← Chapters

ကံဆိုးခြင်း

Vol. 4 Ch. 46

ကံဆိုးခြင်း

Vol. 4 Ch. 46

အခန်း  (၄၆) ကံဆိုးခြင်း

“ ရှစ်စွင်း ဘာတွေပြောနေတာလဲ ” ရှောင်ယွမ်အာက မေးလိုက်သည်။

“ ဘာမှမဟုတ်တော့ဘူး ” လုကျိုးက အတွေးများကို ရှင်းကာ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဘယ်သူကို မြင်လိုက်စေကာမူ ထိုသူတို့က သူ့ကို ကျေးဇူးတင်နေသလို ခံစားနေရသည်။

ရှောင်ယွမ်အာက သူမ ရှစ်စွင်း စိတ်မပျော်ကြောင်း သိ၍ သူမက ရွတ်နောက်နောက် ရယ်မောလိုက်ရင်း  “ ရှစ်စွင်းရယ် ဒေါသမထွက်ပါနဲ့။ တပည့် ကျူးကျော်သူအားလုံးကို သတ်ပြီးပါပြီ။ တကယ်လို့ ရှစ်စွင်း စိတ်မပျော်သေးရင် တပည့် သူတို့အလောင်းတွေကို ဓားနဲ့ ထပ်ထိုးလိုက်မယ်လေနော် ”

ကျိုးကျစ်ဖုန်း “ … ”

လုကျိုးက လက်မြှောက်ကာ အသာပြောလိုက်သည်။

“ လောင်စစ်ရော ”

“ ရှစ်စွင်း … လောင်စစ်က ဒဏ်ရာရနေပေမဲ့ အခွင့်ကောင်းနဲ့ တွေ့သွားတယ်။ သူက အခု သစ်ပင်တွေကြား ရောက်နေပြီးတော့ ထွက်မလာနိုင်သေးလောက်ဘူး ” တွမ့်မူရှန်းက သံကြိုးများကို ဆွဲလာကာ ဖြေလိုက်သည်။

လုကျိုးက အံ့အားသင့်သွားဟန်ဖြင့်  “ အဲဒီနားကို ခုနှစ်ရက်လုံးလုံး ဘယ်သူမှ မသွားရဘူး ”

မင်ရှစ်ရင်က သစ်ပင်များ၏ ကာကွယ်မှုအောက်တွင် အဆင့်တက်လှမ်းနေသည် ဖြစ်ရာ ဖြစ်စဉ်ကို နှောင့်ယှက်ခံလိုက်ရလျှင် သူ့အနေနှင့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ယဲ့ထျန်းရှင်းက လုကျိုးအား ကြည့်လိုက်ပြီးနောက် မလိုလားဟန်ဖြင့်  “ ရှင် ကြောင်သူတော် ယောင်ဆောင်နေစရာ မလိုပါဘူး။ ညကျရင် ရှင်ပဲ ခိုးသွားပြီးတော့ သူ့ကို သွားရိုက်မှာပဲလေ ”

လုကျိုးက သူမကို လျစ်လျူရှုထားလိုက်ပြီး မပြောင်းမလဲအသံဖြင့် ပြောလိုက်သည်။

“ ယွမ်အာ ”

“ ဟုတ် ရှစ်စွင်း ”

“ သူ့ကို တောင်အနောက်ဘက်ထဲ ပို့ထားပြီးတော့ အပြစ်ကြွေးတွေကို ဆင်ခြင်ခိုင်းလိုက် ”

“ ဟုတ် ရှစ်စွင်း ” ရှောင်ယွမ်အာက လျှောက်လှမ်းလာကာ ယဲ့ထျန်းရှင်းအား ဆွဲလိုက်သည်။

ယဲ့ထျန်းရှင်းက အေးစက်စက် အထီးကျန်ဆန်သော ပတ်ဝန်းကျင်အကြောင်း တွေးမိလိုက်သည့်အခါ တုန်ယင်သွားလေသည်။ သူမက ခုခံလိုသော်လည်း စွမ်းအင်ဗဟိုချက်မှာ ဗလာကျင်းနေပြီး စွမ်းအားအစအနပင် မထုတ်လွှင့်နိုင်တော့ပေ။

ထို့နောက် လုကျိုး၏ အကြည့်တို့က ဒူးထောက်နေသည့် ကျိုးကျစ်ဖုန်းဆီ ရောက်ရှိလာသည်။ ထိုအခါ ကျိုးကျစ်ဖုန်းက လေးလေးစားစား ပြောလိုက်သည်။

“ချန်ပေ့ ကျွန်တော်လည်း ရွှေနန်းဥယျာဉ်တောင်ဆီ ဝင်ချင်ပါတယ်။ ကျွန်တော်ကိုလည်း တပည့်အနေနဲ့ လက်ခံပေးပါ ”

လုကျိုးက ဤကမ္ဘာသို့ ရောက်လာကတည်းက တပည့် လက်ခံဖို့ အတွေးမရှိတော့ချေ။ သူ သင်ယူထားသလောက် မိစ္ဆာအိုကြီးသည် တပည့်များကို လက်ခံစဉ်အခါက အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့၏။ သူ့လက်ရှိအနေအထားဖြင့် ရည်မှန်းချက်ကြီးပြီး ရက်စက်တတ်သူကို တပည့်အဖြစ် လက်ခံမိလျှင် သူ့အတွက် ခက်ခဲသွားမည်မှာ သေချာလှသည်။ ထို့အပြင် လက်ရှိ တပည့်ကိုးယောက်က သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်နေလေရာ  အခြားသူများကို သင်ပြပေးဖို့ စွမ်းအင်အပိုလည်း ရှိမနေချေ။

“လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ် … ”

မိစ္ဆာအိုကြီးက တပည့်များကို လက်ခံခဲ့သည့် ကဗျာအကြောင်း တွေးမိသွားသည်။ နောက်ဆုံးတစ်နေရာ လိုအပ်နေသေး၏။ မိစ္ဆာအိုကြီးက မဖြည့်သေးဘဲ ချန်ထားခဲ့သည့် အကြောင်းအရင်းကို စဉ်းစားနေမိသော်လည်း သိပ်တော့ အရေးမကြီးတော့ချေ။

“ မင်းက ပါရမီကောင်းတယ်။ ဒါပေမဲ့ မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ ဓားတာအိုကို လေ့လာထားတာ နှမြောစရာပဲ။ အခုမှ နောက်ထပ် ကျင့်စဉ် ပြောင်းမယ်ဆိုရင် မင်း အားထုတ်မှုနှစ်ဆ သုံးရင်တောင် အကျိုးရလဒ်က တစ်ဝက်ပဲ ရလိမ့်မယ် ” လုကျိုးက ပြောလိုက်သည်။

သူ့ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ သူက ကျိုးကျစ်ဖုန်းအား တပည့်အဖြစ် လက်မခံနိုင်ပေ။

“ ချန်ပေ့ …” ကျိုးကျစ်ဖုန်းက စိတ်အားထက်သန်စွာ ထပ်တောင်းဆိုဖို့ ကြိုးစားလိုက်သည်။

လုကျိုးက လက်ကာပြကာ ဘေးစားပွဲပေါ်မှ စာအုပ်ကို ကောက်ယူပြီး သူ့ရှေ့ အသာပစ်ပေးလိုက်သည်။

“ ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ ရှေးဟောင်းဓားတစ်လက် ကျင့်စဉ်ပဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ကျွမ်းကျင်အောင်လုပ်ဖို့ အခက်အခဲရှိမှာ မဟုတ်ဘူး ”

ကျိုးကျစ်ဖုန်းက စာအုပ်ကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်ကာ မျက်လုံးများပင် ပြူးလာမိသည်။ သူက ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲ ဖြစ်ခဲ့ဖူး၍ ဤစာအုပ်၏ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်ထားသည်။ ရှေးဟောင်း ဓားတစ်လက်ကျင့်စဉ်ကို ဆရာကသာ တပည့်များကို သင်ကြားပေးလေ့ ရှိ၏။ အဆင့်လိုက်သင်ကြားပေးကာ တပည့်ဖြစ်သူက ပထမအဆင့်ကို နားလည်တတ်မြောက်သွားသည့်အခါမှသာ ဆရာက ဒုတိယအဆင့်ကို သင်ကြားပေးသည်။

ကျိုးကျစ်ဖုန်းက အလုံးစုံ ကျွမ်းကျင်တတ်မြောက်နီးပါး ဖြစ်နေသော်လည်း လော့ချန်းဖုန်းက သူ့အား ဓားကျင့်စဉ်အားလုံးကို မသင်ပြပေးခဲ့ပေ။ ဤသဘောတရားက ကောင်းကင်ဓားဂိုဏ်း၌သာ တည်ရှိခြင်း မဟုတ်ဘဲ ကမ္ဘာကြီးထဲရှိ အခြားသော သမာသမတ်ဂိုဏ်းများလည်း အတူတူသာ ဖြစ်၏။ အားလုံးက အစဉ်အလာတစ်ခုအဖြစ် ထင်ကာ တပည့်များကလည်း ပုံမှန်ဟု ထင်ကြပြီး မည်သူမှ မေးခွန်းမထုတ်ခဲ့ကြပေ။

သူ့အနေနှင့် လုကျိုးသည် သူ့ကို ကောင်းကင်ဓားဂိုဏ်း၏ အဖိုးတန်ရတနာတစ်ခုသဖွယ် သတ်မှတ်ထားသော ဓားကျင့်စဉ်ကို အဖိုးမတန်သည့်အလား  ထုတ်ပေးလိမ့်မည်ဟု တစ်ခါမှ မတွေးထားမိခဲ့ပေ။ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ ဤဓားကျင့်စဉ်ဖြင့် သူ့အနေနှင့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ရောက်ဖို့ စိတ်ပူစရာ မလိုတော့ပေ။

“ချန်ပေ့ ကျေးဇူးပါ ” ကျိုးကျစ်ဖုန်းက စာအုပ်ကို ကိုင်ကာ နဖူးနှင့် ကြမ်းပြင်ထိ၍ အသံကျယ်ကြီးထွက်လာသည့်အထိ အရိုအသေပေးလိုက်သည်။

တွမ့်မူရှန်းက ပြောလိုက်သည်။

“ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့် မဟုတ်ဘူးဆိုတော့ မျှော်နန်းဆောင် ဆရာသခင်လို့ ခေါ်ရမယ် ”

“ ဟုတ် ကျွန်တော် နားလည်ပါပြီ ” ကျိုးကျစ်ဖုန်းက လေးလေးစားစား ရိုရိုကျိုးကျိုး ပြောလိုက်သည်။

“ဒီမိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နေစရာအဆောက်အဦတွေ အများကြီးရှိတယ်။ အရှေ့ဆောင်နဲ့ တောင်ဘက်ဆောင်က လွဲရင် ကျန်တာ ကြိုက်တာ ရွေးလို့ရတယ် ”

“ ကျွန်တော် နားလည်ပါပြီ ”

“ အခု ထွက်သွားလို့ ရပြီ ”

ကျိုးကျစ်ဖုန်းက လက်ထဲတွင် စာအုပ်ကိုင်ထားကာ အရိုအသေပေးပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားလိုက်သည်။ လုကျိုးက ခေါင်းအသာညိတ်လိုက်သည်။ တွမ့်မူရှန်းက တပည့်များကို စီမံခန့်ခွဲရာ၌ အတွေ့အကြုံ ပိုရှိပေသည်မှာ သိသာလှသည်။

ကျိုးကျစ်ဖုန်း ထွက်သွားပြီးနောက် တွမ့်မူရှန်းက ဦးညွတ်ကာ  “ ရှစ်စွင်း … အဲဒီကျိုးကျစ်ဖုန်းက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်လေ … ”

လုကျိုး ရှင်းပြဖို့အတွက် အချိန်ပေးလိုက်ရမည် ဖြစ်ကာ သူက တွမ့်မူရှန်းအား ကျိုးကျစ်ဖုန်း၏ မိဘများအကြောင်းနှင့် သူ့ဖခင်ဖြစ်သူကို သတ်သွားသည့် လူသတ်သမားအကြောင်း တစ်ခုချင်းစီ ပြောပြရပေမည်။ ဤသည်မှာ ဒုက္ခများလွန်း၏။ ထို့ကြောင့် သူက လက်အသာဝေ့ကာ ပြောလိုက်သည်။

“ ငါ့မှာ အကြံအစည်ရှိပြီးသားပါ ”

“ ဟုတ် တပည့် နားလည်ပါပြီ ” တွမ့်မူရှန်းက နားမလည်ကြောင်း မပြောရဲတော့ပေ။

လုကျိုးက သူ့ပေါ်မှ သံကြိုးများကို ကြည့်လိုက်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ပြန်ဝင်သွားလေသည်။

တွမ့်မူရှန်းက တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် သူ့ဆရာဖြစ်သူ၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။

“ ကံပြန်ကောင်းလာပြီ ”

သူက ဒူးမြန်မြန် ထောက်ကာ  “ ရှစ်စွင်း ကောင်းကောင်းအနားယူပါ ”

သူ‌ မော့ကြည့်လိုက်သည့်အချိန် သူ့ရှစ်စွင်းကား မရှိတော့ချေ။

သူက ပါးပြင်မှ ချွေးစေးများကို သုတ်ကာ သူ့ကိုယ်ပေါ်မှ သံကြိုးများကို ဆောင့်ဆွဲလိုက်သည်။ သူက လုကျိုးအား သံကြိုးများ ဖယ်ပေးရန် တောင်းဆိုဖို့ လုပ်ထားသော်လည်း ကြည့်ရသည်မှာ အချိန်တစ်ခုအထိ စောင့်ဆိုင်းရပေမည်။ သူ့ရှစ်စွင်း၏ တပည့်များအပေါ် ဂရုမစိုက်သည့် သဘောထားက လုံးဝ မပြောင်းလဲသေးကြောင်း သတိထားမိလိုက်၏။

ယဲ့ထျန်းရှင်းအား တောင်အနောက်ဘက်တွင် ထိန်းသိမ်းပြီးနောက် ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာသည်။ သူမက ရှစ်စွင်းကို မမြင်ဘဲ ဝမ်းပမ်းတနည်းမျက်နှာဖြင့် ထိုင်နေသော စန်းရှစ်ရှိုးကိုသာ မြင်လိုက်ရသည်။

“ ရှစ်ရှိုး ဘာဖြစ်လို့လဲ ”

တွမ့်မူရှန်းက လက်ခါပြကာ   “ဘာမှမဟုတ်ပါဘူး။ ရှစ်စွင်းက နည်းနည်း စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေလားလို့ ”

“ စိတ်နဲ့ကိုယ်နဲ့ မကပ်တာလား။ ရှစ်စွင်းက အခု ဘာလုပ်ခိုင်းလိုက်လို့လဲ ”

“ဟင့်အင်း … ဘာမှမလုပ်ခိုင်းဘူး။ ဒါပေမဲ့ တစ်ခုခုတော့ ပြောလိုက်တယ် ”

“ ဘာလဲ ”

“ ရှစ်စွင်းက နည်းနည်း မူးဝေနေပုံပဲ ” တွမ့်မူရှန်းက ပြောလိုက်သည်။

(ဆိုလိုတာက လုကျိုး ပြောလိုက်တဲ့ ကံပြန်ကောင်းလာပြီဆိုသော စကားထဲမှာ ကျွမ်း နှင့် ယွမ် ပါပြီးတော့ လှည့်တာက ကျွမ်း၊ မူးဝေတာက ယွမ် ဖြစ်တော့ တွမ့်မူရှန်းက မူးဝေဝေ ဖြစ်နေတယ်လို့ ထင်သွားတာပါ   )

မူးဝေဝေ ဖြစ်နေတာလား …

ရှောင်ယွမ်အာက ခေါင်းညိတ်ကာ   “ ရှစ်စွင်းက တစ်ရက်လုံး နတ်ခြင်္သေ့ စီးနင်းလာရတော့ ပင်ပန်းမူးဝေနေမှာပေါ့။ ဘာဖြစ်ဖြစ် သူက အသက်ကြီးနေပြီလေ ”

“ အဲလိုဖြစ်နိုင်တယ် ”

“ ရှစ်ရှိုး … ညီမတို့ သစ္စာဖောက်ကို ဘယ်လိုကိုင်တွယ်ကြမလဲ ”

“ငါတို့ လောင်စစ် အဆင့်တက်ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။ အဲလိုကိစ္စတွေက သူက အတော်ဆုံးလေ။ သစ္စာဖောက်ကို အပြစ်မပေးရရင် ငါတို့ရှစ်စွင်းကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ ”

တွမ့်မူရှန်းက ခက်ခက်ထန်ထန် ပြောလိုက်သည်။

“ ညီမ နားမလည်တာ တစ်ခုရှိတယ်။ သူမက ဂိုဏ်းကို စွန့်ခွာသွားပြီးပြီပဲ ဘာလို့များ ရှစ်စွင်းကို သတ်ချင်ရတာလဲ ” ရှောင်ယွမ်အာက ထိုအတွေးဖြင့် ဒေါသထွက်လာကာ မေးလိုက်သည်။

တွမ့်မူရှန်းက သက်ပြင်းချလိုက်ပြီး “ လျို့ရှစ်မေ့က တကယ်တေ့ာ ကံဆိုးရှာတယ် … ”

“ ကံဆိုးတာလား” ရှောင်ယွမ်အာက လက်ညှိုးချင်းတေ့ကာ ပြောလိုက်သည်။

“ ညီမလည်း တကယ်ကံဆိုးတာပဲ ”

တွမ့်မူရှန်းက ပြောစရာစကားပင် ရှာမတွေ့တော့ချေ  “ ငါ ဒဏ်ရာတွေ သွားကုလိုက်ဦးမယ်။ ဒီနေရာ မင်းဆီ အပ်ခဲ့မယ် ”

“ ရှစ်ရှိုး ဂရုစိုက်နော် ”

……….…

လုကျိုးက လက်ကျန်အမှတ်များကို တစ်ချက်ပြန်ကြည့်လိုက်သည်။ သူက ကံစမ်းမဲအပေါ် အမှတ်သုံးထောင်လုံး ဖြုန်းလိုက်ပြီ ဖြစ်၍ လက်ရှိ ၁၅၄၀ အမှတ်သာ ကျန်ရှိတော့သည်။ သူ့ကံကောင်းမှတ်မှာ ခြောက်ဆယ်နီးပါး ရှိနေလေပြီ။ သူ ထပ်ကံစမ်းသင့်လား စဉ်းစားနေဆဲ ဖြစ်၏။ သူက အမှန်တကယ် ကံဆိုးနေရှာသည်။

“ ကံစမ်းမဲ ”

“ တင် … ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ် ရရှိပါတယ် ”

သူ့တွင် ကံကောင်းမှတ် ၆၁ မှတ် ရှိသွားလေပြီ။

“ အရမ်းကောင်းတယ် ”

လုကျိုးက စိတ်ငြိမ်ငြိမ် ထားလိုက်သည်။ ယခု ရပ်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မကြိုးစားခင် လက်ဆေးဖို့ စဉ်းစားလိုက်သည်။ ထို့နောက် သူက စီမိသားစု စံအိမ်တော်အတွင်း ကောင်းကင်ကျမ်းကို ဖတ်လိုက်စဉ်အခါက လှိုင်းတွန့်လေးများကို ပြန်လည် တွေးမိသွားပြီး သူ့ဘာသာ ရေရွတ်လိုက်မိသည်။

“ ငါ့ကံတရားကို ပြောင်းဖို့ ကောင်းကင်ကျမ်းကို ဖတ်ရမယ် ”

All Chapters