ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
Vol. 3 Ch. 36
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
လုကျိုးက လက်မြှောက်ကာ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ သူက အခြေအနေနှင့် အသားကျနေပြီ ဖြစ်ပြီး သူ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ရင့်ကျက်သွားပုံပေါ်၏။
သူက ဘယ်ညာကြည့်လိုက်သော်လည်း ကျောင်းယွဲ့နှင့် အခြားလူများကို မမြင်မိပေ။ သူက ခေါင်းတခါခါသာ နေလိုက်၏။ တပည့်တစ်ယောက်တည်းကို ဖမ်းဖို့ရာအတွက် အထွတ်အထိပ် သဏ္ဌာန်ကတ် သုံးပစ်ရမည်မှာ သိပ်အကျိုးမရှိချေ။ သို့သော်လည်း သူ့အနေနှင့် ယခု ရွေးချယ်စရာ မရှိတော့ချေ။
“ယဲ့ထျန်းရှင်း ….” လုကျိုး၏ အသံက တည်ငြိမ်နေကာ သူ့တပည့်သူ ခေါ်လိုက်သည့် ဆရာတစ်ယောက်လိုမျိုး ဖြစ်နေသည်
“ငါက မင်းကို လှိုင်းပြာကျင့်စဉ်ကို သင်ပေးခဲ့ပြီးတော့ ဂိုဏ်းကနေ ထွက်မသွားဖို့ ငါ့ကို သစ္စာဖောက်မသွားဖို့၊ မင်းကိုယ်မင်း အန္တရာယ်များတဲ့ ကျင့်ကြံရေးလောကကြီးထဲမှာ ကာကွယ်နိုင်ပါစေဆိုပြီး မာယာကျော့ကွင်းလည်း ပေးခဲ့တယ်”
ယဲ့ထျန်းရှင်းက ရယ်မောလိုက်သည့်အခါ သူမအသံမှာ ကျောချမ်းဖွယ် ဖြစ်ပြီး ဆံပင်မွေးများပင် ထောင်လာစေသည်။ သို့သော်လည်း ကျင့်ကြံသူအများစုက မိစ္ဆာအိုကြီးသည် ဤသို့သစ္စာမဲ့သည့် တပည့်မျိုး မွေးထုတ်ပေးခဲ့ကြောင်း သိခဲ့သည့်အတွက် ကျေနပ်နေကြသည်။
“လူအိုကြီး … အရင်တုန်းကလို ဆက်ဆံလို့ရဦးမယ်လို့ ထင်နေတာလား” ယဲ့ထျန်းရှင်းက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ ရှင်က အရင်ကလို ကမ္ဘာကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်စေနိုင်တဲ့ အရင်ကလို ကျိထျန်းတောက် မဟုတ်တော့ဘူး။ ဒီနေရာက ရှင့်အတွက် ကျွန်မကိုယ်တိုင် ရွေးပေးထားတဲ့ သင်္ချိုင်းပဲ ”
ဘေးပတ်ဝန်းကျင် တောအုပ်ရှိ လေထုမှာ ဝေ့သွားလေသည်။ ကျင့်ကြံဆင့်ကောင်းသော ကျင့်ကြံသူများက ထိုအရာကို သတိပြုမိကြပြီး သူတို့နတ်ဘုရားအာရုံဖြင့် အပြောင်းအလဲကို စူးစမ်းကြကုန်သည်။
ဒီနေရာက … မရိုးရှင်းဘူး။
သို့သော် ရှောင်ယွမ်အာက ဆက်နားမထောင်နိုင်တော့ပေ။
“ ရှစ်စွင်းကို ဘယ်လိုများ အော်ပြောရဲရတာလဲ။ မိုးကြိုးပစ်ခံရမယ် ” သူမ၏ အပြစ်တင်သံက သိပ်အားမကောင်းသည်မှာ နှမြောဖို့ ကောင်းလှသည်။
လုကျိုးက ရှောင်ယွမ်အာအား ဝင်မပါဖို့ လက်ကာလိုက်ပြီး ပြောလိုက်သည်။
“ ငါ့နေရာကို ဘယ်သူပြောတာလဲ။ လောင်ချီလား လောင်ဝူလား ဒါမှမဟုတ် တစ်ခုမှမတော်တဲ့ လောင်ပါ့လား ”
ယဲ့ထျန်းရှင်းက “ သူတို့ ပြောပြနေစရာ မလိုပါဘူး ”
သူမက ခဏတာ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ အမှန်အတိုင်း ပြောပြဖို့လည်း ကိစ္စမရှိဘူး။ စီမိသားစုကို ပြန်ပေးဆွဲဖို့က ကျွန်မရဲ့ အကြံအစည်ပဲ … ရည်ရွယ်ချက်က ရှစ်မေ့ကို မျှားခေါ်ပြီးတော့ ရှင့်ကို ရွှေနန်းဥယျာဉ်တောင်ကနေ ထွက်လာစေဖို့ပဲ ”
ဖန်ကျုံးက အသိတရားဝင်သွားကာ တအံ့တဩ မေးလိုက်သည်။
“ ကျုပ်ကို အလုပ်အပ်တာ ခင်ဗျားလား ”
“ ဟုတ်တယ် ”
“မိစ္ဆာအိုကြီးသာ ပေါ်မလာရင် ဘယ်လိုလုပ်မှာလဲ ” ဖန်ကျုံးက မေးလိုက်သည်။ သူ့အနေနှင့် သူမက မိစ္ဆာအိုကြီး ရောက်လာလိမ့်မည်ဟု သေချာနေသည့် အကြောင်းအား နားမလည်နိုင်ပေ။
ယဲ့ထျန်းရှင်းက ပြုံးလိုက်သော်လည်း အသံကား အေးစက်နေလေသည်။
“ မင်းက မေးခွန်းတွေ အရမ်းများတာပဲ။ မင်းကို လုပ်ခိုင်းတာ လုပ်ရုံပဲ။ ကတိပေးထားတဲ့အတိုင်း အခကြေးငွေ ရလိမ့်မယ် ”
ဖန်ကျုံးက လူသတ်ငွေ့ကို ခံစားမိလိုက်သောကြောင့် ပါးစပ်ပိတ်လိုက်သည်။
ဘေးတွင် လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်ကာ “ ကောင်းပြီလေ … အတိတ်တုန်းက ငါ လူအများကြီး သတ်ခဲ့တာဆိုတော့ ထပ်သတ်ဖို့လည်း ဝန်မလေးဘူး ”
ထိုအရာကို ကြားပြီး မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူများက နောက်ဆုတ်ကာ ထိတ်လန့်လာကြသည်။
“ ဘာလို့ ဟန်ဆောင်နေသေးတာလဲ” ယဲ့ထျန်းရှင်းက လုကျိုးအား စိုက်ကြည့်လိုက်ပြီး “ ရှေးဦးမိစ္ဆာ လျှို့ဝှက်ဆေး … အဲလိုဆေးမျိုးက ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားကို အချိန်ခဏပဲ တိုးမြင့်စေလိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံဆင့်က ဆယ်ရက်တာအတွက် တစ်ဝက်တိတိ လျော့ကျသွားပြီးတော့ ထပ်သောက်သုံးလို့ မရတော့ဘူး ”
လုကျိုးက သူမ ပြောလိုက်သည့် ဆေးနာမည်ကို မှတ်မိပေသည်။ ထိုအရာမှာ ဆေးဘုရင် ဖန်တီးဖော်စပ်ထားခြင်း ဖြစ်သော်လည်း ရက်စက်သော ဆိုးကျိုးများကြောင့် သမာသမတ်ဂိုဏ်းများက ကန့်ကွက်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလေပြီ။ သူတို့က ထိုအရာနှင့် သူ့အား ဆက်စပ်ပစ်လိမ့်မည်ဟု မထင်ထားပေ။
“တခြားလူတွေက ရှေးဦးမိစ္ဆာ ဆေးရှိတယ်လို့ ပြောရင် မယုံပေမဲ့ မိစ္ဆာအိုကြီးဆိုရင်တော့ ရှိတာ အသေအချာပဲ ” ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက ထပ်မံ ရယ်မောလိုက်ပြီးနောက် “ နောက်ထပ် သတင်းပြောပြဖို့ ရှိသေးတယ် … ဒီမှာ စွမ်းအားလျော့နည်းစေတဲ့ အစီအရင် ခင်းကျင်းပြီးပြီ။ တကယ်လို့ လျှို့ဝှက်ဆေး ရှိနေရင်တောင် အသုံးဝင်မှာ မဟုတ်တော့ဘူး။ ကျွန်မ ပြောချင်တာတော့ ဒါပဲ … ရှစ်စွင်း … ဒါက ရှစ်စွင်းလို့ နောက်ဆုံးအကြိမ် ခေါ်ခြင်းပဲ။ ရှင် သေသွားတဲ့အခါ တစ်ယောက်ယောက်ကို ကောင်းကောင်း သင်္ဂြိုလ်ပေးခိုင်းပြီးတော့ ရွှေနန်းဥယျာဉ်တောင်ကို ဖြေရှင်းလိုက်ပါ့မယ်။ ဒါနဲ့ သမာသမတ်ဂိုဏ်းတွေက အခု ရွှေနန်းဥယျာဉ်တောင်ဆီ ရောက်နေလောက်ပြီ။ စန်းရှစ်ရှိုးက ဒဏ်ရာရထားတာဆိုတော့ စစ်ရှစ်ရှိုးတစ်ယောက်တည်း အခုချိန် လက်လျှော့သွားလောက်ပြီ ”
ယဲ့ထျန်းရှင်းက သူမစကားအဆုံးတွင် စိတ်သက်သာရာရသွားဟန်ဖြင့် နောက်ဆုတ်လိုက်သည်။ ကြည့်ရသည်မှာ သူမကိုယ်တိုင် တိုက်ခိုက်ထားဖို့ စီစဉ်ထားဟန် မပေါ်ပေ။
ကျိထျန်းတောက်အပေါ် ကြောက်ရွံ့မှုသည် အရင်တိုက်ခိုက်ဖို့အတွက် ဝန်လေးနေသေးသလို ဆေးက လူအိုကြီး၏ တစ်ခုတည်းသော ဝှက်ဖဲ ဖြစ်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် တခြားလူများကို အမြောက်စာဖြစ်ခိုင်းလိုက်ခြင်းက ပိုကောင်းပေသည်။ ထို့အပြင် ဤနေရာသို့ သူမ၏ လူများကိုလည်း ခေါ်မလာခဲ့သည့် အကြောင်းအရင်း ဖြစ်၏။
“ အစီအရင်လား ” ရှောင်ယွမ်အာက လှည့်ပတ်ကြည့်လိုက်သည်။ သူမက ဘေးပတ်ဝန်းကျင်ရှိ စွမ်းအားအပြောင်းအလဲကို ခံစားမိသောကြောင့် စိုးရိမ်တကြီး ပြောလိုက်သည်။
“ ရှစ်စွင်း… တပည့်တို့ ဘယ်လိုလုပ်ကြမလဲ ”
ကျင့်ကြံသူများစွာက သူတို့ဆီ ဖြည်းဖြည်းချင်း ချည်းကပ်လာကြသည်။
“ ကြောက်နေဖို့ မလိုဘူး” လုကျိုးအသံက ယုံကြည်ချက်ရှိနေသေး၏။
ယဲ့ထျန်းရှင်းက သံသယဝင်လာမိသည်။ သူမက ကျောင်းယွဲ့ ပြောသည့်အရာတစ်ခုမှာ မှန်ကြောင်း သိလိုက်ရသည်။ လူအိုကြီး၏ လုပ်ပုံကိုင်ပုံမှာ ယခင်နှင့် မတူတော့ပေ။ သူက ဒေါသလည်း မကြီးတော့သလို ကျိန်ဆဲခြင်းလည်း မရှိတော့ချေ။
“ သခင်ကြီး ” ဝမ်ဖူကွေ့က သူတို့နောက်မှ သစ်တောထဲမှ မောပန်းတကြီး ပြေးထွက်လာလေသည်။
“ ဖူကွေ့လား ဒီကို ဘာလာလုပ်တာလဲ ” ရှောင်ယွမ်အာက နားမလည်နိုင်ဘဲ မေးလိုက်သည်။
“ မမလေး အမေက အရမ်းစိုး … စိုးရိမ်နေလို့ ” သူက သတိမေ့မြောနေသည့် သူ့သခင်ကို မြင်လိုက်ရသည့်အခါ တဖန်ငိုကြွေးလိုက်ပြန်သည်။
“ သခင်ကြီး ဘာများ ဖြစ်ရတာလဲ ”
ထို့နောက် သူက လုကျိုးထံ ကပ်လာကာ “ ဆရာကြီး … ကျွန်တော့် သခင်ကြီးကို ကယ်ပါဦး .. ”
ဝှစ်
ဝမ်ဖူကွေ့က ရုတ်ခြည်းဆိုသလို လုကျိုးထံ မြားတစ်စင်းသဖွယ် ဓားတစ်ချောင်းဖြင့် ဝင်ရောက်သွားလေသည်။
သူက နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
အရာအားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားသည့်အတွက် လုကျိုးကို တိုက်ခိုက်ရန် ပြင်နေကြသည့် ကျင့်ကြံသူများပင် မမျှော်လင့်ထားမိကြပေ။ သူတို့က မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြ၏။
“ ရှစ်စွင်း ” ရှောင်ယွမ်အာလည်း လန့်ဖြတ်သွားလေသည်။
အရမ်းနီးကပ်နေလွန်းနေသည့်အတွက် လုကျိုးအနေနှင့် တိုက်ခိုက်ဖို့ အခွင့်အရေး နည်းပါးလွန်းလှသည်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူပင် မပြင်ဆင်ထားသည့်အခါ တိုက်ခိုက်မှုကို ထိခိုက်မှုမရှိဘဲ ရှောင်လွဲနိုင်မည် မဟုတ်ချေ။
‘အလုပ်ဖြစ်ပြီ ’ ယဲ့ထျန်းရှင်း မျက်ဝန်းများ လင်းလက်သွားပြီး သူမ မျက်နှာအထက်၌ စိတ်တက်ကြွမှုအပြည့် ဖြစ်လာသည်။
ချွမ်
ဓားက လုကျိုး နောက်ကျောကို ထိုးစိုက်သွားသော်လည်း ထိုအခိုက်အတန့်၌ အရာအားလုံး ရပ်တန့်သွားသလို ဖြစ်သွားသည်။
“ အို ”
အံ့ဩစရာကောင်းလှစွာ ဓားက နည်းနည်းလေးမှ မရွေ့လျားနိုင်တော့ပေ။
‘ ဘာတွေဖြစ်နေတာလဲ’
ဝမ်ဖူကွေ့၏ စိတ်ထဲ အတွေးတစ်ချက် ဖြတ်ပြေးသွားလေသည်။ ဓားမြှောင်က အဆိပ်သုတ်ထားသည့် မြေကမ္ဘာအဆင့် ရတနာဖြစ်ပြီး နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အားအပြည့်ဖြင့် ထိုးစိုက်လိုက်ခြင်း ဖြစ်ပေသည်။
‘သူ့ခန္ဓာကိုယ်ထဲ ရောက်သွားတယ်လို့ ဘာလို့ မခံစားမိပါ့လိမ့်’
ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေနှင့် သူက လေးသမားတစ်ယောက်လိုမျိုး မြားကို ပစ်လွှတ်လိုက်သည်နှင့် ပစ်မှတ်ကို ထိမည်လား မထိမည်လားပြောနိုင်သကဲ့သို့ လက်နက်၏ အသေးစိတ်အချက်အလက်ကို တွက်ချက်ပြီးသား ဖြစ်၏။ သူက စစ်ဆေးနေဖို့ မလိုပေ။
သူက ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
ဓားမြှောင်ကို မမြင်ရတဲ့ အားတစ်ခုကနေ တားဆီးထားတာလား …
လုကျိုး၏ အသံ ထွက်ပေါ်လာလေ၏။
“ မင်းကို သတ်ဖို့ ဘာလို့ဆေးသောက်ဖို့ လိုနေဦးမှာလဲ ”
ဝုန်း
စွမ်းအားတစ်ခုက ပေါက်ကွဲမှုလိုမျိုး နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ အားပြင်းပြင်း စွမ်းအားမှ အလင်းစက်ဝန်းများ ဖြစ်တည်လာကာ ဝမ်ဖူကွေ့အား လွင့်စဉ်သွားစေသည်။ ထိုစဉ် စွမ်းအားလှိုင်းများက လှိုင်းတွန့်သဖွယ် လုကျိုးခန္ဓာကိုယ်ဆီမှ ဦးတည်ကာ ပျံ့နှံ့နေဟန်ပေါ်သည်။
“ မကောင်းတော့ဘူး … မိစ္ဆာအိုကြီးက တမင်လုပ်နေတာ ”
“ အား ”
“ထောင်ချောက်ထဲ ရောက်သွားတာ မိစ္ဆာအိုကြီး မဟုတ်ဘဲနဲ့ ငါတို့ပဲ … ယဲ့ထျန်းရှင်း ကောက်ကျစ်လိုက်တဲ့ မိန်းမ ”
ဝုန်း ဝုန်း ဝုန်း
ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံး မြေပြင်ပေါ် ပြုတ်ကျကုန်ကာ တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားကြသည်။
ထိုစဉ် ယဲ့ထျန်းရှင်းက မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် သူမ စိတ်နှလုံးလည်း အပြင်းအထန် တုန်လှုပ်နေသည်။
‘ တမင် လုပ်နေခဲ့တာလား။ ဒီအစီအရင်က ဘာလို့ သူ့အပေါ် သက်ရောက်မှု မရှိရတာလဲ။ ဆေးကို သောက်လိုက်တုန်းပဲလား။ ဘာတွေမှားကုန်တာလဲ ’
လုကျိုးက လက်နှစ်ဖက် နောက်ပစ်ရင်း အသက်ပြင်းပြင်းရှုလိုက်သည်။
‘ ငါ ဒီပုံစံအတိုင်း အမြဲထိန်းထားလို့ ရရင် ကောင်းမှာပဲ … ထိပ်ဆုံး ပြန်ရောက်သွားရတာ သိပ်မိုက်တယ်’
သူ့အရှိန်အဝါ၊ ကျင့်ကြံဆင့်နှင့် စွမ်းအားတို့က လူငယ်ခန္ဓာ ပြန်ရလာသလိုမျိုး ၊ နှစ်ရာချီ အိပ်ပျော်နေရာမှ နှိုးထလာသလိုမျိုး အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်ရှိသွားလေသည်။
“ ယဲ့ထျန်းရှင်း … မင်းက နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူကို စီမိသားစုရဲ့ အိမ်တော်ထိန်းအဖြစ် ဟန်ဆောင်ခိုင်းထားတာ ငါ မသိဘူး ထင်နေလား ”
ယဲ့ထျန်းရှင်း မျက်ဝန်းများက အံ့ဩတုန်လှုပ်မှုအပြည့် ဖြစ်နေပြီး နောက်သာ ဆက်တိုက်ဆုတ်မိသွားတော့သည်။