ခိုလှုံခွင့် တောင်းခံခြင်း
Vol. 4 Ch. 50
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
မင်ရှစ်ရင်က သူ့စွမ်းအားအသစ်ကို ပြသဖို့ မစောင့်နိုင်တော့ပေ။ သူက စွမ်းအား ထုတ်လွှင့်လိုက်ပြီးနောက် တောင်အောက် မြန်မြန်ဆင်းရန် စိတ်အားတက်ကြွနေလေသည်။ သူက အကာအရံအပြင်ဘက်မှ ကျင့်ကြံသူများကို မြင်လိုက်သည့်အခါ အားရပါးရ ပြုံးရယ်လိုက်ပြီး
“ ဒုက္ခမိုင်တစ်ရာရှုကွင်း ”
သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်သို့ ရောက်ရှိသွားလေပြီ။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပေနှစ်ဆယ်မျှသာ ရှိသော်လည်း စွမ်းအားမှာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတို့ လာယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
အကာအရံအပြင်ဘက်မှ အမျိုးသမီး ကျင့်ကြံသူအုပ်စုက စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ အမူအရာတို့ ပြောင်းလဲကုန်ကြသည်။
“ စိတ်ဝိညာဉ်သဏ္ဌာန် … ဒုက္ခမိုင်တစ်ရာရှုကွင်းလား ” ဦးဆောင်လာသည့် အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ ပြေး ” တစ်ယောက်ယောက်က ထွက်ပြေးချင်နေသည်။
“ ခဏ … ဒီ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က သေးနေတယ်။ သူက အစောပိုင်း နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ပဲ ဖြစ်လိမ့်မယ်။ မိစ္ဆာခေါင်းဆောင်အိုကြီးရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ပေတစ်ရာကျော်တယ်။ သူ မဟုတ်ဘူး ”
“ ပြီးတော့ ငါတို့ ဘယ်ကိုများ ထွက်ပြေးနိုင်ဦးမှာလဲ ”
အမျိုးသမီး ကျင့်ကြံသူများက စိုးရိမ်တကြီး ဆွေးနွေးနေစဉ် ပေနှစ်ဆယ်အမြင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်က သူတို့နား ရောက်ရှိလာသည်။
မင်ရှစ်ရင်က သူတို့အား ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ မင်းတို့က ဘယ်သူလဲ … ရွှေနန်းဥယျာဉ်တောင် နယ်နမိတ်ကို ကျူးကျော်ရဲတယ်ပေါ့ ”
အမျိုးသမီး ကျင့်ကြံသူအားလုံးက ဒူးထောက်လိုက်ကြသည်။
“ ဟမ် ” မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ ဤသည်မှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။ သူ စိတ်ကူးထားသော မြင်ကွင်းမှာ သူတို့အားလုံးကို အညံ့ခံခိုင်းသော်လည်း သူတို့က ငြင်းပယ်မည် ဖြစ်ကာ နောက်ဆုံးတွင် အကောင်းဆုံးတိုက်ကွက်ဖြင့် သူတို့ကို သတ်လိုက်ရမည် ဖြစ်၏။ သူတို့က သူ ပေါ်လာသည်နှင့် ဒူးထောက်ကာ တောင်းပန်ရသည့် အကြောင်းအရင်းအား နားမလည်နိုင်ပေ။
ဦးဆောင်သူ အမျိုးသမီး ကျင့်ကြံသူက သတ္တိစုစည်းကာ လေထဲရှိနေသည့် မင်ရှစ်ရင်အား မော့ကြည့်လိုက်သည်။ သူမက ဤလူကို မသိကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း ဤလူမှာ ရွှေနန်းဥယျာဉ်တောင်မှ မိစ္ဆာခေါင်းဆောင် မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။
“ ကျွန်မတို့က လရောင်ဆွတ်နန်းဆောင်က တပည့်တွေပါ။ စီနီယာ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါ ”
“ ကွန်မတို့ကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ ကျေးဇူးရှင် ”
အမျိုးသမီး ကျင့်ကြံသူအားလုံးက တစ်ပြိုင်နက် ဦးညွတ်ကာ ငိုကြွေးလိုက်ကြသည်။
မင်ရှစ်ရင်က ရှက်ကာ နောက်ဆုတ်လိုက်မိသည်။ ထိုအမျိုးသမီး ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ဖို့ ရောက်နေကြခြင်း မဟုတ်ဘဲ သူ့လျို့ရှစ်မေ့အတွက် ရောက်လာကြခြင်း ဖြစ်၏။
ရှစ်စွင်းက ယဲ့ထျန်းရှင်း၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ခဲ့ကာ ပြန်လည်သုံးသပ်ရေးဂူထဲ ပိတ်ထားသောကြောင့် လရောင်ဆွတ်နန်းဆောင်မှ တပည့်များက ခေါင်းဆောင် ပျောက်သွားခဲ့ရသည်။ ထိုစဉ် တာ့ယန်တောင်ပိုင်းရှိ ဂိုဏ်းသုံးဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်နှင့် ထိပ်တိုက် မတွေ့လိုသောကြောင့် သူတို့ဒေါသများအား လရောင်ဆွတ်နန်းဆောင်ဆီ ပုံချခဲ့ကြသည်။ ပြဿနာမှာ သူတို့ အကူအညီလိုနေလျှင်ပင် ရွှေနန်းဥယျာဉ်တောင်ဆီ မလာသင့်ပေ။
မင်ရှစ်ရင်က တွေဝေသွားကာ သူတို့ကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။ စုစုပေါင်း အမျိုးသမီး အယောက်တစ်ရာလောက် ရှိနေပြီး တချို့က ဆံပင်များ ရှုပ်ပွနေကာ တချို့ကား ဆိုးဆိုးရွားရွား ဒဏ်ရာရထားကြပြီး တချို့က သူတို့ဘာသာပင် မတ်မတ်မရပ်နိုင်ကြတော့ပေ။
သူက သက်ပြင်းချကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက်ရင်း လေထဲမှ ဆင်းသက်လာလိုက်သည်။
“လျို့ရှစ်မေ့က ဂိုဏ်းကို စွန့်ပစ်ပြီး ရှစ်စွင်းအပေါ် သစ္စာဖောက်လို့ တောင်အနောက်ဘက်မှာ ပိတ်လှောင်ခံထားရတယ်။ မင်းတို့တွေကလည်း လရောင်ဆွတ်နန်းဆောင်ကဆိုတော့ အပြစ်ပေးခံရသင့်တယ်။ အဲဒါတောင် မင်းတို့တွေ ဒီကို ရောက်လာတယ်ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ” မင်ရှစ်ရင်က ခြောက်လန့်လျက် ပြောလိုက်သည်။
ရွှေနန်းဥယျာဉ်တောင် နာမည်ဆိုးဖြင့် ကျော်ကြားခြင်းက အခြေအမြစ်မရှိဘဲ ဖြစ်လာခြင်း မဟုတ်ပေ။
“ စီနီယာ … ကျွန်မတို့ နန်းဆောင်အရှင်မရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ကျွန်မတို့ကို ကယ်ပါ ”
အမျိုးသမီးကျင့်ကြံသူများက ဆက်လက်တောင်းဆိုလိုက်ကြသည်။
ဤသည်မှာ မင်ရှစ်ရင် မျှော်မှန်းထားသည့်ထက် ကျော်လွန်နေလေပြီ။ လရောင်ဆွတ်နန်းဆောင်က အခြေအနေအရမ်းဆိုးကာ ဘယ်နေရာမှ သွားစရာမရှိတော့တာလားဟု တွေးလိုက်မိ၏။
“ မရဘူး ” သူက လှည့်ထွက်သွားလိုက်သည်။
‘ လာနောက်နေတာလား … မင်းတို့ ရှင်တာ သေတာက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ မင်းတို့ကို မသတ်လိုက်တာတောင် ကံကောင်းတယ်လို့ မှတ်ယူသင့်နေပြီ ’
သူက လှည့်ထွက်သွားတော့မည့်အချိန် အဝေးတစ်နေရာမှ သဘာဝလွန် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။
“ အိုး ”မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသော ကောင်းကင်ယံကို တိမ်မည်းများ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။
ထိုအရာကို ကြားပြီး လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဖြူဖျော့ကုန်ကာ အကာအရံဆီ ပြေးလာကြသည်။ ကံဆိုးသည်မှာ ရွှေနန်းဥယျာဉ်တောင်ရှိ လူများသာ အကာအရံကို စိတ်ကြိုက်ဖြတ်သန်းသွားလာနိုင်ပေသည်။ သူတို့ မည်မျှကြိုးစားစေကာမူ အကာအရံက တုန်တုန်ပင် မလှုပ်ဘဲ တောင်ထဲ မဝင်နိုင်အောင် ကာဆီးထားလေ၏။
မင်ရှစ်ရင်က ထိုအုပ်စုကို လျစ်လျူရှုထားပြီး တိမ်မည်းကိုသာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ သူ့အလိုလိုသိစိတ်မှ ထိုအရာမှာ အကြံဆိုးဖြင့် ရောက်လာကြောင်း ပြောနေသည်။ ထို့အပြင် ဤနည်းဖြင့် ရောက်လာသူမှာ အင်အားကြီးပုဂ္ဂိုလ်သာ ဖြစ်ရပေမည်။
“ မိစ္ဆာဘုရားကျောင်းကလူတွေ ရောက်လာပြီ”
“ အဲဒါ မိစ္ဆာဘုရားကျောင်းပဲ ”
“ စီနီယာ ကျေးဇူးပြုပြီးတော့ ဖြတ်သွားခွင့်ပေးပါ ”
“ ကျွန်မတို့ အလုပ်အကျွေးပြုပါ့မယ် ”
‘သူတို့က လောကကို ဗြောင်းဆန်အောင်လုပ်ထားတဲ့ ယဲ့ထျန်းရှင်း လက်အောက် လရောင်ဆွတ်နန်းဆောင်က လူတွေရော ဟုတ်ရဲ့လား ’ မင်ရှစ်ရင်က သူတို့အား တစ်ချက် ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားလေသည်။
အင်အားစုတစ်ခုက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ဆုံးရှုံးထားရသည့်အခါ ကျန်ရှိနေသော နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများက မည်မျှအားကောင်းစေကာမူ ကိစ္စတစ်ခုခု ပြီးမြောက်ဖို့ရာ လုပ်နိုင်စွမ်းမရှိသည့် လက်အောက်ခံမျှသာ ဖြစ်ကြ၏။
“ မိစ္ဆာဘုရားကျောင်းလား ” မင်ရှစ်ရင်က ထူးဆန်းကြောင်း ခံစားမိ၏။ လရောင်ဆွတ်နန်းဆောင်ကို တာ့ယန်တောင်ပိုင်း ဂိုဏ်းသုံးဂိုဏ်းသာ တိုက်ခိုက်သင့်ပေရာ မိစ္ဆာဘုရားကျောင်းက မည်သည့်နေရာမှ ပါဝင်လာသနည်း။
သူက အမျိုးသမီး ကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်မပျော်တော့ပေ။
‘ရယ်စရာကောင်းလိုက်တာ … ရွေနန်းဥယျာဉ်တေင်ထက် ကြောက်ဖို့ကောင်းတဲ့ဟာ ရှိသေးတယ်လား။ သူတို့က ရွှေနန်းဥယျာဉ်တောင်ကို မကြောက်ဘဲနဲ့ မိစ္ဆာဘုရားကျောင်းကို ဘာလို့များ ကြောက်နေရတာလဲ ’
တိမ်မည်းများ အနီးမရောက်လာခင် မင်ရှစ်ရင်က ထိုအရာကို အသေအချာ မြင်လိုက်ရသည်။ ဤသည်မှာ တိမ်မည်း မဟုတ်ဘဲ ကျင့်ကြံသူများစွာဖြင့် ဖွဲ့တည်ထားသော အစီအရင်တစ်ခု ဖြစ်ကာ ထိုလူများက အဖြူဝတ်ရုံများ ဝတ်ဆင်ထားကြသည်။ အစီအရင်အလယ်၌ မည်းနက်နေသည့် နဂါးရထားလုံးတစ်ခု ရှိနေသည်။
“ စိတ်ဝင်စားစရာပဲ ” မင်ရှစ်ရင်က လက်နောက်ပစ်ကာ တိတ်တဆိတ် စောင့်နေလိုက်သည်။
ပေနက်လွှာထိပ်ဆုံးသုံးယောက်မှာ ကျိထျန်းတောက်၊ ယွီကျန့်ဟိုင်နှင့် ကျို့ရှင်းချန်တို့ ဖြစ်ကြသည်။
ပေနက်လွှာအဆင့်ဇယားမှာ ကျင့်ကြံသူများ၏ မကောင်းမှုများဖြင့် တိုင်းတားထားသည် ဖြစ်ပြီး ကျင့်ကြံဆင့်ဖြင့် မဟုတ်ချေ။ သို့သော်လည်း ယေဘုယျအားဖြင့် ပေနက်လွှာအတွင်း စာရင်းဝင်သူများက အင်မတန် အားကောင်းသူများ သို့မဟုတ် အင်မတန် ဉာဏ်များသူများ ဖြစ်ကြသည်။
ရထားလုံးပေါ်မှ လူမှာ ပေနက်လွှာ တတိယအဆင့်ဝင် ကျို့ရှင်းချန် ဖြစ်ပြီး မိစ္ဆာဘုရားကျောင်း၏ နံပါတ်တစ် ကျင့်ကြံသူလည်း ဖြစ်ပေသည်။ သူတို့ဂိုဏ်းချုပ်ပြီးလျှင် သူ ဖြစ်၏။
မင်ရှစ်ရင်အား ထူးဆန်းကြောင်း ခံစားရစေသည်မှာ သူတို့က လရောင်ဆွတ်နန်းဆောင်အား ရုတ်တရက် တိုက်ခိုက်သည့် အကြောင်းအရင်း ဖြစ်၏။ မိစ္ဆာဘုရားကျောင်းနှင့် ရွှေနန်းဥယျာဉ်တောင်တို့က ကိုယ့်အလုပ်သာ လုပ်ခဲ့ကြသည်။
ဒေါင်
နဂါးနက် ရထားလုံးဆီမှ ခေါင်းလောင်းသံက နားဝင်မချိုပေ။
နောက်ဆုံးတွင် ရထားလုံးက အကာအရံနှင့် မီတာရာချီအကွာတွင် ရပ်တန့်သွားကာ ခေါင်းလောင်းသံလည်း မမြည်တော့ပေ။ မင်ရှစ်ရင်က မလှုပ်မရှားဘဲ ရထားလုံးနှင့် ဘေးရှိ ကျင့်ကြံသူများကို လေ့လာကြည့်လိုက်ပြီးနောက် ခြောက်ခြားဖွယ်ကောင်းကြောင်း သိလိုက်ရသည်။
ခဏတာတိတ်ဆိတ်နေပြီးနောက် ရထားလုံးဆီမှ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦး ထွက်လာသည်။ သူက ရထားလုံးနှင့် အကာအရံကြား ရပ်လိုက်ကာ ဦးညွတ်လိုက်ပြီးနောက် ယဉ်ယဉ်ကျေးကျေး စကားဆိုလိုက်သည်။
“ မိစ္ဆာဘုရားကျောင်းက ရွှေနန်းဥယျာဉ်တောင်ကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျုပ်တို့ဆီ ဒီအမျိုးသမီး ကျင့်ကြံသူအုပ်စုကို ပေးလို့ရမလား ”
မင်ရှစ်ရင်က တုန်တုန်ယင်ယင် ဖြစ်နေသည့် အမျိုးသမီး ကျင့်ကြံသူအုပ်စုကို ကြည့်ကာ တွေးလိုက်မိသည်။
“ ငါသာ ဒီကောင်လို ပုံစံမျိုး ဝတ်ထားရင် ပိုကြောက်ဖို့ ကောင်းသွားမယ်တူတယ် ”
“ ကြိုက်သလိုသာလုပ် ” သူက ပြောပြီးနောက် အကာအရံထဲ ဖြတ်သွားလိုက်သည်။
“ ကျေးဇူးပါ … ကျုပ်တို့ တစ်ရက်ကျ ကျေးဇူးတင်ကြောင်း လာပြသပါ့မယ် ”
ကတုံးပြောင် ကျင့်ကြံသူက ပြောလိုက်သည်။ လက်ဟန်ပြလိုက်သည်နှင့် ရထားလုံးဝန်းကျင်မှ ကျင့်ကြံသူများက အမျိုးသမီးကျင့်ကြံသူအုပ်စုထံ ကျိုင်းကောင်များသဖွယ် အပြေးအလွှား ရောက်လာကြသည်။
“ ခဏနေဦး ” မင်ရှစ်ရင်က တစ်ခါထွက်လာပြန်သည်။
“ တခြားကိစ္စများ ရှိသေးလို့လား ”
“ ငါ ရှစ်စွင်းရဲ့ ပုံစံအသစ်ကို မေ့တော့မလို့ … သူက ဒီရက်ပိုင်း လူတွေကို ကြင်ကြင်နာနာ ဆက်ဆံရတာ သဘောကျတယ်လေ” သူ ပြောလိုက်ပြီးနောက် လက်မြှောက်လိုက်သည်။ သူ့ဘေးရှိ အကာအရံမှ လှုပ်ခါသွားသောကြောင့် အမျိုးသမီး ကျင့်ကြံသူများက ယိမ်းယိုင်သွားကာ လဲကျသွားကြသည်။
ကတုံးပြောင် ကျင့်ကြံသူ၏ အပြောကြောင့် အမျိုးသမီး ကျင့်ကြံသူအုပ်စုက ထိုလူသည် ရွှေနန်းဥယျာဉ်တောင်၏ လေးယောက်မြောက် တပည့် ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့ အကာအရံထဲ ရောက်သွားပြီးနောက် ဒူးထောက်ကာ ငိုကြွေးလိုက်ကြသည်။
“ ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ထိုစဉ် ကတုံးပြောင် ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ “ ဘာလို့စကားကို ပြန်ရုတ်သိမ်းတာလဲ ”
သူက အသံခပ်ဩဩဖြင့် မပျော်မရွှင် ပြောလိုက်သည်။
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း …
လုကျိုးက ထိုင်ခုံပေါ် နောက်မှီထိုင်နေရင်း ခဏအနားယူနေစဉ် စနစ်ဆီမှ အချက်ပေးသံကို ကြားလိုက်ရသည်။
“ တင်း … ရိုသေလေးစားခံရတဲ့အတွက် ကုသိုလ်ရမှတ် ၁၄၅၀ ရရှိပါမယ် ”