← Chapters

အခန်း (၂၁၈)

Vol. 22 Ch. 218

အခန်း (၂၁၈)

Vol. 22 Ch. 218

"သခင်... သခင့်ရဲ့ ကြွယ်ဝချမ်းသာမှုက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကိုတောင် ကျော်လွန်နေပါပြီ..."

လေလံကွင်းဆီသို့ ပျံသန်းသွားနေရင်း ရှီမင်သည် မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ကျုံးရှန်ကို လှမ်း၍ ချီးကျူးစကား ဆိုလိုက်သည်။

"ဒါတွေက ပြင်ပအရာဝတ္ထုတွေပါ... ပြောပလောက်တဲ့အရာ မဟုတ်ဘူး... ငါ စိတ်ဝင်စားတဲ့အရာက ဒီလိုပစ္စည်းတွေနဲ့ နှိုင်းယှဉ်လို့မရဘူး..."

ကျုံးရှန်၏ အသံသည် တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ဖြစ်စေ၊ အထွတ်အထိပ်အဆင့် နတ်ဘုရားရင်းမြစ်ကျောက်တုံး ဖြစ်စေ ကျုံးရှန်အတွက်မူ သာမန်ပစ္စည်းများသာ ဖြစ်သည်။

ယင်းတို့ကို ငွေကြေးအဖြစ် အသုံးပြုခြင်းထက် လက်တွေ့အသုံးချသည်က ပိုမိုတန်ဖိုးရှိကာ အစီအရင်များ တည်ဆောက်ရာတွင်သော်လည်းကောင်း၊ စွမ်းအင်အမြုတေအဖြစ် အသုံးပြုရာတွင်သော်လည်းကောင်း အသုံးပြုနိုင်သည်။

ဤအချက်သည် ရှီမင်တစ်‌ယောက်နားမလည်နိုင်သော အဆင့်အတန်းတစ်ခု ဖြစ်သည်။

ငရဲဘုံ၏ ရှေးဟောင်း မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးထဲမှ တစ်ပါးဖြစ်သော ယမမင်းပင်လျှင် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများပိုမိုရရှိ‌ ရေးအတွက် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးနှင့် ပူးပေါင်းကာ လေလံအိမ်ဖွင့်ရေးတွင် အကျိုးတူပါဝင်ပတ်သက်နေလေသည်။

ဘေးနားမှ သစ်ပင်မိစ္ဆာလေး ဂရုခ်သည်လည်း အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး၏ တန်ဖိုးကို အပြည့်အဝ နားမလည်သော်လည်း ထိုကျောက်တုံးတစ်တုံးဖြင့် မိစ္ဆာဆေးရည်နှင့် မြေအဆီအနှစ်များစွာ ဝယ်ယူနိုင်ကြောင်းကိုမူ သိရှိထားသည်။

အရောင်းအဝယ် ခန်းမဆောင်နှင့် လေလံကွင်းသည် မဝေးလှရာ ရှီမင်နှင့် လီလီဗီတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် အသက်ရှူချိန် အနည်းငယ်အတွင်း ဝင်ပေါက်သို့ ရောက်ရှိသွားကြသည်။

အကြေးခွံများ ဖုံးအုပ်ထားပြီး ဧရာမ မိစ္ဆာဥကြီးတစ်လုံးနှင့် တူညီနေသော အဆောက်အအုံကြီးကို ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာရသည်။

ကျုံးရှန်သည် အနောက်ဘက်တွင် ရပ်နေပြီး အနီးကပ်အကွာအဝေးမှနေ၍ သူ၏ နတ်ဘုရားအာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်လျှင် ပုံမှန်မဟုတ်သော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။

အဆောက်အအုံကြီးတစ်ခုလုံးမှပါးလွှသော ဖန်ဆင်းခြင်းအငွေ့အသက်များ ထွက်ပေါ်နေပြီး အလွန် မှေးမှိန်နေကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း ကျုံးရှန်သည် ဤအငွေ့အသက်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေ၏။

အဘယ်ကြောင့်ဆိုသော် သူသည် ချင်းထျန်းတောင်ထိပ်တွင် ဤအငွေ့အသက်နှင့်အတူ နှစ်ပေါင်း ခြောက်သောင်းကျော် နေထိုင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ချင်းထျန်းတောင်ခါးပန်းတွင် ရှိသော ကျုံးရှန် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် မှတစ်ဆင့် ရရှိခဲ့သည့် မဟာတာအိုအဆင့် ဆုလာဘ် ဖန်ဆင်းခြင်းကျောက်သန္ဓေသားမှ ထွက်ပေါ်နေသော အငွေ့အသက်နှင့် တစ်ထပ်တည်း တူညီနေခြင်းပင်ဖြစ်သည်။

သို့သော် ချင်းထျန်းတောင်ရှိ ဖန်ဆင်းခြင်းကျောက်သန္ဓေသားနှင့် မတူညီသည့်အချက်သည် ယခု မြင်တွေ့နေရသော မိစ္ဆာဥကြီးသည် သေဆုံးနေခဲ့ပြီးဖြစ်ကာ အတွင်းပိုင်းတစ်ခုလုံးသည် ဟောင်းလောင်း ဖြစ်နေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက အတွင်းသားများ ထုတ်ယူခံလိုက်ရပုံရပြီး ဖန်ဆင်းခြင်းအငွေ့အသက်များလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေလေသည်။

ကျုံးရှန်သည် ထိုနေရာတွင် ရပ်ကာ ယင်းတို့နှစ်ခုအကြား ဆက်နွှယ်မှုကို တိတ်ဆိတ်စဉ်းစားနေမိသည်။

ဤမိစ္ဆာဥကြီးသည် သေဆုံးပျက်စီးသွားပြီ ဖြစ်သော်လည်း အပြင်ပန်းကို ကြည့်ရုံဖြင့် ယင်း၏ ကြီးထွားမှုအဆင့်သည် ကျုံးရှန်၏ ဖန်ဆင်းခြင်းကျောက်သန္ဓေသားထက် များစွာ သာလွန်ကြောင်း သိသာထင်ရှားသည်။ သို့မဟုတ်ပါက နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင် အငွေ့အသက်များ ကျန်ရှိနေမည် မဟုတ်ပေ။

ရှီမင်သည်လည်း သခင်ဖြစ်သူ၏ စိတ်ကို နားလည်သဖြင့် အလျင်စလို ဝင်မသွားဘဲ ထိုနေရာတွင်ပင် ရပ်တန့်ကာ ဟန်ပါပါဖြင့် လေ့လာကြည့်ရှုနေလိုက်သည်။

ထိုသို့ဖြင့် ရပ်ကြည့်နေသည်မှာ နာရီပေါင်းများစွာ ကြာမြင့်သွားလေသည်။

လီလီဗီသည် ရှီမင်နှင့် ဆိတ်ချိုမိစ္ဆာလေးတို့ လေလံအိမ်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်ကို တွေ့ရသော်လည်း နှောင့်ယှက်ရဲခြင်း မရှိဘဲ ဘေးတွင်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရသည်။

ထိုအချိန်တွင် ယန်ရှောင်မိုအသွင်ဖြင့် ရှိနေသော ကျုံးရှန်သည် စဉ်းစားခန်း ဝင်နေရာမှ ပြန်လည် နိုးထလာပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောပိုးခြင်းတစ်လုံး လွယ်ထားပြီး ကြည်လင်သန့်ရှင်းသော မျက်နှာထားရှိသည့် ကိုရင်လေးတစ်ပါးကို တွေ့လိုက်ရသည်။

သို့သော် ရှီမင်နှင့် လီလီဗီတို့မှာမူ ထိုကိုရင်လေး ရောက်ရှိနေသည်ကို လုံးဝ သတိမထားမိကြချေ။

"ဒကာတို့ စတုတ္ထအထပ် ကုန်းမြေတိုက်ကို ပထမဆုံးအကြိမ် လာဖူးတာလား..."

ကြည်လင်အေးမြသော အသံလေး ထွက်ပေါ်လာမှသာ မင်ယွိနှင့် လီလီဗီတို့၏ အာရုံကို ဖမ်းစားနိုင်လိုက်သည်။

ကိုရင်လေးသည် ဂရုမစိုက်ဟန်ဖြင့် ရပ်နေသော်လည်း သူ၏ မျက်ဝန်းထဲတွင် ဖုံးကွယ်ထားသော ခံစားချက်များသည် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် လွတ်လပ်ပေါ့ပါးမှုများ ပြည့်နှက်နေသည်။

"ဟိုးအရင်တုန်းက ဒီမိစ္ဆာဥကြီး ပျက်စီးသွားတဲ့အချိန်မှာ ကိုယ်တော်လည်း ဒီနေရာမှာ ရှိနေခဲ့တယ်..."

"ဒါက ဖန်ဆင်းခြင်းမိစ္ဆာဥ ရဲ့ အကြွင်းအကျန်လေ..."

သူသည် ဆိတ်ချိုမိစ္ဆာလေးဘက်သို့ ကိုယ်ကို ယိမ်းကာ တိုးတိုးလေး ပြောလိုက်သည်။

ဤဆန်းကြယ်သော ကိုရင်လေးသည် ကျုံးရှန်၏ အစစ်အမှန်ဖြစ်တည်မှုကို ရိပ်စားမိနေလေသည်။ ထိုစွမ်းရည် တစ်ခုတည်းဖြင့်ပင် သူသည် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးထက် များစွာ သာလွန်နေပြီ ဖြစ်၏။

"ဒီမိစ္ဆာဥကြီးက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်ဆင်းခြင်းတရားကနေ မွေးဖွားလာတဲ့ သန္ဓေသားမျိုးစေ့လေ... ယုံကြည်နိုင်စရာ မရှိလောက်အောင် စွမ်းအားကြီးတဲ့ သက်ရှိတစ်ပါးကို မွေးထုတ်ပေးနိုင်စွမ်း ရှိတာပေါ့..."

"အကယ်၍သာ အောင်မြင်စွာ ပေါက်ဖွားလာနိုင်ခဲ့ရင် အနည်းဆုံးတော့ လွတ်မြောက်ခြင်းအဆင့် ရှိတဲ့ အထွတ်အထိပ် သက်ရှိတစ်ပါး ဖြစ်လာမှာ..."

"ငရဲဘုံရဲ့ အစွမ်းအထက်ဆုံး ဖြစ်တည်မှု ဖြစ်လာမှာ သေချာတယ်..."

"ဒါပေမဲ့..နှမြောစရာကောင်းတာက ဒီဖန်ဆင်းခြင်းမိစ္ဆာဥကြီး ကြီးထွားခွင့် မရလိုက်ခင်မှာပဲ မဟာမိစ္ဆာအရှင်သခင်ကြီးတွေ ရှာဖွေတွေ့ရှိသွားကြတာပဲ..."

"အဆင့် ၃ အစစ်အမှန်မိစ္ဆာနတ်ဘုရားတွေဖြစ်တဲ့ မဟာမိစ္ဆာအရှင်သခင်ကြီးများစွာ ရဲ့ပူးပေါင်းတိုက်ခိုက်မှု‌အောက်မှာ နောက်ဆုံးမှာဒီမိစ္ဆာဥကြီးအက်ကွဲသွားတယ်လေ... အတွင်းထဲက ဖန်ဆင်းခြင်းစွမ်းအားတွေ ပါဝင်တဲ့ ဥအနှစ်ရည်တွေကိုတော့ သူတို့အချင်းချင်း ခွဲဝေစားသုံးလိုက်ကြတာပေါ့..."

"ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးက ဒီကျန်ရစ်နေတဲ့ ဥခွံကြီးကို စတုတ္ထအထပ် ကုန်းမြေတိုက်ဆီ သယ်ဆောင်လာပြီး အခုမြင်ရတဲ့ ကျောက်လေလံအိမ်အဖြစ် ပြောင်းလဲလိုက်တာပါပဲ..."

ကိုရင်လေးသည် တရားစာရွတ်ဆိုနေသကဲ့သို့ ပေါ့ပါးသွက်လက်သော အသံဖြင့် ရှင်းပြလေသည်။

"အော်မိထောဖော... ဒကာတို့နဲ့ ဗုဒ္ဓရေစက် ပါလာပုံရပါတယ်... နောင်တစ်ချိန် ပြန်ဆုံတွေ့ကြတာပေါ့..."

ကိုရင်လေးသည် လက်အုပ်ချီကာ ဗုဒ္ဓဘွဲ့တော်ကို ရွတ်ဆိုလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထူးဆန်းသည်မှာ ဘေးပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာ လုပ်နေကြသော မိစ္ဆာများနှင့် မိစ္ဆာအရှင်သခင်များသည် အစမှအဆုံးထိတိုင်အောင် ကိုရင်လေးကို လုံးဝ သတိမထားမိလိုက်ကြပေ။

"အဲဒီ ကိုရင်လေးက..."

လီလီဗီ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာပြီး ရုတ်တရက် အံ့သြတကြီး ပြောလိုက်၏။

"တီဇန်းဝမ်... သေချာတယ်... အဲဒါ တီဇန်းဝမ်ပဲ..."

"ဒါပေမဲ့ တီဇန်းဝမ်အရှင်က ဘာလို့များ လီလီတို့ကို ဒီဖန်ဆင်းခြင်းမိစ္ဆာဥအကြောင်း လာရှင်းပြရတာလဲ..."

သူမ ပြောသော တီဇန်းဝမ် ဆိုသည်မှာ ငရဲဘုံ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။

ထိုသူသည် မူလက ဗုဒ္ဓဘာသာမှ ဘုရားလောင်းတစ်ပါး ဖြစ်သော်လည်း ငရဲဘုံ၏ ဆင်းရဲဒုက္ခအပေါင်းကို သိမြင်ခံစားလိုသဖြင့် ငရဲဘုံသို့ ဆင်းသက်ရန် ကိုယ်တိုင် ရွေးချယ်ခဲ့သည်။

ငရဲဘုံနှင့်အတူ တည်ရှိပြီး ငရဲသားများနှင့်အတူ ခံစားကာ ငရဲသားများနှင့်အတူ လျှောက်လှမ်းခဲ့သည်။

သူသည် ငရဲဘုံသို့ ကျရောက်သော်လည်း မကောင်းမှု၏ လွှမ်းမိုးခြင်းသို့ မရောက်ရှိသော ထူးဆန်းသည့်ပုဂ္ဂိုလ်ပင် ဖြစ်သည်။

မကောင်းဆိုးဝါးများကြားတွင် ဖြောင့်မတ်တည်ကြည်စွာ ရပ်တည်နေပြီး ငရဲဘုံ၌ အလွန် မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားကာ ရှေးဟောင်း မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးပင်လျှင် တီဇန်းဝမ်ကို မည်သို့မျှ မလုပ်နိုင်ကြပေ။

"ဖန်ဆင်းခြင်းမိစ္ဆာဥရဲ့ အကြွင်းအကျန် ဖြစ်နေတာကိုး..."

"အကယ်၍သာ အဲဒီတုန်းက ကျန်ရစ်ခဲ့တဲ့ ဥအနှစ်ရည်တချို့ ရမယ်ဆိုရင်... ငါ့အိမ်က ဖန်ဆင်းခြင်းကျောက်သန္ဓေသားကို ပေါက်ဖွားဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လောက်တယ်..."

ကျုံးရှန်သည် တီဇန်းဝမ် ဟုတ်သည် မဟုတ်သည်ကို ဂရုမစိုက်ပေ။

ဗုဒ္ဓဘာသာဝင်များသည် ကောင်းမွန်သည်လည်း ရှိသလို ဆိုးရွားသည်လည်း ရှိကြသည်။

ဉာဏ်ပညာကြီးမားပြီး လောကသားအားလုံးကို သနားကြင်နာတတ်သူ ရှိသကဲ့သို့ စိတ်ဓာတ်အစွန်းရောက်ပြီး မိမိယုံကြည်ချက်မှလွဲ၍ အခြားအရာများကို လက်မခံနိုင်သူများလည်း ရှိတတ်လေသည်။

ဤတီဇန်းဝမ်သည်လည်း ဖာဟိုင် ကဲ့သို့ပင် ပထမအမျိုးအစားထဲ၌ ပါဝင်ပုံရသည်။ သို့သော် ဖာဟိုင်သည် လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီး ကမ္ဘာပေါင်းစုံကို လှည့်လည်သွားလာနိုင်သော ဗုဒ္ဓအရှင် တစ်ပါး ဖြစ်ကာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသော ရွှေလက်ချောင်းပိုင်ရှင် ကူးပြောင်းလာသူ တစ်ဦးဖြစ်သည်။

သိသာထင်ရှားသည့်အချက်မှာ ဖာဟိုင်သည် တီဇန်းဝမ်ထက် များစွာ သာလွန်နေပေသည်။

ကျုံးရှန်သည် အခြေအနေကို သဘောပေါက်လိုက်ပြီ ဖြစ်သဖြင့် ရှီမင်ကို ခရီးဆက်ရန် ညွှန်ကြားလိုက်သည်။

"ကဲ... အချိန်မဆွဲတော့ပါဘူးလေ...ကျွန်တော်တို့ လေလံအိမ်ထဲ အရင်ဝင်ရအောင်... အချိန် တစ်ရက်ကျော်လောက် ရသေးတာဆိုတော့ မနက်ဖြန် လေလံပစ္စည်းစာရင်းကို ကြိုကြည့်ထားလို့ ရတာပေါ့..."

ရှီမင်သည် ဆုံးဖြတ်ချက်ချပြီးနောက် ဝင်ခွင့်တံဆိပ်ပြားကို ထုတ်ယူလိုက်ကာ သူတို့လေးဦးသားသည်လေလံအိမ်ထဲသို့ ဝင်ရောက်သွားလေသည်။

သူတို့၏ တံဆိပ်ပြားတွင် နံပါတ် ၇၀ ဟု ရေးထိုးထားပြီး အတွင်းသို့ဝင်သည်နှင့်တစ်ပြိုင်နက် နံပါတ် ၇၀ ဘုံကမ္ဘာ သို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

ဤရက်ပိုင်းအတွင်း လီလီဗီသည် မူလက အဖွဲ့ခေါင်းဆောင်နေရာမှ နောက်လိုက်ငယ်လေးတစ်ဦးသဖွယ် ဖြစ်လာခဲ့ပြီး ရှီမင်၏ ဦးဆောင်မှုနောက်သို့သာ လိုက်ပါရတော့သည်။ ဤသည်မှာ သူမအတွက်လည်းမတတ်သာသော အခြေအနေ ဖြစ်သည်။ ငရဲဘုံတွင် စွမ်းအားကြီးသူကသာ အရှင်သခင် ဖြစ်ရာ ရှီမင်ပြသလိုက်သော စွမ်းအားနှင့် ကြွယ်ဝချမ်းသာမှုသည် လီလီဗီ ယှဉ်နိုင်သော အရာများ မဟုတ်ပေ။

သူတို့ ဝင်ရောက်သွားပြီး မကြာမီမှာပင် အမှောင်နတ်ဘုရားငယ်၏အဖွဲ့သည်လည်း လေလံအိမ်သို့ ရောက်ရှိလာကြသည်။

"ဟမ့်... ဟိုမိစ္ဆာအိုကြီးဆီက ကြားရတာတော့... ငါတို့ နေရာကို ဖြတ်လုသွားတဲ့ကောင်တွေက နံပါတ် ၇၀ ဂူဘုံကမ္ဘာမှာ ရှိတယ်တဲ့..."

"ဒီတစ်ခေါက် ငါတို့က တတိယအဆင့် နေရာမှာပဲ လေလံဆွဲရမှာ ဖြစ်ပေမဲ့... အဲဒီကောင်တွေကိုတော့ သင်ခန်းစာ ကောင်းကောင်း ပေးရသေးတာပေါ့..."

All Chapters