အခန်း (၂၃၂၃-၂၃၂၄)
Vol. 173 Ch. 2323-2324
အခန်း(၂၃၂၃)
“မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိ လူသားဧကရာဇ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်နှင့် လူသားဧကရာဇ် ဆိုသည်မှာ သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တားမြစ်ချက်နှင့် အတူတူနီးပါးပင် ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့စဥ်တွင် သူတို့ကို အနိုင်ယူရန် နတ်ကုန်းမြေတိုက်ကို ဦးဆောင်ခဲ့သည်မှာ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်သည့် ကျန်းချင်းထျန်း ဖြစ်သည်။
ဤနှစ်တွေအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို တစ်ကြိမ်ထက်မက ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း နတ်ကုန်းမြေတိုက်၏ အစွမ်းထက်ကျင့်ကြံသူများကြောင့် အကြိမ်ကြိမ် တားဆီးခြင်း ခံခဲ့ရသည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တားဆီးခဲ့သည့် အစွမ်းထက် ကျင့်ကြံသူများထဲတွင် သူတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အထိနာဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သူမှာ သံသယဝင်စရာမရှိ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ပင် ဖြစ်သည်။
ဆိုရလျှင် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်တိုင်းသည် အံ့ဖွယ်စွမ်းရည်များ ရှိကြသည်။
သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နဝမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများစွာသည် လူသားဧကရာဇ်နန်းတော်၏ လက်ထဲတွင် ကျဆုံးခဲ့ရခြင်း ဆိုလည်းမမှားပေ။
သိပ်မကြာခင်ကပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို အင်အား အပြည့်အဝဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုအထဲတွင် လူသားဧကရာဇ်နန်းတော် စောင့်ကြပ်နေသည့် နတ်ဆိုးတားမြစ်နယ်မြေကို ထိုးဖောက်ရန် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ခုနစ်ပါးနှင့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးကို စေလွှတ်ခဲ့သည်။
ရလဒ်အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီး ဟင်းလင်းပြင် နတ်ဆိုး နတ်ဘုရား ဆယ်ပါးစလုံးသည် နတ်ကုန်းမြေတိုက်သို့ ဝင်ရောက်ပြီး မကြာမီမှာပင် အမြစ်ပြတ် သုတ်သင်ခံလိုက်ရ၏။
ယင်းတိုက်ပွဲသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထို့ကြောင့်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို အတင်းအကျပ် ကျူးကျော်ရန်မှာ မလွယ်ကူသောကိစ္စမှန်း သိသွားခဲ့ပြီး ကောင်းကင်လမ်းစဥ်၏ တည်နေရာကို ရှာဖွေရန်အတွက် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ဖြစ်သည့် သူ့ကို စေလွှတ်ခဲ့ခြင်းပင်။
ထိုအချိန်က စကြဝဠာအဆင့် စစ်ပွဲကြီးတွင် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် အပြင်းအထန် ထိခိုက်သွားခဲ့သည်။
ထို့ကြောင့် သူတို့သာ ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ပြီး ဖျက်ဆီးနိုင်ခဲ့မည် ဆိုလျှင် နတ်ဘုရားနယ်မြေသည် သူ့ဘာသာသူ ပျက်စီးသွားပေလိမ့်မည် မဟုတ်ပါလား။
အထက်မှ အမိန့်ကို ရရှိပြီးနောက်တွင် သူက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနှင့် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတို့၏ တိုက်ပွဲကို အခွင့်ကောင်းယူကာ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူ သုံးဦး၏ ခန္ဓာကိုယ်ကို လုယူပြီး မျိုးနွယ်စုဝင် နှစ်ယောက်နှင့် အတူ ဆန်းကြယ်နတ်မျိုးနွယ်စုဆီ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဆန်းကြယ်နတ်မျိုးနွယ်စု ဆီသို့ ရောက်လာရသည့် အကြောင်းရင်းမှာ ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်သည့် သတင်းသည် ဆန်းကြယ်နတ်မျိုးနွယ်စုတွင် ရှိနေသည်ဟု ဆိုကြ၍ ဖြစ်သည်။
သို့သော်လည်း သူတို့သည် ဆန်းကြယ်နတ်မျိုးနွယ်စုတွင် လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုးမျိုးနွယ်စုသည် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ကို မွေးရာပါ ကြောက်ရွံ့ခဲ့ကြသည်။
အကြောင်းရင်းမှာ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်တိုင်းတွင် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ဟု ခေါ်သည့် ဆန်းကြယ်သော ကိုယ်ခံပညာရပ်တစ်ခု ရှိကြ၍ ဖြစ်သည်။
ထို လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်ထဲမှ စည်းတံဆိပ် တစ်ခုသည် သူတို့ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ ရန်သူတော်ဟုပင် ဆို၍ရ၏။
ထိုစည်းတံဆိပ်အောက်တွင် သူတို့ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုးမျိုးနွယ်စု၏ မရေမတွက်နိုင်သော ဘိုးဘေးများစွာသည် ကျဆုံးခဲ့ရသည်။
“မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို သတ်ချင်နေတာကိုး”
ကျန်းချန်၏ မျက်ဝန်းများက ဓားကဲ့သို့ အေးစက်နေခဲ့သည်။
သူ၏ ပြင်းထန်သော လူသတ်ငွေ့များသည် ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့၏။
ကံကောင်းစွာဖြင့် သူက ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဆန်းကြယ်နတ်မျိုးနွယ်စု ဆီသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။
သို့မဟုတ်လျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ အကြံအစည်သည် အမှန်တကယ်ပင် အထမြောက်သွားလောက်သည်။
ကျန်းချန် ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် လူသတ်ငွေ့ကို ခံစားမိလျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကောင်းကင်ယံကနေ ကျန်းချန်ကို လက်ဝါး ရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် လေထုထဲ၌ အဆုံးမဲ့ ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာခဲ့ကာ ရှေးဟောင်း နတ်ဆိုးတစ်ပါး၏ လက်ဝါးကဲ့သို့ အနက်ရောင် လက်ဝါးတစ်ဖက် အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုဧရာမ အနက်ရောင်လက်ဝါးသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ယွမ်ခွန် ပင်လျှင် ထိုလက်ဝါး၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်သည်။
အကယ်၍ ထိုလက်ဝါးသာ သူ့အပေါ်တွင် ကျရောက်လာမည်ဆိုလျှင် သူ၏ဝိညာဥ်သည် ချက်ချင်းဆိုသလိုပင် ဘာမှမကျန်ရှိသည်အထိ ချေမှုန်းခံရမည်မှာ သေချာသလောက်ပင်။
“လူသားဧကရာဇ် ကျုပ်ကူညီပါရစေ”
ယွမ်ခွန်က သွားများကို အန်ကြိတ်လိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ကျန်းချန်ကို ကူညီရန် ပြင်လိုက်သည်။
အကယ်၍ ကျန်းချန်သာ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ လက်ထဲတွင် ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့ အားလုံးသည်လည်း ယနေ့တွင် မုချ သေရမည်မှန်း သူ၏ စိတ်ထဲတွင် ကောင်းစွာ သိထားခဲ့သည်။
“မလိုဘူး.. အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးလောက်ကတော့ ငါတစ်ယောက်တည်းနဲ့လည်း အေးအေးဆေးဆေး သတ်နိုင်ပါတယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် လေထုထဲတွင် ပေါ်လာခဲ့သည်။
“ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်းစည်းတံဆိပ်”
ကျန်းချန်၏ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် လေထုထဲတွင် ဧရာမ စည်းတံဆိပ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသည့် အနက်ရောင် လက်ဝါးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ပေတစ်ထောင်ခန့် ကြီးမားသော စည်းတံဆိပ်ကြီးသည် အနက်ရောင် လက်ဝါးနှင့် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားသော်လည်း မျှော်လင့်ထားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်မလာခဲ့ပေ။
အနက်ရောင်လက်ဝါးကြီးသည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် မီးလျှံနှင့် ထိတွေ့လိုက်သည့် ရေစက်ကလေး ကဲ့သို့ လေထုထဲတွင် အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အနက်ရောင် လက်ဝါးကြီးသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ထို့အပြင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ ပုံရိပ်သည်လည်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ လက်ကျန် စွမ်းအားရိုက်ခတ်မှုကြောင့် ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်နှာ အမူအရာထက်တွင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
လူသားဧကရာဇ် နန်းတော်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ အကြီးမားဆုံး ရန်သူတော်ပင် ဖြစ်သည်။
ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲကို နောက်ဆုတ်သွားအောင် လုပ်ဆောင်ပြီးနောက်တွင် ၎င်းကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ပေ။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ကာ နောက်ထပ် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်တစ်ခုကို လျင်မြန်စွာ စုစည်းလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။
သူ၏ ခပ်ထေ့ထေ့ စကားသံကမူ လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်က တကယ်ကို အစွမ်းထက်ပါပေတယ်.. ဒါပေမဲ့ အပြင်ဘက်မှာ ငါ့ရဲ့မျိုးနွယ်စုဝင်နှစ်ယောက် ကျန်သေးတယ် ဆိုတာကို မင်းမမေ့ပါနဲ့.. ငါမင်းကို တစ်ခဏလောက် ပိတ်လှောင်ထားနိုင်သရွေ့ သူတို့နှစ်ယောက်ကို မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို အရင်ဖျက်ဆီးခိုင်းလိုက်လို့ရတယ်.. မင်းတို့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတာနဲ့ ဒီနေရာလွတ် ကမ္ဘာထဲမှာ ဒီအကြီးအကဲက မင်းနဲ့ ပျော်ပျော်ပါးပါး ကစားပေးမယ်”
ထိုစကားကို ကြားလိုက်ရလျှင် ယွမ်ခွန်တို့ လူစု၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ယခုအခါတွင် သူတို့သည် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ ဖန်တီးထားသည့် နေရာလွတ်ကမ္ဘာထဲတွင် ပိတ်မိနေခြင်း ဖြစ်သည်။
အကယ်၍ အပြင်ဘက်ကမ္ဘာရှိ သူတို့၏ ခန္ဓာကိုယ်သာ ဖျက်ဆီးခံလိုက်ရလျှင် သူတို့၏ ဝိညာဥ်သည်လည်း အပြင်းအထန် ထိခိုက်သွားမည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ရောက်လျှင် သူတို့သည် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲကို ပြန်လည် တိုက်ခိုက်ရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလော။
ယွမ်ခွန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။
“လူသားဧကရာဇ်.. ငါတို့ ဒီနေရာလွတ်ကမ္ဘာကို ချက်ချင်းဖောက်ထွက်မှ ဖြစ်တော့မယ်.. ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး နှစ်ပါးကို ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖျက်ဆီးခွင့်ပေးလိုက်လို့ မဖြစ်ဘူး”
“စိတ်မပူပါနဲ့.. သူတို့ ဘယ်လိုအခွင့်အရေးမှ ရမှာမဟုတ်ဘူး.. ဒီနေရာလွတ်ကမ္ဘာကို ဖောက်ထွက်ဖို့က စည်းတံဆိပ်တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ စွမ်းအားကို အပြည့်အဝ အသုံးပြုကာ စည်းတံဆိပ် တစ်ခုကို ထုတ်ဖော်၍ နေရာလွတ်ကမ္ဘာကို တိုက်ခိုက်လိုက်သည်။
ဤသို့ဖြင့် ကျန်းချန် ထုတ်ဖော်လိုက်သည့် လူသားဧကရာဇ်စည်းတံဆိပ်သည် နေရာလွတ်ကမ္ဘာကြီးကို တဖြည်းဖြည်း ဝါးမျိုသွားခဲ့သည်။
အဆုံးသတ်တွင် နက်မှောင်သော နေရာလွတ် ကမ္ဘာကြီးသည် တုန်ခါသွားခဲ့ပြီး ပုံပျက်ပန်းပျက် ဖြစ်လာခဲ့ကာ မှန်တစ်ချပ်ကွဲအက်သွားသကဲ့သို့ အသံထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်နှင့် အခြားသူများ၏ ဝိညာဥ်များသည်လည်း သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်များ ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ အရှိန်အဝါသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ အားနည်းသွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်း စည်းတံဆိပ်သည် သူတို့ ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုကို နှိမ်နင်းရန်အတွက် သီးသန့် ဖန်တီးထားသကဲ့သို့ပင် အလွန်တရာပင် စွမ်းအားကြီး၏။
ထို့အပြင် သူ့ရှေ့မှ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်သည် မူလကတည်းကပင် နတ်ဘုရင် အဋ္ဌမအဆင့်ထက် မနိမ့်ကျသည့် စွမ်းရည်ရှိပြီး ဝိညာဥ်ငြိမ်းသတ်ခြင်းရှေးဟောင်း စည်းတံဆိပ်ကိုပါ အသုံးပြုလိုက်သည့်အခါတွင် သူတောင်မှ လုံးဝ မတားဆီးနိုင်တော့ပေ။
“ငါတို့သွားကြစို့”
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် ဤနေရာတွင် လူသားဧကရာဇ် ရှိနေသရွေ့ သူတို့၏ အစီအစဥ်က အထမြောက်မည် မဟုတ်မှန်း နားလည်သွားခဲ့သည်။
သူက သူ့နံဘေးမှ မျိုးနွယ်စုဝင် နှစ်ယောက်ကို ပြောဆိုလိုက်ပြီး နောက်ကိုပင် လှည့်မကြည့်တော့ဘဲ အဝေးရှိ ကောင်းကင်ယံဆီ ထွက်ပြေးသွားခဲ့သည်။
အခန်း(၂၃၂၃)ပြီး၏။
အခန်း(၂၃၂၄)
“နတ်ကုန်းမြေတိုက်က မင်းတို့လာချင်တိုင်းလာပြီး သောင်းကျန်းလို့ ရတဲ့နေရာ မဟုတ်ဘူး.. ရောက်လာပြီးမှတော့ ဒီနေရာမှာပဲ ထာဝရအိပ်စက်ပေတော့”
ကျန်းချန်၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူက လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ ဟင်းလင်းပြင်ဝိညာဥ်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲကို တိုက်ခိုက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဓားချက်ကို ခုခံနိုင်ရန်အတွက် သူ၏ စွမ်းအားများကို အလျင်အမြန် စုစည်းလိုက်သည်။
သို့သော်လည်း ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုသည် ဝိညာဥ် အခြေအနေတွင် ရှိနေမှသာ သူတို့၏ စွမ်းရည်များကို အပြည့်အဝ ထုတ်သုံးနိုင်စွမ်း ရှိသည်။
ထို့အပြင် သူ သိမ်းပိုက်ထားသည့် ခန္ဓာကိုယ်သည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ သာမန် နတ်ဘုရင်အဆင့် ခန္ဓာကိုယ် တစ်ခုသာ ဖြစ်သောကြောင့် သူ၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။
ဓားအလင်းသည် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု အကြီးအကဲ၏ အကာအကွယ်ကို တစ်ခဏအတွင်းမှာပင် ချေမှုန်းပစ်လိုက်ပြီး သူသိမ်းပိုက်ထားသော ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့၏။
“လူသားဧကရာဇ်ကျန်းချန် ဒီအကြွေးကို ငါမှတ်ထားမယ်.. ငါမင်းကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး”
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ်ပေါင်း ထောင်ချီ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရပ်မျက်နှာ အနှံ့ ပြေးထွက်သွားခဲ့သည်။
ကျန်းချန်သည် မည်သည့် အနက်ရောင်ပုံရိပ်က ဟင်းလင်းပြင်ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု အကြီးအကဲ၏ မူလ ခန္ဓာကိုယ်မှန်း မခွဲခြားနိုင်ခဲ့ပေ။
သူ တွေဝေနေသော အချိန်မှာပင် အနက်ရောင်ပုံရိပ်ပေါင်း ထောင်ချီသည် လေထုထဲတွင် အစအနပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု၏ နည်းစနစ်သည် အလွန်တရာပင် ထူးဆန်းလှပြီး သဲလွန်စပင် မကျန်ရှိဘဲ သွားလိုက် လာလိုက် လုပ်ဆောင်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလော။
ဤဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စု အကြီးအကဲသည် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို ရောက်ရှိနေချေပြီ။
သူ့ကို အနိုင်ယူရန် မခက်ခဲသော်လည်း သူသာ တကယ်တမ်း ထွက်ပြေးချင်သည် ဆိုလျှင် ကျန်းချန် အနေဖြင့် တားဆီးရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကျန်ရှိနေသည့် ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး နှစ်ကောင်၏ ခန္ဓာကိုယ်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထို ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး နှစ်ကောင်မှာ ကံမကောင်းလှပေ။
ထိုနှစ်ယောက်သည် ဆဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်သာ ရှိရာ အစောပိုင်းက ထွက်ပြေးသွားသည့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားထက် များစွာ နိမ့်ကျနေခဲ့၏။
ထို့ကြောင့် ကျန်းချန်၏ ရှေ့မှောက်တွင် ထိုဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
“အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူသားဧကရာဇ်”
ဟင်းလင်းပြင် ဝိညာဥ်နတ်ဆိုး မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ သုံးဦးစလုံးက ကျန်းချန်၏ လက်ထဲတွင် တစ်ခဏအတွင်း သေဆုံးသူက သေပြီး ထွက်ပြေးသူက ထွက်ပြေးသွားသည်ကို မြင်လျှင် ယွမ်ခွန်သည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ကျေးဇူးတင်စွာဖြင့် ဂါဝရပြုကာ ပြောလိုက်သည်။
“တကယ်လို့ ဒီနေ့ လူသားဧကရာဇ်သာ အကူအညီ မပေးခဲ့ရင် ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ အဆင့်မြင့် အကြီးအကဲတွေအားလုံး အမြစ်ပြတ် သုတ်သင်ခံရမှာ သေချာသလောက်ပဲ”
ထိုအခြေအနေသို့ ရောက်သွားခဲ့လျှင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် လုံးဝ မပျက်စီးသွားလျှင်ပင် အင်အားအတော်လေး ဆုတ်ယုတ်သွားမည်မှာ ဧကန်မလွဲပင်။
“ဘိုးဘေးယွမ်ခွန် အားနားနေဖို့မလိုပါဘူး.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ ဘုံရန်သူပါပဲ.. နတ်ကုန်းမြေတိုက်က ကျင့်ကြံသူ တစ်ယောက်အနေနဲ့ လျစ်လျူရှထားမှာ မဟုတ်ပါဘူး”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေက ကိစ္စအတွက် ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး”
“လူသားဧကရာဇ် တောင်းပန်စရာမလိုပါဘူး.. ဆန်းကြယ်နတ်မျိုးနွယ်စုက လနတ်ကျောက်တုံးကို မရနိုင်ခဲ့တာက လနတ်ကျောက်တုံးနဲ့ ရေစက်မပါလို့ပဲ ဖြစ်မှာပါ”
ယွမ်ခွန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်က သတင်းရပြီးပြီးချင်း လနတ်ဘုရားနန်းတော် အထိ ကိုယ်တိုင် သွားရောက်ခဲ့ရာ လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလ ကတည်းကလိုပင် မှော်ဆန်စွာ တည်ရှိနေဆဲဖြစ်သည်ကို တွေ့ခဲ့ရသည်။
လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အလွန်တရာပင် အစွမ်းထက်ပြီး တစ်ကွက်တည်းဖြင့်ပင် သူ့ကို သုတ်သင်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ကျန်းချန်က သူတို့ကို အနှောင့်အယှက် မပေးခဲ့လျှင်ပင် သူတို့အနေဖြင့် လနတ်ကျောက်တုံးကို ရယူရန်မှာ မဖြစ်နိုင်မှန်း ယွမ်ခွန် ရှင်းရှင်းလင်းလင်း သိထားခဲ့၏။
သူက ခေါင်းခါရမ်းလိုက်ပြီး အပိုစကားများ ပြောမနေတော့ဘဲ နားမလည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို မေးလိုက်သည်။
“လူသားဧကရာဇ်.. ဆန်းကြယ်နတ်မျိုးနွယ်စု ဆီမှာ ကျုပ်ကိုလာရှာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ”
“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ အတူတူပါပဲ.. နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို ရှာဖွေဖို့ အတွက်ပါ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိက်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေတစ်ခုလုံး အတွက် ကောင်းကင်လမ်းစဥ်က အရမ်းကို အရေးကြီးတယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက လူတွေ အရင်ရှာတွေ့သွားလို့ မဖြစ်ဘူး.. ဒါကြောင့် ဘိုးဘေးယွမ်ခွန် အနေနဲ့ ကောင်းကင်လမ်းစဥ်နဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ဧကရာဇ်က ဒီအကြောင်းကို သိချင်မှတော့ ကျုပ်အနေနဲ့လည်း ဖုံးကွယ်မထားတော့ပါဘူး”
ယွမ်ခွန်က မချိပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စု ဘိုးဘေးက အချက်အလက်တွေ အများကြီးတော့ ချန်မထားခဲ့ဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ကောင်းကင်လမ်းစဥ်ကို မျက်စိကျနေတာ အရမ်းကို သိသာနေတယ်.. တကယ်လို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက လူတွေသာ ကောင်းကင်လမ်းစဥ်ကို အရင်ရှာတွေ့သွားမယ်ဆိုရင် ဒါက နတ်ဘုရားနယ်မြေအတွက် သေချာပေါက် ပျက်စီးခြင်း ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်.. အခု လူသားဧကရာဇ်က ကောင်းကင်လမ်းစဥ်ကို ရှာဖွေနေမှတော့ ယွမ်ခွန်အနေနဲ့ ဖုံးကွယ်မထားတော့ပါဘူး”
“ရပါတယ်.. ဘိုးဘေးယွမ်ခွန် သိထားတဲ့ အချက်အလက်လောက်ကို ပြောပြရင် ရပါပြီ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဆိုသည်မှာ အလွန်ပင် စိတ်ကူးယဥ်ဆန်လွန်းလှ၏။
ထို့ကြောင့် ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စု ထံကနေ ကောင်းကင်လမ်းစဥ်၏ တည်နေရာကို သိရှိနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။
ဆန်းကြယ်နတ်မျိုးနွယ်စု အနေဖြင့် ကောင်းကင်လမ်းစဥ်နှင့်ပတ်သက်၍ သဲလွန်စအချို့ ပေးနိုင်လျှင် လုံလောက်ပြီဟုပင် သူက မှတ်ယူထားခဲ့၏။
ထို့အပြင် ယခုအခါ၌ ကောင်းကင်လမ်းစဥ်၏ အခြေအနေနှင့် ပတ်သက်၍ သူက ဘာမှမသိသေးသလို ဘယ်နေရာကနေ စတင်၍ ရှာဖွေရမှန်းလဲ မသိသေးချေ။
သူ့အတွက် လမ်းစဖြစ်သည့် သဲလွန်စအချို့ကို အမှန်တကယ်ပင် အရေးတကြီး လိုအပ်နေခဲ့၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ ဘိုးဘေးက ဆန်းကြယ်တဲ့ နည်းစနစ်တစ်ခုကို အသုံးပြုပြီး ကောင်းကင်လမ်းစဥ်နဲ့ အမှန်တကယ် ဆက်သွယ်နိုင်ခဲ့တယ် ဘိုးဘေး ချန်ထားခဲ့တဲ့ အချက်အလက်အနည်းငယ် အရ ငါခန့်မှန်းတွက်ချက်ကြည့်ရသလောက်ကတော့ ကောင်းကင်လမ်းစဥ်က နတ်ကုန်းမြေတိုက်ရဲ့ မြောက်ဘက်ဒေသမှာ အိပ်ပျော်နေတာ ဖြစ်လောက်တယ်.. ဒါ့အပြင် ကောင်းကင်လမ်းစဥ် အိပ်ပျော်နေတဲ့နေရာက အသက်သစ်ပင်ရှိတဲ့နေရာ ဖြစ်နိုင်တယ်.. ဒါကြောင့် မြောက်ဘက်ဒေသမှာ အသက်သစ်ပင်ကိုသာ ရှာတွေ့မယ် ဆိုရင် ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်”
ယွမ်ခွန်က ဖုံးကွယ်ထားခြင်းမရှိဘဲ သူသိထားသမျှ သတင်း အချက်အလက် အားလုံးကို ကျန်းချန်အား ပြောပြလိုက်သည်။
ယွမ်ခွန်၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသသည် အလွန်တရာပင် ကျယ်ပြောလှပြီး မြောက်ဘက်ဒေသတွင် အိပ်ပျော်နေသည့် ကောင်းကင်လမ်းစဥ်ကို ရှာဖွေဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ကောင်းကင်လမ်းစဥ် အိပ်စက်နေသည့် နေရာတွင် အသက်သစ်ပင် ရှိသည် ဟူသော သတင်းသည် အလွန်တရာ အသုံးဝင်သော အချက်အလက် ဖြစ်၏။
နတ်ဘုရားနယ်မြေ စတင် တည်ရှိကတည်းကပင် နတ်သစ်ပင်သုံးပင်၌ တစ်ပင် အပါအဝင် ဖြစ်သော အသက်သစ်ပင်သည် မယုံကြည်နိုင်စရာကောင်းသည့် အသက်စွမ်းအားများကိန်းအောင်းနေသော သစ်ပင် ဖြစ်သည်။
နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ရှေးခေတ်ကာလက ကပ်ဘေးကြီးတွင် အပြင်းအထန် ထိခိုက်ခဲ့ရ၍ ပြန်လည်နာလန်ထူရန် အတွက် အသက်သစ်ပင်နားတွင် ရှိနေသည်မှာ သင့်လျော်သော အကြောင်းပြချက်ပင် မဟုတ်ပါလော။
တစ်နည်းအားဖြင့်ဆိုရလျှင် ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ရန်အတွက် သူ့အနေဖြင့် အရင်ဆုံး အသက်သစ်ပင်၏ တည်နေရာကို ရှာဖွေရလိမ့်မည် ဖြစ်၏။
သို့သော်လည်း အသက်သစ်ပင်သည် နတ်ဘုရားနယ်မြေတွင် ဒဏ္ဍာရီတစ်ခု သဖွယ် ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ရာ အသက်သစ်ပင်ကို ရှာဖွေရန် ဆိုသည်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
အသက်သစ်ပင် တည်ရှိသောနေရာသည် လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် မြောက်ဘက်ဒေသရှိ တားမြစ်နယ်မြေများကို စစ်ဆေးကြည့်လျှင် ရှာတွေ့ကောင်း ရှာတွေ့နိုင်လောက်သည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ယွမ်ခွန်၏ စကားသံသည် သူ၏ နားထဲကို ထပ်မံ ဝင်ရောက်လာခဲ့သည်။
“မြောက်ဘက်ဒေသက အတော်လေး ကျယ်ပြောတယ် ဆိုပေမဲ့ လူသားတွေ အလွယ်တကူ ခြေမချရဲတဲ့ တားမြစ်နယ်မြေတွေ အများကြီး မရှိပါဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားခဲ့၏။
“ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေးယွမ်ခွန်.. ကျွန်တော် နောက်ထပ် အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးလို့ သွားခွင့်ပြုပါဦး”
ကျန်းချန်က ယွမ်ခွန်ကို တရင်းတနှီး နှုတ်ဆက်လိုက်ပြီးနောက်တွင် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ယခုအခါတွင် သူက ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်သည့် သတင်းကို ရရှိခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စုတွင် အချိန်အကြာကြီး ရှိနေရန် အစီအစဥ် မရှိတော့ဘဲ ကောင်းကင်လမ်းစဥ်၏ တည်နေရာကို ရှာဖွေရန်အတွက် မြောက်ဘက်ဒေသကို ခရီးထွက်ရန် အဆင်သင့် ဖြစ်နေခဲ့၏။
“လူသားဧကရာဇ်.. ဒီကျောက်စိမ်းတံဆိပ်ပြားက ဟိုးအရင်တုန်းက ကျုပ်တို့ ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ တံဆိပ်ပြားပဲ.. ဒီတံဆိပ်ပြားက ကောင်းကင်လမ်းစဥ်ကို ရှာဖွေတဲ့နေရာမှာ အထောက်အကူ ဖြစ်လာစေပါလိမ့်မယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ယွမ်ခွန်သည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားသည် ကျန်းချန်ထံသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ်”
ကျန်းချန်က ကျောက်စိမ်းတံဆိပ်ပြားကို လှမ်းယူလိုက်ပြီးနောက်တွင် စကားများစွာ ပြောမနေတော့ဘဲ ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၃၂၄)ပြီး၏။