← Chapters

ဒါက ထောင်ချောက်လို့ ပြောသားပဲ

Vol. 3 Ch. 32

ဒါက ထောင်ချောက်လို့ ပြောသားပဲ

Vol. 3 Ch. 32

အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ

လေထဲမှ ကျင့်ကြံသူများစွာက သူတို့ကို ငုံ့ကြည့်နေကြသည်။ အခြေအနေမကောင်းသည်ကို မြင်၍ မုရုံဟိုင်က နောက်တစ်လှမ်းဆုတ်လိုက်မိသည်။ သူ့မျက်လုံးများက နွားမျက်လုံးလို ပြူးလာကာ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

“ ဆရာ … ဆရာကြီး … သူတို့အားလုံးက ချီသွေးကြောရှစ်ခု ဗြဟ္မာပင်လယ် ကျင့်ကြံသူချည်းပဲ။ ဒါက ဒါကလေ … ”

ဒါက ထောင်ချောက်လို့ ကျွန်တော် ပြောတယ်မလား … အခု ကျွန်တော်ကို ဘယ်ထဲ ဆွဲခေါ်လာလဲ ကြည့်ပါဦး …

“ ငါ သိတယ် ” လုကျိုးက ခေါင်းညိတ်လိုက်သည်။

‘ဟမ် …’ မုရုံဟိုင်တစ်ယောက် ငိုချင်နေလေပြီ ‘ ကျုပ်တို့က  သေတော့မှာကို ခင်ဗျားက သိတယ်လို့ပဲ ပြောနေတာလား ’

မုရုံဟိုင်၏ မိသားစုက သာမန်လူများအတိုင်း စီးပွားရေး လုပ်ကိုင်ကြသည်။ သူက စီးပွားရေးလောကတွင် ရေထဲမှ ငါးတစ်ကောင် ဖြစ်သော်ငြား ကျင့်ကြံသူများရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။ သူတို့က မတူညီကွဲပြားသော ကမ္ဘာနှစ်ခုမှ ဖြစ်ကြ၏။ သူက ကြောက်နေရုံမှအပ ဘာများလုပ်နိုင်ဦးမည်နည်း။ သူက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်မှ ဒွါရငါးပေါက်ကို ဖွင့်ထားနိုင်သော်လည်း ထိုသို့ကျင့်ကြံဆင့်မျိုးဖြင့်ပင် သူ့အနေနှင့် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ပညာရှင်များရှေ့မှောက်တွင် မတ်တတ်ရပ်နေဖို့ အရည်အချင်း မရှိသေးချေ။

“ ဆရာကြီး … အခု ကျွန်တော်တို့ ထွက်ပြေးသင့်တယ် ထင်တယ် ” သူက အကြံပြုလိုက်သည်။ သူက ရှောင်ယွမ်အာသည် ချီသွေးကြောရှစ်ခု ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်မှန်း သိသော်လည်း သူမအနေနှင့် ထိုကျင့်ကြံသူများအား အချိန်ဆွဲထားနိုင်လျှင် သူတို့ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး ရလာနိုင်သည်။

သို့သော်လည်း လုကျိုး၏ အမူအရာတို့က တည်ငြိမ်အေးဆေးနေပြီး မုရုံဟိုင် စကားများကို မကြားသည့်အလား နေနေကာ ကွင်းပြင်ကိုသာ အာရုံအပြည့်အဝ စိုက်ထားသည်။

‘ ရူးနေတာ … သူ ရူးနေတာပဲ ဖြစ်ရမယ် ’

ထိုစဉ် ရှောင်ယွမ်အာက ကြောက်ရွံ့မှု လုံးလုံးမရှိနေချေ။ ထို့အစား သူမက ကျင့်ကြံသူများကို ခါးထောက်ထားလျက် မော့ကြည့်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အခြားလူများကို လက်ညှိုးထိုးကာ ရေတွက်လိုက်သည် “ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး … ”

“ သူမက ဘာတွေရေနေတာလဲ ” ကျင့်ကြံသူအုပ်စုက သူမအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

အဖွဲ့ခေါင်းဆောင်က ဒေါသတကြီး ပြောလိုက်သည်။

“ ငါတို့က အမည်မသိလူတွေကို မသတ်ဘူး။ မင်းတို့ နာမည်ပြောစမ်း ”

“ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ ၁၂ ယောက် ” ရှောင်ယွမ်အာက ရေတွက်ပြီးနောက် တပြုံးပြုံးဖြင့် ပြောလိုက်သည်။

ခေါင်းဆောင်က မိန်းမငယ်လေး၏ လျစ်လျူရှုခံရလိမ့်မည်ဟု မထင်ထားမိသည့်အတွက် ခဏတာ ကြောင်အမ်းသွားလေ၏။ ထို့နောက် သူ့ဘေးမှ ကျင့်ကြံသူက တီးတိုးပြောလိုက်သည်။

“ အဲဒီစီနီယာက ဓားစာခံတွေကို လာကယ်တဲ့သူတိုင်း သတ်ပစ်ဖို့ ပြောထားတာလေ ”

ခေါင်းဆောင်က ခေါင်းညိတ်ကာ

“ငါတို့ကို ပြဿနာ ဖြေရှင်းပေးဖို့ အခကြေးငွေလည်း ပေးထားတယ်။ မင်းအနေနဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက်ကျင့်ကြံဆင့်ကို ရောက်နေတာ ရှားတယ်။ ဒါပေမဲ့ မင်းက စီမိသားစုနဲ့ လာပတ်သက်နေမှတော့ ကံဆိုးတာပဲ ”

သူ့နောက်မှ ကျင့်ကြံသူ ၁၁ ယောက်က ရှောင်ယွမ်အာကို မျက်စိတစ်မှိတ်အတွင်း ဝိုင်းထားလိုက်ကြသည်။

“ မင်းတို့ကို ဘယ်သူက ပိုက်ဆံပေးထားတာလဲ ” လုကျိုး၏ အသံဩဩ ထွက်ပေါ်လာလေ၏။

“လူအိုကြီး … ခင်ဗျားက ဘယ်သူလဲ” ခေါင်းဆောင်က လုကျိုးနှင့် မုရုံဟိုင်တို့ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်အနက် တစ်ယောက်မှာ အာရုံဖွဲ့တည်ခြင်း နယ်ပယ်အဆင့် ရောက်နေပြီး နောက်တစ်ယောက်မှာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ရောက်နေမှန်း သိလိုက်ရသည့်အတွက် ခေါင်းသာခါလိုက်မိသည်။

လုကျိုးလည်း ခေါင်းခါမိလိုက်သည်။ သူက ဤလောကကြီး၏ အကျိုးအကြောင်းနှင့် စည်းမျဉ်းတို့မှာ အဆုံးသတ်၌ အားကြီးသူကသာ ဆုံးဖြတ်ပေးကြောင်း သတိပြုမိပြီးသား ဖြစ်၏။

“ ယွမ်အာ ” သူက ရှောင်ယွမ်အာအား လက်ဟန်ပြလိုက်သည်။

မိန်းကလေးက သူမ သိသွားပြီဆိုသော အပြုံးတစ်ချက်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ မြေပေါ် အသာကန်လွှတ်လိုက်သည်။ ထိုအခါ သူမက လေထဲ ရောက်ရှိသွားပြီး မြေချိုုင့်ခွက်သာ ကျန်ရစ်ခဲ့သည်။

“ အာ ” မုရုံဟိုင်က လုံးဝ ကြောင်အမ်းသွားလေသည်။ သူက ကမ္ဘာကြီးထဲ၌ ဤသို့ပြည့်ပြည့်စုံစုံ သရုပ်ပြနိုင်သည့် လူကို တစ်ခါမှ မမြင်တွေ့ဖူးပေ။ ထိုစဉ် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ ၁၂ ယောက်လည်း ရှောင်ယွမ်အာ၏ အငွေ့အသက်ကြောင့် နောက်ဆုတ်လိုက်မိကြသည်။

“ သူမကို သတ်စမ်း ”

ခေါင်းဆောင်က အမိန့်ပေးလိုက်သည်နှင့် ရှောင်ယွမ်အာ၏ ရယ်မောသံက တောင်တခွင် ပဲ့တင်ထွက်လာသည်။ ထို့နောက် သူမက ရပ်နေခဲ့သည့် နေရာမှ ပျောက်ကွယ်သွားလေ၏။

“ခုနှစ်စဉ်ကြယ် တိမ်တိုက် ကိုယ်ဖော့ခြေလှမ်း ” ဤသည်မှာ ကျိထျန်းတောက် သူမကို ပေးထားသော ကိုယ့်ဖော့သိုင်းပညာရပ်၏ အရေးကြီးဆုံးအပိုင်း ဖြစ်ပြီး သူမအား လေထဲ လျှောက်လှမ်းစေနိုင်သလို အရိပ်သဖွယ် လှုပ်ရှားစေနိုင်ပြီး လျှပ်စီးအလား လျှင်မြန်စေသည်။

ခဏအကြာတွင် သူမက ကောင်းကင်ထဲ ရောက်ရှိသွားပြီး ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းစားသွားနိုင်သည်။

ဘန်း ဘန်း ဘန်း

ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦးပြီး တစ်ဦးလေထဲမှ အကန်ချခံလိုက်ရသည်။ သူတို့က ပြုတ်ကျလာမည့်အစား မြေပြင်နှင့်သာ အားပြင်းပြင်း မိတ်ဆက်သွားရှာသည်။

ဘန်း ဘန်း ဘန်း

မုရုံဟိုင်က ကြောင်အမ်းသွားကာ ချီသွေးကြောရှစ်ခု ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူက ထိုမျှ အားကောင်းသည်လားဟု တွေးမိသွားသည်။

“ တင် … လူဆိုးတစ်ယောက်ကို သတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ် ရရှိပါမယ် ”

“ တင် … လူဆိုးတစ်ယောက်ကို သတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ် ရရှိပါမယ် ”

…………..

အသက်ရှိုက်စာအနည်းငယ်အတွင်း ရှောင်ယွမ်အာက ကျင့်ကြံသူ ၁၁ ယောက်ကို မြေပြင်ပေါ် အမှောက်သိပ်ချလိုက်လေပြီ။ တစ်ယောက်ချင်းစီက ခေါင်းနှင့် မြေကြီး ဦးစိုက်နေကာ မျက်နှာမှာ သွေးသံရဲရဲ ဖြစ်နေပြီး အသက်မရှိကြတော့ပေ။ နောက်ဆုံး ကျင့်ကြံသူက သူမအား ကြောင်အမ်းအမ်း ကြည့်နေပြီး ကြောက်လွန်းနေ၍ စဉ်းစားဆင်ခြင်နိုင်စွမ်းပင် ပျောက်ဆုံးသွားပုံပေါ်သည်။

ရှောင်ယွမ်အာက သူ့ရှေ့ ရောက်ရှိလာသည်။ သူမအနေနှင့် သေဆုံးသွားသူများက သူမနှင့် ပတ်သက်မှု မရှိသည့်အလား တည်ငြိမ်လွန်းနေသည်။ သူမက လက်ဝေ့ပြကာ  “ အကူအညီ လိုသေးလား”

“ ဟင် …ဟင့်အင်း ရပါတယ်။ ကျွန်တော်ဘာသာ ဆင်းသွားလိုက်ပါ့မယ်”

ခေါင်းဆောင်က စွမ်းအားများကို ရုတ်သိမ်းကာ သူ့ကိုယ်သူ မြေပြင်ပေါ် ကျသွားစေလိုက်သည်။ အနည်းဆုံးတော့ သူ့အသက်ကို ကယ်နိုင်လိမ့်မည်ဟု တွေးခဲ့မိသည်။

သူ မြေပြင်ပေါ်ရောက်သွားသည့်အခါ သွေးနံ့ပြင်းပြင်းကို ရှုရှိုက်လိုက်မိသည်။

‘ ငါက ဘယ်သူလဲ။ ငါက ဘယ်မှာလဲ။ ဒီမှာ ဘာလုပ်နေတာလဲ’  

ထိုခဏတာအတွင်း သူက အရာအားလုံးမေ့သွားသော်ငြား စီမိသားစုကို ပြန်ပေးဆွဲပြီး လာကယ်သူတိုင်းကို သတ်ပစ်ဖို့ အလုပ်ကို လက်ခံလိုက်ကြောင်းသာ အမှတ်ရတော့သည်။

……………

မုရုံဟိုင်က နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။ သူက တံ့တွေးမျိုချကာ အိပ်မက်မက်နေသလိုသာ ခံစားနေရသည်။

လုကျိုးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ  “ မင်း ကောင်းကောင်း လုပ်ခဲ့တယ် ”

“ ဟီးဟီး အဘိုးက သမီးကို ချီးကျူးပြီပေါ့ ” ရှောင်ယွမ်အာက တစ်ယောက်ကို ချမ်းသာပေးခဲ့ပြီး ကျန်လူအားလုံးကို သတ်ပစ်လိုက်ခြင်းက လုကျိုးအား အံ့ဩသွားစေသည်။

သူက လက်ကျန်တစ်ယောက်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ နောက်ကွယ်က ဘယ်သူရှိနေတာလဲ ”

ထိုအမျိုးသားက သူ့ရှေ့ရှိ အဘိုးကြီးကို ခက်ခက်ခဲခဲ ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ ကျွန်တော် မသိဘူး ”

“ ဓားစာခံတွေက ဘယ်မှာလဲ ”

“ တစ်ယောက်ယောက် သူတို့ကို ခေါ်သွားပါပြီ ”

“ ဘယ်သူလဲ ”

“ ကျွန် … ကျွန်တော် မသိပါဘူး ”

“ သူ့မျက်နှာကို မြင်လိုက်ရလား ”

“ ဟင့်အင်း”

ကြည့်ရသည်မှာ သူ့ပါးစပ်မှ ဘာအဖြေမှ ရလာမည် မဟုတ်ပေ။ ရှောင်ယွမ်အာက သူ့အဖြေများကို မကျေနပ်စဉ် လုကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး မြေပေါ် ဒူးရောလက်ပါ ထောက်ထားကာ အသက်အောင့်ထားပြီး တုန်တုန်ယင်ယင် ဖြစ်နေသည့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ သူ့ကို သတ်လိုက် ” လုကျိုးက အသာပြောလိုက်သည်။

“ ဘာ … ကျွန်တော်ကို ထပ်မမေးတော့ဘူးလား။ ခဏနေပါဦး … ကျွန်တော် အားလုံးကို ပြောပြပါ့မယ်။ ကျွန်တော့်ကို မသတ်ပါနဲ့ ”

လုကျိုးက သူ့အား ဆက်မကြည့်တော့ဘဲ လက်နှစ်ဖက် နောက်ပစ်ကာ တောင်တန်းဆီ လျှောက်လှမ်းသွားလိုက်သည်။

ရှောင်ယွမ်အာက ရယ်လိုက်ကာ

“ အဲဆို စောစောလေးက ဘာလို့ မပြောလဲ ”

ခေါင်းဆောင်က သူတို့အား မပြောပြလိုခြင်း မဟုတ်ပေ။ သူက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ဖြစ်ကာ သာမာန်ကာလျှံကာမေးခွန်းလေး မေးရုံဖြင့် အားလုံးဖွင့်ပြောပြလိုက်ရမည်ကို ရှက်ရွံ့သောကြောင့်သာ ဖြစ်၏။

“ စီမိသားစု တစ်မိသားစုလုံးက ချင်းယန်တောင်ပေါ်မှာပါ။ ဒါပေမဲ့ မိသားစုခေါင်းဆောင်ကိုတော့ အလုပ်ရှင်က ခေါ်သွားပါတယ်။ ကျွန်တော် အလုပ်ရှင်အကြောင်းကိုတော့ တကယ် မသိတာပါ .. ”

ခေါင်းဆောင်က သူတို့အား အဓိက အရေးကြီးသည့် အချက်အလက်ကို မြန်မြန် ပြောပြလိုက်သည်။ သို့သော်လည်း လုကျိုးက ပြန်လှည့်ကြည့်မလာခဲ့ပေ။ သူက တပည့်ဆိုးအုပ်စုကို ဘယ်လိုရှာရမလဲ စဉ်းစာခန်းဖွင့်နေသည်။ သူ့တွင် အထွတ်အထိပ် သဏ္ဌာန်ကတ် နှစ်ကတ်သာ ကျန်ရှိတော့သည့်အတွက် သူ့တပည့်များကို ရှာဖို့ရာ အသုံးမပြုချင်ပေ။

ရှောင်ယွမ်အာက ပြောလိုက်သည် “အဘိုးက  အရမ်းမိုက်တယ်။ သူ့ကို ခြောက်လိုက်ရုံနဲ့ အားလုံး ပြောြပလာတာပဲ ”

လုကျိုးက ခေါင်းခါကာ  “ ငါ သူ့ကို မခြောက်ဘူး ”

“ အဘိုး ”

“ဒီနေရာက တကယ်ကို ထောင်ချောက်တစ်ခုပဲ။ နောက်ကွယ်ကလူက တမင် သတင်းစကားချန်ထားခဲ့တာပဲ။ တကယ်လို့ သူ မပြောပြရင်တောင် အခြားလူတွေက ပြောပြလိမ့်မယ်။ အဲဆိုတော့ သူ့အသက်ကို ချမ်းသာပေးလို့ ဘာအကျိုးရှိမှာလဲ ”

တကယ်၍ ထိုအမျိုးသားအနေနှင့် တန်ဖိုးရှိသည်ဆိုလျှင် လုကျိုးအတွက် ကုသိုလ်အမှတ်တချို့ ရရှိစေခြင်းသာ ဖြစ်လိမ့်မည်။

“ … ”

ထိုစကားကို ကြားပြီး ခေါင်းဆောင်က မြေကြီးအပေါ် အပုံလိုက်လဲကျသွားကာ မျက်နှာမှာလည်း သွေးမရှိတော့သယောင် ဖြူဖျော့သွားလေသည်။

…………..…

လရောင်ဆွတ် နန်းတော်၌

အမျိုးသမီး ကျင့်ကြံသူအများအပြားက တောင်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။

ဤသည်မှာ ထူးဆန်းထွေလာ ကမ္ဘာသဖွယ် ဖြစ်နေပြီး အမျိုးသမီး ကျင့်ကြံသူများက ဤနေရာတွင် နေထိုင်ကြသော နတ်မိမယ်များသဖွယ် ဖြစ်နေကြသည်။ ဤသည်မှာ လူတွေကို မျက်တောင်မခတ် သတ်ဖြတ်နေပြီး ကျောက်စိမ်းမျက်နှာပိုင်ရှင် သူရာဘွဲ့ ရထားသည့် ယဲ့ထျန်းရှင်း၏ လရောင်ဆွတ် နန်းတော်ဟု မည်သူက ထင်ထားမည်နည်း။

“ အရှင်မ စာတစ်စောင် ရောက်လာတယ်။ လူအိုကြီးတစ်ယောက်နဲ့ မိန်းမငယ်လေးတစ်ယောက်တို့ စီသားစုရဲ့ အိမ်တော်ဆီ ချဉ်းကပ်လာတယ်တဲ့ ”

ယဲ့ထျန်းရှင်းနှင့် ကျောင်းယွဲ့တို့က ထိုစကားကြားလိုက်သည်နှင့် နှစ်ယောက်လုံး မတ်တတ်ရပ်လိုက်မိကြသည်။

“ သူတို့အကြောင်းကိုရော အတည်ပြုပြီးပြီလား ”

“ သူတို့က ပုံတူကားချပ်ထဲနဲ့တော့ နည်းနည်းဆင်ပေမဲ့ ကျွန်မတို့လူတွေက သူတို့အကြောင်းကို အတည်မပြုရဲကြဘူး ”

ဆင်တယ်တဲ့လား ….

ယဲ့ထျန်းရှင်းက ရယ်မောကာ  “ ဒီလူအိုကြီးရဲ့ ဒေါသနဲ့ သူ့ဘာသာ ရုပ်ဖျက်လာမှာ မဟုတ်ဘူး။ ညီမ သိသလောက် စန်းရှစ်ရှိုးက ဒဏ်ရာရထားပြီးတော့ သမာသမတ်ဂိုဏ်းတွေကလည်း ရွှေနန်းဥယျာဉ်တောင်ဆီ ပညာရှင်တွေ ပို့လွှတ်ထားသေးတယ်။

ပြီးတော့ လော့ချန်းဖုန်း သေဆုံးသွားပြီးတဲ့နောက် ကောင်းကင်ဓားဂိုဏ်းချုပ် နေရာကို ဘယ်သူကမှ မဆက်ခံနိုင်သေးဘူး။ သူတို့ရဲ့ အရင်ဂိုဏ်းချုပ် လော့ရှင်းခုံက သူ့သားအတွက် လက်စားချေပေးဖို့ ဆက်တိုက် အခွင့်ကောင်းရှာနေတာ …

စစ်ရှစ်ရှိုး တစ်ယောက်တည်း နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်က လူကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ”

ကျောင်းယွဲ့က သူမ ပြောချင်သည့် ဆိုလိုရင်းကို တန်းသိလိုက်သည်။ ဤသည်မှာ ကျိထျန်းတောက်၏ ဝှက်ဖဲများအား ကုန်သွားစေဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်၏။

“ တကယ်လို့ အဲဒီနှစ်ယောက်က အယောင်ဆောင် မဟုတ်ခဲ့ရင်ရော ”

ယဲ့ထျန်းရှင်းက ရယ်မောကာ  “ အဲဆိုရင်တော့ လူအိုကြီး ကျွန်မတို့ ထောင်ချောက်ထဲ ကျသွားပြီပေါ့ ”

“ အရှင်မ … ကျွန်မတို့နောက်ထပ် စာတစ်စောင် ရောက်လာပါတယ်။ လင်းဟူအဖွဲ့အစည်းက ကျင့်ကြံသူတွေ အားလုံး သေသွားပြီးတော့ စီမိသားစုရဲ့ ခေါင်းဆောင်ကလွဲပြီး ကျန်လူအားလုံး လွတ်သွားပြီတဲ့ ”

ယဲ့ထျန်းရှင်း၏ မျက်လုံးများ လင်းလက်လာကာ အံ့ဩသွားသည့်ဟန်တော့ မပေါ်ပေ “ လင်းဟူအဖွဲ့အစည်းက လူတွေကို သတ်လိုက်တာ ရှောင်ယွမ်အာပဲ ဖြစ်လိမ့်မယ် ”

ထို့အပြင် နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူ များများစားစား မရှိပေ။ သမာသမတ်ဂိုဏ်းမှ လူများက မထင်မရှားမိသားစုလေးကို ကယ်တင်ပေးဖို့ အကြောင်းအရင်း မရှိချေ။ ရှောင်ယွမ်အာသာ ဖြစ်လိမ့်မည်။

“ မိစ္ဆာဘုရင်ဆီ စာပို့ပြီးတော့ အကြံအစည် မပြောင်းဘဲ ဆက်လုပ်ဖို့ ပြောလိုက် ”

“ နားလည်ပါပြီ ”

All Chapters