အခန်း (၂၁၅)
Vol. 22 Ch. 215
ကောင်းကင်တက်လှမ်းမျှော်စင် ဖွင့်လှစ်တော့မည့် အပြင် ကျောက်လေလံအိမ်၏ ၂၀၇၈၉ ကြိမ်မြောက် လေလံပွဲလည်းရှိနေသဖြင့် ရွှံ့နွံမိစ္ဆာမြို့တော်၏မြို့လယ်သည်လည်း ငရဲဘုံအနှံ့အပြားမှ မိစ္ဆာများဖြင့် ပြည့်နှက်နေသည်။
ပြင်ပမှ ရောက်ရှိလာသော မိစ္ဆာများထဲတွင် သူတော်စင်အဆင့်အထက်ရှိသော မဟာမိစ္ဆာကြီးများပင် ပါဝင်လေသည်။
ကျောက်လေလံအိမ်သည် ရွှံ့နွံမိစ္ဆာမြို့တော်၏ အထင်ကရ ဆွဲဆောင်မှုတစ်ခု ဖြစ်ပြီး မြို့လယ်ခေါင်တွင် တည်ရှိကာ မိုင်တစ်ထောင်ပတ်လည် ကျယ်ဝန်းသော စက်ဝိုင်းပုံ လေလံကွင်းကြီးကို ပိုင်ဆိုင်ထားသည်။ လေလံကွင်း၏ အပြင်ဘက် ပုံသဏ္ဌာန်သည် ဥပုံစံဖြစ်ပြီး ကြမ်းတမ်းသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသဖြင့် ဧရာမ မိစ္ဆာနဂါးဥကြီးတစ်လုံးနှင့် တူညီနေသည်။
ငရဲဘုံတွင် အတွေ့ရအများဆုံး အနက်ရောင်အုတ်နံရံများဖြင့်တည်ဆောက်ထားပြီး ခမ်းနားထည်ဝါမှုနှင့်အတူ ထိတ်လန့်ဖွယ်ရာ အငွေ့အသက်များ ရောနှောနေသည်။ ငရဲဘုံ၏ ဗိသုကာလက်ရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။
ယခုအချိန်တွင် ပျံသန်းနိုင်သော မိစ္ဆာသားရဲများကို စီးနင်းထားသည့် မြေလျှိုးမိစ္ဆာများစွာသည် နေရာအနှံ့ လိုက်လံ၍ လေလံပွဲ ဝင်ခွင့်လက်မှတ်များကို ရောင်းချနေကြသည်။
ထိုမြေလျှိုးမိစ္ဆာများသည် အရပ်ပုပြီး သုံးပေခန့်သာ ရှိသည်။ သို့သော် ဦးခေါင်းမှာမူ အလွန်ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ ထက်ဝက်နီးပါးခန့်ကို နေရာယူထားသည်။ ဦးခေါင်းပြောင်ပြောင်နှင့် မည်းနက်သော အဝါရောင်သန်းနေသည့်အသားအရေရှိကာ နေရောင်အောက်တွင် အနည်းငယ် ကြည်လင်နေပြီး အတွင်း၌ စီးဆင်းနေသော သွေးကြောမည်းများကိုပင် မြင်တွေ့နေရသည်။
ထို့ပြင်မြေလျှိုးမိစ္ဆာများ၏မျက်လုံးများသည် အလွန်ပြူးကျယ်နေပြီး မျက်နှာနှင့် ခြေလက်များ ပါရှိသော်လည်း လူသားများနှင့် များစွာ ကွာခြားလှကာ ပုံပျက်ပန်းပျက် ဖြစ်နေသော ကလေးငယ်တစ်ဦးနှင့် တူသည်။
သို့သော် ဤမြေလျှိုးမိစ္ဆာများသည် ငရဲဘုံရှိ ဉာဏ်ရည်မြင့်မားသော မျိုးနွယ်စုများထဲတွင်ပါဝင် လေသည်။ သူတို့သည် မွေးရာပါ ဉာဏ်ကောင်းသူများ ဖြစ်ကြပြီး တွက်ချက်မှုနှင့် စီးပွားရေးတွင် ကျွမ်းကျင်ကြကာ မိစ္ဆာစွမ်းအား မရှိသော သာမန် မြေလျှိုးမိစ္ဆာတစ်ကောင်ပင်လျှင် အကောင်းဆုံး အိမ်တော်ထိန်း ဖြစ်လာနိုင်သည်။
ငရဲဘုံရှိ မျိုးနွယ်စုအများစုသည် ဉာဏ်ရည်ထိုင်းမှိုင်းကြပြီး အချို့မျိုးနွယ်စုများသည် ဉာဏ်ရည်ရှိကြသော်လည်း ကျင့်ကြံမှုအဆင့် နိမ့်ပါးချိန်တွင် ပါးနပ်မှု မရှိကြပေ။
ဥပမာအားဖြင့် ဂရုခ်၏ သစ်ပင်မိစ္ဆာမျိုးနွယ်သည် ဉာဏ်ရည်ရှိသော်လည်း ရိုးသားလွန်းကြသည်။ နွားမိစ္ဆာမျိုးနွယ်ဖြစ်သည့် ဖာဟိုင်၏ သွန်သင်မှုကို ခံယူထားပြီး နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသော နွားမိစ္ဆာဘုရင်သည်ပင်လျှင် ဉာဏ်ပညာ မနိမ့်သော်လည်း ဉာဏ်နီဉာဏ်နက်နှင့် ပရိယာယ်ကြွယ်ဝမှုအပိုင်းတွင် ကျုံးရှန်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
နွားမိစ္ဆာကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများသည်လည်း ယခုမှ အစပျိုးကာစသာ ရှိသေး၏။ ငရဲဘုံ၏ အခြေအနေအရ ဖရိုဖရဲနိုင်မှုနှင့် စည်းမဲ့ကမ်းမဲ့ ဖြစ်တည်မှုများကြားတွင် စည်းမျဉ်းတစ်ခု တည်ဆောက်ရန်မှာ အလွန်ပင် ခက်ခဲလှသောကြောင့်လည်းဖြစ်သည်။
သို့သော် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့် နည်းဗျူဟာပိုင်း၌မူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ မည်သည့် အင်မော်တယ်ဧကရာဇ်မဆို နွားမိစ္ဆာဘုရင်လောက်သာ စွမ်းအားရှိပါက သူ့ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ဤသည်မှာ မွေးရာပါ ဉာဏ်ရည်ကွာခြားချက်ပင် ဖြစ်သည်။
မြေလျှိုးမိစ္ဆာများသည် ငရဲဘုံမျိုးနွယ်စုများထဲတွင် ဉာဏ်ကောင်းသူများ ဖြစ်သော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်းတွင်မူ အလွန် အားနည်းကြသည်။ ငရဲဘုံကဲ့သို့သော ပတ်ဝန်းကျင်တွင် အနိုင်ကျင့် ဖိနှိပ်ခံရလေ့ရှိသဖြင့် အခြားသော အားကြီးသည့် မျိုးနွယ်စုများနှင့် မဟာမိတ်ပြုကာ အမှီသဟဲပြု၍ ရှင်သန်နေကြရသည်။
ယခု ကျောက်လေလံအိမ်အတွက် ကြော်ငြာပေးနေသူများသည်လည်း မြေလျှိုးမိစ္ဆာများပင် ဖြစ်ပြီး ဤမျှများပြားသော မြေလျှိုးမိစ္ဆာများကို စုဆောင်းနိုင်ခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သူတို့သည် လေလံပွဲ လက်မှတ်များကို အားကြိုးမာန်တက် ရောင်းချနေကြသည်။
မင်ယွိသည် အော်ဟစ်ဈေးရောင်းနေသော မြေလျှိုးမိစ္ဆာတစ်ကောင်ကို လက်ပြခေါ်လိုက်ကာ အနည်းငယ် စုံစမ်းမေးမြန်းလိုက်ရုံဖြင့် လေလံအိမ်၏ အခြေအနေကို အတော်အတန် နားလည်သွားသည်။
ဝင်ခွင့်လက်မှတ်နှင့် နေရာထိုင်ခင်းများကို အဆင့် ၄ ဆင့် ခွဲခြားထားသည်။
ပထမအဆင့်သည် မြေပြင်ညီထပ်တွင် ဖြစ်ပြီး လူအများဆုံး နေရာဖြစ်သည်။ သာမန်ထိုင်ခုံများသာ ဖြစ်ပြီး သက်တောင့်သက်သာ မရှိသကဲ့သို့ လုံခြုံမှုနှင့် သီးသန့်ဆန်မှုလည်း မရှိပေ။ ဈေးနှုန်းမှာ အထက်တန်းစား မိစ္ဆာကျောက်တုံး ၁၀၀ ဖြစ်ပြီး သာမန် ပွဲကြည့်ပရိသတ်များအတွက်သာ ဖြစ်သည်။
ဒုတိယအဆင့်သည် မြေပြင်မှ ၁၀ မီတာအမြင့်တွင် ရှိပြီး လေပေါ်တွင် ပျံဝဲနေသော ကျောက်တုံးများပေါ်၌ နေရာချထားသည်။ ဤအဆင့်ရှိ ခုံအရေအတွက်သည် ပထမအဆင့်၏ ထက်ဝက်သာ ရှိပြီး ဈေးနှုန်းမှာ အထက်တန်းစား မိစ္ဆာကျောက်တုံး ၁၀၀၀ ဖြစ်သည်။ နိယာမနယ်ပယ် ၁၄ ဆင့်အောက် မိစ္ဆာများအတွက်ဆိုလျှင် ဤပမာဏသည် မနည်းလှသော ပိုင်ဆိုင်မှုပင် ဖြစ်၏။
တတိယအဆင့်မှာမူ မြေပြင်မှ မီတာ ၁၀၀ အမြင့်တွင် ရှိပြီး စုစုပေါင်း နေရာ ၁၀၀၀ သာ ရှိသည်။ နေရာတိုင်းသည် စိတ်ဝိညာဉ်အာရုံဖြင့် ချောင်းမြောင်းကြည့်ရှုခြင်းကို ကာကွယ်ပေးနိုင်သော လေပေါ်မိစ္ဆာအိမ်လေးများ ဖြစ်ကြသည်။ ထို့ပြင်အတွင်း၌ သက်တောင့်သက်သာရှိသော ထိုင်ခုံများ၊ ယမမင်းနတ်ဆိုးမက်မွန်သီး၊ ပိုင်ကုရွှမ်းဝိုင် စသည့် ငရဲဘုံ၏ တန်ဖိုးကြီး ဝိုင်များနှင့် ဝိညာဉ်သစ်သီးများကိုပါ တည်ခင်းဧည့်ခံထားသည်။
ဈေးနှုန်းမှာမူ အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သိန်းအထိ ရှိကာ ဤပမာဏသည် နိယာမနယ်ပယ် ၆ ဆင့်ရှိသော ခွေးမိစ္ဆာကျွန် ထောင်ချီ၍ ဝယ်ယူနိုင်သော ဈေးနှုန်းဖြစ်သည်။ တတိယအဆင့်ကို ဝယ်ယူနိုင်သူများသည် အင်အားကြီးမားသော မိစ္ဆာနတ်ဘုရားအဆင့် ငရဲအရှင်သခင်ငယ်များသာ ဖြစ်ကြသည်။
စတုတ္ထအဆင့်မှာမူ ပြင်ပသို့ ရောင်းချခြင်း မရှိပေ။ လေလံအိမ်မှ ဖိတ်ကြားထားသူများသာ တက်ရောက်ခွင့် ရှိပြီး စုစုပေါင်း နေရာ ၁၀၀ သာ ရှိသည်။
နေရာတိုင်းသည် မြေပြင်မှ မီတာ ၁၀၀၀ အမြင့်တွင် ရှိပြီး မိုင် ၁၀၀ ခန့် ကျယ်ဝန်းသော သီးသန့်ဘုံကမ္ဘာလေးများ ဖြစ်ကာ အတွင်းတွင် ခမ်းနားထည်ဝါသော နန်းတော်များ ဆောက်လုပ်ထားသည်။
ထို့ပြင် မိစ္ဆာစွမ်းအင်များကို စုစည်းလည်ပတ်ပေးသော အစီအရင်များ တပ်ဆင်ထားပြီး လှပသော မိန်းမော်မျိုးနွယ် အစေခံများလည်း ပါဝင်လေသည်။ အကောင်းစား ဝိုင်များ၊ ဝိညာဉ်သစ်သီးများနှင့် ထိပ်တန်း မိစ္ဆာသားရဲအသားကင်များ အစုံအလင် ပါရှိသဖြင့် အဆုံးစွန်သော ဇိမ်ခံမှုဟုပင် ဆိုနိုင်သည်။
စတုတ္ထအဆင့်သည် မိစ္ဆာနတ်ဘုရား အမြုတေကို ပိုင်ဆိုင်ထားသော စစ်မှန်သော မိစ္ဆာနတ်ဘုရားများသာ ဖိတ်ကြားခံရလေ့ ရှိပြီး ဈေးနှုန်းသည်လည်း ထိတ်လန့်ဖွယ် ကောင်းလှကာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံး ပေးရသည်။
နတ်ဘုရားမိစ္ဆာကျောက်တုံးသည် ငရဲဘုံတွင် တန်ဖိုးအကြီးဆုံး ငွေကြေးယူနစ် ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ အထွတ်အထိပ်အဆင့် နတ်ဘုရားရင်းမြစ်ကျောက်တုံးနှင့် တန်ဖိုးခြင်းညီမျှပေသည်။ စစ်မှန်သော မိစ္ဆာနတ်ဘုရားများပင်လျှင် ဤပမာဏကို သုံးစွဲရမည်ဆိုပါက နှမြောတသ ဖြစ်ကြရပေလိမ့်သည်။
ရှီမင်သည် မူလနတ်ဘုရားသန္ဓေသား ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ကျုံးရှန်နှင့် တိုင်ပင်လိုက်သည်။ စတုတ္ထအဆင့်သည် ဖိတ်ကြားစာ မရှိသဖြင့် ရွေးချယ်၍ မရဘဲ တတိယအဆင့်ကိုသာ ရွေးချယ်ရမလို ဖြစ်နေ၏။ သို့သော် တတိယအဆင့်အတွက် အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သိန်း ပေးရမည်ဆိုသည်မှာ အနည်းငယ် ခက်ခဲနေသည်။
"အထက်တန်းစား နတ်ဘုရားမိစ္ဆာကျောက်တုံးလား... ငါ့မှာ အဲဒါမျိုး တကယ် မရှိဘူး..."
ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ဟင်းလင်းပြင်ထဲရှိ ပေတစ်သောင်းမြင့်မားသော တောင်ကြီးပမာ စုပုံနေသည့် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများကို ကြည့်ကာ သူ၏ ပိုင်ဆိုင်မှုများက ပြည့်စုံလုံလောက်မှု မရှိသလို ခံစားလိုက်ရသည်။
"ရှီမင်... အဲဒီမြေလျှိုးမိစ္ဆာတွေကို ပြောလိုက်... စတုတ္ထအဆင့် နေရာတစ်နေရာ ရအောင် လုပ်ပေးလို့... ပိုက်ဆံက ပြဿနာ မဟုတ်ဘူး..."
ကျုံးရှန်သည် စဉ်းစားပြီးနောက် ရှီမင်ကို အမိန့်ပေးလိုက်သည်။
ကျုံးသခင်ကြီးတွင် အခြားအရာများ မရှိသော်လည်း ပိုက်ဆံကတော့ ပေါများလှသည်။ သူသည် နှစ်ပေါင်းများစွာ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် မှတစ်ဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများနှင့် နတ်ဘုရားရင်းမြစ်ကျောက်တုံးများ မရေမတွက်နိုင်အောင် ရရှိထားသည်။
ကျုံးရှန်သည် ပစ္စည်းဝယ်ယူလေ့ သိပ်မရှိဘဲ သူလိုချင်သော ပစ္စည်းများသည် ဝယ်၍မရသော ထိပ်တန်းရှားပါးပစ္စည်းများသာ ဖြစ်ကာ ဝယ်၍ရသော ပစ္စည်းများကိုမူ မျက်လုံးထဲပင် မထည့်ပေ။ ထို့ကြောင့် နှစ်လကြာရှည် စုဆောင်းမိလာသောအခါ ကြောက်ခမန်းလိလိ ပိုင်ဆိုင်မှုကြီး ဖြစ်လာတော့သည်။
သူ့တွင် ရှိသော အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများ၏ တန်ဖိုးသည် ငရဲဘုံရှိ အလတ်စားကမ္ဘာ ပေါင်း ဒါဇင်ချီ၍ ဝယ်ယူနိုင်လောက်သည်အထိ များပြားလှပေသည်။
ရှီမင်သည်လည်း အများကြီး မစဉ်းစားဘဲ တဲ့တိုးပင် မေးလိုက်သည်။
"ငါတို့က စတုတ္ထအဆင့် နေရာ လိုချင်တာ... မိစ္ဆာကျောက်တုံးအတွက် ပူစရာ မလိုဘူး..."
ဘေးနားရှိ လီလီဗီသည် ရှီမင်၏စကားများကိုကြားသောအခါ အံ့အားသင့်သွားလေသည်။ သူမကိုယ်တိုင်ပင် စတုတ္ထအဆင့် နေရာ၌ ထိုင်ခွင့် မရှိပေ။ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးကို မတတ်နိုင်၍ မဟုတ်ဘဲ အရည်အချင်း မမီသောကြောင့် ဖြစ်သည်။
မိစ္ဆာနတ်ဘုရား အမြုတေ ပိုင်ဆိုင်သော စစ်မှန်သည့် မိစ္ဆာနတ်ဘုရား ဖြစ်ရမည် ဆိုသည့် အချက်ကပင် ငရဲအရှင်သခင်ငယ် ၉၉ ရာခိုင်နှုန်းကို ဖယ်ထုတ်လိုက်သလို ဖြစ်နေသည်။
ရှေးဟောင်းခေတ်က ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်း ခံရသော မဟာမိစ္ဆာအရှင်သခင်ကြီးများသာလျှင် သို့မဟုတ် ထိုရှေးဟောင်းပုဂ္ဂိုလ်များ၏ အမွေကို ဆက်ခံထားသော မျိုးဆက်သစ် အားကြီးသူများသာ နတ်ဘုရားအမြုတေ ကို ပိုင်ဆိုင်ကြသည်။
သူမ၏ အမြင်တွင် မင်ယွိသည် ကြွယ်ဝချမ်းသာသည် ဆိုလျှင်ပင် တတိယအဆင့် နေရာလောက် ဝယ်နိုင်လျှင် မဆိုးလှပြီဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ရှီမင်က စတုတ္ထအဆင့်ကို လိုချင်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
မေးမြန်းခံရသော မြေလျှိုးမိစ္ဆာလေးမှာ ပို၍ပင် အံ့သြသွားသည်။ သူတို့သည် လက်မှတ်ရောင်းချပေးခြင်းဖြင့် အမြတ်ရကြသော်လည်း စတုတ္ထအဆင့် လက်မှတ်အတွက်မူ သူတို့တွင် လုပ်ပိုင်ခွင့်အာဏာ မရှိချေ။
ထို့ကြောင့် ရှီမင်၏စကားကိုကြားသောအခါ သူလည်း အကျပ်ရိုက်သွားတော့သည်။