← Chapters

အခန်း (၂၁၃)

Vol. 22 Ch. 213

အခန်း (၂၁၃)

Vol. 22 Ch. 213

"ဗီဇပြောင်း သစ်ပင်မိစ္ဆာ ဟုတ်လား..."

"စိတ်ဝင်စားစရာပဲ..."

လီလီဗီသည်လည်း စိတ်ဝင်စားသွားပုံရသည်။

သို့သော် ဤဗီဇပြောင်း သစ်ပင်မိစ္ဆာလေးသည် မိစ္ဆာစွမ်းအင်ကို စုပ်ယူပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးခြင်းမှာ ငရဲဘုံတွင် မည်သို့မျှ အသုံးမဝင်ပေ။ ငရဲဘုံရှိ သက်ရှိများသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူ၍ မရသောကြောင့် ဖြစ်သည်။

"ရှောင်မို... မင်းကြည့်ရတာ ဒီသစ်ပင်မိစ္ဆာလေးကို စိတ်ဝင်စားနေပုံရတယ်...မင်းပဲ ရှင်းလင်းလိုက်တော့..."

ရှီမင်သည် ဂရုခ်ကို ကျုံးရှန်ထံသို့ ပစ်ပေးလိုက်သည်။

ဆိတ်ချိုမိစ္ဆာအသွင်ယူထားသော ကျုံးရှန်သည် ဂရုခ်ကို လှမ်းဖမ်းလိုက်ပြီး သူ၏ရှေ့တွင် ထားကာ လေးနက်စွာ ပြောလိုက်၏။

"မင်းအဖေက မင်းကို မလိုချင်တော့ဘူးဆိုတော့... ငါ့နောက်ပဲ လိုက်ခဲ့တော့..."

ထို့နောက် ကျုံးရှန်သည် ပြတ်သားစွာပင် ကမ်းလှမ်းလိုက်သည်။

"ငါ့နောက်လိုက်ရင် အနည်းဆုံးတော့ ပစ္စည်းခိုးစရာ မလိုတော့ဘူး..."

"ပြီးတော့ ငါ မင်းကို အကောင်းဆုံး မိစ္ဆာ ဆေးရည်တွေနဲ့ မိစ္ဆာမြေအဆီအနှစ်တွေ ကျွေးမယ်..."

ကျုံးရှန်၏စကားများသည် ဆွဲဆောင်မှုတို့ ပြည့်နှက်နေ၏။

အစောပိုင်းက သစ်ပင်မိစ္ဆာလေး လုယူခဲ့သော အထုပ်ထဲတွင် မိစ္ဆာဆေးရည်များနှင့် မိစ္ဆာမြေအဆီအနှစ်များ ပါဝင်သည်။ ယင်းတို့သည် မိစ္ဆာများ၏ သွေး၊ အလောင်းနှင့် မိစ္ဆာစွမ်းအားများကို အသုံးပြုကာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး သစ်ပင်မိစ္ဆာ မျိုးနွယ်စုများအတွက် အဓိက အာဟာရနှင့် အစားအစာများ ဖြစ်ကြသည်။

ဤကောင်လေးသည် မိစ္ဆာစွမ်းအင်ကို စုပ်ယူနိုင်သော်လည်း ကြီးထွားလာစေရန်အတွက်မူ မိစ္ဆာဆေးရည်နှင့် မြေအဆီအနှစ်များ မရှိမဖြစ် လိုအပ်သည်။ ဖခင်ဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံရပြီး အခြားမျိုးနွယ်တူများနှင့် မတူညီဘဲ ဖယ်ကြဉ်ခံထားရကာ ခိုးဝှက်စားသောက်နေရသော ဂရုခ်၏ ဘဝမှာ သနားစရာ ကောင်းလှသည်။

သို့သော် ငရဲဘုံသားများတွင် ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်ဟူ၍ မရှိကြပေ။ လီလီဗီသည် အခြေအနေကို အနည်းငယ် မေးမြန်းကြည့်ပြီးနောက် ယန်ရှောင်မိုက ဤထူးဆန်းသော သစ်ပင်မိစ္ဆာလေးကို စိတ်ဝင်စားနေမှန်း သိလိုက်သဖြင့် ထပ်မမေးတော့ပေ။

ကျုံးရှန်၏ စကားကို ကြားသောအခါ ဂရုခ်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ဆိတ်ချိုမိစ္ဆာမျိုးနွယ်သည် သစ်ပင်မိစ္ဆာများကို စားလေ့မရှိကြောင်း တွေးမိလိုက်မှသာ ခေါင်းငြိမ့်ပြလိုက်လေသည်။

ကျုံးရှန်သည် ဝမ်းသာအားရဖြင့် သူ၏ ဟင်းလင်းပြင် သိုလှောင်နယ်ပယ်ထဲတွင် ရှာဖွေကြည့်လိုက်သည်။ သို့သော် မိစ္ဆာဆေးရည်နှင့် မိစ္ဆာမြေအဆီအနှစ် ကဲ့သို့သော အဆင့်နိမ့် ပစ္စည်းမျိုး သူ၌ မရှိပေ။ ထို့ပြင် လီလီဗီ၏ ရှေ့တွင် မိမိ၏ ချမ်းသာမှုကိုလည်း ထုတ်မပြလိုသဖြင့် လမ်းဘေးရှိ ဆိုင်တစ်ဆိုင်တွင် အထက်တန်း မိစ္ဆာကျောက်တုံး တစ်တုံး အသုံးပြုကာ ဆေးရည်နှင့် မြေသြဇာအချို့ ဝယ်ပေးလိုက်သည်။

ဂရုခ်သည် ငတ်ပြတ်နေသော သရဲတစ်ကောင်ကဲ့သို့ ထိုမိစ္ဆာဆေးရည်များနှင့် မိစ္ဆာမြေအဆီအနှစ်ကို လောဘတကြီး စားသောက်လိုက်သည်။ ထို့နောက် ကျုံးရှန်၏ ဘေးတွင် ကျေနပ်စွာ ကပ်လိုက်လာ၏။ ယခုအချိန်တွင် ဆယ်လံ ခန့် မြင့်မားသော သန်မာသည့် ခန္ဓာကိုယ်ကြီးက သူ့အတွက် လုံခြုံမှုအပြည့် ပေးစွမ်းနေသကဲ့သို့ ခံစားရသည်။

အနည်းဆုံးတော့ သူသည် ဝဝလင်လင် စားရတော့မည် မဟုတ်ပါလော။

ကျုံးရှန်သည်လည်း မိစ္ဆာကျောက်တုံး တစ်တုံးတည်းနှင့်ပင် ဗီဇပြောင်း သစ်ပင်မိစ္ဆာတစ်ကောင်ကို သိမ်းသွင်းနိုင်ခဲ့သဖြင့်ကျိတ်၍ ပျော်ရွှင်နေမိသည်။ သူ၏ အမြင်တွင် ဂရုခ်၏ တန်ဖိုးသည် ငရဲဘုံမိစ္ဆာသစ်ပင် ငါးပင်ထက် သာလွန်ပေသည်။

ဂရုခ်သည် မိစ္ဆာစွမ်းအင်ကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ဤသည်မှာ သဘာဝအလျောက် ပြုပြင်ပြောင်းလဲပေးနိုင်သော စွမ်းရည်ဖြစ်သည်။ နောင်တစ်ချိန်တွင် ငရဲဘုံ၏ တံဆိပ်ခတ်နှိပ်မှုများ ပျက်ပြယ်သွားချိန်၌ ဤစွမ်းရည်သည် အလွန်ပင် အသုံးဝင်လာမည် ဖြစ်သည်။

ငရဲဘုံအပြင် အခြားသော ကမ္ဘာအချို့တွင်လည်း မိစ္ဆာစွမ်းအင်ကို အသုံးပြုကြသည်။ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်တွင်လည်း မိစ္ဆာချောက်ကမ်းပါးကဲ့သို့သော နေရာများ ရှိပြီး စစ်မှန်သော မိစ္ဆာကမ္ဘာနှင့် ဆက်စပ်နေသကဲ့သို့ မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေတတ်သည်။ ထိုအချိန်ကျလျှင် ဂရုခ်ကို ခေါ်သွားပါက အခွင့်အရေးများစွာ ရရှိနိုင်ပေသည်။

အတိုချုပ်ပြောရလျှင် ဂရုခ်သည် မိစ္ဆာစွမ်းအင်ရှိသော နေရာများတွင် ရတနာများကို ရှာဖွေရာ၌ ကူညီနိုင်ရုံသာမက မိစ္ဆာများ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစိတ်ရိုင်းများကိုပင် သန့်စင်ပေးနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လက်တစ်ကမ်းဖြင့် ရလိုက်သော အခွင့်အရေးဖြစ်၏။ လောကထဲတွင် လှည့်လည် ကျင့်ကြံခြင်းသည် အမှန်ပင်အကျိုးရှိလှပေသည်။ ယခုဆိုလျှင် ကျုံးရှန်သည် မဟာဥဒေါင်းမင်း၏ သွေးအနှစ်သာရနှင့် ဂရုခ်တို့ကိုရရှိခဲ့ပြီ ဖြစ်သည်။

သူတို့သည် ဤလမ်းကြားလေးထဲတွင် ၃ ရက်ခန့် ကြာအောင် နေထိုင်ခဲ့ကြသည်။ ထိုအတောအတွင်း မည်သည့် ထူးခြားမှုမျှ မရှိမှသာ စတုတ္ထထပ်သို့ သွားသော တံခါးဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

၃ ရက်တာ အတူနေထိုင်ပြီးနောက် ဂရုခ်သည် သူ အားကိုးရမည့်သူကို အမှန်ပင်ရှာတွေ့ပြီဖြစ်ကြောင်း နားလည်သွားသည်။ သူ၏ ဖခင် သစ်ပင်မိစ္ဆာကြီးသည်ပင်လျှင် သာမန် နိယာမနယ်ပယ်အဆင့် သစ်ပင်မိစ္ဆာတစ်ကောင်မျှသာ ဖြစ်ပြီး ကျုံးရှန်တို့အားလုံးသည် ယခင်က ဂရုခ် တစ်ခါမှ မမြင်ဖူးလောက်အောင် စွမ်းအားကြီးသူများပင် ဖြစ်ကြသည်။

သူတို့သည် နာရီဝက်ခန့် ခရီးနှင်ပြီးနောက် တံခါးပေါက်ဝသို့ ရောက်ရှိလာကြသည်။ စတုတ္ထထပ်သို့ သွားသော တံခါးဝသည် ယခင်အထပ်များထက် ပိုမို စည်ကားနေသည်။ ဒုတိယအထပ်ရှိယန်မော်မြို့တော်နှင့် မတူဘဲ သစ်ပင်မိစ္ဆာအထပ်တွင် ထူးခြားသော ငရဲဘုံအပင်များစွာ ရှိသဖြင့် ဒေသထွက်ကုန်များ ပေါများကာ နိယာမနယ်ပယ်အဆင့် မိစ္ဆာများ ရှာဖွေစူးစမ်းရန်အတွက်လည်း လျှို့ဝှက်နယ်မြေ များစွာ ရှိနေသည်။ ထို့ကြောင့်ပင် တံခါးကို ဖြတ်ကျော်ရန် တန်းစီ စောင့်ဆိုင်းနေကြရသည်။

သို့သော် တံခါးပေါက်တွင် စောင့်ကြပ်နေသော လက်ခြောက်ဖက် မိစ္ဆာစစ်သူကြီးများအပြင် အခြား ထူးခြားသော ဖြစ်တည်မှုတစ်ခုလည်း ရှိနေလေသည်။

ထိုသူသည် ဦးခေါင်းပေါ်တွင် ရှေးဟောင်း ငရဲစာလုံးများဖြင့် လောကငြိမ်းချမ်းပါစေ ဟု ရေးသားထားသော စာတမ်းပါရှိသည့် ဦးထုပ်ရှည်ကို ဆောင်းထားသည်။ လက်ထဲတွင်လည်း ဝိညာဉ်ဖမ်းကြိုးကို ကိုင်ဆောင်ထားပြီး ခန္ဓာကိုယ် ပုပု၊ ငိုမဲ့မဲ့ မျက်နှာထားဖြင့် ရှိသူဖြစ်၏။

သူသည်ကား ယမမင်း၏ လက်အောက်မှ ဝိညာဉ်ဖမ်း သေမင်းတမန် ဟေးဝူချန် ပင် ဖြစ်သည်။

သူသည် သေခြင်းရှင်ခြင်း စွမ်းအားအချို့ကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လွယ်ကူစွာ ခွဲခြားနိုင်သည်။ ပို၍ထူးဆန်းသည်မှာ ဟေးဝူချန်၏ ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

ကျုံးရှန်သိသားသည်အရ ဤကမ္ဘာ၌ ဖြူမဲ သေမင်းတမန်များ မရှိသော်လည်း သူ၏ရှေ့မှသေမင်းတမန်များသည် မိစ္ဆာနတ်ဘုရားများ၏ ဝိညာဉ်ကိုပင် ဖမ်းယူနိုင်သည်ဟု ဆိုကြသည်။

ယခုတွင် ဟေးဝူချန်သည် တံခါးပေါက်ဝ၌ ရပ်နေပြီး ဖြတ်သန်းသွားလာသော မိစ္ဆာများကို တစ်ကောင်ချင်းစီ သေချာ စစ်ဆေးကြည့်ရှုနေသည်။

ကျုံးရှန်၏ စိတ်ထဲတွင် ထိတ်လန့်သွားလေသည်။ ဖြူမဲ သေမင်းတမန်များသည် ခန့်မှန်းရခက်သော စွမ်းရည်များ ရှိကြပြီး အထူးသဖြင့် ဝိညာဉ်နှင့် ပတ်သက်လျှင် အလွန် အာရုံခံနိုင်စွမ်း မြင့်မားကြသည်။ ကျုံးရှန်၏ ရုပ်ဖျက်အတတ်ပညာသည် ဆန်းကြယ်ပြီး ဆိတ်ချိုမိစ္ဆာ၏ သွေးကြောများကိုပင် တုပနိုင်သော်လည်း မိစ္ဆာဝိညာဉ်ကိုမူ တုပရန် ခက်ခဲလှသည်။

သို့ဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာမည်မျှပင် တူညီအောင် တုပထားစေကာမူ ဝိညာဉ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို တုပ၍ မရပေ။ ဝိညာဉ်တိုင်းသည် တစ်မူထူးခြားသော ဖြစ်တည်မှုများ ဖြစ်ပြီး ထိုသည်မှာလောကနိယာမများထဲမှ တစ်ခု ဖြစ်သည်။ ကောင်းကင်တာအိုကို ကျော်လွန်နိုင်မှသာ ပြောင်းလဲနိုင်ပေမည်။

မကြာမီ သူတို့၏ အလှည့်သို့ ရောက်ရှိလာသည်။ လီလီဗီ၊ ရှီမင်နှင့် ဂရုခ်တို့မှာ အဆင်ပြေပြေ ဖြတ်သန်းသွားကြ၏။

ကျုံးရှန်သည် မျက်နှာအမူအရာ မပျက်စေဘဲ သာမန် ဆိတ်ချိုမိစ္ဆာတစ်ကောင်ကဲ့သို့ပင် လမ်းလျှောက်ဝင်သွားလိုက်သည်။

"ရပ်လိုက်..."

အက်ကွဲပြီး ခံစားချက်မဲ့နေသော အသံတစ်သံသည် သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ကျုံးရှန်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ဟေးဝူချန်၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသည်။

ကျုံးရှန်သည် ခန္ဓာကိုယ် အတွင်းရှိ ဟင်းလင်းပြင်ထဲမှ ဓာတ်ကြီးငါးပါးနတ်ဘုရားနန်းတော် အရှင်သခင်များ၊ စစ်မှန်သောအတ္တအမှုန်အမွှား၏ပုံရိပ်ယောင်နှင့် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်တို့ကို တိုက်ခိုက်ရန် နှိုးဆွထားပြီး ဖြစ်သည်။

သို့သော် ဟေးဝူချန်၏ ငိုမဲ့မဲ့ မျက်နှာထားသည် ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"သွားတော့..."

ထိုစကားကို ကြားလိုက်ရသဖြင့် ကျုံးရှန်လည်း အံ့အားသင့်သွားရသည်။ ဟေးဝူချန်သည် သူ့ကို အရေးယူခြင်း မရှိသည့်အပြင် သံသယဝင်သည့်ပုံစံမျိုးမပြ‌ပေ။

သို့နှင့် ကျုံးရှန်လည်း ရှီမင်တို့ နှင့်အတူ စတုတ္ထထပ်သို့ဦးတည်သည့်တံခါးပေါက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။

ကျန်ရစ်ခဲ့သော နေရာတွင် ဟေးဝူချန်သည် ကျုံးရှန် ထွက်ခွာသွားပုံကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ရင်းနှီးနေတဲ့ ဝိညာဉ်အငွေ့အသက်... ဘယ်တော့မှ ပြန်မသွားနိုင်တော့တဲ့ မွေးရပ်မြေ..."

စတုတ္ထထပ် ကုန်းမြေတိုက်။

ကျုံးရှန်တို့သည် တံခါးပေါက်ကို ဖြတ်ကျော်ပြီးနောက် နောက်ထပ် ကုန်းမြေတိုက်အသစ်တစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာ၏ မြင်ကွင်းသည် ယခင်အထပ်များနှင့် လုံးဝ ကွဲပြားနေ၏။ နေရာအနှံ့တွင် နက်မှောင်သော အရည်များ ပြည့်နှက်နေသည့် ရေကန်ကြီးများ ရှိနေကာ ထိုအရည်မည်းများသည် အလွန် ပျစ်ချွဲနေပြီး ရံဖန်ရံခါ ပူစီပေါင်းများ ပွက်ခနဲ ထွက်ပေါ်လာတတ်သည်။

"ဒါက ရွှံ့နွံမိစ္ဆာ တွေရဲ့ ပိုင်နက်ပဲ..."

လီလီဗီ၏ အသံထွက်ပေါ်လာပြီး သူမ၏ လေသံတွင် ကြောက်ရွံ့စိုးရိမ်မှုများ ပါဝင်နေသည်။

All Chapters