အခန်း (၂၁၂)
Vol. 22 Ch. 212
လီလီဗီ၏ စကားအဓိပ္ပာယ်သည် ဆိတ်ချိုမိစ္ဆာလေးယန်ရှောင်မိုအနေဖြင့် ငရဲဘုံမိစ္ဆာသစ်ပင်ကို ဝယ်ယူနိုင်စွမ်းမရှိကြောင်း သွယ်ဝိုက် လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။ သို့သော် ထိုစကားများမှ ကျုံးရှန်လိုချင်သော သတင်းအချက်အလက်များရလိုက်လေသည်။
သူတို့သုံးဦးသည်စကားပြောနေရင်းဖြင့် သစ်ပင်မိစ္ဆာမြို့တော်၏ သစ်ကိုင်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ထိုသစ်ကိုင်းသည် လမ်းမကြီးတစ်ခု ဖြစ်ကာ သစ်ကိုင်း၏ အဆုံးသတ် ခွဆုံနေရာများတွင် သစ်သားဖြင့် ပြုလုပ်ထားသော အဆောက်အအုံများကို တည်ဆောက်ထားကြသည်။
တတိယထပ်ရှိမိစ္ဆာအများစုသည် ပုံစံအမျိုးမျိုးရှိသော သစ်ပင်မိစ္ဆာမျိုးနွယ်ဝင်များ ဖြစ်ကြရာ သူတို့သည် အရပ်အမောင်း မြင့်မားကြပြီး လမ်းလျှောက်နေသော သစ်ပင်ကြီးများနှင့် တူနေသည်။ သူတို့၏ မျက်နှာများသည် ပင်စည်ထဲမှ ထွက်ပေါ်နေပြီး ခြေလက်များသည် သစ်ကိုင်းနှင့် သစ်မြစ်များသဖွယ် ဖြစ်နေသဖြင့် အလွန်ပင် ထူးဆန်းလှသည်။
သစ်ပင်မိစ္ဆာမျိုးနွယ်သည် မိန်းမော်မိစ္ဆာ တို့၏ ညို့ဓာတ်ကို တောင့်ခံနိုင်သော ငရဲဘုံမျိုးနွယ်စု အနည်းငယ်ထဲမှ တစ်ခု ဖြစ်ပေသည်။ သူတို့သည် ဖိုမနှစ်ပါးစလုံး ပါဝင်သော ဖြစ်တည်မှုများ ဖြစ်ကြပြီး ဆန့်ကျင်ဘက်လိင်ဟူသော အယူအဆ မရှိသကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ကာမရာဂ စိတ်ဆန္ဒများလည်း မရှိကြချေ။
ထို့ကြောင့်ပင် လမ်းတစ်လျှောက်တွင် လီလီဗီအပေါ် မရိုးသားသော စိတ်ဖြင့် ကြည့်ရှုသည့် သစ်ပင်မိစ္ဆာ တစ်ကောင်တစ်လေမျှ မရှိခဲ့ပေ။
သူတို့သုံးဦးသည် ဒုတိယထပ် ကုန်းမြေတိုက်တွင် ပြဿနာအကြီးအကျယ် ရှာခဲ့သဖြင့် ယခုအခါ ဤသစ်ပင်မိစ္ဆာမြို့တော်အတွင်း အခြေအနေကို ခေတ္တစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အရာအားလုံး အဆင်ပြေပြီဟု အတည်ပြုနိုင်မှသာ စတုတ္ထထပ် ကုန်းမြေတိုက်သို့ ဆက်လက် ထွက်ခွာကြမည် ဖြစ်သည်။
သို့နှင့် သူတို့သည် မိမိတို့၏ အရှိန်အဝါများကို ဖုံးကွယ်ကာလမ်းမတစ်လျှောက် လှည့်ပတ်ကြည့်ရှုနေကြလေသည်။
သစ်ပင်မိစ္ဆာမြို့တော်သည် ပြည်နယ်တစ်ခုစာမက ကြီးမားပြီး သစ်ခက်သစ်လက်များဖြင့် ဖွဲ့စည်းထားသဖြင့် သုံးဖက်မြင် တည်ဆောက်ပုံ ရှိသည်။ ယခု သူတို့ လျှောက်လည်နေသော လမ်းသည်ပင် မြို့၏ ထောင့်စွန်းလေးတစ်ခုမျှသာ ဖြစ်သော်လည်း အလွန်ပင် စည်ကားလှသည်။
သစ်ကိုင်းပေါ်ရှိ သစ်သားအိမ်များသည် ဆိုင်ခန်းများ ဖြစ်ပြီး လမ်းဘေးဈေးသည်များလည်း ရှိနေကာ လမ်းတစ်လျှောက်တွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် ဆူညံနေလေသည်။
"လာကြပါဗျို့... ကြည့်သွားကြပါဦး... နာမည်ကျော် ပန်းပဲဆရာ သွန်းလုပ်ထားတဲ့ အဆင့်မြင့် မိစ္ဆာလက်နက် ကိုးပါးဝိညာဉ်ဦးခေါင်းခွံပါ... အထက်တန်းစား မိစ္ဆာကျောက်တုံး ၁၀၀ နဲ့ ရောင်းနေပါတယ်"
"လက်လွှတ်မခံသင့်တဲ့ ကုသရေးဆေးရည်နော်...တစ်ပုလင်းကို အစက် ၁၀၀ ပါပြီး တစ်စက်သောက်လိုက်တာနဲ့ နိယာမအဆင့် ၁၄ အောက် ဒဏ်ရာတွေ ပျောက်ကင်းစေနိုင်တယ်... အထက်တန်း မိစ္ဆာကျောက်တုံး ရှစ်ဆယ့်ရှစ်တုံးတည်းနဲ့ ရောင်းပေးနေတာပါ..."
"ခန္ဓာကိုယ်ကြံခိုင်သန်မာတဲ့ ခွေးမိစ္ဆာမျိုးနွယ်...ကျွန်ပါ...နိယာမနယ်ပယ် အဆင့် ၆ ရှိပြီး နည်းနည်းလောက် ပျိုးထောင်ပေးလိုက်ရင် အဆင့် ၇ ရောက်သွားမှာနော်... သူ့ရဲ့ထက်မြက်တဲ့သွားတွေကို ကြည့်လိုက်ပါဦး... ဘယ်လောက် အားကောင်းလဲလို့... အထက်တန်း မိစ္ဆာကျောက်တုံး တစ်ရာ့နှစ်ဆယ်ပဲ ကျမယ်နော်..."
"လူသားစားပန်း တောအုပ်ကို သွားမယ့် စူးစမ်းရှာဖွေရေးအဖွဲ့အတွက် လူလိုနေပါတယ်... နိယာမနယ်ပယ် အဆင့် ၇ မိစ္ဆာများကို ဦးစားပေးပါမယ်... အတွေ့အကြုံရှိတဲ့ နိယာမနယ်ပယ် အဆင့် ၁၄ မျက်လုံးတစ်ရာမိစ္ဆာကိုယ်တိုင် ဦးဆောင်မှာမို့ ဘေးကင်းပြီး အကျိုးအမြတ်ကိုလည်း မျှမျှတတ ခွဲဝေပေးမှာပါ..."
ထိုအော်ဟစ်သံများကို ကြားရသောအခါ ကျုံးရှန်သည် ငရဲဘုံသည်လည်း ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ ဈေးတန်းများနှင့် မကွာခြားကြောင်းနားလည်လိုက်သည်။ ထိုသည်က သူ၏ ငရဲဘုံမိစ္ဆာများအပေါ် ထားရှိသော အမြင်အချို့ကိုပင် ပြောင်းလဲသွားစေသည်။
ငရဲဘုံဖြစ်စေ၊ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ဖြစ်စေ ပြိုင်ဆိုင်မှုများသည် အလွန် ရက်စက်ကြသည်။ ကျင့်ကြံသူတချို့ဆိုလျှင် မိစ္ဆာများထက်ပင် ပိုမိုရက်စက်ကြပြီး သာမန်လူသားများကြားတွင်လည်း ပြင်းထန်သော တိုက်ပွဲများအမြဲ ရှိနေတတ်သည်။ ထို့ပြင်ကမ္ဘာကြီး ပျက်စီးတော့မည့် အချိန်မျိုးတွင် မိစ္ဆာဂိုဏ်းများ ထွက်ပေါ်လာသကဲ့သို့ ဓားပြများလည်း ပေါများလာကာ သာမန်သေမျိုးပြည်သူများ၏ အသေအပျောက်သည် အလွန်များပြားလှပေသည်။
ထိုအရာများနှင့်နှိုင်းယှဉ်ကြည့်လိုက်လျှင် ငရဲဘုံ၏ သတ်ဖြတ်မှုများက ပို၍အထင်အရှား ရှိနေခြင်းသာ ဖြစ်သည်။ အကယ်၍ အနှိုင်းမဲ့ အစွမ်းဖြင့် ငရဲဘုံတစ်ခုလုံးကို ဖိနှိပ်ပြီး စည်းမျဉ်းများ သတ်မှတ်ကာ မိစ္ဆာစိတ်များကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက ငရဲဘုံအတွင်း၌လည်း တည်ငြိမ်မှု ဖြစ်ပေါ်လာနိုင်သည်။
ယင်းသည် ယခင်က နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံ ပြုလုပ်ခဲ့သည့် ငရဲကမ္ဘာကြီးကို အပြီးတိုင် ပိတ်လှောင်ထားသည်ထက် ပိုကောင်းမွန်ပေလိမ့်မည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲဘုံသည် ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းကဲ့သို့ ဆက်စပ်နေသော ကမ္ဘာများ ဖြစ်ကြ၏။ သီအိုရီအရ ဆိုရလျှင် အကယ်၍ စည်းမျဉ်းများကို သတ်မှတ်ပြီး ငရဲဘုံကို ပြုပြင်ပြောင်းလဲနိုင်ပါက ငရဲဘုံ၏ စွမ်းအားနှင့် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်၏ စွမ်းအားကို ပေါင်းစပ်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဟင်းလင်းပြင်အတွင်းမှ ကျူးကျော်သူများကို ခုခံရန်မှာ လုံးဝ ပြဿနာ မရှိတော့ချေ။
ဤအတွေးပေါ်လာသည်နှင့် ကျုံးရှန် ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ ငရဲဘုံကို ပြုပြင်ပြောင်းလဲမည်ဟူသော အကြံအစည်မျိုးသည် လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည့် နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံပင် မလုပ်ဆောင်ဝံ့သော ကိစ္စ ဖြစ်သည်။ ထိုကိစ္စ၏ ခက်ခဲမှုသည် ရှေးယခင်က မရှိခဲ့ဖူးသကဲ့သို့ နောင်တွင်လည်း ရှိလာရန် မလွယ်ကူပေ။
သို့သော် ဤအတွေး ကျုံးရှန်၏ ခေါင်းထဲသို့ ရောက်လာပြီးနောက်တွင် အတွေးထဲမှဖျောက်ဖျက်၍ မရတော့ပေ။
ထိုအချိန်တွင် သူတို့၏အရှေ့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။
"ဟေ့ကောင်... မပြေးနဲ့... ရပ်လိုက်စမ်း"
"ငါ့ပစ္စည်းကို ခိုးရဲတယ်ပေါ့... ဖမ်းမိလို့ကတော့ မင်းကို သေအောင် နှိပ်စက်ပစ်မယ်"
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် တိုးဝှေ့ပြေးလွှားနေသော မိစ္ဆာအုပ်ကြီးသည် လီလီဗီတို့ သုံးဦးရှေ့သို့ ရောက်လာသည်။
၈ နှစ် အရွယ် ကလေးငယ်တစ်ဦးခန့်သာရှိသော သစ်ပင်မိစ္ဆာလေးတစ်ကောင် သည် အထုပ်တစ်ထုပ်ကို ပိုက်ပြီး အသည်းအသန် ပြေးလာနေသည်။
ထူးဆန်းသည်မှာ ထိုမိစ္ဆာလေး၏ ခန္ဓာကိုယ်တွင် စိမ်းလန်းသော သစ်ရွက်များ ရှိနေပြီး မိစ္ဆာစွမ်းအင်များအစား သန့်စင်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။ ထိုသည်က မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသော ဤမြို့တော်ကြီးတွင် အလွန်ပင် ထင်ရှားနေ၏။
သူ၏အနောက်တွင် ဝံပုလွေမျိုးနွယ်မှမိစ္ဆာ ၆ ကောင်ခန့် ထပ်ကြပ်မကွာ လိုက်လာကြသည်။ ထိုဝံပုလွေများသည် အဆင့် ၆ ရှိသော မိစ္ဆာများ ဖြစ်ကြပြီး ဤလမ်းကြားလေးထဲတွင် မည်သူမျှ မထိဝံ့သော အင်အားစုတစ်ခု ဖြစ်သည်။ လမ်းသွားလမ်းလာ မိစ္ဆာများသည်လည်း ပြဿနာ မဖြစ်လိုသဖြင့် ဘေးသို့ရှောင်ဖယ်ပေးလိုက်ကြသည်။
သစ်ပင်မိစ္ဆာလေး သူတို့ဘေးမှ ဖြတ်ပြေးချိန်တွင် ကျုံးရှန်က ဖမ်းဆွဲပြီး မလိုက်သည်။ ပေ ၃၀ ခန့် မြင့်မားသော ဆိတ်ချိုမိစ္ဆာ၏ လက်ထဲတွင် ထိုကောင်လေးသည် လက်ညှိုးခန့်သာ ရှိနေသည်။
ထို့နောက်ဝံပုလွေမိစ္ဆာများလည်း ရောက်ရှိလာကြပြီး ကျုံးရှန်ကို မြင်သောအခါ တွန့်ဆုတ်သွားကြသည်။ သူတို့ရှေ့တွင် ရှိနေသော မိစ္ဆာသုံးဦးသည် မည်သည့် အရှိန်အဝါမျှ ထုတ်မပြထားသော်လည်း ဆယ်လံခန့် မြင့်သော ဆိတ်ချိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် သူတို့၏ ကျင့်ကြံမှု မနိမ့်ကြောင်း သိနိုင်ပေသည်။
ငရဲဘုံတွင် အားနည်းသူက အားကြီးသူ၏ သားကောင်ဖြစ်ပြီး အစွမ်းထက်သူက ဘုရင်ဖြစ်သည်။ ဝံပုလွေမိစ္ဆာများ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အရပ် ၂ မီတာခန့် ရှိသော ဝံပုလွေခေါင်းဆောင်က ရှေ့ထွက်လာကာ အရိုအသေပေးလိုက်သည်။
"ကျွန်တော်တို့ကို ကူညီပြီး ဒီသူခိုးကို ဖမ်းပေးတဲ့အတွက် စီနီယာတို့ကို ကျေးဇူးတင်ပါတယ်..."
"ဒီသစ်ပင်မိစ္ဆာလေးကို ကျွန်တော်တို့ လက်ထဲ ပြန်အပ်ပေးဖို့ တောင်းဆိုပါတယ်..."
လီလီဗီက ယန်ရှောင်မိုကို ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သူမ၏အမြင်တွင် ဤဆိတ်ချိုမိစ္ဆာမှာ ရှီမင်၏ အစေခံမျှသာ ဖြစ်သည်။
သို့သော် သူမစကားမပြောမီပင် ကျုံးရှန်၏ စေခိုင်းမှုကို ရရှိထားသော ရှီမင်က ဦးအောင် ပြောလိုက်လေသည်။
"ရှောင်မို... အထုပ်ကို သူတို့ဆီ ပြန်ပေးလိုက်... ဒီသစ်ပင်မိစ္ဆာလေးကိုတော့ ငါတို့ဆီမှာ ထားခဲ့ရမယ်..."
ရှီမင်၏ စကားကြောင့် လီလီဗီလည်း ဘာမှ ဆက်မပြောတော့ပေ။
ကျုံးရှန်သည် သစ်ပင်မိစ္ဆာလေး ကိုင်ထားသော အထုပ်ကို ဆွဲယူပြီး ဝံပုလွေမိစ္ဆာများထံ ပစ်ပေးလိုက်ကာ သစ်ပင်မိစ္ဆာလေးကိုမူ ရှီမင်၏ ဘေးသို့ ချပေးလိုက်၏။
ဝံပုလွေမိစ္ဆာသည် အထုပ်ကို ကောက်ယူလိုက်ပြီး သစ်ပင်မိစ္ဆာလေးကို ကြည့်ကာ တစ်ခုခု ထပ်ပြောလိုပုံရနေသည်။ ထိုအခါ ကျုံးရှန်သည် မျက်လုံးကို မှေးကြည့်လိုက်ပြီး သူတော်စင်အဆင့် မိစ္ဆာအရှိန်အဝါ အနည်းငယ် ထုတ်လွှတ်လိုက်ရာ သူတို့အားလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားကြ တော့သည်။
"ကောင်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ"
ရှီမင်က သစ်ပင်မိစ္ဆာလေး၏ နောက်ကျောမှ သစ်ကိုင်းလေးကို ကိုင်ကာ သူ့မျက်စိရှေ့သို့ မြှောက်ကြည့်ရင်း မေးလိုက်သည်။
"ကျွန်တော့်နာမည် ဂရုခ် ပါ"
သစ်ပင်မိစ္ဆာလေးက ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် လီလီဗီလည်း အနားသို့ လျှောက်လာပြီးသူမ၏နတ်ဘုရားအာရုံဖြင့်စစ်ဆေးကြည့်လိုက်ရာ အံ့သြသွားသည်။
"ကလေး... မင်းခန္ဓာကိုယ်မှာ ဘာလို့ ငရဲဘုံရဲ့ အငွေ့အသက်တွေ မရှိတာလဲ..."
"ပြီးတော့ မင်း ထုတ်လွှတ်နေတဲ့ စွမ်းအင်က ဘာလို့ ဝိညာဉ်စွမ်းအင် ဖြစ်နေတာလဲ"
ထိုမေးခွန်းကို ကြားသောအခါ သစ်ပင်မိစ္ဆာလေး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။
"ဂရုခ်က ငယ်ငယ်ကတည်းက အဖေနဲ့ မတူဘူး..."
"တခြား ညီအစ်ကိုတွေနဲ့လည်း မတူဘူး..."
"အဖေက ပြောတယ်... ကျွန်တော်က ဗီဇပြောင်းလဲသွားတဲ့ သစ်ပင်မိစ္ဆာ တဲ့..."