အခုမှ အစပဲ
Vol. 3 Ch. 34
အခန်း (၃၄) အခုမှ အစပဲ
ထိုအရာကို ကြားပြီး အမျိုးသားက နောက်ဆုတ်သွားလေသည်။
ဤလောကကြီးထဲ၌ ကျင့်ကြံသူများစွာ ရှိကြပြီး တစ်ယောက်ချင်းစီတွင်လည်း လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပေသည်။ ထို့အပြင် သူတို့က သူတို့ကျင့်စဉ်၏ ချို့ယွင်းချက်တို့ကို အရေးကြီးဆုံး လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားကြ၏။
လွန်ခဲ့သော ဆယ်စုနှစ်ခန့်က သူသည် ပြိုင်ဘက်ကင်း နတ်ဒေဝါ ဦးတည် နယ်ပယ် ပညာရှင် ဖြစ်လာစေဖို့အတွက် ယင်သုံးသွယ်ပညာရပ်ကို ကျင့်ကြံဖို့ အားအကုန်စိုက်ထုတ်ထားခဲ့သည်။ သို့သော်လည်း အကျိုးကျေးဇူး များသလောက် အကုန်အကျလည်း များလှသည်။ သူ ပြန်ပေးဆပ်ရသည့် တန်ဖိုးမှာ ခန္ဓာကိုယ်တစ်လျှောက် အေးစက်လာမှုကြောင့် နာကျင်ခြင်း ဖြစ်၏။
ဒီလူအိုကြီးက ဘယ်လိုလုပ် သိနေတာလဲ …
နဖူးပေါ် ကျလာသည့် ဆံပင်မွေးတို့ကို ဖယ်ရှားလိုက်ပြီး လုကျိုးအား စိုက်ကြည့်ပစ်လိုက်သည်။
“ ခင်ဗျားက ဘယ်သူလဲ ” သူ့အသံက ပို၍ အေးစက်လာကာ မှုန်မှိုင်းလာသည်။
လုကျိုးနှင့် ရှောင်ယွမ်အာတို့က ဘာမှမဖြစ်သည့်အလား မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း မုရုံဟိုင်ကတော့ ဘောင်းဘီထဲ သေးပေါက်ချလိုက်ပြန်ပြီး မြေပြင်ပေါ် အပုံလိုက်လဲကျသွားတော့သည်။
‘ အသံက ကြောက်စရာကြီး … သူက ရွှေနန်းဥယျာဉ်တောင်ရဲ့ မိစ္ဆာအိုကြီးပဲ ဖြစ်ရမယ်’
လုကျိုးက သူ့မှတ်ဉာဏ်ထဲကအတိုင်း ပြုမူလိုက်သည်။
“မင်း တောက်အဖွဲ့အစည်းကို သစ္စာဖောက်တုန်းက ယန်ခြောက်သွယ် ပညာရပ် မဟုတ်ဘဲ ယင်သုံးသွယ်ပညာရပ်ကိုပဲ သင်ခဲ့ရတာ။ အလွန်အမင်း အေးစက်မှုက ယန်ဓာတ်နဲ့ မျှတနေဖို့ လိုအပ်တယ်။ မင်း ဒီနေ့အထိ အသက်ရှင်နေသေးတာကိုက အံ့ဖွယ် ဖြစ်နေပြီ ”
“ယန်ခြောက်သွယ်ပညာရပ်လား ” ထိုအမျိုးသားက နားမလည်နိုင်စွာ မေးလိုက်သည်။
“ ဘာလဲ … မကြားဖူးဘူးလား ”
ထိုစဉ် အမျိုးသားက အားရပါးရ ထရယ်လိုက်ပြီး တောင်တန်းများကိုပါ တုန်လှုပ်သွားစေသည်။
“လူအိုကြီး ပေါက်ကရတွေ ပြောပြီး လာညာမနေနဲ့” သူက ပြောလိုက်ပြီးနောက် သားရဲတစ်ကောင်လိုမျိုး လေအေးများ ရစ်ပတ်သွားကာ လုကျိုးရှေ့ လက်သီးတစ်ချက် ကျရောက်လာသည်။
ရုတ်တရက် တိုက်ခိုက်မှုက လုကျိုးအား အံ့ဩတုန်လှုပ်သွားစေသည်။
ဘန်း
လေအဟုန်ကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းလုံးများ တားဆီးခံလိုက်ရသလို ဖြစ်သွားကာ လက်သီးချက်လည်း အတူတူ ဖြစ်၏။ ထိုအခိုက်အတန့်လေး၌ တစ်ကမ္ဘာလုံး လုံးဝ တိတ်ဆိတ်သွားလေသည်။
ဖုန်မှုန့်များ ကင်းစင်သွားသည့်အခါ အမျိုးသား သူ့တိုက်ခိုက်မှုကို တားဆီးလိုက်သူမှာ အားနည်းချိနှဲ့နေသည့် လူအိုကြီး မဟုတ်ဘဲ အပြုံးလေးနှင့် မိန်းကလေးတစ်ဦး ဖြစ်နေကြောင်း မြင်လိုက်ရသည်။
ရှောင်ယွမ်အာက လက်သီးချက်ကို တားဆီးကာ ပြောလိုက်သည် “ အဘိုးကို မတိုက်ခင် ကျွန်မကို အရင်မေးသင့်တယ် ”
‘သူမက ချီသွေးကြောရှစ်ခု ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား ’
သူ့အတွေးတို့က မျက်နှာ၌ ရုတ်ခြည်း ဖြတ်ပြေးသွားသည်။
မြေပြင်ပေါ် ထိုင်လျက်သား ဖြစ်နေသည့် မုရုံဟိုင်ပင် ထိုမြင်ကွင်းကို မြင်လိုက်ပြီး သူ့အမြင်များ၊ ရှင်သန်ခြင်းနှင့် တန်ဖိုးများ ပျောက်ဆုံးသွားတော့မလို ခံစားလာရသည်။
သူမက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ … သူမက ဝက်ယောင်ဆောင်ထားတဲ့ ကျားလား … သရုပ်ဆောင်ချက်တွေက ကောင်းလွန်းတယ်
ဝုန်း
ရှောင်ယွမ်အာဆီမှ စူးရှရှ အားပြင်းပြင်း စွမ်းအားများ ထွက်ပေါ်လာကာ ထိုအမျိုးသားအား နောက်လွှင့်စင်သွားစေသည်။ သူမက အရှိန်အဝါတို့ကို ဆက်လက် မဖုံးကွယ်ထားတော့ပေ။ တိုက်ခိုက်သူကို အံ့ဩသွားစေသည်က သူမသည် နတ်ဒေဝါ ဦးတည် နယ်ပယ်ခြင်း ဖြစ်၏။
ရှောင်ယွမ်အာက သူ့အား မတားဆီးနိုင်လျှင်ပင် ထိုအမျိုးသားက လုကျိုးကို ထိခိုက်စေမည် မဟုတ်ပေ။ အကြောင်းမှာ သူ့တွင် အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်များ ကျန်ရှိနေသေး၏။ မည်သို့ပင်ဆိုစေကာမူ သူမ ဝင်ပါလိုက်သည့်အတွက် သူ့အနေနှင့် ကတ်တစ်ကတ် ချွေတာပြီးသား ဖြစ်သွားလေပြီ။
“ မင်း … မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ နတ်ဒေဝါ ဦးတည် နယ်ပယ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ” အမျိုးသား၏ အသံ၌ အံ့ဩမှုအပြည့် ဖြစ်နေသည်။
ရှောင်ယွမ်အာက အားရပါးရ ရယ်မောလိုက်ပြီးနောက် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည် “ အဘိုး … သမီး သူနဲ့ တိုက်ခိုက်ချင်တယ် ”
“ကြိုက်သလို လုပ် ”
လုကျိုး၏ ခွင့်ပြုချက် ရရှိပြီးနောက် ရှောင်ယွမ်အာက ပြုံးပြုံးရွင်ရွှင် ပြုံးလိုက်သည်။ သူမက အမျိုးသားအား လက်ညှိုးထိုးကာ “ ရှင့်လောက် အားကောင်းတဲ့သူကို မတွေ့တာကြာပြီဆိုတော့ နည်းနည်း တောင့်ခံထားဦးနော် ”
“…”
‘ဒီစကားက ဘာလို့ ထူးဆန်းနေပါ့လိမ့်။ မိန်းမငယ်လေးက မွန်းစတားကြီးကို ရန်စနေသလိုလား ’
လုကျိုးက ခေါင်းခါရင်း တွေးလိုက်မိသည်။
“ ထားလိုက်ပါတော့ … မတိုက်ခင် စကားပြောကြည့်တာလဲ သိပ်တော့ မဆိုးပါဘူး ”
ထိုစဉ် ရှောင်ယွမ်အာက ရှေ့တိုးလာကာ ပုဇဉ်းရင်ကွဲလေးများ ရေပြင်ပေါ် ဖြတ်သွားသလိုမျိုး မြက်ပင်အဖျားလေးအပေါ် ခြေဖျားလေးဖြင့် မတ်တတ်ရပ်လိုက်သည်။ နောက်အခိုက်အတန့်၌ သူမက ဘေးမှ အမျိုးသားကို ကန်ချပစ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ထိုသို့ဖြင့် သူတို့က ကြမ်းတမ်းခက်ထန်သည့် တိုက်ပွဲအလယ်သို့ ရောက်ရှိသွားကြလေပြီ။
‘သူမက အရမ်းမြန်တယ်’ အမျိုးသားက လက်နှစ်ဖက်ဖြင့် ကာဆီးလိုက်သည်။
ဖြောင်း ဖြောင်း
ကန်ချက်ဆက်တိုက် သူ့လက်မောင်းပေါ် ကျရောက်လာပြီးနောက် အင်အားတစ်ခုက သူ့အား နောက်ဆုတ်သွားစေပြီး လမ်းရှိ သစ်ပင်များကိုပါ ကျိုးကြေပျက်စီးသွားစေသည်။
တကယ်ကို အားကြီးတယ် …
လုကျိုးက မြေကြီးပေါ် လဲကျနေသည့် ရှောင်ယွမ်အာ၏ ဖခင်ဖြစ်သူထံ သွားလိုက်ပြီး အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သူက သတိမေ့နေခြင်းသာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ မရှိပေ။
“သူက ဒေါသကို မထိန်းနိုင်သေးဘူးပဲ ” လုကျိုးက မုရုံဟိုင်၏ ဖြူဖျော့ဖျော့မျက်နှာကို မြင်လိုက်ရသည့်အခါ ပြောလိုက်သည်။
‘ ဒါက ဒေါသတင် ဟုတ်လို့လားဗျာ။ သူက လုံးဝ စိတ်လွတ်သွားပြီလေ’ မုရုံဟိုင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ သူက မတ်တတ်ရပ်ချင်သော်လည်း သူ့ခြေထောက်များက ပျော့ခွေနေပြီး မလှုပ်ရှားနိုင်ပေ။
“ဆရာကြီးဆီမှာ ဒီလိုအားကောင်းတဲ့ မြေးမမျိုးရှိတာကို ဘာလို့ အားနည်းချင်ယောင် ဆောင်နေရတာလဲ”
“လောကကြီးက ဒုက္ခပေးမဲ့သူတွေနဲ့ ပြည့်နေတာ။ ငါတို့က သူတို့ကို သတိထားရမယ်လေ ” လုကျိုးက ပြောလိုက်သည်။
“ ဆရာကြီးက တကယ်ကို ဉာဏ်ကြီးပါပေတယ်။ စီမိသားစုကို ကယ်ဖို့ ယုံကြည်ချက်ရှိနေတာ မထူးဆန်းတော့ပါဘူး။ ကျုပ် လျှော့တွက်မိသွားတယ် ” မုရုံဟိုင်က သူ့ဘာသာ တည်ငြိမ်အောင်လုပ်ရင်း ပြောလိုက်သည်။
နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် ရှောင်ယွမ်အာနှင့် အနက်ဝတ် အမျိုးသားတို့က ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေကြသည်။ အပေါ်ယံ၌ သူတို့က လက်ရည်တူ ဖြစ်နေဟန်ပေါ်သော်လည်း တကယ်တော့ ရှောင်ယွမ်အာက အစကတည်းက အသာစီးရထားလေသည်။ ခွဲခြားသိနိုင်သူတိုင်း သူမက တမင်သပ်သပ် ကစားနေကြောင်း မြင်နိုင်ပေသည်။ သူမက အချိန်ကြာကြာ တိုက်ချင်ရုံမျှ ဖြစ်၏။ တောင်ပေါ်၌ အကြာကြီးနေနေရသည်မှာ သူမအတွက် ပျင်းဖို့ ကောင်းလွန်းလှသည်။ ယခု နောက်ဆုံးတွင် စိတ်အပန်းဖြေဖို့ ပြိုင်ဘက် ရလာလေရာ ထိုအခွင့်အရေးကို မည်သို့ လက်လွတ်ခံမည်နည်း။
စွမ်းအားအချင်းချင်း ရင်ဆိုင်တွေ့သံက အဆုံးမရှိပေ။ မုရုံဟိုင်က တိုက်ခိုက်တာကို ကြည့်ရင်း အတော်လေး အံ့အားသင့်နေမိသည်။ သူက အားနည်းဟန်ပေါ်သည့် မိန်းမငယ်လေးဆီမှ အားပြင်းပြင်းစွမ်းအားများ ထွက်လာခြင်းကို ယုံကြည်ဖို့ ခက်နေသည်။
“ ဆရာကြီး ” သူက လက်သီးဆုပ်ကာ လုကျိုးထံ အရိုအသေပြုဟန်ဖြင့် ပြောလိုက်သည်။
“ ကျုပ် မေးခွန်းတစ်ခုလောက် မေးချင်လို့။ မေးသင့်လားတော့ ကျုပ် မသိဘူး ”
“ မေးပါ ”
“ ခင်ဗျားလည်း အင်အားကို ဖုံးကွယ်ထားတာမလား ” မုရုံဟိုင်က သံသယဝင်နေသည်မှာ ကြာလှပြီ ဖြစ်၏။ သူ့အနေနှင့် လုကျိုးက ထိုနတ်ဆိုးလေးကို ဆွေမျိုးသပ်သပ်ဖြင့် ယဉ်ပါးအောင်လုပ်နိုင်သည်ဟု မထင်ပေ။
လုကျိုးက ဝန်မခံသလို ငြင်းဆန်မှုလည်း မရှိသောကြောင့် မုရုံဟိုင်က သူ့ဘာသာ အတည်ပြုလိုက်သည်။
‘ သူ့မြေးမက နတ်ဒေဝါ ဦးတည် နယ်ပယ်ဆိုတော့ သူလည်း အနည်းဆုံးတော့ နတ်ဒေဝါ ဦးတည် နယ်ပယ် ဖြစ်မှာပဲ ’
ထိုအတွေးဖြင့် သူက မြန်မြန်လက်နှစ်ဖက်ယှက်ကာ “ ဆရာကြီးက တကယ့်ကို ပညာရှင်ပဲ ”
“ ငါက ပညာရှင် မဟုတ်ပါဘူး ” လုကျိုးက လက်ခါပြကာ ပြောလိုက်သည်။
မုရုံဟိုင်က တွေးရင်း အတော်လေး အထင်ကြီးသွားမိသည် ‘ သူ့မြေးမက ဒေါသကြီးနေတော့ သူက ဒီလိုနှိမ့်ချတတ်လိမ့်မယ်လို့ မထင်ထားဘူး’
“ ဆရာကြီး …နောက်တစ်ခုများ ထပ် … ”
“ ဘာလဲ ”
“ ဒီကလေးက အရမ်းပါရမီကောင်းတယ်။ သူမရဲ့ ကျင့်ကြံဆင့်နဲ့ အနာဂတ်က အဆုံးအစမရှိတာ ကျိန်းသေတယ်။ သူမက လူတွေနဲ့ ဆက်ဆံတဲ့နေရာတော့ နားမလည်တာ နှမြောစရာပဲ ”
လုကျိုးက အဝေးတစ်နေရာမှ တိုက်ခိုက်နေသည့် ရှောင်ယွမ်အာကို လှမ်းကြည့်လိုက်သည်။ သူလည်း သူမ၏ အကျင့်စရိုက်နှင့် ဒေါသအကြောင်း ကောင်းကောင်း သိထားသည်။ သူမကို သင်ပေးဖို့ရာအတွက် ရက်အနည်းငယ်ထက် လိုပေမည်။
“မင်း ပြောတာ မှန်တယ်။ ငါလည်း သူမကို လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ပေးဖို့ စဉ်းစားနေတာ” သူက အမှန်အတိုင်း ပြောလိုက်သည်။
“ဆရာကြီးက တကယ်ကို ဉာဏ်ကြီးပါတယ်။ ခင်ဗျား သင်ပေးတာဆိုတော့ ဒီကလေးမလေးက ကံကောင်းသွားတာပေါ့ ”
ဖြောင်း ဖြောင်း
အနက်ဝတ် အမျိုးသား၏ မျက်နှာက ဖုန်မှုန့်များ ပေတူးနေပြီး စွမ်းအားများ ဆက်တိုက် လာထိမှန်နေသောကြောင့် ချောင်းဆိုးနေသည်။ သူ့အနေနှင့် မြေပြင်ပေါ် မလှုပ်မယှက် ဖြစ်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။
“ဆက်တိုက်စို့ ” ရှောင်ယွမ်အာက တပြုံးပြုံးဖြင့် ပြောလိုက်သည်။
“ ဟေး အခုထ … စောစောလေးက တိုက်ကွက်ကောင်းလေးပဲ။ လာလာ ထပ်တိုက်မယ် ”
သူတို့တိုက်ပွဲကြောင့် ဘေးနားရှိ သစ်ပင်များ ကျိုးပဲ့ကုန်ကာ မြေကြီးပေါ်၌လည်း အပေါက်အရွယ်အစားမျိုးစုံ ဖြစ်နေသည်။
“ ပျင်းစရာကြီး ” ထိုအမျိုးသားက ဆက်မလှုပ်နိုင်တော့သည်ကို မြင်သောအခါ ရှောင်ယွမ်အာက ပြောလိုက်သည်။
“အဟွတ်ဟွတ် ” အနက်ဝတ် အမျိုးသားက လက်များကို မြှောက်ကာ ခက်ခက်ခဲခဲ ပြောယူလိုက်ရသည်။
“ ကျုပ် … ဆက်ပြီး … မတိုက်ချင်တော့ဘူး ”
လုကျိုးက ခြေထောက်ကြွလိုက်ပြီးနောက် ပြုံးကာ “ ကြည့်ရတာ သူတို့တိုက်လို့ ဝသွားပြီထင်တယ် ”
“အရမ်းကောင်းတယ်။ ဂုဏ်ယူပါတယ် ဆရာကြီး … အခုတော့ စီမိသားစုရဲ့ လူတွေအားလုံး ကယ်ပြီးပြီဆိုတော့ ဒီခရီးလည်း ပြီးဆုံးသွားပြီပေါ့ ” မုရုံဟိုင်က ပြောလိုက်သည်။
လုကျိုးက ခေါင်းခါကာ မြေပြင်ပေါ် လဲကျနေသည့် အမျိုးသားကို ကြည့်ကာ “ မဟုတ်သေးဘူး … အခုမှ စတာ ”
“ ဟမ် ”
“ ဖန်ကျုံး မင်း ဘာပြောဦးမလဲ ”
အနက်ဝတ် အမျိုးသားက တုန်ယင်သွားကာ “ ကျုပ်နာမည် ဘယ်လိုလုပ် သိတာလဲ ”
“ အခု ခေါင်းစဉ်ဆီ ပြန်သွားကြတာပေါ့ ” လုကျိုးက ဖြည်းဖြည်းချင်း လျှောက်လာကာ “ မင်းက နောက်ထပ် သုံးလလောက်ပဲ နေရတော့မှာ။ အခု သေချင်လား ”
“ ဘာ ” ဖန်ကျုံးက တုန်လှုပ်သွားကာ နောက်ကျွမ်းထိုးလိုက်သည်။ ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့်များ ပြုတ်ကျသွားသော်လည်း မျက်နှာကား ပေတူးနေဆဲ ဖြစ်ကာ မတ်တတ်ရပ်ဖို့ အနိုင်နိုင်ဖြစ်နေသည်။
“ဒီကောင်မလေးရဲ့ ကျင့်ကြံဆင့်က အရမ်းအားကောင်းနေမယ်လို့ မထင်ထားမိပေမဲ့ ကျုပ်ကို သတ်ဖို့ မလုံလောက်သေးဘူး ” ဖန်ကျုံးက ရှောင်ယွမ်အာကို သတိထားကြည့်ကာ ပြောလိုက်သည်။
သူတို့က အကြိမ်တစ်ရာကျော်လောက် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်ရာ သူ့အား လေ့ကျင့်ရေး ပစ်မှတ်လိုမျိုး သဘောထားကာ တိုက်ခိုက်ခံခဲ့ရသည်။ အကယ်၍ အမှန်အတိုင်း ပြောရလျှင် ယခု ထွက်ပြေးချင်နေလေပြီ။
“ ယင်သုံးသွယ်ပညာရပ်ရဲ့ စွမ်းအားကို ယန်ခြောက်သွယ် ပညာရပ်ရဲ့ အကူအညီနဲ့မှသာ ထုတ်ဖော်နိုင်မှာ။ မင်းက ယင်သုံးသွယ် ပညာရပ်ကိုပဲ လေ့လာရသေးတယ်။ အဲကြောင့် မင်းက ဆိုလိုရင်းအထိ မရောက်နိုင်သေးတာပဲ ”လုကျိုးက ပြောလိုက်သည်။
“ ကျုပ်က ယန်ခြောက်သွယ် ပညာရပ်ကို ဘာလို့ မကြားဖူးရတာလဲ ”
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်ကာ “ ယန်ခြောက်သွယ်ပညာရပ်က ဘာများကောင်းနေလို့လဲ။ အဘိုးက ကျင့်စဉ်အများကြီးကို သိပါ့ ”
“ အများကြီးတဲ့လား ”
ထိုအခါ အဝေးမှ ချဉ်းကပ်လာသည့် လေတိုးသံများကို ကြားလိုက်ရသည်။ အားလုံးက ထိုအသံမှာ ဓားပျံစီးနင်းမှုကြောင့် လေဟုန်ခွင်းလာသည့်အသံဖြစ်ကြောင်း သိလိုက်ကြသည်။
အမည်မသိ ကျင့်ကြံသူအုပ်စုက ခြိမ်းခြောက်လိုသော အမူအရာဖြင့် အရေအတွက်များစွာ ရောက်ရှိလာကြသည်။ သူတို့အများစုတွင် ကျင့်ကြံဆင့်ကောင်းကောင်း ရှိကြ၏။ ထိုလူများကို မမြင်နိုင်ခင် အသံက အရင်ထွက်ပေါ်လာသည် “ ရှစ်မေ့ မတွေ့ရတာ ကြာပြီနော် ”
ကောင်းကင်ယံမှ အနီတောက်တောက် ရထားလုံးပျံတစ်စင်းသည် ရေစီးသဖွယ် အတန်းလိုက် ကျင့်ကြံသူများနောက်တွင် လိုက်ပါလာသည်။