တားမြစ်ပင်လယ်ဝေလနဂါး ( ၂ )
Vol. 9 Ch. 132
“ ဝေလနဂါး ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်ကာ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ နဂါးဟိန်းသံ မြည်ဟည်းလာပြီး သူ့ဗိုက်ထဲမှ နဂါးတစ်ကောင် သို့မဟုတ် ဝေလငါးတစ်ကောင်နှင့်ဆင်တူသော ခေါင်းကြီးတစ်ခေါင်း ထွက်လာသည်။
၎င်းက မည်းနက်တောက်ပြောင်နေပြီး ၎င်းကို ကြည့်မိသည်နှင့် အလွန် နက်ရှိုင်းသောခံစားချက်တစ်မျိုး ခံစားလိုက်ရမည် ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းက တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေ၏။
၎င်းက ဟိန်းဟောက်လိုက်ပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ထွက်လာကာ ကြီးသည်ထက် ကြီးလာသည်။ ၎င်းက အကာအကွယ်အလွှာကို ချိုးဖောက်၍ ဝေဟင်ကို တဟုန်ထိုး ပျံတက်သွားသည်။ ထို့နောက် ၎င်း၏တစ်ကိုယ်လုံး ပေါ်လာတော့သည်။
၎င်း၏ဧရာမခန္ဓာကိုယ်ကြီးက ပေရှစ်ရာရှည်လျားပြီး ဝိညာဉ်ကို တုန်ခါသွားစေနိုင်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်း၏ လူးလွန့်နေသော ခြေလက်တစ်ခုချင်းစီက အပြာရောင်ဝင်းလက်နေသည်။
၎င်း၏ ဆွဲဆောင်ခြင်း ခံလိုက်ရသည့်အလား ပင်လယ်ရေမျက်နှာပြင်က ချက်ချင်း တဝုန်းဝုန်းမြည်ဟည်းကာ လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည်။ ထိုဝေလနဂါးကြီးက အောက်သို့ ဘုန်းခနဲ ရိုက်ချလိုက်လျှင်ပင် ငလျင်များလှုပ်ကာ ရေကြီးသွားစေရန် လုံလောက်သည်။
ဘေးပတ်ဝန်းကျင်ရှိ မှော်လှေကလေးများပေါ်မှ ဂိုဏ်းသားအားလုံး တအံ့တသြ ဖြစ်သွားကြသည်။
“ တားမြစ်ပင်လယ်ဝေလနဂါး ”
“ ဒါ ပင်လယ်အသွင်ပြောင်းပညာရပ်အဆင့်ရှစ်က အထူးမန္တန်ပဲ။ ဒါပေမဲ့ အဆင့်ရှစ်ရောက်တိုင်း ဒီလိုဝေလနဂါးမျိုးကို ထုတ်ဖော်နိုင်တာ မဟုတ်ဘူး။ အဲဒီပညာရပ်ကို အဆင့်လွန်အထိ နားလည်နေမှ ဒီလိုမျိုး လုပ်နိုင်တာ ”
“ စောစောတုန်းက ရွှီချင်း ထုတ်လိုက်တဲ့ အပြင်အားတောင် ကြောက်စရာကောင်းနေပြီ။ အခု သူ့မန္တန်ကလည်း အဆင့်ရှစ်ကိုတောင် ရောက်သွားတာပါလား ”
“ သိပ်ကြမ်းတဲ့တိုက်ရည်ခိုက်ရည် …. ”
လူအားလုံး ဆွံ့အနေကြသည်။
ရွှီချင်းသည် မှော်လှေကလေးပေါ်တွင် တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သည်။ သူက ဝေဟင်တွင် ပျံသန်းနေသော ဝေလနဂါးကြီးကို ကြည့်၍ မျက်လုံးများ ဝင်းလက်နေသည်။ ယနေ့ကို သူ စောင့်နေခဲ့ခြင်း ဖြစ်၏။
ပင်လယ်အသွင်ပြောင်းပညာရပ်ထဲရှိ မှတ်တမ်းများအရ အဆင့်ရှစ်ကို ရောက်သွားသည့်အခါ ပေရှစ်ရာရှည်သော တားမြစ်ပင်လယ်က တားမြစ်ပင်လယ်ဝေလနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။ ထိုဝေလနဂါးသည် မန္တန်မှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထာဝရတည်ရှိနေတော့မည် ဖြစ်သည်။
၎င်းက ပင်လယ်ထဲ ကူးခတ်သွားနိုင်သည်ဖြစ်ပြီး သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ၏ လှေများကို အဖော်အဖြစ် စောင့်ရှောက်ပေးနိုင်သည်။
ထို့ကြောင့် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ ပင်လယ်ပြင်ကို ထွက်သည့်အခါ ကြီးမားသော အကူအညီ ရသည်။
သို့သော်လည်း ပညာရပ်အား အဆင့်လွန်အထိ နားလည်ရန် လိုအပ်ပြီး အဆင့်ရှစ်ကို ရောက်သည့်ဂိုဏ်းသားတိုင်း ၎င်းကို မထုတ်ဖော်နိုင်ကြချေ။
“ နောက်ဆုံးကျ ဒီအဆင့်ကို ငါ ရောက်သွားပြီပဲ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး တွေးတောလိုက်ရာ ဝေဟင်တွင် ပျံသန်းနေသော ဝေလနဂါးကြီးက ရုတ်တရက် ပင်လယ်ရေမျက်နှာပြင်ပေါ် ဆင်းသက်လာရာ လှိုင်းထန်သွားတော့သည်။ ၎င်း၏ပုံရိပ်သည်လည်း ပင်လယ်နှင့် ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်း၏ အတွေးသည်သာ ပင်လယ်ထဲရှိ ၎င်း၏ပုံစံကို စုစည်းနိုင်သည်။
တားမြစ်ပင်လယ်ဝေလနဂါးက အမှန်တကယ်တော့ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများအတွက် ရေဝေကြောတစ်ခု ဖြစ်သည်။
“ ငါ အခုချိန် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနဲ့ ပင်လယ်ထဲ ထိပ်တိုက်ဆုံရင် သူ့ကို သတ်နိုင်ဖို့ အခွင့်အရေးများတယ် ”
ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။
“ တိုက်ပွဲက ပင်လယ်ထဲ မဟုတ်ရင်တောင် ငါ အစွမ်းကုန်တိုက်ခိုက်ရင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်လောက်တယ် ”
“ အခုလောလောဆယ် အရင်ဆုံး ငါ ပင်လယ်ထဲ သွားရမယ်။ ရင်းမြစ်တွေ စုဆောင်းဖို့နဲ့ ငါ့ကျင့်ကြံခြင်းကိုလည်း အသားကျအောင် လုပ်ရမယ်။ ငါ ပြန်ရောက်ရင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အတတ်နိုင်ဆုံး မြန်မြန်သတ်နိုင်အောင် နည်းလမ်းတွေ ရှာရမယ် ”
“ မနက်ကျရင် ငါ့မှော်လှေကို သွားပြီး အဆင့်မြှင့်တင်ရမယ်။ မှော်လှေကို မြန်မြန်ပြုပြင်ပြီးရင် မနက်ဖန် ထွက်မယ်။ နောက်ကျရင်တော့ သဘက်ခါမှပဲ ပင်လယ်ထဲ သွားမယ် ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ် အဆင့်တက်သွားခြင်းကြောင့် သူ့အရိပ်သည်လည်း ပို၍ ပေါ့ပါးသွက်လက်လာသည်ကို သူ အာရုံခံမိလိုက်သည်။
ယင်းကြောင့် သူ့ကိုယ်သူ ပို၍ ယုံကြည်မှုရှိလာ၏။
တချိန်တည်းမှာပင် သူ၏ဝေလနဂါးကြီး ပေါ်ထွက်လာပြီး ဟိန်းဟောက်လိုက်ရာ ထိုဟိန်းသံက ဆိပ်ကမ်းတစ်လျှောက် ပျံ့လွင့်သွားပြီး တခြားဆိပ်ကမ်းများမှ ဂိုဏ်းသားများသည်လည်း ထိုအသံကို ကြားလိုက်ကြရသည်။
ထိုအသံသည် အလွန်ထူးခြားပြီး အပြင်လူများအနေဖြင့် မသိနိုင်ပါသော်လည်း သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများက ထိုအသံကို ရင်းနှီးနေပြီးသား ဖြစ်သည်။
“ တစ်ယောက်ယောက်တော့ အဆင့်ရှစ်ကို ရောက်ပြီး ဝေလနဂါးကိုတောင် ဖော်ထုတ်နိုင်ပြီဟေ့။ ဒီအရှိန်အဝါမျိုးက သာမန်မဟုတ်ဘူး။ စိတ်ဝင်စားစရာပဲ ”
ကမ်းရိုးတန်းစောင့်ဌာနထဲရှိ ဆိပ်ကမ်းနံပါတ်သုံးဆယ့်နှစ်တွင် ဌာနဆိုင်ရာစစ်သင်္ဘောကြီးက ဆိပ်ကမ်းမှ တဖြည်းဖြည်း ခွာနေသည်။ ကမ်းရိုးတန်းစောင့်ဌာနမှ စစ်သင်္ဘောကြီးက တခြားဂိုဏ်းသားများ၏ မှော်လှေကလေးများနှင့်မတူညီဘဲ ဂိုဏ်းမှ အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။
စစ်သင်္ဘောထိပ်ဦး၌ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုလူငယ်၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ၏အပြာရောင်ဆံပင်ရှည်များအောက်တွင် ရွှေရောင်မျက်ဝန်းတစ်စုံရှိပြီး အဝေးသို့ ကြည့်၍ တီးတိုးရေရွတ်လိုက်ခြင်း ဖြစ်ပေသည်။
“ ဂိုဏ်းတူအစ်ကိုတင်း၊ ကျနော်တို့ စုံစမ်းပေးရမလား ”
သူ့နောက်ရှိ ကမ်းရိုးတန်းစောင့်ဌာနမှ ဂိုဏ်းသားခုနစ်ယောက်၊ ရှစ်ယောက်အနက် တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။
ထိုဂိုဏ်းသားများထဲတွင် ကျိုးချင်ဖုန်းလည်း ပါသည်။သူက သတိကြီးသောအမူအရာဖြင့် နောက်၌ ရပ်နေသည်။
သူက တွေ့ဆုံပွဲနေ့က ပြောခဲ့သည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကမ်းရိုးတန်းစောင့်ဌာန၏ ကောင်းကင်လက်ရွေးစင်နှင့် မိတ်ဆက်ပေးခြင်းခံခဲ့ရသည်မှာ ထင်ရှားသည်။ သူ၏ရှေ့ရှိ လူငယ်က သတ္တမမြောက်တောင်ထိပ်၏ နံပါတ်တစ်ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူအဖြစ် နာမည်ကြီးသော တင်းရှောင်ဟိုင် ဖြစ်သည်။ တချို့အဓိကဂိုဏ်းသားများသည်ပင် တင်းရှောင်ဟိုင်ကို တာအိုမိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံကြရသည်။
“ ငါတို့ ပြန်ရောက်တော့မှပဲ အဲဒီအကြောင်း ပြောကြတာပေါ့ ”
တင်းရှောင်ဟိုင်က တည်ငြိမ်စွာ ပြော၍ အကြည့်လွှဲလိုက်သည်။
တချိန်တည်းမှာပင် လူဆိုးထိန်းဌာနထဲ၌ အမှတ်ခြောက်အသင်းခေါင်းဆောင်က ကုလားထိုင်တစ်လုံးပေါ်တွင် သက်သောင့်သက်သာ လှဲနေသည်။ သူက ရှားပါးသော ပဉ္စဂံပုစံသစ်သီးတစ်လုံးကို လက်ထဲ ဆုပ်ကိုင်ထားပြီး ပျော်ရွှင်စွာ စားနေသည်။ သူက တစ်ခုခုကို အာရုံခံမိသည့်အလား ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးရှိရာသို့ လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ ဒီနေ့ သူ စိတ်ကြည်လင်နေလို့ အဆင့်တက်သွားတာပဲ။ ဒီကလေး … ငါ သူ့ကို သဘောကျတယ်။ ဒါပေမဲ့ သူက အစွမ်းနိမ့်ကျနေသေးတုံးပဲ။ ဘယ်လိုလုပ် ငါ့အသင်းဝင်တစ်ယောက်က ဒီလောက် အစွမ်းနိမ့်ကျနေရတာလဲ။ လူနည်းနည်းပါးပါးလောက် သူ သတ်ရအောင် စီစဉ်ပေးလိုက်သင့်လား ”
အမှတ်ခြောက်အသင်းခေါင်းဆောင်သည် ကျန်းစန်းပြောသည့်အတိုင်း လူညစ်ပတ်တစ်ယောက်ဖြစ်သည်။ သူက အသီးကို အောက်ချလိုက်ပြီး ထိုမေးခွန်းကို အမှန်အကန် စဉ်းစားကြည့်လိုက်သည်။
ထိုညက ရွှီချင်း၏ ဝေလနဂါးသည် သတ္တမမြောက်တောင်ထိပ်မှ လူအများအပြား၏အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ရောထွေးသောခံစားချက်များ ဖြစ်သွားစေခဲ့သည်။ တချို့လူများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာကြပြီး တချို့ကတော့ မနာလိုဖြစ်နေကြသည်။
ယင်းအပြင် ဝမ်းနည်းကြေကွဲကာ အကြီးအကျယ်ဒေါသထွက်နေသည့်လူူများလည်း ရှိပြီး ထိုလူများအနေဖြင့် သူတို့ဒေါသကို ဖြေဖျောက်ရန် ထွက်ပေါက်ရှာမတွေ့ကြပေ။
ထိုလူများမှာ ရေသူမမျိုးနွယ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအချိန်၌ ရေသူထီးလူငယ် သေဆုံးသွားခဲ့သည့် လမ်းကြားလေးထဲတွင် လူရိပ်များစွာ ရှိနေသည်။ ထိပ်ဆုံးမှ လူနှစ်ယောက်ဖြစ်သော အရပ်ရှည်ရှည်တစ်ယောက်နှင့် အရပ်ပုပုတစ်ယောက်တစ်တစ်ယောက်တို့မှာ ရေသူထီးလူငယ်၏ အစ်မတော်များဖြစ်ကြပြီး တတိယမင်းသား၏ ချစ်သူများလည်း ဖြစ်ပေသည်။
သူတို့နှစ်ယောက်အနက် အစ်မကြီးဖြစ်သူက အလွန် တည်ငြိမ်နေဟန်ရှိပါသော်လည်း ညီမလေးက တဆတ်ဆတ်တုန်ရီနေသည်။ သူမ၏အသက်ရှူသံက မြန်ဆန်နေပြီး သူမ၏မျက်နှာပေါ်ရှိ အကျိတ်များက ထောင်မတ်နေသည်။ သူမ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။
ဘေးတွင် ရေသူမမျိုးနွယ်မှ အဘိုးအိုတစ်ယောက်က နာကြည်းနေသော အမူအရာဖြင့် ရပ်နေပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ အရှင့်သားရဲ့အငွေ့အသက်က ဒီနေရာမှာတင် ပျောက်သွားတာ။ ခြေရာလက်ရာတွေလည်း မကျန်ခဲ့ဘူး။ ဒါပေမဲ့ အရှင့်သားရဲ့ ခွန်အားနဲ့ အဆင့်အတန်းအရဆို သူ မသေလောက်ဖို့ များပါတယ်။ ပျောက်နေတာပဲနေမှာ။ မျိုးနွယ်စုထဲက အရှင့်သားရဲ့သက်စောင့်ပေလွှာများ … ”
“ အရှင့်သားရဲ့သက်စောင့်ပေလွှာ ပျက်စီးသွားပါပြီ ”
အဘိုးအို၏ စကားမဆုံးခင် ရေသူမမျိုးနွယ်ညီအစ်မနှစ်ယောက်အနက် ညီမဖြစ်သူက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
အဘိုးအို ငြိမ်ကျသွားပြီး သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
တာအိုစောင့်ရှောက်သူတစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့် သူ၏အဆုံးသတ်က မည်သို့ဖြစ်သွားမည်ကို သူ သိသည်။ သို့သော်လည်း အရှင့်သားက သူ့နောက်ကို မလိုက်ရန် တင်းတင်းကြပ်ကြပ် တောင်းဆိုခဲ့ပြီး အရှင့်သား၏ ဝါသနာကိုလည်း သူ ရိပ်မိနေခဲ့သည်။
သို့ပေမည့် မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ အရာမျိုး ဖြစ်ပျက်လာမည်ဟု သူ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ချေ။
“ ချီရွှဲ့ထုံဂိုဏ်းက အထက်ပုဂ္ဂိုလ်တွေရဲ့လက်ချက်များလား ”
အဘိုးအိုက ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်းက အထက်ပုဂ္ဂိုလ်တွေက သတ်ချင်ရင် ဒီလိုပုန်းလျှိုးကွယ်လျှိုးလုပ်နေပါ့မလား ”
“ ဆက်ရှာလိုက်၊ အထူးသဖြင့် အရှင့်သားရဲ့ သိုလှောင်အိတ်ထဲက ဆန္ဒမွန်သေတ္တာပဲ။ အဲဒီပစ္စည်းက သိပ်အရေးကြီးတယ်။ တခြားလူလက်ထဲ ရောက်သွားလို့မဖြစ်ဘူး ”
ရေသူမများအနက် အစ်မကြီးက အသက်ပြင်းပြင်းရှိုက်သွင်းကာ အေးတိအေးစက်ပြောလိုက်သည်။
“ အစ်မ၊ အရှင့်သားက သေသွားတာလေ။ ညီမတို့ အရှင့်သားအတွက် လက်စားချေပေးရမှာကို ဘာလို့အစ်မက အဲဒီဆန္ဒမွန်သေတ္တာကိုပဲ အာရုံစိုက်နေရတာတုံး ”
ညီမလေးက အစ်မဖြစ်သူကို မကျေမနပ်ဖြင့် ပြောသည်။
“ အဲဒီဆန္ဒမွန်သေတ္တာ ဘယ်လောက်အရေးကြီးလဲ နင် သိလား။ အဲဒါ အရင်ခေတ်က လက်ဆောင်တစ်ခုဟ ”
“ အရှင့်သား သေသွားတာကိုပဲ ညီမ သိတယ်။ အဲဒီလူသတ်သမားကို ညီမတို့ ရှာရမယ် ”
ညီမနှစ်ယောက်အကြည့်ချင်း ဆုံသွားသည်။ ခဏအကြာ အစ်မကြီးဖြစ်သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ နင်က လက်စားချေ၊ ငါက သေတ္တာကို ယူမယ်။ ငါတို့နှစ်ယောက်လုံး အတူလုပ်တာပေါ့။ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်လို့ အရှင်သားတော်မှာ သွေးမျိုးဆက်အမှတ်အသားရှိတယ်။ ငါတို့လူသတ်သမားနဲ့ အနီးကပ် ကြုံရင် အဲဒါကို အာရုံခံမိမှာပဲ ”
“ အခုချိန်မှာ အရှင့်သားသတ်ခဲ့တဲ့ လူတွေရဲ့ မိသားစုဝင်တွေကော၊ အရှင်သားနဲ့ ရန်စရှိတဲ့လူတွေကော ရှာကြမယ်။ ငါတို့ တစ်ယောက်ချင်း စစ်ဆေးကြည့်မယ်။ ငါ့မျိုးနွယ်က သခင်လေးတစ်ယောက်ကို သတ်ဖြတ်ရလောက်အောင် ဘယ်သူက ဒီလောက် သတ္တိကောင်းနေလဲ ငါ တကယ် သိချင်တယ် ”
“ အဲဒီကောင်ကို တွေ့ရင် အဲဒီကောင်နဲ့သူ့မိသားစုကိုပါ မသေမရှင်ဖြစ်အောင် နှိပ်စက်မယ်။ သူတို့အားလုံး နာကျင်ခံစားပြီး သူတို့ဝိညာဉ်တွေကို ငါးတွေဖြစ်သွားတဲ့အထိ လုပ်ပစ်မယ်။ သူတို့ကို အရှင်လတ်လတ် ကိုက်စားပစ်မယ် ”
ညီမဖြစ်သူက အံတင်းတင်းကြိတ်နေပြီး မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။