ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
Vol. 3 Ch. 44
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
ယဲ့ထျန်းရှင်းက မြေပြင်ပေါ် လက်ထောက်ကာ သူမဘာသာ ထဖို့ ကြိုးစားလိုက်သည်။ သူမ မျက်နှာပေါ်ရှိ အမူအရာတို့မှာ ရှုပ်ထွေးကာ နားမလည်ဖြစ်နေဟန် ပေါ်နေ၏။
လှည့်ကွက်တဲ့လား …
ဘာမှအရေးမပါတော့ပေ။
သူမက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သွေးများ ပေစွန်းနေသည့်အပြင် သူ့ခန္ဓာကိုယ်ပေါ်လည်း အညစ်အကြေးများ ရှိနေသည်။ သူ့ရင်ဘတ်ပေါ်ရှိ ကျဉ်းရှည်ရှည် ဟက်တက်ကွဲဒဏ်ရာကြီးက ကြောက်ဖို့ ကောင်းလှသည်။ နေရောင်အောက်တွင် သူမက ဒဏ်ရာကား အနာဖေး မတက်သေးကြောင်း မြင်လိုက်ရသည်။
သွေးနံ့ကြောင့် ဒဏ်ရာနားတွင် ယင်ကောင်များ တဝီဝီ ပျံသန်းနေကြသည်။
ဤသည်မှာ တစ်ကမ္ဘာလုံး ကြောက်ရွံ့ရသည့် သူမရဲ့ စစ်ရှစ်ရှိုး ဟုတ်ရဲ့လား။ မင်ရှစ်ရင်က နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူ မဟုတ်ဘူးလား။ အခုတော့ ယင်ကောင်တွေကတောင် သူ့ကို အနိုင်ကျင့်နေပြီလား။
“အစ်ကိုကို့ ဒီလိုမြင်ရလိမ့်မယ်လို့ မထင်ထားဘူး ” ယဲ့ထျန်းရှင်းက အားနည်းဖျော့တော့စွာ ပြောလိုက်သည်။ ပူပြင်းစူးရှသော နေရောင်နှင့် ခြောက်သွေ့နေသော လေထုတို့က သူမအား မသက်မသာ ဖြစ်စေမိသည်။
မင်ရှစ်ရင်က လက်ကို မြှောက်ကာ ယမ်းခါပြလိုက်သည်။ သူမက သူ ယင်ကောင်များကို ခြောက်နေသည်လား ဒါမှမဟုတ် သူမကို ငြင်းဆန်သည်လား မသည်းကွဲပေ။
“ ငါ ပင်ပန်းနေရုံလေးတင် … ”
“ အဲဒီလူအိုကြီးက အစ်ကိုတို့အားလုံးကို တောင်ပေါ်မှာ သေခိုင်းခဲ့တာလေ၊ အစ်ကိုက ဒီမှာကျန်နေပြီး သူ့အတွက် သေပေးလိမ့်မယ်လို့ ကျွန်မတော့ မယုံနိုင်ဘူး။ အစ်ကို ရူးနေတာလား ” ယဲ့ထျန်းရှင်းက လှောင်ပြောင်လိုက်သည်။
မင်ရှစ်ရင်က ပင်ပန်းလွန်းနေသည့်အတွက် မျက်လုံးပင် အနိုင်နိုင်ဖွင့်နေရသည်။ သို့သော်လည်း သူက ပြန်ဖြေလိုက်သေး၏။
“ နင် နားမလည်ပါဘူး … ငါက နင့်လို မဟုတ်ဘူး။ ငါက ရှစ်စွင်းကို အရမ်းလေးစားတာ ”
သူ စကားအဆုံးတွင် မျက်လုံးပိတ်ကျသွားကာ အိပ်ပျော်သွားလေသည်။ ထိုအခါ ထူးဆန်းအံ့ဩဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ မင်ရှစ်ရင် ဝန်းကျင်ရှိ မြေကြီးထဲမှ အစေ့သေးသေးလေးများ ထိုးထွက်လာကာ မျက်စိနှင့် မြင်နိုင်လောက်သည့်အထိ အလျင်အမြန် ကြီးထွားလာကြသည်။ သစ်ကိုင်းများက သေးရာမှာ တုတ်လာပြီး မြေကြီးနှင့် ကျောက်တုံးများကြားမှ ထိုးထွက်လာကာ မင်ရှစ်ရင်ကို ရစ်ပတ်ထားလိုက်ပြီး ယင်ကောင်နှင့် နေရောင်တို့အား ကာဆီးပေးထားလိုက်ကြသည်။
ယဲ့ထျန်းရှင်းက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
“ ဒါက .. ”
သူမက မသိမသာ နောက်အနည်းငယ် ဆုတ်လိုက်မိသည်။ မိစ္ဆာဝေဟင်မျှော်နန်း အရှေ့ဘက်ဝန်းတွင် လူရာချီ ထားလို့ရအောင် ကျယ်ဝန်းသော်လည်း သူမက စိုးရိမ်တကြီး နောက်ဆုတ်သွားလိုက်သည်။ ခဏအကြာတွင် သူမက အဖြစ်အပျက်ကို သဘောပေါက်သွားကာ တီးတိုးရေရွတ်လိုက်မိသည်။
“ရှစ်ရှိုးက သစ်သားပြာကျင့်စဉ်ကို ကျွမ်းကျင်တတ်မြောက်သွားပြီပဲ ”
ဤသည်မှာ သစ်သားပြာ ကျင့်စဉ်၏ အနှစ်သာရ ဖြစ်ပြီး အထွတ်အထိပ်အထိ ကျင့်ကြံနိုင်သည့်အခါ ကျင့်ကြံသူအား ရှင်သန်ထမြောက်စေကာ အသက်အသစ် ပေးနိုင်စွမ်း ရှိ၏။ စမ်းသပ်ချက် ဖြတ်ကျော်ပြီးသည့်နောက်တွင် မင်ရှစ်ရင်က ယဲ့ထျန်းရှင်းနှင့် အဆင့်တူ ကျင့်ကြံသူပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်သို့ တက်လှမ်းသွားလိမ့်မည်။
“မိစ္ဆာအိုကြီးက ဘယ်တုန်းက ဒီလောက်ရက်ရောသွားတာလဲ” ယဲ့ထျန်းရှင်းက သစ်ပင်များ ဖုံးလွှမ်းနေသည့်နေရာကို စိုက်ကြည့်လိုက်မိသည်။
“ ရှစ်စွင်း ”
အပြာဝတ်စုံနှင့် ပုံရိပ်လေးက ကောင်းကင်မှ ဆင်းသက်လာလေ၏။ ဤသူမှာ ရှောင်ယွမ်အာ ဖြစ်ပြီး လှည့်ပတ်ကြည့်လိုက်ပြီးနောက် ယဲ့ထျန်းရှင်းကို မြင်သွားသည်။
“ ရှစ်စွင်း ဘယ်မှာလဲ … သစ္စာဖောက် ” သူက ခါးထောက်ကာ ယဲ့ထျန်းရှင်းအား နွေးထွေးမှုတချို့နှင့် ကြည့်လိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းမော့ကာ ရိုးသားဖြူစင်လှသည့် ရှောင်ယွမ်အာကို ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်မိသည်။
“ ရှစ်မေ့ ဒီကို လာခဲ့ ”
“ မလာချင်ပါဘူး ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ လူအိုကြီးက ဒီနှစ်တွေမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြောပြလို့ ရမလား ”
ရှောင်ယွမ်အာက လက်ပိုက်ကာ သူမအား လျစ်လျူရှုထားလိုက်သည်။ ယဲ့ထျန်းရှင်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိတော့သည်။ သူမက ရှစ်မေ့ဆီမှ မိစ္ဆာအိုကြီးအကြောင်း သိဖို့ရာ အင်မတန် ခက်ခဲကြောင်း သိပေသည်။
“ ရှစ်မေ့ …” အနောက်ဘက်မှ တွမ့်မူရှန်၏ အသံ ထွက်ပေါ်လာလေ၏။
“ စန်းရှစ်ရှိုး ”
တွမ့်မူရှန်းလည်း အခြေအနေ မကောင်းရှာပေ။ သူ့တစ်ကိုယ်လုံး ကြိုးတုပ်ခံထားရသည့်အပြင် ဒဏ်ရာဒလပွ ဖြစ်နေပြီး မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေသည်။ သို့သော်လည်း သူက လမ်းလျှောက်ကာ တိုက်ခိုက်နိုင်သေး၏။
ယဲ့ထျန်းရှင်းက လှောင်ဖို့ ကြံလိုက်သော်လည်း တွမ့်မူရှန်းက သူမအား စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါ ချက်ချင်း ရပ်လိုက်သည်။
“ ယဲ့ထျန်းရှင်း … နင်က ဂိုဏ်းကို စွန့်ခွာပြီးတော့ ရှစ်စွင်းကို သစ္စာဖောက်တယ်။ မင်းရဲ့ သစ္စာမဲ့မှုကို လူသားရော ကောင်းကင်ဘုံပါ မုန်းတီးကြလိမ့်မယ်။ ဘယ်လိုများ ရယ်နေရသေးတာလဲ ”
မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့နှင့် မတူစွာ တွမ့်မူရှန်းက တည်ငြိမ်သော စရိုက်ရှိသူ ဖြစ်သော်လည်း ဒေါသကြီးပေသည်။ သူက ယဲ့ထျန်းရှင်းသည် ယခုရွှေနန်းဥယျာဉ်တောင်ရှိ ကပ်ဘေးတွင် အဓိက ပါဝင်ခဲ့ကြောင်း သိထားသောကြောင်း သူမကို ဒေါသထွက်နေမိသည်။
“ ရှစ်ရှိုး … အခုလို ဖြစ်နေမှတော့ အစ်ကို ဆက်ပြီးဟန်ဆောင်စရာ မလိုတော့ပါဘူး။ မိစ္ဆာအိုကြီး ကျွန်မတို့ကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မေ့သွားပြီလား ”
တွမ့်မူရှန်းက ခဏရပ်သွားသည်။ သူက ဂိုဏ်းကို စောစောစီးစီး ဝင်ရောက်ခဲ့သူ ဖြစ်၍ ရှစ်စွင်းက တပည့်များကို မည်သို့ဆက်ဆံကြောင်း ကောင်းကောင်း သိပေသည်။ ထိုအကြောင်းအရင်းကြောင့်သာ မဟုတ်လျှင် တပည့်များစွာက အဘယ်ကြောင့် သစ္စာဖောက်သွားမည်နည်း။
ယဲ့ထျန်းရှင်းက ဆက်ပြောလိုက်သည်။
“ အခုဘယ်လောက်တောင် ပျာယာခတ်သွားလဲ ကြည့်လိုက်ပါဦး။ မိစ္ဆာအိုကြီးက သေတော့မှာ … အချိန်ကျလာတဲ့အခါ အစ်ကို ဒီနေ့လိုမျိုး မှန်မှန်ကန်ကန် လုပ်နိုင်ပါစေလို့ မျှော်လင့်တယ် ”
“ ပါးစပ်ပိတ်ထား ” တွမ့်မူရှန်းက ဒေါသကြီးလာလေသည်။
“ ယွမ်အာ … ဒီမှာ ရှစ်စွင်း မရှိဘူးဆိုတော့ ငါ့အစား သူ့ကို ရိုက်စေချင်တယ် ”
“ ဟမ် ”
“ ငါ ပြောတဲ့အတိုင်း လုပ်ပါ ”
“ အိုး ”
ရှောင်ယွမ်အာက သူမရှစ်ကျဲဆီ လျှောက်လှမ်းလာကာ မျက်လုံးမှိတ်လိုက်ပြီး လက်မြှောက်ကာ ရိုက်ချလိုက်သည်။ ထိုရိုက်ချက်က ရှင်းလင်းကျယ်လောင်သောကြောင့် ပါးတစ်ခုလုံး ထုံကျင်သွားစေသည်။
တွမ့်မူရှန်းက ထပ်ပြောလိုက်သည်။
“ဒီရိုက်ချက်နဲ့ ဒါက မင်း ရှစ်စွင်းဆီကနေ သိထားသမျှ ပညာအားလုံး သင်ကြားခဲ့တဲ့ မိစ္ဆာဝေဟင်မျှော်နန်းဆိုတာ မေ့မပစ်ဖို့ မျှော်လင့်တယ်။ ဒီလိုမျိုး ထပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောနေဦးမယ်ဆိုရင် ငါ သက်ညှာမပေးဘူးဆိုပြီး လာအပြစ်မတင်နဲ့ ”
သူ့အသံက ကျယ်လွန်းသည့်အတွက် ယဲ့ထျန်းရှင်းက တုန်ယင်သွားစေပြီး သူမ၏ ချီနှင့် သွေးများ ကမောက်ကမ ဖြစ်သွားစေသည်။ တွမ့်မူရှန်းက ဒဏ်ရာရထားသော်လည်း အသံကျယ်ကျယ်ထွက်ဖို့ ပြဿနာ မရှိချေ။
ယဲ့ထျန်းရှင်းက ကျင့်ကြံဆင့် ဆုံးရှုံးထားသောကြောင့် ခံနိုင်ရည် မရှိဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
“ ရှစ်ရှိုး … ဒီသံကြိုးတွေကို ဖယ်ပေးမယ် ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ မလိုဘူး။ ဒီသံကြိုးက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သံမဏိကနေ လုပ်ထားတာ။ ဒါကို တာ့ရှစ်ရှိုးရဲ့ နဂါးသွဲ့ကျောက်ဓားရှည်နဲ့ အာ့ရှစ်ရှိုးရဲ့ သက်ရှည်ဓားကပဲ ဖြတ်နိုင်မှာ ” တွမ့်မူရှန်းက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
ထို့နောက် ကျိုးကျစ်ဖုန်းက နောက်ကျောတွင် ဓားလွယ်ထားရင်း ဝန်းထဲ ရောက်ရှိလာသည်။ ဤသည်မှာ သူ့အနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဒုတိယအကြိမ် ရောက်ဖူးခြင်း ဖြစ်ကာ စိတ်လှုပ်ရှားနေမိသည်။ ဤနေရာရှိ မိစ္ဆာသုံးယောက်က ဒဏ်ရာရထားသော်လည်း သူက စိတ်လှုပ်ရှားကာ ကြောက်ရွံ့နေဆဲ ဖြစ်၏။ ထို့အပြင် နောက်ထပ် စိတ်အခြေအနေမြန်လှသော မိစ္ဆာအသေးလေး ရှိနေသေးသည် မဟုတ်ပါလော။
“ ရပ်လိုက်စမ်း ” ရှောင်ယွမ်အာက သူ့ကို လှမ်းအော်ပြောလိုက်သည်။
“ အစ်... အစ်ကိုတို့ကို ဂါရဝပြုပါတယ် ” ကျိုးကျစ်ဖုန်းက အရိုအသေပြုကာ ပြောလိုက်သည်။
“ မင်းက နာမည်ကျော် သမာသမတ်ဂိုဏ်း ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်လေ။ ဘာလို့ ရွှေနန်းဥယျာဉ်တောင်ဆီ ဝင်ချင်တာလဲ။ မင်းကို လောကကြီးက လှောင်မှာ မကြောက်ဘူးလား ”
တွမ့်မူရှန်းက မေးလိုက်သည်။
သို့သော်လည်း ကျိုးကျစ်ဖုန်းက စိတ်ရှုပ်ထွေးသွားပြီး “ တကယ်လို့ ကျွန်တော် အလှောင်ခံရမှာ ကြောက်နေရင် ဒီမှာ ရပ်နေမှာ မဟုတ်ပါဘူး။ အခု ဒီမှာရှိနေမှတော့ အဲအတွေးတွေ မရှိတော့ပါဘူး။ ဆရာကြီးရော ဘယ်မှာလဲဗျ … ဒီဂျူနီယာလေးကို ရှင်းပြခွင့်ပေးပါ ” သူက ရုတ်ခြည်း ဒူးထောက်ချလိုက်သည်။
ယဲ့ထျန်းရှင်းက ကျိုးကျစ်ဖုန်းအား နားမလည်နိုင်ဟန် ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
“ ရူးနေပြီ … မင်းက ရူးနေပြီ။ ဒီလောက်လူအများကြီးက ရွှေနန်းဥယျာဉ်တောင်ကနေ ဝေးနိုင်သမျှ ဝေးဝေးနေဖို့ ကြိုးစားနေကြတာကို မင်းက ဂိုဏ်းထဲ ဝင်ချင်သေးတယ်။ မင်းကိုယ်မင်း အသတ်ခံရဖို့ ဒီလောက်တောင် စိတ်မရှည်တော့ဘူးလား ”
ကျိုးကျစ်ဖုန်းက ယဲ့ထျန်းရှင်းကို မကြည့်ဘဲ “ ဆရာကြီးက ကျွန်တော်ကို ကြင်နာမှု ပေးကမ်းခဲ့ပါတယ် … ”
“ ကြင်နာမှုတဲ့လား … အရမ်းရယ်ရတယ် ”
…………….…
လုကျိုးက အခန်းတွင်းထဲ အားလုံးကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထိုအရာအားလုံးက အဟောင်းတွေ ဖြစ်ပြီး တချို့က နောက်ပိုင်းကျ အသုံးဝင်လာနိုင်သည်။
သူ့ကုသိုလ်အမှတ်မှာ တိုးမြင့်မလာသောကြောင့် အလင်းရောင်အောက် တခေါက် ပြန်ထွက်လာကာ ဘယ်လိုအသုံးပြုရလဲ ထပ်စဉ်းစားလိုက်သည်။
“ ၇၅၄၀ မှတ် …” လုကျိုးက ကုသိုလ်အမှတ်များကို ကြည့်ကာ ဈေးဆိုင်ကို ဖွင့်လိုက်သည်။
“ စွမ်းပကား လေးပုံတစ်ပုံ စိတ်ဝိညာဉ်သဏ္ဌာန် အမှတ်ငါးထောင် ကျသင့်ပါမယ် ” သူက ခေါင်းခါလိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က သူ့ကျင့်ကြံဆင့်ကို အာရုံဖွဲ့တည်ခြင်း နယ်ပယ်အဆင့်အထိသာ တိုးမြင့်ပေးနိုင်ပြီး သူ့အသက်လေး ဘေးကင်းဖို့အတွက် မလုံလောက်သေးချေ။ စွမ်းအင်ငါးသွယ် စကြ၀ဠာက ထည့်စဉ်းစားရန် မလိုတော့ပေ။ အကြောင်းမှာ ကုသိုလ်အမှတ် ရှစ်ထောင် ဖြစ်နေလေ၏။
“ လက်နက်တွေလား ”
လုကျိုးက စနစ်ထဲမှ လက်နက်တွေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ကို ဓား၊ လှံ၊ ပုဆိန်လှံရှည်၊ တင်းပုတ် အစရှိ ပစ္စည်းအမျိုးအမည်များ ခွဲထုတ်ထားပြီး ကောင်းကင်၊ မြေကမ္ဘာ၊ ဆန်းကြယ် နှင့် အဝါရောင် ဟူ၍ အဆင့်လေးဆင့်လည်း ပြန်ခွဲခြားထားသည်။
ဤသည်မှာ အားကောင်းကောင်း ကျင့်ကြံဆင့်နှင့်သာ စွမ်းအားအပြည့်အဝ ထုတ်ပြနိုင်မည့် လက်နက်ကောင်းများ ဖြစ်၏။
“ကတ်” အကြောင်းပြန်လှန်ကတ်က ကုသိုလ်အမှတ် ငါးရာ ကျသင့်ပြီး အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်သည် ကုသိုလ်အမှတ် တစ်ရာကျသင့်၏။ သူတို့က ဈေးကြီးပြီး သူ့ဝှက်ဖဲများ ဖြစ်ရန် မထိုက်တန်သေးပေ။