အခန်း (၂၁၉)
Vol. 22 Ch. 219
အမှောင်နတ်ဘုရားငယ်သည် အငြိုးအတေးကြီးပြီး လက်စားချေတတ်သည့် စရိုက်ရှိသူ ဖြစ်သည်။
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး၏ သတိပေးခြင်းကို ခံရသော်လည်း ရှီမင်အပေါ် လက်စားချေရန် အကြံအစည်ကို စွန့်လွှတ်ခြင်း မရှိပေ။
သူသည် အခြား မြေလျှိုးမိစ္ဆာတစ်ကောင်ထံမှ တတိယအဆင့် ဝင်ခွင့်လက်မှတ်တစ်စောင်ကို ဝယ်ယူလိုက်ကာ လေလံပွဲတွင်အခွင့်အခါသင့်လျှင် ရှီမင်ကို ဒုက္ခပေးရန် ရည်ရွယ်ထားသည်။
နံပါတ် ၇၀ ဂူဘုံကမ္ဘာမှ လိုချင်သော ပစ္စည်းမှန်သမျှကို သူက ဝင်ရောက်ဈေးကိုင်ပြီး နှောင့်ယှက်မည်ဖြစ်သည်။
ဝင်ပေါက်တွင် ရပ်ကာ ရက်စက်သော လေသံဖြင့် ကြုံးဝါးပြီးနောက် သူသည် နောက်လိုက်များနှင့်အတူ လေလံအိမ်ထဲသို့ ဝင်ရောက်သွားပြီး လေလံပွဲ စတင်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
ကျောက်လေလံအိမ်သည် ငရဲဘုံတစ်ခုလုံးတွင် အကြီးမားဆုံး လေလံအိမ်များထဲမှ တစ်ခုဖြစ်သလို ကောင်းကင်တက်လှမ်းမျှော်စင် ဖွင့်လှစ်တော့မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် လေလံအိမ်ထဲသို့ ဝင်ရောက်လာကြသောမိစ္ဆာများထဲတွင် ဆန်းကြယ်သော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်များလည်း မနည်းလှပေ။
ကိုးဆင့်ငရဲဘုံ၏ ပင်မကုန်းမြေတိုက်ကြီးတွင် ငရဲနေရာအနှံ့အပြားမှ အင်အားကြီး မဟာမိစ္ဆာအရှင်သခင်ကြီးများ စုဝေးရောက်ရှိနေကြခြင်းပင် ဖြစ်သည်။
ထိုမဟာမိစ္ဆာအရှင်သခင်ကြီးများသည် မိမိတို့၏ ထူးချွန်သော မျိုးဆက်သစ် လူငယ်များကို မျှော်စင်တက်ရောက်ရန် ခေါ်ဆောင်လာပြီး သူတို့ကိုယ်တိုင်မူကား မျှော်စင်တက်ရောက်ရန် စိတ်ဝင်စားမှု မရှိကြပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူတို့ တက်ရောက်ခဲ့သော အကြိမ်အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားခဲ့ပြီး ရသင့်ရထိုက်သော အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့ပြီးဖြစ်၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် မည်သည့် မဟာမိစ္ဆာအရှင်သခင်ကြီးမျှ မျှော်စင်ထိပ်ဆုံးသို့ ရောက်ရှိခဲ့ခြင်းမရှိခြင်းပင်ဖြစ်သည်။
သို့သော်လည်း ထိုအချက်သည် သူတို့၏ မျိုးဆက်သစ် လူငယ်များ မျှော်စင်တက်ရောက်ရန် စိတ်အားထက်သန်မှုကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မျှော်စင်ထိပ်ဆုံးသို့ မရောက်နိုင်လျှင်ပင် မိစ္ဆာခန္ဓာကိုယ်ကို သန့်စင်လေ့ကျင့်ပေးနိုင်ပြီး ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဖြစ်ရာ ကောင်းကင်တက်လှမ်းမျှော်စင်သည် မျိုးဆက်သစ် ပါရမီရှင်များကို ပျိုးထောင်ပေးရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ငရဲဘုံကိုးထပ် ကုန်းမြေတိုက်သည် နှစ်ပေါင်းတစ်သိန်းအတွင်း အစည်ကားဆုံး အချိန်ကာလ ဖြစ်နေသည်။
မဟာမိစ္ဆာအရှင်သခင်ကြီးများ၏ မျိုးဆက်သစ်များအပြင် ငရဲဘုံရှိ မိသားစုကြီးများမှ မျိုးဆက်သစ်များနှင့် ငရဲကမ္ဘာများ၏အရှင်သခင်ငယ်များစွာသည် ကောင်းကင်တက်လှမ်းမျှော်စင်ကို အသုံးပြု၍ မိမိတို့၏ စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေကြသည်။
ဤအခြေအနေများကြောင့် ကျောက်လေလံအိမ်၏ ယခုတစ်ကြိမ် လေလံပွဲသည် အလွန် ရေပန်းစား လူကြိုက်များနေလေသည်။
ကောင်းကင်တက်လှမ်းမျှော်စင် အတွင်း၌ ယှဉ်ပြိုင်မှုများ ပြင်းထန်မည် ဖြစ်ပြီး တိုက်ခိုက်မှုများလည်း ရှိလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
လူတိုင်းသည် မျှော်စင်မဖွင့်မီ အချိန်တွင် မိမိတို့၏ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် ရတနာများကို ဝယ်ယူရန် စိတ်အားထက်သန်နေကြ၏။ သို့ဖြစ်ရာ ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးနှင့် ယမမင်းတို့သည်လည်း ဤလေလံပွဲကို အလွန် အလေးထားပြီးရှားပါးသော ရတနာများစွာကို ပြင်ဆင်ထားလေသည်။
ရှီမင်တို့အဖွဲ့သည် လေလံအိမ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ဘုံကမ္ဘာထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
ဤဘုံကမ္ဘာသည် မိုင် ၁၀၀ ခန့် ကျယ်ဝန်းပြီး အတွင်း၌ မိစ္ဆာစွမ်းအင်များ သိပ်သည်းလွန်းသဖြင့် အသက်ရှူကျပ်မတတ် ဖြစ်နေသည်။
အကယ်၍ သာမန်လူသားတစ်ဦးသာ ဝင်ရောက်လာပါက ချက်ချင်းပင် သန့်စင်သော မိစ္ဆာစွမ်းအင်များ ဝင်ရောက်စီးနင်းခြင်း ခံရပြီး ရက်စက်ကြမ်းကြုတ်သော မိစ္ဆာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ငရဲဘုံတွင်မူ ဤမိစ္ဆာစွမ်းအင်များသည် မိစ္ဆာများအတွက် အားဆေးတစ်မျိုးပင် ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ ဝိညာဉ်စွမ်းအင်များနှင့် သဘောတရားချင်း အတူတူပင် ဖြစ်သည်။
ဘုံကမ္ဘာထဲတွင် အလွန်ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိနေပြီး နေရာအနှံ့တွင် ရတနာများနှင့် ကျောက်စိမ်းများဖြင့် စီခြယ်ထားသည်။ အမိုးစွန်းများနှင့် တိုင်လုံးများသည် ရောင်စုံဖန်ခန္ဓာကိုယ် အဆင့်ရှိသော ဧရာမ မိစ္ဆာသားရဲကြီးများ၏ အရိုးများကို အသုံးပြုကာဆောက်လုပ်ထားပြီး နေရာတိုင်းတွင် ရောင်စုံအလင်းတန်းများ တောက်ပနေကာ အဆုံးစွန်သော ဇိမ်ခံမှုဟု ဆိုရပေမည်။
နန်းတော်ထဲသို့ ဝင်လိုက်သောအခါ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လှပသော အစေခံ ၁၀၀ ကျော် စောင့်ဆိုင်းနေသည်။ ထိုအစေခံလေးများသည် ငရဲဘုံရှိ ဆွဲဆောင်မှုရှိသော မျိုးနွယ်စုများ ဖြစ်ကြသည့် မိန်းမော်မျိုးနွယ်၊ ဝိညာဉ်မျိုးနွယ်နှင့် သရဲမျိုးနွယ်ဝင်များ ဖြစ်ကြသည်။
ရှီမင်တို့ဝင်ရောက်လာသည်နှင့် နန်းတော်တစ်ခုလုံး လင်းထိန်သွားပြီး တိမ်တိုက်ကဲ့သို့ နူးညံ့အိစက်သော ရွှေရောင်ထိုင်ခုံကြီးတစ်ခု မြင့်တက်လာသည်။
နန်းတော်၏ နံရံတစ်ဖက်သည်လည်း ရုတ်တရက် ပြောင်းလဲသွားပြီး ကြီးမားသော ပုံရိပ်ယောင်ဖန်သားပြင်တစ်ခု ပေါ်လာကာ လေလံကွင်းအတွင်းရှိ အခြေအနေကို ပြသထားသည်။
ထို့ပြင် ထိုင်ခုံပေါ်တွင် ၇၀ဟူသော ဂဏန်းရေးထိုးထားသည့် သစ်သားတံဆိပ်ပြားတစ်ခု ပေါ်လာပြီး လေလံဆွဲသောအခါ ထိုတံဆိပ်ပြားထဲသို့ မိစ္ဆာစွမ်းအင် ထည့်သွင်းလိုက်ရုံဖြင့် စိတ်ကူးရှိသည့်အတိုင်း ဈေးနှုန်းကို ပေးပို့နိုင်မည် ဖြစ်သည်။
ရှီမင်တို့ ထိုင်ခုံတွင် နေရာယူပြီးနောက် နန်းတော်ထဲတွင် ငြိမ့်ညောင်းသော တေးဂီတသံများ ပျံ့လွင့်လာကာ အစေခံ ၁၀၀ ကျော်သည် ကပြဖျော်ဖြေလိုက်ကြသည်။
မျိုးနွယ်စုအလိုက် ကွဲပြားသော ဆွဲဆောင်မှုများ ရှိကြသဖြင့် ကောင်းမွန်သော အပန်းဖြေမှုတစ်ခုပင် ဖြစ်၏။
မကြာမီမှာပင် လေလံပွဲ၏ ပစ္စည်းစာရင်း ရောက်ရှိလာပြီး လေလံပစ္စည်းများသည် အရေအတွက်ရော အရည်အသွေးပါ ယခင်အကြိမ်များထက် များစွာ သာလွန်ကောင်းမွန်နေသည်။
အမျိုးအစားမှာလည်း စုံလင်လှပြီး အများစုသည် တိုက်ခိုက်ရေးဆိုင်ရာ ရတနာများ ဖြစ်ကာ မှော်ရတနာများ၊ မိစ္ဆာလက်နက်များ၊ အဆောင်လက်ဖွဲ့များအပြင် အချိန်တိုအတွင်း စွမ်းအားမြှင့်တင်ပေးနိုင်သော ဆေးလုံးများနှင့် မိစ္ဆာသွေးများလည်း ပါဝင် လေသည်။
ထို့ပြင် ယခုလေလံပွဲတွင် သမိုင်းတစ်လျှောက် အများဆုံး ပမာဏဖြစ်သည့် ဝမ်ဟွာမိစ္ဆာရွှံ့နွံများအပြင် သူတော်စင်အဆင့်မှ ဖန်ဆင်းခြင်းအဆင့်အထိရှိသော မိစ္ဆာလက်နက်များလည်း ပါဝင်နေပြီး မဟာတာအိုအဆင့် မိစ္ဆာလက်နက်၏ အကျိုးအပဲ့တစ်ခုပင် ပါဝင်သေးသည်။
အကျိုးအပဲ့သာ ဖြစ်သော်လည်း အနည်းငယ် ပြုပြင်မွမ်းမံပြီး ရှားပါးကုန်ကြမ်းများ ပေါင်းစပ်လိုက်ပါက မဟာတာအိုတစ်ပိုင်းအဆင့်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။
ကျုံးရှန်သည် ဤလေလံပွဲကို အခွင့်ကောင်းယူပြီး ငရဲဘုံမှ ကုန်ကြမ်းပစ္စည်းများကို စတင် စုဆောင်းရန် ရည်ရွယ်ထားသည်။
နောင်တစ်ချိန်တွင် ငရဲဘုံ၌ အင်အားစုတစ်ခု တည်ထောင်ပါက အရင်းအမြစ်လိုအပ်လာမည်ဖြစ်ရာ ယခုအချိန်မှစ၍ကြိုတင်ပြင်ဆင်သင့်ပေသည်။
အနာဂတ်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အင်အားစုအပြင် ငရဲဘုံအင်အားစုနှင့် မူလအစကမ္ဘာ၏ အင်အားစုများကိုပါ ချိတ်ဆက်နိုင်မည် ဖြစ်သည်။
ထိုအင်အားစုများ ပေါင်းစည်းပြီး ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ နှင့် ကမ္ဘာ့သစ်ပင်အပြင်ဘက်ရှိ အဆုံးမဲ့အဖြူရောင်နယ်မြေဖြစ်သည့် ပိုင်ရွှီနယ်မြေ မှ ကျူးကျော်သူများကို ခုခံကာကွယ်ရမည်။
"ရှီမင်... ဒီလေလံပွဲမှာ လက်တွန့်နေစရာ မလိုဘူး... တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ပေးနိုင်မယ့် ရတနာ မှန်သမျှ အကုန်သိမ်းကျုံးဝယ်လိုက်..."
"ဈေးနှုန်းကို ထည့်တွက်စရာ မလိုဘူး..."
"အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးပဲ ဖြစ်ဖြစ်၊ တခြား တန်ဖိုးညီမျှတဲ့ ပစ္စည်းပဲ ဖြစ်ဖြစ် ငါ့မှာ အများကြီး ရှိတယ်..."
"ဈေးနှုန်းက ပြဿနာ မဟုတ်တာမလို့... မင်း စိတ်ကြိုက် ဆုံးဖြတ်နိုင်တယ်..."
ကျုံးရှန်သည် ပေါ့ပါးစွာဖြင့် အမိန့်ပေးလိုက်သည်။
ပိုက်ဆံသုံးရခြင်းသည် ပျော်ရွှင်စရာ ကောင်းသော ကိစ္စတစ်ခု ဖြစ်ပြီး မိမိ၏ လက်အောက်ငယ်သားကို ပိုက်ဆံသုံးခိုင်းခြင်းသည်လည်း ပျော်ရွှင်စရာ ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်သည်။
"သိပါပြီ သခင်... ရှီမင်က တာဝန်ကို ကျေပွန် အောင်ထမ်းဆောင်ပါ့မယ်..."
သခင်ဖြစ်သူ၏ စကားကြောင့် ရှီမင်သည် ပိုမို ယုံကြည်မှု ရှိလာသည်။
ပေတစ်သောင်းမြင့်မားသော တောင်ကြီးပမာ များပြားလှသည့် နတ်ဘုရားမိစ္ဆာကျောက်တုံးများသည် အလတ်စားကမ္ဘာအဆင့် ငရဲဘုံ ဒါဇင်ချီ၍ ဝယ်ယူလျှင်ပင် ကုန်ခမ်းမည် မဟုတ်ပေ။
"မင်းသမီးရော... ဒီတစ်ခေါက် ဝယ်ချင်တာ များရှိသေးလား..."
ရှီမင်သည် လီလီဗီဘက်သို့လှည့်ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။
လီလီဗီလည်း ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"လီလီက မလိုပါဘူး..."
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကတည်းက ဒီမျှော်စင်တက်ဖို့အတွက် ပြင်ဆင်လာခဲ့တာလေ..."
"အခုချိန်မှာ မိစ္ဆာလက်နက်ရော ဆေးဝါးရော အတော်များများ ရှိနေပါပြီ..."
"ဒါ့အပြင် ဒီတစ်ခေါက် လေလံပွဲက အပြိုင်အဆိုင် များမယ့်ပုံပဲ... ဈေးနှုန်းတွေက အရင်ကထက် အများကြီး ပိုကြီးနိုင်တယ်..."
ရှီမင်သည် ခေါင်းငြိမ့်လိုက်ပြီး ပုံရိပ်ယောင်ဖန်သားပြင်ဘက်သို့ ပြန်လှည့်လိုက်သည်။
"ကောင်းတာပေါ့... ဒါဆို ကျွန်တော် စိတ်ကြိုက် သိမ်းကျုံးဝယ်လို့ ရပြီ..."
"သိမ်း... သိမ်းကျုံးဝယ်မယ် ဟုတ်လား..."
လီလီဗီတစ်ယောက် စကားမဆက်နိုင် ဖြစ်သွားရသည်။
ရှီမင်၏ စိတ်ထဲတွင်လည်း အလွန်ပင် ကျေနပ်အားရနေ၏။
အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများသည် သခင်ဖြစ်သူ၏ ပစ္စည်းများ ဖြစ်သော်လည်း ဂုဏ်ယူဝင့်ကြွားခွင့် ရသည်မှာ သူ ဖြစ်နေသည်။
သူသည် မထိန်းနိုင်ဘဲ ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ်... သိမ်းကျုံးဝယ်မလို့လေ..."
"ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတာ တကယ်မှန်တာပဲ..."
ထိုစကားကြားသောအခါ လီလီဗီလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
သို့သော် သေချာစဉ်းစားကြည့်လျှင် ရှီမင်၌ အမှန်တကယ်ပင် သိမ်းကျုံးဝယ်နိုင်သော အင်အားရှိနေသည်။ ယခုအခါသူမသည် ရှီမင်၏ နောက်ခံအကြောင်းကိုသာ အလွန် သိချင်နေမိတော့သည်။
အထက်တန်းစား မိစ္ဆာကျောက်တုံး သတ္တုတွင်းကြီးတစ်ခုလုံးတွင်မှ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးသာ ထွက်ရှိနိုင်သည်။
ဤလူတွင် အဘယ်ကြောင့် ဤမျှများပြားသော ကျောက်တုံးများ ရှိနေရသနည်း ဆိုသည်မှာ နတ်ဘုရားများသာ သိပေလိမ့်မည်။
တစ်ရက်တာ အချိန် ကုန်ဆုံးသွားပြီးနောက်လေလံကွင်း၏ အလယ်ဗဟိုတွင် မူလက မှောင်မည်းနေသော နေရာသည် ရုတ်တရက် လင်းထိန်လာသည်။
ထို့နောက် တစ်ကိုယ်လုံးကို ဝတ်ရုံနက်ဖြင့် ဖုံးအုပ်ထားသော ဆန်းကြယ်သည့် မိစ္ဆာတစ်ကောင်သည် စင်မြင့်ပေါ်သို့ တက်လာသည်။ စင်မြင့်ပေါ်ရောက်လျှင် သူ၏ရှေ့၌ စားပွဲရှည်တစ်လုံးနှင့် သစ်သားတူတစ်ချောင်းသည် ပေါ်လာ၏။