← Chapters

ကျန်းစန်း၏ ရင်းနှီးမြှုပ်နှံမှု ( ၂ )

Vol. 9 Ch. 134

ကျန်းစန်း၏ ရင်းနှီးမြှုပ်နှံမှု ( ၂ )

Vol. 9 Ch. 134

ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ပြကာ နောက်မှ လိုက်သွားသည်။ မကြာခင် သူတို့နှစ်ယောက်သည် သယ်ယူပို့ဆောင်ရေးဌာန၏ အနောက်ဘက်ခြမ်းကို ရောက်လာကြသည်။ ထိုနေရာ၌ ဧရာမကုန်လောင်ရုံကြီးတစ်ခုရှိသည်။ ကုန်လှောင်ရုံကြီး၏တံခါးကို သူ တွန်းဖွင့်လိုက်သောအခါ မရေမတွက်နိုင်လောက်သော ကုန်ကြမ်းပစ္စည်းများထံမှ ပြိုးပြိုးပြက်ပြက်အလင်းများ ဖြာထွက်လာသည်။

ရွှီချင်း မှင်သက်သွားရသည်။ ကုန်လှောင်ရုံထဲရှိ ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေးနှင့် အမျိုးအစားက ထူးခြားသာလွန်သည်ကို သူ သတိထားမိသည်။ အထူးသဖြင့် ပျက်စီးနေသော မှော်လှေခုနစ်စီး၊ ရှစ်စီးကိုပင် သူ မြင်လိုက်ရသည်။ ခပ်လှမ်းလှမ်းတွင် ပြုပြင်လက်စ ကမ်းရိုးတန်းစောင့်ဌာန၏ စစ်သင်္ဘောကြီးပင် ရှိသည်။

ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော တခြားမျိုးနွယ်များမှ လှေများလည်း ရှိသည်။ ထိုအခြင်းအရာအားလုံးကြောင့် သူ အလိုလို ပင့်သက်ရှိုက်သွားရသည်။ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်များသို့ သူ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

သူ မနေနိုင်တော့ဘဲ ဘဝင်ခိုက်နေသည့် ကျန်းစန်းကို ကြည့်လိုက်သည်။

“ ဘယ်လိုလဲ။ ငါ မင်းကို ပြောပြမယ်။ သတ္တမမြောက်တောင်ထိပ်တစ်ခုလုံးက ဂိုဏ်းသားတွေထဲမှာ ငါက တိုက်ခိုက်တဲ့နေရာမှာ မထူးချွန်ဘူး။ ငါ့ကျင့်ကြံခြင်းအဆင့်ကလည်း သာမန်ပဲ။ ဒါပေမဲ့ လှေတွေကို ပြုပြင်တဲ့နေရာမှာ ငါ့ထက်သာတဲ့ ဆဋ္ဌမမြောက်တောင်ထိပ်က ဂိုဏ်းသား အများကြီး မရှိဘူး။ ဒီကပစ္စည်းတွေအားလုံး၊ အဲဒီကုန်လှောင်ရုံတွေအားလုံးက ငါ့လုပ်ငန်းတွေပဲ ”

ကျန်းစန်းက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ပြီးတော့ တစ်ယောက်မှ ဒါတွေကို လာမလုယူဝံ့ဘူး ”

“ ဂိုဏ်းတူအစ်ကိုကျန်းက တကယ်ပဲ သတ္တမမြောက်တောင်ထိပ်ရဲ့ ဂိုဏ်းသားလား ”

ရွှီချင်းသည် ခေါင်းဆောင်၏စကားများကို ပြန်လည်စဉ်းစားလိုက်ပြီး တွန့်ဆုတ်နေလျက် မျက်လုံးများကို အတတ်နိုင်ဆုံး ပြူးကျယ်စေကာ အံ့အားသင့်နေသည့်ဟန်ပန်ဖြင့် မေးမြန်းလိုက်သည်။

“ မင်းရဲ့ခေါင်းဆောင်လည်း အရင်တုန်းက အဲဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတာပဲ။ ဟား ဟား င့ါပါရမီကို နောက်ကျမှ ရှာတွေ့ခဲ့တာ နှမျောဖို့သိပ်ကောင်းတယ်။ နို့မဟုတ်ရင် အခုချိန်လာက်ဆို ဆဋ္ဌမမြောက်တောင်ထိပ်ရဲ့ အဓိကဂိုဏ်းသားတစ်ယောက် ဖြစ်နေလောက်ပြီ ”

ကျန်းစန်းသည် ရွှီချင်း၏အမူအရာကြောင့် အလွန် စိတ်ကျေနပ်နေသည်။

“ မင်းရဲ့ မှော်လှေကို ပြစမ်းပါဦး ”

ရွှီချင်း၏မျက်လုံးများထဲ လေးစားခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက မှော်လှေကလေးထည့်ထားသည့် ပုလင်းလေးကို ထုတ်၍ ကျန်းစန်းကို ပေးလိုက်သည်။ ကျန်းစန်းက ပုလင်းလေးကို ယူ၍ ကြည့်လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားပါသော်လည်း ဘာမှမပြောချေ။ သူက မှော်လှေကလေးကို သန့်စင်မည်ပြုစဉ် ရွှီချင်းမှာ အနည်းငယ် ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းဆောင်ပြောခဲ့သည့်စကားများကို တွေးကာ ပြောလိုက်သည်။

“ အမှတ်သုံးဂိုဏ်းတူအစ်ကိုကျန်း၊ ကျနော့်လှေက မဆိုးဘူးလို့ထင်တာပဲ။ အထဲက အစိတ်အပိုင်းတော်တော်များများကလည်း အဆင့်မြင့်နေပြီ ”

“ မဆိုးဘူး။ အဆင့်မြင့်တယ်ပေါ့ ”

ကျန်းစန်း၏ခြေလှမ်းများ ရပ်သွားပြီး မျက်ခုံးမွေးများက တရုတ်စကားလုံး ‘ ပါ ’ ( ‘八’ ) ပုံစံ ဖစ်သွားသည်။

( ဘာသာပြန်သူမှတ်စု။ ‘ ပါ ’ ရဲ့အဓိပ္ပာယ်က ဂဏန်းရှစ်ပါ )

“ မင်းလှေက အရှုပ်ထုပ်ကြီးကွ။ ကုန်ကြမ်းပစ္စည်းတွေကို မပြောနဲ့ဦး။ လှေပြုပြင်ထားတဲ့နည်းစနစ်တောင် စုတ်ပြတ်နေတာပဲ။ ပြီးတော့ လှေဘောင်နှစ်ဖက်က မန္တန်အစီအရင်မှာလည်း အပြစ်အနာအဆာတွေကြည့်ပဲ ”

“ အကြေးခွံတွေကိုလည်း သပ်သပ်ရပ်ရပ် စိုက်ထားတာ မဟုတ်ဘူး။ ဒါတွေက လှေရဲ့ဖွဲ့စည်းပုံကိုတောင် ဖျက်ဆီးသွားတယ်။ အဲဒါက ဝိညာဉ်စုစည်းမန္တန်အစီအရင်ကို သေချာပေါက် သက်ရောက်သွားမှာ။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီလှေကို ဆဋ္ဌမမြောက်တောင်ထိပ်က သောက်သုံးမကျတဲ့ဂိုဏ်းသားတွေ ပြုပြင်ပေးထားတာမှန်း ငါ ပြောနိုင်တယ် ”

“ ပြီးတော့ လှေရဲ့ပဲ့ပိုင်းနဲ့ ထိပ်ဦးကိုလည်း ကြည့်ဦး။ ဒါက အဆင့်ခြောက်လှေကွ အဆင့်တစ်လှေမဟုတ်ဘူး။ ပုံပန်းသွင်ပြင်ကို အာရုံစိုက်ရမှာ မဟုတ်ဘူး။ အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံကို သေချာလုပ်ရမှာ။ ဘာတွေ ဒီလောက်သဘောကောင်းနေရတာတုံး၊ ရန်သူကို လက်ယပ်ခေါ်ရအောင်လား ”

“ လက်တွေ့ကျကျလုပ်တာက အကောင်းဆုံးပဲ ”

“ အမှိုက်ပဲ။ လှေကို ပြုပြင်ထားတာလည်း အသုံးမကျဘူး။ ပင်လယ်ထဲမသွားရင် ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ပင်လယ်ထဲသွားလို့ မုန်တိုင်းတစ်ခုခု ဒါမှမဟုတ် ပင်လယ်သတ္တဝါတစ်ကောင်ကောင်နဲ့သာ တွေ့လိုက်ရင် လုံလောက်တဲ့ မာကြောမှု၊ ခိုင်ခံမှု၊ တည်ငြိမ်မှု၊ ယုံကြည်စိတ်ချရမှု ရှိမှာမဟုတ်ဘူး။ ရေလုံအောင်လုပ်ထားတာကလည်း အဆုံးစွန်ကို ရောက်နေပြီ ”

ကျန်းစန်းသည် ပုလင်းလေးထဲရှိ မှော်လှေကို ကြည့်ကာ ပစ်ပစ်နှစ်နှစ် ဝေဖန်သည်။

ထိုစကားကို ရွှီချင်း ကြားသောအခါ ရင်တဒိန်းဒိန်းခုန်သွားရသည်။ ကျန်းစန်း၏ စကားများက အလွန် ပညာသားပါသည်ဟု သူ ခံစားမိသည်။ ကျန်းစန်းကို သူ ပို၍ လေးစားလာရပြီး လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

ရွှီချင်း၏အပြုအမူကို မြင်သောအခါ ကျန်းစန်းသည် သူ့ကိုယ်သူ ဘဝင်ခိုက်နေပြီး အလွန် ကျေနပ်အားရနေတော့သည်။ သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ပတ်သက်၍ သူ့ကို လေးစားသော ဂိုဏ်းတူညီလေးများကို သူ သဘောကျသည်။ ယခင်က ခေါင်းဆောင်က မတော်တဆဖြစ်ရပ်ပြီးနောက် ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံးသွားခဲ့ရပါသော်လည်း ထိုနည်းအတိုင်းသာ ပြုမူခဲ့သည်။

ကျန်းစန်းသည် မူလက ဘာမှဝေဖန်မနေဘဲ ရိုးရိုးရှင်းရှင်း ပြုပြင်ပေးရန်သာ စီစဉ်ထားခဲ့သည်။ သို့သော် ရွှီချင်း၏ ‘ မဆိုးဘူး ’ ဆိုသော မှတ်ချက်ကြောင့် သူ့စကားလုံးများကို ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်သွားရသည်။

ကျန်းစန်းတွင် ယုတ်မာသော စိတ်များ မရှိချေ။ သူ ပြောသည်မှာ မှန်ကန်သည်။ သာမန်ဂိုဏ်းသားများအတွက် ထိုကဲ့သု့ိ မှော်လှေကလေးကို ပင်လယ်ထဲယူသွားပါက ပြဿနာ မဟုတ်ပါသော်လည်း ရွှီချင်း၏တိုက်ရည်ခိုက်ရည်က ပို၍ အစွမ်းထက်သော ပင်လယ်သတ္တဝါများကို စိန်ခေါ်မည်ဖြစ်ပြီး ပို၍ အန္တရာယ်များသော နေရာများသို့သွားမည်ဖြစ်ပေရာ ထိုကဲ့သို့ လှေမျိုးက မသင့်တော်ချေ။

“ မင်း လိုချင်တဲ့ပုံစံကို ကြည့်ရတာ မာကြောခိုင်ခံမှု ဖြစ်မယ်။ ငါ မင်းကို ကူညီပေးမယ်။ မှော်လှေကိုယူပြီး မင်း ပင်လယ်ထဲသွားရင် အခြေတည်အဆင့်ကို မရောက်သေးတဲ့ ဘယ်သတ္တဝါနေနေ မင်းရဲ့မှော်လှေက တောင့်ခံနိုင်စေရမယ်လို့ ငါ အာမခံတယ်။ မတော်တဆ လှေကွဲသွားရင်တောင် တစ်စစီ ဖြစ်သွားဖို့ မလွယ်စေရဘူး ”

ကျန်းစန်းက လက်ကိုဝှေ့ယမ်းကာ ဝင့်ကြွားစွာ ပြောသည်။

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို ”

ရွှီချင်းက တည်ကြည်လေးနက်သောအမူအရာဖြင့် ပြောသည်။ ထို့နောက် သူက အိတ်ရှုံ့လေးထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်လိုက်သည်။

“ ပင်လယ်ထဲသွားရင် နည်းနည်းပါးပါး သုံးရအောင်လို့ ချန်ထားတယ်။ ကျန်တဲ့ဝိညာဉ်ကျောက်တုံးနှစ်ရာကိုတော့ အစ်ကို ယူလိုက်ပါ။ အဆင်ပြေလား ကျနော် သိ … ”

ရွှီချင်းမှာ အနည်းငယ် ချီတုံချတုံဖြစ်နေသည်။ သူ့ဝိညာဉ်ကျောက်တုံးများက မလုံလောက်သည်ကို သူ သိသည်။

ကျန်းစန်းက ရွှီချင်းကို လှမ်းကြည့်လိုက်သည်။ အမှတ်ခြောက်အသင်းခေါင်းဆောင်၏ စကားများနှင့် ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်ထဲရှိ မြင်တွေ့ခဲ့ရသည့်ဖြစ်ရပ်များက သူ၏စိတ်ထဲ ပေါ်လာသည်။ ထို့နောက် ယမန်နေ့ညက ဝေလနဂါး ဟစ်ကြွေးသံအကြောင်းနှင့် အစောပိုင်းက ရွှီချင်းထံမှ သူ ရခဲ့သည့် ဝိညာဉ်စွမ်းအားအငွေ့အသက်များကို ပြန်တွေးကြည့်လိုက်သည်။ နောက်ဆုံး၌ စောစောက တည့်တိုးဝေဖန်ခဲ့ပြီး သူ ရခဲ့သည့် ကျေနပ်အားရသော ခံစားချက်များကို တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် အောင့်အည်းသည်းခံ၍ ဘာမှမဖြစ်သည့်ဟန် ဆောင်လိုက်သည်။

“ အဲဒီလောက်ဆို ရပါပြီကွ။ မင်းမှာ တောက်ပတဲ့အနာဂတ်ရှိတာပဲ။ အရင်တုန်းကလည်း မင်းရဲ့ခေါင်းဆောင်ဆီမှာ ငါ ရင်းနှီးမြှုပ်နှံခဲ့သေးတယ်။ ဒါကိုလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ သဘောထားလိုက်တာပေါ့။ ဒီနေ့ည လာယူလှည့် ”

ကျန်းစန်းက ပြောပြီးသည်နှင့် စတင်လုပ်လေတော့သည်။

ရွှီချင်းက ခေါင်းမော့၍ ကျန်းစန်းကို လေးလေးနက်နက်ကြည့်လိုက်ပြီး တည်ကြည်စွာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။

ရွှီချင်း အဝေးသို့ ရောက်သွားသောအခါမှသာ ကျန်းစန်းက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“ ငါ ရှုံးပြီ။ အဲဒီလို အဆင့်တက်မြန်တဲ့လူတွေကို တွေ့တိုင်း ဘာလို့ ငါက ငါ့အရည်အချင်းတွေကို ကြွားနေရတာတုံး။ ငါ ဒီအတိုင်း ပြုပြင်ပေးလိုက်ရင် ရနေတာပဲ။ အခုကျ ငါ့စကားအတိုင်း လုပ်ပေးရတော့မယ် ”

“ အာ … မဟုတ်သေးပါဘူး။ အဲဒီကလေးရဲ့ ပြောပုံဆိုပုံက သူ့ခေါင်းဆောင်နဲ့ တစ်ထေရာတည်းပဲ။ ဒါပေမဲ့ သူ့ခေါင်းဆောင်ကတော့ သဘောထားသေးတယ်။ အဲဒီတုန်းက ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် မပေးဘူး။ ဒီကလေးက သူ့ခေါင်းဆောင်ထက်ပိုပြီး သဘောကောင်းလောက်မှာပါ ”

သို့သော်လည်း သူ လုပ်ပေးခဲ့သည်မှာ ခေါင်းဆောင်၏ ထောက်ခံချက်ကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ခေါင်းဆောင်၏ အကဲဖြတ်နိုင်စွမ်းကို သူ ယုံကြည်သည်။

“ ဒီရင်းနှီးမြှုပ်နှံမှက မရှုံးလောက်ပါဘူး ”

နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူသည် လူမသိသူမသိဘဝမှနေ၍ လူအများ တမင်သက်သက် မသိချင်ယောင်ဆောင်နေရသည့်ဘဝသို့ ရောက်ရှိလာခဲ့သည်။ သူက ယခုလို စည်းစိမ်ဥစ္စာများ ရှိလာခဲ့ပြီး သယ်ယူပို့ဆောင်ရေးဌာနကို ထိန်းချုပ်လာနိုင်ခဲ့သည်။ တစ်ယောက်မှ သူ့ပစ္စည်းဥစ္စာများကို လုမယူဝံ့သည်မှာ ယခင်က ခေါင်းဆောင်အတွက် လှေတစ်စီး လုပ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးဌာနမှ ထွက်လာပြီးနောက် ရွှီချင်း၏အမူအရာက ထူးဆန်းနေသည်။ သူ အသံလွှင့်ကျောက်စိမ်းပေလွှာကလေးကို ထုတ်ကာ ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်လိုက်သည်။

“ ခေါင်းဆောင်၊ အဲဒါ အဆင်ပြေတယ်မလား ”

“ မင်း ငါ ပြောတဲ့အတိုင်း လုပ်ခဲ့တယ်မလား ”

“ လုပ်ခဲ့ပါတယ် …”

“ ဟားဟား ဒါဆို အဆင်ပြေပါတယ်ကွ။ ကျန်းစန်းက ငါတို့လူပဲ။ သူ့ဆီကနေ အကြွေးတင်နေသလို မင်း ခံစားနေရရင် နောက်ကျ သူ့ကို ပိုကူညီပေးလိုက်ပေါ့ ”

ရွှီချင်းက လေးနက်စွာ ခေါင်းညိတ်လိုသည်။ ဝါးပေလွှာကလေးကို သူ ထုတ်လိုက်ပြီး တခြားတစ်ဖက်တွင် ကျန်းစန်း၏နာမည်ကို သူ ရေးထားလိုက်သည်။ ပြီးသည်နှင့် ဝါးပေလွှာကို လှန်ကာ ခေါင်းဆောင်၏နာမည်ဘေးတွင် မေးခွန်းအမှတ်အသားလေး ပြန်ထည့်ထားလိုက်သည်။

ထိုအချိန်၌ လူဆိုးထိန်းဌာနထဲတွင် အမှတ်ခြောက်အသင်းခေါင်းဆောင်သည် ပင်မမြို့ကြီးထဲ ဝယ်မရနိုင်သော ထူးဆန်းသော သစ်သီးကို ပြုံး၍ စားနေသည်။ ထိုသစ်သီးများကို ပင်လယ်ထဲရှိ လူသားမဟုတ်သော မျိုးနွယ်များ၏ ကျွန်းများပေါ်မှသာ ရနိုင်သည်။

သူ စားပြီးနောက် အသံလွှင့်ကျောက်စိမ်းပေလွှာကလေးကို အောက်ချလိုက်ပြီး ကျန်းစန်းအကြောင်း တင်ပြထားသည့် စာဖိုင်လေးကို ကောက်ယူလိုက်သည်။ ထိုစာဖိုင်ထဲတွင် ကျန်းစန်းက အပြင်ထွက်၍ တာဝန်ထမ်းဆောင်သည့်အခါ ရက်စက်ကြမ်းတမ်းစွာ လူအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ သူက တခြားဒေသမှ ကုန်တင်သင်္ဘောများကိုလည်း လုယက်ခဲ့သည်။ စာဖိုင်ထဲတွင် ကျန်းစန်း၏ပြစ်မှုများကို တင်ပြထားပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုထားသည်။

ခေါင်းဆောင်က စာဖိုင်ကို ကြည့်၍ မခိုးမခန့်ရယ်လိုက်သည်။ သူ လက်ကိုဝှေ့ယမ်းလိုက်ရာ စာဖိုင်က လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားသည်။

“ ငါ့ကောင်၊ မင်း ငါ့ကို သစ္စာမဖောက်ရင် မင်းကိုလည်း တစ်ယောက်မှ မထိစေရဘူး ”

All Chapters