများစွာ လိုအပ်သည် မဟုတ်ပါလား။

သို့သော်လည်း ရေသူထီးလူငယ်ကို သတ်ဖြတ်ရာမှ ရလာခဲ့သည့် ငွေကြေးများကို တွေးမိသောအခါ သူ အတန်ငယ် စိတ်သက်သာရာရလာသည်။

ယခုက ထိုကိစ္စများကို တွေးတောနေရမည့်အချိန် မဟုတ်ပေ။ ရွှီချင်းက တောင်တန်းပင်လယ်ပညာရပ် အဆင့်တက်သွားပြီးနောက် ရင်ထဲဖြစ်ပေါ်လာသည့် တုန်လှုပ်စိတ်များကို ငြိမ်သက်အောင် လုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ပင်လယ်အသွင်ပြောင်းပညာရပ်သည်လည်း တဂျုံးဂျုံးမြည်ဟည်းနေပြီး အဆင့်တက်တော့မည်ကို သူ အာရုံရနေသည်။

သူ အသက်ဝဝရှူသွင်းလိုက်ပြီး ဝိညာဉ်စုစည်းမန္တန်အစီအရင်ထဲရှိ အသုံးမဝင်တော့သော ဝိညာဉ်ကျောက်တုံးကို ဝိညာဉ်ကျောက်တုံးအသစ်နှင့် လဲလှယ်လိုက်သည်။

ထို့နောက် မှော်လှေကလေးပေါ်ရှိ အကာအကွယ်အလွှာ ပြန်လည်အသက်ဝင်လာသည်။

ရွှီချင်းက စုတ်ပြတ်နေသော အခန်းလေးမှတစ်ဆင့် ဖြာကျနေသော လရောင်ကို ကြည့်ရင်း တွေးတောကာ နောက်ထပ်ဝိညာဉ်ကျောက်တုံးတစ်တုံး ထည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက မန္တန်လက်ကွက်များ ဖော်လိုက်ရာ မှော်လှေကလေး တဝုန်းဝုန်းမြည်ဟည်းလာသည်။ အူတိုင်အဖြစ် ဝိညာဉ်ကျောက်တုံးနှစ်တုံး ရှိနေသည့်အတွက် အကာအကွယ်အလွှာက ပို၍ပင် ထူထပ်လာသည်။ ယင်းက ထူထပ်လွန်း၍ လရောင်ကိုပင် ပိတ်ဆို့ထား၏။

ရွှီချင်းက မျက်လုံးများ မှိတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ယခင်ကထက် အဆပေါင်းများစွာ များပြားလာသည်ကို သူ အာရုံခံမိလိုက်သည်။

ရွှီချင်း၏ ယခင်ခွန်အားက တောင်တန်းပင်လယ်ပညာရပ်၏ အထွတ်အထိပ်အဆင့်ဖြစ်သည်။ ယခု သူ အဆင့်တက်သွားသောအခါ အတားအဆီးတစ်မျိုးမျိုးကို ဖောက်ဖျက်ခဲ့သည့်အလား သူ့အပြင်အားက ပို၍မြင့်မားသောအဆင့်တစ်ဆင့်ကို ရောက်ရှိသွားသည်။

ထိုခွန်အားက ကြီးမားလွန်းလှ၍ တောင်တန်းပင်လယ်ပညာရပ်၏ ခွန်အားအပြည့်အဝပါဝင်သော လက်သီးတစ်ချက်ဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြောက်လန့်တုန်ရီသွားအောင် လုပ်နိုင်မည်ဟု သူ ခံစားနေရသည်။

သူက တောင်တန်းပင်လယ်ပညာရပ်ကို ထိုကဲ့သို့ အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် ပထမဆုံးလူဖြစ်သည် မဟုတ်ပါလား။

ယခင်က ကွေအရိပ်သည်သာ ကန့်သတ်ချက်ဖြစ်ခဲ့သည်။ ယခုအခါ ကွေအရိပ်သည် တောင်တန်းပင်လယ်အငွေ့အသက်များသာမက အဆုံးအစမဲ့ မီးတောက်များ ပါဝင်နေသည့် ‘ ပါ ’ တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

သတ္တဝါအားလုံးကို မီးလောင်တိုက်သွင်းကာ အစိုဓာတ်များကို အငွေ့ပျံအောင် လုပ်ချင်နေသည့် ရူးသွပ်ခြင်းမျိုးက ရွှီချင်း၏ အာရုံထဲ တရိပ်ရိပ်ရှိနေဆဲပင်။

ယင်းသည် အဆင့်ရှစ်သာ ရှိသေးသည်။ ‘ ပါ ’ အရိပ်က ဖြစ်တည်ခါစသာ ရှိသေးပြီး ပြီးပြည့်စုံသောအဆင့်သို့ မရောက်သေးချေ။ အဆင့်ကိုးပြီးနောက် ၎င်းက မည်သည့်ပုံသဏ္ဍာန် ရှိနေမည်ကို ရွှီချင်း မှန်းဆမကြည့်နိုင်ပေ။ ထို့ပြင် အဆင့်တစ်ဆယ်ကို ရောက်သွားပါက ၎င်းက အသွင်ပြောင်းသွားမှာလား။

တောင်တန်းပင်လယ်ပညာရပ်တွင် သူ့ကို လမ်းပြပေးနိုင်သည့်လူ တစ်ယောက်မှ မရှိချေ။ ထိုပညာရပ်ကို တီထွင်ခဲ့သည့် ပုဂ္ဂိုလ်သည်ပင် သူကဲ့သို့ အဆင့်အထိ မရောက်ခဲ့ပေ။

ရွှီချင်း ငြိမ်သက်သွားသည်။ ခဏအကြာ သူ့မျက်လုံးများ ဝင်းလက်သွားပြီး တစ်ဖန် ပြန်မှိတ်ကာ ပင်လယ်အသွင်ပြောင်းပညာရပ်ကို စတင်ကျင့်ကြံလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ နှစ်နာရီကြာပြီးနောက် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးကို လေတဟူးဟူး တိုက်ခတ်လာသည်။

ထိုလေက ပင်လယ်ရေပြင်ကို ကျော်ဖြတ်၍ ရွှီချင်း၏မှော်လှေကလေးပေါ် စုစည်းလာပြီး လေပွေတစ်ခုသဖွယ် ဖြစ်လာသည်။ ယင်းသည် တဝုန်းဝုန်းမြည်ဟည်းသံပေးကာ အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသည့် တွင်းနက်ကြီးတစ်ခုနှင့် ဆင်တူသည်။

ပင်လယ်ရေမျက်နှာပြင် လှုပ်ခါလာပြီး လှေကလေးများအားလုံး လူးလွန့်လာသည်။ သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများသည်လည်း ရွှီချင်း တိုးတက်လာသည်ကို သက်သေထူချင်သည့်အလား ထိုဖြစ်ရပ်ကို အာရုံစိုက်နေကြသည်။

ရွှီချင်း၏လှေကလေးထံသို့ အရပ်မျက်နှာအနှံ့မှ အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်များ အလုအယက်ပြေးဝင်လာကြပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ပင်လယ်အသွင်ပြောင်းပညာရပ်ကြောင့် ဖြစ်လာသော ဝိညာဉ်ပင်လယ်က တဟုန်ထိုး မြင့်တက်လာသည်။

ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်တစ်ဆင့်စီ တက်သွားခြင်းသည် ဝိညာဉ်ပင်လယ်ပေတစ်ရာတိုးလာခြင်းသာ ဖြစ်ပါသော်လည်း အမှန်စင်စစ် အလျားအရဖြစ်စေ၊ အနံအရဖြစ်စေ တိုးလာခြင်းဖြစ်ပြီး စက်ဝိုင်းလေးတစ်ခုနှင့် စက်ဝိုင်းကြီးတစ်ခု ကွာခြားသွားသကဲ့သို့ ဖြစ်သည်။

ရွှီချင်းမှာ အဆင့်တက်ရန် အခြေခံရှိနေပြီဖြစ်ပြီး ယခု တားမြစ်ပင်လယ်အငွေ့အသက်များ ရောယှက်နေသော ဝိညာဉ်စွမ်းအားများ ရောက်လာသောအခါ သူ၏ခန္ဓာကိုယ်က ချက်ချင်း တဝုန်းဝုန်းမြည်ဟည်းလာသည်။ သူ့စိတ်ထဲ တဖျစ်ဖျစ်မြည်သံများ ပဲ့တင်ထပ်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က ရုတ်တရက် ပြန့်ကားသွားသည်။

ဝိညာဉ်ပင်လယ်က နောက်ဆုံးဆယ်ပေကို ကျော်လွန်ကာ ပေရှစ်ရာအထိ ရောက်သွားသည်။

၎င်းက ပေရှစ်ရာကို ရောက်သွားချိန်မှာပင် သူ့ခန္ဓာကိုယ် အရှိန်ပြင်းစွာ တုန်ခါလာသည်။ အဆုံးအစမဲ့ဝိညာဉ်စွမ်းအားများက နောက်ထပ်ဆယ်ပေကို ထပ်ဖြည့်လိုက်ပြီး ထိုမျှဖြင့် မပြီးသေးချေ။ ၎င်းက ဆက်လက်ပြန့်ကားလာ၏။

ပေရှစ်ရာ့နှစ်ဆယ်၊ ပေရှစ်ရာ့သုံးဆယ်၊ ပေရှစ်ရာ့လေးဆယ် …

ပေရှစ်ရာ့ခုနစ်ဆယ်ကို ရောက်သောအခါမှသာ ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က အရှိန်ရပ်သွားသည်။ ရွှီချင်းက မျက်လုံးများကို ဖွင့်လိုက်သောအခါ တဖျပ်ဖျပ်လက်နေသည့် ခရမ်းရောင်အလင်းများကြားတွင် သိသိသာသာ တိုးပွားလာသော ထူးခြားသောအငွေ့အသက်တစ်မျိုး ရှိနေသည်။

All Chapters