အခန်း (၂၃၂၁-၂၃၂၂)
Vol. 173 Ch. 2321-2322
အခန်း(၂၃၂၁)
ယွမ်ရန်ကျီသည် ဘိုးဘေးယွမ်ခွန်ထံမှ ညွှန်ကြားချက်ကို ရရှိပြီးနောက်တွင် ကျန်းချန်၏ရှေ့မှောက်၌ တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
“လူသားဧကရာဇ်ကျန်းချန်.. ဘိုးဘေးက မင်းကို ဧည့်ခံဖို့ မှာလိုက်တယ်.. သုံးရက်ကြာရင် မင်းနဲ့ လာတွေ့လိမ့်မယ်”
ယွမ်ရန်ကျီ၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
ဆန်းကြယ်နတ်မျိုးနွယ်စု၏ သဘောထားက အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသည်ကို သူနားမလည်သော်လည်း ယခု တစ်ကြိမ် သူလာရောက်ရသည့် ရည်ရွယ်ချက်သည် ကောင်းကင်လမ်းစဥ် အကြောင်းကို စုံစမ်းရန် ဖြစ်သည်။
ယခု ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးက သုံးရက်အတွင်း သူနှင့် လာရောက်တွေ့ဆုံမည် ဖြစ်ရာ ယင်းသည် သူ့အတွက် သတင်းကောင်းပင် မဟုတ်ပါလား။
“ကျေးဇူအများကြီးတင်ပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်ပြီးနောက်တွင် တင်ပျဥ်ခွေထိုင်နေရာကနေ ချက်ချင်းပင် ထရပ်ကာ ယွမ်ရန်ကျီ၏ နောက်သို့ လိုက်ပါ၍ ဆန်းကြယ်နတ်မျိုးနွယ်စု ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ယွမ်ရန်ကျီ၏ စီစဥ်ပေးမှုအောက်တွင် ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စု၌ ယာယီ အခြေချနေထိုင်ခဲ့သည်။
ဆန်းကြယ်နတ်မျိုးနွယ်စုက သူ့အပေါ် လျှို့ဝှက်အကောက်ကြံမည်ကို ကျန်းချန် စိုးရိမ်မနေခဲ့ပေ။
သူ၏ လက်ရှိစွမ်းရည်အရ ဆန်းကြယ်နတ်မျိုးနွယ်စုတွင် အကြံအစည်တစ်ခုခု ရှိခဲ့လျှင်ပင် ကိုင်တွယ်နိုင်စွမ်း အပြည့်အဝ ရှိ၏။
ထို့အပြင် သူက လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ် ဖြစ်၍ ဆန်းကြယ်နတ်မျိုးနွယ်စုသည် လွန်လွန်ကျူးကျူး လုပ်ရပ်မျိုး လုပ်ဝံ့မည် မဟုတ်ပေ။
ဤသို့ဖြင့် သုံးရက်ဟူသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်က ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးကို မည်သည့်အချိန်တွင် တွေ့နိုင်မလဲဟု သွားရောက် မေးမြန်းတော့မည့်အချိန်မှာပင် ဆန်းကြယ်နတ်မျိုးနွယ်စု တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
“တစ်ယောက်ယောက်က ဆန်းကြယ်နတ်မျိုးနွယ်စုကို တိုက်ခိုက်နေတာလား”
ကျန်းချန်က အံ့ဩထိတ်လန့်သွားခဲ့ပြီး သူတော်စင်တောင်၏ အပြင်ဘက်ရှိ လေထုဆီသို့ လှမ်းကြည့်လိုက်သည်။
ဆန်းကြယ်နတ်မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ အလျှို့ဝှက်ဆုံး အင်အားစုများထဲမှ တစ်စု ဖြစ်ပြီး အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်ထားသောကြောင့် အများစုသည် ဆန်းကြယ်နတ်မျိုးနွယ်စု၏ တည်နေရာကို မသိရှိကြပေ။
ဆန်းကြယ်နတ်မျိုးနွယ်စု၏ တည်နေရာကို သိရှိထားသောသူများသည်လည်း ဆန်းကြယ်နတ်မျိုးနွယ်စုထံ လာရောက်သောင်းကျန်းရဲကြမည် မဟုတ်ပေ။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးများသည် ဆန်းကြယ်နတ်မျိုးနွယ်စုကို လာရောက် တိုက်ခိုက်နေခြင်း ဖြစ်နိုင်ပါသလော။
သို့သော်လည်း သူသိထားသလောက် ဆန်းကြယ်နတ်မျိုးနွယ်စု၏ အနီးတစ်ဝိုက်တွင် နတ်ဆိုးတားမြစ်နယ်မြေ ရှိမနေခဲ့ပေ။
သို့ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဆန်းကြယ်နတ်မျိုးနွယ်စုကို ရုတ်တရက် လာတိုက်စရာ အကြောင်းမရှိချေ။
ကျန်းချန်က သံသယအချို့ ဝင်လာခဲ့ပြီး သူတော်စင်တောင်၏ အပြင်ဘက် လေထုဆီ မျက်တောင်တစ်ခတ် အတွင်း ပေါ်လာခဲ့သည်။
ကျန်းချန် ပေါ်လာသည့်အချိန်မှာပင် ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးယွမ်ခွန်နှင့် ယွမ်ရန်ကျီ တို့သည်လည်း ဆန်းကြယ်နတ်မျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲများနှင့်အတူ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့၏ အကြည့်များက ဆန့်ကျင်ဘက်ရှိ အေးစက်စက်မျက်နှာထားနှင့် လူသုံးယောက် ဆီသို့ ကျရောက်သွားခဲ့၏။
ထိုသုံးယောက်စလုံးသည် အစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏ ရင်ဘတ်တွင် ဓားပုံသဏ္ဌာန် သင်္ကေတကို ထိုးနှံထားသည်။
“ဓားတစ်သောင်း သူတော်စင်ဂိုဏ်းက လူတွေပါလား”
ထိုသုံးယောက်၏ ဝတ်စုံကိုမြင်သည်နှင့် ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးယွမ်ခွန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဓားတစ်သောင်း သူတော်စင်ဂိုဏ်းသည် နတ်ကုန်းမြေတိုက်တွင် နံပါတ်တစ် ဓားဂိုဏ်း ဖြစ်ပြီး မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း ဓားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ကာ ယနေ့ခေတ် နတ်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံးအင်အားစုလည်း ဆိုလည်းမမှားပေ။
နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများ ပါဝင်ကြသည်။
ဓားတစ်သောင်းသူတော်စင်ဂိုဏ်းတွင် ထိုစာရင်းဝင် ပုဂ္ဂိုလ်နှစ်ဦး ရှိသည့်အပြင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူလည်း ရှိ၏။
ပို၍ အရေးကြီးသောအချက်မှာ ရှေးခေတ်ကာလက ကပ်ဘေးကြီး နောက်ပိုင်းတွင် နတ်ကုန်းမြေတိုက်ရှိ သန္ဓေတာအိုနတ်လက်နက် ဆယ်ခုထဲမှ အများစုသည် နတ်ကုန်းမြေတိုက်တွင် ပျောက်ကွယ်သွားခဲ့သော်လည်း သန္ဓေတာအိုနတ်လက်နက်တစ်ခုသည် အကောင်းပကတိအတိုင်း ကျန်ရှိခဲ့သည်။
ထိုသန္ဓေတာအိုနတ်လက်နက်မှာ ဓားတစ်သောင်းသူတော်စင်ဂိုဏ်း၏ ဝမ်ထျန်းဓား ဖြစ်၏။
အသန်မာဆုံး နတ်ဘုရင်စာရင်းဝင် နတ်ဘုရင်နှစ်ပါး၊ နတ်ဘုရင် နဝမအဆင့်ပုဂ္ဂိုလ်နှင့် သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် ဝမ်ထျန်းဓားကို ပိုင်ဆိုင်ထားသော ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကို နတ်ကုန်းမြေတိုက်၏ နံပါတ်တစ်အင်အားစုဟု ခေါ်ဆိုလျှင်ပင် မှားအံ့မထင်။
ယနေ့ခေတ် လူသားဧကရာဇ်နန်းတော်သည်ပင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းနှင့် နှိုင်းယှဥ်၍ မရနိုင်သေးပေ။
ယခု ဟင်းလင်းပြင်နတ်ဆိုးများ ပေါ်ထွက်လာချိန်တွင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းသည် နတ်ဆိုးတားမြစ်နယ်မြေကို စောင့်ကြပ်နေပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အစွမ်းကုန် တိုက်ခိုက်နေရမည် ဖြစ်သော်လည်း ဆန်းကြယ်နတ်မျိုးနွယ်စုကို တိုက်ခိုက်ရန်အတွက် အဘယ်ကြောင့် လူလွှတ်လိုက်ပါသနည်း။
ထို့အပြင် ဆန်းကြယ် နတ်မျိုးနွယ်စုနှင့် ဓားတစ်သောင်းသူတော်စင်ဂိုဏ်း ကြားတွင် မည်သည့် ပြဿနာမှ မရှိခဲ့၍ ဆန်းကြယ်နတ်မျိုးနွယ်စုကို တိုက်ခိုက်ရန် လူလွှတ်စရာ အကြောင်းရင်းလည်း မရှိချေ။
ကျန်းချန်က မျက်မှောင်ကြုတ်၍ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ သုံးယောက်ကို အကဲခတ်နေခဲ့သည်။
ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ အမည်ကို ယခင်ကတည်းကပင် သူကြားဖူးခဲ့သည်။
အထူးသဖြင့် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ နတ်ဘုရားသားတော် ကျန့်ဝူရှင်းသည် ကျန်းရွမ်ကိုပင် အနိုင်ယူခဲ့သည့် နတ်ကုန်းမြေတိုက်၏ နံပါတ်တစ်ပါရမီရှင် ဖြစ်၏။
လက်ရှိတွင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကို နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် အင်အားစုအဖြစ် အသိအမှတ် ပြုထားကြသည်။
ယခုတစ်ကြိမ် ဆန်းကြယ်နတ်မျိုးနွယ်စုကို တိုက်ခိုက်သည့်လူသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
သို့သော်လည်း ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ သုံးယောက်၏ အရှိန်အဝါသည် အနည်းငယ် ထူးဆန်းနေခဲ့၏။
ဖြစ်နိုင်သည်မှာ ဤကိစ္စသည် အပြင်ပိုင်း မြင်နေရသည်ထက် ပို၍ နက်နဲနိုင်ခြေ ရှိသည်။
“မိတ်ဆွေတို့သုံးယောက်.. ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုနဲ့ မင်းတို့ ဓားတစ်သောင်း သူတော်စင်ဂိုဏ်း ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဖူးဘူး.. ဘာကြောင့် ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုကို လာတိုက်ခိုက်ရတာလဲ ဆိုတာ သိပါရစေ”
ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေး ယွမ်ခွန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူ သုံးယောက်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများကို သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုပင်လျှင် အလွယ်တကူ ရန်မစရဲပေ။
မလွှဲမရှောင်သာ အခြေအနေမျိုး မဟုတ်သရွေ့ ယွမ်ခွန်သည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းနှင့် ရန်သူ မဖြစ်လိုသည်မှာ ထင်ရှားနေခဲ့၏။
“ယွမ်ခွန်.. ငါတို့ သုံးယောက် ဒီနေ့ ဆန်းကြယ်နတ်မျိုးနွယ်စုဆီ ရောက်လာတာက ဂိုဏ်းချုပ်ရဲ့အမိန့်အရ ကိစ္စတစ်ခုကို လာမေးတာပဲ”
ထိုအချိန်တွင် အလယ်၌ ရပ်နေသော သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ယွမ်ခွန်ကို ပြောလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် ယွမ်ခွန်သည် သက်ပြင်းချလိုက်၏။
“မင်းတို့ ဘာကိစ္စမေးချင်တာလဲ.. ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုက သိထားတာဆိုရင်တော့ အကုန်ဖြေပေးပါ့မယ်”
ယွမ်ခွန်၏ စကားကိုကြားလျှင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက် ပြောလိုက်သည်။
“ငါတို့ သိချင်တာက နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်တာအို တည်နေရာပဲ”
လူလတ်ပိုင်းအရွယ်အမျိုးသား၏ စကားကိုကြားလျှင် ယွမ်ခွန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်၏။
“မင်းတို့ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းက ကျုပ်ရဲ့ ဆန်းကြယ်နတ်မျိုးနွယ်စုကို အတော်လေး အထင်ကြီးလွန်းနေပြီထင်တယ်.. ကောင်းကင်လမ်းစဥ် ဆိုတာက စိတ်ကူးယဥ်ဆန်လွန်းတဲ့အရာပဲ.. ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုမှာ ကောင်းကင်လမ်းစဥ်ရဲ့ တည်နေရာကို တွက်ချက်နိုင်တဲ့အရည်အချင်း မရှိပါဘူး”
“ယွမ်ခွန်.. ဟိုးအရင်တုန်းက မင်းတို့ရဲ့ ဘိုးဘေးတစ်ယောက်က ကောင်းကင်လမ်းစဥ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကောင်းကင်လမ်းစဥ်နဲ့ သဘောတူညီချက် တစ်ခုတောင် လုပ်ခဲ့တယ်.. မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စုက ကောင်းကင်လမ်းစဥ်ရဲ့တည်နေရာကို မသိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စုကို ဘာမှ မဖြစ်စေချင်ဘူးဆိုရင် ကောင်းကင်လမ်းစဥ်ရဲ့ တည်နေရာကို ကောင်းကောင်းမွန်မွန် ပြောပြပါ.. မဟုတ်ရင်တော့ ငါတို့ကို အပြစ်မတင်နဲ့”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြိမ်းခြောက်မှုကိုကြားလျှင် ယွမ်ခွန်၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွားခဲ့သည်။
သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသည့် နည်းစနစ်မှ တစ်ဆင့် ကောင်းကင်လမ်းစဥ်ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။
ကောင်းကင်လမ်းစဥ်၏ သဘောတူညီချက်ကြောင့်သာ သူတို့ဘိုးဘေး၏ ခန္ဓာကိုယ်ကို ရုပ်သေးအဖြစ် ပြောင်းလဲသည့် အစီအစဥ်သည် ချောချောမွေ့မွေ့ ဖြစ်ခဲ့ခြင်းပင်။
သို့ရာတွင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းက ထိုအကြောင်းကို သိနေလိမ့်မည်ဟု ယွမ်ခွန် ထင်မှတ်မထားခဲ့ပေ။
အကယ်၍ သူတို့သာ ယနေ့တွင် ကောင်းကင်လမ်းစဥ်၏ တည်နေရာကို မပြောပြလျှင် ဤကိစ္စသည် အေးအေးဆေးဆေး မပြီးနိုင်မည်မှာ သေချာသလောက်ပင်။
[ဒီသုံးယောက်ကလည်း ကောင်းကင်လမ်းစဥ် အတွက် ရောက်လာကြတာလား]
သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်ယွမ်ခွန်တို့၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
သူသည်လည်း ဆန်းကြယ်နတ်မျိုးနွယ်စုသို့ ရောက်ရှိလာသည်မှာ ကောင်းကင်လမ်းစဥ်၏ တည်နေရာအကြောင်းနှင့် ပတ်သက်၍ စုံစမ်းရန်ပင် ဖြစ်သည်။
ယခု ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကလည်း ထိုအကြောင်းကို မေးမြန်းရန် လူလွှတ်လိုက်သည် ဖြစ်ရာ ဤကမ္ဘာတွင် ဤမျှလောက်အထိ တိုက်ဆိုင်မှု ရှိနိုင်ပါသလော။
“ဓားတစ်သောင်း သူတော်စင်ဂိုဏ်းက ကောင်းကင်လမ်းစဥ်ကို ဘာအတွက် ရုတ်တရက် ရှာနေကြတာများလဲ”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် ယွမ်ရန်ကျီ၏ ထိတ်လန့်တကြား ရေရွတ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဘိုးဘေး ယွမ်ခွန်.. ဒီသုံးယောက်က ဓားတစ်သောင်းသူတော်စင်ဂိုဏ်းက လူတွေ မဟုတ်တော့ဘူး”
အခန်း(၂၃၂၁)ပြီး၏။
အခန်း(၂၃၂၂)
“ဓားတစ်သောင်းသူတော်စင်ဂိုဏ်းက အဖွဲ့ဝင်တွေ မဟုတ်ဘူးလား”
ယွမ်ခွန်က ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် စစ်ဆေးကြည့်ရန်အတွက် ဆန်းကြယ်နတ်မျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်ကို ချက်ချင်းပင် အသုံးပြုလိုက်သည်။
ထိုအခါ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ အဖွဲ့ဝင်သုံးဦး၏ ဝိညာဥ်များသည် မူလလူများ မဟုတ်တော့သည်ကို ယွမ်ခွန်အလွန် လျင်မြန်စွာပင် သိရှိလိုက်ရ၏။
ဆိုရလျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ အဖွဲ့ဝင်သုံးယောက်၏ ခန္ဓာကိုယ်များသည် သိမ်းပိုက်ထားခြင်း ခံထားရသည်မှာ ထင်ရှားနေခဲ့သည်။
“မင်းတို့ ဘယ်သူတွေလဲ”
ယွမ်ခွန်က ထိုသုံးယောက်ကို စူးစိုက်ကြည့်လိုက်ကာ အေးစက်စက် မေးခွန်းထုတ်လိုက်သည်။
“ဟားဟား.. ဆန်းကြယ်နတ်မျိုးနွယ်စုက တကယ်ကို နာမည်နဲ့လိုက်အောင် ထက်မြက်သားပဲ.. ခင်ဗျား အခုလို မြန်မြန်ဆန်ဆန် ရိပ်မိသွားလိမ့်မယ်လို့ မထင်ထားမိဘူး”
ခန္ဓာကိုယ်ထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ အရှိန်အဝါများကို ဖုံးကွယ်မထားတော့ဘဲ ထုတ်ဖော်လိုက်ရာ နတ်ဆိုးအရှိန်အဝါ တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထဲက ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုဝင်တွေကိုး”
လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ ထွက်ပေါ်လာသည့်အရှိန်အဝါကို ခံစားမိလျှင် ယွမ်ခွန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး အနေဖြင့် ယွမ်ခွန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အကြောင်းကို အတိုင်းအတာတစ်ခု အထိ နားလည်ထားခဲ့သည်။
သူ သိထားသလောက် ဟင်းလင်းပြင်မျိုးနွယ်စုထဲတွင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု တစ်စုသာ ကမ္ဘာပေါ်တွင် ဝိညာဥ်ခန္ဓာကိုယ် ပုံစံဖြင့် တည်ရှိနေနိုင်ကြ၏။
၎င်းတို့က ဝိညာဥ်များကို အလွယ်တကူ ဝါးမျိုနိုင်ပြီး သူတစ်ပါး၏ ခန္ဓာကိုယ်များကို သိမ်းပိုက်နိုင်ကြသည်။
တစ်ချိန်က နတ်ကုန်းမြေတိုက်ကို ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ကျူးကျော်စဥ်က နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ လက်ထဲတွင် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ခဲ့ရဖူး၏။
ယခုအခါတွင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုများသည် နတ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့ပြီး ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ နတ်ဘုရင်သုံးပါး ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ကောင်းကင်လမ်းစဥ်၏ တည်နေရာကို စုံစမ်းရန်အတွက် ဆန်းကြယ်နတ်မျိုးနွယ်စုသို့ ရောက်လာကြလိမ့်မည်ဟု ယွမ်ခွန် ထင်မှတ်မထားခဲ့ပေ။
ကံကောင်းစွာဖြင့် အစောပိုင်းက သူသည် ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်သည့်သတင်းကို မပြောပြမိခဲ့ပေ။
ထိုသို့မဟုတ်ဘဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသာ ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်၍ သိသွားခဲ့လျှင် အကျိုးဆက်သည် မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ချေ။
“ယွမ်ခွန် အပိုစကားတွေပြောမနေနဲ့တော့.. မင်းသာ ကောင်းကင်လမ်းစဥ်ရဲ့ တည်နေရာကို ကောင်းကောင်းမွန်မွန်ပြောပြမယ်ဆိုရင် ဒီအကြီးအကဲက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
“မဟုတ်ရင်တော့ ဒီနေ့ မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စုကို ဒီအကြီးအကဲက ဖျက်ဆီးပစ်မယ်”
ထိုစကားကိုကြားလျှင် ယွမ်ခွန်က ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု အကြီးအကဲကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ငါတို့ ဆန်းကြယ်နတ်မျိုးနွယ်စုက မင်းတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး”
“ကောင်းပြီလေ မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါကလည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့.. မင်းငါ့ကို မပြောပြတာနဲ့ပဲ ကောင်းကင်လမ်းစဥ်ရဲ့ တည်နေရာကို ငါမသိနိုင်တော့ဘူးလို့ မင်းထင်နေတာလား.. မင်းတို့ရဲ့ဝိညာဥ်တွေကို ဝါးမျိုပြီး မင်းတို့ရဲ့ မှတ်ဥာဏ်တွေကို စုပ်ယူလိုက်တာနဲ့ ကောင်းကင်လမ်းစဥ်ရဲ့တည်နေရာကို ရှာတွေ့နိုင်မှာပဲ”
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ အကြီးအကဲစကားဆုံးသည်နှင့် တစ်ပြိုင်နက် ဆန်းကြယ်သော အနက်ရောင် ဝိညာဥ်စွမ်းအား တစ်ခုသည် လေထုထဲတွင် ရုတ်တရက် ပြည့်နှက်သွားခဲ့ပြီး လေထုထဲရှိ ကျင့်ကြံသူများကို မှင်တက်သွားစေခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူတို့၏ ဝိညာဥ်များသည် ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့ပြီး သက်ရှိများ ကင်းမဲ့နေသည့် နက်မှောင်သော ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်ကို သတိပြုမိခဲ့ကြသည်။
“ဒါ ဒါက ဘယ်နေရာလဲ”
သူတို့ရှေ့ရှိ ပတ်ဝန်းကျင်ကို ကြည့်ကာ ဆန်းကြယ်နတ်မျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲ တချို့၏ မျက်နှာထက်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“မကောင်းတော့ဘူး.. ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု အကြီးအကဲရဲ့ ဝိညာဥ်စွမ်းအားနဲ့ ဖန်တီးထားတဲ့ နေရာလွတ်ကမ္ဘာထဲကို ငါတို့ရဲ့ ဝိညာဥ်တွေ ကျရောက်သွားခဲ့ပြီ.. အားလုံးပဲ အတူတူ လှုပ်ရှားပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားမှ ဖြစ်မယ်”
ယွမ်ခွန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက နက်မှောင်သောကမ္ဘာကို အတူတကွ တိုက်ခိုက်ရန် လူတိုင်းကို လျင်မြန်စွာပင် အမိန့်ပေးလိုက်၏။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ယွမ်ခွန်တို့ လူစု၏ တိုက်ခိုက်မှုသည် နက်မှောင်သောကမ္ဘာကို ထိမှန်သွားသော်လည်း ပင်လယ်ထဲကို ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်နေခဲ့ပြီး မည်သည့် စွမ်းအင်လှိုင်းဂယက်မျှ ထွက်ပေါ်မလာခဲ့ပေ။
“ဟားဟား ယွမ်ခွန် အပင်ပန်းခံမနေစမ်းပါနဲ့.. ဒီအကြီးအကဲ ဖန်တီးထားတဲ့ နေရာလွတ်ကမ္ဘာမှာ ဒီအကြီးအကဲက တစ်ဦးတည်းသော နတ်ဘုရားပဲ.. နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူတောင် ဒီနေရာလွတ်ကမ္ဘာကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး.. မင်းတို့ ဆိုရင်တော့ ပိုလို့တောင် မဖြစ်နိုင်ဘူးပေါ့”
ထိုအချိန်တွင် နတ်ဆိုးအရှိန်အဝါများ ပြည့်နှက်နေသော အနက်ရောင်ပုံရိပ် တစ်ခုသည် လေထုထဲတွင် ပေါ်လာခဲ့ပြီး ယွမ်ခွန်တို့ လူစုကို ငုံ့ကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ယွမ်ခွန်၏ မျက်နှာအမူအရာသည် အလွန်ပင် အကျည်းတန်သွားခဲ့၏။
သူ၏ရှေ့ရှိ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် အနည်းဆုံး အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်ပုံရသည်။
ဆိုရလျှင် ယနေ့တွင် သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေခဲ့ချေပြီ။
ဤအခိုက်အတန့်တွင် ယွမ်ရန်ကျီ၏ မျက်နှာအမူအရာသည်လည်း အလွန်တရာပင် လေးနက်နေခဲ့သည်။
“ဘိုးဘေးယွမ်ခွန်.. အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
“ဒီဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို သတ်ဖို့က လွဲပြီး ငါတို့အနေနဲ့ ဒီကမ္ဘာကနေ ထွက်သွားနိုင်မဲ့ နည်းလမ်းမရှိဘူး”
ထိုစကားကိုပြောပြီးနောက်တွင် ယွမ်ခွန်သည် လေထုထဲရှိ အနက်ရောင်ပုံရိပ်ကို စူးရှစွာ ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်။
အနက်ရောင်ပုံရိပ်သည် ယွမ်ခွန်၏ တိုက်ခိုက်မှုကို ဂရုမစိုက်သည့်အလား နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာမြှောက်လိုက်ရာ ကမ္ဘာကိုပင် ပျက်စီးစေနိုင်လောက်သော စွမ်းအားများ ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ် အနက်ရောင်မိုးကြိုးများသည် ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ပြီး ယွမ်ခွန်ကို ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားစေခဲ့သည်။
“ယွမ်ခွန်.. မင်းလို နတ်ဘုရင်သတ္တမအဆင့်က အပြင်လောကမှာတောင် ကျုပ်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး.. အခုလို ကျုပ်ဖန်တီးထားတဲ့ နေရာလွတ်ကမ္ဘာထဲမှာ ဆိုရင်တော့ ပြောမနေနဲ့တော့”
အနက်ရောင်ပုံရိပ်က ယွမ်ခွန်ကို ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ဒီအကြီးအကဲက မင်းနဲ့ ကစားပွဲတစ်ခု ကစားပေးမယ်.. ကောင်းကင်လမ်းစဥ်ရဲ့ သတင်းကို မပြောပြသရွေ့ မင်းပါးစပ်ကနေ ထုတ်ဖော်ပြောလာတဲ့ အထိ မင်းရဲ့ မျိုးနွယ်စုဝင်တွေကို တစ်မိနစ်ကို တစ်ယောက်နှုန်းနဲ့ မင်းရှေ့မှာ သတ်ပြမယ်”
“မင်းလုပ်ရဲလား”
ယွမ်ခွန်၏ မျက်နှာအမူအရာက ခက်ထန်သွားခဲ့ပြီး အနက်ရောင်ပုံရိပ်ကို ကြည့်နေသော သူ၏ အကြည့်သည် မီးလျှံများ လျှံထွက်လုမတတ် ဖြစ်နေခဲ့သည်။
“ကျုပ် လုပ်ရဲသလား.. မလုပ်ရဲသလား ဆိုတာ သိပ်မကြာခင် မင်း သိရပါလိမ့်မယ်”
အနက်ရောင်ပုံရိပ်က ယွမ်ခွန်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
“မင်းမှာ စက္ကန့်သုံးဆယ်လောက်ပဲ ကျန်တော့တယ်”
ယွမ်ခွန်က စကားတစ်လုံးမှ မပြောဘဲ အနက်ရောင်ပုံရိပ်ကို စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်နှာအမူအရာက အလွန်ပင် သုန်မှုန်နေခဲ့သည်။
ယနေ့တွင် သူက ကောင်းကင်လမ်းစဥ်၏ သတင်းကို ပြောပြခဲ့လျှင်ပင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် ဟင်းလင်းပြင်နတ်ဆိုး၏ လက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်မှန်း သူကောင်းစွာ သိထားခဲ့သည်။
ဤသည်မှာ သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စု ဘိုးဘေး တွက်ချက်ခဲ့သည့် ဆန်းကြယ်နတ်မျိုးနွယ်စု၏ မျိုးတုန်းမည့်ကပ်ဘေး ဖြစ်ပုံရသည်။
“အချိန်ပြည့်သွားပြီ.. မင်းက မပြောဘူး ဆိုမှတော့ ကျုပ်ကလည်း အားမနာတော့ဘူး.. မင်းတို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်ကနေပဲ စလိုက်ကြတာပေါ့”
စကားဆုံးသည်နှင့် အနက်ရောင်ပုံရိပ်သည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ ယွမ်ရန်ကျီကို ချုပ်နှောင်ရန် ပြင်လိုက်သည်။
သူ၏ နတ်ဆိုးစွမ်းအင်များသည် ယွမ်ရန်ကျီ ရှိနေသည့် ပတ်ဝန်းကျင်ကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်၏။
“ရပ်လိုက်စမ်း”
ယွမ်ခွန်က ချက်ချင်းဆိုသလိုပင် စိုးရိမ်သွားခဲ့ပြီး ကယ်တင်ရန် ပြင်လိုက်စဥ်မှာပင် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်သောပုံရိပ် တစ်ခုသည် ယွမ်ရန်ကျီ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ချုပ်နှောင်ထားသည့် နတ်ဆိုးစွမ်းအားကို ဖျက်ဆီးပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခပ်ထေ့ထေ့ ရယ်သံတစ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဟားဟား.. ဘာမဟုတ်တဲ့ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုက ဒီဧကရာဇ်ရှေ့မှာ သောင်းကျန်းရဲနေပါလား”
ယွမ်ရန်ကျီ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ယွမ်ခွန်တို့ လူစုသည် မှင်တက်သွားခဲ့ကြသည်။
မကြာခင်မှာပင် သူတို့၏ မျက်နှာထက်၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
အစောပိုင်းက စိုးရိမ်ပူပန်နေခဲ့သောကြောင့် သူတို့ အားလုံးသည် လူသားဧကရာဇ်အသစ် ရှိနေသည်ကို မေ့လျော့သွားခဲ့သည်။
ဤလူသားဧကရာဇ်အသစ်သည် တိုက်ခိုက်ရေးစွမ်းရည်တွင် ပြိုင်ဘက်ကင်းရုံတင်မက နတ်ဘုရင် သတ္တမအဆင့်ကိုပင် နှိမ်နင်းနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင် တစ်ဦး ဖြစ်၏။
သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုသာ လူသားဧကရာဇ်နှင့် ပူပေါင်းလိုက်မည် ဆိုလျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး သုံးယောက်ကို တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည် မဟုတ်ပါလား။
ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကိုမြင်လျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်လေး.. မင်းဘယ်သူလဲ”
“ကျုပ်က လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိလူသားဧကရာဇ် ကျန်းချန်ပဲ”
ကျန်းချန်က ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ယံရှိ အနက်ရောင်ပုံရိပ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါ့အပြင် ငါက ဒီနေ့ မင်းရဲ့အသက်ကို ဇီဝိန်ချုပ်ပေးမဲ့သူပဲ”
အခန်း(၂၃၂၂)ပြီး၏။