အခန်း (၂၃၂၇-၂၃၂၈)
Vol. 173 Ch. 2327-2328
အခန်း(၂၃၂၇)
“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. ငါက မင်းနဲ့ မိတ်ဆွေဖွဲ့ချင်ရုံတင်ပါ.. ဘာလို့ ဒီလောက်အထိ ငြင်းပယ်နေရတာလဲ”
ငွေရောင်ဝတ်စုံဝတ် လူငယ်၏ ချောမောသော မျက်နှာထက်တွင် ပြုံးရွှင်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူက ကူဖုန်းအာ၏ သူ့အပေါ်ထားရှိသော သဘောထားနှင့်ပတ်သက်၍ အနည်းငယ်မျှပင် မကျေမနပ် ရှိပုံမရပေ။
ကူဖုန်းအာက မျက်မှောင်ကြုတ်သွားခဲ့ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ကာ အရှေ့သို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ သူမ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသော ကျန်းချန်ကို မြင်လိုက်ရလျှင် ကူဖုန်းအာ၏ လှပသော မျက်နှာလေးထက်တွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“အစ်ကိုကျန်းချန်”
သူမက ကျန်းချန်ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီး ရင်ခွင်ထဲသို့ ခေါင်းတိုးဝှေ့ကာ ဖက်ထားလိုက်သည်။
ကျန်းချန်က ကူဖုန်းအာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ဖုန်းအာ.. မင်းလည်း ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကို ရောက်နေတာလား”
ကူဖုန်းအာက ချိုသာစွာ ပြုံးလိုက်သည်။
“ဓားတစ်သောင်း သူတော်စင်ဂိုဏ်းဆီ အစ်ကိုကျန်းချန်လည်း ရောက်လာလိမ့်မယ်လို့ ကျွန်မ ခန့်မှန်းမိတဲ့ အတွက် အကြီးအကဲနဲ့ အတူ လိုက်လာခဲ့တာပါ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကူဖုန်းအာကို မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှာရော အခြေအနေ ဘယ်လိုရှိလဲ”
“ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု စောင့်ကြပ်နေတဲ့ နတ်ဆိုးတားမြစ်ထဲကနေ ထွက်ပေါ်လာတဲ့ ဟင်းလင်းပြင် နတ်ဆိုးတွေက သိပ်အစွမ်းမထက်လှတဲ့ အတွက် ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု အတွက် အန္တရာယ်ကြီးကြီးမားမား မဖြစ်စေခဲ့ပါဘူး.. ဒါ့အပြင် သိပ်မကြာသေးခင်ကပဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲကို ဆုတ်ခွာသွားခဲ့ကြတယ်”
ကူဖုန်းအာက ပြန်လည် ဖြေကြားလိုက်သည်။
ထိုစကားကိုကြားလျှင် ခဏမျှ မှင်တက်သွားခဲ့သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကနေ တကယ်ပဲ ဆုတ်ခွာသွားတယ်လား”
“ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု စောင့်ကြပ်နေတဲ့ နေရာတင်မကဘူး.. အလယ်ပိုင်းဒေသရဲ့ နတ်ဆိုးတားမြစ်နယ်မြေ အများအပြားမှာရှိတဲ့ ဟင်းလင်းပြင် နတ်ဆိုးအားလုံးက ရုတ်တရက် ဆုတ်ခွာသွားကြတာပါ.. ဒါပေမဲ့ အလယ်ပိုင်းဒေသရဲ့ အနောက်ဘက်အရပ်မှာရှိတဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာတော့ ဟင်းလင်းပြင်နတ်ဆိုးတွေ အများအပြား စုဝေးနေတယ်လို့ ပြောကြတယ်"
"ဘိုးဘေးချီထျန်းကတော့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေတွေကနေ တစ်ဆင့် နတ်ကုန်းမြေတိုက်ကို ကျူးကျော်မဲ့ အစီအစဥ်ကို စွန့်လွှတ်ပြီး နတ်ကုန်းမြေတိုက်ဆီ တိုက်ရိုက် တိုက်ခိုက်ဖို့ပဲ အာရုံစိုက်လာပုံရတယ်လို့ ခန့်မှန်းထားတယ်”
ကူဖုန်းအာက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ကူဖုန်းအာ၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့၏။
ထိုအချိန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့ရာတွင် နတ်ကုန်းမြေတိုက်ပေါ်၌ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ အများအပြားကို ချန်ထားရစ်ခဲ့သည်။
ထိုဟင်းလင်းပြင် အသိုက်အမြုံများမှ တစ်ဆင့် နတ်ကုန်းမြေတိုက်ကို အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ယင်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားကို အမှန်တကယ်ပင် ပြန့်ကျဲသွားစေခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဆိုးတားမြစ်နယ်မြေ အများအပြားတွင် ကျရှုံးခဲ့ခြင်းကြောင့်လည်း နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်မည့် အစီအစဥ်အား ပြောင်းလဲလိုက်ခြင်း ဖြစ်ပုံရသည်။
ဆိုရလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ၎င်းတို့ သိမ်းပိုက်ထားသော အနောက်ဘက်အရပ်ကို ဌာနချုပ် အဖြစ် အသုံးပြုကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားကို စုစည်း၍ နတ်ကုန်းမြေတိုက် တစ်ခုလုံးကို တဖြည်းဖြည်းချဲ့ထွင်ဝါးမျိုရန် ကြံရွယ်ထားပုံရ၏။
“မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိ လူသားဧကရာဇ် ကျန်းချန်လား”
ကျန်းချန်နှင့် ကူဖုန်းအာတို့ စကားပြောဆိုနေစဥ်မှာပင် မကျေမနပ် မေးခွန်းထုတ်လိုက်သော စကားသံသည် သူတို့နှစ်ဦး၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ကျုပ်က ကျန်းချန်ပါ”
ငွေရောင်ဝတ်စုံဝတ် လူငယ်က လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“ငါက စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ယွီဝမ်ကျင့်ပါ.. မင်းရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ”
စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ ယွီဝမ်ကျင့်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် တတိယနေရာ၌ ရှိသည့် ပါရမီရှင် ဖြစ်ပြီး ကျန့်ဝူရှင်းနှင့် ကျန်းရွမ်တို့ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သည်။
ကျန်းချန်သည် ယွီဝမ်ကျင့်၏ နာမည်ကို ကြားဖူး၏။
သို့သော်လည်း ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ယွီဝမ်ကျင့် ကဲ့သို့ ပါရမီရှင်ကို သိပ်ဂရုစိုက်နေစရာ မလိုတော့ပေ။
သူက ယွီဝမ်ကျင့်ကို ခေါင်းညိတ်ပြလိုက်ပြီး ကူဖုန်းအာကို ပြုံး၍ ပြောလိုက်သည်။
“ဖုန်းအာ ငါတို့သွားကြရအောင်”
ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်အား မြင်လျှင် ယွီဝမ်ကျင့်၏ မျက်နှာသည် ရုတ်တရက် ပျက်ယွင်းသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးအနေဖြင့် ယွီဝမ်ကျင့်သည် အလွန်တရာပင် မောက်မာသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အထူးသဖြင့် သိပ်မကြာမီက အင်အား တိုးတက်လာပြီးနောက်တွင် ယွီဝမ်ကျင့်သည် ကျန့်ဝူရှင်းနှင့် ကျန်းရွမ် တို့နှင့် ရင်ဆိုင်ရလျှင်ပင် ယှဥ်ပြိုင်တိုက်ခိုက်ရန် ယုံကြည်ချက် ရှိနေခဲ့သည်။
သူ့ရှေ့မှ လူသားဧကရာဇ် ကျန်းချန်သည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူ့ကို ဤမျှလောက်အထိ အထင်သေးရန် အရည်အချင်း မရှိပေ။
ယွီဝမ်ကျင့်က စကားတစ်ခွန်းမှ မပြောဘဲ ကျန်းချန်တို့ နှစ်ဦး၏ နောက်သို့ လိုက်ပါလာခဲ့သည်။
ကျန်းချန်က သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ယွီဝမ်ကျင့်ကို မကျေမနပ် အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
“မင်း ဘာလို့ ငါတို့နောက်ကို လိုက်နေရတာလဲ”
ယွီဝမ်ကျင့်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါက ကောင်းကင်ဖီးနစ် နတ်ဘုရားမကို စောင့်ရှောက်ပေးပါ့မယ်လို့ ဘိုးဘေးချီထျန်းကို ကတိပေးထားတယ်.. ဒါကြောင့် ကောင်းကင် ဖီးနစ်နတ်ဘုရားမ ဘေးကင်းဖို့အတွက် သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါနေခဲ့တာပါ”
“ငါ့ရဲ့ ညီမ ကူဖုန်းအာက ဘေးကင်းဖို့ အတွက်လောက်နဲ့ တခြားသူရဲ့ စောင့်ရှောက်မှုကို ဘာလို့ လိုအပ်မှာလဲ”
ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ငါ့ရဲ့ သည်းခံနိုင်စွမ်း မကုန်ဆုံးသေးခင် ငါမျက်စိရှေ့ကနေ ချက်ချင်းထွက်သွားစမ်း”
ကျန်းချန်၏ စကားကို ကြားလျှင် ယွီဝမ်ကျင့်၏ မျက်နှာသည် အနည်းငယ် အေးစက်သွားခဲ့သည်။
“တကယ်လို့ ကျုပ်က မသွားဘူးဆိုရင်ရော”
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ပြင်းထန်သော လူသတ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့သည်။
“ငါမင်းကို သတိပေးလိုက်မယ်.. ငါ့ရဲ့စိတ်ရှည်မှုကို လာပြီး စိန်မခေါ်နဲ့.. ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေလား”
“လူသားဧကရာဇ်ကျန်းချန်.. မင်းက ငါ့ကို ပိုင်ချီရှောင်လို အမှိုက်ကောင်များ ထင်နေလို့လား”
ယွီဝမ်ကျင့်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“မင်း ငါ့ကို သတ်ချင်တယ် ဆိုရင်တောင် မင်းရဲ့စွမ်းရည်က လုံလောက်မယ်လို့ ငါမထင်ဘူး”
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအခါတွင် နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ယှဥ်ပြိုင်နိုင်စွမ်း အပြည့်အဝ ရှိသည်။
သို့ဖြစ်ရာ လူသားဧကရာဇ်ကျန်းချန်သည် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဖြစ်နေသည့်တိုင် သူ့ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် ကူဖုန်းအာသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ယွီဝမ်ကျင့်.. နင်ထွက်သွားတော့”
သူမက ယွီဝမ်ကျင့်ကို ထွက်သွားရန် တိုက်တွန်းရခြင်းမှာ ကျန်းချန်က ယွီဝမ်ကျင့်၏ ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်၍ မဟုတ်ဘဲ ကျန်းချန်က ယွီဝမ်ကျင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ဆိုရလျှင် ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်မှ ကျန်းရွမ်ကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။
ယွီဝမ်ကျင့်သည် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ကျန့်ဝူရှင်းနှင့် ကျန်းရွမ်တို့၏ အောက်တွင်သာ ရှိရာ ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ယင်းအပြင် ယွီဝမ်ကျင့်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်၏။
ယခုအခါ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်နေသောအချိန် ဖြစ်၍ စစ်မိစ္ဆာမဟာမိတ်အဖွဲ့တွင် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိနေခဲ့သည်။
အကယ်၍ ကျန်းချန်သာ ယွီဝမ်ကျင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ဆောင်လိုက်လျှင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ပြီး ယင်းသည် ကျန်းချန်ကို အလွန်တရာပြဿနာများစေလိမ့်မည် မဟုတ်ပါလား။
“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး”
ယွီဝမ်ကျင့်က နေရာမှာပင် ဆက်လက် ရပ်နေခဲ့ပြီး ထွက်သွားရန် အစီအစဥ်မရှိခဲ့ပေ။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ယှဥ်ပြိုင်လိုသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
“လူသားဧကရာဇ်ကျန်းချန် ဆိုတဲ့ နာမည်ကိုတော့ ကြားဖူးထားတာ ကြာပြီ.. ဒီနေ့တော့ လူသားဧကရာဇ် ကျန်းချန်ဆီကနေ သင်ယူပါရစေ”
“ကောင်းပြီ မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ရှေးဟောင်းရွှေရောင်ဓားကို ထုတ်ဖော်ကာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားချက်ဖြင့် ယွီဝမ်ကျင့်ကို တိုက်ခိုက်လိုက်သည်။
“ဒီဓားချက်လောက်နဲ့များ ငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား”
ယွီဝမ်ကျင့်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ချက်ချင်းဆိုသလိုပင် ဆန့်ထုတ်ကာ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်၍ ကျန်းချန်၏ ဓားချက်ကို ချေမှုန်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နောက်ထပ် တစ်ခဏမှာပင် ယွီဝမ်ကျင့်၏ မျက်နှာထက်ရှိ မထီမဲ့မြင် အမူအရာများသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ထိုအစား မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာက အစားထိုး ဝင်ရောက်လာခဲ့၏။
သူ၏ လက်ဝါးရိုက်ချက်သည် ကျန်းချန်၏ ဓားချက်ကို အနည်းငယ်မျှပင် မဖြိုခွင်းနိုင်ခဲ့ဘဲ ကျန်းချန်၏ ဓားချက်သည် သူ့ထံသို့ သက်ရောက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သူတုံ့ပြန်ရန် အချိန်မရမီမှာပင် ကျန်းချန်၏ ဓားချက်သည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ စွမ်းအားများကို အဆက်မပြတ် ဝါးမျိုနေသော ဆန်းကြယ်သည့် ဓားစွမ်းအင် တစ်ခုအား ချန်ထားရစ်ခဲ့၏။
ယွီဝမ်ကျင့်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများကို အသုံးပြုကာ ထိုဆန်းကြယ်သော ဓားစွမ်းအင်ကို ခုခံရန် အလျင်အမြန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုသို့ ပြုလုပ်ခဲ့သည်တိုင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုဆန်းကြယ်သော ဓားစွမ်းအင်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရပြီး နတ်ဘုရင် ပဉ္စမအဆင့်ကနေ နတ်ဘုရင် စတုတ္ထအဆင့်အထိ ကျဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ မထီမဲ့မြင် လှောင်ပြောင်လိုက်သော စကားသံသည် သူ၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့၏။
“ငါ့ရဲ့ ဓားချက်တစ်ချက်ကိုတောင် ရင်မဆိုင်နိုင်ပါလား.. ကြည့်ရတာ မင်းလည်း ပိုင်ချီရှောင်လို အမှိုက်ကောင်နဲ့ ဘာမှမကွာပါဘူး”
အခန်း(၂၃၂၇)ပြီး၏။
အခန်း(၂၃၂၈)
“ကျန်းချန် ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို ငါ့ဆီပြန်ပေးစမ်း”
ယွီဝမ်ကျင့်က ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး ကျန်းချန်ကို စိုက်ကြည့်နေသည့် သူ၏ မျက်ဝန်းများသည် မီးပွင့်ထွက်မတတ်ပင်ဖြစ်နေခဲ့သည်။
လွန်ခဲ့သော သုံးရက်ခန့်က ကူဖုန်းအာကို ပထမဆုံးအကြိမ် တွေ့ပြီးကတည်းကပင် ယွီဝမ်ကျင့်သည် ကူဖုန်းအာကို အလွန်အမင်း သဘောကျသွားခဲ့သည်။
ဤသုံးရက်အတွင်း ယွီဝမ်ကျင့်သည် ကူဖုန်းအာ၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားရင်း ကူဖုန်းအာ အနားတွင် တစ်ချိန်လုံး ရှိနေခဲ့သော်လည်း ကူဖုန်းအာသည် သူ့ကို အမြဲတစေ လျစ်လျူရှုထားခဲ့၏။
သူ၏ အဆင့်အတန်းဖြင့် ဆိုလျှင် ကူဖုန်းအာ၏ နှလုံးသားကို တစ်ချိန်ချိန်တွင် ဖမ်းစားနိုင်လိမ့်မည်ဟု ယွီဝမ်ကျင့် ယုံကြည်ထားခဲ့သည်။
ထိုယုံကြည်ချက်သည် ကျန်းချန် ပေါ်မလာမီ အထိသာ ဖြစ်၏။
အထူးသဖြင့် ကျန်းချန်နှင့် ကူဖုန်းအာတို့၏ နီးစပ်လွန်းသောဆက်ဆံရေးကို မြင်လိုက်ရပြီးနောက်တွင် ယွီဝမ်ကျင့်၏ စိတ်ထဲ၌ ရုတ်တရက် မနာလိုသောစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် လူသားဧကရာဇ် ကျန်းချန်နှင့် ရင်ဆိုင်ရလျှင်ပင် အပြည့်အဝ ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်ဟု မူလက သူထင်မှတ်ထားခဲ့သည်။
သို့သော်လည်း လူသားဧကရာဇ် ကျန်းချန်သည် ဓားချက်တစ်ချက်တည်းဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်ငယ် တစ်ဆင့်ကို ဖြတ်တောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်ဘုရင်အဆင့်တွင် အဆင့်တစ်ဆင့်နှင့် တစ်ဆင့်သည် ကောင်းကင်နှင့်မြေကြီး ကဲ့သို့ပင် အလွန်တရာ ကွာခြားလှ၏။
အဆင့်ငယ်လေး တစ်ဆင့်တက်ရန် အတွက်ပင် အလွန်တရာ ခက်ခဲ၏။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနေဖြင့် ယွီဝမ်ကျင့်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ ပေးအပ်သော ထိပ်တန်း အရင်းအမြစ်များကို ရရှိထားသူ ဖြစ်သည်။
သို့သော်လည်း ထိုသို့ပင် ရှိစေကာမူ ယွီဝမ်ကျင့် အနေဖြင့် ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် လုပ်ဆောင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ဆိုရလျှင် နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်ကနေ နတ်ဘုရင် ပဉ္စမအဆင့်ကို ရောက်ရှိရန်အတွက် သူက ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
ယခု ကျန်းချန်၏ ဓားချက်တစ်ချက်ကြောင့် သူ၏ ဆယ်နှစ်ကျော်ကြာ ကြိုးစားအားထုတ်မှုများသည် ပျက်စီးသွားပြီ ဖြစ်ရာ ယွီဝမ်ကျင့်သည် မည်ကဲ့သို့ လက်ခံနိုင်ပါအံ့နည်း။
အဆုံးသတ်တွင် သူသည် အရှေ့ဘက်ဒေသကနေ ပိုင်ချီရှောင်ပြန်လာစဥ်က အဘယ်ကြောင့် နတ်ဘုရင် စတုတ္ထအဆင့်ကနေ နတ်ဘုရင် ပထမအဆင့်သို့ ကျဆင်းသွားခဲ့မှန်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
ပိုင်ချီရှောင်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကျန်းချန်၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလား။
ကျန်းချန်က ယွီဝမ်ကျင့်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။
“မင်းအသုံးမကျတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးဆိုရင် အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း”
“ကျန်းချန်.. ငါက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ.. မင်းငါ့ကို ထိရဲရင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်”
ယွီဝမ်ကျင့်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ရန်သူ ဖြစ်လာတာနဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေကို မင်းဘယ်လိုမှ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို ငါတို့ လူသားဧကရာဇ် နန်းတော်ရဲ့ဘိုးဘေး ကျန်းချင်းထျန်းက တည်ထောင်ခဲ့တာပဲ.. လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် အစဥ်အဆက်က စစ်မိစ္ဆာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေပဲ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါက လူသားဧကရာဇ်နန်းတော်ရဲ့ ၆၂ဆက်မြောက် လူသားဧကရာဇ် ဖြစ်တဲ့ အတွက် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်လို့ရတယ်.. ငါမင်းကို သတ်လိုက်ရင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ငါ့ရဲ့ ရန်သူ တကယ်ပဲ လုပ်ချင်သလား ဆိုတာ ငါ ကြည့်ချင်သေးတယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်ဖော်ကာ ယွီဝမ်ကျင့်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က အလွန်တရာဆန်းကြယ်သော ဓားကွက်ကို နောက်ထပ် တစ်ဖန် ထုတ်ဖော်လိုက်သည်အား မြင်လျှင် ယွီဝမ်ကျင့်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် ပဉ္စမအဆင့်တွင် ရှိနေစဥ်ကပင် ကျန်းချန်၏ ဓားကွက်ကို မခုခံနိုင်ခဲ့ပေ။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်စတုတ္ထအဆင့်သို့ ကျဆင်းသွားပြီ ဖြစ်ရာ မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
အကယ်၍ သူသာ ဤဓားချက်ကို ရင်ဆိုင်ရလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် နောက်ထပ် တစ်ကြိမ် ထပ်မံဖြတ်တောက်ခံရမည်မှာ သေချာသလောက်ပင်။
ယင်းမှာ ယွီဝမ်ကျင့် မည်သို့မှ မကြုံတွေ့ချင်သည့်အရာ ဆိုလည်းမမှားပေ။
ထို့ကြောင့် ယွီဝမ်ကျင့်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်၏ ဓားချက်ကနေ လွတ်မြောက်ရန် ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
သို့သော်လည်း ဓားချက်၏ အရှိန်အဟုန်သည် သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်ကို ယွီဝမ်ကျင့် သတိပြုမိလိုက်၏။
သူ မီတာတစ်ရာပင် မပြေးရသေးမီမှာပင် ဓားအလင်းသည် သူ၏ ကျောဘက်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။
ထိုဓားအလင်းမှ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်ရာ သူ့အနေဖြင့် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ယွီဝမ်ကျင့်သည် သေမင်းနှင့် စစ်ခင်းနေရသကဲ့သို့ ခံစားခဲ့ရ၏။
သူက သွားများကို အံကြိတ်ကာ သူ၏ ခွန်အားအလုံးစုံကို အသုံးပြု၍ ကျန်းချန်၏ ဓားချက်ကို တားဆီးရန်အတွက် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ် အလွှာပေါင်းများစွာကို တည်ဆောက်လိုက်သည်။
သို့သော်လည်း ယွီဝမ်ကျင့်၏ နေရာလွတ်လမ်းစဥ် နတ်စွမ်းအားဖြင့် တည်ဆောက်ထားသော အကာအကွယ်အတားအဆီးသည် ကျန်းချန်၏ ဓားချက်ကို ကြီးမားသော အဟန့်အတား မဖြစ်စေခဲ့ပေ။
ဓားအလင်းက ဝါးပင်ကို ထိုးခွဲလိုက်သကဲ့သို့ပင် အကာအကွယ် အလွှာပေါင်းများစွာကို ထိုးဖောက်သွားသည်အား မြင်လိုက်ရလျှင် ယွီဝမ်ကျင့်၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ဓားအလင်းက နောက်ဆုံးအကာအကွယ် အလွှာကို ထိုးဖောက်ပြီး ယွီဝမ်ကျင့်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲမှာပင် တောက်ပသော ဓားအလင်းတစ်ခုသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ယွီဝမ်ကျင့်ထံသို့ သက်ရောက်လာသည့် ကျန်းချန်၏ ဓားအလင်းကို ချေမှုန်းပစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။
သူထုတ်ဖော်လိုက်သော ဓားကွက်သည် နတ်ဘုရင်အဆင့်ထက်သာလွန်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကနေ ဆင်းသက်လာသော ဓားကွက် ဖြစ်သည်။
ကျန်းချန်ထက် ကျင့်ကြံခြင်းအဆင့် သာလွန်သော ကျင့်ကြံသူများပင် ထိုဓားကွက်၏ စွမ်းအားနှင့် ရင်ဆိုင်ရလျှင် အစွမ်းကုန် ခုခံကြရ၏။
ဆိုရလျှင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားကွက်ကို တက်မြောက်ပြီးကတည်းပင် ပထမဓားကွက် ဖြစ်သည့် လူသားအဖြစ်ပြောင်းလဲစေသော ဓားကွက်ကို တစ်စုံတစ်ယောက်က တိုက်ရိုက် ချေမှုန်းနိုင်ခဲ့သည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကျန်းချန်သည် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး ဓားအလင်း ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုလူငယ်၏ မျက်ဝန်းများသည် ကျယ်ပြောသော ကြယ်တာရာ ကောင်းကင်ယံ ကဲ့သို့ နက်ရှိင်းလှပြီး အကြည့်များသည် ကောင်းကင်ကို ထိုးဖောက်နိုင်လောက်သည့် ဓားနှစ်စင်းကဲ့သို့ အလွန်ပင် စူးရှလှ၏။
“ဒီကောင်က ကျန့်ဝူရှင်းလား”
ရုတ်တရက် ထွက်ပေါ်လာသော လူငယ်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့သည်။
သူ့ရှေ့ရှိ လူငယ်သည် ဓားလမ်းစဥ်တွင် ထူးခြားသောအောင်မြင်မှုကို ရရှိထားပြီး ကျန်းချန်ကိုပင် ကြီးမားသောဖိအားတစ်ခု ပေးစွမ်းနိုင်စွမ်း ရှိသည်။
လူသားဧကရာဇ်နန်းတော်တွင် ကျန်းရွမ်နှင့် ရင်ဆိုင်ရစဥ်ကပင် ကျန်းချန်သည် ထိုကဲ့သို့ မခံစားခဲ့ရဖူးပေ။
ထိုလူငယ်၏ ခွန်အားသည် ကျန်းရွမ်ထက် သာလွန်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
နတ်ကုန်းမြေတိုက်ပေါ်တွင် ကျန်းရွမ်ထက် သာလွန်သည့် ပါရမီရှင် ဟူ၍ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်းမှ လွဲ၍ အခြားမည်သူ ရှိနိုင်ဦးမည်နည်း။
“အစ်ကိုကျန့်.. ကျန်းချန်က ဓားတစ်သောင်း သူတော်စင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီး ဓားတစ်သောင်း သူတော်စင်ဂိုဏ်းထဲမှာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်.. သူ့ကို လွယ်လွယ်နဲ့ အလွှတ်မပေးပါနဲ့”
ရုတ်တရက် ထွက်ပေါ်လာသော ကျန့်ဝူရှင်းကို မြင်လိုက်ရလျှင် ယွီဝမ်ကျင့်သည် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကျန့်ဝူရှင်းက ယွီဝမ်ကျင့်ကို လျစ်လျူရှုထားလိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“လူသားဧကရာဇ်ကျန်းချန်.. အခု ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှာ နတ်ဘုရင်အဆင့် အင်အားစုများစွာ စုဝေးနေကြတာက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ဖို့အတွက်ပဲ.. ဒါကြောင့် ဘယ်သူ့ကိုမှ ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ တိုက်ခိုက်ခြင်းမပြုဖို့ တားမြစ်ထားတယ်.. အခုလို ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှာ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေတာက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်”
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“ကျုပ်က သူ့ကို ပြဿနာရှာတာ မဟုတ်ဘူး.. သူကပဲ ကျုပ်ကို ပြဿနာအရင်ရှာခဲ့တာပါ.. ဘာလဲ ကျုပ်ကို တိုက်ခိုက်လာတာကို ဒီအတိုင်း လည်စင်းပေးရမှာလား”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“လူသားဧကရာဇ်ကျန်းချန်.. ငါ မင်းနဲ့ အပိုစကားတွေ မပြောချင်ဘူး.. ဓားတစ်သောင်းသူတော်စင်ဂိုဏ်းရဲ့ စည်းမျဥ်းကို ဘယ်သူမှ ချိုးဖောက်ခွင့်မရှိဘူး.. မင်းဒီနေ့ ငါတို့ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကို ဖြေရှင်းချက်ပေးရလိမ့်မယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“တကယ်လို့ ကျုပ်က မပေးဘူးဆိုရင်ရော”
“ဒီလိုဆိုရင်တော့ ကျုပ်အနေနဲ့ လူသားဧကရာဇ် ဆီကနေ သင်ယူရုံပဲ ရှိတော့တာပေါ့”
ကျန့်ဝူရှင်းက အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ကျောဘက်ရှိ ငွေရောင်ဓားရှည်သည် တုန်ခါသွားခဲ့ပြီး ဓားမြည်သံ တစ်သံကို ထုတ်လွှတ်လိုက်ကာ ကျန့်ဝူရှင်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားလမ်းစဥ် အရှိန်အဝါသည် လေထုတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
အခန်း(၂၃၂၈)ပြီး၏။