ကျန်းစန်း၏ ရင်းနှီးမြှုပ်နှံမှု ( ၁ )
Vol. 9 Ch. 133
ချီရွှဲ့ထုံဂိုဏ်းမှလူအများစုအတွက် ယနေ့ညက ပုံမှန်ညတစ်ညသာ ဖြစ်ပါသော်လည်း လူနည်းစုအတွက်တော့ မတူညီပေ။
တချို့က ခံစားချက်များဖြင့် သက်ပြင်းချလိုက်ကြပြီး ထူးထူးခြားခြားအစွမ်းထက်နေသည့်အတွက် သူ့ကို မနာလိုဖြစ်နေကြသည်။
တချို့က ဒေါသထွက်နေကြပြီး သူ့ကို အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်နေသည်။
လူတစ်ယောက်က ကျောက်ကုလားထိုင်လေးပေါ် ထိုင်နေခဲ့ပြီး သူ့ဘေးတွင်လည်း တောင်ကုန်းလေးတစ်ခုအလား အသီးများ စုပုံနေသည်။
တည်းခိုခန်းထဲရှိ လူတစ်ယောက်က ခါးသက်သက်ခံစားနေရပြီး ကြောက်လန့်စိတ်များ ဝင်နေသည်။
တစ်ခါတရံ လူတစ်ယောက် ပတ်ဝန်းကျင်နှင့် အရောတဝင် ရှိခြင်း၊ မရှိခြင်း သိနိုင်ရန် သူတို့၏ အောင်မြင်မှုများကို မကြည့်ဘဲ သူ့ကြောင့် ပတ်ဝန်းကျင်ရှိ လူများ မည်ကဲ့သို့ ခံစားနေရသည်ကို ကြည့်၍ သိနိုင်သည်။
ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးမှ မနာလိုဖြစ်နေကြသော ဂိုဏ်းသားများ၊ ဆောက်တည်ရာမရဖြစ်နေသော ရေသူမမျိုးနွယ်ဝင်များ၊ ဘေးတွင် သစ်သီးပုံကြီးနှင့် အမှတ်ခြောက်အသင်းခေါင်းဆောင်၊ ဒေါသထွက်နေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး …
သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ မနက်ခင်းရောင်ခြည်တန်းလေးများ ကျဆင်းလာသောအခါ ညအတွေးစများသည်လည်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ တစ်ညလုံး အညှာအတာကင်းမဲ့စွာ ကခုန်နေသော မြင်ကွင်းမှ လူများ ထွက်သွားကြသည့်အလားပင်။
နေရောင်ခြည်တန်းများအောက်၌ သူ့မျက်လုံးများ ဝင်းလက်နေသည်။ အပြင်ဘက်ရှိ မနက်ခင်းနေရောင်ခြည်တန်းများကဲ့သို့ သူ့မျက်လုံးများထဲတွင်လည်း အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
“ ပင်လယ်ပြင်က မနက်ခင်းမှာ တစ်မျိုး ဆွဲဆောင်မှုရှိနေလား မသိဘူး ”
ရွှီချင်းက မတ်တတ်ရပ်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ယနေ့ သူ လုပ်စရာများစွာ ရှိသည်။
ပထမဦးစွာ ပင်လယ်ပြင်သို့ ရက်ရှည်ခရီးထွက်ရန်အလို့ငှာ လူဆိုးထိန်းဌာနကို သွားရောက် တင်ပြရမည်ဖြစ်သည်။ ထိုအလုပ်က ရှုပ်ထွေးပွေလီခြင်း မရှိပေ။ အချိန်အများစုတွင် သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများက ဆိပ်ကမ်း၌ မနေကြပေ။ ပင်လယ်ကို သူတို့ လေ့ကျင့်ကြသည့်အတွက်ကြောင့် ပင်လယ်ပြင်သို့ သူတို့ ထွက်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
လူဆိုးထိန်းဌာနကို သူ တင်ပြရန် ရောက်သွားပြီးနောက် အချက်အလက်များကို ဖြည့်စွက်လိုက်ပြီး ရက်လေးဆယ် ခွင့်ရလိုက်သည်။ သူ စောစောပြန်ရောက်ခဲ့ပါက လက်ကျန်ရက်များကို ရပ်စဲနိုင်သည်။ အချိန်ကြာနေခဲ့ပါကလည်း နောက်ကျလျှင် ဌာနကို ပြန်လည်တင်ပြခွင့်ရှိသည်။
ကိစ္စဝိစ္စများ ပြီးစီးသွားသောအခါ အစောကြီး ရှိနေသေးသော်လည်း ရွှီချင်းက ခပ်သွက်သွက်သွားနေသည်။ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်များဆီသို့ သူ လျှောက်လာခဲ့သည်။ ယခင်တစ်ခေါက်ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်လာနိုင်တော့ပါသော်လည်း သူ သတိထားနေသည်။ ထို့ကြောင့် ဆိုင်တစ်ဆိုင်ကို သူ ခက်ခက်ခဲခဲ ရှာဖွေလိုက်ရသည်။
သို့သော်လည်း နောက်ဆုံး၌ သူ ချီတုံချတုံဖြစ်သွားရဆဲပင်။ သူက ဆိုင်ကိုကြည့်လိုက်ပြီး ဝင်သွားရန် ပြင်လိုက်စဉ် ဂိုဏ်းတံဆိပ်ပြားထဲမှ ခေါင်းဆောင်၏အသံ ထွက်ပေါ်လာသည်။
“ ရွှီချင်း၊ မင်း တစ်ခုခု မေ့နေတာလား ”
ရွှီချင်း ကြောင်သွားပြီး စဉ်းစားကြည့်လိုက်သည်။
“ ထားလိုက်တော့၊ ငါ ပြောပြမယ်။ ရွှီချင်း၊ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးငါးရာကို ဘယ်အချိန်ကျမှ ပြန်ဆပ်မှာလဲ ”
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ပြန်ဖြေလိုက်သည်။
“ ဝိညာဉ်ကျောက်တုံးတစ်ရာပါ ”
“ အာ … ကောင်းပြီ။ ငါ မင်းနဲ့ အများကြီး မငြင်းတော့ဘူး။ ဝိညာဉ်ကျောက်တုံးသုံးရာ ထားလိုက်။ အဲဒါကို မင်း ငါ့ကို ဘယ်တော့ပေးမှာလဲ ”
ရွှီချင်း ငြိမ်သက်သွားပြီး ရန်သူနာမည်များ ရေးထွင်းထားသော ဝါးပေလွှာကလေးကို ထုတ်လိုက်သည်။ ထို့နောက် ‘ ခေါင်းဆောင် ’ ဆိုသည့် စကားလုံးဘေးရှိ မေးခွန်းအမှတ်အသားလေးကို ဖျက်ပစ်လိုက်သည်။
“ ကလေး၊ မင်း ဌာနကနေ ခွင့်ယူတာ ငါ မြင်လိုက်တယ်။ မင်း ဘာလို့ ငါ့ကို တစ်ခုမှ မပြောရတာတုံး။ အကြွေးဆပ်ဖို့ ပင်လယ်ပြင်ကို ထွက်သွားမှာလို့ ငါ့ကို မပြောနဲ့နော်။ ထားလိုက်ပါကွာ။ ပင်လယ်ပြင်သွားတာက သိပ်အန္တရာယ်များတာကွ။ မှော်လှေကလည်း တော်ရုံတန်ရုံ ပြုပြင်ရုံလောက်နဲ့ မရဘူး။ ငါ့ဝိညာဉ်ကျောက်တုံးငါးရာမဆုံးအောင် မင်း မသေအောင်လို့ ကျန်းစန်းဆီသွားပြီး မှော်လှေသွားပြုပြင်ဖို့ ငါ မင်းကို အကြံပေးချင်တယ် ”
“ ကျန်းစန်းလား ”
ရွှီချင်း ဇဝေဇဝါ ဖြစ်သွားရသည်။
ထိုသို့ သူ သံယောင်လိုက်၍ ပြောလိုက်သောအခါ ခေါင်းဆောင်မှာ ပို၍ စိတ်ဝင်တစားဖြစ်လာဟန်တူသည်။ သူက အသံလွှင့်၍ ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ပြီး ရွှီချင်းအား မည်သို့ပြုမူပြောဆိုရမည်ကိုပါ ပြောပြကာ အသံလွှင့်ခြင်းကို အဆုံးသတ်လိုက်သည်။
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး စဉ်းစားတွေးတောကြည့်လိုက်သည်။ အဆုံးသတ်၌ သံသယများစွာဖြင့် သယ်ယူပို့ဆောင်ရေးဌာနမှ ကျန်းစန်းကို သူ သွားရှာလိုက်သည်။
သယ်ယူပို့ဆောင်ရေးဌာနကို သူ ရောက်သောအခါ ကျန်းစန်းမှာ ကုန်ပစ္စည်းပုံကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ဆေးတံသောက်နေသည်။ အဘိုးအိုတစ်ယောက်ပမာ သူသည် ဆေးတံအရသာကို နှစ်ခြိုက်စွာ ခံစားနေပြီး နေရောင်ခြည်နွေးနွေးကို လှုံနေသည်။ အချိန်တိုင်း သူသည် သယ်ယူပို့ဆောင်ရေးဌာနမှ တောက်တိုမယ်ရအလုပ်သမားအနည်းအကျဉ်းကို အော်ဟစ်၍ ညွှန်ကြားနေသည်။
ရွှီချင်းကို မြင်သောအခါ ကျန်းစန်း၏မျက်လုံးများ မှေးသွားသည်။ သူ ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် သူ့မျက်လုံးများ ဝင်းလက်သွားသည်။
“ အာ … ဒီနေ့ ဂိုဏ်းတူညီလေးရွှီချင်း ငါ့နေရာကို လာတယ်ဆိုတော့ အားနေတာလား ”
ရွှီချင်းက အနီးလျှောက်လာပြီး ကုန်ပစ္စည်းပုံပေါ် ထိုင်နေသော ကျန်းစန်းကို ကြည့်လိုက်သည်။ ထို့နောက် သူသည်လည်း ကုန်ပစ္စည်းများပေါ် တက်ထိုင်လိုက်သည်။ သို့သော်လည်း သူ အကွာအဝေးတစ်ခုကို မရောက်ခင်မှာပင် ကျန်းစန်းက အဝေးသို့ ခပ်မြန်မြန် ရွေ့သွားသည်။
ရွှီချင်းက ကျန်းစန်းကို ကြည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
ကျန်းစန်းက နေရောင်ခြည်အောက်ရှိ ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်နိုင်သော ရွှီချင်း၏ ရုပ်ရည်သွင်ပြင်ကို ကြည့်၍ သူ မထိန်းချုပ်နိုင်ဘဲ စိတ်ထဲတွင် ရေရွတ်လိုက်ပါသော်လည်း မျက်နှာပေါ်တွင် ထိုအခြင်းအရာကို မဖော်ပြပေ။
“ သက်သာသလိုထိုင်ပါ ”
“ ဟုတ်ကဲ့ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။
“ ဘာကိစ္စလဲ ”
“ ဂိုဏ်းတူအစ်ကိုကျန်း၊ ကျနော့်မှော်လှေကလေးကို အဆင့်မြှင့်တင်ချင်လို့ ”
“ မှော်လှေကို အဆင့်မြှင့်ချင်တာလား။ ငါ့ကိုလာရှာဖို့ မင်းကို ဘယ်သူပြောတာတုံး။ မင်းရဲ့အသင်းခေါင်းဆောင်လား ”
ကျန်းစန်း အံ့အားသင့်သွားသည်။
ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ ပန်းသီးနှစ်လုံးကို ထုတ်၍ ကျန်းစန်းကို တစ်လုံး ပေးလိုက်သည်။
ကျန်းစန်းက ပန်းသီးကို အလိုလိုလှမ်းယူလိုက်၏။ သူ့လက်ထဲ ပန်းသီးရောက်သောအခါမှသာ နောင်တရသွားပြီး ပြန်ပေးချင်ပါသော်လည်း ရွှီချင်းက ပြန်ယူမည် မဟုတ်ပေ။
ရွှီချင်းက ခေါင်းစောင်း၍ သူ့ကိုကြည့်လိုက်သည်။
ခဏအကြာ ကျန်းစန်းက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။
“ ငါ့ကို ကတိတစ်ခုပေးရင် မင်းမှော်လှေကို ငါ အဆင့်မြှင့်ပေးမယ် ”
“ အစ်ကိုကျန်းစန်း၊ ပြောပါ ”
တစ်ဖက်လူ၏ စကားအသွားအလာကို ရွှီချင်း သတိထားမိလိုက်သည်။ ကျန်းစန်းက မှော်လှေအား ပြုပြင်ပေးမည့်လူကို သွားရှာမည် မဟုတ်ဘဲ ကိုယ်တိုင်ပြုပြင်ပေးတော့မည် ဖြစ်သည်။
“ နောက်ကျ မင်း ငါ့ကိုကြည့်ရင် ငါ့လည်ပင်းကို စိုက်မကြည့်ဘဲ နေလို့ရမလား။ ဒီလောက်ပူနေတဲ့နေ့ကြီးကို ငါ့မှာ အေးစက်စက်ခံစားနေရလို့ ”
ကျန်းစန်းက ရွှီချင်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ရွှီချင်းက တွေးတောလိုက်ပြီး ကျန်းစန်း၏ မျက်လုံးများကို ကြည့်လိုက်သည်။
ကျန်းစန်းက သူ့ခေါင်းကို ပုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ မင်းအကြည့်က တစ်မျိုးပဲ။ မင်းကြည့်လိုက်တဲ့နေရာတိုင်း ဒဏ်ရာရသွားသလိုမျိုးပဲ။ အာ … ထားလိုက်ပါ။ မင်း အကြည့်ကို ပြောင်းကြည့်ဖို့ မင်းအတွက် ခက်မှာပဲ။ မှော်လှေကို ငါ ပြုပြင်ပေးမယ်။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်နော်။ ငါ့ပြုပြင်ခက သိပ်ဈေးကြီးတယ် ”
ကျန်းစန်းက ပြောရင်းဆိုရင်း ကုန်ပစ္စည်းများပေါ်မှ ခုန်ချကာ ရွှီချင်းကို ဝှေ့ယမ်းပြလိုက်သည်။