← Chapters

မင်းသတ္တိကောင်းလှချည်လား

Vol. 3 Ch. 40

မင်းသတ္တိကောင်းလှချည်လား

Vol. 3 Ch. 40

အခန်း (၄၀)   မင်းသတ္တိကောင်းလှချည်လား

ရှောင်ယွမ်အာက နတ်ခြင်္သေ့ပေါ်မှ ခုန်ဆင်းကာ အနည်းငယ် ထူးဆန်းနေသော ယဲ့ထျန်းရှင်းရှေ့ ရောက်လာသည်။ သူမက ခြုံငုံကြည့်လိုက်ပြီးနောက် တအံ့တဩ ပြောလိုက်သည်။

“ အစ်မရဲ့ ကျင့်ကြံဆင့်ကရော ”

“ ဖျက်ဆီးခံလိုက်ရပြီ ” ယဲ့ထျန်းရှင်းက မသက်မသာ ပြောလိုက်သည်။

“ ဖျက်ဆီးခံလိုက်ရတာလား။ အဲဒါကို ဘာလို့ ခက်ထန်နေသေးတာလဲ ”

“ ရှစ်မေ့ … ဒါက နင် လေးစားရတဲ့ ရှစ်စွင်းရဲ့ လက်ချက်လေ။ ငါ့စကားနားထောင် သူသာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် နင့်ကိုလဲ သိပ်မကြာခင် ချောက်နက်ထဲ တွန်းချမှာပဲ။ သူက နင့်ကို ဘယ်လောက်ကြာကြာများ ကာကွယ်ပေးနိုင်မှာလဲ ”

ယဲ့ထျန်းရှင်းက မီးတောက်ထဲ လောင်စာ ထည့်လိုက်သည်။

“ မယုံဘူး … အစ်မက သစ္စာဖောက်ပဲ။ မင်းရဲ့ ကျင့်ကြံဆင့်တွေ ဖျက်ဆီးခံရတာ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”

ရှောင်ယွမ်အာက ပြောလိုက်သည်။

ထိုအရာကို မြင်ပြီး ယဲ့ထျန်းရှင်းက မျက်မှောင်အနည်းငယ် ကြုတ်မိလိုက်သည်။

‘ ရှစ်မေ့က ဘယ်တုန်းကတည်းက လူအိုကြီးအပေါ် ဒီလောက် နာခံတတ်သွားတာလဲ။ သူ ဘာဆေးတွေများ တိုက်လိုက်တာလဲ ’

“ အခု သူ့ကို ကြည့်ပါဦး ရှစ်မေ့ … သူက အခုသာမန်လူအိုကြီးတစ်ယောက်လိုပဲ။ ငါ့ကို ယုံပြီး သူ့ကို ရိုက်ကြည့်လိုက် ”

ယဲ့ထျန်းရှင်းက ကျင့်ကြံဆင့် ပျောက်ဆုံးသွားသော်လည်း လုကျိုး၏ လကရှိအခြေအနေမှာ စောစောလေးကနှင့် မတူကြောင်း ခံစားနေမိသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူမ မသိသည့် ဆေးက အာနိသင် ကုန်သွားခြင်း ဖြစ်နိုင်၏။

ရှောင်ယွမ်အာက နောက်ဆုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဒေါသတကြီး ပြောလိုက်၏။

“ ဟွန်း သစ္စာဖောက်တစ်ယောက်ရဲ့  စကားကို နားမထောင်ဘူး ”

သူမက ရှစ်စွင်းကို လေ့ကျင့်ရေးအတွက် ဖြစ်လျှင်ပင် မတိုက်ရဲပေ။

တစ်ဖက်တွင် လုကျိုးက ကောင်းကင်ကို မော့ကြည့်နေပြီး အချိန်ပြည့်လုနီးပါး ဖြစ်သွားကြောင်း သိလိုက်သည်။

“ ရှစ်စွင်း … တပည့်ရဲ့ အဖေကို စံအိမ်ဆီ ပြန်ပို့ပြီးသွားပြီ။ အခု တပည့်တို့ သွားလို့ ရပြီ ”

ရှောင်ယွမ်အာက ပြုံးကာ ပြောလိုက်သည်။

ထိုနည်းလမ်းက ပိုကောင်းပေသည်။ အကြောင်းမှာ လူပိုတစ်ယောက်က ဝန်ထုပ်တစ်ခုလို မဟုတ်ပါလော။ လုကျိုးသည် ရှောင်ယွမ်အာက သူမ မိဘများနှင့် ပြန်လည်တွေ့ဆုံခွင့်ကို လက်လျှော့ပြီး သူ့ဆီ ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေမိသည်။ သူမက တပည့်ကိုးယောက်အနက် တာဝန်အကျေပွန်ဆုံး ဖြစ်၏။

“ သွားကြစို့ ” သူက ယဲ့ထျန်းရှင်းအကြောင်း မေ့နေသည့်အလား လက်ဝှေ့ပြကာ ပြောလိုက်သည်။

ထိုစဉ် နတ်ခြင်္သေ့ကြီးက ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်လိုက်သည်။ ဒဏ္ဍာရီလာ စီးတော်သားရဲမှာ တောထဲမှ ဘုရင်အလား ဖြစ်၏။ သူ ပေါ်ထွက်လာသည့်အခါ ငှက်များနှင့် တိရစ္ဆာန်အားလုံးမှာ ဝပ်တွားခယကာ ထွက်ပြေးသွားကြရသည်။ သို့သော်လည်း ထိုအကောင်က လုကျိုးဘေးနား နာနာခံခံ ခယကာ စီးခွင့်ပေးထားသည်။

ယဲ့ထျန်းရှင်းက ထိုသားရဲသည် ဒဏ္ဍာရီလာ စီးတော်သားရဲ ဖြစ်သွားကြောင်း သိသွားသည့်အခါ ‘ ဘယ်တုန်းက နတ်ခြင်္သေ့ ဖြစ်သွားရတာလဲ ’ ဟု တွေးမိသွားသည်။ သူမ အဖြေမသိခင် ရှောင်ယွမ်အာက သူမကို ဆွဲကာ နတ်ခြင်္သေ့ပေါ် ခုန်တက်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ စီးတော်သားရဲက လေဟုန်ခွင်းကာ ကောင်းကင်ထံထဲ ပျံသန်းသွားတော့သည်။

………….…

ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်ဆီ ဖြတ်သန်းလာဖို့ တားမြစ်မခံရခြင်းမှာ အကာအရံကို မပြင်ရသေး၍ ဖြစ်သည်။ နေရာတိုင်းတွင် ကျင့်ကြံသူများ ရှိနေလေသည်။ သူတို့က တောင်ခြေတွင် ရှိကြသလို တောင်အလယ်တစ်ဝက်လောက်တွင် ရောက်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းသို့ ဦးတည်နေသည့်လူများလည်း ရှိကြသည်။

“ ဒီမှာ ဘယ်သူမှ မရှိဘူး ”

“ အရှေ့ဘက်လည်း မရှိဘူး ”

“ အနောက်ဘက်လည်း အတူတူပဲ ”

“ ထူးဆန်းတယ် … ရွှေနန်းဥယျာဉ်တောင်ရဲ့ မိစ္ဆာတွေ ဘယ်ပုန်းနေကြတာလဲ ”

“ ဆက်ရှာကြ … သခင်အကြီးအကဲက ငါတို့တွေ ကျိထျန်းတောက်နဲ့ မင်ရှစ်ရင်ကို ဒီနေ့ ရှာတွေ့ရမယ်လို့ မှာထားတယ် ”

သစ်တောနှင့် ကောင်းကင်ယံ၌ ဓားကိုင်ဆောင်ထားသည့် ကျင့်ကြံသူများက အမျိုးသားနှစ်ယောက်ကို ရှာဖွေနေကြသည်။ သမာသမတ်ဂိုဏ်းများအပြင် ကောင်းကင်ဓားဂိုဏ်းမှ ကျင့်ကြံသူများစွာကလည်း ကူညီပေးနေသည်။ တောင်တစ်ခုလုံး ရှုပ်ယှက်ခတ်နေလေ၏။

မိစ္ဆာဝေဟင်မျှော်နန်းဆောင်အတွင်း …

သမာသမတ်ဂိုဏ်း၏ အကြီးအကဲ ဖန်ကျင်းရှန်က အလယ်တွင် ထိုင်ကာ ကြိုးတုပ်ခံထားရသည့် တွမ့်မူရှန်းကို စိုက်ကြည့်နေသည်။ သူ့တစ်ဖက်တစ်ချက်စီတွင် နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူသုံးဦး ရှိနေပြီး တွမ့်မူရှန်းကို စိုက်ကြည့်နေကြသည်။

ဤသည်မှာ အားလုံး ကြောက်ရွံ့ရသည့် မိစ္ဆာအိုကြီး၏ တတိယမြောက် တပည့် ဖြစ်၏။ သူသာ ဒဏ်ရာ မရနေပါက ဖမ်းဖို့ မဖြစ်နိုင်ချေ။

“ တွမ့်မူရှန်း … မင်းသာ မိစ္ဆာအိုကြီးရဲ့ နေရာကို ပြောပြရင် မင်းအသက်ကို ချမ်းသာပေးမယ်”

ဖန်ကျင်းရှန်က အသံဩဩဖြင့် ပြောလိုက်သည်။

တွမ့်မူရှန်းက မလိုလားဟန်ဖြင့်  “ဖန်ကျင်းရှန် … မင်းက သမာသမတ်ဂိုဏ်းသားဆိုပြီး ငါ့အခြေအနေကို အခွင့်ကောင်း ယူနေတာပဲ။ မင်း သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်၊ မျှမျှတတ တိုက်ခိုက်မယ် ”

ဖန်ကျင်းရှန်က အေးစက်စက် လှောင်ရယ်ကာ  “ မင်း ဒဏ်ရာရနေတာတောင် ဒီလောက်အထိ စိတ်ကြီးဝင်နေတုန်းပဲ၊ မင်းကိုယ်မင်း ငါနဲ့ တိုက်ဖို့ အရည်အချင်းပြည့်မီတယ် ထင်နေလား။ မိစ္ဆာအိုကြီးတောင် ငါ ဒီကို ရောက်လာတော့ ကြွက်တွင်းထဲ ပုန်းနေရတာကို မင်းကများ လာပြောနေသေးတယ် ဟားဟား ”

တွမ့်မူရှန်းက သရော်လိုက်သည်။ သူက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့်   “ မင်းအစ်ကို  တုသာ့ဖန်တောင် ငါ့ကို မြင်ရင် ဦးညွတ်ရတယ်ကွ ”

ဘန်း

သူက လက်နှစ်ဖက်မြှောက်ကာ ရိုက်ချက်ကို တားဆီးလိုက်သည်။ သူ့သွေးများနှင့် ချီများက ဆူပွက်လာကာ နာကျင်မှု ကြီးစိုးလာသည်။

ဖန်ကျင်းရှန်က ရယ်မောလိုက်ပြီး ညစ်ပတ်နေသော တွမ့်မူရှန်းအား ကြည့်လိုက်ကာ  “ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ။ ငါ့အတွက် မင်းက သခင်မရှိတဲ့ ခွေးတစ်ကောင်လိုပဲ။ မိစ္ဆာအိုကြီးနဲ့ မင်ရှစ်ရင်တို့ရဲ့ နေရာကို ပြောစမ်း … မဟုတ်ရင် နောက်နှစ် ဒီလိုအချိန် မင်းရဲ့ သေဆုံးမှု နှစ်ပတ်လည် ဖြစ်သွားမယ် ”

သူ့နောက်မှ ကျင့်ကြံသူများက ဓားများ ဆွဲထုတ်လိုက်ကြသည်။

တွမ့်မူရှန်းက ဒဏ်ရာရနေသည့်အပြင် ကြိုးချည်ခံထားရသောကြောင့် မလှုပ်ရှားနိုင်သော်လည်း အသွေးအသားထဲမှ မာန်မာနကို အပေါ်ယံဒဏ်ရာလောက်ဖြင့် ချိုးနှိမ်မထားနိုင်ပေ။ သူက အားရပါးရ ရယ်မောလိုက်ပြီး  “ စမ်းကြည့်လေ ”

“ မင်းက စိတ်ကြီးဝင်နေတာပဲ ” ဖန်ကျင်းရှန်က ထိုင်ခုံလက်တန်းကို လက်ဖြင့် ခြေမွပစ်လိုက်သည်။ သူက တိုက်ခိုက်တော့မည့်အချိန် ဘေးမှ အမျိုးသားတစ်ယောက်က မြန်မြန် ပြောလိုက်သည်။

“ သခင်အကြီးအကဲ အဲလိုလုပ်လို့ မဖြစ်ဘူး … ဒီမိစ္ဆာကို သတ်လို့ မဖြစ်ဘူး။ ကျွန်တော်တို့ ပစ်မှတ်က မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မိစ္ဆာအိုကြီးလေ။ ဂိုဏ်းချုပ်က သူတို့ကို အသက်ရှင်လျက် လိုချင်တယ်တဲ့ မှာလိုက်တယ်။ နှစ်ခါပြန်စဉ်းစားပါဦး အကြီးအကဲဖန် … လက်စားချေတာက သွေးအေးအေးနဲ့ လုပ်ဆောင်တာ ပိုကောင်းပါတယ် ”

ဖန်ကျင်းရှန်က သူ့အစ်ကိုကို သတ်လိုက်သည့် တွမ့်မူရှန်းကို လက်စားချေရန် ကြိုးစားနေခြင်း ဖြစ်၏။

သူက မျက်လုံးဝေ့ကြည့်ကာ  “ မင်း ကြာကြာ မပျော်နိုင်တော့ပါဘူး။ ဂိုဏ်းချုပ်က မင်းကို သတ်ခွင့်မပေးသေးတော့လဲ ထားလိုက်ပါ၊ မင်း မနက်ဖြန်ရဲ့ နေရောင်ခြည်ကို မမြင်တွေ့နိုင်တဲ့ မျှော်လင့်ချက်နဲ့ အကျဉ်းချခံထားရတဲ့ ခံစားချက်မျိုးကို မခံစားဖူးသေးဘူးမလား ”

ဝှစ်

မိစ္ဆာဝေဟင်မျှော်နန်းသို့ ကျင့်ကြံသူတစ်ယောက်က ဓားပျံစီးနင်းကာ ဝင်ရောက်လာသည်။

“ အကြီးအကဲကျိုး …” ဖန်ကျင်းရှန်ဘေးရှိ ကျင့်ကြံသူများက ထိုသူ့အား လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုလိုက်ကြသည်။

ဖန်ကျင်းရှန်က မျက်လုံးဝေ့ကြည့်ရုံမျှလုပ်ကာ  “ ကျိုးကျစ်ဖုန်း … မင်း ရောက်လာတာ ကောင်းတယ်။ မင်ရှစ်ရင်ရဲ့ နေရာကို သိရပြီလား ”

ကျိုးကျစ်ဖုန်းက ဦးညွတ်ကာ  “ ဒုတိယအကြီးအကဲ တောင်တစ်ခုလုံးကို ရှာဖို့ အမိန့်ပေးထားပြီးပါပြီ။ ဒါပေမဲ့ အခုထိတော့ ဘာမှမတွေ့သေးပါဘူး ”

“ဘာမှမတွေ့သေးဘူးလား … မင်ရှစ်ရင်လည်း ဒဏ်ရာရသွားတာကို ငါတို့မျက်လုံးနဲ့ တပ်အပ်မြင်လိုက်ရတာလေ။ ဒီလိုဒဏ်ရာမျိုးနဲ့ ဝေးဝေးပြေးနိုင်လိမ့်မယ်လို့ မယုံဘူး။ သူ့ကို ထပ်ရှာလိုက် ”

“ ကျွန်တော်လည်း သူ့ကို မြန်မြန် ရှာတွေ့စေချင်ပါတယ်”

“ မေ့တော့မလို့ မိစ္ဆာအိုကြီးက မင်းရဲ့ လေးစားရတဲ့ ဆရာတစ်ဖြစ်လဲ ကောင်းကင်ဓားဂိုဏ်းချုပ် လော့ချန်းဖုန်းကို သတ်ပစ်လိုက်တာပဲ ”

ကျိုးကျစ်ဖုန်းက အားတင်းပြုံးကာ   “ ဒုတိယအကြီးအကဲရှိနေမှတော့ သူတို့ ထွက်မပြေးနိုင်ပါဘူး ”

ဖန်ကျင်းရှန်က ကျိုးကျစ်ဖုန်း ပခုံးကို ပုတ်ပေးလိုက်ပြီး “ မင်းက ကောင်းကင်ဓားဂိုဏ်းကဆိုပေမဲ့ နာခံမှုရှိတယ်။ မင်းက သူတို့ထက် စဉ်းစားဉာဏ် ပိုရှိတယ် ”

“ ဒုတိယအကြီးအကဲက ကျွန်တော့်ကို မြှောက်နေတာပဲ ”

“ အရမ်းကောင်းတယ်၊ အခု တွမ့်မူရှန်းကို နှိပ်စက်ဖို့ မင်းဆီ တာဝန်ပေးလိုက်မယ် ” ဖန်ကျင်းရှန်က တွမ့်မူရှန်းအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ ဒါက … ”

ဖန်ကျင်းရှန်က ကျိုးကျစ်ဖုန်း တွေဝေနေကြောင်း မြင်လိုက်သည့်အခါ ရယ်မောလိုက်လေသည်။

“ ကောင်းကင်ဓားဂိုဏ်းက မင်းကို မလိုချင်တာ မဆန်းတော့ပါဘူး။ မင်းက သခင်မရှိတော့တဲ့ ခွေးတစ်ကောင်လိုပဲ။ ဂိုဏ်းချုပ်က မင်းဆီ ဘာမြင်ပြီးတော့များ အကြီးအကဲ လုပ်ခိုင်းခဲ့တယ် မသိဘူး။ ထွက်သွားစမ်း ”

သူက ကျိုးကျစ်ဖုန်းကို မောင်းထုတ်ပြီးနောက် ခြေထောက်မြှောက်ကာ ကန်ချလိုက်သည်။ တွမ့်မူရှန်းက ထိုကန်ချက်ကို လက်နှစ်ဖက်ဖြင့် တားဆီးလိုက်ကာ နောက်အနည်းငယ် ဆုတ်လိုက်ရသည်။

“ မင်းက အခုထိ ခုခံနေသေးတာလား ” ဖန်ကျင်းရှန်က သူ့စွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လိုက်ရင်း ပြောလိုက်သည်။ အထွတ်အထိပ် နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူတစ်ဦးအနေနှင့် သူ့အစ်ကို တုသာ့ဖန် လိုမျိုး စွမ်းအားကြီးကြီး ပိုင်ဆိုင်ထားသည်။

ထိုအခါ ရွှေနန်းဥယျာဉ်တောင် အမြောက်ဘက်မှ အငွေ့အသက်တချို့ ထွက်ပေါ်လာလေသည်။ တောင်တစ်ဝှက် ရှာဖွေနေကြသော ကျင့်ကြံသူများနှင့် ဓားပျံစီးကာ ရှာဖွေနေကြသော ကျင့်ကြံသူများက မော့ကြည့်လိုက်ကြသည်။

“ ဘာကြီးလဲ ”

“ ဒဏ္ဍာရီလာ စီးတော်သားရဲကြီးပဲ … အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ဦးတော့ ရောက်လာပြီ ”

“ အကြီးအကဲတွေဆီ သတင်းပို့လိုက်၊ ဒါက ငါတို့ကို လာကူညီတဲ့ သမာသမတ်ဂိုဏ်းက ဖြစ်လိမ့်မယ် ”

အကြီးအကဲနှင့် သမာသမတ်ဂိုဏ်းများမှ တပည့်များက ဆက်မရှာတော့ဘဲ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

နတ်ခြင်္သေ့ကြီးက အားရပါးရ ဟိန်းဟောက်လိုက်သောကြောင့် တောင်တစ်ခွင် ပဲ့တင်ဟိန်းထွက်သွားသည်။ ထို့နောက် အသက်ကြီးရင့်နေသော်လည်း အားကောင်းနေဆဲ ဖြစ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ငါ့ရွှေနန်းဥယျာဉ်တောင်ဆီ လာဖို့ ဘယ်သူကများ သတ္တိပေးလိုက်တာလဲ ”

All Chapters