အခန်း (၂၁၄)
Vol. 22 Ch. 214
"ကျွန်တော်တို့ သတိထားရမယ်..."
ရှီမင်သည်လည်း လေးနက်စွာ ခေါင်းငြိမ့်ထောက်ခံလိုက်၏။
ဤရွှံ့နွံမိစ္ဆာမျိုးနွယ်သည် အလွန်ထူးဆန်းသော မိစ္ဆာအမျိုးအစား ဖြစ်ပြီး ငရဲဘုံရွှံ့နွံအိုင်များထဲမှ မွေးဖွားလာကြသူများ ဖြစ်သည်။ ရွှံ့နွံမိစ္ဆာများတွင် မျိုးနွယ်စုဟူသော သဘောတရား မရှိသကဲ့သို့ ယဉ်ကျေးမှုနှင့် စည်းမျဉ်းစည်းကမ်းများလည်း မရှိကြပေ။ မကောင်းဆိုးဝါး ဗီဇစိတ်ဖြင့်သာ လှုပ်ရှားကြပြီး တွေ့သမျှအရာအားလုံးကို ဝါးမြိုတတ်ကြသည်။
သူတို့၏ ပုံသဏ္ဌာန်သည် ညစ်ပတ်ပေရေနေသော ရွှံ့နွံများသာ ဖြစ်ပြီး မိစ္ဆာခေါင်းဆောင်များ၊ မိစ္ဆာသားရဲများနှင့် အခြားသော သက်ရှိအားလုံးသည် သူတို့၏ အစားအစာများ ဖြစ်ကြ၏။ ရှုပ်ထွေးပွေလီသော စွမ်းအင်များနှင့် ငရဲဘုံတွင် လွင့်မျောနေသော အသုံးမဝင်သည့် အငွေ့အသက်များကိုပင် ဝါးမြိုနိုင်စွမ်းရှိသည်။
လီလီဗီနှင့် ရှီမင်ကဲ့သို့သော အားကောင်းသူများပင်လျှင် ရွှံ့နွံမိစ္ဆာများ၏ ပစ်မှတ်ထားခြင်းကို ခံရပါက ဒုက္ခရောက်နိုင်ပေသည်။ သေဆုံးသည်အထိ မဖြစ်နိုင်သော်လည်း နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီ၍ ကြိုးစားပမ်းစား ကျင့်ကြံထားရသော မိစ္ဆာစွမ်းအင်များ ဆုံးရှုံးသွားနိုင်သည်။ ရွှံ့နွံမိစ္ဆာနှင့် ထိတွေ့မိလိုက်သည့် ခဏ၌ပင် ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များသည် အမြောက်အမြား စတင် ယိုစိမ့်ထွက်သွားတတ်သည်။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဤနေရာတွင် ဝါးမြိုခံရသော မိစ္ဆာအရေအတွက်သည် မနည်းလှပေ။ ထို့ကြောင့်ပင် ဤနေရာသည် ကိုးဆင့်ငရဲဘုံ၏ အန္တရာယ်ရှိသော နေရာများထဲမှ တစ်ခု ဖြစ်လာခဲ့၏။
သို့သော် စွန့်စားရမှု ရှိလျှင် အကျိုးအမြတ်လည်း ရှိစမြဲပင် ဖြစ်သည်။ ရွှံ့နွံမိစ္ဆာများသည် အတိုင်းအတာတစ်ခုအထိ ဝါးမြိုပြီးသောအခါ အလွန်ဆန်းကြယ်သော ရတနာတစ်မျိုးကို ထုတ်လုပ်ပေးတတ်သည်။
ဝမ်ဟွာမိစ္ဆာရွှံ့နွံ။
ထိုအရာသည် အလွန်ထူးခြားသော မြေဆီလွှာတစ်မျိုး ဖြစ်၏။ လက်နက်ပဲ သွန်းလုပ်သည် ဖြစ်စေ၊ ဆေးလုံးပဲ ဖော်စပ်သည် ဖြစ်စေ ဝမ်ဟွာမိစ္ဆာရွှံ့နွံ အနည်းငယ် ထည့်သွင်းလိုက်ရုံဖြင့် အောင်မြင်မှုနှုန်းကို များစွာ မြှင့်တင်ပေးနိုင်သည်။ ဤရွှံ့နွံသည် ဖော်စပ်မှု လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်လာသော ဓာတ်မတည့်မှုများနှင့် ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်စွမ်းရှိသည်။
ထို့ပြင် ယင်း၏ အသုံးဝင်မှုသည် ဤမျှသာ မဟုတ်ပေ။ ဝမ်ဟွာမိစ္ဆာရွှံ့နွံကို ဝမ်ဟွာမိစ္ဆာဆေးလုံး အဖြစ်လည်း ဖော်စပ်နိုင်သည်။ အလွန်စွမ်းအားပြင်းသော မိစ္ဆာသိုင်းကွက်များကို ကျင့်ကြံချိန် သို့မဟုတ် ကျင့်စဉ်လမ်းကြောင်းလွဲမှားပြီး မိစ္ဆာစိတ်ရိုင်း ဝင်ရောက်စီးနင်းခံရချိန်တွင် ဤဆေးတစ်လုံး သောက်လိုက်ရုံဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ရုံသာမက မိစ္ဆာစိတ်ရိုင်းကိုပင် ပြန်လည် တိုက်ခိုက်ချေမှုန်းနိုင်သည်။
တစ်ချိန်တည်းမှာပင် အကောင်းဆုံးသော ဓာတ်သဘာဝ ပေါင်းစပ်ပစ္စည်းလည်း ဖြစ်ကာ ဝမ်ဟွာမိစ္ဆာရွှံ့နွံကို အသုံးပြု၍ အပြန်အလှန် ဆန့်ကျင်နေသော စွမ်းအားများကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ပေးနိုင်လေသည်။
ရွှံ့နွံမိစ္ဆာများတွင်လည်း အဆင့်နိမ့်မြင့် ရှိကြသည်။ အစွမ်းထက်သော မိစ္ဆာအရှင်သခင်အဆင့် ရွှံ့နွံမိစ္ဆာကြီးများသည် ကမ္ဘာတစ်ခုလုံးကိုပင် အလွယ်တကူ ဝါးမြိုနိုင်စွမ်း ရှိကြသည်။ ထိုသို့သော အဆင့်မြင့် ရွှံ့နွံမိစ္ဆာများမှ ထွက်ရှိလာသော ရွှံ့နွံသည် ပို၍ တန်ဖိုးရှိပြီး ယင်းကို ဟွာထျန်းမိစ္ဆာရွှံ့နွံ ဟု ခေါ်ဝေါ်ကြသည်။
ငရဲဘုံတွင်သာမက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်ပါ ဟွာထျန်မိစ္ဆာရွှံ့နွံ၏ တန်ဖိုးသည် အဖိုးဖြတ်မရလောက်အောင် ကြီးမားလှပေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အချို့သော မိစ္ဆာနယ်မြေများတွင်လည်း ရွှံ့နွံမိစ္ဆာများ ရံဖန်ရံခါ တွေ့ရတတ်သဖြင့် ကျုံးရှန်သည် ဤအကြောင်းများကို အနည်းငယ် သိရှိထားသည်။
ဝမ်ဟွာမိစ္ဆာရွှံ့နွံများ ထွက်ရှိခြင်းအပြင် စတုတ္ထအထပ် ကုန်းမြေတိုက်ကို ရွှံ့နွံမိစ္ဆာများ၏ ပိုင်နက်အဖြစ် ထားရှိခြင်းမှာ အဓိကအားဖြင့် ကိုးဆင့်ငရဲဘုံ၏ မိစ္ဆာစွမ်းအင်များကို ထိန်းညှိပေးရန် ဖြစ်သည်။
ကိုးဆင့်ငရဲဘုံသည် မဟာငရဲကမ္ဘာကြီး၏ အဓိကကမ္ဘာကြီးအနေဖြင့် အချိန်တိုင်းလိုလို အခြားကမ္ဘာများမှ မိစ္ဆာများ ဝင်ထွက်သွားလာလျက် ရှိသည်။ ထိုမိစ္ဆာများသည် ငရဲဘုံတွင် မိစ္ဆာသိုင်းကွက်များ ကျင့်ကြံခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် စွန့်စားခရီးသွားခြင်းများ ပြုလုပ်ကြရာ ရှုပ်ထွေးပွေလီသော စွမ်းအင်များနှင့် အငွေ့အသက်များကို ထုတ်လွှတ်ကြသည်။
ထိုရှုပ်ထွေးသော အငွေ့အသက်များသည် စတုတ္ထအထပ်ရှိ ရွှံ့နွံမိစ္ဆာများအတွက် အကောင်းဆုံးသော အာဟာရများ ဖြစ်ကြ၏။ သူတို့သည် ငရဲဘုံ၏ မိစ္ဆာစွမ်းအင်ကို ထိန်းညှိပေးနိုင်သလို တန်ဖိုးရှိသော ဝမ်ဟွာမိစ္ဆာရွှံ့နွံများကိုလည်း ထုတ်လုပ်ပေးနိုင်သဖြင့် စတုတ္ထထပ်တွင်ထားရှိခံရခြင်းသည်တစ်ချက်ခုတ် နှစ်ချက်ပြတ်သော စီစဉ်ထားရှိမှုပင် ဖြစ်သည်။
ဝါးမြိုခံလိုက်ရသော မိစ္ဆာများအတွက်မူကား ပြောစရာပင် မလိုတော့ပေ။ ငရဲဘုံတွင် ကမ္ဘာငယ်များ၊ အလယ်အလတ်ကမ္ဘာများစွာ ရှိသဖြင့် မိစ္ဆာအရေအတွက်မှာ ဘယ်သောအခါမျှ နည်းပါးသွားခြင်း မရှိချေ။
"စတုတ္ထအထပ် ကုန်းမြေတိုက်ကို ရောက်နေမှတော့ ဝမ်ဟွာမိစ္ဆာရွှံ့နွံတချို့ မယူသွားရင် နှမြောစရာ မကောင်းဘူးလား..."
ရှီမင်သည် ကျုံးရှန်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် စတင်ပြောဆိုလိုက်သည်။
"ဒီဝမ်ဟွာမိစ္ဆာရွှံ့နွံတွေက မြို့ထဲမှာလည်း ရောင်းပါတယ်..."
"လေလံပွဲတွေမှာဆိုရင် ဟွာထျန်းမိစ္ဆာရွှံ့နွံတွေတောင် ရံဖန်ရံခါ ပါလာတတ်သေးတယ်... ဈေးကောင်းကောင်း ပေးနိုင်ရင် စွန့်စားစရာတောင် မလိုပါဘူး..."
လီလီဗီသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝင်ပြောလေသည်။
သူမသည် ရှီမင်က စကားမပြောဆိုဘဲ တိုက်ခိုက်လုယက်မည်ကို စိုးရိမ်နေမိသည်။ ရှီမင်တစ်ယောက် မော်ပိုင်ဟော်ကို ချက်ချင်း သတ်ဖြတ်လိုက်သည်ကို မြင်ပြီးကတည်းက လီလီဗီ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ရှိနေခဲ့သည်။
ဤရှီမင်ဆိုသူသည် မဟာမိတ်တစ်ယောက် ဟုတ်မဟုတ် မသေချာသော်လည်း အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေသည်မှာကား အသေအချာပင်ဖြစ်သည်။ သို့သော် သူမကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ရာ ယခုမှ နောင်တရ၍ မဖြစ်တော့ပေ။ ရှီမင်သာ ဒေါသထွက်လာပါက သူမအနေဖြင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။ သူသည် မော်ပိုင်ဟော်ကို သတ်ဖြတ်နိုင်သကဲ့သို့ လီလီဗီကိုလည်း သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
ဤရက်ပိုင်းအတွင်း သူမ၏အခြေအနေသည် စုပ်လည်းစူးစားလည်းရူး ဖြစ်နေတော့သည်။
ရှီမင်သည် တုံးအသူ မဟုတ်သလို နောက်ကွယ်တွင် ကျုံးရှန်၏ လမ်းညွှန်မှုလည်း ရှိနေသဖြင့် လီလီဗီ၏ အတွေးကို ချက်ချင်း ရိပ်မိလိုက်သည်။
"ဟားဟားဟား... မင်းသမီး စိတ်မပူပါနဲ့... ကျွန်တော်က အဲဒီလောက် ရိုင်းစိုင်းတဲ့လူ မဟုတ်ပါဘူး..."
"ဘာပဲပြောပြော ကျွန်တော်ကလည်း နယ်မြေတစ်ခုရဲ့ အရှင်သခင်ပဲလေ... အဆင့်နိမ့်မိစ္ဆာတွေထက်တော့ သာပါသေးတယ်..."
ထို့နောက် ရှီမင်က ဆက်ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော်တို့ ဒီအထပ်က ဈေးတန်းကို သွားကြည့်ကြတာပေါ့..."
"အမှန်တိုင်းပြောရရင် ကျွန်တော်လည်း ဝမ်ဟွာမိစ္ဆာရွှံ့နွံတချို့ ဝယ်ချင်နေတာ... ကံကောင်းလို့ ဟွာထျန်းမိစ္ဆာရွှံ့နွံ ပါလာရင်တော့ အကောင်းဆုံးပဲ..."
"အခု စတုတ္ထအထပ်ကို ရောက်နေပြီဆိုတော့ ကိုးထပ်မြောက် ကုန်းမြေတိုက်ကို သွားဖို့ ရက် ၂၀ လောက် အချိန်ရသေးတယ်လေ..."
ရှီမင်၏ ထိုစကားကို ကြားလိုက်ရမှသာ လီလီဗီလည်း သက်ပြင်းချနိုင်သွားသည်။ အကယ်၍ ရှီမင်သာ ကိုးထပ်မြောက်အထိ လမ်းတစ်လျှောက်လုံး တိုက်ခိုက်သွားမည်ဆိုပါက သူမအနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ဘဲ အကြောင်းပြချက်တစ်ခုခု ပေးပြီး ထွက်ပြေးရုံသာ ရှိတော့သည်။
"အဲဒါဆိုရင်တော့ ပြဿနာမရှိပါဘူး... ဒီစတုတ္ထအထပ်မှာ ရွှံ့နွံမိစ္ဆာမြို့တော် ဆိုပြီး မြို့ကြီးတစ်မြို့ပဲ ရှိတာ..."
"သာမန် ဝမ်ဟွာမိစ္ဆာရွှံ့နွံတွေကတော့ ဈေးတန်းတိုင်းမှာ ရောင်းချလေ့ ရှိကြတယ်..."
"ဒါ့အပြင် လေလံပွဲတွေလည်း မကြာခဏ ကျင်းပလေ့ရှိပြီး... စတုတ္ထအထပ်ရဲ့ ဒေသထွက်ကုန် ဖြစ်တဲ့အတွက် ပိုပြီးအဆင့်မြင့်တဲ့ဝမ်ဟွာမိစ္ဆာရွှံ့နွံလည်း လေလံပွဲတွေမှာ အမြဲလိုလို ပါလာတတ်တယ်လေ..."
လီလီဗီသည် ဝမ်းသာအားရ သဘောတူလိုက်ပြီးနောက် သူတို့လေးဦးသည် ရွှံ့နွံမိစ္ဆာမြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့လိုက်ကြသည်။
စတုတ္ထအထပ် ကုန်းမြေတိုက်၏ အကျယ်အဝန်းမှာ ပို၍ ကျဉ်းမြောင်းသဖြင့် နာရီဝက်ခန့် ခရီးနှင်ပြီးရုံဖြင့် မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာကြ၏။
ရွှံ့နွံမိစ္ဆာမျိုးနွယ်သည် ငရဲဘုံ၏ ထူးခြားသော မျိုးစိတ်ဖြစ်ပြီး ဉာဏ်အလင်းပွင့်ရန် အလွန် ခက်ခဲလှကာ သူတော်စင်အဆင့်သို့ ရောက်ရှိမှသာ ဉာဏ်အလင်းပွင့်နိုင်ကြသည်။ သို့ဖြစ်ရာ ကျင့်ကြံမှုအဆင့် တက်လှမ်းရန်အတွက် ဝါးမြိုခြင်းကို အားကိုးပြီး မွေးရာပါစွမ်းရည်ဖြစ်သည့် ပြင်ပတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း ရှိကြသည်။ သူ့အတွက် ဝိညာဉ်တိုက်ခိုက်မှုနှင့် စိတ်စွမ်းအားတိုက်ခိုက်မှုကိုသာ ကြောက်ရွံ့ကြလေသည်။
ထို့ကြောင့်ပင် ရွှံ့နွံမိစ္ဆာမြို့တော်သည် စတုတ္ထအထပ်တွင် တစ်ခုတည်းသော လုံခြုံမှုရှိသည့် နေရာဖြစ်ပြီး မိစ္ဆာအများအပြား စုဝေးရောက်ရှိနေကြ၏။ လေ့ကျင့်ရန် လာသူများ၊ ဈေးဝယ်ရန် လာသူများနှင့် ပဉ္စမအထပ်သို့ သွားလိုသူများသည် ဤမြို့ကြီးတွင် စုဝေးလေ့ရှိကြသည်။
ကျုံးရှန်တို့လေးဦးမြို့ထဲသို့ ဝင်လိုက်သည်နှင့် ဆူညံသံများကို ကြားလိုက်ရလေသည်။
ပျံသန်းနိုင်သော မိစ္ဆာသားရဲများပေါ်တွင် အရပ်ပုပု မြေလျှိုးမိစ္ဆာလေးများ က စီးနင်းလိုက်ပါရင်း အားကုန်အော်ဟစ် ကြော်ငြာနေကြသည်။
"ကျောက် လေလံအိမ်ရဲ့ ၂၀၇၈၉ ကြိမ်မြောက် လေလံပွဲကို ၂ ရက်နေရင် ကျင်းပတော့မှာဖြစ်တယ်... ဒီလေလံပွဲမှာ နတ်ဘုရားအဆင့် မိစ္ဆာလက်နက်တွေ၊ ထိပ်တန်း မိစ္ဆာဆေးဝါးတွေအပြင် နှစ်ပေါင်းတစ်သောင်းအတွင်းရရှိထားတဲ့ အကြီးမားဆုံး ဟွာထျန်းမိစ္ဆာရွှံ့နွံကြီးကိုပါ ရောင်းချပေးသွားမှာ ဖြစ်လို့ လက်မလွှတ်သင့်ပါဘူးခင်ဗျာ..."
ထိုအော်ဟစ်သံသည် သူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
"ဒီကျောက်လေလံအိမ်က ရွှံ့နွံမိစ္ဆာမြို့တော်ရဲ့ အကြီးဆုံး လေလံအိမ်ပဲ... ယမမင်း ကိုယ်တိုင်လည်း ဒီလေလံအိမ်မှာ အရင်းအနှီးတစ်ချို့ထည့်ထားပြီး အဆင့် ၃ အစစ်အမှန်မိစ္ဆာနတ်ဘုရားဖြစ်တဲ့ မဟာမိစ္ဆာအရှင်သခင်တစ်ပါးက ကျောထောက်နောက်ခံ ပေးထားတာလေ..."
လီလီဗီက ချက်ချင်း ရှင်းပြလိုက်သည်။
ပထမအထပ်ကို စောင့်ကြပ်ရန် မိန်းမော်မျိုးနွယ်မှ စေလွှတ်ထားသူ ဖြစ်သည့်အားလျော်စွာ သူမသည် ငရဲဘုံကိုးထပ်အကြောင်းကို ရှီမင်ကဲ့သို့ကမ္ဘာငယ်လေးမှ ရောက်လာသူထက် ပိုမို သိရှိနားလည်ထားသည်။
"အတော်ပဲ... ကျွန်တော်တို့ အဲဒီ ကျောက်လေလံပွဲကို သွားကြည့်ရအောင်... ရှားပါးပစ္စည်းတွေ ဘာတွေပါမလဲလို့..."
ကျုံးရှန်သည်လည်း ငရဲဘုံရှိ လေလံအိမ်များ၏ အခြေအနေကို သိချင်နေမိသည်။
"ကောင်းပြီလေ... သွားကြည့်ကြတာပေါ့..."
သာမန်အားဖြင့် လေလံပွဲများသည် မြန်ဆန်သွက်လက်ပြီး ၂ ရက်အတွင်း ပြီးဆုံးလေ့ရှိရာ စောင့်ဆိုင်းချိန်နှင့် ပေါင်းလျှင် ၄ ရက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။
သို့နှင့် သူတို့အဖွဲ့သည် မြို့လယ်ခေါင်သို့ ဦးတည်သွားလိုက်ကြသည်။