အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
Vol. 3 Ch. 42
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
လုကျိုးက နောက်ဆုံး အထွတ်အထိပ် သဏ္ဌာန်ကတ်ကို ချွေတာဖို့ မရွေးချယ်ခဲ့ပေ။ သူ ကျိထျန်းတောက် ဖြစ်လာကတည်းက သူ့ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူက ဤလမ်းကြောင်းကို ဆက်လျှောက်ဖို့ ကံကြမ္မာပါလာပြီးသား ဖြစ်၏။
ဤရက်စက်လှသည့် ကျင့်ကြံရေးလောကကြီး၌ ဘေးကင်းလုံခြုံသည့် နေရာဟူ၍ မရှိပေ။ ရွှေနန်းဥယျာဉ်တောင်သည် သူ့ကောင်းကင်ဘုံ ဖြစ်သလို အုတ်မြစ်လည်း ဖြစ်သောကြောင့် မည်သူမှ သူ့ထံမှ ယူဆောင်သွားခွင့် မပြုနိုင်ချေ။
သူ့ဆီတွင် ရည်ရွယ်ချက် နှစ်ခု ရှိလာသည်။ သူက ဤအခွင့်အရေးကို အသုံးချကာ ရွှေနန်းဥယျာဉ်တောင်ကို မျက်စိကျနေကြသည့် လူများနှင့် လောကကြီးကို သူက ဆေးပေါ် မှီခိုနေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားအပေါ် မှီခိုနေခြင်းသာ ဖြစ်ကြောင်း သတိပေးလိုက်ချင်သည်။ သူ့အပိုင် စွမ်းအားတစ်ခုတည်းကသာ ဆက်တိုက် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်၏။ ပြင်ပအင်အား၊ ဆေး သို့မဟုတ် လှည့်ကွက်များက ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
သမာသမတ်ဂိုဏ်းများနှင့် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များက ကြောင်အမ်းကုန်ကြသည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း သဏ္ဌာန်အောက်တွင် သူတို့ မည်သို့လှုပ်ရှားရမည်ကိုပါ မေ့လျော့သွားဟန်ပေါ်သည်။ တိုက်ခိုက်သူ၏ စွမ်းအားကို တိုးလာစေသည့်အပြင် စိတ်ဝိညာဉ် သဏ္ဌာန်က ရန်သူများကို အာရုံခံမိနိုင်စွမ်း ရှိပုံပေါ်၏။ ထို့အပြင် ကျင့်ကြံဆင့်ကြားရှိ ကွာဟချက်က ကြီးလေလေ သက်ရောက်မှုက ပိုအားပြင်းလာလေလေ ဖြစ်သည်။
ရလဒ်အနေနှင့် နတ်ဒေဝါ ဦးတည် နယ်ပယ်အောက်ရှိ ကျင့်ကြံသူများက မြေပြင်ပေါ် တုန်တုန်ယင်ယင် လဲကျကုန်သည်။ အားလုံးအနက် အားအကောင်းဆုံးဖြစ်သည့် ဖန်ကျင်းရှန်ပင် နောက်ပြန်မဆုတ်ဘဲ မနေနိုင်တော့ပေ။ သူက ကြောက်ရွံ့တုန်လှုပ်နေပြီး ထွက်ပြေးချင်နေသည်။ သူ့တွင် နဂါးနှလုံးသား ဒိုင်းကာ ရှိထားသောကြောင့် ထွက်ပြေးဖို့ အကူအညီဖြစ်နိုင်သည်။ သို့သော် သူ့အနေနှင့် အရင်ဆုံး အခွင့်အရေးကို ရှာဖွေရဦးမည်။
လုကျိုးက ကောင်းကင်ယံထဲ ပျံဝဲနေကာ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် သူ့အကြည့်တို့က တွမ့်မူရှန်းပေါ် ရောက်ရှိသွားကာ “ တွမ့်မူရှန်း ”
“ ဟုတ် ရှစ်စွင်း ” တွမ့်မူရှန်းက တုန်ယင်သွားလေသည်။
“ နတ်ဒေဝါထိပ်သီးကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းမှာ ဓားပညာရပ်နဲ့ လှံပညာရပ်တို့ ပါတယ်။ အခု မင်းကို သရုပ်ဖော်ပြမယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းမလို့ သေချာကြည့်ထား ”
တွမ့်မူရှန်းက ထိုစကားကို ကြားလိုက်သည်နှင့် အပျော်လွန်သွားလေသည်။ သူက ဂိုဏ်းကို စောစောစီးစီး ဝင်ခဲ့သော်လည်း သူ့တိုးတက်နှုန်းက အခြားတပည့်များထက် နောက်ကျခဲ့ရသည်။ ကျိထျန်းတောက်က သူ့ကို ပြီးပြည့်စုံသော နတ်ဒေဝါထိပ်သီးကျင့်စဉ် သင်ပေးခဲ့သော်ငြား သူ့အနေနှင့် နှစ်များစွာ လေ့ကျင့်ပြီးသည့်တိုင် နောက်ဆုံးအပိုင်းကို မကျွမ်းကျင်သေးပေ။ သူက သူ့ဘာသာ လေ့လာနေသောကြောင့် အမှောင်ထုထဲ လမ်းပျောက်သလို ဖြစ်ကာ တိုးတက်မှု နှေးကွေးလှသည်။
လုကျိုးက ဓားအစား လက်ချောင်းများကို အသုံးပြုလိုက်ပြီး ဓားအလင်းတန်းက စွမ်းအားမှ ဖွဲ့စည်းလာကာ သူတို့ဆီ ပေါ်လာသည်။
“ မင်းလက်ချောင်းတွေကို ဓားတစ်ချောင်သဖွယ် ဖွဲ့စည်းလိုက် …. အံ့ဖွယ်ချို့ယွင်းချက် ဖြည့်ဆည်းခြင်း”
လက်ညှိုးနှင့် လက်ခလယ်တို့မှ ကြောက်မက်ဖွယ် စွမ်းအားတို့နှင့်အတူ မျက်စိစူးမတတ် အလင်းတန်းလည်း ထွက်ပေါ်လာသည်။ ထို့နောက် ဓားရိုက်ချက်က ဖန်ကျင်းရှန်ဆီ တည့်တည့်မတ်မတ် ဝင်ရောက်သွားတော့သည်။
“မဟုတ်ဘူး ….” ဖန်ကျင်းရှန်က အဆုတ်ကွဲမတတ် အော်လျက် သူ့မျက်လုံးများက ပြူးကျယ်လာသည်။ သူ့ဆီမှ အားပြင်းပြင်း စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းတွင် ကောင်းကင်အဆင့် ရတနာ အသက်ဝင်လာကာ ရွှေရောင်အလင်းတန်းများ ထွက်လာသည်။
“ ဒါက နဂါးနှလုံးသား အကာအကွယ်လား ”
နဂါးနှလုံးသား အကာအကွယ်၏ အဓိကလုပ်ဆောင်ချက်သည် ကာကွယ်ရေးအတွက် ဖြစ်ပြီး ဖန်ကျင်းရှန်အား ရှုံးနိမ့်ခြင်းမှ ကာကွယ်ပေးထားသည်။ သမာသမတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့အား လွှတ်လိုက်ရသည့် အကြောင်းအရင်းအား အံ့ဩစရာ မလိုတော့ပေ။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ကို တိုက်ခိုက်နိုင်ရုံသာမက သူ မနိုင်လျှင်လည်း ထွက်ပြေးဖို့ အခွင့်အရေး ရှိသေး၏။
“ဒုတိယအကြီးအကဲ ” ကျင့်ကြံသူများက ဓားချက် ကျရောက်လာပြီးနောက် မျက်စိစူးမတတ် အလင်းတန်း ပေါက်ကွဲထွက်သွားသောကြောင့် မျက်လုံးမှိတ်ထားလိုက်ကြရသည်။
ဝုန်း
ကျင့်ကြံသူများက တိုက်ပွဲနောက်ဆက်တွဲ ဖြစ်ရပ်ကို မသိသေးသလို ဖန်ကျင်းရှန် သေသည်၊ ရှင်သည်ကိုလည်း မသိကြသေးစဉ် လုကျိုး၏ အားပြင်းပြင်း အသံက ထွက်ပေါ်လာပြန်သည်။
“ မင်းရဲ့ လက်ဝါးကို အခြေအနေနဲ့ သုံးပြီးတော့ စွမ်းအားကို ဖွဲ့စည်းလိုက် … လှိုင်းလုံးထောင်ချီ ”
ဤသည်မှာ နတ်ဒေဝါထိပ်သီးကျင့်စဉ် ကို လှံပုံစံဖြင့် အသုံးပြုသည့်အခါ ရလဒ် ဖြစ်၏။ ထိုအရာက အဝေးတိုက်ခိုက်မှုအတွက် ဖြစ်ပြီး နာမည်အတိုင်း စွမ်းအားများက လှိုင်းလုံးထောင်ချီ ဖြစ်ပေါ်လာကာ လှံတစ်ထောင်ကဲ့သို့ အားပြင်းပြင်း ထွက်သွားသည်။ ထိုအချက်က နတ်ဒေဝါထိပ်သီးကျင့်စဉ် ၏ ပင်မတိုက်ကွက် ဖြစ်၏။
တိုက်ခိုက်မှုကို မြင်ကာ နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အမူအရာတို့ ပြောင်းကုန်ကြသည်။
“ မကောင်းတော့ဘူး။ ပြေးကြတော့ ”
သူတို့က အစီအရင်ကို မြန်မြန် ရပ်ကာ ထွက်ပြေးဖို့ ပြင်လိုက်ကြသည်။ တိုက်ခိုက်မှုက ကြောက်ခမန်းလိလိ ဖြစ်ရာ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူပင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။
သို့သော်လည်း ထိုအရာက ကျင့်ကြံသူအုပ်စုကို ပစ်မှတ်မထားဘဲ ဖန်ကျင်းရှန် ရှိနေသည့်နေရာကိုသာ တည့်တည့်ကြီး ကျရောက်သွားသည်။
ဝုန်း
သူက ထိုတိုက်ခိုက်မှုအပြီးတွင် အသက်ရှင်ရစ်ပါ့မလားဆိုတာ မည်သူမှ မသိနိုင်ပေ။ အကြောင်းမှာ သူတို့အမြင်အာရုံကို ဖုန်မှုန့်များ ကာဆီးထား၍ ဖြစ်၏။ အကယ်၍ နဂါးနှလုံးသားအကာအကွယ်ဖြင့် ထိုအားကောင်းကောင်း တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိပါ့မလားဟု မည်သူမှ မသိပေ။
အားပြင်းပြင်း ပေါက်ကွဲမှုကြောင့် နေရာတိုင်း ပျံ့နှံ့သွားကာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံး လွှင့်ထွက်သွားလေသည်။ ထိုအခိုက်အတန့်၌ စူးစူးဝါးဝါး အော်သံများဖြင့် ပြည့်နှက်သွားလေသည်။ ပါရမီထူးလှသည့် ကျိုးကျစ်ဖုန်းပင် ပေါက်ကွဲမှုအဖျားခတ်ခံလိုက်ရပြီး သူ့ကိုယ်သူ ရပ်နေနိုင်ဖို့အတွက် စွမ်းအားထုတ်သုံးထားလိုက်ရသည်။
‘သူက အရင်တစ်ခေါက် ထိပ်တန်းပညာရှင်ဆယ်ယောက် ရွှေနန်းဥယျာဉ်တောင်ဆီ လာခဲ့တုန်းကထက် ပိုအားကောင်းလာတာပဲ … ဒါက ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့်လား’
ကျိုးကျစ်ဖုန်းက တွေးလိုက်မိသည်။ သူက တစ်ခုတော့ သေချာသိလိုက်၏။ ကျိထျန်းတောက်သည် ပို၍ အားကောင်းလာလေသည်။
သို့သော်လည်း သူက လုကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖန်ကျင်းရှန်နှင့် ရင်ဆိုင်ဖို့ရာ ထိုမျှလောက် အားကောင်းသည့် တိုက်ကွက်မျိုး အဘယ်ကြောင့် ထုတ်သုံးကြောင်း နားမလည်ပေ။ မှက်ကို လက်ကိုင်ရှည် တူကြီးဖြင့် ထုနေသလို ဖြစ်နေပေမည်။ နဂါးနှလုံးသား အကာအကွယ်အနေနှင့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ သူက ကောင်းကင်အဆင့် ရတနာသည် ပထမရိုက်ချက်ကတည်းက ပျက်စီးသွားပြီဖြစ်ကြောင်း သံသယဝင်မိ၏။ သူက လုကျိုးသည် နောက်တစ်ခေါက် ထပ်တိုက်ခိုက်ခြင်းမှာ ဒေါသကြောင့် ဒါမှမဟုတ် သူ့တပည့်အတွက် လမ်းညွှန်ပေးချင်တာကြောင့်ဟု ထင်မိသည်။
ရိုက်ချက်နှစ်ချက်အပြီးတွင် လေများငြိမ်ကျသွားပြီး တိမ်များလည်း ကင်းစင်ကာ ဖုန်မှုန့်များနှင့် စွမ်းအားများလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
လုကျိုးက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် လက်နှစ်ဖက် နောက်ပစ်ထားလိုက်သည်။ သူက စနစ်မှ လက်ကျန်အချိန်ကို ကြည့်ကာ သုံးမိနစ်သာ ရှိသေးကြောင်း သိလိုက်ရသည်။ အကယ်၍ သူ့အနေနှင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ကို ထိုကျင့်ကြံသူအုပ်စု ဖြေရှင်းဖို့အတွက် အသုံးပြုလိုက်ရလျှင် နှမြောဖို့ ကောင်းလွန်းလှသည်။ တကယ်တော့ သူက ယခုထက် ပိုလုပ်ဖို့ ကြံစည်ထား၏။
“ သေချာကြည့်ခဲ့ရဲ့လား ”
တွမ့်မူရှန်းက ဒူးထောက်ကာ “ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်။ ရှစ်စွင်း သရုပ်ပြတာက ကျွန်တော်တစ်ယောက်တည်း ဆယ်နှစ်ကျော်လေ့လာတာထက် ပိုအကျိုးရှိပါတယ် ”
“ ကောင်းတယ် ”
ဖုန်မှုန့်များ အနည်ထိုင်သွားပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ မြေကြီးပေါ်တွင် ချိုင့်ကြီး ဖြစ်နေကာ ဖန်ကျင်းရှန်ကို ရှာလို့ပင် မတွေ့တော့ချေ။ သူက လုံးဝ ပျောက်ဆုံးသွားလေပြီ။
ထို့နောက် ကျင့်ကြံသူများစွာက နေရာအနှံ့ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
“ ရှစ်စွင်း ” ရှောင်ယွမ်အာက စိုးရိမ်လာမိသည်။ သူက သူမကို တိုက်ခိုက်ခွင့် မပြုသေးလျှင် သူတို့ လွတ်မြောက်သွားကြလိမ့်မည်။
ကျင့်ကြံသူအုပ်စုက ယခင်တစ်ခေါက် ရွှေနန်းဥယျာဉ်တောင်ကို ကျူးကျော်စဉ်အတွင်း အသုံးပြုခဲ့သော နည်းလမ်းအတိုင်း ပြန်လည်ချည်းကပ်ခဲ့ကြခြင်း ဖြစ်၏။
လုကျိုးက စွမ်းအားကြီးသော်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေခြင်း မဟုတ်သောကြောင့် ကိုယ်ပွား မလုပ်နိုင်ပေ။ သူတို့သာ နေရာတစ်ဖက်စီ ထွက်ပြေးနိုင်သရွေ့ သူတို့ကို လိုက်ဖမ်းနိုင်တော့မည် မဟုတ်ပေ။ ဤသည်မှာ သူတို့ ရောက်လာကတည်းက တွေးထားခဲ့သော ဗျူဟာ ဖြစ်ပြီး အဓိကလူအများစုအသက်ကို ကယ်တင်ဖို့ လူအနည်းငယ်ကို စတေးပစ်ရပေမည်။
သူတို့က သူ့ကို အနိုင်မယူနိုင်သောကြောင့် ထွက်ပြေးရပေမည်။
“ မင်းတို့အားလုံး ဒီမှာနေရမယ်လို့ ပြောပြီးပြီလေ။ ပြောချင်တာက မင်းတို့တွေ တစ်ယောက်မှ ငါ့ဆီက ထွက်ပြေးလို့ မရဘူး”
ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ဖျတ်ခနဲ ပေါ်လာကာ ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးကို အုပ်လွှမ်းသွားသည်။ ထို့နောက် လုကျိုးက တောင်၏ အတားအဆီး အစီအရင်ဗဟိုချက်ဆီ သွားလိုက်သည်။
“ ရှစ်စွင်း …” တွမ့်မူရှန်းပင် ကြောင်အမ်းသွားသည်။ သူက တခြားသူများ ဘာလုပ်မည်ကို မသိပေ။ ရှောင်ယွမ်အာလည်း နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ ထိုစဉ် ကျင့်ကြံသူများက လှည့်မကြည့်ရဲဘဲ ကတိုက်ကရိုက် ဆက်လက် ထွက်ပြေးနေကြသည်။
ကံဆိုးသည်မှာ သူတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများ မဟုတ်သောကြောင့် ထွက်ပြေးဖို့ စွမ်းရည်ကောင်းကောင်း မရှိကြချေ။
ထိုစဉ် လုကျိုးက သူ့စွမ်းအင်ဗဟိုချက်မှ စွမ်းအားအားလုံးကို အစီအရင်ဗဟိုချက်ထဲ ထည့်သွင်းလိုက်၏။
“ ရှစ်စွင်းက အကာအရံကို ပြန်ပြင်နေတာလား ”
“ ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ရွှေနန်းဥယျာဉ်တောင်၏ အကာအရံသည် ရှေ့မျိုးဆက် ပညာရှင်များက တည်ဆောက်ထားခြင်း ဖြစ်ပြီး ရာသီဥတုနှင့် ရေမြေသဘာဝပေါ် မူတည်၍ စွမ်းအားအမြောက်အမြား စုပ်ယူကာ အလုပ်လုပ်ကြသည်။ ယခင် လုကျိုးက သူ့တတိယ တပည့်၊ စတုတ္ထတပည့်နှင့် ပဥ္စမတပည့်တို့ကို ပြင်ဆင်ဖို့ အပြစ်ပေးခဲ့ကာ ထိုတာဝန်ကို ပြီးမြောက်ဖို့အတွက် အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရပေမည်။ ထို့အပြင် လူတစ်ယောက်တည်း ပြင်ဆင်ပါက ဆယ်နှစ်အနည်းဆုံး ကြာသွားနိုင်၏။
‘ရှစ်စွင်းက အသက်ကြီးနေပြီ။ သူက စွမ်းအားကို ချွေတာမထားသင့်ဘူးလား … ဘာလို့ ဒါတွေ လုပ်နေတာလဲ ’
ဤသည်မှာ လုကျိုး၏ တကယ့် ရည်ရွယ်ချက် ဖြစ်သလို ဒုတိယ ရည်ရွယ်ချက်လည်း ဖြစ်ပေသည်။
အထွတ်အထိပ် သဏ္ဌာန်ကတ်က သူ့စွမ်းအင်ဗဟိုချက်ထဲ စွမ်းအားများ ဆက်တိုက် ဖြည့်တင်းပေးနေလေရာ ဖန်ကျင်းရှန်ကို အဆုံးသတ်ဖို့ အချိန်သိပ်မယူလိုက်ရပေ။ ထို့ကြောင့် ကျန်ရှိနေသော အချိန်များကို အကာအရံပြင်ဆင်ဖို့ အသုံးပြုရန် တွေးလိုက်မိသည်။ သူက အခွင့်ကောင်းကို မည်သို့ လက်လွှတ်ခံရမည်နည်း။
အစီအရင် ဗဟိုချက်ထံ စွမ်းအားအမြောက်အမြား သွန်းလောင်းလိုက်ပြီးနောက် ဖန်နှင့်တူသော အကာအရံတစ်ခုက တောင်ဝန်းကျင် ချက်ချင်း ပေါ်လာကာ ထွက်ပြေးနေသော ကျင့်ကြံသူများအား တားဆီးလိုက်သည်။ ထိုအခါမှ တွမ့်မူရှန် သဘောပေါက်သွားလေ၏။
‘ ရှစ်စွင်းက သူတို့အားလုံးကို အကာအရံထဲ ထည့်ပိတ်ထားပြီး တစ်ယောက်ပြီး တစ်ယောက် ဖမ်းချင်နေတာပဲ ’
‘အသက်ကြီးလေ ဉာဏ်ပိုကြီးလေ’ ဆိုသော စကားမှာ မှန်ပေသည်။