← Chapters

အခန်း (၂၃၂၅-၂၃၂၆)

Vol. 173 Ch. 2325-2326

အခန်း (၂၃၂၅-၂၃၂၆)

Vol. 173 Ch. 2325-2326

အခန်း(၂၃၂၅)

ဆန်းကြယ်နတ်မျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် သူ့ဖခင် ကျန်းဝူရထံ ဆက်သွယ်ကာ လူသားဧကရာဇ် နန်းတော်၏ အခြေအနေကို စုံစမ်းခဲ့သည်။

အရာအားလုံး တည်ငြိမ်နေသည်ဆိုလျှင် ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် အတွက် မြောက်ဘက်ဒေသသို့ သွားရန် အဆင်သင့်ဖြစ်နေခဲ့၏။

ကျန်းချန်သည် အလွန်လျင်မြန်စွာပင် သူ့ဖခင် ကျန်းဝူရထံကနေ လူသားဧကရာဇ်နန်းတော်နှင့် နတ်ကုန်းမြေတိုက်၏ လက်ရှိအခြေအနေကို သိရှိခဲ့ရသည်။

လူသားဧကရာဇ်မြို့တော်ကို တိုက်ခိုက်သည့် ဟင်းလင်းပြင်နတ်ဆိုးများကို အနိုင်ယူပြီးကတည်းကပင် လူသားဧကရာဇ်မြို့တော်သည် အတော်လေး အေးချမ်းနေခဲ့ပြီး မည်သည့်ပြဿနာမှ မဖြစ်ပွားခဲ့ပေ။

သို့သော်လည်း နတ်ကုန်းမြေတိုက်၏ အခြားသောနေရာများကမူ လူသားဧကရာဇ်မြို့တော်လောက် ကံမကောင်းခဲ့ကြပေ။

အထူးသဖြင့် ထိပ်တန်းအင်အားစုများ မရှိသော အလယ်ပိုင်းဒေသ၏ အနောက်ဘက်အရပ်ရှိ တားမြစ်နယ်မြေနှစ်ခုသည် လုံးဝ ပေါက်ထွက်သွားခဲ့ပြီး အနောက်ဘက်ဒေသ၏ မိုင်ပေါင်း သန်းချီဧရိယာသည် ဟင်းလင်းပြင်နတ်ဆိုးများ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။

နတ်ကုန်းမြေတိုက်၏ အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသဖြင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် စစ်မိစ္ဆာအမိန့်ကို ထုတ်ပြန်ကာ နတ်ကုန်းမြေတိုက်၏ နတ်ဘုရင်အဆင့်အင်အားစု အားလုံးကို စုစည်း၍ တန်ပြန်တိုက်ခိုက်ရန်အတွက် ဆွေးနွေးရန် ဆင့်ခေါ်ခဲ့သည်။

အစည်းအဝေးလုပ်မည့် တည်နေရာမှာ နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် အင်အားစု ဖြစ်သော ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတွင် ဖြစ်သည်။

နတ်ကုန်းမြေတိုက်၏ ထိပ်တန်းအင်အားစုများထဲမှ တစ်စု ဖြစ်သော လူသားဧကရာဇ်နန်းတော်သည်လည်း ထိုအစည်းအဝေးပွဲကို တက်ရောက်ရန် အလေးအနက် ဖိတ်ကြားခံခဲ့ရ၏။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းရှိရာ အရပ်ဆီသို့ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့သည်။

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းသည် ဆန်းကြယ်နတ်မျိုးနွယ်စုနှင့် သိပ်မဝေးလှပေ။

ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ကြောင့် နှစ်နာရီ မပြည့်မီမှာပင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း တည်ရှိရာ သူတော်စင်ဓားတောင်တန်း ဆီသို့ ရောက်ရှိသွားခဲ့၏။

သူတော်စင်ဓားတောင်တန်းကို ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ တည်ထောင်သူ ဓားတစ်သောင်း အရှင်သခင်က ဝမ်ထျန်းဓားကို အခြေခံ၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

တောင်တစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဝင့်ကြွားစွာ တည်ရှိနေသော ဧရာမ ဓားတစ်စင်းနှင့် ဆင်တူပြီး ရင်သပ်ရှုမောဖွယ် မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

စစ်မိစ္ဆာအမိန့်တော်ကြောင့် သူတော်စင် ဓားတောင်တန်း၏ အပြင်ဘက်သည် အလွန်တရာပင် စည်ကားနေခဲ့သည်။

အဝေးရှိ ကောင်းကင်ယံကနေ ပျံသန်းလာ‌သော ကျင့်ကြံသူများသည် သူတော်စင် ဓားတောင်တန်းနှင့် ပေတစ်ထောင်အကွာသို့ အရောက်တွင် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြပြီး ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ ဂိတ်တံခါး ဆီသို့ ခြေလျင်ပင် လျှောက်လှမ်းသွားခဲ့ကြသည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းအနီးသို့ ရောက်သည်နှင့် ခြေကျင်ဖြင့်သာ သွားခဲ့ကြပြီး မရိုမသေ မလုပ်ရဲကြပေ။

သို့သော်လည်း တစ်ခါတစ်ရံတွင်မူ ကြောက်မက်ဖွယ်အရှိန်အဝါများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသည် သူတော်စင် ဓားတောင်တန်းထဲသို့ တိုက်ရိုက်ပင် ပျံသန်းဝင်ရောက်သွားခဲ့ကြသည်။

ထိုကဲ့သို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားသူများကို မြင်လျှင် အောက်ဘက်ရှိ လူတိုင်းသည် အသန်မာဆုံး နတ်ဘုရင်စာရင်းမှ မည်သူမည်ဝါ ဖြစ်နိုင်သနည်းဟု ခန့်မှန်းနေခဲ့ကြ၏။

ယေဘုယျအားဖြင့် ပြောရလျှင် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် ပါဝင်သော ပြိုင်ဘက်ကင်း ကျင့်ကြံသူများသာလျှင် သူတော်စင် ဓားတောင်တန်း၏ အထက်ကောင်းကင်ယံတွင် ပျံသန်းခွင့် ရှိကြ၏။

ကျန်းချန်သည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ အခြေအနေကို သဘာဝကျစွာပင် မသိရှိခဲ့ပေ။

သူက အချိန်မဖြုန်းချင်၍ သူတော်စင်ဓားတောင်တန်း ထဲသို့ တိုက်ရိုက် ပျံသန်းရန် ရည်ရွယ်လိုက်သည်။

ထိုမြင်ကွင်းသည် အောက်ဘက်ရှိ ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို သဘာဝကျစွာပင် ဆွဲဆောင်မိခဲ့သည်။

“သူတော်စင် ဓားတောင်တန်းထဲကို တိုက်ရိုက်ပျံသန်းဝင်ရောက်ချင်တဲ့ အဲဒီကောင်လေးက ဘယ်သူလဲ”

“အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက မဟုတ်ရင် သူတော်စင်ဓားတောင်တန်းရဲ့ အထက်ကောင်းကင်ယံမှာ ပျံသန်းဖို့ အရည်အချင်း မရှိဘူးဆိုတာ ဒီကောင် မသိဘူးလား”

“ငါ့အမြင်တော့ ဒီကောင်လေးက အသက်ရှင်ရတာကို ငြီးငွေ့နေပြီထင်တယ်”

“..........”

ကျင့်ကြံသူများစွာသည် သူတော်စင်ဓားတောင်တန်း ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်ရန် စိတ်ကူးနေသော ကျန်းချန်ကိုကြည့်ကာ မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်ကြ၏။

ကျန်းချန်က သူတော်စင် ဓားတောင်တန်း၏ အနီးသို့ ချဥ်းကပ်လာသည်နှင့်အမျှ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်တစ်ဦးသည် ကျန်းချန်‌ရှေ့ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

ထိုလူက ဓားတစ်စင်း ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေရင်း ကျန်းချန်ကို အေးစက်စက် ကြည့်လိုက်၏။

“မိတ်ဆွေ.. ကျေးဇူးပြုပြီး သူတော်စင်ဓားတောင်တန်းထဲကို ခြေကျင်ဝင်ရောက်ပေးပါ”

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်ခုံးပင့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“အသန်မာဆုံး နတ်ဘုရင်စာရင်းက ကျင့်ကြံသူတွေပဲ သူတော်စင် ဓားတောင်တန်းရဲ့ အထက်ကောင်းကင်ယံမှာ ပျံသန်းခွင့်ရှိတယ်.. ဒါက ငါတို့ ဓားတစ်သောင်းသူတော်စင်ဂိုဏ်းရဲ့ စည်းမျဥ်းပဲ”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ တပည့်သည် ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းက အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက ကျင့်ကြံသူလား”

“မဟုတ်ပါဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ တပည့်ကို ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ ငါက အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက ကျင့်ကြံသူကိုတော့ သတ်ခဲ့ဖူးတယ်.. ဒီလောက်ဆိုရင်ရော အရည်အချင်း ပြည့်မီရဲ့လား”

“ကောင်လေး မင်းလေလုံးထွားလှချည်လား”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်သည် ကျန်းချန်၏ စကားကိုကြားလျှင် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

အသန်မာဆုံး နတ်ဘုရင်စာရင်းဝင် ကျင့်ကြံသူများသည် နတ်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး လူတစ်ရာကို ကိုယ်စားပြု၏။

ထိုစာရင်းအောက်ခြေရှိ ကျင့်ကြံသူပင်လျှင် နတ်ဘုရင် သတ္တမအဆင့်တွင် ရှိသည်။

နတ်ကုန်းမြေတိုက်၏ လူငယ်ပါရမီရှင်များထဲတွင် အသန်မာဆုံး နတ်ဘုရင်စာရင်း၌ ပါဝင်နိုင်သူမှာ သူတို့ ဓားတစ်သောင်းသူတော်စင်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်သော ကျန့်ဝူရှင်းနှင့် လူသားဧကရာဇ်နန်းတော်မှ ကျန်းရွမ် တို့သာ ရှိသည်။

သူ့ရှေ့မှ ကောင်လေးသည် အသန်မာဆုံး နတ်ဘုရင်စာရင်းထဲမှ ကျင့်ကြံသူကို သတ်ခဲ့ဖူးသည်ဟုပင် အရှက်မရှိ ပြောဆိုနေခဲ့သည်။

သို့ဆိုလျှင် ထိုကောင်လေးသည် ကျန့်ဝူရှင်း နှင့် ကျန်းရွမ်တို့ထက်ပင် ပို၍ အစွမ်းထက်နေပါသလော။

“ငါက အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက ကျင့်ကြံသူကို သတ်ခဲ့ဖူးတယ် ဆိုတော့ သူတော်စင်ဓားတောင်တန်းရဲ့ အထက် ကောင်းကင်ယံမှာ ပျံသန်းခွင့်ရှိပြီလား”

ကျန်းချန်က ထပ်မံ၍ ပြောလိုက်သည်။

“ဟားဟား မင်းဒီလောက် စကားကြီး စကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်က အထင်သေးစွာ ပြောလိုက်သည်။

“မင်းက အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက ကျင့်ကြံသူကို သတ်ခဲ့တယ်လို့ပြောတယ်.. ကောင်းပြီလေ.. မင်းမှာ ဘာသက်သေရှိလဲ”

ထိုအချိန်တွင် အောက်ဘက်မှ လူများသည် ကျန်းချန်၏ စကားများကို ကြားလျှင် စကားပင် မပြောနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

ထိုလူငယ်သည် အတော်လေး စိတ်ကူးယဥ်ကာ ကြွားလုံးထုတ်နေပုံရ၏။

ထိုကောင်လေးသည် အသန်မာဆုံး နတ်ဘုရင်စာရင်းထဲမှ ကျင့်ကြံသူများကို သာမန်လူများကဲ့သို့ သတ်ချင်တိုင်းသတ်လို့ရမည်ဟု အမှန်တကယ် ထင်နေပါသလော။

သို့သော်လည်း ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ တည်ငြိမ်စွာ ပြောဆိုလိုက်သော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်က အသန်မာဆုံး နတ်ဘုရင်စာရင်းထဲက ကျင့်ကြံသူကို အမှန်တကယ် သတ်ခဲ့တယ် ဆိုတာ ကျုပ်သက်သေ လုပ်ပေးနိုင်ပါတယ်”

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကိုကြားလျှင် ကျင့်ကြံသူအားလုံးသည် အနည်းငယ် မှင်တက်သွားခဲ့ကြသည်။

သူတို့က ခေါင်းမော့၍ ကြည့်လိုက်ရာ ကြယ်တာရာများကဲ့သို့ တလက်လက် တောက်ပနေသော ပုံရိပ်တစ်ခုသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း ရှိရာ ဆီသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။

ထိုပုဂ္ဂိုလ်ကိုမြင်လျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်သည် ချက်ချင်းပင် ဦးညွှတ်၍ ပြောလိုက်သည်။

“စီနီယာလော့.. တွေ့ရတာ ဝမ်းသာပါတယ်”

ရောက်ရှိလာသူက ခေါင်းကို ညိတ်ပြလိုက်ပြီး ကျန်းချန်ကို ကြည့်၍ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် မတွေ့ရတာတောင် ကြာပြီ.. နေကောင်းတယ် မဟုတ်လား”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“စီနီယာလော့ ပို့သတဲ့မေတ္တာကြောင့် ကျန်းချန် အကုန်ကောင်းပါတယ်”

ရုတ်တရက် ထွက်ပေါ်လာသောပုဂ္ဂိုလ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် သူနှင့် ဆုံတွေ့ခဲ့ဖူးသည့် ကြယ်ကြွေနန်းတော်မှ လော့ရှင်းဟယ် ဖြစ်သည်။

လော့ရှင်းဟယ်က ကျန်းချန်ကို ရင်းရင်းနှီးနှီးပင် ဖိတ်ခေါ်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ အတူတူ ဝင်ကြရအောင်”

“ကောင်းပါပြီ”

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး လော့ရှင်းဟယ်နှင့် အတူ ဓားတစ်သောင်း သူတော်စင်ဂိုဏ်း ထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး လော့ရှင်းဟယ်၏ အရှေ့တွင် ပိတ်ရပ်လိုက်သည်။

လော့ရှင်းဟယ်က မျက်နှာအနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

“ဘာလဲ မင်းက ငါတို့နှစ်ယောက်ကို ဓားတစ်သောင်း သူတော်စင်ဂိုဏ်းထဲ ဝင်ခွင့်မပေးတော့ဘူးလား”

“စီနီယာလော့ ဝင်ချင်တယ်ဆိုရင် ကျွန်တော် မတားရဲပါဘူး”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှတပည့်က မကျေမနပ်လေသံဖြင့်ပြောလိုက်သည်။

“ဒါပေမဲ့ တကယ်လို့ စီနီယာက ဒီကောင်လေးကိုပါ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းထဲ ခေါ်သွားမယ်ဆိုရင်တော့ ဓားတစ်သောင်းသူတော်စင်ဂိုဏ်းရဲ့ စည်းမျဥ်းကို ချိုးဖောက်ရာ ရောက်သွားပါလိမ့်မယ်”

“မိတ်ဆွေလေးကျန်းချန်လို ပုဂ္ဂိုလ်မျိုးက ငါ့ရဲ့အကူအညီနဲ့ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းထဲကို ဝင်ဖို့ လိုအပ်လို့လား”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်၏ စကားကိုကြားလျှင် လော့ရှင်းဟယ်သည် နားကြားမှားသလားဟုပင် သံသယဝင်သွားခဲ့သည်။

သူက သူ့ရှေ့ရှိ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်ကို မထီမဲ့မြင် ပြုံး၍ ကြည့်လိုက်သည်။

“ဘာလဲ.. လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်က ငါလော့ရှင်းဟယ်ရဲ့ အကူအညီကို လိုအပ်တယ်လို့ မင်းထင်နေတာလား”

လော့ရှင်းဟယ်၏ စကားကိုကြားလျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်၏ မျက်နှာအမူအရာသည် အဆုံးသတ်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“သူက လူသားဧကရာဇ်အသစ်လား”

သူ့ရှေ့တွင် ရှိနေသည့် လူငယ်သည် သိပ်မကြာခင်ကမှ လူသားဧကရာဇ်နန်းတော်က အသစ် တင်မြှောက်လိုက်သည့် လူသားဧကရာဇ် ဖြစ်နေပါသလော။

အခန်း(၂၃၂၅)ပြီး၏။

အခန်း(၂၃၂၆)

သူတော်စင်ဓားတောင်တန်း၏ အပြင်ဘက် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် လေထဲရှိ ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

“မမျှော်လင့်ဘဲ ဒီလူငယ်က လူသားဧကရာဇ်နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ ကျန်းရွမ်ကို အနိုင်ယူပြီး လူသားဧကရာဇ်အဖြစ် ဆက်ခံခဲ့သူ ဖြစ်နေတာပဲ”

“ဒီနာမည်က ရင်းနှီးနေတယ်လို့ ငါ ခုနလေးတင် တွေးနေမိတာ မထူးဆန်းတော့ဘူး”

“ဒီနေ့ခေတ် နတ်ကုန်းမြေတိုက်မှာ ကျန့်ဝူရှင်းနဲ့ ကျန်းရွမ် တို့ကလွဲရင် အသန်မာဆုံးနတ်ဘုရင်စာရင်းဝင် ကျင့်ကြံသူကို သတ်နိုင်တာဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာ ငါတို့တွေ စောစောစီးစီး တွေးမိသင့်တယ်”

“..............”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ဂါဝရပြုကာ ပြောလိုက်သည်။

“လူသားဧကရာဇ်မှန်း မသိလို့ ပြစ်မှားမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

သူက ကျန်းချန်၏ နာမည်ကို သဘာဝကျစွာပင် ကြားဖူးပြီးသားဖြစ်၏။

ဤလူငယ်သည် ကောင်းကင်အရှင် အဆင့်တွင် ရှိနေစဥ်ကတည်းကပင် ထိပ်သီးဆယ်ယောက်စာရင်းဝင် လုံကျိုးဟန်ကို အနိုင်ယူခဲ့သူ ဖြစ်သည်။

နတ်ဘုရင်အဆင့်သို့ ထိုးဖောက် ဝင်ရောက်ပြီးနောက်တွင်လည်း တောင်ပံနက်ခွန်ပန်မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည့် ယိုဖိုထျန်းကို အနိုင်ယူခဲ့သေးသည်။

ထို့နောက်တွင်မူ လူသားဧကရာဇ်နန်းတော်၏ နံပါတ်တစ်ပါရမီရှင် ကျန်းရွမ်ကို အနိုင်ယူကာ လူသားဧကရာဇ် အရိုက်အရာကိုပင် ဆက်ခံခဲ့သည်။

သိထားရမည့်အချက်မှာ ကျန်းရွမ်သည် နတ်ကုန်းမြေတိုက်၏ လက်ရှိ လူငယ်ပါရမီရှင်များထဲတွင် သူတို့ နတ်ဘုရားသားတော် ကျန့်ဝူရှင်းနှင့် တစ်တန်းတည်း နာမည်ကျော်ကြားသည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။

ထိုစဥ်က သူတို့ဂိုဏ်းမှ နတ်ဘုရားသားတော်နှင့် ကျန်းရွမ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် သူတို့ နတ်ဘုရားသားတော်သည် အနည်းငယ်မျှသာ သာလွန်ခဲ့ခြင်းပင်။

ယခု ကျန်းချန်က ကျန်းရွမ်ကို အနိုင်ယူခဲ့သည်ဖြစ်ရာ သူတို့နတ်ဘုရားသားတော် ကျန့်ဝူရှင်းထက် နိမ့်ကျမည် မဟုတ်လောက်ပေ။

ထိုလူငယ်သည် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့်သတ်မှတ်ခြင်း မခံရသေးသော်လည်း ထိုစာရင်းတွင် ဝင်နိုင်လောက်သည့် စွမ်းရည် အမှန်တကယ်ပင် ရှိနေခဲ့သည်။

ထို့အပြင် ထိုလူငယ်၏ အဆင့်အတန်းသည်လည်း လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ် ဖြစ်၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်ငယ်လေးတစ်ဦး ဖြစ်သည့် သူက ပြစ်မှားစော်ကား၍ ရသော ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် မေးလိုက်သည်။

“အခု ကျုပ်တို့ ဝင်လို့ရပြီလား”

“ဝင်လို့ရပါပြီ ဧကရာဇ်”

ကျန်းချန်က အရေးယူရန် စိတ်ကူးမရှိသည်ကိုမြင်လျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ တပည့်သည် သက်ပြင်းချလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“စီနီယာတို့ ကျေးဇူးပြုပြီး ကြွပါ”

“စီနီယာလော့ ကျွန်တော်တို့ သွားရအောင်”

ကျန်းချန်က လော့ရှင်းဟယ်ကို ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးသည် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းထဲသို့ ရောက်ရှိပြီးနောက်တွင် ဂိုဏ်း၏ အကြီးအကဲ တစ်ဦးသည် ကျန်းချန်တို့ နှစ်ဦးသည် ခြံဝန်းတစ်ခုအတွင်း နေထိုင်ရန် စီစဥ်ပေးခဲ့သည်။

အကြောင်းရင်းမှာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် စစ်မိစ္ဆာအမိန့်ကို ထုတ်ပြန်၍ အလယ်ပိုင်းဒေသရှိ နတ်ဘုရင်အင်အားစုအားလုံးကို ဆင့်ခေါ်ထားခြင်း ဖြစ်ပြီး အင်အားစုများစွာက မရောက်ရှိလာသေးသောကြောင့်ပင်။

“စီနီယာတို့ ဒီမှာ ခဏအနားယူနေပါ.. လိုအပ်တာရှိရင် အချိန်မရွေးခိုင်းစေနိုင်ပါတယ်”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ အကြီးအကဲသည် ကျန်းချန်တို့ နှစ်ဦးအတွက် စီစဥ်ပေးပြီးနောက်တွင် လက်သီးဆုပ်၍ ဂါဝရပြုကာ အလျင်အမြန်ပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ အကြီးအကဲ ထွက်ခွာသွားပြီးနောက်တွင် လော့ရှင်းဟယ်သည် ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ဟင်းလင်းပြင်နတ်ဆိုးတွေ နတ်ကုန်းမြေတိုက်ဆီ တစ်ကျော့ပြန် ကျူးကျော်လာကြပြီ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းဘယ်လိုမြင်လဲ”

“ဘယ်လိုမြင်ရမှာလဲ စီနီယာလော့.. လာမှတော့ တိုက်ရုံပဲ ရှိတာပေါ့”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“အဲဒီအချိန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ကျွန်တော်တို့ ဘိုးဘေး‌တွေ ဟန့်တားနိုင်ခဲ့ကြတယ်.. အခုလည်း ကျွန်တော်တို့တွေ အဲဒီအတိုင်း လုပ်ဆောင်နိုင်မှာပါ”

ကျန်းချန်၏ စကားကိုကြားလျှင် လော့ရှင်းဟယ်က သက်ပြင်းကို အသာအယာ ချလိုက်သည်။

“ဒါပေမဲ့ ဒီနေ့ခေတ် နတ်ကုန်းမြေတိုက်က အရင်က နတ်ကုန်းမြေတိုက် မဟုတ်တော့သလို စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကလည်း အရင်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ မဟုတ်တော့ဘူး”

ရှေးခေတ်ကာလက ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့စဥ်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကို ရင်ဆိုင်ရန်အတွက် နတ်ကုန်းမြေတိုက်သည် မကြုံစဖူး စည်းလုံးခဲ့ကြပြီး လူသားဧကရာဇ် ကျန်းချင်းထျန်း ကဲ့သို့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်ခဲ့ကြသည်။

ယခုအခါတွင် အချိန်ကာလနှင့် အခြေအနေများသည် များစွာ ပြောင်းလဲသွားခဲ့ချေပြီ။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် စည်းရုံးနိုင်စွမ်း ရှိနေသေးသော်လည်း ယခင်ကကဲ့သို့ နတ်ကုန်းမြေတိုက် တစ်ခုလုံး၏ အင်အားကို စုစည်းနိုင်ရန်မှာ မလွယ်ကူတော့ပေ။

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ဒီကိစ္စက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး.. မီးစင်ကြည့်ပြီးပဲ ကကြတာပေါ့”

တကယ်တမ်းတွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့က နတ်ကုန်းမြေတိုက်၏ အင်အားများကို စုစည်းနိုင်ခဲ့လျှင်ပင် လက်ရှိနတ်ကုန်းမြေတိုက်၏ အင်အားဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ယှဥ်ပြိုင်နိုင်ရန် ခဲယဥ်းလိမ့်မည်ကို ကျန်းချန် စိတ်ထဲတွင် ကောင်းစွာ သိထားခဲ့သည်။

စင်စစ် သူ ယခုတစ်ကြိမ်လာရသည့် ရည်ရွယ်ချက်မှာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အခြေအနေကို သိရှိလို၍သာ ဖြစ်၏။

“မိတ်ဆွေလေးကျန်းချန် ပြောတာမှန်ပါတယ်”

လော့ရှင်းဟယ်က မချိပြုံး ပြုံးလိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန် ဘယ်လိုအကြောင်းပဲရှိရှိ ကြယ်ကြွေနန်းတော်က‌တော့ မိတ်ဆွေလေးကျန်းချန်ရဲ့ လူသားဧကရာဇ်နန်းတော်နဲ့ မဟာမိတ်အဖြစ် လက်တွဲဖို့ အဆင်သင့်ပါ”

ကပ်ဘေးကြီး ကျရောက်လာသည်နှင့်အမျှ နတ်ကုန်းမြေတိုက်၏ ပထမတန်းစား အင်အားစု ဖြစ်သော ကြယ်ကြွေနန်းတော်ပင်လျှင် တစ်ကိုယ်တည်း ရှင်သန်နိုင်ရန် ခဲယဥ်းလာလိမ့်မည် ဖြစ်သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကျန်းချန်နှင့်အတူ ရှိနေစဥ်ကပင် လော့ရှင်းဟယ်သည် ကျန်းချန်ကို အလွန်ပင် အထင်ကြီး လေးစားခဲ့သည်။

ယခုကျန်းချန်က လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်လာခဲ့ရာ အနာဂတ်တွင် နတ်ကုန်းမြေတိုက်၏ အခြေအနေကို လွှမ်းမိုးမည့် ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့်လည်း လော့ရှင်းဟယ်သည် ကြယ်ကြွေနန်းတော်နှင့် လူသားဧကရာဇ်နန်းတော်ကြားတွင် မဟာမိတ် ဆက်ဆံရေး တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ပြုံး၍ စိတ်ရင်းထဲက အတိုင်း ပြောလိုက်သည်။

“ကျွန်တော်တို့ လူသားဧကရာဇ်နန်းတော်ကလည်း ကြယ်ကြွေနန်းတော်နဲ့ မဟာမိတ် ဖြစ်ရတာကို ဝမ်းသာပါတယ် စီနီယာလော့”

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ယခုတစ်ကြိမ် စစ်မိစ္ဆာအမိန့်ကို ထုတ်ပြန်ကာ အင်အားစု များစွာကို ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတွင် စုစည်းစေခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် မည်ကဲ့သို့ ဖြစ်လာမည်ကို ကျန်းချန် မသိပေ။

မည်သို့ပင်ဖြစ်စေကာမူ လူသားဧကရာဇ်နန်းတော် အနေဖြင့် ကြယ်ကြွေနန်းတော် ကဲ့သို့ မဟာမိတ်အင်အားစု တစ်စု ရှိထားခြင်းသည် အလွန်ကောင်းမွန်သော ကိစ္စပင် မဟုတ်ပါလား။

နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် ခြံဝန်းအတွင်း၌သာ နေထိုင်ခဲ့ပြီး လော့ရှင်းဟယ်နှင့် တစ်ခါတစ်ရံစကားပြောဆိုခြင်းက လွဲလျှင် အချိန်အများစုကို ကျင့်ကြံ၍သာ ကုန်ဆုံးစေခဲ့သည်။

ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီး တိုက်ခိုက်ရေးစွမ်းရည်ကမူ နတ်ဘုရင် အဋ္ဌမအဆင့်နှင့်ပင် ယှဥ်နိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း ဤအဆင့်မျှဖြင့် သိပ်မကြာခင် ကျရောက်လာတော့မည့် နတ်ကုန်းမြေတိုက်၏ ကပ်ဘေးကို ကာကွယ်ရန် မလုံလောက်သေးပေ။

ထို့ကြောင့် ကျန်းချန်သည် အချိန်အားလပ်တိုင်းတွင် သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် ကြိုးစားခဲ့ခြင်းပင်။

သူ၏ ကျင့်ကြံခြင်းအဆင့်သာ နတ်ဘုရင် သတ္တမအဆင့်ကို ရောက်ရှိသွားခဲ့လျှင် အုပ်စိုးသူ အဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို ကြောက်စရာမလိုဘဲ နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးတွင် အမှန်တကယ် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

အလွန်လျင်မြန်စွာပင် သုံးရက် ဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤသုံးရက်အတွင်း စစ်မိစ္ဆာအမိန့်တော်ကို လက်ခံရရှိခဲ့သော နတ်ကုန်းမြေတိုက်ရှိ မရေမတွက်နိုင်သော နတ်ဘုရင်အဆင့်အင်အားစု အားလုံးသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းဆီသို့ အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြသည်။

ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု၊ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၊ ကောင်းကင်ခွန်ပန်မျိုးနွယ်စုနှင့် အခြားသော ထိပ်တန်းအင်အားစုများ အားလုံးသည် စစ်မိစ္ဆာအမိန့်၏ ဆင့်ခေါ်မှုကို တုံ့ပြန်ခဲ့ကြ၏။

ဆိုရလျှင် နတ်ကုန်းမြေတိုက်၏ အစွမ်းထက်ကျင့်ကြံသူ ထက်ဝက်နီပါးသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတွင် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု ရောက်ရှိလာကြောင်း သိလိုက်ရပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခြံဝန်းကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့ပြီး ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုထံသို့ သွားရောက် လည်ပတ်ရန် ကြံရွယ်လိုက်သည်။

အကြောင်းရင်းမှာ‌ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တည်ရှိရာအရပ်တွင်လည်း နတ်ဆိုးတားမြစ်နယ်မြေ တစ်ခုကို စည်းတံဆိပ် ခတ်ထားသောကြောင့်ပင်။

ဆိုရလျှင် ကျန်းချန်သည် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၏ အခြေအနေနှင့် ကူဖုန်းအာ၏ အခြေအနေကို စူးစမ်းလိုနေခဲ့၏။

သူက ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ တပည့်များထံမှ ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု တည်းခိုသည့် နေရာကို မေးမြန်းလိုက်ပြီး ၎င်းတို့ တည်းခိုနေသည့် ခြံဝန်း ဆီသို့ သွားရောက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်မှာပင် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

“ယွီဝမ်ကျင့်.. ငါ့နောက်ကို မလိုက်နဲ့လို့ ပြောထားတယ် မဟုတ်လား.. နင်က ငါ့ကို အတော်လေး စိတ်အနှောင့်အယှက်ပေးနေတာပဲ”

သူနှင့် အလွန်ရင်းနှီးသောအသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့ပြီး မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူက အသံလာရာ ဆီသို့ ကြည့်လိုက်ရာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ဦးသည် သူမ၏ နံဘေးကနေ တကောက်ကောက် ကပ်ပါလာသည့် ငွေရောင်ဝတ်စုံဝတ် လူငယ်လေးကို စိတ်ပျက်သောအမူအရာဖြင့် ကြည့်နေသည်အား တွေ့လိုက်ရ၏။

သူမ၏ နုနယ်သော မျက်နှာလေးထက်တွင် ထိုလူငယ်ကို မုန်းတီးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။

ထိုမိန်းကလေးသည် ကူဖုန်းအာက လွဲလျှင် အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုက ဓားတစ်သောင်းသူတော်စင်ဂိုဏ်းသို့ စေလွှတ်လိုက်သော ကိုယ်စားလှယ်များထဲတွင် ကူဖုန်းအာ ပါဝင်လာလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

သူက တုံ့ဆိုင်းမနေတော့ဘဲ ကူဖုန်းအာ ရှိရာဆီသို့ တိုက်ရိုက်ပင် လှမ်းလာခဲ့တော့သည်။

အခန်း(၂၃၂၆)ပြီး၏။

All Chapters